အခုတလော အစိုးရရဲ့ မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒမှာ ဘတ်စ်ကားတွေ တင်သွင်းဖို့ကိစ္စကို အရေးပေးဆောင်ရွက် လာတာတွေ့ပါတယ်။ အမှန်တကယ်တော့ ရန်ကုန်ဘတ်စ်ဟာ တော်တော် အခြေအနေဆိုးတဲ့ အနေအထားပါ။ ရန်ကုန်ဘတ်စ်တွေမှာ အဆင့်အတန်းသတ်မှတ်ချက် မရှိပါဘူး။ ကားအရည်အသွေး၊ ၀န်ဆောင်မှု အရည်အသွေးတွေဟာ ပုံမှန်မဟုတ်သလို ယခင်ခေတ်အဆက်ဆက် အဆင်ပြေသလို လုပ်ဆောင်ထားတဲ့ တလွှဲတချော်တွေနဲ့ အတောမသတ်ပြည့်နှက်နေခဲ့ပါတယ်။ 

မြန်မာနိုင်ငံထဲမှာ တခြားနိုင်ငံတွေမှာ ကုန်တင်ယာဉ်အဖြစ် အသုံးပြုတဲ့ ပစ်ကပ်လိုကားမျိုးတွေဟာ ခရီးသည်တင်ယာဉ် အဖြစ်သုံးစွဲနေတာ အစီးရေ သောင်းနဲ့ချီလောက်ဖြစ်နေပါတယ်။ တခြားနိုင်ငံက တင်သွင်းလာတဲ့ ဘတ်စ်ကားခရီးသည် တင်ယာဉ်တွေဟာလည်း ပြန်လည်ပြုပြင်ထားပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ လွှဲချော်နေပြီး လူတစ်ဦးသက်သောင့် သက်သာထိုင်ပြီး စီးနင်းလိုက်ပါဖို့ မဖြစ်နိုင်ပါဘူး။ ဂျပန်နိုင်ငံက စစ်လျှော်ကြေးအဖြစ် ရခဲ့ဖူးတယ် ဘီအမ်ဟီးနိုးလိုကားကြီးတွေကိုလည်း အခုထက်ထိ ခရီးသည်တင်ယာဉ်အဖြစ်အသုံးပြုနေရဆဲပါ။ အဆိုးဆုံးပြဿနာက ဘတ်စ်ကားတွေကို ကျပ်ညပ်စွာစီးနင်းနေရမှုကို အစိုးရအဆက်ဆက်ကလည်း မဖြေရှင်းနိုင်ခဲ့ပါဘူး။
ရန်ကုန်လို မြို့ကြီးပေါ်မှာ အဲယားကွန်းတပ် အဆင့်မြင့်ယာဉ်လိုင်းတွေ ပြေးဆွဲဖူးခဲ့ပေမယ့် ခဏသာခံပြီး စနစ်ကျမှုတွေ ၀န်ဆောင်မှု အရည်အသွေးတွေ နိမ့်ကျသွားခဲ့ပါတယ်။ အဲဒါဟာ ဘာကြောင့်လည်း ဆိုတော့ ယာဉ်လိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေကို သက်ဆိုင်ရာအာဏာပိုင်တွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကျွမ်းကျင်မှုမရှိတာ ကြောင့်လည်းဖြစ်ပါတယ်။ အစိုးရအနေနဲ့ မော်တော်ယာဉ်လိုင်းတွေ တိုးတက်ပြေးဆွဲဖို့ အမြဲမပြတ်တိုးတက် စဉ်းစားခဲ့ပေမယ့် ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေဟာ ရှုပ်ထွေးခက်ခဲလွန်းနေပါတယ်။ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး တစ်သီးပုဂ္ဂလ ယာဉ်ပိုင်ရှင်တစ်ဦးဟာ ဘတ်စ်ကားတစ်စီးပြန်လည်သွင်းယူ နိုင်ဖို့ ငွေပိုငွေလျှံ သိန်းရာနဲ့ချီ ခြေစောင့်လက်စောင့် ထားရပါတယ်။ တချို့ ယာဉ်ပိုင်ရှင်တွေကတော့ ငွေပိုငွေလျှံမရှိတော့ အဲဒီစလစ်ကို လက်လွှဲရောင်းချ ရပါတယ်။ အဲဒီလက်လွှဲစလစ်တွေဟာ ဘတ်စ်ကား စစ်စစ်ပြန်ဖြစ်လာဖို့ သိပ်မသေချာတော့ပါဘူး။ 




