အုပ်စိုးသူ မင်းစိုးရာဇာမှန်သမျှ မိမိ တန်ခိုးအာဏာ ခိုင်မြဲတည့်တံ့ကြီးပွား တိုးတက်စေချင်ရင် ပရိယာယ်များများနဲ့ လှည့်စားရမယ်၊ လိမ်ရမယ်၊ ညာရမယ် အာဏာကိုသုံးပြီး မညှာမတာ ဖိစီးနှိပ်စက်သုတ်သင်ရမယ် ဆိုတဲ့ အကြံဥာဏ်တွေ ကြောင့် အများတကာရွံ့မုန်းတဲ့ အီတလီ (Italian) လူမျိုး  ဒဿန နိကပညာရှင်ဟာ နစ်ကိုလိုမက်ခီယာဗယ်လီ (Niccolo Machiavelli) ဖြစ်ပါတယ်။
            ဘယ်နေရာမှာမှ ဒါမျိုး ဒါလုပ်လို့ မသင့်ပါကလားလို့ ဆုတ်ဆိုင်းခြင်းမရှိတဲ့၊ လူအများက လူယုတ်မာလို့ အခေါ်ခံရတဲ့လူက ကမ္ဘာမှာ အယုတ်တမာတွေပဲ လုပ်နေကြတာမဟုတ်လား။ ဟန်ကောင်းကောင်းနဲ့ စကားလှလှပြောပြီး တကယ်တမ်းတော့ ယုတ်မာကြတာပါပဲ။ ငါ့လို ဗြောင်ပြောပြီး ဗြောင်မလုပ်ရဲကြတာ တစ်ခုပဲ ကွာခြားတယ်။ အဲဒါကို ထောက်ခံကျေနပ်တဲ့ လူတွေလည်းရှိပါတယ်။ သူရေးတဲ့ စာတွေကို နိုင်ငံရေးသမားတွေ ဒဿနိကဆရာတွေပါ အသေးစိတ်လေ့လာ ကြတယ်။ အဲဒီလောက် ဂရုတစိုက်ဖတ်ကြ၊ လေ့လာကြတဲ့စာမျိုးက နည်းတယ်။ အဲဒါလည်း အံ့သြစရာတစ်ခု ဖြစ်ပါတယ်။
            မက်ခီယာဗယ်လီ (Machiavelli) ကို အီတလီ( Italy)၊ ဖလောရဲင့်စ် (Florence) မှာ ၁၄၆၉က မွေးဖွားခဲ့ပါတယ်။ အဖေရှေ့နေ၊ ဂုဏ်ကြီးတဲ့ မျိုးနွယ်က ဆင်းသက်တယ်။ ဓနစည်းစိမ် ပါးရှားတယ်။ အီတလီ မှာ ရှေးစာပေပညာတွေ ပြန်ပြီးလေ့လာတဲ့ ရီနေဆန့် (Renaissance) ခေတ်က ပြင်သစ် (France)၊ စပိန် ( Spain)၊ အင်္ဂလန် (England) လိုပေါင်းစည်း ညီညွတ်စည်ပင်ချိန်နဲ့ ဆန့်ကျင်ဘက်၊ အီတလီ က အစိပ်စိပ် အမြွှာမြွာ ကွဲနေချိန်ဖြစ်လို့ ဓလေ့အရာမှာ ပြောင်မြောက်ကြီးကျယ်ပေမယ့် နိုင်ငံရေးအရ အားနည်းနေချိန်ဖြစ်ပါတယ်။
            မက်ခီယာဗယ်လီ အရွယ်ရောက်တဲ့အခါ ဖလော့ရင်စ့်ကို မဲဒီစီ ( Medici) မင်းဆက် အသရေရှင် လော်ရန်ဇို (Lorenzo) အုပ်ချုပ်နေချိန်ဖြစ်ပါတယ်။ ဒါပေမယ့် လော်ရန်ဇို နတ်ရွာစံပြီးတဲ့ ၁၄၉၂ နောက်မကြာမီ မဲဒီစီ တွေကို ဖလောရင်စ့်က မောင်းထုတ်လိုက်ပြီး ပြည်ထောင်စု သမ္မတနိုင်ငံဖြစ်သွားတယ်။ ၁၄၉၈ မှာ အသက်နှစ်ဆယ့်ကိုးနှစ် ရှိတဲ့ မက်ခီယာဗယ်လီ ဟာ ဖလော့ရင့်စ်က ပြည်သူဝန်ထမ်းအဖြစ်နဲ့ ရာထူးမြင့်မြင့်က ရထားပြီးဖြစ်တယ်။ အဲဒီကစပြီး တစ်ဆယ့်လေးနှစ်လုံးလုံး ဖလော့ရင့်စ် သမ္မတနိုင်ငံရဲ့ သံကြီးတမန်ကြီး အနေနဲ့ အီတလီအတွင်း၊ ပြင်သစ်၊ဂျာမဏီနိုင်ငံ တွေကိုရောက်ခဲ့တယ်။
