မဇ္ဈိမဒေသ ၌ အလောင်းတော်မင်းသား ဖွားမြင်ချိန်ကာလတွင် သစ္စာတရားနှင့် ယင်းကိုရှာဖွေရာတွင် ၀ါဒပေါင်းများစွာ ဖြစ်ထွန်းပေါ်ပေါက်လျှက် ရှိကြ၏ ။ ၀ါဒပေါင်းများစွာအနက် ၆၂ ပါးသော ၀ါဒများကို ဒီဃနိကာယ် ဗြဟ္မာဇာလသုတ်၌ ဖော်ပြထားသည်ကို တွေ့ရ၏ ။ အသိဥာဏ်နယ်ပယ်၌ သစ္စာတရားနှင့် သော်လည်းကောင်း ၊ ယင်းကို ရှာဖွေတွေ့ရှိရေး နှင့် သော်လည်ကောင်း ပက်သက်သော ကြိုးပမ်းမှုများသည် ရုတ်ရုတ်သဲသဲ ဖြစ်ပေါ်လျှက် ရှိကြ၏ ။ ထို့အပြင် တွေးခေါ်ရှင်တို့ သည် ဤ သို့သောမေးခွန်းများကို မေးမြန်းကြလျက် ရှိကြ၏ ။ ။

` တမလွန်လေက ရှိသလား၊ သို့မဟုတ် မရှိဘူးလား ´

` သေပြီးနောက်အသက်ဝိဥာဉ် ရှိသလား၊ သို့မဟုတ် မရှိဘူးလား ´

` ကံဟူသည် ရှိသလား၊ သို့မဟုတ် မရှိဘူးလား ´

` ကံ၏ အကျိုးသည် ရှိသလား၊ သို့မဟုတ် မရှိဘူးလား ´

ဤသို့ စသည်ဖြင့် ဘာသာရေးနှင့် ပက်သက်သော မေးခွန်းများစွာကို မေးခဲ့ကြ၏ ။ ထိုမေးခွန်းများ၏ အဖြေများကိုလည်း ရရှိနိုင်ရန် ကြိုးပမ်းခဲ့ကြ၏ ။

ကြိုးပမ်းသူများကို အုပ်စုဖွဲ့လိုက်သော် အုပ်စုနှစ်စုကို ရ၏ ။ သမဏအုပ်စုနှင့် ဗြာဟ္မဏအုပ်စုတို့ ဖြစ်ကြ၏ ။ သမဏအုပ်စုသည် ဝေဒ၏ အဆိုအမိန့်များကို လက်မခံသော အုပ်စုဖြစ်၏ ။ ထို့ကြောင့် သမဏအုပ်စု ကို `အဝေဒိက´ ဟူ ၍ဆို၏ ။ သာမဏတို့သည် ဝေဒလမ်းစဉ်ဖြစ်သော ယဇ်ပူဖော်မှုကို လုံးဝလက်မခံ။ သမဏတို့၏ အမြင်၌ ယဇ်ပူဇော်မှုသည် အကျိုးမရှိ ။ အကယ်၍ ရှိသည် ဆိုလျှင်လည်း သစ္စာနှင့်မပက်သက်သော အကျိုးသာ ရှိချင်ရှိမည်။

သမဏတို့ ယုံကြည်သော လမ်းစဉ်ကား `တပ´ လမ်းစဉ်ဖြစ်၏ ။ တပသည် အမျိုးမျိုး ရှိ၏ ။ သို့ရာတွင် တပ ဟူသမျှသည် ကိုယ်ခန္ဓာကို ညှဉ်းဆဲမှု `အတ္တကိလ မထာနုယောဂ´ ကျင့်စဉ် ၌ ၀င်သည်ချည်း ဖြစ်၏ ။ ထိုခေတ်က သမဏတို့သည် ယနေ့ခေတ် ဝေါဟာရဖြင့် ဆိုရလျှင် ဘာသာရှိ သဘောကို ဆောင်သည်လည်း ရှိ၏ ။ ဘာသာမဲ့ သဘောကို ဆောင်သည်လည်း ရှိ၏ ။ သို့ရာတွင် မည်သည့် သဘောကို ဆောင်ဆောင် သမဏတို့သည် ဗြဟ္မာ သို့မဟုတ် ထာဝရဘုရားကို မယုံကြည်သူများ ဖြစ်ကြ၏ ။

