ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၁မှာ ဘုရင့်နောင်လမ်းဆုံက နှစ်ထပ်တံတားမှ တံတားတစ်စင်းကို မော်တော်ယာဉ်များ ဖြတ်သန်းခွင့် ပြုလိုက်ပြီဆိုတဲ့ သတင်းကို ကျွန်တော်နေ့စဉ်ထုတ် သတင်းစာတွေမှာ ဖတ်လိုက်ရပါတယ်။ အဲဒီကမှ အတွေး ဆင့်ကဲပြီး ယာဉ်ကျောပိတ်ဆို့မှုတွေကြောင့် အစိုးရသစ်ဟာ လမ်းငါးခွဆုံတွေမှာ ကုန်းကျော်တံတားတွေ တည်ဆောက်နေပါတယ်။ စပြီးမဆောက်ခင်ကတည်းက မီဒီယာတွေမှာ ခြောက်လအတွင်း ကုန်းကျော် လေးစင်း တံတားတွေ အပြိုင်ဆောက်မယ်လို့ အစိုးရသစ်တွေကြွားဝါခဲ့ဖူးပါတယ်။ တကယ်တမ်းကျတော့လည်း နှစ်နဲ့ချီကြာမြင့်အောင် ဆောင်ရွက်ခဲ့ရတာပါပဲ။ အစိုးရသစ်ရဲ့ လေးနှစ်သက်တမ်းလောက်မှ ကုန်းကျော်တံတားတွေ ပီပီပြင်ပြင် ပေါ်ပေါက်လာပါတယ်။ 

            ရွှေဂုံတိုင်ကုန်းကျော် တံတားလည်း ကိုးဆယ်ရာခိုင်နှုန်းပြီးစီးပြီ ဆိုပြီလာမယ့် နိုဝင်ဘာမှာ ဖွင့်လှစ်နိုင်မယ် ဆိုတဲ့ သတင်းလည်း ဖတ်ရပါတယ်။ ဒါပေမယ့် ကုန်းကျော်တံတားတွေ တော်တော်များများဟာ ရှည်းလျားကွေ့ကောက်လွန်းပြီး တံတားတည်ဆောက်မှုတွေဟာ ခေတ်နောက်ကျနေတဲ့ ဒီဇိုင်းပုံစံအတိုင်းဖြစ်ပြီး အန္တရာယ်များတဲ့ တံတားကွေ့တွေ ဖြစ်နေပါတယ်။ ယခင်အစိုးရလက်ထက်က ဆောက်ခဲ့ပြီး လမ်းပိုင်းဆိုင်ရာ တည်ဆောက်မှု အန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ တံတားတွေကို ကျွန်တော် အန္တရာယ်တံတားကွေ့များ ရယ်လို့ High Speed ဂျာနယ်စတင်ထွက်ရှိတဲ့ အချိန်က ရေးသားခဲ့ဖူးပါတယ်။ ဒါပေမယ့်  အခုအသစ်ဆောက်တဲ့ တံတားတွေဟာ လည်းအဲဒီတံတားတွေလိုပဲ ကွေ့ကောက်ရှည်လျားနေပြီး ယာဉ်ကျောကျပ်မှုကို လက်ပူတိုက်ဖြေရှင်းတဲ့ နည်းလမ်းများလားလို့ သံသယ ဖြစ်ဖွယ်ရှိပါတယ်။ 

            တံတားနဲ့ လမ်ပိုင်းဆိုင်ရာကို စနစ်တကျပေါင်းစပ်ပြီး အဆင်ပြေပြေတံတားဆိုလို့ ကျွန်တော်တွေ့ဖူးသမျှ ပုဇွန်တောင် တံတားပါပဲ အဲဒီတံတားမှာ နာမည်ကို ကျွန်တော် ရှာကြည့်ပေမယ့် ဂူးဂဲလ်အက်ထဲမှာတောင် နာမည်မပါပါဘူး။ ဒီတံတားကို တည်ဆောင်တာ ကိုလိုနီခေတ်လောက်တည်းက ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ တံတားဟာ သာကေတ မင်္ဂလာတောင်ညွှန့် ပုဇွန်တောင် တာမွေ သုဝဏစတဲ့ မြို့နယ်တွေကို အထက်ပုဇွန်တောင်လမ်း စက်ရုံလမ်းတွေကို ကွန်ယက်သဖွယ် နှစ်ထပ်လမ်းတွေနဲ့ ဆက်သွယ်ပေးထားပါတယ်။ လူတော်တော်များများ အဲဒီတံတား သေးသေးလေးပေါ်က ဖြတ်သန်းသွားတာတောင် အဲဒီဖြတ်သန်းသွားမှုကို မသိလိုက်မသိဘာသာ ဖြစ်ဖြစ်သွားတယ်။ လမ်းပိုင်ဆိုင်ရာ လမ်းလွှဲလမ်းဖြတ်နဲ့ ယှက်ဖြာမှုအားကောင်းပြီး စနစ်ကျတဲ့ တွက်ချက်မှုတွေကြောင့် အဲဒီတံတားပေါ်မှာ ယာဉ်ကျောကျပ်မှု မဖြစ်ပေါ်စေခဲ့ပါဘူး ..။ ကျွန်တော့်အနေနဲ့ စနစ်ကျတဲ့ တံတားအနေနဲ့ အဲဒီတံတားလေးကို အမှတ်တရ ဖြစ်မိပါတယ်။ 