            ဖလောရင့်စ် သမ္မတနိုင်ငံက ၁၅၁၂ မှာ ပြိုလဲပျက်စီးသွားတယ်။ မဲဒီစီတွေ အာဏာပြန်ရတယ်။ မက်ခီယာဗယ်လီ အလုပ်ပြုတ်တယ်။ နောက်တစ်နှစ်မှာ မဲဒီစီ မင်းသစ်တွေကို ဖယ်ရှားပစ်ဖို့ ကြံရာပါဆိုပြီး အဖမ်းခံရတယ်။ အနှိပ်စက် အညှဉ်းပန်းခံရတယ်။ အပြစ်မရှိတာ ထင်ရှားတော့မှ အဖမ်းခံရတဲ့ နှစ်မှာပဲ လွှတ်လိုက်တယ်။ အဲဒီနောက် ဖလောရင့်စ် နဲ့မဝေးလှတဲ့ ကက်စီယာနို ( San Casciano) မှာ ခြံမြေသေးသေး ၀ယ်ပြီးနေလိုက်ပါတယ်။
            နောက်တစ်ဆယ့်လေးနှစ် အတွင်းမှာ သူရေးတဲ့စာအုပ်တွေ အများကြီးထဲက ကျော်ကြားတဲ့နှစ်အုပ် ၁၅၁၃ ခုနှစ်ရေးတဲ့ မင်းသား(The Prince) နဲ့ တိုင်တပ်စ်လိဗိယပ်စ်ရဲ့ ပထမကျမ်းဆယ်ကျမ်းအကြောင်း ပြောပြချက်( The Discourses upon the first ten Books of Titus Livius) ဖြစ်ပါတယ်။ တခြားကျမ်းတွေက စစ်ပြုနည်း (The Art of War) ဖလောရင့်စ်သမိုင်း ( History of Florence) နဲ့ အခုထိ ရံဖန်ရံခါ ကပြရသေးတတဲ့ မနြဂိုလ ( La Mandragola) ပြဇာတ်ဖြစ်ပါတယ်။ ဒါပေမယ့် မင်းသား(The Prince) အတွက် သူနာမည်ရတာပါ။ အဲဒီကျမ်းက ဒဿနိကကျမ်းဖြစ်ပြီး လက်စွမ်းပြကျမ်း၊ ဖတ်လို့လွယ်တယ်။ အရေးလည်းကောင်းတယ်။ မက်ခီယာဗယ်လီမှာ အိမ်ထောင်ရှိတယ်။ ကလေးခြောက်ယောက်၊ ၁၅၂၇ မှာကွယ်လွန်တော့ အသက် ၅၈ နှစ်ရှိပြီ။
            နိုင်ငံအကြီးအကဲရဲ့ လက်စွဲစာအုပ်က မင်းသား(The Prince) ဖြစ်ပါတယ်။ ဒီကျမ်းရဲ့ အခြေခံကို ပြောရရင် မင်းဖြစ်တဲ့ ပုဂ္ဂိုလ်က အောင်မြင်ချင်ရင် မိမိ ဂုဏ်သိက္ခာကို နည်းနည်းကလေးမှာ ငဲ့ညှာဖို့ မလိုဘူး။ အနပ်အပါးရှိဖို့နဲ့ လက်နက်အားကောင်းဖို့ ပဲလိုတယ်။ မက်ခီယာဗယ်လီ အဆိုကိုပြောရရင် နိုင်ငံတစ်ခုမှာ အလိုအပ်ဆုံး အင်္ဂါရပ်က လက်နက်တောင့်တင်းဖို့ပဲဖြစ်တယ်။ ကြေးစားတပ်၊ သူတစ်ပါးရဲ့တပ် အဲဒါတွေကို အားကိုးနေရရင် ကိုယ့်အခြေအနေဟာ အညံ့ဆုံး၊ ဘေးအန္တရာယ် အများဆုံးတွေ့ရတတ်တယ်လို့ ပြောနိုင်ပါတယ်။  
            ရှင်ဘုရင်ဟာ လူအများရဲ့ ထောက်ခံချက်ကို ရယူနိုင်ဖို့  သိပ်လိုတယ်လို့ လည်းပြောပါတယ်။ ဘေးဒုက္ခနဲ့ ကြုံရင် လူအများရဲ့ ထောက်ခံမှု အလိုဆုံးဆိုတာ သိမယ်။ ဒီနေရာမှာ အာဏာကို အရယူတဲ့အခါ ကျေးတော်မျိုး ကျွန်တော်မျိုးတွေကို စိမ်ဝမ်းငယ်အောင်၊ ငြိုငြင်အောင် လုပ်ရတာမျိုး ကြုံတွေ့ရတတ်တယ်။ အာဏာသိမ်းချိန်မှာ ရက်စက်စရာရှိရင် အပြတ်လုပ်၊ နောင်ကြဉ်သွားအောင် တစ်ခါတည်းလုပ်လို့ အကြံပေးပါတယ်။ အဲဒါမှ ခဏခဏမလုပ်ပဲ နေလို့ရမယ်လို့ သူကပြောပါတယ်။ ကျေးဇူးပြုတဲ့အခါမှာ နည်းနည်းပဲပြု၊ ဒါမှ ကျေးဇူးကို ခံစားခွင့်ရတယ်။
            အုပ်ချုပ်ရေးမှာ အောင်မြင်ဖို့ မှူးကောင်းမတ်ကောင်း သိပ်လိုတယ်။ အလို ကြိုက် အလိုက်သင့် မြှောက်ပင့်တတ်သူတွေ ၀ိုင်းရံမနေဖို့ သတိထားရမယ်လို့ လည်းပြောပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့လည်း သင်ကြားပါတယ်။
            မင်းသားကျမ်း အခန်း ၁၇ မှာ ချစ်တာနဲ့ ကြောက်တာ ဘယ်ဟာကောင်းသလဲလို့ ရှင်းပြထားတယ်။
အမှန်က ချစ်ကြောက်ရိုသေတာက အကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့် ကြိုက်ရာတစ်ခုကို ပြောပါဆိုရင် ချစ်တာထက် ကြောက်တာက ပိုပြီး ဘေးအန္တရာယ်နည်းတယ်။ ချစ်တယ်ဆိုတာက အပြန်အလှန် ငဲ့ညှာတဲ့ သဘောရှိပေမယ့် လူ့သဘာသက တစ်ကိုယ်ကောင်းစိတ်များတတ်လို့ လိုအပ်ရင် သစ္စာ ဖောက်နိုင်တယ်။ ကြောက်နေရင် မဟုတ်တာ မလုပ်ရဲတော့ပါ။
            အခန်း ၁၈ မှာ ရှင်ဘုရင်ဟာ ဘယ်နည်းလမ်းကို လက်စွဲထားရမလဲမေးရင် ကိုယ်ကျိုးကိုကြည့်ပြီး ထုံးနည်းကို လွှတ်သင့်လွှတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အာမခံချက်ပျက်ရင်လည်း အကြောင်း ယုတ္ထိရှိအောင် ပြနိုင်စရာ အချက်တွေရှိပါတယ်။ လူတွေဟာ အတယ်၊ အခြေအနေကိုကြည့်ပြီး ရသလောက်ပဲ လက်ခံတတ်ကြတယ်။ လိမ်ကြည့်ပါ။ အလိမ်ခံချင် သူတွေများတာကို တွေ့မယ်။ ဒီအယူအဆမှာ လက်တွေ့ကျတဲ့ သဘောထားတစ်ခုက သူတစ်ပါးရဲ့ အာမခံချက် ဆိုတာကိုလည်း မယုံပါနဲ့လို့ ပြောပါတယ်။
            မင်းသားကျမ်းကို အာဏာရှင်လက်စွဲ လို့ခေါ်လေ့ရှိပါတယ်။ မက်ခီယာဗယ်လီ ရဲ့ ၀န်ထမ်းဘ၀နဲ့ ရေးသားတဲ့ တခြားကျမ်းတွေ အရပြောရရင် သူက သမ္မတနိုင်ငံအစိုးရကို အာဏာရှင်အစိုးရထက်ပိုပြီး နှစ်သက်ပါတယ်။ ဒါပေမယ့် အီတလီ ရဲ့ နိုင်ငံရေး၊ စစ်ရေး ကျဆင်းတာတွေကို မကျေမနပ်ဖြစ်လွန်းလို့ တိုင်းနိုင်ငံကို စုစည်းပြီး အစွမ်းထက်တဲ့ မင်းပေါ်လာစေချင်တယ်။ ဒါမှ နိုင်ငံခြား အနှောင့်အယှက်ကိုလည်း မောင်းထုတ်နိုင်တယ်။ နောက်တစ်ချက် မှတ်သားစရာကောင်းတာက ကြမ်းကြမ်းရမ်းရမ်း လုပ်ပါလို့ သူများကို မြှောက်ပေးပေမယ့် သူကိုယ်တိုင်က စိတ်ကူးယဉ်ယဉ်၊ မျိုးချစ်စိတ်အပြည့် နဲ့ သူပြောသလို သူလိုက်လုပ်နိုင်မယ့် လူစားမဟုတ်ပါ။
            မက်ခီယာဗယ်လီ လို အပြင်းအထန် ရှုတ်ချတာကို ခံရတဲ့ ဒဿနိကဆရာမရှိပါ။ နှစ်ကာလအကြာကြီး သူ့ကို မကောင်းဆိုးဝါးစီးနေတဲ့လူ၊ ပြောပုံလုပ်ပုံ ဆိုးညစ်ယုတ်မာတယ်လို့ အထင်ခံရတယ်။ သူပေးတဲ့နည်းကို လိုက်နာတဲ့ လူတွေကပဲ သူ့ကို ပြင်းပြင်ထန်ထန် ဝေဖန်ရှုတ်ချတယ်။