ထိုခေတ် ဝေါဟာရဖြင့် `ဘာသာရှိ´ ကို `အသ္တိက´ ဟုဆို၏ ။ `ဘာာသာမဲ့´ ကို `နာသိတ္တက´ဟုဆို၏ ပါဏိစ္စဆရာ၏ အလိုအားဖြင့် ဆိုရလျှင် တမလွန်ရှိသည်ဟု ယုံကြည်ပါက အသ္တိက မည်၏ ။ တမလွန် မရှိဟု ယုံကြည်ပါက နာသ္တိက မည်၏ ။ ထိုသို့လျှင် သစ္စာတရားနှင့် ပက်သက်၍ သော်လည်းကောင်း အမြင်ချင်း၊ ကျင့်ကြံမှုချင်း မတူသော အုပ်စုနှစ်စု သို့မဟုတ် ဂိုဏ်းနှစ်ဂိုဏ်းသည် အစ မသိလောက်သော ကာလမှစ၍ မဇ္ဈိမဒေသ၌ အပြိုင်ဖြစ်ထွန်း ပေါ်ပေါက်လျက် ရှိကြ၏ ။ အပြိုင်ဆိုသည့်အတိုင်း အချင်းချင်းပြိုင်လျက် ရှိကြ၏ ။ အချင်းချင်း ပြိုင်ရင်းကပင် တစ်ဂိုဏ်းက တစ်ဂိုဏ်းအပေါ် အထိုက်အလျောက် သြဇာသက်ရောက်လျက်ရှိ၏ ။

ထိုဂိုဏ်း နှစ်ဂိုဏ်းတို့တွင် သမဏဂိုဏ်းသည် အိမ်ရာမထောင်သော ဂိုဏ်းဖြစ်၏ ။ ဗြာဟ္မဏဂိုဏ်းသည် အိမ်ရာထောင်သော ဂိုဏ်းဖြစ်၏ ။ သမဏဂိုဏ်းက ဦးပြည်းဖြစ်၍ ဗြာဟ္မဏဂိုဏ်းက ဆံပင်နှင့်ဖြစ်၏ ။ သမဏဂိုဏ်း သည်သစ္စာကို ရှာဖွေမှု ၌ဆရာထား၏ ။ ဆရာ၏လမ်းညွှန်မှု အတိုင်းလိုက်နာကြ၏ ။ ထိုကြောင့် သမဏတို့သည် ဂိုဏ်း သို့မဟုတ် သင်္ဃာနှင့် အစုအဝေးအလိုက် နေထိုင်ကြ၏ ။ ဗြာဟ္မဏတို့သည် ထိုကဲ့သို့ မနေထိုင်ကြ ။ ဝေဒဓမ္မ၏ လမ်းညွှန်မှု အတိုင်း လိုက်နာကြ၏ ။ မန္တန်ကို ရွတ်ကြ၏ ။ ဗြဟ္မာ၏ ဂုဏ်တော်ကို ပွားကြ၏ ။ ယဇ်ကို ပူဇော်ကြ၏ ။ မင်္ဂလာကို ပြုကြ၏ ။ အာပတ်ကို ဖြေကြ၏ ။

ဤသို့ပြုခြင်းအားဖြင့် တမလွန်၌ နတ်ပြည်သို့ရောက်၏ ။ ပစ္စုပ္ပန်၌လည်း စည်းစိမ်ချမ်းသာများကို ရရှိ၏ ဤသို့ ဗြာဟ္မဏများက ယုံကြည်ကြ၏ ။ ယဇ်ပူဇော်မှုကို ပြုရာတွင် တိရစ္ဆာန်များကို သတ်၍ ပူဇော်သည်အထိ ဆောင်ရွက်ကြ၏ ။ ထိုသို့ ဆောင်ရွက်ပါသော်လည်း ဝေဒ၏ သွန်သင်ချက်အရ ယဇ်ပူဇော်ရန် သတ်ဖြတ်ခြင်း ဖြစ်၍ အပြစ်မရှိဟု ဗြဟ္မဏများက ယုံကြည်ကြ၏ ။ ယဇ်ပူဇော်ရန် အတွက် သတ်ခြင်းမဟုတ်ဘဲ အခြားအကြောင်းများကြောင့် သတ်ဖြတ်ခြင်းဖြစ်လျှင် မူ အပြစ်ရှိသည်ဟု ဗြာဟ္မဏများက ယုံကြည်ကြ၏ ။ ယဇ်ပူဇော်ရန်အတွက် သတ်ဖြတ်ခြင်းမဟုတ်ဘဲ အခြားအကြောင်းများကြောင့် သတ်ခြင်းဖြစ်လျှင်မူ အပြစ်ရှိသည်ဟု ဗြာဟ္မဏများက ယုံကြည်ကြ၏ ။

