အုပ်စိုးသူ မင်းစိုးရာဇာမှန်သမျှ မိမိ တန်ခိုးအာဏာ ခိုင်မြဲတည့်တံ့ကြီးပွား တိုးတက်စေချင်ရင် ပရိယာယ်များများနဲ့ လှည့်စားရမယ်၊ လိမ်ရမယ်၊ ညာရမယ် အာဏာကိုသုံးပြီး မညှာမတာ ဖိစီးနှိပ်စက်သုတ်သင်ရမယ် ဆိုတဲ့ အကြံဥာဏ်တွေ ကြောင့် အများတကာရွံ့မုန်းတဲ့ အီတလီ (Italian) လူမျိုး  ဒဿန နိကပညာရှင်ဟာ နစ်ကိုလိုမက်ခီယာဗယ်လီ (Niccolo Machiavelli) ဖြစ်ပါတယ်။
            ဘယ်နေရာမှာမှ ဒါမျိုး ဒါလုပ်လို့ မသင့်ပါကလားလို့ ဆုတ်ဆိုင်းခြင်းမရှိတဲ့၊ လူအများက လူယုတ်မာလို့ အခေါ်ခံရတဲ့လူက ကမ္ဘာမှာ အယုတ်တမာတွေပဲ လုပ်နေကြတာမဟုတ်လား။ ဟန်ကောင်းကောင်းနဲ့ စကားလှလှပြောပြီး တကယ်တမ်းတော့ ယုတ်မာကြတာပါပဲ။ ငါ့လို ဗြောင်ပြောပြီး ဗြောင်မလုပ်ရဲကြတာ တစ်ခုပဲ ကွာခြားတယ်။ အဲဒါကို ထောက်ခံကျေနပ်တဲ့ လူတွေလည်းရှိပါတယ်။ သူရေးတဲ့ စာတွေကို နိုင်ငံရေးသမားတွေ ဒဿနိကဆရာတွေပါ အသေးစိတ်လေ့လာ ကြတယ်။ အဲဒီလောက် ဂရုတစိုက်ဖတ်ကြ၊ လေ့လာကြတဲ့စာမျိုးက နည်းတယ်။ အဲဒါလည်း အံ့သြစရာတစ်ခု ဖြစ်ပါတယ်။
            မက်ခီယာဗယ်လီ (Machiavelli) ကို အီတလီ( Italy)၊ ဖလောရဲင့်စ် (Florence) မှာ ၁၄၆၉က မွေးဖွားခဲ့ပါတယ်။ အဖေရှေ့နေ၊ ဂုဏ်ကြီးတဲ့ မျိုးနွယ်က ဆင်းသက်တယ်။ ဓနစည်းစိမ် ပါးရှားတယ်။ အီတလီ မှာ ရှေးစာပေပညာတွေ ပြန်ပြီးလေ့လာတဲ့ ရီနေဆန့် (Renaissance) ခေတ်က ပြင်သစ် (France)၊ စပိန် ( Spain)၊ အင်္ဂလန် (England) လိုပေါင်းစည်း ညီညွတ်စည်ပင်ချိန်နဲ့ ဆန့်ကျင်ဘက်၊ အီတလီ က အစိပ်စိပ် အမြွှာမြွာ ကွဲနေချိန်ဖြစ်လို့ ဓလေ့အရာမှာ ပြောင်မြောက်ကြီးကျယ်ပေမယ့် နိုင်ငံရေးအရ အားနည်းနေချိန်ဖြစ်ပါတယ်။
            မက်ခီယာဗယ်လီ အရွယ်ရောက်တဲ့အခါ ဖလော့ရင်စ့်ကို မဲဒီစီ ( Medici) မင်းဆက် အသရေရှင် လော်ရန်ဇို (Lorenzo) အုပ်ချုပ်နေချိန်ဖြစ်ပါတယ်။ ဒါပေမယ့် လော်ရန်ဇို နတ်ရွာစံပြီးတဲ့ ၁၄၉၂ နောက်မကြာမီ မဲဒီစီ တွေကို ဖလောရင်စ့်က မောင်းထုတ်လိုက်ပြီး ပြည်ထောင်စု သမ္မတနိုင်ငံဖြစ်သွားတယ်။ ၁၄၉၈ မှာ အသက်နှစ်ဆယ့်ကိုးနှစ် ရှိတဲ့ မက်ခီယာဗယ်လီ ဟာ ဖလော့ရင့်စ်က ပြည်သူဝန်ထမ်းအဖြစ်နဲ့ ရာထူးမြင့်မြင့်က ရထားပြီးဖြစ်တယ်။ အဲဒီကစပြီး တစ်ဆယ့်လေးနှစ်လုံးလုံး ဖလော့ရင့်စ် သမ္မတနိုင်ငံရဲ့ သံကြီးတမန်ကြီး အနေနဲ့ အီတလီအတွင်း၊ ပြင်သစ်၊ဂျာမဏီနိုင်ငံ တွေကိုရောက်ခဲ့တယ်။
            ဖလောရင့်စ် သမ္မတနိုင်ငံက ၁၅၁၂ မှာ ပြိုလဲပျက်စီးသွားတယ်။ မဲဒီစီတွေ အာဏာပြန်ရတယ်။ မက်ခီယာဗယ်လီ အလုပ်ပြုတ်တယ်။ နောက်တစ်နှစ်မှာ မဲဒီစီ မင်းသစ်တွေကို ဖယ်ရှားပစ်ဖို့ ကြံရာပါဆိုပြီး အဖမ်းခံရတယ်။ အနှိပ်စက် အညှဉ်းပန်းခံရတယ်။ အပြစ်မရှိတာ ထင်ရှားတော့မှ အဖမ်းခံရတဲ့ နှစ်မှာပဲ လွှတ်လိုက်တယ်။ အဲဒီနောက် ဖလောရင့်စ် နဲ့မဝေးလှတဲ့ ကက်စီယာနို ( San Casciano) မှာ ခြံမြေသေးသေး ၀ယ်ပြီးနေလိုက်ပါတယ်။
            နောက်တစ်ဆယ့်လေးနှစ် အတွင်းမှာ သူရေးတဲ့စာအုပ်တွေ အများကြီးထဲက ကျော်ကြားတဲ့နှစ်အုပ် ၁၅၁၃ ခုနှစ်ရေးတဲ့ မင်းသား(The Prince) နဲ့ တိုင်တပ်စ်လိဗိယပ်စ်ရဲ့ ပထမကျမ်းဆယ်ကျမ်းအကြောင်း ပြောပြချက်( The Discourses upon the first ten Books of Titus Livius) ဖြစ်ပါတယ်။ တခြားကျမ်းတွေက စစ်ပြုနည်း (The Art of War) ဖလောရင့်စ်သမိုင်း ( History of Florence) နဲ့ အခုထိ ရံဖန်ရံခါ ကပြရသေးတတဲ့ မနြဂိုလ ( La Mandragola) ပြဇာတ်ဖြစ်ပါတယ်။ ဒါပေမယ့် မင်းသား(The Prince) အတွက် သူနာမည်ရတာပါ။ အဲဒီကျမ်းက ဒဿနိကကျမ်းဖြစ်ပြီး လက်စွမ်းပြကျမ်း၊ ဖတ်လို့လွယ်တယ်။ အရေးလည်းကောင်းတယ်။ မက်ခီယာဗယ်လီမှာ အိမ်ထောင်ရှိတယ်။ ကလေးခြောက်ယောက်၊ ၁၅၂၇ မှာကွယ်လွန်တော့ အသက် ၅၈ နှစ်ရှိပြီ။
            နိုင်ငံအကြီးအကဲရဲ့ လက်စွဲစာအုပ်က မင်းသား(The Prince) ဖြစ်ပါတယ်။ ဒီကျမ်းရဲ့ အခြေခံကို ပြောရရင် မင်းဖြစ်တဲ့ ပုဂ္ဂိုလ်က အောင်မြင်ချင်ရင် မိမိ ဂုဏ်သိက္ခာကို နည်းနည်းကလေးမှာ ငဲ့ညှာဖို့ မလိုဘူး။ အနပ်အပါးရှိဖို့နဲ့ လက်နက်အားကောင်းဖို့ ပဲလိုတယ်။ မက်ခီယာဗယ်လီ အဆိုကိုပြောရရင် နိုင်ငံတစ်ခုမှာ အလိုအပ်ဆုံး အင်္ဂါရပ်က လက်နက်တောင့်တင်းဖို့ပဲဖြစ်တယ်။ ကြေးစားတပ်၊ သူတစ်ပါးရဲ့တပ် အဲဒါတွေကို အားကိုးနေရရင် ကိုယ့်အခြေအနေဟာ အညံ့ဆုံး၊ ဘေးအန္တရာယ် အများဆုံးတွေ့ရတတ်တယ်လို့ ပြောနိုင်ပါတယ်။  
            ရှင်ဘုရင်ဟာ လူအများရဲ့ ထောက်ခံချက်ကို ရယူနိုင်ဖို့  သိပ်လိုတယ်လို့ လည်းပြောပါတယ်။ ဘေးဒုက္ခနဲ့ ကြုံရင် လူအများရဲ့ ထောက်ခံမှု အလိုဆုံးဆိုတာ သိမယ်။ ဒီနေရာမှာ အာဏာကို အရယူတဲ့အခါ ကျေးတော်မျိုး ကျွန်တော်မျိုးတွေကို စိမ်ဝမ်းငယ်အောင်၊ ငြိုငြင်အောင် လုပ်ရတာမျိုး ကြုံတွေ့ရတတ်တယ်။ အာဏာသိမ်းချိန်မှာ ရက်စက်စရာရှိရင် အပြတ်လုပ်၊ နောင်ကြဉ်သွားအောင် တစ်ခါတည်းလုပ်လို့ အကြံပေးပါတယ်။ အဲဒါမှ ခဏခဏမလုပ်ပဲ နေလို့ရမယ်လို့ သူကပြောပါတယ်။ ကျေးဇူးပြုတဲ့အခါမှာ နည်းနည်းပဲပြု၊ ဒါမှ ကျေးဇူးကို ခံစားခွင့်ရတယ်။
            အုပ်ချုပ်ရေးမှာ အောင်မြင်ဖို့ မှူးကောင်းမတ်ကောင်း သိပ်လိုတယ်။ အလို ကြိုက် အလိုက်သင့် မြှောက်ပင့်တတ်သူတွေ ၀ိုင်းရံမနေဖို့ သတိထားရမယ်လို့ လည်းပြောပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့လည်း သင်ကြားပါတယ်။
            မင်းသားကျမ်း အခန်း ၁၇ မှာ ချစ်တာနဲ့ ကြောက်တာ ဘယ်ဟာကောင်းသလဲလို့ ရှင်းပြထားတယ်။
အမှန်က ချစ်ကြောက်ရိုသေတာက အကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့် ကြိုက်ရာတစ်ခုကို ပြောပါဆိုရင် ချစ်တာထက် ကြောက်တာက ပိုပြီး ဘေးအန္တရာယ်နည်းတယ်။ ချစ်တယ်ဆိုတာက အပြန်အလှန် ငဲ့ညှာတဲ့ သဘောရှိပေမယ့် လူ့သဘာသက တစ်ကိုယ်ကောင်းစိတ်များတတ်လို့ လိုအပ်ရင် သစ္စာ ဖောက်နိုင်တယ်။ ကြောက်နေရင် မဟုတ်တာ မလုပ်ရဲတော့ပါ။
            အခန်း ၁၈ မှာ ရှင်ဘုရင်ဟာ ဘယ်နည်းလမ်းကို လက်စွဲထားရမလဲမေးရင် ကိုယ်ကျိုးကိုကြည့်ပြီး ထုံးနည်းကို လွှတ်သင့်လွှတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အာမခံချက်ပျက်ရင်လည်း အကြောင်း ယုတ္ထိရှိအောင် ပြနိုင်စရာ အချက်တွေရှိပါတယ်။ လူတွေဟာ အတယ်၊ အခြေအနေကိုကြည့်ပြီး ရသလောက်ပဲ လက်ခံတတ်ကြတယ်။ လိမ်ကြည့်ပါ။ အလိမ်ခံချင် သူတွေများတာကို တွေ့မယ်။ ဒီအယူအဆမှာ လက်တွေ့ကျတဲ့ သဘောထားတစ်ခုက သူတစ်ပါးရဲ့ အာမခံချက် ဆိုတာကိုလည်း မယုံပါနဲ့လို့ ပြောပါတယ်။
            မင်းသားကျမ်းကို အာဏာရှင်လက်စွဲ လို့ခေါ်လေ့ရှိပါတယ်။ မက်ခီယာဗယ်လီ ရဲ့ ၀န်ထမ်းဘ၀နဲ့ ရေးသားတဲ့ တခြားကျမ်းတွေ အရပြောရရင် သူက သမ္မတနိုင်ငံအစိုးရကို အာဏာရှင်အစိုးရထက်ပိုပြီး နှစ်သက်ပါတယ်။ ဒါပေမယ့် အီတလီ ရဲ့ နိုင်ငံရေး၊ စစ်ရေး ကျဆင်းတာတွေကို မကျေမနပ်ဖြစ်လွန်းလို့ တိုင်းနိုင်ငံကို စုစည်းပြီး အစွမ်းထက်တဲ့ မင်းပေါ်လာစေချင်တယ်။ ဒါမှ နိုင်ငံခြား အနှောင့်အယှက်ကိုလည်း မောင်းထုတ်နိုင်တယ်။ နောက်တစ်ချက် မှတ်သားစရာကောင်းတာက ကြမ်းကြမ်းရမ်းရမ်း လုပ်ပါလို့ သူများကို မြှောက်ပေးပေမယ့် သူကိုယ်တိုင်က စိတ်ကူးယဉ်ယဉ်၊ မျိုးချစ်စိတ်အပြည့် နဲ့ သူပြောသလို သူလိုက်လုပ်နိုင်မယ့် လူစားမဟုတ်ပါ။
            မက်ခီယာဗယ်လီ လို အပြင်းအထန် ရှုတ်ချတာကို ခံရတဲ့ ဒဿနိကဆရာမရှိပါ။ နှစ်ကာလအကြာကြီး သူ့ကို မကောင်းဆိုးဝါးစီးနေတဲ့လူ၊ ပြောပုံလုပ်ပုံ ဆိုးညစ်ယုတ်မာတယ်လို့ အထင်ခံရတယ်။ သူပေးတဲ့နည်းကို လိုက်နာတဲ့ လူတွေကပဲ သူ့ကို ပြင်းပြင်ထန်ထန် ဝေဖန်ရှုတ်ချတယ်။
            မက်ခီယာဗယ်လီကို အကျင့်စာရိတ္ထညံ့သူအနေနဲ့ ဝေဖန်ကြရာမှာလည်း သူ့ကို စွပ်စွဲပေမယ့် သူ့စကားတွေမှာပါတဲ့ အတိုင်း ဒီစိတ်ကူး ဒီအလုပ်တွေကို တကယ်လက်တွေ့လုပ်လို့ အောင်မြင်တာကို ကြည့်ပြီးမှ သူက အခုလိုထင်မြင်ချက်နဲ့ တစ်ဆင့်ပြောတာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ရှေးပဝေဏသီက စပြီး ခေတ်အဆက်ဆက် အောင်အောင်မြင်မြင်  သုံးလာတဲ့ နည်းတွေဖြစ်တယ်။ မက်ခီယာဗယ်လီပြောတဲ့အထဲမှာ ရှေးက တကယ့်အဖြစ်အပျက်တွေကို ကိုးကားပြီးပြောမြဲဖြစ်တယ်။ အဲဒါအပြင် လက်ငင်းနမူနာတွေလည်း ထည့်ပြောပါသေးတယ်။ စံပြအဖြစ် သူပြောတဲ့ ဆီဇာဘောဂျိယ ( Cesare Borgia) က သူ့ဆီက နည်းခံသူမဟုတ်၊ ဆီဖာဘောဂျိယ နည်းကိုသာ မက်ခီယာဗယ်လီက ယူပြောတာဖြစ်ပါတယ်။
            နိုင်ငံရေး ခေါင်းဆောင်တွေ ထဲက ဘင်နစ်တိုမူဆိုလီနီ ( Benito Mussolini) တစ်ယောက်သာ မက်ခီယာဗယ်လီကို လူပုံအလယ်မှာ ချီးမွမ်းပြောဆိုတာ မဟုတ်ပါ။ နိုင်ငံရေးမှာ ထင်ရှားသူတိုင်း မင်းသားကို အသေးစိတ် ဂရုတစိုက် ဖတ်ကြပါတယ်။ နပိုလီယံ ( Napoleon) က ဒီကျမ်းကို ခေါင်းအုံးအိပ်တယ်လို့ အဆိုရှိတယ်။ ဟစ်တလာ ( Hitler) နဲ့ စတာလင် ( Stalin) တို့တောင်ပါသေးတယ်လို့ ဆိုပါတယ်။ အဲဒီနေရာမှာ မက်ခီယာဗယ်လီ ပြောတဲ့နည်းတွေကို သူ့ထက်ရှေးကျတဲ့ သူတွေနဲ့ သူ့နောက်က လူတွေမှာ ဘယ်သူတွေက ပိုပြီး သုံးစွဲခဲ့သလဲလို့ မေးကြည့်ပါ။ နောက်ပိုင်းများတာ ကိုတွေ့မယ်။ ဒါကြောင့်လည်း သူ့ကို ဒီစာအုပ်မှာ အခုလို နောက်ပိုင်းနေရာကို သူ့ကို ပို့ထားရတာဖြစ်ပါတယ်။ သူ့စာကို ဘယ်လောက် လက်တွေ့လုပ်ကြသလဲလို့ ပြောဖို့ ခက်ပေမယ့် နိုင်ငံရေးကျင့်ထုံးမှာ သြဇာရှိတာတော့ သေချာတယ်။ ရှေးက ဆရာကြီးတွေ ဖြစ်တဲ့ ပလေတို( Plato)၊ စိန့်သြဂတ်စတင်း ( St. Augusitne) တို့က နိုင်ငံရေးကို ယုံကြည်မှုအထိမ်းချုပ်တွေနဲ့ ဖက်တွဲပြီး လေ့လာတယ်။ မက်ခီယာဗယ်လီ က သမိုင်းနဲ့ နိုင်ငံရေးကို အခု မျက်မြင်နဲ့ ညှိပြီးပြောတယ်။ လူမှုကျင့်ထုံးကို အလေးအနက်မထားပါ။ တစ်မျိုးပြောရရင် အာဏာလိုချင် ဒီလိုလုပ်လို့ မပြောပါ။ အာဏာမြဲချင်ရင် ဒီလိုလုပ်လို့တော့ပါတယ်။ ဘယ်လိုလုပ်လို့ အာဏာမြဲနေတာကိုသာ ပြောတယ်ဆိုရင် ပိုမှန်တယ်။ လုပ်သင့်တာကို မပြော၊ လုပ်နေတာကိုသာ ပြောပါတယ်။ အခုထက် နိုင်ငံရေးမှာ လက်တွေ့ကိုသာ အာရုံစိုက်ရတယ် ဆိုတဲ့အချက်ကတော့ မက်ခီယာဗယ်လီရဲ့ သြဇာ၊ သူ့ကျေးဇူးဖြစ်ပါတယ်။ မက်ခီယာဗယ်လီကို ခေတ်နိုင်ငံရေး ခေါင်းဆောင်လို့ ခေါ်ရင်ဖြစ်ပါတယ်..။


