အေးစကသွေ့ခြောက်နေတဲ့ ဒီဇင်ဘာအမှောင်ထဲမှာ ၂၀၀၈ ရဲ့ ၀မ်းနည်းစရာရက်စွဲတွေအကြောင်း စဉ်းစားဖြစ်ခဲ့ပါတယ်။ ဘနာဇီယာဘူတို လုပ်ကြံခံရမှုနဲ့ ကမ္ဘာကို စတင်ခြိမ်းခြောက်လိုက်တဲ့ ၂၀၀၈ ဟာ မွမ်ဘိုင်းမြို့ပေါ်မှာ မျက်ရမ်းမှန်းဆ မြင်မြင်သမျှကို စက်သေနတ်နဲ့ ပစ်ချလိုက်တဲ့ သွေးညှီနံ့တွေနဲ့ အဆုံးသတ်ခဲ့တယ်။ တစ်ကမ္ဘာလုံး ယူကျုံးမရမှုနဲ့ ဒေါသတွေကို ခက်ထန်ကျလာစေတယ်။

သမ္မတဘုရှ်ကို ပစ်ပေါက်လိုက်တဲ့ ဖိနပ်တစ်ရံဟာ ဒေါ်လာ ၁၀ သန်းတဲ့။ တစ်ယူသန် အစွန်းရောက်တွေဟာ ဘယ်လမ်းကို ရွေးနေတာလဲ။ ပါကစ္စတန်၊ အ
ိန္ဒိယ၊ ဇင်ဘာဘွေ အငြိုးရယ်မပြေနိုင်တဲ့ ဦးရာလူဆော်စတမ်း ပွဲကြမ်းနေတဲ့အချိန်။ ဥရောပကလည်း ရုရှားနဲ့ ဂျော်ဂျီယာကို ချွေးသိပ်ခဲ့ရတယ်။ စွမ်းအင်ဈေး အတက်ကြမ်းလာသလို လူသားတွေ အတွင်းစိတ်က ကြမ်းခတ်လာတယ်။ ပူပြင်းရာသီဆို သွေးဆူလွယ်တတ်သလိုပေါ့။

ကမ္ဘာကြီးလည်း လိုအပ်တာထက် အပူချိန်တွေ ပိုတက်လာတယ်။ သဘာဝတရားရဲ့ ဖျားနာမှုက အရေးပေါ်အခြေအနေ၊ မဆိုင်းမတွ ကယ်တင်ရမယ့်အခိုက်မှာပဲ အီရန်က အဏုမြူဗုံးကို လာအိပ်မက်နေတယ်။ မဆီမဆိုင်နဲ့ ဧရာဝတီတိုင်းသားတွေကို နာဂစ်က ၀င်ခွေ့တယ်။ စီချွမ်ပြည်နယ်သားတွေရဲ့ဘ၀ကို မြေငလျင်က ရမ်းခါချတယ်။ ကတ်ထရီနာကလည်း သက်ညှာမပေးပါဘူး။ ကမ္ဘာကြီးရဲ့ အလံတိုင်တွေဟာ တိုင်တစ်ဝက်တွေချည်းပါပဲ။ ၀မ်းနည်းခြင်းနေ့ရက်တွေ ပိုရှည်ကြာခဲ့တယ်။ မိဘနှစ်ပါးဆုံးရှုံးတာ ကလေးငယ်တွေရဲ့ ဘ၀အတွက်တော့ ကမ္ဘာပျက်တာပဲ။ အထီးတည်းကျန်ခဲ့တဲ့ အိမ်ထောင်ဦးစီးတစ်ဦးဟာ အပျက်အစီးပုံတွေထဲမှာ သူ့သားသမီးတွေကို ရှာနေတယ်။