ဗြာဟ္မဏများသည် ယဇ်ပူဇော်ရန် မဟုတ်ဘဲ သူ့အသက်ကို သတ်ခြင်း၊ သူတစ်ပါး ဥစ္စာကိုမတော်မတရား ယူခြင်း၊ မုသားပြောဆိုခြင်း စသော ဒုစရိုက်တို့မှ ရှောင်ကြဉ်ကြ၏ ။ သူတို့သည် ရိုးသားကြ၏ ။ ကံ ကံ၏ အကျိုးကို ယုံကြည်ကြ၏ ။ သို့ရာတွင် ဤနေရာ ၌ ဘက်လိုက်မှုရှိ၏ ။ လောကအမြင်အရ ဒုစရိုက်ဟု သတ်မှတ်ထားသော လုပ်ရပ်တစ်ခုသည် ဝေဒအတွက် ဖြစ်ပါက ဒုစရိုက် မဟုတ်တော့ဘဲ သုစရိုက် ဖြစ်သွားရ၏ ။ သူတို့ ၏ လုပ်ငန်းမှာ ပညာသင်ယူမှု နှင့် ပညာသင်ပေးမှု ဖြစ်၏ ။ မြန်မာစကားပုံ ၌ ` ၀ိနည်းတတ် ကြက်သတ်´ ဟူသည့် အတိုင်း ၀ိနည်းတတ်ပါက အာပတ်မသင့်ရအောင် ကြက်ကို သတ်တတ်သကဲ့သို့ ဗြာဟ္မဏတို့သည် အမျိုးလေးပါးတွင် အမြင့်ဆု့းအမျိုး ဖြစ်၏ ။ အရှင်လတ်လတ်က နတ်ဖြစ်သွားသော `လူသားနတ်´ ဖြစ်၏ ။ ဗြာဟ္မဏတို့သည် အစ ပထမ၌ ရိုးသားဖြူစင် ၍ အလိုရမ္မက်နည်းပါးသူများ ဖြစ်ကြသော်လည်း နောက်ပိုင်း ၌ ကောကျစ်စဉ်းလဲ ၍ အလိုရမ္မက်ကြီးသူများ ဖြစ်လာကြ၏ ။

ထို့ကြောင့် သူတို့သည် အရှင်လတ်လတ်က နတ်ဖြစ်သွားသော အဆင့်သို့ ရောက်အောင် ကောက်ကျစ် စဉ်းလဲမှု၊ အလိုရမ္မက်ကြီးမှုတို့ကြောင့် မရမနေ ရအောင်ယူခြင်း ဖြစ်၏ ။ ထိုအခါ ဗြာဟ္မဏတို့သည် အဆင့်အားဖြင့် တဖြည်းဖြည်း နိမ့်သွားကြလေ၏ ။

သမဏတို့ သည်လည်း မိမိတို့၏ တပအကျင့်ကို များစွာတန်ဖိုးထားကြ၏ ။ ဤနေရာ ၌ သမဏဟူသည် မြတ်စွာဘုရား ၏ တပည့်သာဝက သမဏများ မဟုတ်ကြ။ မြတ်စွာဘုရား ပွင့်တောမမူမီ ကာလကပင် ရှိနှင့်နေပြီး ဖြစ်သော သမဏများ ဖြစ်ကြ၏ ။ နတ်ပြည်သို့ ရောက်သွားကြသည်မှာ ယဇ်ပူဇော်မှုကြောင့် ရောက်သွားကြသည် မဟုတ်၊ တပကို ကျင့်သောကြောင့်သာ ရောက်သွားခြင်း ဖြစ်၏ ။ ဤသို့ သမဏများက ယုံကြည်ကြ၏ ။