5 October, 2001
ဒေါက်တာသန်းထွန်း
ကျော်စွာ၁၀၀
မူရင်းရေးသားသူ ---- MICHAEL H.HART


ဒီစာကို ဖတ်တဲ့လူအများစုဟာ စက္ကူကို စတင်တီထွင်တဲ့ ဆိုင်လန်(TS’AI LUN) ကိုကြားဖူးကြမှာ မဟုတ်ပါ။ သူတီထွင်တဲ့ ပစ္စည်းရဲ့ အရေးပါအရာရောက် ပုံကိုထောက်ပြီးပြောရရင်၊ သူ့ကို အနောက်တိုင်းက လူတွေမသိတာဟာ အများကြီးအရုပ်ဆိုးပါတယ်။ စွယ်စုံကျမ်းကြီးတွေမှာတောင် သူ့အကြောင်း သုံးလေးကြောင်းလောက်တောင် မရေး၊ ခိုင်လုံတယ် လို့ဆိုတဲ့ ကျောင်းသုံးသမိုင်းဖတ်စာအုပ် တွေထဲမှာလည်းမပါ။ စက္ကူသိပ်အရေးပါ တာတောင် စက္ကူကို စတင်လုပ်သူကို မသိကြ၊ မပြောကြတာထောက်ရင် သူဟာတကယ်မရှိတဲ့ လူလားလို့ ထင်စရာဖြစ်နေပါတယ်။ သေသေချာချာ သုတေသနလုပ်တော့၊ သူဟာ တရုတ်နန်းတွင်းသား အရာရှိတစ်ဦးဖြစ်တယ်။ ခရစ်နှစ် ၁၀၅ လောက်က ဧကရာဇ်ဟောတိ ( Emperor Hoti) ကို စက္ကူနမူနာတွေ ဆက်သဖူးတယ်လို့ သိရပါတယ်။ (ဟန်မင်းဆက် မင်းသုံးရာဇ၀င် Official History of the Han Dynasty) ထဲမှာ ဆိုင်လန်က တီထွင်ချက်တစ်ခု လုပ်ပုံကိုတွေ့နိုင်ပါတယ်။ တရုတ်တွေဟာ ဆိုင်လန်က စက္ကူကို တီထွင်တယ်လို့ သိကြပါတယ်။
            ဆိုင်လန်ရဲ့ ဘ၀ဇာတ်လမ်းကိုတော့ သိပ်မသိပါ။ တရုတ်မှတ်တမ်းအရ သူက မိန်းမစိုးတစ်ယောက် ဖြစ်ပါတယ်။ ဧကရာဇ်မင်းမြတ်က သူ့တီထွင်ချက်ကို နှစ်သက်မြတ်နိုးလို့ သူ့ကို ရာထူးတိုးပေးတယ်။ ဘွဲ့တပ်ပေးတယ်။ ဒါနဲ့ သူဟာ လူချမ်းသာ တစ်ယောက်ဖြစ်သွားတယ်။ ဒါပေမယ့် နန်းတွင်းလုပ်ကြံမှုမှာ ပါတယ်ဆိုပြီး ပထုတ်လိုက်လို့ တိမ်မြုပ်သွားရတယ်။ တရုတ်မှတ်တမ်း ထဲမှာတော့ သူ့ဂုဏ်သိက္ခာကျဆင်းလို့ ရေကောင်းကောင်းချိုး၊ အ၀တ်ကောင်းကောင်း ၀တ်ပြီးမှ အဆိပ်သောက်တယ်လို့ ဖော်ပြထားတယ်။
            တရုတ်နိုင်ငံ အနှံ့အပြားမှာ စက္ကူကို ခရစ်နှစ်ရာစုနှစ်တွင်းမှာပဲ အသုံးပြုခဲ့ကြတဲ့အပြင် ရာစုနှစ်အနည်းငယ် အတွင်းမှာပဲ တရုတ်က တခြားအာရှ နိုင်ငံတွေကိုပါ စက္ကူတင်ပို့ရောင်းချခဲ့ပါတယ်။ စက္ကူလုပ်ငန်းကိုလည်း သူတစ်ပါးမသိအောင် လျို့ဝှက်ထားပါတယ်။ ခရစ် ၇၅၁မှာ စက္ကူလုပ်တတ်တဲ့ တရုတ်တွေကို အာရပ်ကဖမ်းသွားပြီး မကြာခင်မျာ စမာခန် ( Samarkhand) နဲ့ ဘဂ္ဂဒက်( Baghdad) မှာ စက္ကူပြုလုပ်တာကို တွေ့ရတယ်။ အာရပ်လောက (Arab World) မှာ ဒီစက္ကူလုပ်တဲ့ ပညာ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး ဂုတင်ဗတ် ( Gutenberg) ကခေတ်စာပုံနှိပ်စက်ကို တီထွင်တဲ့အခါ အနောက်နိုင်ငံတွေမှာ သားရေချပ် (parchment) ပေါ်စာရေးတဲ့ အလေ့တိမ်ကောပြီး၊ စက္ကူနဲ့ မှတ်သားတဲ့ အလေ့ရောက်လာပါတော့တယ်။
            အခုတော့ စက္ကူသုံးတဲ့ အလေ့အထ သိပ်တွင်ကျယ်ပြီးနေတော့၊ ဟိုအရင် စက္ကူမပေါ်ခင်က ဘယ်လိုများနေပါလိမ့်လို့ ဘယ်သူမှမသိ၊ တွေးလို့လည်း မကြည့်ကြတော့ပါ။ တရုတ်နိုင်ငံမှာ ဆိုင်လန်လက်ထက်မရောက် မီ စာအုပ်မရှိသေးဘူး။ ၀ါးပေါ်မှာပဲရေးတယ်။ အဲဒါကျတော့ ကုန်ကျစရိတ်များလို့ အများ မသုံးနိုင်ပါ။ အနောက်တိုင်းမှာတော့ စက္ကူမပေါ်ခင်က သားရေပြားပေါ်မျာ ရေးတယ်။ သိုးရေခွံ့၊ နွားကလေးရေကို အထူးပြုပြင်ပေ့းမှ မှင်နဲ့ရေးလို့ရတယ်။ သာရေးအစား ဂရိ( Greek)၊ ရောမ(Rome)နဲ့ အီဂျစ် (Egypt) မှာ ပက်ပီရပ် (papyrus ကျူပင်) ကိုသုံးတယ်။ သူလည်းလုပ်ရတာ လက်ဝင်တယ်၊ ဈေးကြီးတယ်၊ ရှားတယ်။
            ခုခေတ်မှာ စာအုပ်နဲ့ စာရေးကိရိယာတွေ သိပ်ပေါများလာတာဟာ စက္ကူပေါ် လာတာကနေ ဆင်းသက်တဲ့ ရလဒ်လို့ ပြောနိုင်တယ်။ စက္ကူနဲ့ စာပုံနှိပ်စက် တွဲဖက်နေတော့၊ စက္ကူသာမရှိရင် အခက်သားလို့ပဲ ပြောမလား၊ အမှန်ကတော့ စက္ကူလို ပေါပေါ သုံးစရာမရှိရင် ပုံနှိပ်စက်ဟာ သိပ်မတွင်နိုင်ပါ။
            ဒီလိုဆိုရင် အခုစာရင်းမှာ ဆိုင်လန်နဲ့ ဂုတင်ဗတ်နှစ်ယောက်ထဲက ဘယ်သူ့ကို ရှေ့ကထားမလဲဆိုတဲ့ ပြဿနာ ၀င်လာပြီး၊ နှစ်ယောက်စလုံးကို အရည်တူလို့ ထင်မိပါတယ်။ နှစ်ယောက် စလုံးထမ်းပိုးထမ်းဆိုတော့ ဆိုင်လန်ကို နည်းနည်းလေး အသာပေးချင်တဲ့ အကြောင်းက
(၁) စက္ကူဟာ စာရေးကိရိယာ အဖြစ် အသုံးချတာထက် တခြားအသုံးတွေ အများကြီးရှိပါသေးတယ်။ တခြားအသုံးတွေ အများကြီးရှိပါသေးတယ်။ တခြား ဘာသုံးမလဲ စဉ်းစားကြည့်စမ်းပါ။ အံ့သြသွားမယ်။
(၂)ဆိုင်လန်ပေါ်တာ ဂုတင်ဗတ်ထက်စောလို့ ပုံနှိပ်စက်က ပေါ်လာတာ၊ တကယ်လို့ စက္ကူသာမပေါ်သေး ဘူးဆိုရင် ပုံနှိပ်စက်မလိုဘူးလို့ ပြောနိုင်ပါတယ်။
(၃) တကယ်လို့ တစ်မျိုးတည်းပဲ ပေါ်တယ် ဆိုပေမယ့်လည်း၊ စာအုပ်က ထွက်နေမှာပဲ။ ပုံနှိပ်စက် မရှိခင်က ဘလောက်တုံး (Block) နဲ့ ရိုက်တယ်။ စက္ကူမပေါ်မီက သားရေပြားနဲ့ ရိုက်တယ်။ စက္ကူကို ပေါပေါနဲ့ ရနိုင်ပြီဆိုမှ အက္ခရာတစ်လုံးချင်း လိုသလို ရွှေ့စီနည်းထွင်ရတာ။