            မက်ခီယာဗယ်လီကို အကျင့်စာရိတ္ထညံ့သူအနေနဲ့ ဝေဖန်ကြရာမှာလည်း သူ့ကို စွပ်စွဲပေမယ့် သူ့စကားတွေမှာပါတဲ့ အတိုင်း ဒီစိတ်ကူး ဒီအလုပ်တွေကို တကယ်လက်တွေ့လုပ်လို့ အောင်မြင်တာကို ကြည့်ပြီးမှ သူက အခုလိုထင်မြင်ချက်နဲ့ တစ်ဆင့်ပြောတာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ရှေးပဝေဏသီက စပြီး ခေတ်အဆက်ဆက် အောင်အောင်မြင်မြင်  သုံးလာတဲ့ နည်းတွေဖြစ်တယ်။ မက်ခီယာဗယ်လီပြောတဲ့အထဲမှာ ရှေးက တကယ့်အဖြစ်အပျက်တွေကို ကိုးကားပြီးပြောမြဲဖြစ်တယ်။ အဲဒါအပြင် လက်ငင်းနမူနာတွေလည်း ထည့်ပြောပါသေးတယ်။ စံပြအဖြစ် သူပြောတဲ့ ဆီဇာဘောဂျိယ ( Cesare Borgia) က သူ့ဆီက နည်းခံသူမဟုတ်၊ ဆီဖာဘောဂျိယ နည်းကိုသာ မက်ခီယာဗယ်လီက ယူပြောတာဖြစ်ပါတယ်။
            နိုင်ငံရေး ခေါင်းဆောင်တွေ ထဲက ဘင်နစ်တိုမူဆိုလီနီ ( Benito Mussolini) တစ်ယောက်သာ မက်ခီယာဗယ်လီကို လူပုံအလယ်မှာ ချီးမွမ်းပြောဆိုတာ မဟုတ်ပါ။ နိုင်ငံရေးမှာ ထင်ရှားသူတိုင်း မင်းသားကို အသေးစိတ် ဂရုတစိုက် ဖတ်ကြပါတယ်။ နပိုလီယံ ( Napoleon) က ဒီကျမ်းကို ခေါင်းအုံးအိပ်တယ်လို့ အဆိုရှိတယ်။ ဟစ်တလာ ( Hitler) နဲ့ စတာလင် ( Stalin) တို့တောင်ပါသေးတယ်လို့ ဆိုပါတယ်။ အဲဒီနေရာမှာ မက်ခီယာဗယ်လီ ပြောတဲ့နည်းတွေကို သူ့ထက်ရှေးကျတဲ့ သူတွေနဲ့ သူ့နောက်က လူတွေမှာ ဘယ်သူတွေက ပိုပြီး သုံးစွဲခဲ့သလဲလို့ မေးကြည့်ပါ။ နောက်ပိုင်းများတာ ကိုတွေ့မယ်။ ဒါကြောင့်လည်း သူ့ကို ဒီစာအုပ်မှာ အခုလို နောက်ပိုင်းနေရာကို သူ့ကို ပို့ထားရတာဖြစ်ပါတယ်။ သူ့စာကို ဘယ်လောက် လက်တွေ့လုပ်ကြသလဲလို့ ပြောဖို့ ခက်ပေမယ့် နိုင်ငံရေးကျင့်ထုံးမှာ သြဇာရှိတာတော့ သေချာတယ်။ ရှေးက ဆရာကြီးတွေ ဖြစ်တဲ့ ပလေတို( Plato)၊ စိန့်သြဂတ်စတင်း ( St. Augusitne) တို့က နိုင်ငံရေးကို ယုံကြည်မှုအထိမ်းချုပ်တွေနဲ့ ဖက်တွဲပြီး လေ့လာတယ်။ မက်ခီယာဗယ်လီ က သမိုင်းနဲ့ နိုင်ငံရေးကို အခု မျက်မြင်နဲ့ ညှိပြီးပြောတယ်။ လူမှုကျင့်ထုံးကို အလေးအနက်မထားပါ။ တစ်မျိုးပြောရရင် အာဏာလိုချင် ဒီလိုလုပ်လို့ မပြောပါ။ အာဏာမြဲချင်ရင် ဒီလိုလုပ်လို့တော့ပါတယ်။ ဘယ်လိုလုပ်လို့ အာဏာမြဲနေတာကိုသာ ပြောတယ်ဆိုရင် ပိုမှန်တယ်။ လုပ်သင့်တာကို မပြော၊ လုပ်နေတာကိုသာ ပြောပါတယ်။ အခုထက် နိုင်ငံရေးမှာ လက်တွေ့ကိုသာ အာရုံစိုက်ရတယ် ဆိုတဲ့အချက်ကတော့ မက်ခီယာဗယ်လီရဲ့ သြဇာ၊ သူ့ကျေးဇူးဖြစ်ပါတယ်။ မက်ခီယာဗယ်လီကို ခေတ်နိုင်ငံရေး ခေါင်းဆောင်လို့ ခေါ်ရင်ဖြစ်ပါတယ်..။


5 October, 2001
ဒေါက်တာသန်းထွန်း
ကျော်စွာ၁၀၀
မူရင်းရေးသားသူ ---- MICHAEL H.HART


