Kind with Heart

ရင်နဲ့အမျှစာနာကြပါစို့




``ခင်ဗျားဆီက ပန်းသီးတစ်လုံးနဲ့ ကျွန်တော်ဆီက ပန်သီးတစ်လုံးချင်းလဲရင် ကျွန်တော်တို့ နှစ်ယောက်ဆီ ပန်းသီးတစ်လုံးချင်းပဲရှိမယ်… ခင်ဗျားဆီက အတွေးတစ်ခုနဲ့ ကျွန်တော်ဆီက အတွေးတစ်ခု အလဲအလှယ် လုပ်ရင် ကျွန်တော်တို့ နှစ်ယောက်လုံးစီမှာ အတွေးနှစ်ခုရသွားမယ်´´

အသိဥာဏ်ဆိုင်ရာ တိုးတက်မှုအတွက်တော့ အတော်ကောင်းတဲ့ နမူနာလေးပါ.. ဘယ်မှာ
ဖတ်ဖူမှန်း အမှတ်မရတော့လို့… မူရင်ရေးသားသူကို မတင်ပြနိုင်တာကို
စိတ်မကောင်းဖြစ်မိတယ်…။


ဘားကမ့် ရန်ကုန် ၂၀၁၀ ကိုမြန်မာနိုင်ငံကွန်ပြူတာ ပညာရှင်များအသင်းချုပ်
ဦးဆောင်မှုနဲ့ ရန်ကုန်အခြေစိုက်
အိုင်တီကျွမ်းကျင်သူ လူငယ်များက ပူပေါင်းကျင်းပဖိုစီစဉ်နေပါတယ်..။
ဇန်န၀ါရီ ၂၃ ၊ ၂၄ရက်များမှာ မနက် ၉နာရီကနေ ညနေ ၅ နာရီအထိ ရန်ကုန်တက္ကသိုလ်
လှိုင်နယ်မြေထဲက မြန်မာ အင်ဖိုတက်ခ် အဆောက်အဦး
မှာကျင်းပ မှာဖြစ်ပါတယ်…။ BarCamp ဆိုတာ သမရိုးကျဆွေးနွေးပွဲပုံစံတွေက
နေခွဲထုတ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ဘယ်သူမဆို ပါဝင်ဆင်နွှဲနိုင်တဲ့ နည်းပညာ
ဖလှယ်ပွဲတစ်ခု ဖြစ်ပါတယ်။ Web 2.0 ခေတ်မှာ လူတွေ လက်ခံလာတဲ့ ပူးပေါင်း
လုပ်ဆောင်ခြင်း Collaboration and Knowledge Sharing ဆိုတာကို အခြေခံပြီး
လူတစ်ယောက်နဲ့ တစ်ယောက်ကြား၊ ပညာရှင် ဟုတ်သူနဲ့ မဟုတ်သူတွေကြား အသိပညာ
ကွာခြားချက်ကို ကျဉ်းမြောင်း လာအောင် လုပ်ဆောင်ကြတဲ့ Community Activity
တစ်ခုလည်း ဖြစ်ပါတယ်။ တစ်ယောက်တည်းက ပြောဆိုနေတာကို ကျန်တဲ့သူတွေက
နားထောင် နေရတာမျိုး မဟုတ်ဘဲ ကိုယ်သိတဲ့ ကိုယ်တတ်ကျွမ်းတဲ့ ဘာသာရပ်တွေကို
ကိုယ့်အနေနဲ့လည်း ဖွင့်ဟပြောဆို နိုင်တာမို့ လူအများကြီးနဲ့ ထိတွေ့ဆက်ဆံ
နိုင်ခွင့်ကိုလည်း ရရှိစေမှာပါ BarCamp ရန်ကုန်ရဲ့ ၀ဘ်ဆိုဒ်မှာ
ဖော်ပြထားပါတယ်..။


BarCamp တွေကို အမေရိကန် ၊ ဥရောပ နဲ့ အခြားနိုင်ငံများမှာ
အကြိမ်ပေါင်းများစွာ ပြုလုပ်ခဲ့ပြီးပါပြီ… ဒေသတွင်းနိုင်ငံတွေထဲမှာလည်း
အိန္ဒိယ တစ်နိုင်ငံတည်းတင် အကြိမ် ၇၀ လောက်ပြုလုပ်ပြီးပါပြီ.. တခြားအာဆီယံ
နိုင်ငံတွေလည် BarCamp ပြုလုပ်ခဲ့ကြပြီး.. အခု မြန်မာပြည်အတွက် BarCamp
Yangon
ဟာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်.. BarCamp တွေဟာ နည်းပညာ၊ အသိပညာ
မျှဝေဖို့အတွက် အကောင်းဆုံးပါပဲ.. ကွန့်ဖရင့်တို့ ဆီမီနာတို့လို
တင်းကျပ်တဲ့ ပုံစံလည်း မရှိတဲ့အပြင် ပညာရှင်တစ်ယောက်တည်း က ပြောပြတာကို
အားလုံးဝိုင်းနားထောင်ကြတဲ့ပုံစံမဟုတ်ပဲ .. မိမိ ထင်မြင်ယူဆချက်တွေ မိမိ
တွေ့ကြုံဖူးတာတွေကို ပါ အပြန်အလှန်ပါဝင်ဆွေးနွေးလို့ရတဲ့အတွက်
စိတ်ဝင်စားဖွယ် ကောင်းပြီး တချို့ နိုင်ငံတွေမှာ အကြိမ်ပေါင်း
မြောက်မြားစွားပြုလုပ်ကြတာပါ..။ BarCamp တွေကို မြို့ အလိုက်
ပြုလုပ်ကြပြီး BarCamp ဘန်ကောက်၊ BarCamp ဖနွမ်းပင်၊ BarCamp ဒေလီ၊
စသည်ဖြင့်ပြုလုပ်လေ့ ရှိကြတယ်လို့ BarCamp ရန်ကုန်ပွဲကိုစီစဉ်သူတစ်ဦးက
ပြောပြပါတယ်..။

BarCamp ရန်ကုန်ကို မည်သူမဆို တက်ရောက်နိုင်ပြီး.. မည်သည့် Topic ကိုမဆို
ပါဝင်ဆွေးနွေးနိုင်ပါတယ်..
ပွဲစီစဉ်သူတွေအနေနဲ့ အချိန်နေရာ နဲ့ ပရိုဂျက်တာ ဆွေးနွေးမှုနဲ့သက်ဆိုင်
တဲ့ ပစ္စည်းတွေ စီစဉ်ပေးမှာဖြစ်ပြီး
ဘယ်အကြောင်းရာကို ပြောရမယ်.. ဘယ်အကြောင်းရာကို ပါဝင်ဆွေးနွေးမယ်ဆိုတာ က
ပွဲကိုတက်ရောက်သူ
တွေကိုယ်တိုင် ပါဝင်ဆုံးဖြတ်လို့ရနိုင်ပါတယ်.. ဒါပေမယ့်
ခေါင်းစဉ်တစ်ခုအတွက် အခန်းတစ်ခန်းမှာ
တစ်နာရီပဲ ပြောခွင့်ရမှာဖြစ်ပြီး.. ဆက်လက်ဆွေးနွေးလိုပါ က
ပါဝင်ဆွေးနွေးလိုသူတွေနဲ့ အချိန်နေရာထပ်မံ
ရွေ့ဆိုင်းပေးမှာဖြစ်ပါတယ်.. အဲဒီအတွက် ခေါင်းစဉ်တစ်ခုကို တစ်နာရီအတွင်း
presentation လုပ်နိုင်ဖို့ လိုတယ်လို့ Organizer တစ်ဦးဖြစ်သူ
ကိုညီလင်းဆက်က ပြောပါတယ်..။

BarCamp ဆိုတာ add- hoc Gathering ဖြစ်တဲ့အတွင် လှုပ်ရှားတက်ကြွနေတဲ့
တွေ့ဆုံမှု ဖြစ်တဲ့အတွက် ပြည်တွင်း အိုင်တီကဏ္ဍအတွက် တိုးတက်မှုတွေ
ဖြစ်ပေါ်လာနိုင်ပါတယ်.. ၀ါသနာတူ ကမ္ဘာအရပ်ရပ်က အသိမိတ်ဆွေ
တိုးပွားသွားနိုင်ပြီး ကိုယ့်ရဲ့ အိုင်တီ Net work ပိုမိုကျယ်ပြန့်
နိုင်ပါတယ်… ကိုယ့်ရဲ့ Talent ကိုထုတ်ပြနိုင်ပြီး… တခြားသူတွေနဲ့
ပညာရပ်ပိုင်းဆိုင်ရာ ဗဟုသုတတွေ ပြန်လည်ရှယ်ယာလုပ်နိုင်တဲ့
အတွက်လူငယ်တွေအတွက် အကျိုးအများကြီးရှိစေမှာပါ..။ BarCamp ရန်ကုန်ကို
အိုင်တီလုပ်ငန်းခွင်ထဲက လူငယ်တွေအများဆုံး တက်ရောက်မယ်လို့
မျှော်လင့်ရပါတယ် ..။ ရန်ကုန်မှာ ပထမဆုံးအကြိမ်လုပ်တာပါ နောက်နှစ်တွေဆို
ရန်ကုန်အပြင် BarCamp မန္တလေး၊ BarCamp တောင်ကြီး၊ BarCamp ရတနာပုံ
ဆိုပြီးပေါ်ပေါက်လာနိုင်ပါတယ်… အခုပွဲက MCPA နဲ့ လူငယ် Freelence
အိုင်တီသမားတွေ ပူပေါင်းပြီး ပထမဆုံးပြုလုပ်တဲ့ BarCamp ဖြစ်ပါတယ်လို့
BarCamp ရန်ကုန်ရဲ့ PR Teamမှ ကိုမင်းယွန်းသစ်က ပြောပြပါတယ်…။
BarCamp ရန်ကုန်ကို နည်းပညာနဲ့ သက်ဆိုင်တဲ့ ကုမဏီတချို့က
စပွန်ဆာပေးပါတယ်… အမှန်တကယ်တော့ နည်းပညာ ကဏ္ဍတင်မဟုတ်ပါ
တခြားအသိအမြင်ဆိုင်ရာ ဖလှယ်မှုတွေပါ ပြုလုပ်တဲ့အတွက် ကဏ္ဍပေါင်းစုံ
ပါဝင်ပက်သက်နိုင်တဲ့ တခြားစီးပွားရေးဆိုင်ရာ အမှတ်တံဆိပ်တွေကိုလည်း
BarCamp မှထည့်ကြော်ငြာရင် အကျိုးအမြတ်အများကြီး ရရှိနိုင်ပါတယ်…
အနာဂါတ်လူငယ်တွေရဲ့ စံနှုန်းအသစ်ဖြစ်တဲ့အပြင်.. BarCamp ဟာတစ်မူထူးခြား
အသိပညာဆိုင်ရာ ရှာဖွေမှုနည်းလမ်းတစ်ခု ဖြစ်နေပါတယ်… ကမ္ဘာအရပ်ရပ်မှာလည်း
BarCamp ပွဲတွေဟာ ပေါ်ပြူလာဖြစ်လာနေပြီး.. အသိပညာရှာဖွေတဲ့
လူငယ်တွေလူလတ်ပိုင်းတွေကြားမှာ ရေပန်းစားလာပါပြီ… community development
အတွက်လည်း အထောက်အပံ့ဖြစ်တဲ့အတွက် BarCamp မှာမိမိကုန်စည်နဲ့
အမှတ်တံဆိပ်တွေကို စပွန်ဆာပေးရင်းနဲ့ စီးပွားဆိုင်ရာ
အကျိုးအမြတ်တွေရရှိနိုင်ပါတယ်. ဒါပေမယ့် BarCamp ဟာ စီးပွားရေးဆိုင်ရာ
သက်သက်အတွက်တော့ ပြုလုပ်တာမဟုတ်ပါဘူး လို့ BarCamp ရန်ကုန်
မားကက်တင်းအဖွဲ့မှ ကိုဇော်ဇော်မျိုးလွင်က ပြောပြခဲ့ပါတယ်…။
BarCamp ရန်ကုန်ကို တက်ရောက်လိုသူတွေအနေနဲ့
http://www.barcampyangon.org/ မှာ Register ပြုလုပ်ထားဖို့လိုပါတယ်..
ကြိုတင် Register ပြုလုပ်ဖို့ အခက်အခဲ ရှိသူတွေအနေနဲ့လည်း ပွဲအတွင်းမှာ
Register ပြုလုပ်နိုင်မှာဖြစ်ပါတယ်.. BarCamp ပွဲကိုလာတဲ့အတွက် Gift pad
တစ်ခုပေးမှာဖြစ်ပြီး နည်းပညာဆိုင်ရာ အသုံးချ DVD တစ်ချပ်ကို opensource
ဆော့ဝဲလ်တွေ ဝေငှပေးမှာဖြစ်ပါတယ်.. ဘားကမ့်ရက်အတွင်းမှာ
ကြိုးမဲ့အင်တာနက်ကို BarCamp ရန်ကုန် ကျင်းပတဲ့ ဧရိယာမှာ မည်သူမဆို
အခမဲ့သုံးစွဲနိုင်ပြီး.. အိုင်တီလူငယ်တွေအချင်းချင်း နည်းပညာ
မျှဝေနိုင်ဖို့အတွက် ဖိုင်ရှယ်ယာ sever တစ်လုံးထားပေးထားပါမယ်… wireless
အင်တာနက်သုံးစွဲနိုင်တဲ့ 3Gဖုန်းတွေ ၊ PSP၊ Notebook၊ Netbook၊
တွေယူဆောင်လာလို့ရပါတယ်.. အဲဒါတွေမပါရင် အင်တာနက် သုံးစွဲနိုင်ဖို့ PC
တချို့တပ်ဆင်ထားပေးပါမယ်.. ကိုင်ပိုင် ကြိုးမဲ့ အင်တာနက်
ချိတ်ဆက်နိုင်တဲ့ Tool တွေယူဆောင်လာရင်တော့ ပိုအဆင်ပြေနိုင်တယ်လို့
Planning Team မှာ ကိုကျော်ဇေယျက ပြောပြပါတယ်..။

BarCamp ပွဲတွေကို မည်သူမဆိုပါဝင်နိုင်တဲ့ အိုင်တီနည်းပညာဆိုင်ရာ
ဖလှယ်ပွဲဖြစ်တဲ့အတွက် တခြားမြို့တွေမှ အိုင်တီပညာရှင်တွေကော
ပြည်တွင်းပြည်ပမှာ အိုင်တီလူငယ်တွေအားလုံးစိတ်ဝင်စားကြပါတယ်..
ပရီအနေနဲ့တော့ BarCamp စီစဉ်သူတွေနဲ့ ပါဝင်ကူညီတဲ့လူငယ်တွေ
ပွဲမတိုင်ခင်မှာသုံးရက် အလိုမှာပြုလုပ်ကြမယ် ၂၀၁၀ အတွက် နည်းပညာနဲ့
အိုင်ဒီယာလိုဂျီ ပြောင်းလဲမှုမှတ်တိုင်တစ်ခုအနေနဲ့ BarCamp ရန်ကုန်ကို
အိုင်တီခေတ်လူငယ်တွေ စိတ်ဝင်စားနေကြပါတော့တယ်…။

