ပြုပြင်ပြောင်းလဲမှု များစွာနဲ့ မြန်မာ့နိုင်ငံဟာဖွံ့ဖြိုးမှုအလားအလာကောင်းတွေနဲ့ တက်ကြွလို့နေပါတယ်။ လက်ရှိအာဏာရ အသိုင်းအ၀ိုင်းနဲ့ အတိုက်အခံတို့ရဲ့ မျှော်လင့်ချက်တွေဟာ တူညီကောင်းမှတူညီပါလိမ့်မယ်။ ဒါပေမယ့်တူညီတဲ့အချက်ကတော့ လက်ရှိအခြေအနေမှ ရှေ့ဆက်တိုးတက်လာဖို့ ကို နှစ်ဖက်လုံးက မျှော်လင့်နေကြပါတယ်။ ပြည်သူတွေအတွက်ကော အပြောင်းအလဲဟာ ဘာမျှော်လင့်ချက်တွေ ပေးဦးမှာလဲ။အမှန်တကယ်တော့ ၀ုန်းဒိုင်းကျဲ ဖွံ့ဖြိုးတိုးတက် ဖို့ကလွယ်ပါတယ်။ ရေရှည်တည်တည်ငြိမ်ငြိမ် ခန့်ခန့်ထည်ထည် ရပ်တည်နိုင်ဖို့က ခက်ခဲမှာပါ။
ပညာအခြေမစိုက်တဲ့ ဖွံ့ဖြိုးမှုဟာ စီးပွားရေးရင်းမြစ်တွေကုန်ခမ်းသွားတာနဲ့အမျှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ ထိပ်တိုက်တိုးမိတာနဲ့တင် ရှာသမျှအဖတ်မတင်ပဲအကျပ်အတည်းကာလထဲ ထိုးစိုက်သွားဦးမှာပါ ။ အဲဒီ ထောင်ချောက်ထဲမှာမြန်မာပြည်ဟာ ကျရောက်နိုင်ချေ ရာခိုင်နှုန်းအများကြီးရှိနေပါတယ်။ဒါဆိုရင် တည်ငြိမ် မှန်ကန်တဲ့နိုင်ငံတစ်ခုကိုဘယ်လိုတည်ဆောက်ကြမလဲ။ အရိုးရှင်းဆုံးပြောရရင် ပညာနဲ့တည်ဆောက်မှပဲရမှာပါ။ ဒါဆိုရင် လက်ရှိ ပညာရေးစနစ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုပြီပေါ့ ။ ဒီစာဟာ နိုင်ငံသားတစ်ယောက် အနေနဲ့ မြန်မာ့ပညာရေးစနစ်ပေါ် အမြင် အတွေ့အကြုံ မေးမြန်းစုံစမ်းမှု တချို့နဲ့ ချဉ်းကပ်ကြည့်တာပါ။ အုတ်တစ်ချပ် သဲတစ်ပွင့် အထောက်အကူ အဖြစ်ပါ။

နောက်ခံသမိုင်း
သက်ဦးစံပိုင် မင်းဆက် နောက်ဆုံး ကုန်းဘောင်ခေတ်အထိ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးဟာ ဘုန်တော်ကြီးသင် ပညာရေးစနစ်ပေါ် အခြေခံခဲ့တာဖြစ်ပြီး ကိုလိုနီခေတ်အရောက်မှာ ဗျူရိုကရက်စနစ် လည်ပါတ်ဖို့အတွက် အင်္ဂလိပ်က ခေတ်ပညာတတ် လူလတ်တန်းစားတစ်ရပ်ကို မွေးထုတ်ဖို့ ကြိုးစားခဲ့ပါတယ် ။ ဒါပေမယ့် အဲဒီလူတန်းစားတွေကပဲ အင်္ဂလိပ် ဆီကလွတ်လပ်ရေး အရယူဖို့ကြိုးစားခဲ့ပါတယ်။ ကိုလိုနီစနစ်ကို တော်လှန်တဲ့ ကျောင်းသားတွေဟာ အင်္ဂလိပ်ပေးတဲ့ ကျွန်ပညာရေးကို ဖီဆန်မယ့် အမျိုးသားကျောင်း တွေနဲ့ အမျိုးသားကောလိပ်တွေကို ဖွဲ့စည်းတည်ထောင် ခဲ့ပါတယ်။ သူတို့တွေဟာ သခင်အမည်ခံခဲ့ပြီး အင်္ဂလိပ်ပေးတဲ့ ပညာနဲ့ အင်္ဂလိပ်ကိုတွန်းလှန်ဖို့ ဥာဏ်အလင်းပွင့်ခဲ့ကြပါတယ်။ ဒါဟာ မြန်မာ့ ပညာရေးရဲ့ သမိုင်းအစပါပဲ ။ ရန်ကုန်ကောလိပ်ဟာ ရန်ကုန်တက္ကသိုလ် ဖြစ်လာခဲ့ပါတယ်။ အင်္ဂလိပ်ကျွန်ပညာရေးက မွေးထုတ်လိုက်တဲ့ သခင်လူငယ်တွေဟာ မြန်မာ့လွတ်လပ်ရေးကို အရယူသွားခဲ့ပါတယ်။ မြန်မာ့နိုင်ငံဟာ လွတ်လပ်ပြီး အာရှအရှေ့ဒေသမှာ ဖွံ့ဖြိုးမှုအားအကောင်းဆုံး အလားအလာအကောင်းဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှ မြန်မာပညာတတ်ဘွဲ့ရတွေဟာ ဒေသတွင်း တက္ကသိုလ်တွေကြားမှာ နိုင်ငံတကာ ပညာတတ် အသိုင်းအ၀ိုင်းကြားမှာ ဂုဏ်သရေရှိရှိဝင်ဆံ့နိုင်ခဲ့ပါတယ်။
လွတ်လပ်ပြီးခေတ်ရဲ့ အစည်းပြေစစ်ရေးအားပြိုင်မှုတွေနဲ့ တိုင်းပြည်အတွင်း ကွန်မြူနစ် ဆိုရှယ်လစ် ဒီမိုကရက် တိုင်းရင်းသား လက်နှက်ကိုင်တွေနဲ့ အာဏာလွန်ဆွဲပွဲမှာ မတည်မငြိမ်ဖြစ်မှုတွေ ဆယ်စုနှစ်ကြာအောင် ဖြစ်ပျက်ခဲ့ပါတယ်။ မြန်မာပြည်ဟာ တဖြည်းဖြည်း စစ်နယ်မြေ မီးတောက်ဒေသ လွတ်လပ်ရေးသမိုင်းရေစီး သွေးသောက်ရဲဘော်တွေဟာ လွပ်လပ်ပြီးခေတ် အချင်းချင်းသွေးချောင်းစီး ဖို့မာန်ဖီတဲ့အခြေအနေကို ဆိုက်ရောက်ခဲ့ပါတယ်။ မြန်မာ့ပညာရေးဟာ နိုင်ငံရေး အကျပ်အတည်းမှာ ကျွဲကူးရေပါ ခက်ခဲလာခဲ့ရပါတယ်။ အဖွဲ့အစည်းတွေ အာဏာပိုင်တွေဟာ တိုင်းပြည်ကို ပညာရေးအစစ်မပေးဘဲ သူတို့ဝါဒ အောင်ပွဲရရေးကြွေးကြော်ဝါဒတွေနဲ့ မှိုင်းတိုက်ပေးခဲ့ပါတယ်။ တကယ့်ပညာတတ်တွေ ပညာရှင်တွေဟာ အခြေအနေမှန်ကိုသိလို့ စိတ်လက်လေးလံခဲ့ကြရပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက်တော့ အခြေအနေတွေဟာ တမျိုးပြောင်းလဲလာခဲ့ပါတယ်။ သူပုန်သူကန်တွေကို နှိမ်နှင်းရင်း တိုင်းပြည်ရဲ့ပညာရေး ကိုလည်းပြုပြင်ပြောင်းလဲမှုတွေ တော်တော်များများ ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပြောင်းလဲမှုတွေဟာ နောက်ဆုံးတော့ ဆိုရှယ်လစ်လုပ်သားကောင်းများ ထုတ်လုပ်ရေးကို ဦးတည်သွားခဲ့ ရတော့တာပါပဲ။ ဦးနေ၀င်းဟာ ပညာရေးစနစ်အပေါ် လူတော်မလို လူကောင်းသာလိုသည်လို့ ကြွေးကြော်သံ လွှမ်းမိုးမှု ဖော်ပြခဲ့ပါတယ်။ စာသင်ကျောင်းတွေဟာ လွတ်လပ်တဲ့ ပညာရေးထက် ဆိုရှယ်လစ်ဝါဒကို မောင်းနှင်ပေးမယ့် လုပ်သားကောင်း ထွက်ပေါ်လာရေးကိုသာ ဇောင်းပေးလှုပ်ရှားလာပါတယ်။ ထက်မြက်တဲ့ အရည်အချင်းရှိတဲ့ ပညာတတ် ဆရာတွေဟာ မဆလအစိုးရရဲ့ ကွန်မြူနစ်တာဆီးရေး တံဆိပ်ကပ် ဖိနှိပ်ခံခဲ့ရပါတယ်။ အဲဒီအကျိုးဆက်ဟာ ပညာရေးနယ်ပယ်မှာ အမျိုးသားပညာရှင်ဆရာတွေ ရှားပါးခဲ့ရပါတယ်။ ဦးနေ၀င်းနဲ့ ဆိုရှယ်လစ် အစိုးရ အုပ်စိုးခဲ့တဲ့ ဆယ်စုနှစ်သုံးစုနီးပါးဟာ မြန်မာ့ပညာရေး ဂရပ်မျဉ်းကို အဆင်းချည်းပဲဖြစ်စေခဲ့ပါတယ်..။

အပြောင်းအလဲများတဲ့ နေ့စွဲများ
သက်ဆိုးရှည်ခဲ့တဲ့ ဆိုရှယ်လစ်ဗဟိုဦးစီးစနစ်ဟာ ပြိုကျမယ့်ရက်တွေရောက်လာခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဘက်စုံအကျပ်အတည်းဟာ ဦးနေ၀င်းအာဏာစက်ကို  ဖြိုချမယ့်စနစ်တံဖြစ်လာပါတယ် ။ အဲဒီအရေးအခင်းတွေဟာ ရန်ကုန်တက္ကသိုလ်နယ်မြေထဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ် ၁၉၈၇ တစ်နှစ်လုံး ကျိုကြားကျိုးကြား ဆန္ဒပြမှုတွေမှ တစ်နိုင်ငံလုံး အုံကြွမှုထိ ကျောင်းသားတွေက အရေးကြီးအခန်းကနေ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ မဆလခေတ်ရဲ့ နိဂုံးချုပ်ဝါကျတွေ ရောက်ရှိလာပါတော့တယ်။ အဲဒီနောက်တော့ အထွေထွေပြိုကွဲကျဆင်းနေတဲ့ အုပ်ချုပ်ရေးအာဏာကို နာမည်ပျက်မရှိခဲ့ဖူးသေးတဲ့ စစ်ဗိုလ်ချုပ်တွေက အာဏာရှင်ဟောင်းရဲ့ ထောက်ခံမှုနဲ့သိမ်းပိုက်လိုက်ပါတော့တယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအစိုးရ( န၀တခေတ်) ကိုမြန်မာနိုင်ငံက ရင်ဆိုင်ခဲ့ရပါတော့တယ်။ အခြေခံပညာကျောင်းများ တစ်နှစ်ပိတ်သိမ်းခံရပြီး  တက္ကသိုလ်များကတော့ နှစ်အတန်ကြာရပ်ဆိုင်းထားခဲ့ပါတယ်။ အစိုးရသစ်ဟာ ပညာရေးစနစ်ကို ယခင်နိုင်ငံရေးအန်တုမှုတွေ အစမပျိုးနိုင်အောင် စနစ်တကျပုံဖော်ခဲ့ပါတယ်။
ယခင်က အရှေ့အာရှ နာမည်ကျော် ရန်ကုန်တက္ကသိုလ်ဟာ ကျောင်းတံခါးပိတ် တိတ်ဆိတ်နေခဲ့ပါတော့တယ်။ တော်လှန်ရေးတွေ အားလုံး ဆူပူအုံကြွမှု အားလုံးဟာ ပညာရေး အ၀န်းအ၀ိုင်းဖြစ်တဲ့ တက္ကသိုလ်အခြေခံကနေ ဖြစ်ပေါ်လာတယ် ဆိုတာကို အတိတ်ဖြစ်ရပ်တွေကနေ သင်ခန်းစာထုတ်နုတ်ယူခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပညာရေးစနစ်ကို