            ဒီလိုဆိုရင် သူတို့နှစ်ယောက်ကို ထိပ်တန်းဆယ်ယောက်မှာ ထည့်ပါ။ စက္ကူကပိုပြီး အရာရောက်တယ် ဆိုတာ ထင်ရှားအောင် တရုတ်နဲ့ အနောက်တိုင်း ဓလေ့ ဖြစ်ထွန်းတိုးတက်ပုံကို ယှဉ်ကြည့်စေချင်တယ်။ ခရစ်နှစ် ရာစုနှစ်မတိုင်မီက ယဉ်ကျေးမှုအရာမှာ တရုတ်က အနောက်တိုင်းလောက် မမြင့်ဘူး။ အဲဒီက စွန်းထွက်လာတဲ့ နှစ်တစ်ထောင် အတွင်းမှာ အနောက်တိုင်းထက် တရုတ်ကသာတယ်။ ကမ္ဘာမှာ ဘယ်စံနှုန်းနဲ့တွက်တွက်၊ ခရစ် ခုနစ်၊ ရှစ်ရာစုလောက်မှာ တရုတ်ယဉ်ကျေးမှုက အမြင့်ဆုံးဖြစ်တယ်။ တစ်ဆယ့်ငါးရာစုနှစ် လွန်တဲ့အခါကျတော့မှ အနောက်ဥရောပက တရုတ်ထက်သာလွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဘာဖြစ်လို့ဖြစ်ရသလဲဆိုတာ ဓလေ့ဆိုင်ရာ ရှင်းလင်းချက်တွေ ရှာကြတယ်။ အမျိုးမျိုး အခြင်းအရာတွေ ပြောကြပေမယ့် အရိုးဆုံး အလွယ်ဆုံး အကြောင်းအရာတစ်ခုကို ဘယ်သူမှမပြောဘဲ လျစ်လျူရှုထားတယ်။
            အနောက်အာရှမှာ စိုက်ပျိုးရေးနဲ့ စာရေးနည်းပညာထွန်းကားတာ တရုတ်ထက်စောပါတယ်။ အဲဒါလောက်ပြောရုံနဲ့ တရုတ်က အနောက်ဘက်နိုင်ငံတွေရဲ့ နောက်တန်းကိုရောက်ရတယ် လို့ ပြောလို့ မဖြစ်သေးပါဘူး ။ ဆိုင်လန်မတိုင်မီက တရုတ်တွေမှာ အလွယ်တကူစာရေးနိုင်အောင် သုံးစွဲစရာပစ္စည်းမရှိ၊ အနောက်ကမ္ဘာမှာ ပက်ပီရပ်ကျူရိုးနဲ့ လုပ်တဲ့ စက္ကူလိပ် ရှိနေပြီ၊။ သူကလည်း လွယ်လွယ်နဲ့ လုပ်ယူလို့ရနိုင်တာမဟုတ်။ ဈေးကြီးတယ်၊ ရှားပါးတယ် ဆိုတာမှန်ပေမယ့် သစ်သားပြား၊ ၀ါးခြမ်းပြားပေါ်မှာ မှတ်တမ်းရေးရတာထက်တော့ လွယ်ကူသက်သာသေးတယ်။ တရုတ်ဓလေ့နောက်ကျ ရတာမှာ ဒီအချက်ဟာအရေးကြီးတဲ့ အချက်၊ ခလုတ်ကန်သင်းသေးသေးမဟုတ်။ လဲပြိုသေဆုံးနိုင်လောက်တဲ့ ခလုတ်ဖြစ်နေတယ်။ တရုတ် ပညာရှာ ( စာပေလေ့လာ လိုက်စားသူ) တစ်ယောက်ဟာ အခုခေတ်ကျမ်းစာနည်းနည်းကို သယ်ယူသွားချင်ရင် လှည်းတစ်စီးလိုလိမ့်မယ်။ ဒီပုံစံနဲ့ နိုင်ငံကြီးတစ်ခုကို ထိထိရောက်ရောက် ဘယ်မှာ အုပ်ချုပ်နိုင်မှာလဲ စဉ်းစားကြည့်ပါ။
            ဆိုင်လန်တီထွင်တဲ့ စက္ကူဟာ အခြေအနေကို လုံးဝပြောင်းလဲပေးနိုင်ခဲ့တယ်။ အလွယ်တကူ မှတ်တမ်းမှတ်ချက် ရေးနိုင်တယ်ဆိုတာနဲ့ တရုတ်ယဉ်ကျေးမှုဟာ သိပ်မြန်မြန်တိုးတက်လာပြီး၊ ရာစုနှစ်နည်းနည်း အတွင်းမှာပဲ အနောက်နိုင်ငံရေးကို မီတယ်။ (အနောက်ဘက် နိုင်ငံရေးမှာ အချင်းချင်းစိတ်ဝမ်းကွဲပြီး၊ သတ်ဖြတ်နေကြရလို့ တိုးတက်ရေး လေးဖင့်ရတယ်ဆိုပေမယ့် ဒါက အကြောင်းအရင်းမဟုတ်ပါ။ လေးရာစုနှစ်အတွင်းမှာ နိုင်ငံရေးအရ တရုတ်လည်း ပြိုကွဲပျက်စီးတာ အနောက်တိုင်းထက်ပိုမယ်။ ဒါပေမယ့် ဓလေ့မှာ အလျင်အမြန်တိုးတက်တာ အမှန်ပါပဲ။)အဲဒီ လေးရာစုနှစ်နောက်မှာ ရာစုနှစ်များအတွင်း အနောက်ဘက်မှာ တရုတ်ထက် တိုးတက်ပုံနှေးသွားတယ်။ တရုတ်က အင်မတန် အသုံးဝင်တဲ့ မြောက်ဘက်ပြ ကွန်ပတ်စ်( Compass)၊ သေနတ်ယမ်း (Gunpowder) နဲ့ ဘလောက် ပုံနှိပ်နည်း (Block Printing ) တွေကို တီထွင်ခဲ့တယ်။ စက္ကူက သားရေပြားထက် ဈေးပေါတယ်။ အများကြီးထုတ်လုပ်နိုင်တယ်။ အဲဒီတော့ တရုတ်ကပြန်ပြီး အသာရပြန်တယ်။
            အနောက်နိုင်ငံတွေက စက္ကူထုတ်လုပ် အသုံးပြုနိုင်တဲ့အခါ တရုတ်နဲ့ မျက်နှာချင်းဆိုင်တေ့ဆိုင်ပြီး၊ သူတို့ဘက်က ဓလေ့အားနည်းချက်ကို ပြန်ဖြည့်လာတယ်။ မာကိုပိုလို (Marco Polo) ရေးတဲ့ မှတ်တမ်းတွေ အရပြောရရင် ခရစ်တစ်ဆယ့်သုံး ရာစုနှစ်မှာပဲ တရုတ်က ဥရောပထက် အများကြီး ချမ်းသာကြွယ်ဝနေပါတယ်။          
            ဒီလိုဆိုရင် နောင်အခါ တရုတ်က အနောက်တိုင်းရဲ့နောက်ကို ဘာဖြစ်လို့ကျဆင်းရသလဲ။ ဓလေ့ အထွေထွေကို မွှေနှောက်ပြီး အဖြေရှာကြတယ်။ ရိုးရိုးလွယ်လွယ် ပြောတတ်တာကတော့ နည်းပညာကွာသွားတာကိုပဲ ပြောရင်ဖြစ်တယ်။ တစ်ဆယ့်ငါးရာစုနှစ် ဥရောပမှာ ဥာဏ်ပညာထက်မြက်တဲ့ ဂျိုဟန်ဂုတင်ဗတ်က စာအုပ်ကို အမြောက်အမြား ပုံနှိပ်ထုတ်ဝေနိုင်တဲ့ နည်းကိုတီထွင်တယ်။ အဲဒီကစပြီး ဥရောပ ဓလေ့တွေဟာ အလျင်အမြန် ပြောင်းလဲတိုးတက်လာတယ်။ တရုတ်က ဂုတင်ဗက်လို စွမ်းတဲ့လူ မရှိတော့၊ ဘလောက်ပုံနှိပ်နည်းနဲ့ပဲ ရှေးမဆက်နိုင်ဘဲ ဓလေ့တိုးတက်နှုန်း နှိုင်းယှဉ်ပြီး ပြောရရင် နှေးသွားရတာပေါ့။
            အခုပြောခဲ့တဲ့ စစ်ဆေးဝေဖန်တင်ပြချက်ကို လက်ခံမယ်ဆိုရင်၊ နိဂုံးစကား အနေနဲ့ ဆိုင်လန်(TS’AI LUN) နဲ့ ဂုတင်ဗတ် ( Gutenberg) နှစ်ယောက်စလုံးဟာ လူသမိုင်းမှာ လူအများဝိုင်းပြီး လေးစားရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တခြားအသစ် တီထွင်သူတွေနဲ့စာရင် ဆိုင်လန်က အများကြီးသာရတဲ့ အကြောင်းကတော့ ခေတ်ကာလကို လိုက်ပြီး၊ ဒီလိုစွမ်းတဲ့လူ မပေါ်လာပေမယ့်လည်း ဒီလိုပညာ၊ ဒီလိုပစ္စည်းဟာ ၊ ဒီအချိန်၊ ဒီပါတ်ဝန်းကျင်မှာ ပေါ်လာရမယ်ဆိုတဲ့ အခြင်းအရာနဲ့ စက္ကူပေါ်လာပုံဟာ ရှင်းရှင်းပြောတော့မတူဘူး။ ဆိုင်လန် စက္ကူတီထွင်ပြီး နှစ်တစ်ထောင်ကျော်မှ ဥရောပမှာ စက္ကူပေါ်လာတယ်။ ပြီးတော့ ဥရောပတိုက်သားက တီထွင်နိုင်တာ မဟုတ်ဘူး ။ အာရပ်တွေကို ဆရာတင်ရတယ်။ ဒီနေရာမှာ ဆက်ပြောရမှာက တရုတ်လုပ်ပေးတဲ့ စက္ကူကို မြင်ကြရပေမယ့် တခြား အာရှတိုက်သားတွေ ဘယ်သူတွေကမှ သူတို့ဘာသာ စက္ကူလုပ်မဖြစ်ဘူး။ အသေအချာပြောနိုင်တာက စက္ကူစစ်စစ် ဖြစ်ဖို့ လုပ်နည်းဟာ ခက်ခဲ လိုက်ပုံက အသင့်အတင့်  တိုးတက်နေတဲ့ ဓလေ့မှာ ဥာဏ်မပွင့်နိုင်တဲ့နည်းဖြစ်မယ်။ သိပ်ထူးခြား ထက်မြက် စွမ်းဆောင်နိုင်သူက တီထွင်ပေးမှ ဖြစ်ပေါ်လာတာ။ ဆိုင်လန်က ဒီလိုလူစားဖြစ်ပြီး ၊ သူချမှတ်ပးတဲ့ စက္ကူလုပ်နည်းဟာ (ခရစ်နှစ် ၁၈၀၀မှာ  စက်ရုံထွက် စက္ကူကလွဲလို့ ) လက်လုပ်စက္ကူဆိုရင် စတင်ပေါ်ပေါက်တဲ့အခါက သုံးတဲ့နည်းနဲ့ အခုနည်းဟာ အခြေခံအားဖြင့် အတူတူပါပဲ။ အခုပြောတဲ့ ဆင်ခြင်တုံတရားတွေကြောင့် ဂုတင်ဗတ်နဲ့ ဆိုင်လန်တို့ နှစ်ယောက်စလုံးကို အခုစာအုပ်မှာ ရှေ့တန်းဆယ်ယောက်ထဲမှာ ထည့်တယ်။ ထည့်တော့ ဆိုင်လန်ကိုရှေ့ ၊ ဂုတင်ဗက်ကို နောက်ထားရပါတယ်…။