``ကျားပေါင် မင်းဘယ်မှာလဲ၊ ကျားပေါင် ကျားပေါင် ´´

`` မင်း မသေသေးရင် အဖေ့ကို ပြန်ထူးပါ ´´

`` ရှောင်ဖိန် သားအောက်မှာ ပိနေတာလား ´´

ခေါ်သံတွေ အထပ်ထပ်ဆူနေပေမယ့် ဖြေသံတွေတိတ်ဆိတ်နေဆဲ။

`` ဖိုးသံချောင်းနဲ့ ခွေးပူမ ပင်လယ်ထဲကျသွားတယ် ´´

`` သူတို့က ရေကူးသိပ်တော်တာဗျာ၊ ဖိုးသံချောင်းက ကျားပိုက်ချလည်းတော်၊ မြှုံးချရင်လည်းပါ၊ သားရယ် မင်းလိုကောင်ကိုမှ ပင်လယ်က ဖမ်းစားရတယ် ´´ လို့ မချိတင်ကဲသံတွေ ကမ္ဘာကြီးထဲ တော်လဲသံလို ညံနေခဲ့တယ်။ လူတစ်ဦးရဲ့ မိသားစုဘ၀ အဓိပ္ပါယ်မဲ့ရတယ်ဆိုရင် မိသားစုတွေနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံက ဘယ်လမ်းကို ဆက်လျှောက်ရမှာလဲ၊ နိုင်ငံများနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးကရော၊ နှစ်ကာလ ပင်လယ်ထဲမှာ လမ်းညွှန်မြေပုံပျောက်သလိုပဲ ကပ်စရာ ကမ်းမဲ့ခဲ့သလိုပါပဲ။

လူတစ်ဦးသေဆုံးတာက ၀မ်းနည်းဖွယ်ရာတစ်ခုဖြစ်ပြီး လူတစ်သန်း သေဆုံးတာက စာရင်းဇယားတစ်ခုတဲ့။

အဲဒီ ခပ်ရမ်းရမ်းအဆိုအမိန့်တွေကို ကမ္ဘာကြီးက မျက်စိမှိတ် ယုံကြည်နေတုန်းလား။ သမိုင်းမှာ မကြုံဖူးလောက်အောင် ပမာဏနဲ့ ဆိုမာလီယာကမ်းစပ်က ပင်လယ်ဓါးမြတွေက ပြန်ပေးဆွဲနေကြတယ်။ သူတို့ရဲ့ပစ်မှတ်က ဆော်ဒီဘုရင်ပိုင် သင်္ဘောကနေ ရုရှားက လက်နက်တင်သင်္ဘောတွေအထိ အနာဂတ်မှာ စစ်ဘက်သုံး နျူကလီးယားလောင်စာနဲ့ ရေငုပ်သင်္ဘောတွေ၊ အာကာသလွန်းပျံယာဉ်တွေပါ ပြန်ပေးဆွဲဖို့အထိ မြေအောက်ထပ်ဇိမ်ခန်းထဲမှာ ဒေါ်လာတွေ ပလူပျံအောင် သုံးဖြုန်းနေတဲ့ ပြန်ပေးဆွဲခေါင်းဆောင်က ရည်ရွယ်ချက်တွေ ကြီးမားနေတယ်။

အလုပ်လက်မဲ့ စိတ်လေနေတဲ့ လူငယ်တွေကို ဒေါ်လာတွေအထပ်လိုက်နဲ့ ဆိုမာလီယာကမ်းခြေက မြူဆွယ်နေတယ်။ မိန်းမငယ်တွေလည်း ရှိမယ်။ အရက်အကောင်းစားတွေလည်း ရှိမယ်။ ကောင်းကင်ဘုံဆိုတဲ့ စကားလုံးထက် ကမ်းကုန်အောင် ဆိုးရဲသလားဆိုတဲ့ စကားကို ပိုမိုအရသာတွေ့နေကြတယ်။