ဟိုတစ်လောက ဘတ်စစ်ကား အသစ်တွေကို စီအန်ဂျီမပေးနိုင်လို့ ယာဉ်လိုင်းတွေမပြေးဆွဲနိုင်တဲ့ သတင်းပေါ်ထွက် လာပါတယ်။ အစိုးရသစ်မှာ ဘာအားနည်းချက်ဖြစ်ပေါ်နေလည်း ဆိုတော့ ဠာနဆိုင်ရာအချင်းချင်း ချိတ်ဆက်တဲ့  ညွှန်ကြားချက်တွေဟာ နှောင့်နှေးကြန့်ကြာနေတတ်တာပါပဲ။ စီးပွားရေးဖွင့်ထားရင်တော့ အချိန်နဲ့အမျှ ကိန်းဂဏန်းတွေ ဟာပြောင်းလဲနေပါတယ်။ အဲဒါဟာ နိုင်ငံတစ်ခုလုံးအတွက် ဒိုမီနိုဆက်သွယ်ချက်လို ထိစပ်နေတာ မျိုးပါ။ အစိုးရရဲ့ ဗျူရိုကရေစီ ယန္တယားဟာ မလုပ်မရှုပ်မပြုတ်တွေနဲ့ကော ရစ်ချင်ညစ်ချင်နဲ့တဲ့ လူတွေနဲ့ကော ပြည့်နှက် နေပါတယ်။ အဲဒီအတွက် ပြည်သူဝန်ဆောင်မှုလုပ်ငန်း တွေဟာနှောင့်နှေးကြန့်ကြာနေပြီး အကွက်ချ ဂွင်ရိုက်တဲ့အကျင့် က မပျောက်ပျက်သေးပါဘူး ..။ အစိုးရသစ်ဟာ အဂတိလိုက်စားမှုကို ပပျောက်ဖို့ အတန်အသင့် ကြိုးစားခဲ့တာ ရှိပါတယ်။ ဒါကြောင့် အောက်ခြေ၀န်ထမ်းတွေဟာ ယခင်ရနေကြ လာဘ်လာဘ တချို့စွန့်လွှတ်ခဲ့ရပါတယ်။ အဲဒါဟာ ၀န်ဆောင်မှု လုပ်ငန်းတွေမှာသာ ဖြစ်ခဲ့ပြီး။ အာဏာနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာတော့ လာဘ်ထိုးမှုပုံစံတွေဟာ မပြောင်းမလဲရှိနေဦးမှာပဲ။ 