အောင်ပိုင်စိုး


ခေါင်းဆောင်မှု ပညာလို့ ဆိုလိုက်ရင် ခေါင်းဆောင်လုပ်မယ့် သူတွေ အတွက်ပဲလို့ လူတော်တော်များများက တွေးတတ်ကြပါတယ်။ ၂၁ရာစုခေတ်မှာတော့ ခေါင်းဆောင်မှုပညာဟာ အများသူ ငါကြားမှာ တတ်သိထားရမယ့် ပညာရပ် တစ်ခု ဖြစ်နေပါပြီ။ ပြီးတော့ ကျား၊မ မခွဲခြား လေ့လာသင့်တဲ့ ပညာရပ်တစ်ခုပါ။ ဘာကြောင့်လည်းဆိုတော့ မည်သူ တစ်ဦး တစ်ယောက်မဆို မိမိဦးစီး ဆောင်ရွက်ရမယ့် အခန်းကဏ္ဍတွေ ဘ၀မှာ ပိုကျယ်ပြန့်လာလို့ပါပဲ..။ ကိုယ်က သူများကို ဦးဆောင်ဖို့ဆိုတာ လွယ်ပါ့မလား ကိုယ့်ပညာ၊ ကိုယ့်ကျွမ်းကျင်မှု၊ ကိုယ့်ဗဟုသုတတွေနဲ့ ဖြစ်ပါ့မလားဆိုပြီး ခေါင်းဆောင်မှု အခန်းကဏ္ဍတွေကို ငြင်းပယ်လို့ မရနိုင်တော့ပါဘူး။ အမြဲတမ်း နောက်လိုက် ဘ၀မှာပဲနေရင် အမြဲတမ်းအောက်ကျတဲ့ ဘ၀ကိုပဲ ရရှိနိုင်မှာပါ။ အဲဒါကြောင့် တိုးတက်ချင်တဲ့ လူငယ်တွေဟာ လမ်းသစ်ထွင်မယ်ဆိုတဲ့ စိတ်ကူးကို ပျိုးထောင်ကြတာပါပဲ။ ၂၁ ရာစု လူမှုဘ၀က ပိုပြီးစိန်ခေါ်မှု အားကောင်းလာပါတယ်။ ပြီးတော့ ပြိုင်ဆိုင်မှုအားလည်း ပိုမိုပြင်းထန်လာပါတယ်။ အကျိုးရလဒ်အားဖြင့်တော့ တိုးတက်မှုနှုန်း မြင့်မားလာပြီး အပြောင်းအလဲတွေ ပိုမိုမြန်ဆန်လာပါတယ်။ အချိုးအကွေ့တွေလည်း သိပ်များလာပါတယ်။ အမှီအခို ကင်းကင်းရပ်တည်နိုင်သူတွေသာ အောင်လံထူနိုင်ကြတာပါ။ နောက်လိုက်ကောင်းဖြစ်ရုံနဲ့ ခေါင်းဆောင်ကောင်း ဖြစ်လာဖို့ဆိုတာ မသေချာတော့ပါဘူး..။

ကိုယ့်ရဲ့ ဦးဆောင်သူဟာ ကောာင်းမွန်ရဲ့လားဆိုတာ ဆန်းစစ်ကြဖို့ လိုနေပါပြီ။ လမ်းဟောင်းကနေ ဖဲ့ထွက်ကြည့်ပ။ါ ဘယ်သူမှ မသိတဲ့ အတွေ့အကြုံသစ် တစ်ခုကို ရပါလိမ့်မယ။် ကိုယ့်ကို စိန်ခေါ်တဲ့အခက်အခဲကို ကိုယ်တိုင်ဖြေရှင်းလိုက်နိုင်တာက ကိုယ့်အရည်အချင်းရဲ့ မှတ်ကျောက်ပါ ….။ သမိုင်းဆိုတာ အမှီအခိုကင်းသူတွေ အကြောင်း ရေးဖွဲ့ထားတာပါ …။

၂၁ ရာစုဆိုတာ ကိုယ်ကိုယ်တိုင် ဦးဆောင်သွားရမယ့် ရာစုနှစ်ပါ …လူငယ်တွေအနေနဲ့ ရဲရဲတွေးဖို့ လိုအပ်နေပါပြီ…။

လူနဲ့စနစ်ပြေပြစ်ပါစေ။

လူငယ်တွေက အနုပညာအသစ်တွေ တင်ပြတယ်၊ ၀တ်စားဆင်ယင်မှုအသစ်တွေ၊ ဘန်းစကားအသစ်တွေ ပြောပြီး၊ သီချင်းအသစ်တွေ ဆိုကြတယ်။ ပြီးတော့ ပြဿနာအသစ်တွေကိုလည်း ရှာလာကြတယ်။ လူငယ်တွေက လူအသစ်တွေ ဖြစ်နေကြလို့ပါပဲ။

လူကြီးတွေကျတော့ ပြဿနာအဟောင်းတွေ၊ ယဉ်ကျေးမှုပုံစံ အဟောင်းတွေ၊ အတွေးဟောင်းတွေနဲ့ သူတို့ အံဝင်ခွင်ကျ ဖြစ်နေတဲ့စနစ်ကို ပြောင်းလဲပစ်ဖို့ ၀န်လေးတတ်ကြပါတယ်။ သူတို့က လူဟောင်းတွေ ဖြစ်သွားကြတာကိုး။ ခေတ်တိုင်းမှာ လူဟောင်းနဲ့ လူသစ်နှစ်မျိုးဟာ အမြဲဒွန်တွဲနေပါတယ်။ ပြဿနာအသစ်တွေကို အတွေးအခေါ်ဟောင်းနဲ့ ဖြေရှင်းလို့ မရသလို ပြဿနာအဟောင်းတွေကိုလည်း ခံစားမှုအသစ်နဲ့ ကိုင်တွယ်လို့ မရနိုင်ပါဘူး။ အဲဒီနေရာမှာ လူနဲ့စနစ် ပြေပြစ်ဖို့က အရေးကြီးပါတယ်။ လူ့အဖွဲ့အစည်း တစ်ခုလုံးပဲဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံ၊ ကော်ပိုရိတ်တစ်ခု ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းငယ်တစ်ခု ဖြစ်စေ အခက်အခဲတွေ ဖြေရှင်းရေး နည်းလမ်းတွေဟာ အတွေ့အကြုံပေါ်မှာ အများစု အခြေခံထားတာပါ။ အပြိုင်အဆိုင်များတဲ့ နည်းပညာခေတ်မှာကျတော့ ပြဿနာအဟောင်းတွေ အပြင် အခက်အခဲသစ်တွေက ဆိုင်းမဆင့် ဗုံမဆင့် ရောက်ရှိလာတတ်ကြပါတယ်။

အားနည်းချက်တွေ ကိုယ်တည်ဆောက်ထားတဲ့ စနစ်တွေရဲ့ အားနည်းချက်တွေကို အမြဲဆန်းစစ်နေရပါမယ်။ စနစ်ရဲ့ ပြေလျော့နိုင်စွမ်းကို ဖန်တီးထားရမှာဖြစ်ပြီး အပြောင်းအလဲတွေအတွက် အခုအခံနည်းပါးအောင် ဆောင်ရွက်ထားရမှာပါ။ အဲဒီနေရာမှာ လူသစ်နဲ့ လူဟောင်းတွေကြား ပဋိပက္ခကို ချိန်ညှိုတတ်မှ မိမိရဲ့ ဦးဆောင်မှုဟာ အောင်မြင်နိုင်မှာပါ။ လူတွေနဲ့ စနစ်တွေကြား ပြေပြစ်တဲ့ ဆက်ဆံရေးရှိအောင် ဆောင်ရွက်ထားရမှာပါ။ ဘာကြောင့်လည်းဆိုတော့ လူက စနစ်ကို ဖန်တီးပြီး စနစ်က လူကို ဦးဆောင်လို့ပါပဲ။ စနစ်နဲ့ လူနဲ့ အံဝင်ခွင်ကျ မဖြစ်တော့ဘူးဆိုရင်တော့ အပြောင်းအလဲဆိုတဲ့ ဒီလှိုင်းဟာ ပဋိပက္ခ အင်အားပေါ်မူတည်ပြီး ကြီးထွားလာနိုင်လို့ပါပဲ။ အပြောင်းအလဲ ဆိုတဲ့ လှိုင်းကြီးတွေပေါ်မှာ တည်တည်ငြိမ်ငြိမ် လှိုင်းစီးနိုင်ဖို့ဆိုတာ အတွေးအမြင်တွေ မချုပ်နှောင်မိဖို့ အရေးကြီးပါတယ်။ အပြောင်းအလဲကို ကြောက်တဲ့ ဦးဆောင်သူ နောက်လိုက်နေရတာ အမှောင်ထဲမှာ ချောက်ကမ်းပါးဘက် ဦးတည်လျှောက်နေရသလို အန္တရာယ်များလွန်းပါတယ်။ အဲဒါကြောင့် လူဟာစနစ်ကို ဆန်းစစ်ဖို့လိုသလို ဦးဆောင်သူတွေကိုလည်း အမြဲတစေ ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပါတယ်။ ဒါမှသာ မိမိပါဝင် ပက်သက်တဲ့ စီးပွားရေး အဖွဲ့အစည်း၊ လူမှုအ၀န်းအ၀ိုင်းမှာ မိမိရဲ့တန်ဖိုးအမှန်ကို ရရှိနိုင်မှာပါ။ လူဟာစနစ်ကို အသုံးချတတ်ရပါမယ။် စနစ်ကလူကို မှိုင်းတိုက်တဲ့ အဖြစ်မျိုးတော့ မဖြစ်ပါစေနဲ့။ ဒီကနေ့ခေတ်ဟာ ကိုယ့်အတွေးဟာ ကိုယ်ဘယ်နေရာမှာဆိုတဲ့ ပြဠာန်းချက်ကိုပေးပါတယ်။ မိမိကိုယ်ကို စီမံခန့်ခွဲနိုင်မှ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။

စွန့်ဦးသမားတွေဟာ ဦးဆောင်သူလား ။

စီးပွားရေးလုပ်ငန်းတွေမှာဖြစ်စေ၊ လူမှုအ၀န်းအ၀ိုင်းမှာဖြစ်စေ၊ မိရိုးဖလာနဲ့ စွန့်ဦးသမားတွေ ရှိတတ်ကြပါတယ်။ မိရိုးဖလာသမားတွေ အတော်များများက အဖေတို့ခေတ်ကလို့ ပြောတတ်ကြပြီး စွန့်ဦးသမားတွေကတော့ ကျွန်တော်တို့ခေတ်မှာ ဆိုတဲ့စကားကို ပြောတတ်ကြပါတယ်။ မိရိုးဖလာသမားတွေက အတွေ့အကြုံဟောင်းတွေကို အခြေခံပြီး ပစ္စပ္ပုန်ကို လည်ပါတ်ကြပါတယ်။ စွန့်ဦးသမားတွေကတော့ ပစ္စပုန်အခြေအနေကို မူတည်ပြီး အနာဂါတ်ကို တည်ဆောက်ကြတာပါ။ စွန့်ဦးသမားတွေဟာ အန္တရာယ်များ တတ်သလိုအကျိုးအမြတ်လည်း များပါတယ်။ အမှန်တကယ် အဖြစ်အပျက်တွေမှာလည်း စွန့်ဦးသမားတွေရဲ့ အနာဂါတ်အိပ်မက်တွေ အတိုင်း အနာဂါတ်ဆိုတာ ဖြစ်လာရတာပါ။ မိရိုးဖလာသမားတွေ သိပ်များနေရင်တော့ တိုးတက်မှုတွေ နှေးကွေးနေပါလိမ့်မယ်။ အဲဒါကြောင့် တိုးတက်ချင်တဲ့ လုပ်ငန်းတွေ၊ လူ့အဖွဲ့အစည်းတွေဟာ စွန့်ဦးသမားတွေ များများ မွေးထုတ်ပေးနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ စွန့်ဦးသမားတွေက ဦးဆောင်သူတွေ၊ လမ်းသစ်ဖောက်သူတွေပါ။ သူတို့က လူတွေကို ဦးဆောင်သူ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သူတို့က စနစ်သစ်တွေ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးအသစ်တွေကိုတော့ ဦးဆောင်နေပါလိမ့်မယ်။ မိမိဖောက်တဲ့လမ်းကို မိမိတစ်ယောက်တည်း လျှောက်ရုံနဲ့ မထူးခြားလှပါဘူး။ လူများများလျှောက်ပါမှ လမ်းကြောင်းပိုကျယ်လာပါမယ်။ မိမိလျှောက်တဲ့ လမ်းကို လူများများ လျှောက်လာဖို့က မိမိတွေးတဲ့အတွေးကို တခြားလူတွေရဲ့ ဦးခေါင်းထဲတင်ပို့ဖို့ လိုပါတယ်… နောက်တစ်ချက်က စွန့်ဦးသမားတွေ အနေနဲ့ မိမိအောင်မြင်လာတဲ့ အကြောင်းအခြင်းအရာတွေအပေါ်မှာ အစွဲအလန်းမကြီးဖို့လည်း လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ယဉ်ကျေးမှုကျယ်ပြန့်လာရင် စိန်ခေါ်မှုတွေ ပြန်ရင်ဆိုင်လာရပါမယ်။ အဲဒီအချိန်မတိုင်ခင် မိမိက အများရှေ့ကနေ ရဲရဲလျှောက်ဖို့ လိုအပ်ပါတယ်။ စွန့်ဦးသမားတွေအနေနဲ့က ဒီလောက်ဆို လုံလောက်ပါပြီဆိုတဲ့ အတွေးမျိုး မ၀င်မိဖို့ အရေးကြီးပါတယ်။ အပြောင်းအလဲတွေကို အစဉ်မပြတ် ရင်ဆိုင် ဖြေရှင်းနိုင်တဲ့ စွန့်ဦးသမားကမှ ဦးဆောင်သူ အခန်းကဏ္ဍမှာ အမြဲတစေ ရပ်တည်နိုင်မှာပါ။ အများအားဖြင့်တော့ စွန့်ဦးသမားတွေဟာ ဦးဆောင်သူ အရည်အချင်းနဲ့ ပြည့်စုံတတ်ကြပါတယ်။ လတ်တလော အရေးကြီးဆုံးအလုပ်က အတွေးအခေါ်ဟောင်းထဲက စွန့်ထွက်လာဖို့ပါ။ သူများ အတွေးတွေနဲ့ သင့်အနာဂါတ်ကို တည်ဆောက်မယ်ဆိုရင် သင်ဥာဏ် နည်းရာရောက်ပါလိမ့်မယ်။


ဦးဆောင်မှု အောင်မြင်ရေး

ဦးဆောင်မှု အောင်မြင်ဖို့အတွက် စီမံခန့်ခွဲမှု ကောင်းမွန်ဖို့က အရေးကြီးတဲ့ အခန်းကဏ္လမှာ ပါဝင်ပါတယ်။ မိမိက ဦးဆောင်သူ တစ်ယောက်ဆိုရင် မိမိရဲ့တန်ဖိုးကို မိမိရဲ့ စီမံခန့်ခွဲမှုဟာ လုပ်ငန်းအဆင်ပြေချောမွေ့မှု ဘယ်လောက်ရှိသလည်းဆိုတာနဲ့ တိုင်းတာကြမှာပါ။ ကိုယ့်ဦးဆောင်တဲ့ အဖွဲအစည်းမှာ ပါဝင်ပက်သတ်နေသူအားလုံး အကျိုးစီးပွားကို မျှတစွာ ခွဲဝေနိုင်မှ အောင်မြင်မှုရမှာပါ။