ဒီစာကို ဖတ်တဲ့လူအများစုဟာ စက္ကူကို စတင်တီထွင်တဲ့ ဆိုင်လန်(TS’AI LUN) ကိုကြားဖူးကြမှာ မဟုတ်ပါ။ သူတီထွင်တဲ့ ပစ္စည်းရဲ့ အရေးပါအရာရောက် ပုံကိုထောက်ပြီးပြောရရင်၊ သူ့ကို အနောက်တိုင်းက လူတွေမသိတာဟာ အများကြီးအရုပ်ဆိုးပါတယ်။ စွယ်စုံကျမ်းကြီးတွေမှာတောင် သူ့အကြောင်း သုံးလေးကြောင်းလောက်တောင် မရေး၊ ခိုင်လုံတယ် လို့ဆိုတဲ့ ကျောင်းသုံးသမိုင်းဖတ်စာအုပ် တွေထဲမှာလည်းမပါ။ စက္ကူသိပ်အရေးပါ တာတောင် စက္ကူကို စတင်လုပ်သူကို မသိကြ၊ မပြောကြတာထောက်ရင် သူဟာတကယ်မရှိတဲ့ လူလားလို့ ထင်စရာဖြစ်နေပါတယ်။ သေသေချာချာ သုတေသနလုပ်တော့၊ သူဟာ တရုတ်နန်းတွင်းသား အရာရှိတစ်ဦးဖြစ်တယ်။ ခရစ်နှစ် ၁၀၅ လောက်က ဧကရာဇ်ဟောတိ ( Emperor Hoti) ကို စက္ကူနမူနာတွေ ဆက်သဖူးတယ်လို့ သိရပါတယ်။ (ဟန်မင်းဆက် မင်းသုံးရာဇ၀င် Official History of the Han Dynasty) ထဲမှာ ဆိုင်လန်က တီထွင်ချက်တစ်ခု လုပ်ပုံကိုတွေ့နိုင်ပါတယ်။ တရုတ်တွေဟာ ဆိုင်လန်က စက္ကူကို တီထွင်တယ်လို့ သိကြပါတယ်။
            ဆိုင်လန်ရဲ့ ဘ၀ဇာတ်လမ်းကိုတော့ သိပ်မသိပါ။ တရုတ်မှတ်တမ်းအရ သူက မိန်းမစိုးတစ်ယောက် ဖြစ်ပါတယ်။ ဧကရာဇ်မင်းမြတ်က သူ့တီထွင်ချက်ကို နှစ်သက်မြတ်နိုးလို့ သူ့ကို ရာထူးတိုးပေးတယ်။ ဘွဲ့တပ်ပေးတယ်။ ဒါနဲ့ သူဟာ လူချမ်းသာ တစ်ယောက်ဖြစ်သွားတယ်။ ဒါပေမယ့် နန်းတွင်းလုပ်ကြံမှုမှာ ပါတယ်ဆိုပြီး ပထုတ်လိုက်လို့ တိမ်မြုပ်သွားရတယ်။ တရုတ်မှတ်တမ်း ထဲမှာတော့ သူ့ဂုဏ်သိက္ခာကျဆင်းလို့ ရေကောင်းကောင်းချိုး၊ အ၀တ်ကောင်းကောင်း ၀တ်ပြီးမှ အဆိပ်သောက်တယ်လို့ ဖော်ပြထားတယ်။
            တရုတ်နိုင်ငံ အနှံ့အပြားမှာ စက္ကူကို ခရစ်နှစ်ရာစုနှစ်တွင်းမှာပဲ အသုံးပြုခဲ့ကြတဲ့အပြင် ရာစုနှစ်အနည်းငယ် အတွင်းမှာပဲ တရုတ်က တခြားအာရှ နိုင်ငံတွေကိုပါ စက္ကူတင်ပို့ရောင်းချခဲ့ပါတယ်။ စက္ကူလုပ်ငန်းကိုလည်း သူတစ်ပါးမသိအောင် လျို့ဝှက်ထားပါတယ်။ ခရစ် ၇၅၁မှာ စက္ကူလုပ်တတ်တဲ့ တရုတ်တွေကို အာရပ်ကဖမ်းသွားပြီး မကြာခင်မျာ စမာခန် ( Samarkhand) နဲ့ ဘဂ္ဂဒက်( Baghdad) မှာ စက္ကူပြုလုပ်တာကို တွေ့ရတယ်။ အာရပ်လောက (Arab World) မှာ ဒီစက္ကူလုပ်တဲ့ ပညာ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး ဂုတင်ဗတ် ( Gutenberg) ကခေတ်စာပုံနှိပ်စက်ကို တီထွင်တဲ့အခါ အနောက်နိုင်ငံတွေမှာ သားရေချပ် (parchment) ပေါ်စာရေးတဲ့ အလေ့တိမ်ကောပြီး၊ စက္ကူနဲ့ မှတ်သားတဲ့ အလေ့ရောက်လာပါတော့တယ်။