အာဖရိက ဦးချိုဒေသက ကလေးငယ်တွေ ရည်မှန်းချက်ဟာ ကမ္ဘာကြီးအတွက် ပန်းတစ်ပွင့်ဖြစ်နိုင်ပါ့မလား။

ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ၂၀၀၈ က ကျန်ခဲ့ပြီ။ အသက်တွေ၊ ဘ၀တွေ၊ စည်းစိမ်ဥစ္စာတွေသာမက ငါတို့ရဲ့ စိတ်ဓါတ်တွေကိုပါ ချိုးဖဲ့ဖျက်ဆီးပြီး ကြီးနိုင်ငယ်ညှဉ်းဝါဒ ကမ္ဘာကြီးမှာ ခေါင်းထောင်ထလာပြီလား။

ငါ့ကလောင်သွားကတော့ အမှန်တရားဆိုတဲ့ ဓါးထက်ထက်ကိုင်ထားတယ်၊ အခု မင်း နေရစ်ခဲ့တော့။ ကျန်ခဲ့တဲ့ ပြက္ခဒိန်စာရွက်တွေကို မေ့ပစ်လို့ရပေမယ့် စူးရှတဲ့အတိတ်ဒဏ်ရာတွေကို ကုစားဖို့ ငါတို့ ၂၀၀၉ ဆီ သွားမယ်။ လင်းလက်တောက်ပတဲ့ အနာဂတ်တွေ ပိုင်ဆိုင်ဖို့၊ ဆာလောင်မှုတွေ ချုပ်ငြိမ်းဖို့၊ ပျော်ရွှင်မှုတွေ မျှဝေဖို့ ၂၀၀၉ ဆီကို ငါတို့ သွားမယ်။

အောင်ပိုင်စိုး

ဘွဲ့လက်မှတ်တွေ၊ ထောက်ခံစာတွေ၊ ကျွမ်းကျင်မှုတွေတစ်ပုံကြီးပဲ။ ကုမဏီတွေ သွားလျှောက်တော့ သူဌေးက ဖတ်ကြည့်ပြီး၊ နားမလည်တဲ့ပုံစံနဲ့ အဲဒီလောက်တတ်

တဲ့လူ မလိုဘူးဆိုပြီး ငြင်းလွှတ်တယ်။ အလုပ်ခေါ်ကြော်ငြာတွေမှာ အဆင့်မြင့်ရာထူးကို

တိုက်ရိုက်ခေါ်တာမရှိဘူး။ သူများထက်ခေါင်းတစ်လုံးပိုမြင့်တာ၊ ဘတ်စ်ကားပေါ်မှာတော့

ခါးကိုင်းပေးရတဲ့အဖြစ်။ ပစ်တိုင်းထောင်ဖြစ်အောင်လုပ်တော့ ကံကြမ္မာက ခဏခဏပစ်ချတယ်လေ။ ကိုယ်ကလည်း ပေနေရတာပေါ့။ ယဉ်ကျေးမှုနံရံဆိုတာ

ကိုယ်တစ်ယောက်တည်း တွန်းကန်နေလို့ရတာမှ မဟုတ်တာ။ အရင်းမစိုက်နိုင်လို့

လှေထိုးလိုက်ခဲ့တာလည်း အကြိမ်ကြိမ်။ တစ်ခါတစ်လေတော့လည်း တစ်လောကလုံးကို

စိန်ခေါ်ချင်နေမိလောက်အောင် စိတ်အချဉ်ပေါက်မိတယ်။ မန်နေဂျာကတော့ လာလာပြောနေတာပဲ။ အလုပ်ကိုလေးစား ပါတဲ့ ။ အလုပ်ကကော လူကို ပြန်လေးစားမှာလား။

ခွင့်ဘယ်နှစ်ရက်ယူရင် ဘယ်လောက်ဖြတ်မယ်။ အလုပ်ချိန် နာရီမပြည့်ရင် ဘယ်လိုအရေးယူမယ်။ လုပ်ငန်းသုံးကိရိယာတွေ ပျက်စီးရင် ဘယ်လောက်ပေးလျော်ရမယ်။