၆ မတ် ၂၀၀၀
ဒေါက်တာသန်းထွန်း
ကျော်စွာ၁၀၀
မူရင်းရေးသားသူ ---- MICHAEL H.HART





ပြုပြင်ပြောင်းလဲမှု များစွာနဲ့ မြန်မာ့နိုင်ငံဟာဖွံ့ဖြိုးမှုအလားအလာကောင်းတွေနဲ့ တက်ကြွလို့နေပါတယ်။ လက်ရှိအာဏာရ အသိုင်းအ၀ိုင်းနဲ့ အတိုက်အခံတို့ရဲ့ မျှော်လင့်ချက်တွေဟာ တူညီကောင်းမှတူညီပါလိမ့်မယ်။ ဒါပေမယ့်တူညီတဲ့အချက်ကတော့ လက်ရှိအခြေအနေမှ ရှေ့ဆက်တိုးတက်လာဖို့ ကို နှစ်ဖက်လုံးက မျှော်လင့်နေကြပါတယ်။ ပြည်သူတွေအတွက်ကော အပြောင်းအလဲဟာ ဘာမျှော်လင့်ချက်တွေ ပေးဦးမှာလဲ။အမှန်တကယ်တော့ ၀ုန်းဒိုင်းကျဲ ဖွံ့ဖြိုးတိုးတက် ဖို့ကလွယ်ပါတယ်။ ရေရှည်တည်တည်ငြိမ်ငြိမ် ခန့်ခန့်ထည်ထည် ရပ်တည်နိုင်ဖို့က ခက်ခဲမှာပါ။
ပညာအခြေမစိုက်တဲ့ ဖွံ့ဖြိုးမှုဟာ စီးပွားရေးရင်းမြစ်တွေကုန်ခမ်းသွားတာနဲ့အမျှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ ထိပ်တိုက်တိုးမိတာနဲ့တင် ရှာသမျှအဖတ်မတင်ပဲအကျပ်အတည်းကာလထဲ ထိုးစိုက်သွားဦးမှာပါ ။ အဲဒီ ထောင်ချောက်ထဲမှာမြန်မာပြည်ဟာ ကျရောက်နိုင်ချေ ရာခိုင်နှုန်းအများကြီးရှိနေပါတယ်။ဒါဆိုရင် တည်ငြိမ် မှန်ကန်တဲ့နိုင်ငံတစ်ခုကိုဘယ်လိုတည်ဆောက်ကြမလဲ။ အရိုးရှင်းဆုံးပြောရရင် ပညာနဲ့တည်ဆောက်မှပဲရမှာပါ။ ဒါဆိုရင် လက်ရှိ ပညာရေးစနစ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုပြီပေါ့ ။ ဒီစာဟာ နိုင်ငံသားတစ်ယောက် အနေနဲ့ မြန်မာ့ပညာရေးစနစ်ပေါ် အမြင် အတွေ့အကြုံ မေးမြန်းစုံစမ်းမှု တချို့နဲ့ ချဉ်းကပ်ကြည့်တာပါ။ အုတ်တစ်ချပ် သဲတစ်ပွင့် အထောက်အကူ အဖြစ်ပါ။

နောက်ခံသမိုင်း
သက်ဦးစံပိုင် မင်းဆက် နောက်ဆုံး ကုန်းဘောင်ခေတ်အထိ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးဟာ ဘုန်တော်ကြီးသင် ပညာရေးစနစ်ပေါ် အခြေခံခဲ့တာဖြစ်ပြီး ကိုလိုနီခေတ်အရောက်မှာ ဗျူရိုကရက်စနစ် လည်ပါတ်ဖို့အတွက် အင်္ဂလိပ်က ခေတ်ပညာတတ် လူလတ်တန်းစားတစ်ရပ်ကို မွေးထုတ်ဖို့ ကြိုးစားခဲ့ပါတယ် ။ ဒါပေမယ့် အဲဒီလူတန်းစားတွေကပဲ အင်္ဂလိပ် ဆီကလွတ်လပ်ရေး အရယူဖို့ကြိုးစားခဲ့ပါတယ်။ ကိုလိုနီစနစ်ကို တော်လှန်တဲ့ ကျောင်းသားတွေဟာ အင်္ဂလိပ်ပေးတဲ့ ကျွန်ပညာရေးကို ဖီဆန်မယ့် အမျိုးသားကျောင်း တွေနဲ့ အမျိုးသားကောလိပ်တွေကို ဖွဲ့စည်းတည်ထောင် ခဲ့ပါတယ်။ သူတို့တွေဟာ သခင်အမည်ခံခဲ့ပြီး အင်္ဂလိပ်ပေးတဲ့ ပညာနဲ့ အင်္ဂလိပ်ကိုတွန်းလှန်ဖို့ ဥာဏ်အလင်းပွင့်ခဲ့ကြပါတယ်။ ဒါဟာ မြန်မာ့ ပညာရေးရဲ့ သမိုင်းအစပါပဲ ။ ရန်ကုန်ကောလိပ်ဟာ ရန်ကုန်တက္ကသိုလ် ဖြစ်လာခဲ့ပါတယ်။ အင်္ဂလိပ်ကျွန်ပညာရေးက မွေးထုတ်လိုက်တဲ့ သခင်လူငယ်တွေဟာ မြန်မာ့လွတ်လပ်ရေးကို အရယူသွားခဲ့ပါတယ်။ မြန်မာ့နိုင်ငံဟာ လွတ်လပ်ပြီး အာရှအရှေ့ဒေသမှာ ဖွံ့ဖြိုးမှုအားအကောင်းဆုံး အလားအလာအကောင်းဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှ မြန်မာပညာတတ်ဘွဲ့ရတွေဟာ ဒေသတွင်း တက္ကသိုလ်တွေကြားမှာ နိုင်ငံတကာ ပညာတတ် အသိုင်းအ၀ိုင်းကြားမှာ ဂုဏ်သရေရှိရှိဝင်ဆံ့နိုင်ခဲ့ပါတယ်။
လွတ်လပ်ပြီးခေတ်ရဲ့ အစည်းပြေစစ်ရေးအားပြိုင်မှုတွေနဲ့ တိုင်းပြည်အတွင်း ကွန်မြူနစ် ဆိုရှယ်လစ် ဒီမိုကရက် တိုင်းရင်းသား လက်နှက်ကိုင်တွေနဲ့ အာဏာလွန်ဆွဲပွဲမှာ မတည်မငြိမ်ဖြစ်မှုတွေ ဆယ်စုနှစ်ကြာအောင် ဖြစ်ပျက်ခဲ့ပါတယ်။ မြန်မာပြည်ဟာ တဖြည်းဖြည်း စစ်နယ်မြေ မီးတောက်ဒေသ လွတ်လပ်ရေးသမိုင်းရေစီး သွေးသောက်ရဲဘော်တွေဟာ လွပ်လပ်ပြီးခေတ် အချင်းချင်းသွေးချောင်းစီး ဖို့မာန်ဖီတဲ့အခြေအနေကို ဆိုက်ရောက်ခဲ့ပါတယ်။ မြန်မာ့ပညာရေးဟာ နိုင်ငံရေး အကျပ်အတည်းမှာ ကျွဲကူးရေပါ ခက်ခဲလာခဲ့ရပါတယ်။ အဖွဲ့အစည်းတွေ အာဏာပိုင်တွေဟာ တိုင်းပြည်ကို ပညာရေးအစစ်မပေးဘဲ သူတို့ဝါဒ အောင်ပွဲရရေးကြွေးကြော်ဝါဒတွေနဲ့ မှိုင်းတိုက်ပေးခဲ့ပါတယ်။ တကယ့်ပညာတတ်တွေ ပညာရှင်တွေဟာ အခြေအနေမှန်ကိုသိလို့ စိတ်လက်လေးလံခဲ့ကြရပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက်တော့ အခြေအနေတွေဟာ တမျိုးပြောင်းလဲလာခဲ့ပါတယ်။ သူပုန်သူကန်တွေကို နှိမ်နှင်းရင်း တိုင်းပြည်ရဲ့ပညာရေး ကိုလည်းပြုပြင်ပြောင်းလဲမှုတွေ တော်တော်များများ ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပြောင်းလဲမှုတွေဟာ နောက်ဆုံးတော့ ဆိုရှယ်လစ်လုပ်သားကောင်းများ ထုတ်လုပ်ရေးကို ဦးတည်သွားခဲ့ ရတော့တာပါပဲ။ ဦးနေ၀င်းဟာ ပညာရေးစနစ်အပေါ် လူတော်မလို လူကောင်းသာလိုသည်လို့ ကြွေးကြော်သံ လွှမ်းမိုးမှု ဖော်ပြခဲ့ပါတယ်။ စာသင်ကျောင်းတွေဟာ လွတ်လပ်တဲ့ ပညာရေးထက် ဆိုရှယ်လစ်ဝါဒကို မောင်းနှင်ပေးမယ့် လုပ်သားကောင်း ထွက်ပေါ်လာရေးကိုသာ ဇောင်းပေးလှုပ်ရှားလာပါတယ်။ ထက်မြက်တဲ့ အရည်အချင်းရှိတဲ့ ပညာတတ် ဆရာတွေဟာ မဆလအစိုးရရဲ့ ကွန်မြူနစ်တာဆီးရေး တံဆိပ်ကပ် ဖိနှိပ်ခံခဲ့ရပါတယ်။ အဲဒီအကျိုးဆက်ဟာ ပညာရေးနယ်ပယ်မှာ အမျိုးသားပညာရှင်ဆရာတွေ ရှားပါးခဲ့ရပါတယ်။ ဦးနေ၀င်းနဲ့ ဆိုရှယ်လစ် အစိုးရ အုပ်စိုးခဲ့တဲ့ ဆယ်စုနှစ်သုံးစုနီးပါးဟာ မြန်မာ့ပညာရေး ဂရပ်မျဉ်းကို အဆင်းချည်းပဲဖြစ်စေခဲ့ပါတယ်..။