ပိဋိကတ်တော်များ၌မူ တပအကျင့်ကို ကျင့်သူကို တာပသ ဟုဆို ၏ ။ တာပသကို မြန်မာဝေါဟာရဖြင့် ရသေ့ဟုပြန်ဆို၏ ။ ဤနေရာ ၌ တာပသ အမည်ရသူ အားလုံးကို သမဏဟု ဆိုခြင်း ဖြစ်ပါ၏ ။ သမဏတို့၏ အကျင့်တပ များကို သင့်လျော်သလို ပြုပြင်၍ ဗြာဟ္မဏတို့ ယူကြပြန်၏ ။ ဗြာဟ္မဏတို့သည် မိမိတို့ ယူသော တပအကျင့်ကို ၀ဲခါနသ ဟူ၍ အမည်ပြောင်းလဲပြီး ခေါ်ကြ၏ ။ နောက်ပိုင်း မြတ်စွားဘုရား၏ တပည့်သံဃာများ ပေါ်ပေါက်လာသောအခါ တပကို ဓုတင်္ဂ ဟူသော အမည်ဖြင့် ကျင့်သုံးကြ၏ ။

ထို့ကြောင့် တပဟူသည် မြတ်စွာဘုရား ပွင့်တော် မမူမီ ကာလက ရှိနှင့် ပြီးသော သမဏတို့၏ ကျင့်စဉ်တမျိုး ဖြစ်၏ ။ ယင်းကိုပင် သင့်လျော်သလို ပြုပြင်၍ ဗြာဟ္မဏတို့ ၀ဲခါနသ အမည်ဖြင့် ကျင့်သုံး၏ ။ ယင်းကိုပင် တစ်ဖန်ပြုပြင် ၍ မြတ်စွာဘုရား၏ တပည့်သာဝကများက ဓုတင်္ဂ အမည်ဖြင့် ကျင့်သုံး၏ ။ ၀ဲခါနသ အမည်ရစဉ်က ကာမသုခလ္လိကာ နုယောဂ သဘောကို ဆောင်၏ ။ ဓုတင်္ဂ အမည်ရသော အခါမှသာ မဇ္ဈိမပဋိပဒါ သဘောကို ဆောင်၏ ။

မြတ်စွာဘုရား၏ သာသနာတော်သည် အရှေ့မှ အနောက်သို့ သွား၏ ။ ထို့ကြောင့် အရှေ့ဘက်ဒေသ၌ ဗြာဟ္မဏတို့၏ အရှိန်အ၀ါ လွှမ်းမိုးမှု နည်းသဖြင့် မြတ်စွာဘုရား၏ သာသနာတော်သည် ရှင်းလင်း၏ ။ လွယ်ကူ၏ ။ သန့်စင်၏ ။ အနောက်ဘက်ဒေသ၌မူ ဗြာဟ္မဏတို့၏ အရှိန်အ၀ါ လွှမ်းမို့းမှု အားကောင်းသဖြင့် မရှင်းလင်း မလွယ်ကူ မသန့်စင်။ ထို့ကြောင့် ဓုတင်္ဂကျင့်စဉ်သည် မဇ္ဈိမဒေသ၏ အနောက်ပိုင်းဘက်၌ အလေးအမြတ်ပြုခြင်း ခံရသော ကျင့်စဉ် ဖြစ်သည်ဟု ပညာရှင်များက ဆိုကြ၏ ။ သို့ရာတွင် ဓုတင်ကျင့်စဉ်သည် ယနေ့ သာသနာတော် တစ်ရပ်လုံး၌ အလေးအမြတ်ပြုခြင်း ခံရသော ကျင့်စဉ် ဖြစ်နေလေပြီ ။