သားစဉ်မြေးဆက် ချမ်းသာအောင် နည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေစုဆောင်းထားပြီး ဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ပုဆိုးနဲ့ တိုက်ပုံဝတ်ပြီး ၀န်ကြီးလုပ်တဲ့ နိုင်ငံမှာ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ သမ္မတကြီးတစ်ယောက်တည်း ရိုးသားလို့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ရှေ့ဆက်လုပ်ဆောင်ချက်တွေဟာ တရွတ်တိုက်လိုက်ပါနေတဲ့ အထက်တန်းလွှာ အားဏာပိုင် အသိုင်းအ၀ိုင်းကြောင့် ခက်ခဲပင်ပန်းနေပါတယ်။ ခရီးသည်တင် ယာဉ်လုပ်ငန်း သဘာဝမှာ ကိုပဲ ခေတ်နောက်ကျလွန်းနေပြီး အဆင်မပြေမှုတွေ အများကြီးဖြစ်ပေါ်နေပါတယ်။ ယာဉ်လိုင်းတွေဟာ ၀န်ဆောင်မှု ညံ့ဖျင်းတယ်။ ပြီးတော့ ခရီးသည်တွေအပေါ် ဆက်ဆံရေးဆိုးရွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဘာကြောင့်ပါလည်း အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဟာ ယာဉ်လုပ်သားတွေ ယာဉ်ပိုင်ရှင်တွေ အပေါ် လွှမ်းမိုးနိုင်မှု မရှိသလို တာဝန်ယူနိုင်စွမ်းလည်း မရှိပါဘူး။ အဲဒီအတွက် အကျိုးဆက်ကတော့ အများပြည်သူဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး အညံ့ဖျင်းဆုံးဝန်ဆောင်မှု တွေနဲ့နေစဉ် ခရီးဆက်နေရပါတယ်။ အစိုးရနဲ့ ၀န်ကြီးအဖွဲ့တွေဟာ ပြည်သူလူထုအပေါ် စာနာမှုရှိမယ်ဆိုရင် ရုပ်ဖျက်ပြီး ဘတ်စစ်ကားတိုးစီးကြည့်ပါ။ တကယ့် အခြေခံပြည်သူတွေ ဘယ်လောက်တောင် ခက်ခဲရုန်းကန်နေရလည်း သိရှိသွားမှာပါ။ ငါတို့က ဘတ်စ်ကားစီးတဲ့ လူတန်းစား မဟုတ်လို့ ဒီပြဿနာဟာ ငါတို့ ပြဿနာမဟုတ်ဘူး ဆိုရင်တော့ ကလင်းဂါဗာနန့်စ်၊ ဂွတ်ဂါဗားမန့်စ် ဘယ်လောက်ပဲအော်အော် ကလိန်ကကျစ်အစိုးရအဖွဲ့ပဲဖြစ်မှာပါ။ အဲဒီလို ပြည်သူကခေါ်ရင် စိတ်နာပြီး ငါတို့က နိုင်ငံတော်လို့တော့ အရင်ကလို ဘ၀င်လေမဟပ်ဖို့လိုပါတယ်။ နိုင်ငံတော် ဆိုတာ ပြည်သူလူထုကိုခေါ်တာပါ။ ဒါဟာ ဒီမိုကရေစီနိုင်ငံအားလုံးရဲ့ စံချိန်စံညွှန်းပါပဲ။
ကျွန်တော်တို့ နိုင်ငံဟာ ပွင့်လင်းမှုနဲ့အတူ နိုင်ငံတကာ ပွဲတော်တွေ လက်ခံကျင်းပခွင့်ရလာပြီ ဖြစ်ပါတယ်။ လာမယ့် လတွေမှာ အာဆီယံ ပြည်သူလူထုအားလုံး စိတ်ဝင်စားတဲ့ ဆီးဂိမ်းအားကစား ပွဲတော်ကြီးကို လက်ခံကျင်းပတော့မှာပါ။ ဒါပေမယ့်လည်း ပြည်တွင်းဝန်ဆောင်မှု လုပ်ငန်းတွေ အဆင့်အတန်းကတော့ အာဆီယံနိုင်ငံ တွေထက်နိမ့်ပါးနေဆဲပါ။ ဘတ်စ်ကားတွေဟာ နိုင်ငံခြားသားတွေ စီးနင်းနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ အငှားယာဉ် စံချိန်စံညွှန်းမရှိသလို ဈေးနှုန်းသတ်မှတ်ချက်လည်း အတည်တကျ မရှိပါဘူး ။ လွန်ခဲ့တဲ့ လတွေကတော့ ဘီအာတီစနစ်လုပ်မယ် ဆိုပြီး အသံတွေကျယ်ကျယ်လောင်လောင် ကြားရပါသေးတယ်။ အခုတော့လည်း နွေအိပ်မက်လို လွင့်ဝေပျောက်ကွယ်သွားပြန် ပါပြီ။ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အခြေခံကျကျ ရိုးသားတဲ့ တွေးခေါ်မြော်မြင်မှုတွေ ရှိဖို့လိုပါတယ်။ ပြီးတော့ ကောင်းမွန်စိတ်စေတနာ ရှိဖို့လိုပါတယ်။  အခုတော့ အစိုးရသစ်ဟာ စီမံခန့်ခွဲမှု အလွဲအမှားတွေကြားမှာ ပဲ့နင်းဦးထောင် ဦးနင်းပဲ့ထောင်နဲ့ မနိုင်မနင်းဖြစ်နေပါတယ်။ 