အပြောင်းအလဲများတဲ့ နေ့စွဲများ
သက်ဆိုးရှည်ခဲ့တဲ့ ဆိုရှယ်လစ်ဗဟိုဦးစီးစနစ်ဟာ ပြိုကျမယ့်ရက်တွေရောက်လာခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဘက်စုံအကျပ်အတည်းဟာ ဦးနေ၀င်းအာဏာစက်ကို  ဖြိုချမယ့်စနစ်တံဖြစ်လာပါတယ် ။ အဲဒီအရေးအခင်းတွေဟာ ရန်ကုန်တက္ကသိုလ်နယ်မြေထဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ် ၁၉၈၇ တစ်နှစ်လုံး ကျိုကြားကျိုးကြား ဆန္ဒပြမှုတွေမှ တစ်နိုင်ငံလုံး အုံကြွမှုထိ ကျောင်းသားတွေက အရေးကြီးအခန်းကနေ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ မဆလခေတ်ရဲ့ နိဂုံးချုပ်ဝါကျတွေ ရောက်ရှိလာပါတော့တယ်။ အဲဒီနောက်တော့ အထွေထွေပြိုကွဲကျဆင်းနေတဲ့ အုပ်ချုပ်ရေးအာဏာကို နာမည်ပျက်မရှိခဲ့ဖူးသေးတဲ့ စစ်ဗိုလ်ချုပ်တွေက အာဏာရှင်ဟောင်းရဲ့ ထောက်ခံမှုနဲ့သိမ်းပိုက်လိုက်ပါတော့တယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအစိုးရ( န၀တခေတ်) ကိုမြန်မာနိုင်ငံက ရင်ဆိုင်ခဲ့ရပါတော့တယ်။ အခြေခံပညာကျောင်းများ တစ်နှစ်ပိတ်သိမ်းခံရပြီး  တက္ကသိုလ်များကတော့ နှစ်အတန်ကြာရပ်ဆိုင်းထားခဲ့ပါတယ်။ အစိုးရသစ်ဟာ ပညာရေးစနစ်ကို ယခင်နိုင်ငံရေးအန်တုမှုတွေ အစမပျိုးနိုင်အောင် စနစ်တကျပုံဖော်ခဲ့ပါတယ်။
ယခင်က အရှေ့အာရှ နာမည်ကျော် ရန်ကုန်တက္ကသိုလ်ဟာ ကျောင်းတံခါးပိတ် တိတ်ဆိတ်နေခဲ့ပါတော့တယ်။ တော်လှန်ရေးတွေ အားလုံး ဆူပူအုံကြွမှု အားလုံးဟာ ပညာရေး အ၀န်းအ၀ိုင်းဖြစ်တဲ့ တက္ကသိုလ်အခြေခံကနေ ဖြစ်ပေါ်လာတယ် ဆိုတာကို အတိတ်ဖြစ်ရပ်တွေကနေ သင်ခန်းစာထုတ်နုတ်ယူခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပညာရေးစနစ်ကို စနစ်တကျ နိမ့်ကျဆင်းသွား အောင်အစီအစဉ်တွေ ပြုလုပ်လိုက်ပါသလား၊ ဒါမှမဟုတ်အထွေထွေ နိမ့်ကျမှုကပဲ တိုင်းပြည်ရဲ့ ပညာရေးရေချိန်ကို ဆွဲချသွားခဲ့သလား၊ ဒါပေမယ့် သေချာတာကတော့ စစ်အာဏာရှင်အစိုးရဟာ ပညာရေးကို အားမပေးခဲ့ဖူးဆိုတာပါပဲ။ ပညာရေးအသုံးစရိတ်တွေ လျှော့ချခဲ့တယ်။ မဆလခေတ်က ကျောင်းဆရာ လက်ကျန်အနည်းငယ်ဟာ စီးပွားရေး ကျပ်တည်း လူမှုဘ၀ အခက်အခဲတွေကြောင့် စေတနာဝါသနာ အနစ်နာခံခဲ့ရာ စာသင်ကျောင်းတွေကို ကျောခိုင်းသွားခဲ့ပါတယ်။ န၀တ ဒါမှမဟုတ် နအဖ လို့ခေါ်တဲ့ စစ်ဗိုလ်ချုပ်တွေ ဦးစီးတဲ့ အစိုးရဟာ ၁၉၈၉ ခုနှစ်က ၂၀၁၀ ရွေးကောက်ပွဲအထိ နိုင်ငံတော် အာဏာကို ချုပ်ကိုင်စီမံခဲ့ပါတယ်။ သူတို့ ကိုင်တွယ်တဲ့ခေတ်မှာ ပညာရေးဟာ ဘာတွေ ဖြစ်ခဲ့လဲ။

ပျက်အစဉ်ပြင်ခဏ
တချို့က အထက်ပါ စကားပုံကို အကောင်းဘက်က အများဆုံးတွေးတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တွေးတာကတော့ ဒါကိုလက်ပူတိုက်လွှတ်လိုက်တာပဲ လို့တွေးမိပါတယ်။ နအဖ အစိုးရဟာ တိုင်းပြည်ကို လက်ပူတိုက်အုပ်ချုပ်သွားခဲ့တာပါ။ အထွေထွေ ဘက်ပေါင်းစုံက ရိုးယွင်းပျက်စီးနေတဲ့ တိုင်းပြည်ကို အရည်အချင်းထက် အရည်အတွက်များမှုတွေ မွေးထုတ်ပြီး စာရင်းဇယား ကိန်ဂဏန်းတွေနဲ့ ခေတ်ကိုရော နိုင်ငံကိုရော လက်ပူတိုက်ခဲ့ပါတယ်။ ပညာရေးမှာ တက္ကသိုလ်တွေကို ခွဲထုတ်လိုက်တယ်။ ပြည်နယ်နဲ့တိုင်း တက္ကသိုလ်တွေ ဖြစ်ကုန်တယ်။ ရန်ကုန်မြို့မှာဆိုလည်း အရှေ့ပိုင်း အနောက်ပိုင်း ဒဂုံတက္ကသိုလ်ဆိုပြီး  ခွဲထုတ်လိုက်တယ်။ တက္ကသိုလ်တွေကို ထိန်းချုပ်နိုင်အောင် ရန်ကုန်မြို့ကို ၀ိုင်းပတ်ထားတဲ့ မြစ်တွေအပြင်ဘက်ကို ထုတ်ပယ်လိုက်ပြီး ရန်ကုန်နဲ့ အလှမ်းဝေးကွာအောင် ပို့ဆောင်ထားလိုက်ပါတယ်။ တက္ကသိုလ်မြောက်မြားစွာ ဖွင့်လှစ်ပြီး အရည်အသွေးမှီ သင်ကြားနိုင်တဲ့ ဆရာအရေအတွက် သင်ထောက်ကူ ပစ္စည်း အရေအတွက် ကိုတော့ လုံလောက်စွာ မထောက်ပံ့နိုင်ခဲ့ပါဘူး ။ ဒါက အဆင်မြင့် ပညာရေး အနေအထားပါ ။
အခြေခံ ပညာရေးမှာကော ဘာတွေ ဖြစ်ပျက်နေပါသလဲ ။ မဆလ အစိုးရလက်ထက် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခဲ့တဲ့ ကျူရှင် ကျောင်းပြင်ပ ကျောင်းစာအပိုသင် ကျောင်းတွေကို လွတ်လွတ်လပ်လပ် ဖွင့်ခွင့်ပြုလိုက်တယ်။ ဒါတင်မကပဲ ကျောင်းဆရာဆရာမတွေ ကျူရှင်ပြမှုတွေကို  မသိကျိုးကျွံ့ ပြုနေလိုက်ပါတော့တယ်။ အဲဒီအတွက် လစာစရိတ် အရမ်းနည်းပါးတဲ့ ကျောင်းဆရာမ တွေကို လစာတိုးပေးဖို့ ပြသနာတွေကို ရှောင်လွှဲသွားလို့ ရနိုင်ခဲ့ပါတယ်။ အဲဒီအကျိုးဆက်ကတော့ မြန်မာပြည်မှာ မူကြိုကနေ ဘွဲ့လွန်အထိ ကျောင်းသားတွေဟာ ကျူရှင်တက်နေရတော့တာပဲ။ ပညာရဲ့ အနှစ်သာရကိုလွဲဖယ်ပြီး စာမေးပွဲအောင်ဖို့ အမှတ်ကောင်းဖို့ နှုတ်တိုက်ကျက် မေးခွန်းလိုက်တတ်တာဟာ မြန်မာ့ပညာရေးမှာ လူရည်ချွန်ဖြစ်ရေးပေါ့။ ဒါကို အာဏာပိုင်တွေက ၀မ်းသာပီတိဂွမ်းဆီ ထိနေပါတော့တယ်။ သူတို့ဟာ လူတွေကို ပညာရေး နဲ့ အလှမ်းဝေးဝေးမှာ နေစေချင်ကြပါတယ်။ အဲဒါကြောင့် အဝေးသင် တက္ကသိုလ်ရဲ့ ဆောင်ပုဒ်မှာ အတိအလင်း ဖော်ပြထားပါတယ် “ပညာရေး ဝေးသည်။ မရှိ။”   
ဒီနေ့အချိန်မှာ ၁၉၈၈ ခုနှစ်မတိုင်ခင် (ယခင်အစိုးရဟောင်း) နှိုင်းယှဉ် နေကြ စံနှုန်းအတိုင်းပြောရရင် တက္ကသိုလ် ဘယ်နှခုတိုးသွားပြီ စာသင်ကျောင်း ဘယ်နှခုတိုးသွားပြီ သင်ထောက်ကူ ပစ္စည်းတွေ နည်းစနစ်တွေ ဘယ်လောက်တိုးသွားပြီ ဘွဲ့ရအရည်အတွက်ဘယ်လောက် တိုးသွာပြီဆိုတဲ့ တိုးတက်လာ တဲ့ ကိန်းဂဏန်းတွေက မြင်သာပါတယ်။ နည်းနည်းလေး နက်နက်ရှိုင်းရှိုင်း တူးဆွမိရင်တော့ ပညာတတ်မြောက်သူ တိုးတက်မှု အရေအတွက်ကတော့ နည်းနည်းလေးပဲ ရှိနိုင်ပါတယ်။ ဒါမှမဟုတ် လုံးဝမရှိနိုင်တာလည်း ဖြစ်နေနိုင်ပါတယ်။ ကျောင်းတွေဟာ စာသင်ပါတယ်။ ဒါပေမယ့်ပညာတတ်မြောက်ဖို့အတွက် မဟုတ်ပါဘူး။  အုပ်ချုပ်သူတွေဟာ ပြည်သူတွေ မိဘတွေ ကျောင်းသားတွေကို အမှတ်ပေးအတန်းတက် ပညာရေးစနစ်နဲ့ နပန်းလုံးခိုင်းထားပါတယ်။ ကျောင်းစာတွေကို ကြက်တူရွေးနှုတ်တိုက် စာပြန်အံနိုင်တဲ့ လူက အမှတ်ကောင်းကောင်းရမယ်။ ဒါတောင် သူ့ထက် အရေးကြီးလူတွေ ရှိမနေမှ အဆင့်ကောင်းကောင်းရမယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ ပညာရေးစနစ်ကို ဖျက်လိုဖျက်စီးလုပ်ခဲ့ပါတယ်။ သူတို့ပြဌာန်းထားတဲ့ ပညာမှ အမှန်လို့ ယူဆအောင် အခြေခံပညာရေးကတည်း မှိုင်းသွင်းထားတဲ့ ဘက်လိုက်ပညာရေးစနစ်ကို တီထွင်ထားပါတယ် ။ အဲဒီကျောင်းတွေဟာ တစ်နှစ်ပြီး တစ်တန်းမေ့နဲ့ ဆယ်စုနှစ်ကြာအခြေခံပညာရေးဟာ တက္ကသိုလ်ရောက်တာနဲ့ ဦးနှောက်ထဲမှာ အဟောသိကံ ဖြစ်သွားပါတော့တယ်။ ကလေးငယ်တွေကို ကျောင်းမှာစာသင် ကျူရှင်မှာ စာထပ်သင်ခိုင်းနဲ့ ပညာကိုနှစ်ထပ်ကွမ်း အတင်းနှုတ်တိုက် ကျက်မှတ်ခိုင်းနဲ့မို့   စာသင်သားတွေရဲ့ အချိန်ငွေစွမ်းအင် နှစ်ထပ်ကွမ်းဖြုန်တီးခိုင်းခဲ့ပါတယ်။ ဒီပညာရေးပျက်စီးမှုဟာ အာဏာပိုင်တွေချည်းပဲ ကျူးလွန်ခဲ့တာတော့ မဟုတ်ပါဘူး ။ ပညာရေးနယ်ပယ်နဲ့ ဆက်စပ်နေတဲ့ ပညာရေးတာဝန်ရှိသူ တွေရော ဆရာဆရာမတွေနဲ့ တချို့ မိဘတွေပါ ပူးပေါင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုပါ။ အဲဒီထဲက တချို့ကတော့ မသိနားမလည်မှုကြောင့် ကျူးလွန်မိကြတာပါ။ မဆလခေတ်က လုပ်သားကောင်းမွေးထုတ်ရေး စာသင်ကျောင်းတွေဟာ နအဖခေတ်မှာတော့ ကလေးငယ်တွေရဲ့ အနာဂါတ်တွေကို ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်တွေဖြစ်ခဲ့ပါတယ်။ ဒါဟာ ခေတ်ကြီး တစ်ခုလုံး အပြောင်းအလဲတွေ အားလုံးကို ချုပ်နှောင်ထားလိုက်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ပျက်အစဉ်ပြင်ခဏ ဆိုတဲ့စကားပုံဟာ ပျက်အစဉ်ပြင်မရလို့ ပြက်ရယ်ပြုရတော့မလိုပါ။