ဝန်ထမ်းတွေ ဖောက်သည်တွေအပြင် မိမိဌာနခွဲရဲ့ ထုတ်လုပ်မှုတွေအားလုံး ကောင်းမွန်တဲ့ရလာဒ်ကို ပေးနိုင်မှ ခေါင်းဆောင်ကောင်း ဖြစ်မှာ ဖြစ်ပြီး၊ အမှုဆောင် အရာရှိတစ်ဦးဆိုရင်တော့ လုပ်ငန်း ရှယ်ယာရှင်တွေ ၊ အမှုဆောင်အရာရှိတွေ၊ ဒါရိုက်တာ ဘုတ်အဖွဲ့တွေ၊ မန်နေဂျာတွေ အားလုံးနဲ့ အဆင်ပြေနိုင်မယ့် စီမံခန့်ခွဲမှု နည်းလမ်းတွေ လိုအပ်မှာပဲ ဖြစ်ပါတယ်…။ စီမံခန့်ခွဲမှု အောင်မြင်ဖို့ လုပ်ငန်းအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ အချက်အလက်တွေ၊ အဖြစ်အပျက် အကြောင်းခြင်းရာတွေ စနစ်တကျ ကြိုတင်လေ့ကျင့်ထားရမှာ ဖြစ်သလို လုပ်ငန်း ပြင်ပ အပြောင်းအလဲတွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်တတ်ရပါမယ်။ ဘယ်လို အကြောင်းခြင်းရာတွေက မိမိဆီ ဘယ်လိုရိုက်ခတ်ပြီး ဘယ်လိုသတင်းမျိုးက မိမိအဖွဲ့အစည်းကို ဘယ်လို အကျိုးသက်ရောက်စေမယ်ဆိုတာကို ကြိုတင်သိမြင်ထားဖို့ လိုပါတယ်။ ဦးဆောင်သူတွေ၊ မန်နေဂျာတွေ၊ အမှုဆောင်အရာရှိတွေအနေနဲ့ အခက်အခဲတွေကို ကြိုတင်တွေးထားတာ တစ်ဝက် အောင်နိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်မှုလွန်ကဲတဲ့ ပုံစံမျိုးတော့ မဖြစ်ပါစေနဲ့။ သင့်နောက်လိုက်တွေက သင့်ကို အကြောက်လွန်သူလို့ အမြင်မှားသွားပါလိမ့်မယ်။ ဦးဆောင်သူတွေအနေနဲ့ မိမိရဲ့ တည်ငြိမ်မှုပုံစံဟာ မိမိဦးဆောင်တဲ့ အဖွဲ့အစည်းရဲ့ ယုံကြည်မှုကို ရစေပါတယ်။ တစ်ခါတစ်ရံမှာ အခက်အခဲတွေဟာ သင့်ယဉ်ကျေးမှုကို မြှင့်တင်ပေးဖို့ ရောက်လာတာပါ။ ဦးဆောင်သူ တစ်ယောက်အနေနဲ့ `ငါတို့ ဘာတတ်နိုင်မှာလဲ´ ဆိုတဲ့ စကားထက် `ကျွန်တော်တို့ အားလုံးကြိုးစားကြည့်ရအောင်´ ဆိုတဲ့စကားကို ပိုမိုသုံးစွဲရပါလိမ့်မယ်။

စိန်ခေါ်မှုတွေ အားလုံးမှာ အခွင့်အလမ်းတွေ အမြဲပါပါတယ်။ ဦးဆောင်သူ တစ်ယောက် အနေနဲ့ ပြဿနာကို ဘော်လီဘော မပုတ်ပါနဲ့။ ကိုယ့်ဆီက ထွက်သွားရင်ပြီးရော လုပ်မယ်ဆိုရင် သင့်အပေါ် ယုံကြည်မှုကင်းမဲ့ခံရခြင်းကို တနေ့တခြား ပိုမိုခံစားလာရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ သင့်ကို လျစ်လျူရှုလိုက်ကြပါလိမ့်မယ်။ တာဝန်ယူမှုရှိခြင်းဟာ ဦးဆောင်သူရဲ့ အရည်အချင်းပါ။ တာဝန်ယူထားတဲ့ အရာအားလုံး အပြည့်အ၀ စွမ်းဆောင်နိုင်တယ်ဆိုတာက ဦးဆောင်သူရဲ့စွမ်းရည်ပါ။ ဒါကြောင့် လူစွမ်းလူစရှိတဲ့ သူတွေက ဦးဆောင်နိုင်စွမ်းရည် ပြည့်ဝလာကြတာပါပဲ။ လူတုံးလူအတွေလို အမွေမျှော် ထီထိုးဆိုရင်တော့ ကောင်းမွန်တဲ့ ဦးဆောင်သူ တစ်ယောက်ဘ၀ကို ဘယ်တော့မှရောက်မှာ မဟုတ်ပါဘူး။ အောင်မြင်တဲ့ ဦးဆောင်သူ တစ်ယောက်ဖြစ်ဖို့က ကြိုးစားကြရမှာပါပဲ။ ဦးဆောင်မှုဟာ အတွေ့အကြုံရှိရုံနဲ့ ပြည့်စုံကောင်းမွန်တဲ့ စီမံခန့်ခွဲမှုကို ရနိုင်မှာ မဟုတ်ပါ။ အတွေ့အကြုံ၊ ပညာ၊ ဗဟုသုတ ဘက်ပေါင်းစုံပြည့်စုံ မျှတမှ ရနိုင်မှာပါ။ အပြိုင်အဆိုင်များတဲ့ ယနေ့ခေတ်မှာတော့ ခေါင်းဆောင်ကောင်း ဖြစ်ချင်သူတွေအတွက် အတွေးအခေါ်တွေ လွတ်လပ်ကျယ်ပြန့်ပြီး ကမ္ဘာလုံး အတိုင်းအတာနဲ့ ထည့်သွင်း စဉ်းစားတတ်မှ ဖြစ်မှာပါ။ အရေးအကြီးဆုံးက ရေရှည်အောင်မြင်တဲ့ ဦးဆောင်သူ ဖြစ်ဖို့ဆိုတာ ပါရမီရှိရုံနဲ့ မရနိုင်ဘူးဆိုတာပါပဲ။


သင့်ကိုယ်သင်ဦးဆောင်ပါ။
လူအတော်များများက သူဠေးဖြစ်ချင်ကြတယ်။ မန်နေဂျာ ဖြစ်ချင်ကြတယ်။ စီအီးအို ဖြစ်ချင်ကြတယ်။ ဦးဆောင်သူ အခွင့်အရေးကို ကြည့်ပြီး ဦးဆောင်သူ ဖြစ်ချင်ကြတာပါ။ ဦးဆောင်သူရဲ့ တာဝန်ယူမှုကိုတော့ မမြင်တတ်ကြပါဘူး။ အမှန်တကယ်လည်း တာဝန်ယူမှုရှိလို့သာ ဦးဆောင်သူတွေသာ ဦးဆောင်သူ ဖြစ်လာတတ်ကြတာပါ ။ ဦးဆောင်သူ အခွင့်အရေးမျိုးယူပြီး ဦးဆောင်သူရဲ့ တာဝန်ကိုမယူရင်တော့ ဦးဆောင်မှု အခန်းကဏ္ဍ္လကနေ ခဏတာအချိန်အတွင်း ပြုတ်ကျသွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်ခေါင်းဆောင်တွေကျတော့ တာဝန်ယူချင်လို့ တာဝန်ယူဖို့လိုအပ်လာလို့ ဦးဆောင်မှုပေးရင်း ဦးဆောင်သူဘ၀ကို ရောက်လာတာပါ။ အဲဒါကြောင့် ဦးဆောင်သူတွေအနေနဲ့ ပညာရည်ပြည့်ဝဖို့လိုပါတယ။် အမ်ဘီအေ ရမှ လစာကောင်းမယ်ထင်ပြီး လူတော်တော်များများက အမ်ဘီအေဘွဲ့တွေ ယူလာကြပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု ပါမလာတော့ အမ်ဘီအေတွေရဲ့ လစာတွေ ကျဆင်းလာပါတယ်။

ထောက်ခံချက်သာဖြစ်ပြီး အလုပ် မလုပ်တတ်ပါဘူး။ ပညာဟာ တတ်ရုံတတ်ပြီး အသုံးမချတတ်ရင် အလကားပဲတင်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် လူငယ်တွေဟာ ပညာကို ဘာကြောင့်သင်မလဲဆိုတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုပါတယ်။ ဘယ်နေရာမှာ ဖြစ်ပါစေ မိမိရဲ့အခန်းကဏ္လကို အရေးပါတဲ့ နေရာရောက်အောင် ကိုယ်တိုင် ဖော်ဆောင်ဖို့လိုပါတယ်။ “အခြေအနေမပေးလို့” ဆိုတဲ့ စကားဟာ ခေါင်းဆောင်ကောင်းတွေရဲ့ နှုတ်ခမ်းက ထွက်ကျမလာတတ်ပါဘူး။ အဲဒီလိုဖြစ်ဖို့အတွက်ဆိုတာ မိမိကိုယ်မိမိ စီမံခန့်ခွဲမှု ကောင်းမွန်အောင်မြင်ရမှာပါ။ လုပ်ငန်းခွင် စည်းကမ်းတွေ၊ လူ့ကျင့်ဝတ်စည်းကမ်းတွေကို မိမိက ဘယ်လောက်အရေးထားပါသလဲ။ မိမိတာဝန်ယူထားတဲ့ အခန်းကဏ္လမှာ ပျက်ကွက်မှုတွေ ဘယ်နှစ်ကြိမ် ကျူးလွန်မိခဲ့ပြီးပြီလဲ။ မိမိရဲ့အလုပ်ချိန်ကို မိမိကိုယ်တိုင် ဘယ်နှကြိမ်ပြန်ခိုးပြီးပြီလဲ။ ရေသာခိုတတ်သလား၊ အပျင်းကြီးလား၊ အခက်အခဲတွေအတွက် စိတ်ရှုပ်မခံချင်ဘူးလား။ ကိုယ့်ကိုကိုယ်နဲ့ သူများကို အမှန်အတိုင်း ဘယ်နှစ်ခါပြောဖူးသလဲ။ မိမိမလိုချင်တဲ့ အဖြေကို ရဲရဲဝံ့ဝံ့ လက်ခံရဲလား။

ကိုယ့်ကိုယ်ကို မလိမ်ညာတတ်တဲ့သူမှ ခေါင်းဆောင်ကောင်းဖြစ်မှာပါ။ ဦးဆောင်သူဆိုတာ ရိုးသားဖို့အရေးကြီးပါတယ်။ မဖြစ်သင့် မဖြစ်ထိုက်တာတွေ လုပ်ပြီး ကိုယ့်ကိုယ်ကို လိပ်ပြာမလုံရင်တော့ ဦးဆောင်သူတစ်ယောက် ဖြစ်မှာမဟုတ်ပါဘူး။ အဲဒီအတွက် ဦးဆောင်သူ ဖြစ်ချင်တဲ့လူအနေနဲ့ မိမိကိုယ် မိမိ ဦးဆောင်နိုင်မှုဟာ အရေးကြီးပါတယ်။ မိမိကိုယ်မိမိ ရိုးဖြောင့်ဖိုလိုသလို အခြားသူတွေ အပေါ်မှာလည်း ရိုးဖြောင့်ဖို့လိုပါတယ်။ ရိုးသားမှုဖြင့် ကိုယ့်ကိုယ်ကို ဦးဆောင်ပါ။ ခေါင်းဆောင်ကောင်း ဖြစ်ချင်သူတွေအားလုံး သင့်အပေါ် အတုယူနေကြလိမ့်မယ်။


အောင်ပိုင်စိုး

သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၄)

ကျွန်တော်တို့ သဘော တူညီသည်ဖြစ်စေ၊ မညီသည် ဖြစ်စေ တတိယလှိုင်းလို့ခေါ်တဲ့ နည်း ပညာလှိုင်းလုံးပေါ်မှာ ကျွန်တော်တို့ရောက်ရှိနေပါပြီ။

(အယ်လ်ဗင်တော်ဖလာ)


အိုင်တီခေတ်တဲ့…..
တတိယလှိုင်းတဲ့….
Cyberရေစီးတဲ့…..
နည်းပညာရေလှိုင်းတွေက ရာစုသစ် အစပိုင်းနှစ်တွေမှာပဲ ကျွန်တော်တို့ရဲ့ ဖွံ့ဖြိုးဆဲ နိုင်ငံလေးကို ရိုက်ခတ်လာပါပြီ။ ကွန်ပျူတာအင်တာနက် မသုံးတတ်ရင်တော့ ရာစုနှစ်များစွာ နောက်ကောက်ကျ ရတော့မယ့် အခြေအနေပါ။ တစ်နိုင်ငံလုံးမှာ ကွန်ပျူတာအင်တာနက်ဆိုင်လေးတွေ အလျှိုလျှို ပေါ်ထွက်လာနေ ပါတယ်။ Cyber Café တွေထဲမှာ အများဆုံးတွေ့ရတတ်တာ လူငယ်လူရွယ်လေးတွေ … သူတို့တွေက မော်နီတာဖန်သားပြင်က တစ်ဆင့် ကမ္ဘာကြီးထဲကို ခြေဆန့်လက်ဆန့် လည်ပတ်နိုင်ပါကြပါပြီ။ သူတို့ရဲ့ အသိပညာမိုးကုတ်စက်ဝိုင်းကလည်း ကျယ်ပြန့်သထက် ကျယ်ပြန့်လာနေပါ တယ်။
သူတို့CyberCaféထဲကနေဘာတွေလုပ်ကြသလဲ။စိတ်ဝင်စားစရာအလွန်ကောင်းပါတယ်။

တချို့က Chatroom တွေထဲကနေ မိတ်ဆွေ သူငယ်ချင်း အချင်းချင်း အပြန်အလှန် ဆက်သွယ်ကြ …..
တချို့ကပညာရေးဝက်ဘ်ဆိုက်တွေကနေစာမေးပွဲတွေဖြေကြ…..တချို့ကလုပ်ငန်းခွင်အတွက် နည်းပညာအသစ်တွေရှာဖွေနေကြ…..ကိုယ့်ရဲ့ အတွေးအမြင်တွေ ခံစားချက်တွေကို ဘလော့ရေးသားတဲ့ လူငယ်တွေလည်းအများကြီးပေါ်ထွက်လာပါတယ်။

တချို့ကလည်း ၀က်ဘ်ဆိုက်တွေကနေ အလုပ်အကိုင်ရှာကြတယ်။ မိမိအရည်အချင်းနဲ့ ကိုယ်ညီတဲ့အလုပ်ကို မိမိစိတ်တိုင်းကျ အင်တာနက်မှာ ရွေးချယ်လို့ရပါတယ်။ အဲဒါတွေ ကြောင့် လူငယ်အများစုက အင်တာနက်ကို စွဲစွဲလမ်းလမ်းအသုံးပြုလာကြတာပါ။

၂၁ရာစုလူငယ်နှင့်အင်တာနက်

အင်တာနက်နဲ့ ယနေ့လူငယ် ခွဲခြားလို့ မရတော့ပါ။ တစ်တွဲတည်း၊ တစ်ခုတည်း၊ တစ်သားတည်း ဖြစ်လာနေပါပြီ။ တစ်အိမ်ထောင်ကို ကွန်ပျူတာတစ်လုံး မရှိနိုင်တဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေအနေနဲ့တော့ Cyber Café တွေက အသုံးဝင်နေဦးမှာပါ။ ကျွန်တော်တို့ နိုင်ငံမှာ အရင်က လူငယ်တွေသာ အင်တာနက်သုံး ကြပေမယ့်၊ အခုတော့ လူကြီးတွေ လူရွယ်တွေပါ အင်တာနက်သုံးလာကြပါပြီ။ လူကြီးအများစု က ရပ်ဝေးမြေခြားရောက်နေတဲ့ သားသမီးတွေ မိသားစုတွေကို ဆက်သွယ်ဖို့သုံးကြတာပါ အများစုက အီးမေးလ်သုံးမယ်၊ VZO Chat, QQ, Skype ဆော့ဝဲလ်တွေသုံးပြီး သားသမီးတွေနဲ့ ဆွေမျိုးသားချင်းတွေနဲ့ စကားပြောမယ်၊ အဲဒီလောက်ပဲ သုံးကြပါတယ်။ Browser တွေသုံးပြီး ၀က်ဘ်ဆိုက်တွေကို ၀င်ကြည့်တဲ့ အလေ့အထတော့မရှိကြသေးပါဘူး။ ဒါပေမယ့် အင်တာနက် အီးမေလ်သင်တန်းတွေကိုတော့ တက်ရောက်သူများပြားလာပါတယ်။ ၂၀၀၇ ဇွန်လအထိ အင်တာနက်သင်တန်း တက်ရောက်သူလေးဆခန့် ပိုမိုလာပါတယ်။ အခုဆိုရင် အင်တာနက် သင်တန်းကို အသက် ၁၆ နှစ်ကနေ ၅၀ နှစ်အထိ အရွယ်မရွေးတက်နေကြပါပြီ။ အင်္ဂလိပ်စာနဲ့ ကွန်ပျူတာအခြေခံ နည်းပါးရင်တော့ သင်ကြားရတာ ခက်ခဲတတ်ပါတယ်။ လူကြီးအများစုက တော့ သင်တန်းတွေ သိပ်မတက်ချင်ဘဲ အသုံးပြုလိုမှသာ အင်တာနက်ကဖေးကိုလာပြီး ၀န်ထမ်းတွေကို အကူအညီတောင်းတတ်ကြပါတယ်။ သိပ်မခက်ခဲတဲ့ကိစ္စတွေကိုပါ သူများလုပ် ပေးမှ သုံးလို့ရတော့အချိန်နဲ့ ငွေကြေးက ပိုမိုဆုံးရှုံးနိုင်ပါတယ်။ အဲဒါကြောင့် အင်္ဂလိပ်စာနဲ့ ကွန်ပျူတာအခြေခံရှိရင် အင်တာနက်ကို မှန်မှန်ကန်ကန်သုံးစွဲဖို့၊ အင်တာနက်သုံးနည်းကို စနစ် တကျ သင်ကြားထားဖို့ လိုပါတယ်လို့ Explorer အင်တာနက်ဆိုမှ ကိုဝင်းဇော်ထွေးက ပြောပါ တယ်။