            အခုတော့ စက္ကူသုံးတဲ့ အလေ့အထ သိပ်တွင်ကျယ်ပြီးနေတော့၊ ဟိုအရင် စက္ကူမပေါ်ခင်က ဘယ်လိုများနေပါလိမ့်လို့ ဘယ်သူမှမသိ၊ တွေးလို့လည်း မကြည့်ကြတော့ပါ။ တရုတ်နိုင်ငံမှာ ဆိုင်လန်လက်ထက်မရောက် မီ စာအုပ်မရှိသေးဘူး။ ၀ါးပေါ်မှာပဲရေးတယ်။ အဲဒါကျတော့ ကုန်ကျစရိတ်များလို့ အများ မသုံးနိုင်ပါ။ အနောက်တိုင်းမှာတော့ စက္ကူမပေါ်ခင်က သားရေပြားပေါ်မျာ ရေးတယ်။ သိုးရေခွံ့၊ နွားကလေးရေကို အထူးပြုပြင်ပေ့းမှ မှင်နဲ့ရေးလို့ရတယ်။ သာရေးအစား ဂရိ( Greek)၊ ရောမ(Rome)နဲ့ အီဂျစ် (Egypt) မှာ ပက်ပီရပ် (papyrus ကျူပင်) ကိုသုံးတယ်။ သူလည်းလုပ်ရတာ လက်ဝင်တယ်၊ ဈေးကြီးတယ်၊ ရှားတယ်။
            ခုခေတ်မှာ စာအုပ်နဲ့ စာရေးကိရိယာတွေ သိပ်ပေါများလာတာဟာ စက္ကူပေါ် လာတာကနေ ဆင်းသက်တဲ့ ရလဒ်လို့ ပြောနိုင်တယ်။ စက္ကူနဲ့ စာပုံနှိပ်စက် တွဲဖက်နေတော့၊ စက္ကူသာမရှိရင် အခက်သားလို့ပဲ ပြောမလား၊ အမှန်ကတော့ စက္ကူလို ပေါပေါ သုံးစရာမရှိရင် ပုံနှိပ်စက်ဟာ သိပ်မတွင်နိုင်ပါ။
            ဒီလိုဆိုရင် အခုစာရင်းမှာ ဆိုင်လန်နဲ့ ဂုတင်ဗတ်နှစ်ယောက်ထဲက ဘယ်သူ့ကို ရှေ့ကထားမလဲဆိုတဲ့ ပြဿနာ ၀င်လာပြီး၊ နှစ်ယောက်စလုံးကို အရည်တူလို့ ထင်မိပါတယ်။ နှစ်ယောက် စလုံးထမ်းပိုးထမ်းဆိုတော့ ဆိုင်လန်ကို နည်းနည်းလေး အသာပေးချင်တဲ့ အကြောင်းက
(၁) စက္ကူဟာ စာရေးကိရိယာ အဖြစ် အသုံးချတာထက် တခြားအသုံးတွေ အများကြီးရှိပါသေးတယ်။ တခြားအသုံးတွေ အများကြီးရှိပါသေးတယ်။ တခြား ဘာသုံးမလဲ စဉ်းစားကြည့်စမ်းပါ။ အံ့သြသွားမယ်။
(၂)ဆိုင်လန်ပေါ်တာ ဂုတင်ဗတ်ထက်စောလို့ ပုံနှိပ်စက်က ပေါ်လာတာ၊ တကယ်လို့ စက္ကူသာမပေါ်သေး ဘူးဆိုရင် ပုံနှိပ်စက်မလိုဘူးလို့ ပြောနိုင်ပါတယ်။
(၃) တကယ်လို့ တစ်မျိုးတည်းပဲ ပေါ်တယ် ဆိုပေမယ့်လည်း၊ စာအုပ်က ထွက်နေမှာပဲ။ ပုံနှိပ်စက် မရှိခင်က ဘလောက်တုံး (Block) နဲ့ ရိုက်တယ်။ စက္ကူမပေါ်မီက သားရေပြားနဲ့ ရိုက်တယ်။ စက္ကူကို ပေါပေါနဲ့ ရနိုင်ပြီဆိုမှ အက္ခရာတစ်လုံးချင်း လိုသလို ရွှေ့စီနည်းထွင်ရတာ။

            ဒီလိုဆိုရင် သူတို့နှစ်ယောက်ကို ထိပ်တန်းဆယ်ယောက်မှာ ထည့်ပါ။ စက္ကူကပိုပြီး အရာရောက်တယ် ဆိုတာ ထင်ရှားအောင် တရုတ်နဲ့ အနောက်တိုင်း ဓလေ့ ဖြစ်ထွန်းတိုးတက်ပုံကို ယှဉ်ကြည့်စေချင်တယ်။ ခရစ်နှစ် ရာစုနှစ်မတိုင်မီက ယဉ်ကျေးမှုအရာမှာ တရုတ်က အနောက်တိုင်းလောက် မမြင့်ဘူး။ အဲဒီက စွန်းထွက်လာတဲ့ နှစ်တစ်ထောင် အတွင်းမှာ အနောက်တိုင်းထက် တရုတ်ကသာတယ်။ ကမ္ဘာမှာ ဘယ်စံနှုန်းနဲ့တွက်တွက်၊ ခရစ် ခုနစ်၊ ရှစ်ရာစုလောက်မှာ တရုတ်ယဉ်ကျေးမှုက အမြင့်ဆုံးဖြစ်တယ်။ တစ်ဆယ့်ငါးရာစုနှစ် လွန်တဲ့အခါကျတော့မှ အနောက်ဥရောပက တရုတ်ထက်သာလွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဘာဖြစ်လို့ဖြစ်ရသလဲဆိုတာ ဓလေ့ဆိုင်ရာ ရှင်းလင်းချက်တွေ ရှာကြတယ်။ အမျိုးမျိုး အခြင်းအရာတွေ ပြောကြပေမယ့် အရိုးဆုံး အလွယ်ဆုံး အကြောင်းအရာတစ်ခုကို ဘယ်သူမှမပြောဘဲ လျစ်လျူရှုထားတယ်။