နို့စ်တစ်ဘုတ်ဆိုတာ ၀န်ထမ်းတွေကို ခြိမ်းခြောက်စာ ကပ်တဲ့နေရာ။ အလုပ်ကြိုးစားရင် ဘယ်လိုခံစားရမလဲလို့ မေးရင် သူဌေးတွေ၊ မန်နေဂျာတွေက ဆွံ့အနားမကြား ဖြစ်သွားရော။

ငကန်းသေရင် ငစွေပေါ်တဲ့ လုပ်ငန်းရှင်တွေပဲ ပိုမိုများလာတာလား၊ လူတွေကပဲ ငကန်းနဲ့ငစွေပဲ ဖြစ်ချင်နေသလားမသိဘူး။ လောကကြီးတစ်ခုလုံး ဇောက်ထိုးမိုးမျော် ဖြစ်နေတာကြာပြီ ဆိုတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့စကားကို အခုမှ သဘောပေါက်မိတယ်။

ပိုက်ဆံမ၀င်ရင် လူလေလူလွင့် လို့ယူဆတတ်တဲ့ အသိုင်းအ၀ိုင်းကြားမှာတော့ ဂုဏ်သိက္ခာနဲ့

ပညာကိုတန်ဖိုးထားတဲ့ လူက အရူးလိုပဲ။

လွယ်အိတ်ထဲမှာ စာအုပ်တွေထည့်ပြီးလျှောက်သွားနေလို့ကတော့ ဘယ်မှာ အလုပ်ရမှာလဲ။

အလုပ်ရဖို့ လမ်းကြောင်းလိုတယ်။ လမ်းမသိရင်တော့ တစ်ယောက်ယောက် မေးရမှာပဲ။

ခက်တာက လမ်းပေါ်မှာ ကိုယ့်လိုလူတွေက အများကြီး။ တစ်နေ့ကို ထမင်းသုံးနပ်နဲ့ ၀မ်းအပြင်

အိတ်မှမပါတာ။ ပြက္ခဒိန်ပေါ်က အချိန်တွေကို တစ်ရက်ချင်းဆွဲယူပေါ့။ အသက်ရှင်နေရင် ပြီးတာပဲ။

လူဆိုတာ အလုပ် လုပ်ရတယ်တဲ့။ အလုပ်ဆိုတာကလည်း လူကပဲလုပ်တာပါ။ လူနဲ့အလုပ် အပြန်အလှန်လေးစားမှုတော့ လိုတာပေါ့။ သူများခိုင်းမှ အလုပ်လုပ်တတ်ရင် ကိုယ့်ကိုယ်ကို

မခိုင်းတတ်တော့ဘူး။

ကိုယ့်ကိုကိုယ်မှ မခိုင်းတတ်ရင် သူများကိုလည်း ပြန်မခိုင်းတတ်ဘူး။ ကိုယ့်ကိုကိုယ်မှမခိုင်းတတ်ရင်တော့ သူများလက်ဝေခံဘ၀မှာသက်တမ်း ရှည်သွားမှာပဲ။

လောကကြီးဆိုတာက ရုံပြည့်ပြီလို့ ဆိုင်းဘုတ်တင်ထားတာမှ မဟုတ်တာ။ ၀င်လာတဲ့လူ

ဝင်လာမယ်၊ ထွက်တဲ့လူက ထွက်သွားမယ်။ တောင်ငေးမြောက်ငေးဆိုရင် အတွေးတွေက

တောင်ရောက်မြောက်ရောက်နဲ့ လူက ဘယ်မှမရောက်တော့ဘူး။

အလုပ်ကိုလေးစားပါ၊ လူကိုလေးစားပါ။

လူကော အလုပ်ပါ လေးစားပါ။

အောင်ပိုင်စိုး