သစ္စာတရားနှင့် ပက်သက်၍ သော်လည်းကောင်း၊ သစ္စာတရားကို ရှာဖွေတွေ့ရှိရေးနှင့် ပက်သက်၍ သော်လည်းကောင်း ပညာရှင်များသည် လက်ရှိ အခြေအနေကို မကျေနပ်၍ တော်လှန်သော သဘောဖြင့် ယောက်ယက်ခတ်မှု ကြိုးပမ်းနေကြချိန်တွင် သိဒ္ဓတ္ထမင်းသားကို ဖွားမြင်ခဲ့၏ ။ သိဒ္ဓတ္ထမင်းသား ဖွားသက္ကရာင်္ဇမှာ မဟာ သက္ကရာဇ် ၆၈ ခုနှစ် ကဆုန်လပြည့် သောကြာနေ့ ဖြစ်၏ ။ ဖခမည်းတော်မှာ သုဒ္ဓေါဒန ဖြစ်၍ မယ်တော်မှာ မာယာဒေ၀ီ ဖြစ်၏ ။ မျိုးနွယ်စဉ်မှာ သကျဝံသ ဖြစ်၏ ။ အမျိုးမှာ ခတ္တိယ ဖြစ်၏ ။ အနွယ်မှာ ဂေါတမ ဖြစ်သည်။

ထိုအချိန်က မဇ္ဈိမဒေသ၏ အရှေ့ဘက်၌ ခတ္တိယတို့သည် အရှိန်အ၀ါထွန်းပကြ၏ ။ မာယာဒေ၀ီ၏ ဖခမည်းတော်သည် ဇနက ဖြစ်၏ ။ သူသည် ခတ္တိယဖြစ်၏ ။ နေပြည်တော်မှာ မိတ္ထီလာ ဖြစ်၏ ။ ဇနကမင်းကြီးသည် ဗြာဟ္မဏ၀ါဒကို ဗြာဟ္မဏတို့အား သင်ကြားပို့ချပေးနေသူ ဖြစ်၏ ။ ဗြာဟ္မဏ၀ါဒနှင့် ပက်သက်လာလျှင် ဤမျှလောက် တတ်သူ တော်သူ ဖြစ်၏ ။ သုဒ္ဓေါဒန မှာလည်း ခတ္တိယပင် ဖြစ်၏ ။ အရှေ့ဘက်ဒေသ၌ အမျိုးလေးပါးကို စဉ်ရာတွင် ခတ္တိယသည် အမြင့်ဆုံးနေရာ၌ ရှိ၏ ။ အနောက်ဘက်ဒေသတွင်မူ ခတ္တိယသည် ဒုတိယနေရာ၌သာ ရှိ၏ ။ အမှန်အားဖြင့် ခတ္တိယနှင့် ဗြဟ္မဏတို့သည် ထိပ်ဆုံးနေရာကို ရရှိရေးအတွက် အပြိုင်ဖြစ်ကြ၏ ။ ထိပ်ဆုံးနေရာကို ရမှဝါဒတစ်ရပ်ကို ထူထောင်မှု ၌ အောင်မြင်၏ ။

သကျဝံသ၏ မြို့တော်သည် သက္ကတိုင်း ကပိလ၀တ္တုဖြစ်၏ ။ ကပိလ ၀တ္ထု နိုင်ငံတော်သည် ကြီးမား၍ ကျယ်ပြန့်လှသော နိုင်ငံတော် မဟုတ်။ ထိုခေတ် ထိုအခါက ရှိမြဲဖြစ်သော သူလို ငါလို နိုင်ငံတော်မျိုးသာ ဖြစ်၏ ။ ထို့ကြောင့် ဘုန်းလက်ရုံးနှင့် ပြည့်စုံသော မင်းသားပေါ်ထွန်းရေးကို အားလုံးက တောင့်တကြ၏ ။ ထိုသို့ တောင့်တနေချိန်တွင်ပင် ဘုန်းလက်ရုံးနှင့် ပြည့်စုံသော မင်းသားသိဒ္ဓတ္ထကို ဖွားမြင်လိုက်ရာ သုဒ္ဓေါဒနမင်းကြီး နှင့်တကွ ဆွေတော် မျိုးတော်တို့ မှ စ၍ တစ်နိုင်ငံလုံး ၀မ်းမြောက်ဝမ်းသာ ဖြစ်ကြ၏ ။ သကျဝံသတို့သည် မိမိတို့၏ နိုင်ငံတော်ကို ဤကမ္ဘာမြေပြင်တွင် အကြီးမားဆုံးသော၊ တစ်ခုတည်းသော နိုင်ငံတော်အဖြစ်သို့ ရောက်အောင် အာဏာစက် ဖြန့်လိုကြ၏ ယခု ဖြန့်နိုင်သော ဘုန်းတန်ခိုး အာနုဘော်နှင့် ပြည့်စုံသော မင်းသားသည် သူတို့၏ နိုင်ငံတော်၌ ဖြစ်ပေါ်ခဲ့လေပြီ။ ထို့ကြောင့်သူတို့သည် အာဏာစက် ဖြန့်နိုင်ကြပြီ။ သူတို့သည် ဤသို့တွေး၍ ပျော်ကြခြင်းဖြစ်၏ ။