ဘယ်လိုပြင်ကြမလဲ
တိုင်းပြည်ရဲ့ ပညာရေးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်လိုဖျက်ဆီး လုပ်ခဲ့တဲ့ ကျေးဇူးရှင်ကြီးတွေဟာ သူတို့သားသမီးတွေကို ဖွံ့ဖြိုးပြီး နိုင်ငံတွေက အဆင်မြင့်ကျောင်းတွေမှာ စာသင်ခိုင်းထားပါတယ်။ လူလတ်တန်းစားနဲ့ လူကုံတန် မိသားစုတွေဟာ အနည်းဆုံးတော့ အဆင့်မြင့်ပညာရေးတွေကို နိုင်ငံရပ်ခြားတွေမှာ ကျောင်းတက်ပညာသင်ယူခဲ့ရကြပါတော့တယ်။ ၂၀၀၁ စက်တင်ဘာ တိုက်ခိုက်မှုအပြီးမှာ အမေရိကန်ရောက်  အိန္ဒိယ ဦးနှောက်တွေ ပြည်တော်ပြန်ခဲ့ပေမယ့် ကျွန်တော် တို့ဦးခေါင်းကောင်းကောင်း တွေကတော့ အမိနိုင်ငံ ဖုန်းဆိုးတောထဲကို ခြေဦးမလှည့်လို့တာ အပြစ်မဆိုသာပါဘူး ။ အစိုးရသစ်က ခွင့်လွှတ်တယ် ပြန်လာပါ လက်ကမ်းကြိုဆိုပါတယ် ဆိုတဲ့ လောကွတ်တော်ကီပွားရုံလောက်နဲ့ တန်ဖိုးရှိတဲ့ပညာတွေ ဦးခေါင်းတွေဟာ လည်ပြန်ညွှတ်လာမှာတော့ မဟုတ်ပါဘူး ။
အဲဒီတော့ အခုခေါင်းပေါင်းစ တလူလူနဲ့  ဘယ်သူပါပါ မပါပါငါတို့လုပ်လည်းရတာပဲ ဆိုတဲ့လူတွေကရော  ပညာရေးစနစ်ကို ပြင်မယ့် လူတွေကရော ပညာတတ်ပါရဲ့လား ဆိုတာကျွန်တော့် အနေနဲ့မသေချာမရေရာပဲ ။ တန်ဖိုးကြီးတဲ့ ကိုယ့်ကားကို မတောက်တစ်ခေါက် စက်ပြင်ဆရာက ရမ်းသမ်းပြင်တာကို ထိုင်ကြည့်နေရတဲ့ ခံစားမှုမျိုး ။  ဘယ်အချက် မျိုးကန်းကုန် ဦးမလည်း ဆိုတာ စိုးရိမ်တကြီးနဲ့။ ပြဌာန်းသင်ရိုးတွေ မှန်ကန်ဖြောင့်မတ်ဖို့၊ ဆရာ၊ ဆရာမတွေ ဂုဏ်သိက္ခာနဲ့အညီ သင်ကြားရေး တာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ဖို့၊ ကျောင်းသုံးစာအုပ်နဲ့ သင်ထောက်ကူပစ္စည်းတွေ လုံလုံ လောက်လောက်ရဖို့၊ အစိုးရအနေနဲ့ ပညာရေး အသုံးစရိတ် တိုးမြှင့်သုံးစွဲဖို့၊ သုတေသနနဲ့ စမ်းသပ်တီထွင်မှုတွေ အားပေးဖို့၊ ကျောင်းမှာ ကျောင်းသားတွေအတွက် ကစာကွင်းရှိဖို့ ၊ လက်တွေ့စမ်းသပ်ခန်းတွေ ရှိဖို့၊ စာကြည့်တိုက်ရှိဖို့၊ကွန်ပြူတာ ရှိဖို့၊ အများကြီးပါပဲ။
အရေးအကြီးဆုံးက အရင်ခေတ်အဆက်ဆက်ကလို တာဝန်ရှိသူတွေ အဆင့်ဆင့် ဘက်ဂျက်တွေခုတ်ဖြတ် မစားဖို့ကလည်း အရေးကြီးပါတယ်။ စာကြည့်တိုက်ဆိုပြီး အမည်ခံပြီး ထောင်တာလည်း အများကြီးဖြစ်နေပါတယ်။ ကျောင်းတွေက ကွန်ပြူတာတွေ ဆွေးမြေ့ပြီး အခန်းထဲမှာ ဒီအတိုင်းပျက်စီးသွားတာလည်း မြင်ခဲ့ဖူးပြီ။ ဘ၀မှာ ဟန်ပြခေါင်းစဉ်တွေနဲ့ ပြောင်းလဲချင်ယောင်ဆောင်ပြတတ်တဲ့ တိုင်းပြည်အဖြစ်က လွတ်မြောက်အောင် ကြိုးစားသင့်ပါပြီ။ ပညာရေးဆိုတာ အစိုးရကိုသစ္စာခံဖို့သက်သက် ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်း ရာထူးဌာနကောင်းဖို့ ဒါမှမဟုတ် ဘာမှန်းမသိပဲ ဘွဲ့တစ်ခုရပြီးရော မဟုတ်ပါဘူး။ စာတွေအော်ကျက် ၊ ပါတိတ်ကပ်ပြီး အမှတ်ကောင်းကောင်း ဂုဏ်ထူးတောင်းတတ်တဲ့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ တွေ့ကြုံဖူးခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံရေးရဲ့ပညာရေးကို ဘယ်လို ပြင်ကြမလဲ ဆိုတာ စိတ်ဝင်တစားရှိမယ့်သူတွေအတွက် အရင်ခေတ်ကာလများက တွေကြုံခဲ့သမျှကို ပြန်လည် တင်ပြလိုက်ရပါတယ်။

အောင်ပိုင်စိုး


ဒီစာကိုရေးမယ်လို့ စဉ်းစားမိတဲ့အချိန်ဟာ မတ်လ၂ရက်နေ့ ဖြစ်နေပါတယ်..။ မြန်မာနိုင်ငံမှာ တောင်သူလယ်သမား အစည်းအရုံးနဲ့.. တောင်သူလယ်သမားအစည်းအဝေးကို ရန်ကုန်မြို့ ရွှေတိဂုံခြေတော်ရင်းမှာ ကျင်းပဖူးခဲ့ပါတယ်..။ အဲဒီသမိုင်းအရ အစဉ်အလာကြီးမားတဲ့ နေ့မှာ နှောင်ကြိုးမဲ့ ဘ၀များဆိုတဲ့ စကားနဲ့.. ကျွန်တော် ဒီစာကိုရေးဖြစ်ပါတယ်..။ သမိုင်းထဲက ဘ၀တွေနဲ့.. ဒီကနေ့တောင်သူ လယ်သမားတွေ အလုပ်သမားတွေ အခြေအနေနဲ့ တိုးတက်ဖြစ်ထွန်းလာမှု ဒါမှမဟုတ်.. မရွေ့ခဲ့တဲ့ ကျောက်တုံးအကြောင်းကို ဥာဏ်မှီသမျှ ဖတ်ဖူးမှတ်သားဖူး သမျှလေးလောက်ကို ပြန်လည် သုံးသပ်ကြည့်တဲ့အနေနဲ့ပေါ့..။

ဒီနေ့မတိုင်ခင် တစ်လလောက်က ကျွန်တော် စိတ်ဝင်စားဖွယ် အလုပ်ရုံဆွေးနွေးပွဲနှစ်ခု တက်ခဲ့ပါတယ်..။ မတောက်တစ်ခေါက် စာပေရေးသားသူ တစ်ယောက်နဲ့ မိမိသိမှုခံစားမှုကို ချဲ့ထွင်တဲ့ အနေနဲ့.. အဲဒီအလုပ်ရုံဆွေးနွေးပွဲ တွေကို တက်ခဲ့တာပါ..။ ပထမဆွေးနွေပွဲက လယ်ယာမြေသိမ်းခံရတဲ့ လယ်သမားတွေရဲ့ ပြဿနာကိုဥပဒေ လမ်းကြောင်းအရ ဖြေရှင်းဖို့ ကြိုးစားတာပါ..။ အဲဒီနေရာမှာ ပြောစရာတစ်ချက်ရှိတာက … ကျွန်တော်တို့ လယ်သမားတွေ သူရင်းငှားတွေက ကိုလိုနီခေတ်ကတည်း ကြိုးစားပမ်းစား တောင်းဆိုလာတဲ့အချက်တစ်ခု ရှိပါတယ်..။ အဲဒါက ဘာလည်းဆိုတော့ လယ်လုပ်သူ လယ်ယာပိုင်ခွင့်ရရေးပါ…။ လယ်ယာမြေ ဝေခြမ်းရေး ပြဿနာဟာ နိုင်ငံတိုင်းမှာလည်း ကူးပြောင်းဖို့ အဖုအထစ်ဖြစ်ပြီး အကူးအပြောင်းမှာ အမြဲတမ်းနာကျင်ခံစားခဲ့ရတတ်တယ် ပြဿနာရပ်ပါ..။ ကျွန်တော်တို့က အခုထက်ထိ အဲဒီအကူးအပြောင်းကို ဖုထစ်ခက်ခဲနေဆဲပါပဲ..။ ကျွန်တော် လွန်ခဲ့တဲ့ နှစ်တွေက မြစ်ဝကျွန်းပေါ်ဘက်မှာ အရိပ်ရသစ်ပင်တွေကို… မိတ်ဆွေတချို့ရဲ့ စိမ်းလန်းစိုပြေရေးအဖွဲ့အစည်း တစ်ခုနဲ့သစ်ပင်သွားစိုက်ဖြစ်ခဲ့ပါတယ်..။ ကျွန်တော့်မိတ်ဆွေက လယ်သမားတွေဘ၀က ကိုလိုနီခေတ်ကထက် သိပ်မထူးခြားသေးဘူး လို့ပြောပါတယ်..။ ကျွန်တော့် ကနည်းနည်း အထွန့်တက်လိုက်တယ်… မထူးဘူးဗျ ယမထာရွှေကျိန်လုံးနဲ့ ထွန်တုံးကို ခြေတော်တင်တုန်းဆိုတော့ ပုဂံခေတ်လောက်ကတည်း ကအတိုင်း ထိမ်းသိန်းထားတာများလားမှ မသိတာလားလို့ ပြန်ပြောမိသေးတယ်..။ တကယ်လည်း လယ်သမားများ သူရင်းငှားများရဲ့ ဘ၀ဟာ ရွှံ့ထဲဗွက်ထဲမှာ နွားနဲ့အတူဆွဲ ကျွဲနဲ့အတူရုန်းနဲ့.. လုပ်ငန်းခွင် တိုးတက်မှုဟာ တရုတ်နီအင်ဂျင် ဆူဆူညံ့ညံ့နဲ့ ထော်လာဂျီအစုတ်လေးတွေကို ရံဖန်ရံခါ တက်ခွရသလောက်ပါပဲ ရှိနေပါသေးတယ်..။ စက်မှုလယ်ယာဠာနကို အလုပ်သမားလယ်သမားကို အခြေခံခဲ့တဲ့ ဆိုရှယ်လစ် အစိုးရခေတ်ကတည်းက ဖွင့်လှစ်ခဲ့ပေမယ့် စက်မှုလယ်ယာဘ၀ကိုတော့ဖြင့် မြန်မာ့လယ်သမားကြီးတွေ ပီပီပြင်ပြင် မရောက်ရှိနိုင်ခဲ့ဖူးဆိုတာ ကျွန်တော်တို့ မျက်ဝါးထင်ထင်တွေ့နေရတုန်းပါပဲ..။