ဒီမိုကရေစီကို အသွင်ကူးပြောင်းရေးဟာ အချိန်ကြာမြင့်ကောင်း ကြာမြင့်မှာပါ။ အဆင့်လိုက်အပိုင်းလိုက် လုပ်ဆောင်ချက်တွေဟာ ရိုးဖြောင့်ဖို့ လိုပါတယ်။ အဲဒီလိုမှမဟုတ်ပဲ ယခင်အမူအကျင့်ကို နာမည်ပြောင်း ခေါင်းစဉ်ပြောင်းရုံ ဆို အခြေခံပြည်သူအတွက် နာကျင်ရတဲ့ ဟာသတွေပိုများလာတာကလွဲလို့ သမိုင်းမှာလည်း ဘယ်လိုဖြစ်ထွန်းမှုမျိုးနဲ့မှ ရင့်ကျက်လာမှာ မဟုတ်ပါဘူး။ အဓိကမြို့တော်ကြီး နှစ်မြို့သုံးမြို့လောက်သာ ရှိတဲ့နိုင်ငံမှာ ဘတ်စ်ကားစနစ်လေးတောင် စနစ်တကျဖြစ်အောင် မစီမံမခန့်ခွဲနိုင် အာရှအဆင့်အတန်းနဲ့ ကိုက်ညီအောင် မပြုပြင်နိုင်ခဲ့ဖူး ဆိုရင်… တစ်နိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးဖို့ ဘယ်လိုတစ်လွဲတစ်ချော် စီမံခန့်ခွဲမှုတွေကို ကျွန်တော်တို့ မြင်သိကြားပြီး ကြားထဲကပြည်သူဟာ ဘယ်လောက်ကြာကြာ ငထွားခါးနာနေရဦးမှာလည်း…။ အစိုးရမင်းများ စေတနာကို လေးစားလျှက် တိုးတက်ချင်သော ဆန္ဒကြောင့် တင်ပြလိုရင်းဖြစ်ပါသည်။ မှန်ကန်စွာ စီမံခန့်ခွဲနိုင်ပါစေ။






လွန်ခဲ့တဲ့ ဆယ်စုနှစ်ပေါင်းများစွာ ပြည်တွင်းစစ်တွေ ကြားထဲမှာမို့ ကျွန်တ်ာတို့ နိုင်ငံဟာ ကလေးစစ်သား ပြဿနာကို ဆိုးဆိုးဝါးဝါး ရင်ဆိုင်ခဲ့ရဖူးပါတယ်။ အခုတော့ အသိပညာပေးမှုကော ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်မှု ကြောင့်ရော နိုင်ငံတကာ အဖွဲ့အစည်းတွေ ဖိအားပေးမှုတွေကြောင့်ပါ ကလေး စစ်သားပြဿနာကို အဓိကအင်အားကြီး အုပ်စုဖြစ်တဲ့ တပ်မတော်ကပါ အရေးတယူကိုင်တွယ် ဆောင်ရွက်လာပါတယ်။ ကလေးစစ်သားတွေ ပပျောက်သင့်သလောက် ပပျောက်လာခဲ့သလို လက်နှက်ကိုင် အဖွဲ့အစည်းတွေကလည်း နိုင်ငံတကာမှာ မျက်နှာရဖို့ ကလေးစစ်သား အသုံးပြုမှုတွေကို ဖယ်ခွာလာခဲ့ပါတယ်။

ဒါပေမယ့် ကျွန်တော်တို့ ကလေးလုပ်သား ပြဿနာကိုတော့ ကြီးကြီးမားမားရင်ဆိုင်နေရပါတယ်။ ကလေး လုပ်သားတွေ ဘာကြောင် အဆမတန်များပြား လာသလဲဆိုရင် စီးပွားရေး ဖွံ့ဖြိုးမှုနဲ့ တိုက်ရိုက်ပါက်သက် နေပါတော့တယ်။ အစိုးရသစ်ဟာ အလုပ်အကိုင် အခွင့်အလန်းတွေ ဖန်တီးပေးနိုင်ဖို့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေ ဖိတ်ခေါ်ပြီး ဒီမိုကရေစီအသွင်းကူးပြောင်းရေးကို လုပ်ဆောင်နေပေမယ့်လည်း စီးပွားရေးဖွံ့ဖြိုးမှု အတွက် အခက်အခဲတွေ အများကြီးရှိနေပါသေးတယ် ။ နိုင်ငံတကာရင်းနှီးမြုပ်နှံမှုတွေ ထိုက်သင့်သလောက် ၀င်ရောက်လာခဲ့ပေမယ့် အလုပ်အကိုင်အခွင့်အလန်းကတော့ ပြည်သူအများစုတွက် နည်းပါးနေပါသေးတယ် ။ နယ်စပ်ဒေသတွေ ဖွံ့ဖြိုးမှုနောက်ကျနေခြင်း ပိုလျှံလုပ်အားတန်ဖိုးဟာ စီးပွားရေးကျပ်တည်းမှု ဖြစ်ပေါ်စေပါတယ်။