သို့ရာတွင် သိဒ္ဓတ္ထမင်းသားသည် သူတို့မျှော်လင့်ထားသည့်အတိုင်း ဤကမ္ဘာမြေပြင်၌ တစ်ခုတည်းသော နိုင်ငံတော်ကို တည်ဆောက်ရန်မကြိုးပမ်းဘဲ ဘုရားဖြစ်ရန် တောထွက်သွားမည်ကို သူတို့မသိကြ ။ တောထွက်မသွား နိုင်အောင်လည်း နှောင်ဖွဲ့ကြ၏ ။ နှောင်ဖွဲ့ခြင်းကပင် အလောင်းတော်မင်းသား၏ တောထွက်လိုစိတ်ကို မြေတောင်မြှောက်ပေး နေမှန်း သူတို့မသိကြ ။ မသိ၍သာ သကျဝံသ တို့သည် မိမိတို့ မျှော်လင့်ချက်နှင့် မိမိတို့ ပျော်နေကြခြင်း ဖြစ်၏ ။ သူတို့၏ ပျော်ရွှင်မှုကား စစ်မှန်သော ပျော်ရွှင်မှုမဟုတ်၊ တစ်နေ့တွင် ၀မ်းနည်းကြရမည့် ပျော်ရွှင်မှုသာ ဖြစ်၏ ။ ၀မ်းနည်းမှုကို ရင်ဝယ်ပိုက်ထားသော ပျော်ရွှင်မှုဟု ဆိုလျှင် ပို၍ နားလည်ဖွယ်ရှိ၏ ။ အစ ပထမ၌ သိဒ္ဓတ္ထမင်းသားသည် ခတ္တိယယဖြစ်၏ ။ တောထွက်ချိန်မှစ၍ ခတ္တိယ မဟုတ်တော့၊ လူအားလုံးနှင့်ဆိုင်လာ၏ ။ လူအားလုံးတို့ ၏ သိဒ္ဓတ္ထ ဖြစ်လာ၏ ။ ခတ္တိယတို့၏ သိဒ္ဓတ္ထ မဟုတ်။ ဘုရားဖြစ်သော အခါ၌ကား လူအားလုံးတို့၏ သိဒ္ဓတ္ထပင် မဟုတ်တော့။ လူ နတ် ဗြဟ္မာ သတ္တ၀ါ အားလုံးတို့၏ သိဒ္ဓတ္ထ ဖြစ်လာ၏ ။

မြတ်စွာဘုရား ပွင့်တော်မမူမီ ကာလက မဇ္ဈိမဒေသတွင် တိုင်းကြီး ၁၆ တိုင်း ရှိသည်ဟု ဆို၏ ။ မြတ်စွာဘုရား ပွင့်တော်မူပြီးနောက် ထိုတိုင်းကြီး ၁၆ တိုင်းကို ဘုန်းလက်ရုံးနှင့် ပြည့်စုံသော မင်းများက တဖြည်းဖြည်း သိမ်းပိုက်ကြလေရာ မြတ်စွာဘုရား ပွင့်တော်မူချိန်တွင် ထင်ထင်ရှားရှား နိုင်ငံကြီး လေးနိုင်ငံသာ ရှိတော့၏ ။ ထိုတိုင်းကြီး ၁၆တိုင်း သည် သင့်လျော်သလို နိုင်ငံကြီး လေးနိုင်ငံ၌ ပူပေါင်းသွားကြ ၏ ။