စနစ်တကျ နိမ့်ကျဆင်းသွား အောင်အစီအစဉ်တွေ ပြုလုပ်လိုက်ပါသလား၊ ဒါမှမဟုတ်အထွေထွေ နိမ့်ကျမှုကပဲ တိုင်းပြည်ရဲ့ ပညာရေးရေချိန်ကို ဆွဲချသွားခဲ့သလား၊ ဒါပေမယ့် သေချာတာကတော့ စစ်အာဏာရှင်အစိုးရဟာ ပညာရေးကို အားမပေးခဲ့ဖူးဆိုတာပါပဲ။ ပညာရေးအသုံးစရိတ်တွေ လျှော့ချခဲ့တယ်။ မဆလခေတ်က ကျောင်းဆရာ လက်ကျန်အနည်းငယ်ဟာ စီးပွားရေး ကျပ်တည်း လူမှုဘ၀ အခက်အခဲတွေကြောင့် စေတနာဝါသနာ အနစ်နာခံခဲ့ရာ စာသင်ကျောင်းတွေကို ကျောခိုင်းသွားခဲ့ပါတယ်။ န၀တ ဒါမှမဟုတ် နအဖ လို့ခေါ်တဲ့ စစ်ဗိုလ်ချုပ်တွေ ဦးစီးတဲ့ အစိုးရဟာ ၁၉၈၉ ခုနှစ်က ၂၀၁၀ ရွေးကောက်ပွဲအထိ နိုင်ငံတော် အာဏာကို ချုပ်ကိုင်စီမံခဲ့ပါတယ်။ သူတို့ ကိုင်တွယ်တဲ့ခေတ်မှာ ပညာရေးဟာ ဘာတွေ ဖြစ်ခဲ့လဲ။

ပျက်အစဉ်ပြင်ခဏ
တချို့က အထက်ပါ စကားပုံကို အကောင်းဘက်က အများဆုံးတွေးတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တွေးတာကတော့ ဒါကိုလက်ပူတိုက်လွှတ်လိုက်တာပဲ လို့တွေးမိပါတယ်။ နအဖ အစိုးရဟာ တိုင်းပြည်ကို လက်ပူတိုက်အုပ်ချုပ်သွားခဲ့တာပါ။ အထွေထွေ ဘက်ပေါင်းစုံက ရိုးယွင်းပျက်စီးနေတဲ့ တိုင်းပြည်ကို အရည်အချင်းထက် အရည်အတွက်များမှုတွေ မွေးထုတ်ပြီး စာရင်းဇယား ကိန်ဂဏန်းတွေနဲ့ ခေတ်ကိုရော နိုင်ငံကိုရော လက်ပူတိုက်ခဲ့ပါတယ်။ ပညာရေးမှာ တက္ကသိုလ်တွေကို ခွဲထုတ်လိုက်တယ်။ ပြည်နယ်နဲ့တိုင်း တက္ကသိုလ်တွေ ဖြစ်ကုန်တယ်။ ရန်ကုန်မြို့မှာဆိုလည်း အရှေ့ပိုင်း အနောက်ပိုင်း ဒဂုံတက္ကသိုလ်ဆိုပြီး  ခွဲထုတ်လိုက်တယ်။ တက္ကသိုလ်တွေကို ထိန်းချုပ်နိုင်အောင် ရန်ကုန်မြို့ကို ၀ိုင်းပတ်ထားတဲ့ မြစ်တွေအပြင်ဘက်ကို ထုတ်ပယ်လိုက်ပြီး ရန်ကုန်နဲ့ အလှမ်းဝေးကွာအောင် ပို့ဆောင်ထားလိုက်ပါတယ်။ တက္ကသိုလ်မြောက်မြားစွာ ဖွင့်လှစ်ပြီး အရည်အသွေးမှီ သင်ကြားနိုင်တဲ့ ဆရာအရေအတွက် သင်ထောက်ကူ ပစ္စည်း အရေအတွက် ကိုတော့ လုံလောက်စွာ မထောက်ပံ့နိုင်ခဲ့ပါဘူး ။ ဒါက အဆင်မြင့် ပညာရေး အနေအထားပါ ။