လူကြီးတွေ အလုပ်အကိုင်ရှားပါးမှုဟာ ကလေးလုပ်သားတွေ ပေါ်ပေါက်လာဖို့ တွန်အားတစ်ခု ဖြစ်နေပါတယ် နယ်မြို့တွေရဲ့ အလုပ်အကိုင်ရှားပါးနေတဲ့ မိသားစုတွေဟာ သူတို့ သားသမီးတွေကို ပညာသင်စေဖို့ ကျောင်းထားပေးဖို့ မဖြစ်နိုင်တော့ပါဘူး အဲဒီအတွက် သူတို့ဟာ ကလေးတွေကို ငယ်ငယ်ရွယ်ရွယ်မှာ အလုပ်အကိုင် တစ်ခုခု ခိုင်းစေဖို့ ဖြစ်ပေါ်လာခဲ့ပါတော့တယ်။ တခြား မြို့ကြီးတွေကို ပို့ပြီး ကလေးငယ်တွေကို ကြုံရာကျပန်း အလုပ်ကိုင်တစ်ခုခု လုပ်ကိုင်ဖို့ ပို့ဆောင်တတ်ကြပါတယ်။ မြို့ကြီးတွေမှာရှိတဲ့ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေဟာ အရွယ်ရောက်ပြီး အလုပ်သမားတွေကို ခိုင်းစေဖို့ထက် ဈေးနှုန်းချိုသာတဲ့ ကလေးလုပ်သားတွေကိုပဲ နယ်မြို့တွေကခေါ်ယူသုံးစွဲကြပါတယ်။ ကာယလုပ်အား စိုက်ထုတ်လုပ်ကိုင် ရတဲ့ ရေရှည် မျှော်လင့်ချက်ဘာမှ မရှိတဲ့လုပ်ငန်းတွေမှာ ကလေးလုပ်သားတွေကို သုံးစွဲကြတာမျိုးတွေ့ရပါတယ်။


ရန်ကုန်လို မြို့ကြီးပေါ်မှာ အသက် ၈နှစ်ကနေ ၁၅နှစ်ဝန်းကျင်ထိ ကလေးငယ် ထောင်ပေါင်းများစွာဟာ လက်ဘက်ရည်ဆိုင် စားပွဲထိုးအဖြစ် လုပ်ကိုင်နေရပါတယ်။ တချို့ကလေးငယ်တွေဟာ ငယ်ရွယ်လွန်းတဲ့ အရွယ် ဖြစ်ပြီး စာသင်ခန်းနဲ့ ကစားကွင်းထဲမှာပဲ ရှိနေသင့်ပါတယ်။ အလုပ်အကိုင် ကို စနစ်တကျ လုပ်ကိုင်တတ်တဲ့ အသိဥာဏ်ရည် မပြည်ဝသေးတဲ့ ကလေးငယ်တွေဟာ ကျေးကျွန်သဖွယ် ကြီးကြပ်သူတွေ ပိုင်ရှင်တွေရဲ့ အတင်းအကျပ် အနိုင်ကျင့် ခိုင်းစေမှုကို မလွန်ဆန်နိုင်ပဲ လုပ်ကိုင်ဆောင်ရွက်နေရပါတယ်။ အဲဒီအတွက် မည့်သည့် အာဏာပိုင် အဖွဲ့အစည်းမှ အရေးယူမှုမရှိသလို တားဆီးပိတ်ပင်မှုလည်း မရှိပါဘူး။ အလုပ်လုပ်ကိုင်ဖို့ အသက်အရွယ်ကို ယခင်အလုပ်သမား ဥပေဒေတွေအရ အသက် ၁၆နှစ်လို့ သတ်မှတ်ထားသော်လည်း ယခုကလေးငယ်တွေက ပျမ်းမျှသတ်မှတ်ချက်ထက် ထက်ဝက်ခန့် လျော့နည်းတဲ့ အသက်အရွယ်တွေနဲ့ လုပ်ကိုင်နေရပါတယ်။