Cyber ကဖေးထဲမှာက လူမျိုးစုံ၊ အတွေးမျိုးစုံနဲ့ ဦးတည်ချက်အမျိုးမျိုးနဲ့ အသုံးပြုကြပါ တယ်။ သတင်းမီဒီယာသမားတွေက သတင်းဝက်ဘ်ဆိုက်တွေ ရှာသလို၊ ကျောင်းသားတွေက ပညာရေးဝက်ဘ်ဆိုက်တွေ၊ အလုပ်အကိုင်ရှာဖွေသူက အလုပ်အကိုင်ကြော်ငြာပေးတဲ့ ကဏ္ဍ တွေ၊ ကိုယ်လိုသလို အသုံးပြုနိုင်ဖို့အတွက် Network Cable တွေဟာ နည်းပညာမှော်ဝင်ကြိုးတွေနဲ့ နှိုင်းရမလားပဲ၊ ကွန်ပျူတာဖန်သားပြင် မော်နီတာရှေ့ထိုင်ပြီး ကမ္ဘာအရပ်ရပ်ကို ခရီး ထွက်နိုင်သလို စာအုပ်ပုံတွေ၊ စာကြည့်တိုက်ကြီးတွေကို မွှေနှောက်စရာမလိုဘဲ အသိပညာ များစွာ ရရှိနိုင်ပါတယ်။ အကျိုးရှိအောင်သုံးဖို့က ကိုယ်တိုင်ရွေးချယ်မှုပြုလုပ်ရမှာပါ။ ကျွန်တော် တို့ဆိုင်မှာဆို ကလေး လေးတွေ Chatting ထိုင်တာကို အိမ်က ဘေးကနေ ထိုင်ကြည့်နေ တယ်။ ဒါကို တားမြစ်ရမယ်လို့ မသိဘူး။ ကိုယ့်သားသမီး အင်တာနက်သုံးတတ်တယ်ဆိုပြီး အထင်ကြီးနေတာမျိုး ရှိပါတယ်။ အဲဒါက နည်းနည်း မှာယွင်းနေပါတယ်။ လူကြီးတွေကိုယ်တိုင် က အင်တာနက် ဗဟုသုတတွေကို သိဖို့လိုအပ်နေပါပြီ။ အဲဒါမှ လူငယ်တွေကို အင်တာနက်ကို ဘယ်လိုသုံးသင့်တယ်လို့ လမ်းညွှန်မှုပေးနိုင်မှာပါလို့ Heaven-net Center မှ ကိုထွန်းဝင်းက ပြောပါတယ်။

Cyber Café တွေမှာ မြန်နှုန်းမြင့်ရင်တော့ သုံးရတာအဆင်ပြေပါတယ်။ တချို့ဆိုင်တွေ ကျတော့ Local Network မှာတင် အလုံးရေ အများကြီးတပ်ထားတော့ မြန်နှုန်းကျသွားတတ် ပါတယ်။ အဲဒါကြောင့် တစ်ဆိုင်နဲ့ တစ်ဆိုင်ဈေးနှုန်း ကွာခြားတတ်ရင် မြန်နှုန်းမြင့်တဲ့ဆိုင်ကို ရွေးချယ် သုံးပါတယ်။ တစ်ခါတလေ ရုံးချိန်မှာမြန်နှုန်းကျတတ်လို့ အီးမေးလ်တွေ မထွက်ရင် သိုမှီးထားစရာ USB ထဲ Data တွေထည့်ထားပြီး အိမ်နားက အင်တာနက်ဆိုင်မှာ ညကျမှ သွားပြီးပို့ရပါတယ်။ အခု ရန်ကုန်မှာက မြို့နယ်တိုင်းလိုလို အင်တာနက်ဆိုင်တွေ ရှိနေတော့ အင်တာနက် အသုံးပြုဖို့အတွက် ပိုမိုလွယ်ကူသွားပါတယ်လို့ အင်တာနက်အသုံးပြုသူမမာလာထွန်းကပြောပါတယ်။

Googleကိုဘာကြောင့်လူကြိုက်များလဲ

အင်တာနက်ကို သာမန်အသုံးပြုသူ၊ အဆင့်မြင့်ကျွမ်းကျင်သူတွေပဲဖြစ်စေ၊ ကျွန်တော် တို့နိုင်ငံက လူအတော်များများက ရှာစရာဖွေစရာ ရှိပြီဆိုရင် google ကို သတိရတတ်ပါတယ်။ google search engine မှာ ရိုက်ထည့်လိုက်ရုံနဲ့ ကိုယ်လိုချင်တဲ့ ၀က်ဘ်ဆိုက်တွေ၊ ဓာတ်ပုံ တွေ၊ ဗီဒီယိုတွေ ရှာဖွေလို့ရပါတယ်။ google ကနေ အခုမြန်မာဘာသာနဲ့ ရိုက်ထည့်ပြီး ရှာဖွေ ရင်တောင် ယူနီကုတ်စနစ်နဲ့ တင်ထားတဲ့ မြန်မာဝက်ဘ်ဆိုက်တွေ၊ဘလော့တွေကိုရှာဖွေလို့ရနေပါပြီ။ကိုဇော်မင်းထွန်း စင်ကာပူကို အလုပ်သွားလုပ်ခါနီး စင်ကာပူရဲ့လမ်းတွေ၊ မြို့တွေကို google map ကနေ အသေအချာ လေ့လာသွားတယ်။ ဒါပေမယ့် ဒီထက်ပိုအဆင်ပြေအောင် လို့ စင်ကာပူမြေပုံကို Print ထုတ်သွားရင်ကောင်းမလား စဉ်းစားမိသေးတယ်။ နောက်မှ သတိ ရပြီး ဘာမြေပုံမှ ယူမသွားပါဘူး။ စင်ကာပူလေဆိပ်ကထွက်တော့ အနီးစပ်ဆုံး Cyber Café သွားတယ်၊ google map ကို ထပ်ကြည့်ပြီးလမ်းတွေ အိမ်နံပါတ်၊ ကားဂိတ်တွေမှတ်လာတယ်။ သူငယ်ချင်းကို ဖုန်းဆက်ပြီး ဘတ်စ်ကားတွေရဲ့နံပါတ် မေးတယ်။ ပြီးတော့ သူတည်းရမယ့်အိမ် ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်သွားတာပဲ။ ဂိုက်တွေ၊ တက္ကဆီသမားတွေက ညာခေါ်ပြီး သူ့ကိုပိုက်ဆံ ပိုတောင်းလို့မရဘူး။ အင်တာနက်သုံးတတ်တာ ဘာသာစကားမျိုးစုံတက်စရာ မလိုဘဲ ကမ္ဘာပတ်လို့ရတယ်ဆိုတာ ယုံသွားတော့တယ်။

ထူးဆန်းတာက မြေပြင်ပုံရိပ်တွေကို ၁၀ ပေအကွာလောက်အထိ ကြည်ကြည် လင်လင်ကြည့်နိုင်တဲ့ google earth ပါပဲ။ သူက google map သုံးပြီး စင်ကာပူရောက်အောင် လာတာကို သူငယ်ချင်းကိုကြွားတော့ စင်ကာပူကသူငယ်ချင်းက google earth သုံးပြီး သူ့ မိဘအိမ်ကို ပြတော့တာပဲ သူတစ်သက်လုံး တစ်ခါမှ မမြင်ဘူးတဲ့ သူတို့မြို့ရဲ့ကောင်းကင်ပေါ် က မြင်ကွင်းကို စိတ်တိုင်းကျကြည့်တော့တာပဲ၊ ပြီးတော့ ကမ္ဘာကြီးရဲ့ ကြိုက်တဲ့နေရာတွေကို google earth ကိုသုံးပြီး ကြည့်တော့တာပဲ။ သူ့မိသားစုကိုလည်း အင်တာနက်မသုံးတတ်ရင် တောင် google ကို သုံးကြည့်ဖို့ ကိုဇော်မင်းထွန်းတစ်ယောက် တိုက်တွန်းလို့နေပါတယ်။

အီးမေးလ်ကိုဘာကြောင့်သုံးကြမလဲ

အစက အီးမေးလ်ဆိုတာ ကုမ္ပဏီကြီးတွေ၊ စီးပွားရေးသမားတွေပဲသုံးပြီး ငွေကုန်ကြေး ကျများလိမ့်မယ်လို့ ထင်ထားတာပါ။ အိမ်ကသား စင်ကာပူသွားကျောင်းတက်ရင်း အလုပ်လုပ် နေတော့ အဖေ့အတွက် အီးမေးလ်လုပ်ထားတယ်။ အင်တာနက်ဆိုင်မှာသွားပြီး သုံးကြည့်ပါ ဆိုတော့မှ အင်တာနက်ဆိုင်က ကလေးတွေအကူအညီတောင်းပြီးသုံးကြည့်တော့ တယ်လီဖုန်း တို့ သာမန် စာပို့စနစ်တို့ထက် ပိုအဆင်ပြေတာကို တွေ့ရပါတယ်လို့ ဦးထွန်းမြတ်က ပြောပါ တယ်။

E-mail ဆိုတာက electronic mail ကို ချုံ့ထားတဲ့ စကားလုံးပါ။ ကျွန်တော်တို့နိုင်ငံမှာ က Google ကုမ္ပဏီကပေးတဲ့ Gmail ကို အသုံးများပါတယ်။ အဲဒီ Gmail နဲ့ e-mail ကို တချို့ က မကွဲပြားဘူး ဖြစ်နေတယ်။ e-mail ဆိုတဲ့ လျှပ်စစ် စာပို့စနစ်က Fax ကနေ မိုဘိုင်း အချင်းချင်း SMS ပို့တာထိ ပါဝင်ပါတယ်။ တချို့က ISP ကုမ္ပဏီတွေကရောင်းတဲ့ မေးဆားဗစ် ကိုမှ အီးမေးလ် လို့ထင်တတ်ကြပါတယ်။ အခမဲ့ ၀န်ဆောင်မှုပေးနေတဲ့ အီးမေးလ်တွေက အများကြီး ရှိပါတယ်။ တစ်နိုင်ငံနဲ့ တစ်နိုင်ငံ အကြိုက်ချင်း မတူကြပါဘူး။ မြန်မာတွေက Gmail အသုံးများသလို စင်ကာပူနိုင်ငံသားတွေက MSN ကို လူတိုင်းနီးပါး သုံးကြပါတယ်။ တချို့နိုင်ငံတွေက Yahoo mail အသုံးများပါတယ်။ အီးမေးလ် ၀န်ဆောင်မှုတွေ အမျိုးမျိုး ကွဲပြားပေမယ့် အပြန်အလှန် ပေးပို့ဆက်သွယ်လို့ ရပါတယ်။ ဒါပေမယ့် စကားပြောမယ်၊ Typing ရိုက်ပြီး ချက်တင်ထိုင်မယ်ဆိုရင်တော့ တူညီတဲ့ဆော့ဝဲလ်ကို အသုံး ပြုကြရမှာပါ။ Gmail ရှိတဲ့လူတွေက G-talk အချင်းချင်းဆက်သွယ်ပြောဆိုပြီး Yahoo mail ရှိတဲ့လူတွေက Yahoo messenger ကို အသုံးပြုရမှာပါ။ အခု Gmail က မြန်မာဘာသာကို ဇော်ဂျီဖောင့် အသုံးပြုပြီး ဆက်သွယ်လို့ရတယ်၊ ချက်တင်ထိုင်ရတဲ့အတွက် ကျွန်တော်တို့နိုင်ငံ မှာက Gmail ကို အသုံးများပါတယ်။

အီးမေးလ်က အပြန်အလှန်ဆက်သွယ်ထားတဲ့စာတွေ Chatting မှတ်တမ်းတွေကို အလို အလျောက်သိမ်းထားပေးပါတယ်။ မိမိစာတွေ ပျောက်ပျက်မှာ တခြားသူတွေခိုးဖတ်မှာ စိုးရိမ် စရာမရှိတဲ့အတွက် အီးမေးလ် အသုံးပြုရတာက စိတ်ကျေနပ်မှုရစေနိုင်ပါတယ်လို့ ပရိုဂရမ်မာ တစ်ဦးဖြစ်သူ ကိုညီညီက ပြောပါတယ်။


Wikipedia

အွန်လိုင်းပေါ်မှာ စွယ်စုံကျမ်းသုံးစွဲဖို့လိုပြီဆိုရင် ကျွန်တော်က Wiki ကိုပဲ သတိတရရှိ တယ်။ အခြားရွေးချယ်စရာတွေရှိပေမယ့်၊ စိတ်ကျေနပ်မှု အပေးနိုင်ဆုံးက Wikipedia ပါပဲ။ Wikipedia က အွန်လိုင်းဗားရှင်းတင် မဟုတ်ပါဘူး။ Press Version မှာလည်း အောင်မြင်ပါ တယ်။ ကျွန်တော်တို့လို ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အခြေချနေထိုင်တဲ့ ဂျာနယ်လစ်တွေအနေနဲ့က Wikipedia Press Version ရှာရမှာ နန်းစဉ်ရတနာသိုက်ကို စိတ်ကူးယဉ်လိုက်ရှာသလိုပဲ ဖြစ်မှာပါ။ အခုတော့ IT ရဲ့ အထောက်အပံ့နဲ့ Wikipedia Press Version ထက်ပိုပြီး Update ဖြစ်ပါတယ်။ နာရီပိုင်းအတွင်း စာအုပ်တစ်အုပ်ဖြစ်ဖို့ မလွယ်ကူပေမယ့် မိနစ်ပိုင်းအတွင်းမှာ တော့ Webpage တစ်ခုပေါ်ထွက်လာဖို့က လွယ်ကူပါတယ်။ သတင်းဌာနတွေက အဖြစ် အပျက်တွေ သတင်းထုတ်ပြန်နေချိန်မှာပဲ Wiki က အဲဒီသတင်းနဲ့ ဆက်စပ်တဲ့ဖြစ်ကြောင်းတွေ ပါ တင်ဆက်ပြီးပါပြီ။ ကျွန်တော် ကြုံဖူးတဲ့အဖြစ်အပျက်တစ်ခုကို ဥပမာပြောပြချင်ပါတယ်။ အော်စကာဆုပေးပွဲတစ်ခုမှာပါ။ ကမ္ဘာကျော်သတင်းဌာနကြီးတစ်ခုက အော်စကာဆုကို ဘယ် ဇာတ်ကားအကြောင်းမူရင်းဝတ္ထုရေးဆရာ၊ စာရေးဆရာအတ္ထုပတ္တိ ဘာကြောင့်ဒီစာအုပ်ရေးဖြစ် ရတယ်ဆိုတဲ့ အကြောင်းအရာတွေပါUptodateဖော်ပြပေးနိုင်ပါတယ်။

Wiki က စကားလုံးအသစ်အဆန်းတွေနဲ့ အဓိပ္ပာယ်တွေ ဘယ်သူကတီထွင်ပြီး ဘယ် အချိန်မှာ စတင်သုံးစွဲတယ်ဆိုတဲ့ အကြောင်းကို အပြည့်အစုံနဲ့ အလျင်အမြန် ဖော်ပြပေးနိုင်ပါ တယ်။ လူသုံးများတဲ့ ဘန်းစကားတွေ တက္ကသိုလ်တွေရဲ့ အဘိဓာန်က အတည်မပြုခင်မှာပဲ Wiki က ဖော်ပြပေးပါတယ်။ ဘန်းစကားဆိုရင် ဘန်းစကားဖြစ်ကြောင်း၊ ဘယ်အရပ်ဒေသမှာ အဓိကသုံးစွဲကြတယ်ဆိုတာပါ ဖော်ပြပေးတဲ့အတွက် Wikipedia ကို ကျွန်တော် စွဲစွဲလမ်းလမ်း သုံးစွဲဖြစ်တာပါလို့ ၀ါရင့်ဂျာနယ်လစ် အယ်ဒီတာတစ်ဦးကပြောပါတယ်။