(၁) မာဂဓတိုင်း - ယင်းသည်အင်္ဂတိုင်းနှင့် ပူးပေါင်း ပါဝင်သွား၏ ။ နေပြည်တော်မှာ ရာဇဂြိုဟ်ဖြစ်၍ မင်းမှာ ဗိမ္ဗိသာရဖြစ်၏ ။

(၂) ကောသလတိုင်း - ယင်း၌ ကာသိတိုင်း ပူးပေါင်း ပါဝင်သွား၏ နေပြည်တော်မှာ သာဝတ္ထိဖြစ်၍ မင်းမှာ ပေဿနဒီ ကောသလဖြစ်၏ ။

(၃) ၀ံသတိုင်း - ယင်း၏ နေပြည်တော်မှာ ကောသမ္ဗီဖြစ်၏ ။ မင်းမှာ ၀စ္ဆရာဇာဥဒယန ဖြစ်၏ ။

(၄) အ၀န္တီတိုင်း - နေပြည်တော်မှာ ဥဇ္ဇေနီဖြစ်၍ မင်းမှာ စန္ဒပဇ္ဇောတဖြစ်၏ ။

ဤနိုင်ငံကြီးလေးနိုင်ငံ၏ မြို့တော်ကြီးများသည် နောင်အခါ မြတ်စွာဘုရား၏ သာသနာတော် ပြန့်ပွားရာ ဗဟိုချက်မကြီးများ ဖြစ်လာပေလိမ့်မည် ။

သိဒ္ဓတ္ထမင်းသားသည် မင်းသားတို့ တတ်အပ်သော အတတ်ပညာများကို ပြည့်စုံစွာ တတ်မြောက်ခဲ့ပြီ။ ကမ်းတစ်ဖက်ရောက် တတ်မြောက်ခဲ့ပြီ ။ ယသောဓရာဒေ၀ီ ကိုလည်း မိဖုရားအဖြစ် သိမ်းပိုက်ပြီးပြီ။ အသိဥာဏ် ဟူသမျှသည် ဥပါဒါန်ကို အခြေခံသည်ချည်း ဖြစ်လေရာ ဥပါဒါနပစ္စယာ ဘဝေါအရ ဘ၀ကို တည်ဆောက်ရာတွင် သိဒ္ဓတ္ထမင်းသား၏ ဥပါဒါန်က တစ်မျိုး ၊ ကျန်ပုဂ္ဂိုလ်များ၏ ဥပါဒါန်က တစ်မျိုး ။ ထိုကြောင့် အမြင်ချင်း မတူခြင်း ဖြစ်၏ ။ သန္တိသုခကို တွေ့ရှိခြင်းဟူသည် အရိယာသစ္စာကို တွေ့ရှိခြင်းပင် ဖြစ်၏ ။ ထို့ကြောင့် အရိယာသစ္စာကို မတွေ့တွေ့အောင် ရှာရန် သိဒ္ဓတ္ထမင်းသားသည် ဆုံးဖြတ်လိုက်၏ ။

သိဒ္ဓတ္ထမင်းသား သည် တစ်ခုသောညဉ့်တွင် နန်းတော်ကို စွန့်ခွာကာ တောထွက်တော်မူ၏ ။ အရိယာသစ္စာကို မတွေ့တွေ့အောင်ရှာရန်ဖြစ်၏ ။ အလောင်းတော်မင်းသားသည် အနော်မာမြစ်၏ တစ်ဖက်ကမ်းသို့ ရောက်သောအခါ မိမိနှင့် အတူပါလာသော ဆန္နအမတ်ကိုလည်း ပြန်လွှတ်၏ ။ ကဏ္ဍကမြင်းကိုလည်း ပြန်လွှတ်၏ ။ မိမိမူကား ရဟန်းပြုလေ၏ ။ မိမိ၏ ဆံတော်ကို သိကြားမင်းက တာဝတိံသာ၌ စူဠာမဏိစေတီ တည်၍ ယင်း၌ ဠာပနာ၏ ။ မိမိ၏ ၀တ်လဲတော်ကို ဃဋိကာရ ဗြဟ္မာက အကနိဋ္ဌာဘုံ၌ ဒုဿစေတီတည် ၍ ယင်း၌ ဌာပနာ၏ ။ ဘုရားအဖြစ်သို့ မရောက်သေးမီကပင် အလောင်းတော်၏ အသုံးအဆောင်များသည် စေတီထိုက်လေပြီ ။