ကလေးတိုင်းဟာ မူလတန်းပညာရေး ကိုတောင် သင်ယူခွင့်မရခဲ့ပဲ အသက်မွေးဝမ်းကျောင်း အလုပ်အကိုင်တွေကို လုပ်ကိုင်နေရတယ်ဆိုရင် အဲဒီလူအဖွဲ့အစည်း တစ်ရပ်လုံးက အဲဒီကလေးငယ် အပေါ်ကို ပြင်းထန်တဲ့ လူအခွင့်အရေး ချိုးဖောက်မှုဖြစ်ပါတယ်။ ပညာသင်ခွင့် မရပဲမွေးဖွားရတာ မမွေးဖွားပဲနေရတာက ပိုကောင်းမွန်ပါလိမ့်မယ်။ ကလေးလုပ်သားတွေအပေါ်ကို ပထမဆုံး လူ့အခွင့်အရေး ချိုးဖောက်သူတွေဟာ အုပ်ထိန်းသူတွေ ဖြစ်ပြီး အဲဒီနောက် ဒုတိယ တရားခံက ခိုင်းစေသူတွေ ကလေးလုပ်သားပွဲစားတွေ ပြီးတော့ နိုင်ငံတော် အစိုးရ၊ နောက်အဲဒီကလေးတွရဲ့ လုပ်အားတွေ ၀န်ဆောင်မှုတွေ နောက်ဆုံးစားသုံးသူ တွေပါပါဝင်ပါတယ်။

ရန်ကုန်မြို့ တစ်ခုတည်းမှာတင် လက်ဘက်ရည်ဆိုင် လုပ်ငန်းတစ်ခုတည်း ကလေးငယ် ထောင်ပေါင်းများစွာနဲ့ သောင်းဂဏန်းအထိ လုပ်ကိုင်နေရပြီး တခြားလုပ်ငန်း နယ်ပယ်များပါ ဥပမာ- စားသောက်ဆိုင်၊ ကားဝပ်လျှော့၊ အိမ်အကူနဲ့ လေလွင့်ကလေးငယ်များ အခြားလုပ်ငန်းတွေမှာ တရားမ၀င်လုပ်ကိုင်ဆောင်ရွက်နေကြရပါတယ်။ ပျမ်းမျှ သိန်းဂဏန်းအထိ ကလေးလုပ်သားတွေ ရှိနေနိုင်ပြီး နိုင်ပြီး။ မည့်သည့်အဖွဲ့အစည်းကမှ ဒီကလေးလုပ်သား တွေရဲ့ အခွင့်အရေးကို ထိထိရောက်ရောက် ကာကွယ်လုပ်ဆောင်ပေးနေတာ မျိုးမရှိပါဘူး။ ကလေးလုပ်သား တွေသုံးစွဲတာ တရားမ၀င်ဘူးဆိုတဲ့ အသုံးအနှုန်းက ရန်ကုန်မြို့ပေါ်မှာ ကလေးလုပ်သား ခိုင်းစေကြသူတွေဟာ အလုပ်သမားဥပဒေတစ်ရပ်ရပ် ကိုလိုက်နာကျင့်သုံးပြီး ခိုင်းစေကြတာမျိုး မဟုတ်လို့ပါပဲ။ ကလေးလုပ်သားတွေ အားလုံးနီးပါးဟာ ပညာသင်ယူခွင့်မရကြပါဘူး။

