ဒီနေ့ ရောင်းအား သိန်း ၄၀ ကျော်သွားပြီ၊ သိန်းသုံးဆယ်ကျော်ရင် သူဌေးက အမြဲဘောက်ဆူးပေးမယ်လို့ ပြောတယ်။ အရောင်းစာရေးတွေက သိန်းသုံးဆယ်ဆိုရင် တစ်ယောက် ၅၀၀ ကျပ်ရတယ်။ အခု သိန်းလေးဆယ်ကျော်ဆိုတော့ ၇၀၀ လောက်ရမယ်၊ ထမင်းဖိုးက ငါးရာ၊ လမ်းစရိတ်က ၃၀၀ နဲ့ဆိုရင် ဒီနေ့ ၁၅၀၀ လောက်ရတယ်။ တစ်ပတ်ကို ဘောက်ဆူးနှစ်ရက်လောက်တော့ ရတတ်တယ်။ အင်း … လကုန်ရင်တော့ သူကြိုက်တဲ့ သီတာအေး ၀တ်ထားတဲ့ ဖိနပ်မျိုးဝယ်နိုင်မှာ၊ ပိုက်ဆံစုထားတာ ၆၀၀၀ ဒီနေ့ရမှာနဲ့ဆို ခုနစ်ထောင့်ငါးရာ ညနေကျရင် အပြန် မုန့်ဟင်းခါးတစ်ပွဲလောက်တော့ ၀ယ်စားဦးမှ၊ မနက်က ထမင်းချိုင့်နောက်ကျနေလို့ မထည့်ခဲ့၊ နေ့လည်ကလည်း ရုံးမှာ ကော်ဖီနဲ့ မုန့်ပဲစားထားတာ အပြန် မုန့်ဟင်းခါးလေးဝယ်စားမှ နေသာထိုင်သာရှိမယ့်ပုံပဲ။ တစ်ခါတစ်လေ လိုင်းကားတိုးစီးရင် အဲဒီထမင်းချိုင့်ကြီးက တစ်ဒုက္ခ၊ ထမင်းချိုင့်မဆွဲရတဲ့ အလုပ်တစ်ခုခု လုပ်ရရင်တော့ ပြောင်းလုပ်ချင်တယ်။ စတီးချိုင့်ဆွဲမှပဲ လိုင်းကားနဲ့ အဆင်ပြေတယ်။ ကော်ဆွဲခြင်းလှလှလေးနဲ့ ထမင်းဘူးလှလှလေးတွေဆိုရင်တော့ ကိုင်ချင်ပါသေးတယ်။ ဒါပေမယ့် ဘ၀ပေးက လိုင်းကားပဲ စီးနေရတော့ ထမင်းချိုင့်ကြီး တကားကားနဲ့ ရုံးက ထမင်းချိုင့်စရိတ် မပေးဘဲ ထမင်းကျွေးရင် ကောင်းမှာပဲလို့ တွေးမိတယ်။ မုန့်ဟင်းခါး အကြော်နဲ့ဆို ၃၅၀၊ လမ်းစရိတ်နဲ့ဆိုရင် သူ့လက်ထဲမှာ ခုနစ်ထောင်လောက်တော့ ကျန်သေးတယ်။

`ဟယ် ဖိနပ်လေးက လှလိုက်တာ သီတာအေး … နင် ဒီဖိနပ် ဘယ်လောက်ပေးရလဲ´

`သောင်းသုံးထောင်ဟဲ့၊ ငါ့ရည်းစား ၀ယ်ပေးတာလေ။ အင်း … လှတော့လှတယ်၊ ငါ အဲဒါမျိုး သိပ်မ၀တ်တတ်ဘူး´