            အနောက်အာရှမှာ စိုက်ပျိုးရေးနဲ့ စာရေးနည်းပညာထွန်းကားတာ တရုတ်ထက်စောပါတယ်။ အဲဒါလောက်ပြောရုံနဲ့ တရုတ်က အနောက်ဘက်နိုင်ငံတွေရဲ့ နောက်တန်းကိုရောက်ရတယ် လို့ ပြောလို့ မဖြစ်သေးပါဘူး ။ ဆိုင်လန်မတိုင်မီက တရုတ်တွေမှာ အလွယ်တကူစာရေးနိုင်အောင် သုံးစွဲစရာပစ္စည်းမရှိ၊ အနောက်ကမ္ဘာမှာ ပက်ပီရပ်ကျူရိုးနဲ့ လုပ်တဲ့ စက္ကူလိပ် ရှိနေပြီ၊။ သူကလည်း လွယ်လွယ်နဲ့ လုပ်ယူလို့ရနိုင်တာမဟုတ်။ ဈေးကြီးတယ်၊ ရှားပါးတယ် ဆိုတာမှန်ပေမယ့် သစ်သားပြား၊ ၀ါးခြမ်းပြားပေါ်မှာ မှတ်တမ်းရေးရတာထက်တော့ လွယ်ကူသက်သာသေးတယ်။ တရုတ်ဓလေ့နောက်ကျ ရတာမှာ ဒီအချက်ဟာအရေးကြီးတဲ့ အချက်၊ ခလုတ်ကန်သင်းသေးသေးမဟုတ်။ လဲပြိုသေဆုံးနိုင်လောက်တဲ့ ခလုတ်ဖြစ်နေတယ်။ တရုတ် ပညာရှာ ( စာပေလေ့လာ လိုက်စားသူ) တစ်ယောက်ဟာ အခုခေတ်ကျမ်းစာနည်းနည်းကို သယ်ယူသွားချင်ရင် လှည်းတစ်စီးလိုလိမ့်မယ်။ ဒီပုံစံနဲ့ နိုင်ငံကြီးတစ်ခုကို ထိထိရောက်ရောက် ဘယ်မှာ အုပ်ချုပ်နိုင်မှာလဲ စဉ်းစားကြည့်ပါ။
            ဆိုင်လန်တီထွင်တဲ့ စက္ကူဟာ အခြေအနေကို လုံးဝပြောင်းလဲပေးနိုင်ခဲ့တယ်။ အလွယ်တကူ မှတ်တမ်းမှတ်ချက် ရေးနိုင်တယ်ဆိုတာနဲ့ တရုတ်ယဉ်ကျေးမှုဟာ သိပ်မြန်မြန်တိုးတက်လာပြီး၊ ရာစုနှစ်နည်းနည်း အတွင်းမှာပဲ အနောက်နိုင်ငံရေးကို မီတယ်။ (အနောက်ဘက် နိုင်ငံရေးမှာ အချင်းချင်းစိတ်ဝမ်းကွဲပြီး၊ သတ်ဖြတ်နေကြရလို့ တိုးတက်ရေး လေးဖင့်ရတယ်ဆိုပေမယ့် ဒါက အကြောင်းအရင်းမဟုတ်ပါ။ လေးရာစုနှစ်အတွင်းမှာ နိုင်ငံရေးအရ တရုတ်လည်း ပြိုကွဲပျက်စီးတာ အနောက်တိုင်းထက်ပိုမယ်။ ဒါပေမယ့် ဓလေ့မှာ အလျင်အမြန်တိုးတက်တာ အမှန်ပါပဲ။)အဲဒီ လေးရာစုနှစ်နောက်မှာ ရာစုနှစ်များအတွင်း အနောက်ဘက်မှာ တရုတ်ထက် တိုးတက်ပုံနှေးသွားတယ်။ တရုတ်က အင်မတန် အသုံးဝင်တဲ့ မြောက်ဘက်ပြ ကွန်ပတ်စ်( Compass)၊ သေနတ်ယမ်း (Gunpowder) နဲ့ ဘလောက် ပုံနှိပ်နည်း (Block Printing ) တွေကို တီထွင်ခဲ့တယ်။ စက္ကူက သားရေပြားထက် ဈေးပေါတယ်။ အများကြီးထုတ်လုပ်နိုင်တယ်။ အဲဒီတော့ တရုတ်ကပြန်ပြီး အသာရပြန်တယ်။
            အနောက်နိုင်ငံတွေက စက္ကူထုတ်လုပ် အသုံးပြုနိုင်တဲ့အခါ တရုတ်နဲ့ မျက်နှာချင်းဆိုင်တေ့ဆိုင်ပြီး၊ သူတို့ဘက်က ဓလေ့အားနည်းချက်ကို ပြန်ဖြည့်လာတယ်။ မာကိုပိုလို (Marco Polo) ရေးတဲ့ မှတ်တမ်းတွေ အရပြောရရင် ခရစ်တစ်ဆယ့်သုံး ရာစုနှစ်မှာပဲ တရုတ်က ဥရောပထက် အများကြီး ချမ်းသာကြွယ်ဝနေပါတယ်။          