Websiteတင်ခြင်း

အင်တာနက်ကို လူတိုင်းလမ်းနှစ်သွယ် သုံးစွဲကြပါတယ်။ Upload လုပ်တာနဲ့ Download လုပ်တာပါ လူငယ်တွေ www.friendster.com မှာ ဓာတ်ပုံတွေတင်တာကစပြီး ၀က်ဘ်ဆိုက်တစ်ခုဝယ်ပြီး လွှင့်တင်တာအထိက Upload လုပ်တာလို့ ခေါ်ပါတယ်။ မိမိက Internet Explorer တို့ Mozilla Firefox တို့စတဲ့ Browser တွေသုံးပြီး ၀က်ဘ်ဆိုက်တွေဝင် တာ၊ စာတွေ၊ ဓာတ်ပုံတွေ၊ Web Page တွေကူးယူတာ download လုပ်တာပါ။ အခုပြည်တွင်း ကုမ္ပဏီတွေ၊ ဂျာနယ်တွေ၊ မဂ္ဂဇင်းတွေနဲ့ အနုပညာရှင်တွေ ၀က်ဘ်ဆိုက်လွှင့်တင်လာကြပါပြီ။ အစိုးရ အဖွဲ့အစည်းတွေ အတော်များများလည်း ၀က်ဘ်ဆိုက် လွှင့်တင်လာကြတယ်။ တက္ကသိုလ်တွေလည်း ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေ တင်လာကြပါတယ်။ အဲဒါဟာ e-Government နဲ့ e-commerce ဆီကို ရည်ညွှန်းနေပါတယ်။ Web Site တင်တာ များလာတဲ့ အတွက် Web Developer ကုမ္ပဏီတွေလည်း များပြားလာပါတယ်။ ၀က်ဘ်ဆိုက်တင်ချင်သူ တွေအတွက် Services တွေပိုမိုကောင်းမွန်လာသလို ထပ်ဆင့်လွှင့်တင်ခြင်း (upgrade) လုပ် ဖို့အတွက်လည်း ပိုမိုလွယ်ကူပြီး ဈေးနှုန်းသက်သာလာပါတယ်။ ၀က်ဘ်ဆိုက် တစ်ခုရေးသားရင် လွန်ခဲ့တဲ့နှစ်တွေထက် ရေးသားခလျော့နည်းလာပေမယ့် အလုပ်မပြတ်တဲ့အတွက် ၀င်ငွေ လျော့ကျသွားတာ မရှိပါဘူး။ ဖွံ့ဖြိုးလာတဲ့ အိုင်တီအခန်းကဏ္ဍအတွက်တော့ ပီတီဖြစ်ရပါတယ်။

ဒါပေမယ့် ကုမ္ပဏီတချို့က ၀က်ဘ်ဆိုက်တင်တာ ကြော်ငြာသဘောမျိုးပဲ ဖြစ်နေပါ သေးတယ်။ ၀က်ဘ်ဆိုက်မှာက မိမိရဲ့ထုတ်ကုန်နဲ့ ၀န်ဆောင်မှုတွေကို အမြဲတမ်းဆန်းသစ် တင်ပြနေရမှာ ဖြစ်သလို၊ ပြည်တွင်းပြည်ပက အမှာစာတွေ ရရှိနိုင်အောင် e-mail လိပ်စာ ဖော်ပြခြင်း တခြားဝက်ဘ်ဆိုက်တွေကနေ မိမိဆီရောက်ရှိလာအောင် အဆင့်ဆင့် လင့်ခ်ျချိတ် ထားခြင်း ထုန်ကုန်နဲ့ ၀န်ဆောင်မှုတွေအတွက် ရှင်းလင်းတင်ပြခြင်း၊ ထုတ်ကုန်သစ်မိတ်ဆက် သတင်းနဲ့ အခြားကဏ္ဍတွေပါ ထည့်သွင်းသင့်ပါတယ်။ အဲဒါမှ မိမိဝက်ဘ်ဆိုက်ကို ၀င်ရောက် ကြည့်ရှုသူများပြားပြီး ဖောက်သည်သစ်တွေ တိုးပွားလာမှာပါ။ ကိုယ်ပိုင် ၀က်ဘ်ဆိုက်တွေမှာလည်း ပုံမှန် Update လုပ်နိုင်ဖို့က အရေးကြီးပါတယ်။ အဲဒါမှ မိမိရဲ့ Performance ကို စိတ်ဝင်စား ပြီး ၀င်ရောက်လည်ပတ်သူ အရေအတွက်များလာရင် Online ပေါ်ကနေ ၀င်ငွေရရှိနိုင်ပါတယ်လို့ ဆော့ဝဲလ်အင်ဂျင်နီယာတစ်ဦးက ပြောပါတယ်။

အရေးတကြီးလိုအပ်တာက e-banking ပါ။ အွန်လိုင်းပေါ်မှာ စီးပွားရေးကိစ္စပဲဖြစ်ဖြစ်၊ ပစ္စည်းဝယ်ချင်တာပဲ ဖြစ်ဖြစ်၊ တက္ကသိုလ်တွေ၊ ကျောင်းလခ သွင်းတာပဲ ဖြစ်ဖြစ် ငွေပေးချေဖို့ နည်းလမ်းအတွက် e-banking က မရှိမဖြစ် လိုအပ်နေပါတယ်။ အကယ်၍ e-banking သာရှိခဲ့ ရင် အွန်လိုင်းပေါ်မှာတင် အရောင်းအ၀ယ်လုပ်လို့ရတဲ့ e-Trade တို့၊ e-commerce တို့က ပိုမို ဖွံ့ဖြိုးတိုးတက်လာပါမယ်။ e-commerce ရှိတဲ့အခါ ဈေးကွက်စီးပွားရေးထဲမှာ ရောင်းသူနဲ့ ၀ယ်သူ တိုက်ရိုက်တွေ့ဆုံနိုင်ပြီး၊ ကြားခံပွဲစားတွေ ဈေးကွက်ဖြန့်ချိရေးကို ကျော်လွှားသွားနိုင် တဲ့အတွက် အကျိုးအမြတ်ကို တိုက်ရိုက်ရရှိနိုင်ပါတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

၂၁ ရာစုရဲ့ စီးပွားရေးသစ်ကို မောင်းနှင်နေတဲ့ အချက်အလက် (Data) နဲ့ အရင်းအမြစ် (Source) တွေ သန်းနဲ့ချီ ရှိနေပါတယ်။ အဲဒီအချက်အလက်တွေ၊ သတင်းအရင်းအမြစ်တွေဟာ အသေဆုပ်ကိုင်ထားလို့ မရပါဘူး။ အချင်းချင်းမျှဝေခြင်း (Sharing) နဲ့သာ လုပ်ဆောင်နေကြရပါတယ်။ အဲဒါကြောင့် Outsourcing ကုမ္ပဏီအများအပြား ပေါ်ထွက်လာပါတယ်။ သူတို့ အသုံးပြုတဲ့ မီဒီယာက အင်တာနက်ပဲ။ မီးခိုးတတ်ပြီး ဆိတ်ငြိမ်တဲ့ဒီလုပ်ငန်းက အိုင်တီကို ပြန်ထောက်ပံ့ပေးပြီး စီးပွားရေး လုပ်ဆောင်မှုကို အများကြီး အကျိုးသက်ရောက်စေပါတယ်။ ဒေါ်လာ ၁၀ သန်းလောက်ကုန် ကျမယ့် ဆာဗေး (Survey) တစ်ခုကို ဒေါ်လာ သောင်းဂဏန်းလောက်နဲ့ ချီပြီး မြတ်စေနိုင်ပြီး Outsourcing လုပ်ငန်း ကုမ္ပဏီတွေ ကျွန်မတို့ဆီမှာရှိနေဖို့ လိုအပ်နေပါပြီ။ အဲဒီလုပ်ငန်းက နိုင်ငံခြားဝင်ငွေကို ရှာဖွေနိုင်သလို ပြည်တွင်းကုမ္ပဏီတွေနဲ့ ပညာရေးကဏ္ဍကို အထောက်အပံ့ ဖြစ်နိုင်ပါတယ်လို့ Data collector အဖြစ်လုပ်ကိုင်နေသူ မယဉ်ယဉ်အောင်က ပြောပါတယ်။

အွန်လိုင်းစီးပွားရေးက နည်းပညာအပေါ် အခြေခံထားပေမယ့် မိမိရဲ့စိတ်ကူးစိတ်သန်း နဲ့ ဖောက်ထွင်း မြင်နိုင်စွမ်း အပေါ်မှာ လက်ရည်တူ အခွင့်အရေး ပေးထားပါတယ်။ အဲဒါကြောင့် လူငယ်အများစုက အင်တာနက်ကို စိတ်ဝင်စားကြတာပါ။ ၂၀၀၁၊ စက်တင်ဘာနောက်ပိုင်းမှာ စီလီကွန်ချိုင့်ဝှမ်းကို အိန္ဒိယထိရွှေ့လာနိုင်ခဲ့တဲ့ အိန္ဒိယနိုင်ငံရဲ့ တတိယမျိုးဆက်တွေကို အတု ယူဖို့ ကောင်းပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာလည်း အထက်တန်းအဆင့်မှာဖြစ်ဖြစ်၊ တက္ကသိုလ် အဆင့်မှာဖြစ်ဖြစ် လူငယ်တွေအတွက် ကွန်ပျူတာ အင်တာနက်ကို သင်ကြားဖို့ လိုအပ်နေပါပြီ လို့ Cyber Café နှစ်ခုဖွင့်ထားသူ ကိုနေမျိုးကျော်က ပြောပါတယ်။

အွန်လိုင်းယဉ်ကျေးမှု

ယဉ်ကျေးမှုများ တိုးတက်မိခြင်း ဆိုတဲ့စကားဟာ အွန်လိုင်းယဉ်ကျေးမှုထဲမှာတော့ ပေါင်းစပ်စီးမျောခြင်းဆိုတဲ့ အဓိပ္ပာယ်သာ သက်ရောက်နိုင်ပါတယ်။ ကမ္ဘာ့ကွန်ယက်စနစ်ထဲမှာ လူမျိုးတစ်မျိုးနဲ့တစ်မျိုး ယဉ်ကျေးမှုတစ်ခုနဲ့တစ်ခုဟာ ပဋိပက္ခသဘောမဆောင်ဘဲ ထိန်းသိမ်း ထားနိုင်ပါတယ်။ ဘာသာစကားပေါင်းမျိုးစုံနဲ့ သုံးစွဲနိုင်သလို၊ မိခင်ဘာသာစကားတွေနဲ့ ဘလော့ရေးသားသူတွေက အမျိုးသားယဉ်ကျေးမှုတွေကို IT နဲ့ ပေါင်းစပ်ထိန်းသိမ်းထားနိုင်ပါ ပြီ။ သတင်း၊ ရသစာပေ၊ ဓာတ်ပုံနဲ့ အခြားသောယဉ်ကျေးမှု အနုပညာတွေကို ဘလော့ ရေးသားနေသူတွေ ကမ္ဘာတစ်ဝန်းလုံးမှာ ၁၀ သန်းကျော်ရှိနေပါပြီ။ှု

ဘလော့ရေးသားတာက Website တစ်ခုရေးသားသလို ကုန်ကျစရိတ်မများပါဘူး။ Gmail Account တစ်ခုရှိရင် blogger.com မှာ ဘလော့ တစ်ခုတည်ဆောက်လို့ရပါတယ်။ အခု ဘလော့ကို မြန်မာလို ရေးလို့ရတာ ငါးနှစ်ခန့် ရှိနေပါပြီ။ အွန်လိုင်းပေါ်မှာလည်း မြန်မာ ဘလော့ဂါ ထောင်နဲ့ချီပြီး ရှိနေပါတယ်။ သူတို့က မြန်မာစာပေနဲ့ မြန်မာ့ယဉ်ကျေးမှုအနုပညာ တွေ၊ ဓာတ်ပုံတွေ အကြောင်း ရှာဖွေတင်ဆက် ပေးကြပါတယ်။ တချို့လည်း ကဗျာတွေ၊ ၀တ္ထုတွေ၊ ဆောင်းပါးတွေ ရေးသားကြပါတယ်။ ကမ္ဘာအရပ်ရပ်မှာရောက်ရှိနေတဲ့ မြန်မာလူမျိုး၊ နိုင်ငံခြားမှာ မွေးဖွား ကြီးပြင်းတဲ့ မြန်မာတွေအတွက်တော့ ဘလော့ရေးသားခြင်းဟာ မြန်မာစာပေကို ထိန်းသိမ်းခြင်းတစ်ရပ်ဖြစ်တဲ့အတွက် ၀မ်းမြောက်မိပါတယ်လို့ မြန်မာဘလော့ဂါတစ်ဦးက ပြောပါတယ်။

လူငယ်တွေအနေနဲ့ အင်တာနက်အသုံးပြုတဲ့အခါ ရပ်တန့်မပစ်ဖို့က အရေးကြီးပါတယ်။ တချို့က Chat room ထဲမှာတင် ပျော်ပြီးနေကြတယ်။ တချို့က Forum ထဲမှာ၊ တချို့က ဘလော့ရေးသားခြင်းမှာ ရပ်တည်နေကြတယ်။ တကယ်ဆို အင်တာနက်မှာက ဒီထက်ပို လုပ် နိုင်တာတွေ အများကြီးရှိနေပါသေးတယ်။ မိမိလေ့လာချင်ရင် လေ့လာနိုင်သလောက် မိမိအသိ ပညာမိုးကုတ်စက်ဝိုင်းကို မြှင့်တင်သွားလို့ ရပါတယ်။ အဲဒါကြောင့် အင်တာနက်သုံးစွဲရင် စူးစမ်းလိုစိတ်ကို အမြင့်ဆုံး မြှင့်တင်ထားသင့်တယ်လို့ ကိုမွတ်ကပဲ ဆက်လက်ရှင်းပြပါတယ်။

အင်တာနက်ဖုန်း

တချို့ကတော့ အလွယ်တကူ အင်တာနက်ဖုန်းပြောတယ်လို့ သုံးစွဲလိုက်တာပါ။ အမှန် တကယ်က အင်တာနက်ချိတ်ဆက်ထားတဲ့ ကွန်ပျူတာကနေ Media Ring Talk တို့၊ Starhub.com တို့ကနေ နိုင်ငံခြား GSM တွေကို SMS ပို့တာတို့၊ Voice Call ခေါ်တာတို့ ပြုလုပ်ကြတာပါ။