အခြေခံ ပညာရေးမှာကော ဘာတွေ ဖြစ်ပျက်နေပါသလဲ ။ မဆလ အစိုးရလက်ထက် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခဲ့တဲ့ ကျူရှင် ကျောင်းပြင်ပ ကျောင်းစာအပိုသင် ကျောင်းတွေကို လွတ်လွတ်လပ်လပ် ဖွင့်ခွင့်ပြုလိုက်တယ်။ ဒါတင်မကပဲ ကျောင်းဆရာဆရာမတွေ ကျူရှင်ပြမှုတွေကို  မသိကျိုးကျွံ့ ပြုနေလိုက်ပါတော့တယ်။ အဲဒီအတွက် လစာစရိတ် အရမ်းနည်းပါးတဲ့ ကျောင်းဆရာမ တွေကို လစာတိုးပေးဖို့ ပြသနာတွေကို ရှောင်လွှဲသွားလို့ ရနိုင်ခဲ့ပါတယ်။ အဲဒီအကျိုးဆက်ကတော့ မြန်မာပြည်မှာ မူကြိုကနေ ဘွဲ့လွန်အထိ ကျောင်းသားတွေဟာ ကျူရှင်တက်နေရတော့တာပဲ။ ပညာရဲ့ အနှစ်သာရကိုလွဲဖယ်ပြီး စာမေးပွဲအောင်ဖို့ အမှတ်ကောင်းဖို့ နှုတ်တိုက်ကျက် မေးခွန်းလိုက်တတ်တာဟာ မြန်မာ့ပညာရေးမှာ လူရည်ချွန်ဖြစ်ရေးပေါ့။ ဒါကို အာဏာပိုင်တွေက ၀မ်းသာပီတိဂွမ်းဆီ ထိနေပါတော့တယ်။ သူတို့ဟာ လူတွေကို ပညာရေး နဲ့ အလှမ်းဝေးဝေးမှာ နေစေချင်ကြပါတယ်။ အဲဒါကြောင့် အဝေးသင် တက္ကသိုလ်ရဲ့ ဆောင်ပုဒ်မှာ အတိအလင်း ဖော်ပြထားပါတယ် “ပညာရေး ဝေးသည်။ မရှိ။”   
ဒီနေ့အချိန်မှာ ၁၉၈၈ ခုနှစ်မတိုင်ခင် (ယခင်အစိုးရဟောင်း) နှိုင်းယှဉ် နေကြ စံနှုန်းအတိုင်းပြောရရင် တက္ကသိုလ် ဘယ်နှခုတိုးသွားပြီ စာသင်ကျောင်း ဘယ်နှခုတိုးသွားပြီ သင်ထောက်ကူ ပစ္စည်းတွေ နည်းစနစ်တွေ ဘယ်လောက်တိုးသွားပြီ ဘွဲ့ရအရည်အတွက်ဘယ်လောက် တိုးသွာပြီဆိုတဲ့ တိုးတက်လာ တဲ့ ကိန်းဂဏန်းတွေက မြင်သာပါတယ်။ နည်းနည်းလေး နက်နက်ရှိုင်းရှိုင်း တူးဆွမိရင်တော့ ပညာတတ်မြောက်သူ တိုးတက်မှု အရေအတွက်ကတော့ နည်းနည်းလေးပဲ ရှိနိုင်ပါတယ်။ ဒါမှမဟုတ် လုံးဝမရှိနိုင်တာလည်း ဖြစ်နေနိုင်ပါတယ်။ ကျောင်းတွေဟာ စာသင်ပါတယ်။ ဒါပေမယ့်ပညာတတ်မြောက်ဖို့အတွက် မဟုတ်ပါဘူး။  အုပ်ချုပ်သူတွေဟာ ပြည်သူတွေ မိဘတွေ ကျောင်းသားတွေကို အမှတ်ပေးအတန်းတက် ပညာရေးစနစ်နဲ့ နပန်းလုံးခိုင်းထားပါတယ်။ ကျောင်းစာတွေကို ကြက်တူရွေးနှုတ်တိုက် စာပြန်အံနိုင်တဲ့ လူက အမှတ်ကောင်းကောင်းရမယ်။ ဒါတောင် သူ့ထက် အရေးကြီးလူတွေ ရှိမနေမှ အဆင့်ကောင်းကောင်းရမယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ ပညာရေးစနစ်ကို ဖျက်လိုဖျက်စီးလုပ်ခဲ့ပါတယ်။ သူတို့ပြဌာန်းထားတဲ့ ပညာမှ အမှန်လို့ ယူဆအောင် အခြေခံပညာရေးကတည်း မှိုင်းသွင်းထားတဲ့ ဘက်လိုက်ပညာရေးစနစ်ကို တီထွင်ထားပါတယ် ။ အဲဒီကျောင်းတွေဟာ တစ်နှစ်ပြီး တစ်တန်းမေ့နဲ့ ဆယ်စုနှစ်ကြာအခြေခံပညာရေးဟာ တက္ကသိုလ်ရောက်တာနဲ့ ဦးနှောက်ထဲမှာ အဟောသိကံ ဖြစ်သွားပါတော့တယ်။ ကလေးငယ်တွေကို ကျောင်းမှာစာသင် ကျူရှင်မှာ စာထပ်သင်ခိုင်းနဲ့ ပညာကိုနှစ်ထပ်ကွမ်း အတင်းနှုတ်တိုက် ကျက်မှတ်ခိုင်းနဲ့မို့   စာသင်သားတွေရဲ့ အချိန်ငွေစွမ်းအင် နှစ်ထပ်ကွမ်းဖြုန်တီးခိုင်းခဲ့ပါတယ်။ ဒီပညာရေးပျက်စီးမှုဟာ အာဏာပိုင်တွေချည်းပဲ ကျူးလွန်ခဲ့တာတော့ မဟုတ်ပါဘူး ။ ပညာရေးနယ်ပယ်နဲ့ ဆက်စပ်နေတဲ့ ပညာရေးတာဝန်ရှိသူ တွေရော ဆရာဆရာမတွေနဲ့ တချို့ မိဘတွေပါ ပူးပေါင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုပါ။ အဲဒီထဲက တချို့ကတော့ မသိနားမလည်မှုကြောင့် ကျူးလွန်မိကြတာပါ။ မဆလခေတ်က လုပ်သားကောင်းမွေးထုတ်ရေး စာသင်ကျောင်းတွေဟာ နအဖခေတ်မှာတော့ ကလေးငယ်တွေရဲ့ အနာဂါတ်တွေကို ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်တွေဖြစ်ခဲ့ပါတယ်။ ဒါဟာ ခေတ်ကြီး တစ်ခုလုံး အပြောင်းအလဲတွေ အားလုံးကို ချုပ်နှောင်ထားလိုက်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ပျက်အစဉ်ပြင်ခဏ ဆိုတဲ့စကားပုံဟာ ပျက်အစဉ်ပြင်မရလို့ ပြက်ရယ်ပြုရတော့မလိုပါ။

ဘယ်လိုပြင်ကြမလဲ
တိုင်းပြည်ရဲ့ ပညာရေးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်လိုဖျက်ဆီး လုပ်ခဲ့တဲ့ ကျေးဇူးရှင်ကြီးတွေဟာ သူတို့သားသမီးတွေကို ဖွံ့ဖြိုးပြီး နိုင်ငံတွေက အဆင်မြင့်ကျောင်းတွေမှာ စာသင်ခိုင်းထားပါတယ်။ လူလတ်တန်းစားနဲ့ လူကုံတန် မိသားစုတွေဟာ အနည်းဆုံးတော့ အဆင့်မြင့်ပညာရေးတွေကို နိုင်ငံရပ်ခြားတွေမှာ ကျောင်းတက်ပညာသင်ယူခဲ့ရကြပါတော့တယ်။ ၂၀၀၁ စက်တင်ဘာ တိုက်ခိုက်မှုအပြီးမှာ အမေရိကန်ရောက်  အိန္ဒိယ ဦးနှောက်တွေ ပြည်တော်ပြန်ခဲ့ပေမယ့် ကျွန်တော် တို့ဦးခေါင်းကောင်းကောင်း တွေကတော့ အမိနိုင်ငံ ဖုန်းဆိုးတောထဲကို ခြေဦးမလှည့်လို့တာ အပြစ်မဆိုသာပါဘူး ။ အစိုးရသစ်က ခွင့်လွှတ်တယ် ပြန်လာပါ လက်ကမ်းကြိုဆိုပါတယ် ဆိုတဲ့ လောကွတ်တော်ကီပွားရုံလောက်နဲ့ တန်ဖိုးရှိတဲ့ပညာတွေ ဦးခေါင်းတွေဟာ လည်ပြန်ညွှတ်လာမှာတော့ မဟုတ်ပါဘူး ။