            ဒီလိုဆိုရင် နောင်အခါ တရုတ်က အနောက်တိုင်းရဲ့နောက်ကို ဘာဖြစ်လို့ကျဆင်းရသလဲ။ ဓလေ့ အထွေထွေကို မွှေနှောက်ပြီး အဖြေရှာကြတယ်။ ရိုးရိုးလွယ်လွယ် ပြောတတ်တာကတော့ နည်းပညာကွာသွားတာကိုပဲ ပြောရင်ဖြစ်တယ်။ တစ်ဆယ့်ငါးရာစုနှစ် ဥရောပမှာ ဥာဏ်ပညာထက်မြက်တဲ့ ဂျိုဟန်ဂုတင်ဗတ်က စာအုပ်ကို အမြောက်အမြား ပုံနှိပ်ထုတ်ဝေနိုင်တဲ့ နည်းကိုတီထွင်တယ်။ အဲဒီကစပြီး ဥရောပ ဓလေ့တွေဟာ အလျင်အမြန် ပြောင်းလဲတိုးတက်လာတယ်။ တရုတ်က ဂုတင်ဗက်လို စွမ်းတဲ့လူ မရှိတော့၊ ဘလောက်ပုံနှိပ်နည်းနဲ့ပဲ ရှေးမဆက်နိုင်ဘဲ ဓလေ့တိုးတက်နှုန်း နှိုင်းယှဉ်ပြီး ပြောရရင် နှေးသွားရတာပေါ့။
            အခုပြောခဲ့တဲ့ စစ်ဆေးဝေဖန်တင်ပြချက်ကို လက်ခံမယ်ဆိုရင်၊ နိဂုံးစကား အနေနဲ့ ဆိုင်လန်(TS’AI LUN) နဲ့ ဂုတင်ဗတ် ( Gutenberg) နှစ်ယောက်စလုံးဟာ လူသမိုင်းမှာ လူအများဝိုင်းပြီး လေးစားရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တခြားအသစ် တီထွင်သူတွေနဲ့စာရင် ဆိုင်လန်က အများကြီးသာရတဲ့ အကြောင်းကတော့ ခေတ်ကာလကို လိုက်ပြီး၊ ဒီလိုစွမ်းတဲ့လူ မပေါ်လာပေမယ့်လည်း ဒီလိုပညာ၊ ဒီလိုပစ္စည်းဟာ ၊ ဒီအချိန်၊ ဒီပါတ်ဝန်းကျင်မှာ ပေါ်လာရမယ်ဆိုတဲ့ အခြင်းအရာနဲ့ စက္ကူပေါ်လာပုံဟာ ရှင်းရှင်းပြောတော့မတူဘူး။ ဆိုင်လန် စက္ကူတီထွင်ပြီး နှစ်တစ်ထောင်ကျော်မှ ဥရောပမှာ စက္ကူပေါ်လာတယ်။ ပြီးတော့ ဥရောပတိုက်သားက တီထွင်နိုင်တာ မဟုတ်ဘူး ။ အာရပ်တွေကို ဆရာတင်ရတယ်။ ဒီနေရာမှာ ဆက်ပြောရမှာက တရုတ်လုပ်ပေးတဲ့ စက္ကူကို မြင်ကြရပေမယ့် တခြား အာရှတိုက်သားတွေ ဘယ်သူတွေကမှ သူတို့ဘာသာ စက္ကူလုပ်မဖြစ်ဘူး။ အသေအချာပြောနိုင်တာက စက္ကူစစ်စစ် ဖြစ်ဖို့ လုပ်နည်းဟာ ခက်ခဲ လိုက်ပုံက အသင့်အတင့်  တိုးတက်နေတဲ့ ဓလေ့မှာ ဥာဏ်မပွင့်နိုင်တဲ့နည်းဖြစ်မယ်။ သိပ်ထူးခြား ထက်မြက် စွမ်းဆောင်နိုင်သူက တီထွင်ပေးမှ ဖြစ်ပေါ်လာတာ။ ဆိုင်လန်က ဒီလိုလူစားဖြစ်ပြီး ၊ သူချမှတ်ပးတဲ့ စက္ကူလုပ်နည်းဟာ (ခရစ်နှစ် ၁၈၀၀မှာ  စက်ရုံထွက် စက္ကူကလွဲလို့ ) လက်လုပ်စက္ကူဆိုရင် စတင်ပေါ်ပေါက်တဲ့အခါက သုံးတဲ့နည်းနဲ့ အခုနည်းဟာ အခြေခံအားဖြင့် အတူတူပါပဲ။ အခုပြောတဲ့ ဆင်ခြင်တုံတရားတွေကြောင့် ဂုတင်ဗတ်နဲ့ ဆိုင်လန်တို့ နှစ်ယောက်စလုံးကို အခုစာအုပ်မှာ ရှေ့တန်းဆယ်ယောက်ထဲမှာ ထည့်တယ်။ ထည့်တော့ ဆိုင်လန်ကိုရှေ့ ၊ ဂုတင်ဗက်ကို နောက်ထားရပါတယ်…။

၆ မတ် ၂၀၀၀
ဒေါက်တာသန်းထွန်း
ကျော်စွာ၁၀၀
မူရင်းရေးသားသူ ---- MICHAEL H.HART