ဒါဟာ Global Phone Company တွေရဲ့ ၀န်ဆောင်မှုအစိတ်အပိုင်းပါ။ သူတို့ လက်ကိုင်ဖုန်းတွေကို ၀ယ်ယူသုံးစွဲဖို့အတွက် ဆွဲဆောင်မှုပါပဲ။ အမှန်တကယ်လည်း အင်တာနက်ချိတ်ဆက်ထားတဲ့ လက်ကိုင်ဖုန်းတွေက ဈေးကွက်မှာ မျက်နှာပန်းလှလာပါ တယ်။ လက်ကိုင်ဖုန်းကနေပြီး အွန်လိုင်းပေါ်က သီချင်းတွေ၊ Movie တွေ Download လုပ်လို့ ရနေပါပြီ။ သတင်းအချက်အလက်တွေ၊ ဓာတ်ပုံတွေ ရှယ်ယာလုပ်နိုင်ပြီး၊ လက်ကိုင်ဖုန်းထဲက နေ ဘောလုံးပွဲတွေ တိုက်ရိုက်ကြည့်ရှုနိုင်အောင်အထိ ၀န်ဆောင်မှုပေးနေကြပါပြီ။ လက်ကိုင် ဖုန်းထုတ်လုပ်တဲ့ ကုမ္ပဏီတွေကလည်း Digital နည်းပညာနဲ့ သေးနိုင်သမျှ သေးကျုံ့ထားတဲ့ ဟမ်းဆက်ထဲမှာ များနိုင်သမျှ များနိုင်အောင် ဖန်ရှင်မျိုးစုံ ထည့်ထားဖို့ ကြိုးစားနေကြပါတယ်။ ဒါဟာ ဆက်သွယ်ရေးစနစ်ကြီးတစ်ခုလုံးကို တော်လှန် ပြောင်းလဲပစ်နိုင်မှာပါ။ အနာဂတ်ကာလမှာတော့ အင်တာနက်နဲ့ ဟမ်းဆက်ဟာ လူ့ဘ၀ရဲ့အပြုမူ အစိတ်အပိုင်းအားလုံးကို တိုက်ရိုက် အကျိုးသက်ရောက် စေနိုင်တော့မှာပါ။ အဲဒါဟာ ရှောင်လွှဲသွားဖို့ မဖြစ်နိုင်တော့ပါဘူး။ ကျွန်တော်တို့အားလုံးဟာ ထောင်စုသစ်ရဲ့ မနက်ခင်းဆီမှာပဲ တတိယလှိုင်းပေါ်က ဆိုင်ဘာခေတ်ထဲကို ရောက်ရှိလို့နေပါပြီ။

အောင်ပိုင်စိုး


သံလွင်အိပ်မက် အတွဲ ၃ အမှတ် ၃


လောက ကြီးမှာ နာမည်တူ လူတူ မရှားဆိုပေမယ့် စိတ်တူကိုယ်တူ စာရေးသူနှစ်ဦးက

အောင်ပိုင်စိုး ဆိုတဲ့ နာမည်တစ်ခု ကို ကိုယ်စီ ပိုင်ဆိုင်ထားကြပါတယ်…။

အနီရောင်အင်္ကျီနဲ့ က ကဗျာဆရာ ကိုအောင်ပိုင်စိုး ဖြစ်ပြီး… အင်္ကျီအပြာရောင်နဲ့တစ်ယောက်

အကြွေး တွေ အများကြီးနဲ့ စီးပွားရေးဆောင်းပါးတွေ ရေးနေမိတဲ့ ကျွန်တော် အောင်ပိုင်စိုး ပါ။

ကျွန်တော် နှစ်ယောက်လုံးအတွက် နာမည်တူခြင်း ကိစ္စက ပြဿနာ တစ်ရပ် မဟုတ်ပေမယ့်

စာဖတ်သူများ ရှင်းလင်းရန်အတွက် ကျွန်တော်တို့ မှတ်တမ်းပြု ခွဲခြားထားခြင်းဖြစ်ပါသည်…။




ခင်မင်လေးစားစွာဖြင့်

အောင်ပိုင်စိုး




အသက်မွေးဝမ်းကျောင်း/ပညာ

မနက်သုံးနာရီလောက်မှ စီအန်ဂျီရရင် ဒရိုင်ဘာငါးနာရီထိုးလာမှာနဲ့အတော်ပဲ…။ ကားပေါ်မှာ နှစ်နာရီလောက်

အိပ်လို့ရသေးတယ်…။ ကားပေါ်မှာအိပ်တာ အိမ်ကသင်ဖြူးဖျာကြမ်းလောက်တော့ ဘယ်ချောမွေ့မှာလည်း

ဒါပေမယ့် ဘ၀လေ။ ဒီလို လောကဓံအထုအထောင်းလေး တွေကလည်းရသကောင်းကောင်းပေးပါတယ်

`ငါးဆယ်တန် အကြွေလေးတွေပေးပါ။ ရုံးချိန်မို့ပါ အစ်ကိုရာ၊ ရှေ့လေးတိုးပေး၊ ဒရိုင်ဘာနောက်ကျောမှာ

အချောင်ကြီးပဲ ´

`မင်းတို့က လူကို လူလိုမမြင်ဘူး။ ဇွတ်တိုးခိုင်းနေတာပဲ´

`အစ်ကိုကြီးရာ စီးပွားရှာသူချင်း ကိုယ်ချင်းစာပါဦးဗျာ´

ခေါင်းထဲမှာ တဆစ်ဆစ်၊ မနက်အထွက်မှာ မိုးက မိလိုက်သေးတယ်။ အခုနေပူနေပြီ။ အိပ်ရေးကလည်းပျက်နဲ့

အလုပ်လုပ်ကြတာချင်းအတူတူ တစ်နေ့ကို လူထောင်နဲ့ချီစကားပြောနေရတယ်။

အကြွေအမ်းရတာနဲ့၊ အတန်ကြီးတွေ ခဏကိုင်ထားရတာနဲ့ ။

`ဟေ့ကောင်… ပိုက်ဆံတစ်ထောင်တန်ပြန်အမ်းဦးလေ´

`ကျွန်တော့်လက်ထဲမှာ တစ်ထောင်တန်နဲ့ ငါးရာတန်ပဲရှိတယ် အစ်ကို၊ ခဏစောင့်ပါဦး´

အဝေးသင် အီကိုဘွဲ့လေးနဲ့ လက်ဖျားမှာ ငွေသီးမယ်လို့ သူ့ဇာတာမှာ ပါသလားမသိဘူးလို့

ကိုမင်းသူရ စဉ်းစားမိနေပါတယ်…။

ဒီတစ်နေလုံး ကားကွက်က မကောင်းဘူး။ အီကြာကွေးသုံးကောင်နဲ့ စီနီယံ ဆက်တိုက်ကျတယ်။

တောက်လျှောက် ကျော်နေရတာပဲ။ အုံနာကြေးမမီရင်တော့ ဒီနေ့လိုက်ကြေးရမှာမဟုတ်ဘူး။

ဒီကြားထဲ မနက်က အဖမ်းကခံလိုက်ရသေးတယ်…။

ဒီတစ်ပါတ်လုံးတစ်လွဲချည်းပါပဲ၊ ကားပျက်တာက သုံးရက်၊ အုံနာကြေးလောက်ပဲရလို့ လိုက်ကြေးမရတာက

နှစ်ရက်၊ တစ်ပါတ်လုံးပင်ပင်ပန်းပန်း လုပ်တာတောင် ငွေတစ်သောင်းမရဘူး…။ အိမ်က မိန်းမကနည်းနည်း

ငြူစူနေပြီ။ ရှင်စပယ်ယာချည်းပဲ တစ်သက်လုံးလုပ်တော့မှာလား၊ ကားလည်းမောင်းတတ်နေသားပဲ။ ဒရိုင်ဘာ

ပြောင်းလုပ်ဖို့ စဉ်းစားဦး၊ ကိုယ့်တိုးတက်မှုကိုယ်ရှာပါဦး၊ အန္တရာယ်များလို့ သူ မလုပ်ချင်တဲ့ ဒရိုင်ဘာအလုပ်ကို

တိုက်တွန်းနေပြီ။

ထမင်းက ကြမ်းလို့ မျိုမကျရတဲ့ကြားထဲ လိုင်စင်ရွေးဖို့သွားရမှာ စိတ်ပူနေသေးတယ်။ ဒီနေ့ကားမလိုက်ပေမယ့်

သူငယ်ချင်းတွေ ဘော်ဒါကြေးလေးပေးသွားလို့ ထမင်းဝင်စားဖြစ်တာ၊ ဒဏ်ငွေကလည်း အတိအကျပဲရှိပါတယ်။

အပျင်းပြေသွားစရာမရှိတော့ ဟိုကားတက်၊ ဒီကားတက်နဲ့ ညကျရင် အဆင်ပြေတဲ့ ကောင်နဲ့ ၀ိုင်းဖွဲ့တာပေါ့၊

အခု သူစဉ်းစားမိတာက အသက်မွေးဝမ်းကျောင်းပညာနဲ့ အသက်မွေး ၀မ်းကျောင်း/ ပညာ ဘယ်ဟာအမှန်လဲ?

ဘ၀ ဆိုတာကတော့ ကံပစ်ချတဲ့ ဇာတ်ရုပ်၊ ကိုယ်လိပ်ပြာကိုယ်သန့်ဖို့ လိုသတဲ့လေ။

အောင်ပိုင်စိုး

မေး…။ အစ်ကို ဘယ်အချိန်လောက်ကတည်း စာစရေးဖြစ်တာလည်းခင်ဗျ။




ဖြေ…။ ကျွန်တော် လေးနှစ်သားလောက်တည်းက ၀ လုံးစရေးတယ် အမေက တိုက်တွန်းတာလည်း ပါတာပေါ့… အဲဒါနဲ့ စာရေးဖြစ်သွားတာ အခု ၂၄ ဆိုတော့ စာရေးသက်

နှစ်နှစ်ဆယ်လောက်ရှိပါပြီ…။




မေး…။ ဘယ်လိုစာမျိုးတွေ အရေးများလည်း ခင်ဗျာ။



ဖြေ…။ ကျွန်တော်က စာဆို အစုံရေးပါတယ်… ရည်းစားစာကနေ နာရေးကြော်ငြာအထိရေးအထိ အခွင့်အရေးရရင် အကုန်ရေးပါတယ်…။ ၀တ္ထု၊ ကဗျာ၊ ဆောင်းပါး၊ အက်ဆေး… လူကြိုက်ကြိုက်မကြိုက်ကြိုက် ဖတ်ဖတ်မဖတ်ဖတ်အကုန်ရေးတာပဲ…။




မေး…။ အစ်ကိုရဲ့ စာတွေထဲမှာ လူဖတ်အများဆုံးက ဘယ်အမျိုးအစားလည်း…။



ဖြေ…။ နာရေးကြော်ငြာပါ …။ အဲဒီစာပေမှာတော့ ကျွန်တော်တော်အောင်မြင်တယ်ပြောရမလားပဲ လူတော်တော်များများဖတ်တယ်လေ…

အရေးအသားနဲ့ ပက်သက်လို့ အပြစ်ပြောတဲ့အသံမျိုး အခုထက်ထိ ပြန်မကြားရသေးပါဘူး…

တခြားစာပေတွေမှာ ကျွန်တော်ကို ဖွတ်ဖွတ်ညက်ညက်ကြေအောင် ဝေဖန်ကြတဲ့ မနာလိုသူအချို့ ရှိပါတယ်…။




မေး…။ အစ်ကိုက စာရေးတာကို ၀ါသနာကြီးပုံရတယ် ဘယ်လိုမီဒီယမ်တွေနဲ့ စာပေ အနုပညာကို ပုံဖော်ဖြစ်တာလည်း အစ်ကို…။



ဖြေ..။ ကျွန်တော်က စာပေရေးသားခြင်းကို ကျွန်တော်ရဲ့ မွေးရာပါ တာဝန်တစ်ရပ်လို့ ယူဆပြီး

ကိုယ်လောက်မှ မတတ်သိတဲ့ သူတွေကို ပြန်လည်မျှဝေပေးတာပါ…။ မီဒီယမ်အနေနဲ့က အကုန်သုံးပါတယ် စာရွက်နဲ့ ဘောပင်နဲ့ ရေးသလို… ခဲတံ တို့ မီးသွေးတို့ အုတ်နီခဲတို့နဲ့လည်း

ရေးပါတယ် တစ်ခါတစ်လေ အာရကေ နည်းနည်းရှိရင်တော့ အင်တာနက်ဆိုင် သွားပြီး

မော်နီတာနဲ့ရေးပါတယ်… ကျွန်တော်က စာမရေးရ မနေနိုင်အောင် စွဲပါတယ် နေရာလွတ်တွေရင် စာရေးတတ်လွန်းလို့ တစ်ခါတစ်လေ တချို့လူတွေ အထင်လွဲတာတွေ

ခံရတတ်ပါတယ် ဥပမာဗျာ … အုတ်နံရံ အလွတ်ဆိုပါတော့ ဒီအတိုင်း ဗြောင်ထားမယ့် အစား

သေးမပေါက်ရ အမှိုက်မပစ်ရလို့ ကျွန်တော်က စေတနာနဲ့ ရေးပေးပါတယ် … အဲဒါကို

အာဏာပိုင်တွေ ခေါ်သတိပေးတာတွေ ခံရတတ်ပါတယ်… ဒါဟာ စာပေလွတ်လပ်ခွင့်ကို

ချိုးဖောက်တာ မျိုးပေါ့….။




မေး…။ စာမူခ တစ်နှစ်ဝင်ငွေဘယ်လောက်များရှိလည်း…။



ဖြေ…။ အဲဒီမေးခွန်းက ဖြေဖို့ခက်တယ်ဗျာ အမှန်အတိုင်းဖြေရင်လည်း အခွန်မှုးတွေ

ကျွန်တော်အိမ့်ရှေ့မှာ လာတန်းစီနေလိမ့်မယ်… ညာလှိုင်းပြီး ဖြေရင်လည်း တိုင်းပြည်နဲ့ လူမျိုးအပေါ် သစ္စာဖောက်ရာရောက်မယ်ဗျာ စာမူခ ဟောပြောပွဲ လိုက်ခ ကော်ပိုရေးရှင်းတွေ

အကြံပေးခတို့ နာမည်ကြီး တက္ကသိုလ်တွေမှာ အချိန်ပိုင်း နည်းပြလုပ်တဲ့ ၀င်ငွေကောပေါင်းလိုက်ရင် တစ်နှစ်ကိုဒေါ်လာသုံးသန်းလောက် ၀င်ငွေရှိပါတယ်… ဒါပေမယ့်

လောလောဆယ်တော့ တစ်ပြားမှ မ၀င်သေးပါဘူး… အင်တာနက်ပေါ်မှာ တင်ဖို့အတွက်

အင်တာနက်သုံးခတောင် သူငယ်ချင်းတွေဆီက လှည့်ပါတ်ချေးနေရတုန်းပါ…




မေး…။ ဟုတ်ကဲ့ အခုလို့ ဖြေကြားပေးတဲ့ လူငယ်ခြေတက်စာရေးဆရာ…. ကိုကျေးဇူးအများကြီးတင်ပါတယ်…။ ပြီးတော့ ပရိတ်သတ်တွေကိုကော ဘာများမှာချင်ပါသေးလည်းခင်ဗျာ…။



ဖြေ…။ ကျွန်တော်ကို တကူးတက ပင်တိုင်အားပေးတဲ့ ပရိတ်သတ်ကြီးကို လမ်းကြုံတိုင်း အလကားဖတ်ပေးအတွက် ကျေးဇူးအများကြီး တင်ပါတယ်လို့ ပြောပါစေ … ပြီးတော့

ပရိတ်သတ်ကြီးကို ဒီထက်ပိုကြိုးစားဖို့ လိုပါလိမ့်မယ်လို့ ကျွန်တော်က အကြံပေးတယ်လို့

ပြောပြပေးပါခင်ဗျာ…။




အောင်ပိုင်စိုး




( ရယ်ရွှင်ဖွယ် သက်သက်ရေးသားခြင်းဖြစ်ပါသည် စကာလုံးအသုံးအနှုန်း ချွတ်ချှော်တိမ်းပါးခဲ့ပါက

လမ်းညွှန် အကြံပေးရန်နှင့် နားလည်ခွင့်လွှတ်ပေးပါရန် ကြိုတင်တောင်းပန်အပ်ပါသည်…။)


စီးပွားရေးလို့ ဆိုလိုက်ရင် ကျွန်တော်တို့ အတွေးတွေက ကော်ပိုရေးရှင်းတွေ၊ စက်ရုံကြီးတွေ၊ စတော့အိတ်ချိန်းတွေ၊ ဘဏ်တွေ၊ အိုင်တီကုမ္ပဏီတွေ၊ ဟိုတယ်ကြီးတွေကို ပြေးမြင်တတ်ကြပါတယ်။

စီးပွားရေးသမားလို့ ဆိုလိုက်ရင်လည်း အောင်မြင်နေတဲ့ စီအီးအိုတွေ၊ ကော်ပိုရိတ်ဥက္ကဌတွေ၊ စီးပွားရေးအတိုင်ပင်ခံ အဖွဲ့အစည်းက လူတွေလောက် ပြေးမြင်တတ်ကြပါတယ်။