အလောင်းတော်မင်းသားသည် အာဠရ ရသေ့ထံမှ လောကီသမာပတ် ခုနစ်ပါးကိုလည်းကောင်း ၊ ဥဒကရာမပုတ္ထထံမှ လောကီသမာပတ် ရှစ်ပါးကို လည်းကောင်းရရှိတော်မူခဲ့၏ ။ သို့ရာတွင် လောကီသမာပတ် ရှစ်ပါးသည် သံသရမှ ထွက်မြောက်ကြောင်း အရိယာသစ္စာ မဟုတ်သေးသည်ကို သိရသဖြင့် အရိယာသစ္စာကို ဆက်လက်ရှာဖွေရေးအတွက် အလောင်းတော်မင်းသားသည် သချာင်္ဒဿန ဂိုဏ်းဆရာကြီး များဖြစ်သော အာဋ္ဌာရ နှင့် ဥဒကရာမပုတ္တ ရသေ့ကြီးနှစ်ပါးထံမှ ထွက်ခွာခဲ့၏ ။

အလောင်းတော် မင်းသားသည် ဥရုဝေဠတောသို့ ချဉ်းကပ်ကာ တပအကျင့်ကို ခြောက်နှစ်တိုင်တိုင် ကျင့်လေ၏ ။ ပဉ္ဖ၀ဂ္ဂီငါးပါးတို့ကလည်း အလာင်းတော်အား ပြုစုလုပ်ကျွေးကြ၏ ။ သို့ရာတွင် အလောင်းတော်မင်းသားသည် ထိုအချိန်က ကျင့်နည်းလွဲမှားနေသဖြင့် သဗ္ဗညုတဥာဏ်ရှင် ဘုရားသခင်အဖြစ်သို့ ရောက်တော်မမူခဲ့ချေ။ ဘုရားအဖြစ်သို့ ရော်တော်မမူသေးသောကြောင့် သူတည်ထောင်လိုသော နိုင်ငံတော်ကို မတည်ထောင်နိုင်သေးပါချေ။

သူတည်ထောင်လိုသော နိုင်ငံတော်ကား သကျဝံသတို့ မျှော်မှန်းထားသော စကြ၀တေးနိုင်ငံတော်မဟုတ်၊ အရိယာနိုင်ငံတော်သာ ဖြစ်၏ ။ စကြ၀တေး နိုင်ငံတော်၏ ချမ်းသာသည်လည်း ချမ်းသာဖြစ်သည် မှန်ပါ၏ ။ သို့ရာတွင် ထိုချမ်းသာကား ` သိမ်းပိုက်ခြင်း´ လောဘအပေါ် ၌ တည်ဆောက်ထားသော ချမ်းသာဖြစ်၏ ။ ထို့ကြောင့် ပူလောင်လှပါ ၏ ။ အရိယာ နိုင်ငံတော်၏ ချမ်းသာသည် သာလျှင် ချီးမြှောက်ခြင်း အလောဘအပေါ် ၌ တည်ဆောက်ထားသော ချမ်းသာဖြစ်၏ ။ ထို့ကြောင့် ပူလောင်လှပါ ၏ ။ အရိယာနိုင်ငံတော်၏ ချမ်းသာသည် သာလျှင် ချီးမြှောက်ခြင်း အလောဘအပေါ်၌ တည်ဆောက်ထားသော ချမ်းသာဖြစ်၏ ။ ထို့ကြောင့် ငြိမ်းချမ်းလှပါ၏ ။ တစ်ခုသောနေ့တွင် သူတည်ထောင်လိုက်သော အရိယာနိုင်ငံတော်၏ ငြိမ်းချမ်းလှသော ချမ်းသာကို ကိုယ်တွေ့ ကြုံစေအံ့ ဟူ၍ ကြုံးဝါးရင်း အလောင်းတော် မင်းသားသည် ဆက်လက် ကျင့်ကြံ ကြိုးကုတ် အားထုတ်လျက်ပင် ရှိပါလေ၏ ။

ဦးရွှေအောင်

မဟာဝိဇ္ဇာ (သက္ကတ)၊ ၀ဋံသကာ နှင့် သိရောမဏိ