၂၀၀၈ ခုနှစ်မှာတော့ ဖွဲ့စည်းပုံအခြေခံဥပဒေ အသစ်တစ်ရပ် ပြဠန်းရေးဆွဲပြီး ကျွန်တော်တို့ ပါတီစုံနိုင်ငံရေး စနစ်တစ်ရပ်ကို ကျွန်တော်တို့ နိုင်ငံအနေနဲ့ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပါတယ်..။ သိုပေမယ့်လည်း ..နိုင်ငံတော်သာ မြေယာအားလုံး၏ မူရင်းပိုင်ရှင်ဖြစ်သည်လို့ ပြဠန်းထားပါတယ်..။ အခြေခံကျတဲ့ ပြဠန်းချက်ပါ.. သို့ပေမယ့်လည်း.. အဲဒီပြဠန်းချက်ဟာ လယ်သမားတွေကို မိမိထွန်ယက်လုပ်ကိုင် တဲ့ လယ်မြေတွေ.. မိသားစုဝမ်းရေးအတွက် ပလပ်မြေတွေကို ခုတ်ထွင်ရှင်းလင်းပြီး စိုက်ပျိုးမြေပြုလုပ်ထားတဲ့ လယ်ယာလုပ်သားတွေကို… ကော်ပိုရေးရှင်းများ အစိုးရနဲ့တိုင်းတစ်ပါးသား အကျိုးအမြတ် စီမံကိန်းတွေအတွက် သူတို့ချွေးနဲ့သွေနဲ့ မိသားစုဘ၀တွေနဲ့ လုပ်ကိုင်ရင်းနှီးထားတဲ့ လယ်မြေယာမြေတွေကနေ မောင်းထုတ်ဖို့အတွက် လက်နှက်အဖြစ် အသုံးချမယ်ဆိုရင် အစိုးရဟာ ဥပဒေကို တရားမျှတစွာကျင့်သုံးပါရဲ့လား ဆိုတဲ့မေးခွန်းထွက်ပေါ်လာမှာပါ..။ ၁၉၃၀ လောက်က ကမ္ဘာစီးပွားပျက်ကပ် မတိုင်ခင် အမေရိကလယ်ယာမြေ အကျပ်အတည်းတွေ ဖြစ်ခဲ့တယ် အဲဒီအချိန် မြန်မာပြည်က လယ်သမားတွေလည်း စပါးဈေးထိုးကျလို့ လယ်မြေအပ်လိုက်ရတဲ့ အဖြစ်အပျက်မျိုးတွေ.. သီးစားခ၊ လယ်ခွန်၊ယာခွန် တနင့်တပိုးတွေနဲ့… လယ်သမားတွေဟာ သူတိုလယ်တွေကို ငွေပွဲစားတွေလက်ကို ထိုးအပ်ခဲ့ရပါတယ်..။ စက်မှုလယ်ယာတည်ဆောက်ဖို့ လယ်ယာတွေကို ကော်ပိုရေးရှင်း လက်ထိုးအပ်ချိန်မှာ မြေဇာပင်ဖြစ်ခဲ့ရတဲ့ လယ်မဲ့ယာမဲ့ လယ်သမားတွေဘ၀ မြို့ကြီးတွေမှာ ကြုံရာကျပန်းအသက်မွေးဝမ်းကျောင်းဖို့ တိုးဝင်သွားကြရတဲ့ ကမ္ဘာ့အာဟာရဖန်တီးသူတွေဟာ လူမှုရေးဘ၀ယိုင်လဲ အားနည်းမှုတွေနဲ့ပါ ကြုံတွေခဲ့ကြတော့ပါတယ်..။

အဲဒီလိုပြောလို့ ကျွန်တော်တို့ဟာ တိုးတက်မှုအတွက် ရင်းနှီးရတဲ့အရင်းအနှီးကို ငြင်းပယ်ဆန့်ကျင်တဲ့ အခြားဘက်က တွေးခေါ်နေကြတာမဟုတ်ပါဘူး … ကျွန်တော်တို့ ဒီနေ့ခေတ်ဟာ မြေရှင်ပဒေသရ်ဇ်ခေတ်ကနေ.. ကမ္ဘာပြုမှုခေတ်သစ်အထိ လူသားယဉ်ကျေးမှုသမိုင်းခေတ် တွေကိုဖြတ်သန်းပြီးပါပြီ.. ဒါပေမယ့် ဖွံ့ဖြို့မှုတန့်ရပ်ခဲ့တဲ့ ကမ္ဘာအရပ်ဒေသတချို့ဟာတော့ သမိုင်းဦးဘုံမြေခေတ်ကနေ မထွက်ခွာရသေးပါဘူး..။ အကူးအပြောင်းတွေအတွက် ချော့မွေ့ငြင်သာမယ့် နည်းလမ်းမျိုးတွေကို ကျွန်တော်တို့ ရှာဖွေဖန်တီးသင့်နေပါပြီ..။ ၂၀၀၉ ခုနှစ်တုန်းက မြန်မာ့ဆန်စပါး အထွက်နှုန်းကို တိုင်းတာ ထားတဲ့.. စာရင်းတစ်ခု အမှတ်မထင်ဖတ်ရဖူးပါပါတယ်.. မြန်မာ့ဆန်စပါး အထွက်နှုန်းလျှော့ကျလာတာဟာ ကိုလိုနီခေတ်ကတည်းက စလိုက်တာ ၂၀၀၉ ခုနှစ်ဟာ အဆိုးဆုံးနှစ်ဖြစ်နေတာကို ကိန်းဂဏန်းများအရ တွေ့ရှိလိုက်ပါတယ်.. တစ်ချိန်က မြန်မာ့ဆန်စပါးဟာ ကမ္ဘာ့နိုင်ငံတော်တော်များများ ကိုတင်ပို့နိုင်ခဲ့ဖူးပါတယ်.. ဒါပေမယ့် အဲဒီဈေးကွက်ကို ဗီယက်နမ်၊ထိုင်းနဲ့.. အမေရိကန်တို့ပဲ ယှဉ်ပြိုင်နိုင်စွမ်းရှိပါတယ်တော့ မြန်မာဟာ ဆန်တင်ပို့တဲ့နိုင်ငံဖြစ်ပေမယ့်… ဈေးကွက်မှာတော့ မျက်နှာပန်းလှတဲ့အနေအထားမျိုး မရှိခဲ့တာကြာခဲ့ပါပြီ..။

လယ်ယာထွက်ကုန်တွေ ကျဆင်းခဲ့တဲ့အကျိုးဆက်က လယ်သမားယာသမားတွေကို မြိုကြီးပြကြီးတွေကို တခြားအသက်မွေးဝမ်းကျောင်းတွေ လုပ်ကိုင်ဖို့အတင်းအကျပ် တွန်းပို့ခဲတဲ့ အနေအထားတွေရောက်လာခဲ့ပါတယ်…။ သူတို့ဟာ မြို့ကြီးတွေဆီရဲ့မလွယ်ပေါက်ကို ရောက်ဖို့နိုင်ငံနယ်နမိတ်တွေ တောင်တွေပင်လယ်တွေကျော်ပြီးသွားရောက် ခဲ့ရပါတယ်..။ သူတို့က ကမ္ဘာတစ်နေ့ချင်း တစ်ရက်ချင်းကို စိုရိမ့်ထိတ်လန့်မှုပေါင်းများစွာနဲ့ ရင်ဆိုင်ဖြတ်သန်းရတဲ့ ရွှေ့ပြောင်း လုပ်သားတွေ ဖြစ်လာခဲ့ပါတယ်..။ ကဗျာဆရာလှသန်းကတော့ အဲဒီအဖြစ်ကို အာရှကျားတွေ ကြီးထွားဖို့အရေး ခိုင်းနွားတစ်ကောင်လို လုပ်အားပေးခဲ့ရတယ်လို့ ဖွဲ့ခဲ့ဖူးပါတယ်..။ တကယ်တော့ ရွာလုံးကျွတ်အမျိုးသားတွေဟာ မလေးရှားသွား အလုပ်လုပ်တယ် ဆိုတဲ့အဖြစ်အပျက်မျိုးတွေ မြန်မာပြည်ကျေးလက်တွေမှာ ပြီးခဲ့တဲ့ နှစ်နှစ်ဆယ်အတွင်းမှာ ဖြစ်ပျက်ခဲ့ပါတယ်..။ ကျွန်တော်တို့ တောင်သူဦးကြီးများရဲ့ ဘ၀ကတော့ ဘယ်အစိုးရဘယ်ခေတ် မှာမဆို မစားရ၀ခမန်း ပျားရည်နဲ့ဝမ်းချတာမျိုးတွေလောက်သာ ကျေနပ်ခဲ့ရပါတယ်.. ။ လယ်သမားတွေ လယ်ယာမြေပိုင်ဆိုင်ခွင့် လုပ်ငန်းခွင်တိုးတက်ခွင့် အတွက်ကာကွယ်မှုတွေအတွက် အစည်းအရုံးတွေမရှိပဲ…။ ကုန်သည်လုပ်ငန်းရှင်များအကျိုးအတွက် ကုန်သည်ကြီးများအသင်းတွေသာ အစိုးရနဲ့အာဏာပိုင်နဲ့ ပလဲနံပသင့်ပြီ အရေးပေး အလေးထားခံခဲ့ရတဲ့ နှစ်ကာလတွေမှာ လယ်သမားတွေဘ၀ကတော့ လယ်ထွန်ရင်းထမင်းကြမ်းခဲကို နပ်မမှန်တဲ့ ခက်ခဲမှုတွေ… သဘာဝဘေး၊ မင်းဆိုးရာဇာဘေး၊ ကုန်သည်ပွဲစားရန် နဲ့ ဘ၀မနက်ဖြန်တွေဟာ တိုးတက်ရန်မရှိအခြေအနေတွေ မရင်ဆိုင်ရဖို့ ကျွန်တော်တို့ဟာ … သူတို့ရဲ့ တန်ဖိုးတွေ သူတို့ရဲ့လုပ်အားတွေ သူတို့ရဲ့ ရပိုင်ခွင့် တွေကိုတန်ဖိုးထား ထိန်းသိမ်းဖို့ ဂရုပြုဖို့လိုအပ်နေပါပြီ.။