အမှန်တကယ်တော့ ၀င်ငွေတစ်ခုခု ရရှိအောင် တစ်စုံတစ်ခု လုပ်နေသူတိုင်းဟာ စီးပွားရေးသမားဖြစ်တယ် ဆိုတဲ့ အမြင်ကို ကျွန်တော်တို့ မတွေ့ရှိသေးလို့သာ ဖြစ်ပါတယ်။

လူဟာ ဘာကြောင့် ၀င်ငွေလိုအပ်သလဲ …

စီးပွားရေးလုပ်ငန်းကြီး တစ်ခုလုံး မောင်းနှင်တဲ့ အခြေခံအချက် သုံးချက်ရှိပါတယ်။ စားသုံးမှု၊ စုဆောင်းမှုနဲ့ ရင်းနှီးမြှူပ်နှံဆိုတဲ့ အချက်တွေပါပဲ။ အဲဒီအချက်တွေကပဲ လူကို ၀င်ငွေလိုအပ်စေပါတယ်။ လူရဲ့ ပထမဆုံး လိုအပ်ချက်က ဆာလောင်မှုပါပဲ။ ဒုတိယအချက်က အလုပ်လုပ်တတ်ပြီး ၀င်ငွေရှာတတ်ဖို့ပါ။

ဆာလောင်မှုလိုအင် ပြည့်ပြီးတာနဲ့ လူဟာ ရပ်တန့်မနေတဲ့ သတ္တ၀ါဖြစ်လို့ တခြားလိုအင်တွေ ပေါ်ပေါက်လာပါတယ်။ လုံခြုံစွာ အိပ်စက်နိုင်ခြင်းသာမက၊ အနုပညာအပြင် အခြားတန်ဖိုးများ လိုအပ်လာပါတယ်။ ဒီလို လိုအပ်လာတဲ့အတွက် လူဟာ ပန်းတိုင်တစ်ခုထား ကြိုးပမ်းလာလေ့ ရှိပါတယ်။ ဒီအချိန်မှစ၍ လူဟာ ရင်းနှီးမြှုပ်နှံမှုဆိုတာကို စလုပ်ပါတော့တယ်။

ပုခက်တွင်းက ကလေးလေးတွေ အော်ဟစ်ငိုကြွေးနေတာ ဆာလောင်နေလို့ပါ။

ဒံပေါက်ဆိုင်တွေ၊ ကြေးအိုးဆိုင်တွေ၊ နာမည်ကြီး စားသောက်ဆိုင်တွေမှာ လူတွေ ပြည့်ကျပ်နေတာ ဆာလောင်နေလို့ပါ။

လူတွေဟာ ဆာလောင်မှုအတွက် ဆာလောင်မှုကို အရင်ဆုံး ဖြည့်ဆည်းတတ်ကြတာပါ။

အရင်တုန်းကတော့ ကီလီဈေး၊ အခု သီရိမင်္ဂလာဈေးကို ငါးရောင်းမယ့်သူတွေ၊ ကုန်စိမ်းသည်တွေ မနက်ဝေလီဝေလင်းမှာ အိပ်မှုန်စုံမွှားနဲ့ ရောက်လာကြတယ်။ သူတို့ကို သာမန်ဈေးသည်လို့ မြင်လို့မရပါဘူး။ သူတို့လိုချင်တဲ့ပစ္စည်း လာဝယ်ကြတာ၊ ဒါဟာ ရင်းနှီးမြှုပ်နှံမှုပဲ။ ဘယ်လောက် မြတ်မယ်ဆိုတာတော့ သူတို့ လုပ်ငန်းကျွမ်းကျင်မှုအပေါ် မူတည်တာပေါ့။

စတော့ရှယ်ယာဝယ်မှ၊ ဘွန်း Bond စာချုပ်ဝယ်မှ၊ ရွှေဝယ်မှ ရင်းနှီးမြှုပ်နှံတာလို့ ယူဆလို့ မရပါဘူး။ ငါးသည်တွေ၊ ကုန်စိမ်းသည်တွေလည်း ရင်းနှီးမြှုပ်နှံကြရတာပဲ။ အချိန်တိုတဲ့အတွက် မသိကြတာလား။

တကယ်တော့ ရင်းနှီးမြှုပ်နှံမှုတိုင်းဟာ စွန့်စားမှု အနည်းအများနဲ့ ဒွန်တွဲနေတတ်ပါတယ်။ အဲဒါကြောင့် မိမိပိုင်ဆိုင်မှုတွေကို တည်ငြိမ်တဲ့ တန်ဖိုးစနစ်တစ်ခုနဲ့ ထိန်းသိမ်းထားတဲ့ ပုံစံတွေဟာ စုဆောင်းမှုဆိုတာ ဖြစ်လာပါတယ်။ အဲဒီအချက်တွေကြောင့် လူဟာ ၀င်ငွေမရှိမဖြစ် လိုအပ်ပါတယ်လို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။

လူတစ်ဦးတစ်ယောက်အနေနဲ့က ၀င်ငွေလိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ကတော့ အမြတ်ရရှိမှ ဖြစ်မှာပါ။ အမြတ်ရရှိရေးဆိုတာ စီးပွားရေးလုပ်ငန်းအများစုရဲ့ ဦးတည်ချက်ပါ။ အမြတ်ရရှိဖို့ ကြိုးစားတဲ့ နည်းလမ်းတွေကသာ စီးပွားရေးပညာရပ်တွေနဲ့ အသုံးချဗျူဟာတွေပါပဲ။ အဲဒီပေါ်မှာမှ စီးပွားရေးဆိုင်ရာ ကိုယ်ကျင့်တရားနဲ့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့ ဥပဒေကို ပေါ်ပေါက်လာတာပါ။ ၂၁ ရာစု စီးပွားရေးသစ်မှာတော့ အမြတ်ရရှိရေးဟာ အဓိက မကျတော့ဘဲ သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု အပြောင်းအလဲတွေ၊ နည်းပညာတော်လှန်ရေးတွေမှာ အခုအခံဖြစ်နေတဲ့အရာကို ပြေလျော့စေဖို့ စီးပွားရေးက အသုံးချ ယာဉ်တစ်စီးပါ။ ထိန်းကျောင်းတတ်ဖို့ လိုပါတယ်။ ဓနအရွှေ့အပြောင်း မြန်ဆန်သလို အရင်းအမြစ်တန်ဖိုးတွေက အတက်အကျမြန်ပါတယ်။ စံ တန်ဖိုးတွေကို အသေဆုပ်ကိုင်မထားဖို့ လိုပါတယ်။ အပြောင်းအလဲတွေမှာ အခုအခံ နည်းပါးသူတွေ၊ လျင်မြန်စွာ နေသားတကျ ဆောင်ရွက်နိုင်သူတွေက ပိုပြီး အကျိုးအမြတ် များနိုင်ပါတယ်လို့ Social Business လေ့လာသူ တစ်ဦးက ပြောပါတယ်။

စီမံခန့်ခွဲပုံ

စီးပွားရေးပညာရပ်ထဲကို စီမံခန့်ခွဲမှု ဘာသာရပ် စပြီး မထည့်သွင်းမီကတည်းက စီးပွားရေးတွေထဲမှ စီမံခန့်ခွဲမှုက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီးသားပါ။ လူဟာ ပိုင်ဆိုင်မှု အရင်းအနှီးတစ်ခုခုကြောင့် ၀င်ငွေရရှိလာမယ်။ ရရှိလာမယ့်ဝင်ငွေကို ပြန်လည်သုံးစွဲရပါမယ်။ အဲဒီ ပြန်လည်သုံးစွဲမှု အားလုံးဟာ သူ စီမံခန့်ခွဲမှုနဲ့ ပြုလုပ်တာပါပဲ။ သူ့ရဲ့ စီမံခန့်ခွဲမှုတွေဟာ သူ့လိုအင်နဲ့ ကိုက်ညီတဲ့ ရလဒ်တွေ ထွက်ပေါ်လာမယ်ဆိုရင် အောင်မြင်တဲ့ စီမံခန့်ခွဲမှုလို့ ပြောဆိုနိုင်ပြီး အခြားရလဒ်တွေ ဖြစ်ပေါ်လာခဲ့ရင်တော့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုလို့ ဆိုနိုင်ပါတယ်။ ဒါဟာ အခြေခံစည်းမျဉ်းပါ။

လူတစ်ဦးတစ်ယောက်အတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်အပြင် ကော်ပိုရေးရှင်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံအတွက်လည်း ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုရဲ့ အဓိက အရင်းအမြစ်တွေက အတွေ့အကြုံနဲ့ ပညာပါ။ ရာစုသစ်မှာတော့ သတင်းကပါ စီမံခန့်ခွဲမှုကို အကျိုးသက်စေပါပြီ။ ပစ္စုပ္ပန် အခြေအနေတွေက အနာဂတ်ကို စီမံတဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေကို စီမံခန့်ခွဲသူတွေက အမှန်အတိုင်း သိရှိနေဖို့ လိုအပ်ပါတယ်။ သိရှိအောင်လည်း အားထုတ်ဖို့ လိုပါတယ်။ အဲဒါမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဟာ မိမိရဲ့ စီမံခန့်ခွဲမှုကို အောင်မြင်စေမှာပါပဲ။

စီးပွားအတက်အကျ

စီးပွားရေးစကားပုံတစ်ခု ရှိပါတယ်။ ချမ်းသာကြွယ်ဝချင်ရင် မိမိရဲ့ ပိုင်ဆိုင်မှုကို အရင်းအမြစ်အသွင် ပြောင်းနိုင်ရပါမယ်။ ဘာကိုမှ မပိုင်ဆိုင်ဘူးဆိုတဲ့သူတောင်မှ လုပ်အားနဲ့အချိန်ကို ပိုင်ဆိုင်ပါသေးတယ်။ သူ့ရဲ့ ကျန်းမာသန်စွမ်းမှုက ၂၄ နာရီအတွင်းမှာ ၀င်ငွေရရှိအောင် စွမ်းဆောင်နိုင်ပါတယ်။ တစ်နာရီစာ ၀င်ငွေတန်ဖိုးကတော့ ပညာနဲ့ အရင်းအနှီး စိတ်ကူးစိတ်သန်းတွေပေါ်မှာ ကွာခြားပါလိမ့်မယ်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံဖြစ်စေ စီးပွားရေး အတက်အကျ သံသရာမှာ ပါဝင်နေပါတယ်။ ထုတ်လုပ်မှု ပိုလျှံကာလတွေကို ကျပ်တည်းစွာ ဖြတ်သန်းရတတ်သလို ဈေးကွက်လိုအပ်ချက်ကို လက်မလည်အောင် ဖြတ်သန်းရတဲ့ နေ့ရက်တွေလည်း ရှိနေမှာပါပဲ။ ဈေးကွက်လိုအင်ကို မဖြည့်ဆည်းနိုင်လို့ ဘေးကနေ ငေးခဲ့ရတဲ့ အချိန်တွေလည်း ကြုံရမှာပါ။ စီးပွားရေးစက်ဝန်းထဲမှာ ဆင်ခြင်ဥာဏ်၊ အတွေ့အကြုံ၊ ပညာ၊ သတင်းတွေနဲ့ မိမိရဲ့ အနေအထားကို မျှခြေဖြစ်အောင် လုပ်ဆောင်ပေမယ့် အစွန်းထွက်မှုတွေ အမြဲရှိနေနိုင်ပါတယ်။ ဒီကြားထဲကမှ စီးပွားကျပ်ကာလမှာ အလွန်အကျွံ မစွန့်စားမိအောင်၊ စီးပွားတက်ကာလမှာ အလွန်အကျွံ မဖြုန်းတီးမိအောင် ထိန်းကျောင်းရင် စက်ဝန်းရဲ့ သဘောတရားအရ အထက်ရောက်လိုက် အောက်ရောက်လိုက် ဆိုပေမယ့် စုန်းစုန်းမြုပ် ပျက်စီးသွားတဲ့ အဖြစ်မျိုးတော့ မရောက်ရှိနိုင်ပါဘူး။ လူ့သမိုင်းနဲ့ စီးပွားရေးဟာ ဒွန်တွဲနေတာမို့ သမိုင်းအရှုပ်အထွေးနဲ့ စိးပွားရေး အရှုပ်အထွေးတွေဟာ သီအိုရီဟောင်းတွေကြားထဲက သီအိုရီအသစ်တွေ ဖောက်ထွက်သလို ၀င်ရိုးမဲ့ ပရမ်းပတာ ဖြစ်စဉ်တွေကလည်း အများအပြားပါ။ လွတ်လပ်ဈေးကွက်နဲ့ ၂၁ ရာစု စီးပွားရေးသစ်ဟာ ဖန်တီးမှုအကြောင်းအချင်းအရာ များပြားသလို သီအိုရီအစွန်းထွက်တွေလည်း ရှုပ်ထွေးနေဆဲပါ။ ကြွယ်ဝမှုနဲ့ ချမ်းသာမှုဟာ သီးခြားခွဲထွက်သွားပြီလား။ ချမ်းသာကြွယ်ဝဆုံး ရာစုနှစ်မှာမှ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ စီမံချက်ကို ကမ္ဘာလုံးဆိုင်ရာ ကျင့်သုံးဖို့ ဘာကြောင့် နှိုးဆော်နေရတာလဲ။

ဈေးကွက်မှာ ဘေးထွက်နေလို့မရ

လူဟာ ဈေးကွက်နဲ့ မပတ်သက်လို့ကို မရပါဘူး။ ၀ယ်စရာရှိရင်၊ ရောင်းစရာရှိရင် လူဟာ ဈေးကွက်ထဲ ၀င်လာရပါတယ်။ သူဟာ ဈေးကွက်ထဲမှာ အသက်ဝင်အောင် လှုပ်ရှားရပါတယ်။ ဈေးကွက်သတင်းတွေ၊ အဖြစ်အပျက်တွေကို တုံ့ပြန်ဆောင်ရွက်ရပါတယ်။ လူဟာ သူ့လိုအင်အရ ဈေးကွက်ကို ၀င်ရောက်လာပြီး အခြားသူများရဲ့ လိုအင်ကို ဖြည့်ဆည်းဆောင်ရွက်ရပါတယ်။ အဲဒါမှလည်း သူ့လိုအင်တွေ ပြည့်ဝမှာပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ဈေးကွက်ထဲကို လူတွေအများကြီး ၀င်ရောက်လာပါတယ်။ လူများလေ ဈေးကွက်က အောင်မြင်လေ ဖြစ်တဲ့အတွက် ဈေးကွက်စီးပွားရေးစနစ်ကြီး အောင်မြင်ဖြစ်ထွန်းလာခဲ့ပါတယ်။

ပမာပြောရရင်တော့ နေရာတစ်နေရာမှာ လုပ်ငန်းတူတွေ အများကြီး စုဝေးနေတာ တွေ့ရတတ်တာမျိုးပါ။ ရွှေဆိုင်တွေချည်းပဲ ရှိနေတဲ့ လမ်းတစ်လမ်းဟာ ရွှေဈေးကွက် ဖြစ်လာတာမျိုး၊ ကားအရောင်းအ၀ယ်တွေ များတဲ့နေရာမှာ ကားဈေးကွက် ဖြစ်လာတာမျိုး ဈေးဆိုင်ပေါင်းစုံ ရှိတဲ့နေရာမှာ စားသောက်ဖွယ်ရာဆိုင်တွေ် တစ်စထက်တစ်စ တိုးတက်လာတာမျိုးပါ။

ဒါဟာ လွယ်လင့်တကူ ဖြစ်ပျက်တာမျိုး မဟုတ်ပါဘူး။ သူ့အလိုအလျောက် ဈေးကွက်တစ်ခုတည်းကို တိုးတိုးဝင်လာတာမျိုးပါ။

ဒီနေရာမှာ ဘယ်ဈေးကွက်ရှိတယ်၊ ဟိုနေရာမှာ ဘယ်ဈေးကွက်ရှိတယ်ဆိုတာ လူအများက လက်ခံလာတဲ့အခါမှာ သူ့လိုအင်ဆန္ဒ ဖြစ်ပေါ်လာတာနဲ့ အဲဒီနေရာကို ချက်ချင်းသတိရပြီး