သီတာအေးရည်းစား ကောင်လေးက ပြေလည်ပုံပေါ်တယ်။ အ၀တ်အစားဆိုလည်း တောက်တောက်ပြောင်ပြောင်၊ ဘာတံဆိပ်တွေမှန်းတော့ မသိဘူး။ ဈေးကြီးတယ်လို့ ထင်တာပဲ။ တစ်ခါတစ်လေ ဟမ်းဖုန်းတွေဘာတွေ ပါလာတတ်တယ်။ သီတာအေးတင် ရည်းစားရှိတာ မဟုတ်ပါဘူး။ သူ့ကိုကြိုက်နေတဲ့ ကောင်လေးလည်းရှိတာပဲ။ သူကတောင် သီတာအေးထက် နည်းနည်းပိုလှတယ်လို့ သူ့ဟာသူ တွေးမိတယ်။ သီတာအေးက မျက်နှာလေးချိုပြီး အသားဖြူတာတစ်ခုပဲ။ သူကမှ မိန်းကလေး ပီပီသသနဲ့ ကိုယ်လုံးကိုယ်ပေါက် ရှိသေးတယ်။ သူ့ကောင်လေးက အ၀တ်အစား သပ်သပ်ရပ်ရပ်နဲ့ ရည်မွန်ပြီး သဘောကောင်းပုံရတယ်။ ငွေအသုံးအစွဲ စည်းကမ်းရှိပြီး သူ့ပုံစံက ချွေတာပုံရတယ်။ ပိုက်ဆံပေါပြီး အသုံးအဖြုန်းကြီးတဲ့ပုံစံတော့ မဟုတ်ဘူး။ သူ့ကို လက်ဆောင်တွေလည်း ခဏခဏ မပေးတတ်ဘူး။ သူနဲ့ လက်ဖက်ရည်ဆိုင်ထိုင်ရင် လမ်းဘေးက ကဖေးတွေမှာပဲ ထိုင်ရတာများတယ်။ သူမက မှန်ခန်းနဲ့ ကော်ဖီဆိုင်တွေ ထိုင်ချင်တယ်။ သူကတော့ အဲဒါကို သက်သက်ဖြုန်းတီးတာပဲလို့ မြင်နေတယ်။ တစ်ခါတစ်လေ ထိုင်ဖူးပေမယ့် အများအားဖြင့်တော့ လမ်းဘေးက ကဖေးတွေ၊ မုန့်ဟင်းခါးဆိုင်တွေပဲ ထိုင်ဖြစ်တယ်။

ကောင်လေးက လာကြိုရင် သူလမ်းစရိတ် သက်သာမှာတော့ အမှန်ပဲ။ နင်နဲ့ငါ သမီးရည်းစားမှမဟုတ်တာ ခဏခဏ လာမကြိုနဲ့လို့ ပြောလိုက်တယ်။ တစ်ခါတစ်ခါတော့ နှုတ်ခမ်းပဲ့ချင်း မီးမမှုတ်ချင်ပါ။ အလုပ်ကအပြန် ပလက်ဖောင်းပေါ်မှာ လမ်းလျှောက်ရင်း ဟိုလျှောက်ဒီလျှောက် ကြည့်နေမိတယ်။ `မိန်းမစီးဖိနပ်တွေ၊ ဒေါက်ဖိနပ်တွေ တစ်ရံ ၁၅၀၀´၊ အသံကြားတဲ့ဆီ လှမ်းကြည့်မိတော့ လမ်းဘေးမှာ ဖိနပ်တွေ ပုံရောင်းနေတဲ့ဆီမှာ အမျိုးသမီး တော်တော်များများ ရွေးနေကြတယ်။

ဖိနပ်တွေ အများကြီးပဲ၊ ဒီဇိုင်းလည်းစုံ အရောင်လည်းစုံနဲ့။ သူရွေးရင်းနဲ့ ဟိုဟာဒီဟာ လိုချင်နဲ့ သီတာအေးဝတ်ထားတဲ့ ဖိနပ်ထက်တောင် ပိုလှသေးတယ်။ ဖိနပ်သဲကြိုးမှာ ပုလဲသီးလေးတွေ စီထားတဲ့ ဖိနပ်တစ်ရံ သူ ယူလိုက်တယ်။

`ဦးလေး … ဒီမှာ ပိုက်ဆံ´

ဖိနပ်လေးကို ကားပေါ်လည်း ထုတ်ကြည့်၊ အိမ်ပြန်ရောက်တော့လည်းကြည့်နဲ့၊ ကိုရီးယားဇာတ်ကားထဲမှာ မင်းသမီးတစ်ယောက် ၀တ်ထားတဲ့ ဖိနပ်မျိုး၊ အင်း … ငါ ဒီဖိနပ်နဲ့ဆိုရင် အရင်ကထက် ပိုပြီးလှသွားမယ်။

နောက်တစ်နေ့ …

သူ ထမင်းချိုင့် မယူတော့ဘူး။ သူငယ်ချင်းတွေက သူနဲ့လိုက်တယ်ဆိုတဲ့ လက်ကိုင်အိတ်လေးနဲ့ သူ အလုပ်ကို စောစော ထွက်လာမိတယ်။

`ဟယ် ဖိနပ်လေးက လှလိုက်တာ´

`ငါ့ရည်းစား မွေးနေ့လက်ဆောင် ၀ယ်ပေးတာ။ ဒီဇိုင်းအသစ်ဆိုတော့ သောင်းခြောက်ထောင်တောင် ပေးရတယ်´

သီတာအေးကို သူ အဲဒီလို ပြောလိုက်မိတယ်။ အရင်က လျှောက်နေကျလမ်းတွေပဲ၊ ဒီနေ့မှ လမ်းလျှောက်ရတာ အရသာတွေ့နေတယ်။


အောင်ပိုင်စိုး