နောက်တစ်ခုကတော့ ကျွန်တော်တို့… အလုပ်သမားတွေရဲ့ဘ၀မှာ ပြင်သစ်သမ္မတ ဂျက်ရှီးယက်ရဲ့ စကားတစ်ခွန်းကို ကျွန်တော် အမှတ်ရနေတာ ရှိပါတယ်..။ အဲဒါကတော့ ငွေဝယ်ကျွန်နေ့မှာ အမှတ်တရပြောခဲ့တာပါ.. ပြင်သစ်နိုင်ငံဟာ သမိုင်းထဲက ငွေဝယ်ကျွန်တွေအပေါ် အကျိုးအမြတ်ယူခဲ့မှုအပေါ် ၀မ်းနည်းမိတဲ့အကြောင်းနဲ့ ခေတ်ပေါ်ကျွန်စနစ်တွေကိုလည်း တိုက်ဖျက်သွားဖို့ သူကြိုးစားမယ် ဆိုတဲ့အကြောင်းလေးပါ..။ ငွေဝယ်ကျွန်စနစ်ကို ကမ္ဘာပေါ်မှာ အမေရိကန်သမ္မတကြီး အေဗရာဟင်လင်ကွန်းက ဖျက်သိမ်းခဲ့ပါတယ်..။ ဒါပေမယ့် ကမ္ဘာပေါ်မှာ ခေတ်ပေါ် ကျွန်ပြုမှု ပုံစံအမျိုးအစားတွေ အများကြီးဖြစ်ပေါ်နေတုန်းပါပဲ.။ အလုပ်သမားနဲ့ ကျေးကျွန်ကို တစ်တန်းထဲ ထားချင်တဲ့ လုပ်ငန်းရှင်တွေ ရေပ်ါဆီလူပေါ်ကျော့ လူချမ်းသာ လူတန်းစားတွေဟာ ရှိနေတုန်းပါပဲ..။ ၂၀၁၂ ဖေဖော်ဝါရီလ ၆ရက်နေ့မှာ ရန်ကုန်မြို့ လှိုင်သာယာ စက်မှုဇုန်က တိုင်ရီဖိနပ်စက်ရုံက အလုပ်သမားတွေ သပိတ်မှောက်ဆန္ဒပြပါတယ်.. သူတို့ဟာ တောင်းဆိုတာက လုပ်ခလစာစရိတ်ကို ခေတ်နဲ့လိုက်လျောညီထွေ ဖြစ်အောင် တောင်းဆိုတာပါ.. ပြီးတော့ သူတို့ရဲ့ လူမှုဘ၀လုံခြုံတိုးတက်ရေးကို တောင်းဆိုတာပါ.. သူတို့တောင်းဆိုတဲ့အချက်ဟာ တစ်နာရီ လုပ်ခ ၇၅ကျပ်ကနေ တစ်နာရီလုပ်ခ ၁၅၀ ကျပ်ရဖို့အရေးပါ.. အဲဒီတောင်းဆိုချက်ကလေးကို သူတို့ဟာ သပိတ်မှောက်ဆန္ဒပြပြီးတော့ တောင် တောင်းဆိုနေခဲ့ရတယ်ဆိုရင် သူတို့ဘ၀အခြေအနေဟာ ဘယ်လောက်တောင် ဖိနှိပ်အနိုင်ကျင့် ခေါင်းပုံဖြတ်ခံနေရလည်း ဆိုတာ ကျွန်တော်အနေနဲ့မတွေးဝံ့ရဲ စရာဖြစ်နေပါတယ်..။ ဒီနေ့ခေတ်က ကော်လံဖြူတွေ ပညာတတ် လူတန်းစားတွေ မီးခိုးတိတ် ထုတ်လုပ်မှုတွေအားကြီးနေတာမို့.. အလုပ်သမားလူတန်းစားတွေရဲ့ … နာကျင်ဆွံ့အနေရတဲ့ ခံစားမှုကို နားလည်ကြပါ့မလား.. အဲဒီအလုပ်သမားတွေဟာ နယ်စပ်ဖြတ်ကျော်လာတဲ့ နိုင်ငံတကာ ကော်ပိုရေးရှင်းတွေရဲ့ ခေါင်းပုံဖြတ်မှုကြောင့် သူတို့ရဲ့ ဘ၀တွေ အချိန်တွေ လုပ်အားတွေပါ ဆုံးရှုံးခံစားနေရပါတယ်… ။ ကျွန်တော်တို့ရဲ့ အံ့သြဖွယ် ပြည်ထောင်စုမှာ အာဏပိုင်တွေဟာ နိုင်ငံတကာကော်ပိုရိတ်ရဲ့ စီးအီးအိုတွေဆီက မျက်နှာသာရဖို့အရေး ကို ကိုယ်တိုင်းပြည်ရဲ့ အလုပ်သမားတွေရဲ့ ဘ၀ခံစားချက်လောက်ကို ခေါင်းထဲထည့် စဉ်းစားမနေပါဘူး..။ ဘာကြောင့်လည်း ဆိုတော့ အလုပ်သမားတွေကို အခြေခံ လုပ်ခ လစာကိုသတ်မှတ်ပြဠန်းပေးဖို့ကို အလုပ်ရှင်နဲ့ပဲ အလုပ်သမားပဲ ငြိကြပါ ဆိုပြီး အလုပ်သမားရေးရာ တာဝန်ရှိသူတွေက ခေါင်းရှောင်သွားခဲ့ပါတယ်..။ ခြစားမှုတွေ.. အများကြီးနဲ့ နိုင်ငံမှာ အလုပ်သမားထုအတွက် အမှန်တရားဟာ ဘယ်တရားရေး တိုက်ပွဲမှာမှ အနိုင်မရနိုင်တော့ပါဘူး..။ ဒါဟာ သိပ်သေချာလွန်း တဲ့အခြေအနေမှန်ပါပဲ.. ။ အလုပ်သမားတွေက သူတို့တောင်းဆိုနေတာ ဇိမ်ခံနိုင်ဖို့မဟုတ်ပါဘူး ..သူတို့တောင်းဆိုနေတာ အသက်ရှင်ရပ်တည်မှုကို လောက်ငအောင် အထောက်အပံ့ဖြစ်အောင် ဆင်းရဲကျပ်တည်းမှုကို ချူပ်တည်းထိန်းသိမ်းနေရတဲ့ ကြားက ဘယ်လိုမှဆက်လက် သည်းခံနိုင်စွမ်းမရှိလို့ ပေါက်ကွဲထွက်လာခဲ့ရတဲ့ ပြဿနာတစ်ရပ် ဖြစ်ပါတယ်..။ အလုပ်ရှင်အနေနဲ့ကတော့ အလုပ်သမားတွေဘ၀ ဖူလုံဖို့ထက် သူ့ခေါင်းပုံဖြတ် အမြတ်ငွေတွေ ဆထက်တပိုး တိုးတက်ဖို့ကိုပဲ စဉ်းစားပြီး.. ဒေသအာဏာပိုင်တွေကို လာဘ်လာဘပံ့ပိုးဖို့ပဲ ရွေးချယ်ကြမှာ..။ ဒါဟာ စွပ်စွဲတာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်..။ ဒါပေမယ့် ဒီအတိုင်း ဖြစ်သွားမှာက .. မြန်မာ့နိုင်ငံမှာ ဖြစ်တည်နေတဲ့ အခြေအနေအရတော့ မှန်ကန်တဲ့နည်းလမ်းပါပဲ..။ အဲဒီအလုပ်သမားတွေဟာ အိမ်နဲ့မိုင်းပေါင်းများစွာ အဝေးကြီးကနေ.. သူတို့ မိသားစုနှောင်ကြိုးတွေအတွက်.. တစ်ရပ်တစ်ကျေးဆီမှာ ခေါင်းပုံဖြတ် အနိုင်ကျင့်ခံရပြီး ရုန်းကန် လှုပ်ရှားနေကြရတဲ့သူတွေပါ… နှစ်ပေါင်းများစွာကြာလာခဲ့တဲ့ အခါမှာတော့ သူတို့ မိသားစုနှောင်ကြိုးတွေတောင် စွန့်လွှတ် ဆုံးရှုံးခဲ့ရတဲ့ နှောင်ကြိုးမဲ့ လူသားတွေဖြစ်လာခဲ့ပါတယ်..။ အသက်တွေကြီး … ကျန်းမာရေးဆောင့်ရှောက်ခံရမှုကင်းမဲ့ အိုနာစာရံပုံငွေမရှိ ပင်စင်မရ.. လုပ်သက်အကျိုးခံစားခွင့် ဘာမှမရှိ နောက်ဆုံးကျရင်တော့ သူတို့ရဲ့လုပ်အားကို ဂုတ်သွေးစုပ်လို့ မရတော့တဲ့အခါ ..သူတို့ရဲ့ ဘ၀တွေကို စက်ရုံပြင်ပမှာ ဘေးမဲ့ပေးခံရမယ့် အဖြစ်ဆိုးမျိုးသူတို့ ရင်ဆိုင်ရပါလိမ့်မယ်..။ သူတို့ဟာ ကော်ပိုရေးရှင်းများနဲ့ အကျင့်ပျက် အုပ်ချုပ်သူတွေကြားမှာ နှောင်ကြိုးတွေပါ ဖြတ်တောက်ခံခဲ့ရတဲ့.. ခေတ်ပေါ်ကျွန်ပြု ဂုတ်သွေးစုပ်တဲ့ စနစ်ဆိုးနဲ့ ရင်ဆိုင်နေကြရတာပဲ ဖြစ်ပါတယ်..။

ကျွန်တော်တို့ဟာ ဖွံ့ဖြိုးမှုနောက်ကျတဲ့ နိုင်ငံမှာနေရတဲ့ ပြည်သူတွေဖြစ်ပါတယ်.. ကျွန်တော်တို့ အတွေးအမြင်တွေဟာ ကမ္ဘာကြီးကို အရောင်စုံမြင်တတ်ပါတယ် .. အထက်ပါ အကြောင်းအချင်းအရာတွေအတွက် ကျွန်တော်တို့ ဖြေရှင်းနိုင်မယ့် တတိယနည်းလမ်းကို ရှာဖွေရမှာပါ..။ ကျွန်တော်အနေနဲ့ ကွန်မြူနစ်စနစ်ရဲ့ အားနည်းချက် အားသာချက်တွေကို လေ့လာခဲ့ဖူးတယ် အရင်းရှင်းစနစ် … စီးပွားရေးသစ် စစ်မျက်နှာတွေကိုလည်း လေ့လာနှစ်ခြိုက်ခဲ့သူပါ..။ ကျွန်တော်ဟာ မာစ့်တို့ အိန်ဂျယ်တို့ဝါဒကို..သဘောကျသလို အဒမ်စမစ်၊ ဂျွန်မေနပ်ကိန်းတို့ရဲ့ အတွေးအမြင်ကိုလည်း သဘောကျပါတယ်.။ တရုတ်ကွန်မြူနစ်ပါတီရဲ့ ရင်းနှီးမြုပ်နှံမှု ဒီမိုကရေစီကို သဘောကျသလို… အမေရိကန် သူဠေးတွေ ဖြစ်တဲ့ ၀ါရင်းဘက်ဖတ် ၊ ဘီဂိတ်တို့ရဲ့ လူမှုရေးကွန်မြူနတီကူညီကယ်ဆယ်ရေး ပိုက်ကွန်တွေကိုလည်း နှစ်ခြိုက်ပါတယ်..။ ဒီကြားထဲကမှာ ဒီကမ္ဘာကြီးထဲမှာ ဘယ်သူသေသေ ငတေမာ ပြီးရောဆိုတဲ့ ငွေကိုနတ်ဘုရားလို ကိုးကွယ်ပြီး.. တခြားလူမှု ဘ၀တွေကို စာနာမှု ကင်းမဲ့စွာအနိုင်ကျင့် စိုးမိုးချင်တဲ့ လူတန်းစားတွေရှိနေမှာကို အဖြစ်မှန်သဘောတရားအရ လက်ခံနေရပါမယ်..။ ဒါပေမယ့် ကျွန်တော်တို့ နေထိုင်သွားတဲ့ ကမ္ဘာကြီးကို ပိုမို ကောင်းမွန်ကျန်စေချင်ခဲ့ပါတယ်… အားလုံးကို မတတ်နိုင်ပေမယ့် တတ်နိုင်တဲ့ဘက်က ပြောဆိုဆွေးနွေးမျှဝေကြည့်တာပါ…။ တာဝန်ရှိသူတွေ တာဝန်သိပြီး အကောင်အထည် ဖော်နိုင်ရင် အကောင်းဆုံးဖြစ်မှာပဲလို့ မျှော်လင့်ရင်း…။

အောင်ပိုင်စိုး