`ရွှေလိုချင်ရင် ….. လမ်းကိုသွား´

`ဘာစားချင်လို့လဲ ….. နေရာကို သွားလေ´

`ကားဝယ်ချင်ရင် ….. အဲဒီနေရာမှာ စုံစမ်းပေါ့´ ဆိုတာတွေဟာ ဈေးကွက်ကို အသိအမှတ်ပြုထားခြင်းပါပဲ။

အဲဒါဆိုရင် လူတွေက ဈေးကွက်ကို ရှာရမှာလား၊ ဈေးကွက်က လူတွေကို လာရှာမလားဆိုတာက ခေတ်သစ်မေးခွန်းဖြစ်နေပါပြီ။

လူလူချင်း ဆက်သွယ်နိုင်တဲ့ နည်းလမ်းရှိရင် ဈေးကွက်ဟာ ဖြစ်ပေါ်နေနိုင်ပါတယ်။ တယ်လီဖုန်း၊ ဖက်စ်၊ ကွန်ရက်ဆက်သွယ်ရေးများ အရာအားလုံးမှာ ဈေးကွက် ဖြစ်ပေါ်နေနိုင်ပါတယ်။ အဓိက အရေးကြီးဆုံးအချက်က ဈေးကွက်ကနေ ဘေးထွက်မနေဖို့ပါပဲ။ အပြောင်းအလဲတွေ၊ မြန်ဆန်နေတဲ့ ဖြစ်ပျက်တွေ အစဉ်မပြတ်တဲ့ခေတ်မှာ ဈေးကွက်ကို မျက်နှာလွှဲထားလို့ မရတော့ပါဘူး။ အဲဒါမှသာ မိမိလိုအင်အတွက် ဈေးကွက်ကို အသုံးချလို့ ရနိုင်မှာပါ။ ဒါပေမယ့် ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့တော့ မကြိုးစားပါနဲ့။ ဈေးကွက်ဟာ တုပ်နှောင်ခံရပြီဆိုရင် တိုးတက်မှု ဆုံးရှုံးပြီး ဈေးကွက်ဟာ မဖွံ့ဖြိုး၊ မကျယ်ပြန့်နိုင်တော့ပါဘူး။ တုပ်နှောင်ခံရတဲ့ ဈေးကွက်တွေဟာ မည်သူ့ကိုမှ အကျိုးမဖြစ်ထွန်းစေဘဲ ပါဝင်ပတ်သက်သူအားလုံးကို ဆုံးရှုံးစေတဲ့အတွက် ဈေးကွက်နဲ့ ပါဝင်လှုပ်ရှားသူအားလုံး နှုတ်ထွက်သွားပြီး ဈေးကွက်တစ်ခုလုံး ဆုံးရှုံးရတတ်ပါတယ်။

အဆိုးဝါးဆုံးကတော့ ဈေးကွက်နဲ့အတူ ပညာအရင်းအမြစ်တွေပါ ပျက်စီးနိုင်တဲ့အတွက် ဈေးကွက်မှာ ဘေးထွက်နေခြင်းနဲ့ ဈေးကွက်ကို ချုပ်ကိုင်ဖို့ ကြိုးစားခြင်းက မိုက်မဲမှုတွေသာ ဖြစ်ပါလိမ့်မယ်။

နည်းပညာစီးပွားရေးနဲ့ နယ်မြေသစ်ကို စွန့်ထွက်လိုသူများ

စီးပွားရေးလုပ်တာ လွယ်ပါတယ်လို့ ဆင်တူရိုးမှား ထုတ်လုပ်သူတစ်ယောက်က ပြောတဲ့သူကို စီးပွားရေးမှာ ဂုဏ်သိက္ခာရှိဖို့က ခက်တာလို့ သူသိဖို့ လိုပါတယ်။ မူပိုင်ခွင့်ဥပဒေတွေ မပြည့်စုံသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတချို့၊ မူပိုင်ခွင့်တွေကို ချိုးဖောက်ချင်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတချို့က လုပ်ငန်းရှင်တွေဟာ စီးပွားရေး အကျိုးအမြတ်အတွက် ကိုယ်ကျိုးကြည့်မှုတွေ လွန်ကဲနေတတ်ပါတယ်။

ဒါကတော့ အခုလောလောဆယ်မှာ ကြုံတွေ့နေရတဲ့ အတုလုပ်မှုလို့ ပြောရင် ရမလားပဲ။ သီချင်းခွေအတု၊ ရုပ်ရှင်ကားခွေအတု၊ ဆေးဝါးအတု၊ စားသောက်ဖွယ်ရာအတု၊ ၀တ်ဆင်စရာအတု၊ အထည်အမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးအတုတွေကို ပြောတာပါ။

အတုဆိုကတည်းက အရည်အသွေး ညံ့ဖျင်းပြီးသားပါ။ အတုဖြစ်လို့၊ အရည်အသွေး မမီလို့ ဈေးနှုန်းသက်သာတာကို သိပြီးဖြစ်ရပါမယ်။

ဒီအတုတွေထဲက အဆိုးရွားဆုံးကတော့ ဆေးဝါးအတုနဲ့ စားစရာအတုပါ။ လူတွေရဲ့ မျိုးဗီဇတွေပါ ထိခိုက်နိုင်တဲ့အတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါဟာ နည်းပညာစီးပွားရေးမှာ အိုင်ဒီယာတွေ လုယက်ခံရမှုက တစ်နေ့တစ်ခြား ပိုတိုးတက်လာနေပါတယ်။ ကိုလံဘတ်စ်က အမေရိကားကို ရှာဖွေတွေ့ရှိပြီး အင်္ဂလန်က အမေရိကားကို သိမ်းပိုက်သလိုမျိုးပါပဲ။ နည်းပညာကို မဖော်နိုင်သူတွေက နည်းပညာကို လုယက်သူတွေ ဖြစ်လာတတ်ပါတယ်။ ဒါကို အကောင်းဆုံး ကာကွယ်နည်းကတော့ နည်းပညာကို မျှဝေသုံးစွဲခြင်းပါပဲ။ အိုင်တီသမားတွေဟာ နည်းပညာကို အချင်းချင်းမျှဝေပြီး မိမိတို့ ဖော်ဆောင်တဲ့ ဈေးကွက်ကို ပိုမိုကျယ်ပြန့်စေပါတယ်။ သူတို့က အသိဥာဏ်မူပိုင်မှု ခံစားခွင့်ထက် ဈေးကွက်ကနေ သွယ်ဝိုက်တဲ့အမြတ်ကိုသာ စားသုံးတဲ့အတွက် ရေရှည်နဲ့ များများရရှိတယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့် နည်းပညာစီးပွားရေးဟာ လက်ရည်တူ ပါဝင်နိုင်သလို တစ်စိတ်တစ်ဝမ်းတည်း ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ မိမိရဲ့ စွမ်းရည်မက မိမိရဲ့ အာမခံမှုပါပဲ။ လူတိုင်းဟာ စီးပွားရေးအမြင်နဲ့ ကျင့်ဝတ်သိက္ခာရှိဖို့ လိုပါတယ်။

ရာစုသစ်ရဲ့ စီးပွားရေးကစားပွဲမှာ ရှုံးနိမ့်သူမရှိစေရေးဆိုတာ ပါဝင်ဆောင်ရွက်သူတွေရဲ့ ဆန္ဒလိုအင်ကသာ အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်ပါတယ်။

စီးပွားဆန်ခြင်း

ရာစုနှစ်ပေါင်းများစွာ ပဒေသရာဇ် စီးပွားရေးပုံစံ မိရိုးဖလာ စိုက်ပျိုးထုတ်လုပ်မှုနဲ့ ၀မ်းစာနဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်တွေအတွက် ထုတ်လုပ်မှုပြုလုပ်တဲ့ အာရှဒေသဟာ ၁၈ ရာစုနဲ့ ၁၉ ရာစုမှာ အရင်းရှင်စနစ်ရဲ့ အနွယ်အဖွား ကိုလိုနီပြုကျင့်ခံရခြင်း ဒဏ်ရာကို ရရှိခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကာလ နောက်ပိုင်းမှာလည်း အနီရောင်မြူခိုးတွေက အရှေ့အာရှတစ်ခွင်မှာ လွှမ်းမိုးခဲ့ဖူးပါတယ်။ အဲဒါကြောင့် အာရှလူမှု အသိုင်းအ၀ိုင်းမှာက စီးပွားဆန်ခြင်းကို ယဉ်ကျေးမှု မျက်နှာစာကနေ ငြင်းဆိုတတ်ကြပါတယ်။

ဒါတွေဟာ လက်လွတ်စပယ် စီးပွားဆန်ခြင်းမျိုးဆိုရင် မှားမယ်မဆိုနိုင်ပါ။

စီးပွားရေးအရ စနစ်ကျသူတွေကို အပြစ်ဆိုတတ်တဲ့ အမူအကျင့် ဖြစ်နေပါတယ်။

၁၉၉၀ လွန် ကာလတွေမှာ ဈေးကွက်စီးပွားရေးနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့တဲ့အခါကျမှ အတွေ့အကြုံ နည်းပါးမှုကြောင့် စီမံခန့်ခွဲမှု အလွဲအမှားတွေ ကြုံကြရတာပါ။ လူတစ်ဦးရဲ့ ၀င်ငွေဟာ သူ့ပုံမှန်စားသုံးမှုထက် ပိုလျှံရပါမယ်။ မိသားစုရဲ့ ၀င်ငွေဟာ မိသားစု အသုံးစရိတ်ထက် ပိုလျှံရပါမယ်။ မိဘတွေရဲ့ အမြော်အမြင်ဟာ ကလေးငယ်တွေရဲ့ အနာဂတ်နဲ့ တိတိကျကျ ပတ်သက်နေပါတယ်။ အပြောင်းအလဲများတဲ့ခေတ်မှာ အစဉ်အလာ တန်ဖိုးတွေဟာ အနာဂတ်နဲ့ ကွဲပြားဆန့်ကျင်နေတတ်ပါတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်တွေကို ပစ္စုပ္ပန်အခြေအနေနဲ့ အနီးစပ်ဆုံး အချက်အလက်တွေနဲ့ စဉ်းစားသင့်ပါတယ်။

မိဘနဲ့ သားသမီးကြားမှာ ပညာမျှဝေဖို့ အရေးကြီးပါတယ်။ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ သတင်းတွေ၊ အချက်အလက်တွေကို လူကြီးတွေအနေနဲ့ မျက်ခြည်မပြတ်ဖို့ လိုပါတယ်။

ကွန်ပျူတာလို၊ IT လို ဘာသာရပ်တွေကို ကလေးတွေဆီကနေ လူကြီးမိဘတွေက သင်ကြားပြီး အစွန်းမထွက်တဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းတန်ဖိုးတွေ၊ လူမှုဗေဒတွေက မိဘတွေဆီကနေ လူငယ်တွေဆီ ပြန်လည်စီးဆင်းဖို့ လိုပါတယ်။

မိသားစု အခြေခံယူနစ်မှာလည်း ငွေကြေးလည်ပတ်စီးဆင်းဖို့ကို မိသားစုတိုင်း ရှင်းရှင်းလင်းလင်း သိနားလည်ထားဖို့ လိုပါတယ်။ ဘယ်သူတွေဟာ မိသားစုအတွက် ၀င်ငွေရှာပေးပြီး ဘယ်သူတွေဟာ သုံးစွဲသလဲ၊ ဘယ်လိုသုံးစွဲသင့်သလဲ ဆိုတာကို တိကျရှင်းလင်းထားဖို့ လိုပါတယ်။ ဒါမှသာ မိသားစုရဲ့ ၀င်ငွေကို အကျိုးမဲ့မဖြုန်းတီးသင့်ဘူးလို့ မိသားစုဝင်တိုင်း နားလည်လက်ခံနိုင်ပါမယ်။ မိသားစုဝင်ငွေတိုင်းမှာ ပိုလျှံမှုရှိလာလို့ စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်လာနိုင်ရင် မိသားစုတိုင်း ကြွယ်ဝလာမယ်။ တိုင်းပြည်လဲ ကြွယ်ဝလာမှာပါပဲ။ အဲဒါကြောင့် စီးပွားဆန်ခြင်းဟာ မဖြစ်မနေ လိုအပ်ပါတယ်။

ဘဏ်တွေက စီးပွားဖွံ့ဖြိုးမှုကို အထောက်အကူ ပေးတယ်၊ ဒါပေမယ့် … ၊

ပုံမှန်အားဖြင့်တော့ ဘဏ်လုပ်ငန်းဟာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အကူပေးတဲ့ အင်ဂျင်တစ်ခုပါပဲ။

ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဘဏ်ချေးငွေတွေဟာ အသေးစားလုပ်ငန်းတွေ၊ ဖွံ့ဖြိုးဖို့အားယူနေတဲ့ အလယ်အလတ်တန်းစား ကုမ္ပဏီတချို့ကို ကျဆုံးစေခဲ့တဲ့ ဖြစ်ရပ်မျိုးတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါဘာကြောင့်ဖြစ်လဲဆိုရင်တော့ ပင်ကိုယ်ဘဏ်စနစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သွေဖယ်မှုနဲ့ လျော့ရဲမှုတို့ကြောင့် ဖြစ်ပေါ်လာရပါတယ်။ ရာဖြတ်တွေရဲ့ မှားယွင်းဆုံးဖြတ်မှုတွေ၊ ဘဏ်ရဲ့ အခြေခံစည်းမျဉ်းတွေကို လုပ်ကိုင်သူတွေရဲ့ ဘဏ်အပေါ် ရှုမြင်မှု အလွဲအမှားတွေကြောင့် ဖြစ်ပေါ်လာရတာပါ။

ဘဏ်ချေးငွေကြောင့် အရှုံးပြလိုက်ရတဲ့ စက်မှုလုပ်ငန်းတစ်ခုကို တွေ့မြင်ဖူးပါတယ်။ ဖွံ့ဖြိုးမှု အလားအလာ ကောင်းနေတဲ့ စက်မှုလုပ်ငန်းတစ်ခုက လုပ်ငန်းချဲ့ထွင်ဖို့ သူ့အနေနဲ့ ဘဏ်ချေးငွေ ပမာဏတစ်ရပ်ကို လိုအပ်နေပါတယ်။ ဒါပေမယ့် လုပ်ငန်းကို စီမံခန့်ခွဲသူက ဘဏ်မှရရှိမယ့် ချေးငွေရဲ့ တစ်ဝက်ကို ဘဏ်ကချေးငွေ ရရှိနိုင်မယ့် နည်းလမ်းတွေမှာ အသုံးပြုခဲ့ပါတယ်။

ရေတိုအနေနဲ့ သူအပေါင်ပေးနိုင်တဲ့ ပမာဏထက် ရာခိုင်နှုန်းများစွာ ပိုရရှိခဲ့ပေမယ့် ရရှိတဲ့ ချေးငွေတစ်ရပ်လုံးဟာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုထဲမှာ မထည့်ဝင်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့် နောက်ပိုင်းမှာ ဈေးကွက်က ရရှိတဲ့ အမြတ်ဟာ ချေးငွေရဲ့ အတိုးအတွက်သာ လည်ပတ်သုံးစွဲနိုင်ပြီး ဈေးကွက်ဝယ်လိုအား ကျဆင်းတဲ့ စီးပွားကျပ်ကာလတစ်ခုမှာတော့ သူ့လုပ်ငန်းဟာ ပြိုလဲသွားခဲ့ရပါတယ်။ အဲဒါကြောင့် ဘဏ်ချေးငွေ ရရှိတာကို ထီပေါက်သလို သဘောမထားမိဖို့ လိုပါတယ်။ မိမိဆက်သွယ် ဆောင်ရွက်မယ့် ဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဂုဏ်သိက္ခာဟာ မိမိလုပ်ငန်းအတွက် ထည့်သွင်းစဉ်းစားရမယ့် အချက်ပါပဲ။ အသုံးချတတ်ရင်တော့ ဘဏ်ဟာ စီးပွားရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးနိုင်မှာ အမှန်ပါပဲ။

အောင်ပိုင်စိုး