အဲဒီတော့ အခုခေါင်းပေါင်းစ တလူလူနဲ့  ဘယ်သူပါပါ မပါပါငါတို့လုပ်လည်းရတာပဲ ဆိုတဲ့လူတွေကရော  ပညာရေးစနစ်ကို ပြင်မယ့် လူတွေကရော ပညာတတ်ပါရဲ့လား ဆိုတာကျွန်တော့် အနေနဲ့မသေချာမရေရာပဲ ။ တန်ဖိုးကြီးတဲ့ ကိုယ့်ကားကို မတောက်တစ်ခေါက် စက်ပြင်ဆရာက ရမ်းသမ်းပြင်တာကို ထိုင်ကြည့်နေရတဲ့ ခံစားမှုမျိုး ။  ဘယ်အချက် မျိုးကန်းကုန် ဦးမလည်း ဆိုတာ စိုးရိမ်တကြီးနဲ့။ ပြဌာန်းသင်ရိုးတွေ မှန်ကန်ဖြောင့်မတ်ဖို့၊ ဆရာ၊ ဆရာမတွေ ဂုဏ်သိက္ခာနဲ့အညီ သင်ကြားရေး တာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ဖို့၊ ကျောင်းသုံးစာအုပ်နဲ့ သင်ထောက်ကူပစ္စည်းတွေ လုံလုံ လောက်လောက်ရဖို့၊ အစိုးရအနေနဲ့ ပညာရေး အသုံးစရိတ် တိုးမြှင့်သုံးစွဲဖို့၊ သုတေသနနဲ့ စမ်းသပ်တီထွင်မှုတွေ အားပေးဖို့၊ ကျောင်းမှာ ကျောင်းသားတွေအတွက် ကစာကွင်းရှိဖို့ ၊ လက်တွေ့စမ်းသပ်ခန်းတွေ ရှိဖို့၊ စာကြည့်တိုက်ရှိဖို့၊ကွန်ပြူတာ ရှိဖို့၊ အများကြီးပါပဲ။
အရေးအကြီးဆုံးက အရင်ခေတ်အဆက်ဆက်ကလို တာဝန်ရှိသူတွေ အဆင့်ဆင့် ဘက်ဂျက်တွေခုတ်ဖြတ် မစားဖို့ကလည်း အရေးကြီးပါတယ်။ စာကြည့်တိုက်ဆိုပြီး အမည်ခံပြီး ထောင်တာလည်း အများကြီးဖြစ်နေပါတယ်။ ကျောင်းတွေက ကွန်ပြူတာတွေ ဆွေးမြေ့ပြီး အခန်းထဲမှာ ဒီအတိုင်းပျက်စီးသွားတာလည်း မြင်ခဲ့ဖူးပြီ။ ဘ၀မှာ ဟန်ပြခေါင်းစဉ်တွေနဲ့ ပြောင်းလဲချင်ယောင်ဆောင်ပြတတ်တဲ့ တိုင်းပြည်အဖြစ်က လွတ်မြောက်အောင် ကြိုးစားသင့်ပါပြီ။ ပညာရေးဆိုတာ အစိုးရကိုသစ္စာခံဖို့သက်သက် ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်း ရာထူးဌာနကောင်းဖို့ ဒါမှမဟုတ် ဘာမှန်းမသိပဲ ဘွဲ့တစ်ခုရပြီးရော မဟုတ်ပါဘူး။ စာတွေအော်ကျက် ၊ ပါတိတ်ကပ်ပြီး အမှတ်ကောင်းကောင်း ဂုဏ်ထူးတောင်းတတ်တဲ့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ တွေ့ကြုံဖူးခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံရေးရဲ့ပညာရေးကို ဘယ်လို ပြင်ကြမလဲ ဆိုတာ စိတ်ဝင်တစားရှိမယ့်သူတွေအတွက် အရင်ခေတ်ကာလများက တွေကြုံခဲ့သမျှကို ပြန်လည် တင်ပြလိုက်ရပါတယ်။

အောင်ပိုင်စိုး