 မြန်မာနိုင်ငံ တစ်ဝှမ်းမှာရှိတဲ့ ဆင်းရဲတဲ့မိသားစုဝင် ကလေးငယ်တွေဟာ အတင်းအကျပ်မြို့ကြီးတွေကို ပို့ဆောင် ခံခဲ့ရပုံရှိပြီး။ ကလေးလုပ်သားတွေကို ရောင်းဝယ်ဖောက်ကားတဲ့ ကလေးလုပ်သား ပွဲစားအုပ်စုတွေ ရှိနေနိုင်ပါတယ်…။ ဒါဟာလည်း လူကုန်ကူးမှုတစ်မျိုး ဖြစ်ပြီး မြန်မာလို မဖွံ့ဖြိုးသေးတဲ့ နိုင်ငံအနေနဲ့တော့ ဒီလို ကိစ္စတွေကို မကောင်းမှုလို့ ရှုမြင်ခြင်းမရှိပဲ တရားမျှတမှုလို ပြုမူဆောင်ရွက်နေကြပါတယ်။ ကလေးလုပ်သားတွေ အနေနဲ့ ဘာတွေ ဆုံးရှုံးခံစားနေရလဲ…။ အနည်းဆုံးတော့ လူကြီးလုပ်သားတွေထက် ပိုမိုတဲ့ အလုပ်ချိန် ခိုင်းစေ ခံရတတ်ပါတယ်။ ပြီးတော့ လုပ်ခလစာ မဆိုစလောက်ကိုသာ ရရှိတတ်ပြီး အဲဒီရရှိတဲ့ငွေကြေးကိုလည်း အုပ်ထိန်းသူတွေ ခေါင်းပုံဖြတ်မှုကို ခံစားရတယ်။ လူကြီးလုပ်သားတွေလို ခွင့်ရက်ခံစားခွင့်လည်း စနစ်တကျ မရှိကြ သလို ကျန်းမာရေး ထိခိုက်နိုင်တဲ့ လုပ်ငန်းတွေမှာ ၀င်ရောက်လုပ်ကိုင်ရင် ကျန်းမာရေးဆိုင်ရာ ဆုံးရှုံးနစ်နာမှုကို လျှော်ကြေးမရရှိတတ်ကြပါဘူး ။ အဆိုးဆုံးက ပညာသင်ကြားခွင့် မရကြတာပါပဲ။ အဲဒီအတွက် ကလေးငယ်တွေဟာ အနာဂါတ်မဲ့ လူသားတွေဖြစ်မှန်းမသိဖြစ်လာရပါတယ်။

လူအဖွဲ့အစည်း အနာဂါတ်ဟာ ကလေးငယ်တွေပါပဲ။ ကျွန်တော်တို့က ကလေးငယ်တွေကို ဒီနေ့မှာ စားပွဲထိုးခိုင်းထားတာ ကျွန်တော်တို့ အနာဂါတ်ကိုစားပွဲ ထိုးခိုင်းထားတာနဲ့ အတူတူပါပဲ။ ကလေးငယ် သိန်းပေါင်း များစွာဟာ သူတို့ရဲ့ အနာဂါတ်ကိုစွန့်ပစ်ပြီး ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အလုပ်အကျွေးပြုနေရတယ် ဆိုရင် ကျွန်တော်တို့ ခေတ်ကာလ လူတွေရဲ့ ရင့်သီးမှုဟာ သမိုင်းနဲ့ချီအောင် ဆိုဝါးနိမ့်ကျသွားခဲ့ပါပြီ။ ခွေးလေခွေးလွင့် တွေကိုတောင် ကာကွယ်ဆေးထိုးပေးနိုင်အောင် ကြင်နာတတ်တဲ့ ကျွန်တော်တို့ မြို့သား တွေဟာ ကလေးလုပ်သား ပြဿနာပေါ်မှာတော့ သတိမမူဂူမမြင်ဖြစ်နေကြပါတယ်။ ဒါဟာ ကျွန်တော်တို့ကိုယ့် အနာဂါတ်ကို ကိုယ်တိုင် လျစ်လျူရှုနေတာပါ။ အဲဒီအတွက် အားလုံးမှာ တာဝန်ရှိပါတယ်။ ကလေးငယ် သိန်းပေါင်း များစွာကို လျစ်လျူရှုတာ အနာဂါတ်သိန်းပေါင်းများစွာကို ဖျက်ဆီးစွန့်ပစ်လိုက်တာပါပဲ။ ကျွန်တော်တို့ ပိုကောင်းမွန်တဲ့ လူ့အဖွဲ့အစည်း ပိုကောင်းမွန်တဲ့ မနက်ဖြန်တွေဖြစ်ဖို့ …. ကျောင်းနေအရွယ် ကလေးငယ်တိုင်း စာသင်ကျောင်းထဲကိုရောက်ဖို့ အမျိုးသားရေးတာဝန်တစ်ရပ်အနေနဲ့ တိတိကျကျ လိုက်နာဆောင်ရွက်ဖို့ လိုအပ်နေပါပြီ။

အောင်ပိုင်စိုး