            အခု ကျွန်တော်တို့ တံတားအသစ်တွေမှာ ဘာကြောင့် ဒီလိုဖြစ်နေရတယ် ဘာကြောင့် ဒီလိုဆောက်ရတယ် ဆိုတာကို တိတိကျကျ မသိရပါဘူး…။ နိုင်ငံတော်နဲ့ ခရိုနီကုမဏီတွေ လက်ဝါးကြီးအုပ် စိတ်ထင်ရာလုပ်လိုက်တာများ လာလို့ သံသရပွားရပါတယ်။ ပထမဦးဆုံး ကျွန်တော်  ဖွင့်လှစ်ပြီးဖြစ်တဲ့ လှည်းတန်းဂုံးကျော်တံတားကြီးကို လေ့လာကြည့်မိပါတယ်။ အင်ဂျင်နီယာ ပညာရပ်တွေ နကန်းတလုံးမှ မသိပဲ တံတားတစ်စင်းကို လူပြိန်းတစ်ယောက် အနေနဲ့ အဆင်ပြေမပြေလေ့လာကြည့်တာပါ…။ မှားချင်လည်း မှားယွင်းနိုင်ပါတယ်။ လှည်းတန်း တံတားဟာ လှည်းတန်း လမ်းဆုံမှာ ရန်ကုန်ပြည်လမ်း နဲ့ ရန်ကုန်ပြည်လမ်းကိုပဲ တံတားထိုးထားတာမျိုးတွေ့ရပါတယ်။ အဲဒီအတွက် တံတားကြီးမှာ ခါးလယ်မှာကွေ့နေတယ်။ ရန်ကုန်ပြည်လမ်းအတိုင်း သွားတဲ့ ယာဉ်တွေအတွက်တော့ မီးပွိုင့်စောင့်စရာ မလိုတော့ပေမယ့် တခြား အင်းစိန်လမ်း၊ လှည်းတန်းလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း ယာဉ်ကျောတွေ အတွက်တော့ ယခင်အတိုင်းမီးပွိုင့်စောင့် နေရဆဲပါ..။ ရိုးရိုး တစ်လမ်းသွား ကုန်းကျော်တံတားလောက်ကိုတော့ ကမ္ဘာပေါ်မှာ ဒုတိယကမ္ဘာစစ် မတိုင်ခင်ကတည်း ဆောက်နေကြပါပြီ..။ အခု နှစ်ဆယ့်တစ်ရာစုရောက်မှာ လမ်းငါးခွဆုံလေးမှာ လူကြီးလမ်းကြောင်းအများဆုံး သွားတဲ့ ရန်ကုန်ပြည်လမ်းလေးကို တံတားထိုးပေးတယ်ဆိုတာ ပျင်းရိစရာကောင်းတဲ့ အာဏာရှင်စနစ်က မျက်နှာလိုမျက်နှာရ လုပ်တဲ့အကွက်လောက်ပဲ ရှိပါတယ်..။ အဲဒီတံတားဟာ နောက်ငါးနှစ်လောက်ကြာရင် တိုးပွားလာမယ့် ယာဉ်စီးရေနဲ့ ကျပြန်ရင် ၀န်ထုတ်ဝန်ပိုးတစ်ခုလို ဖြစ်ကျန်ခဲ့နိုင်ပါတယ်။ 

            သမ္မတကြီးကတော့ ပြည်သူတွေအဆင်ပြေအောင်လိုတော့ စီမံပြီးလုပ်နေတာပါပဲ ဒါကို ယုံမှားသံသရမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ပေးကားပေး၏ မရဆိုတာနဲ့ပါပဲ..။ အင်းစိန်လမ်းမပေါ်ကနေ ရုံးတက်ရုံးဆင်း လုပ်နေရတာတဲ့ ခရီးသွားပြည်သူတွေကို စောင့်မြဲစောင့်ဆဲပါ။ ဒီကြားထဲကမှာ  တံတားသွန်ကျလာတဲ့ ယာဉ်တွေဟာ ဟံသာဝတီအ၀ိုင်းမှာ ကျပြန်တော့ ပြန်ပြည့်ကျပ်သွားပြီး မြေနီကုန်းလမ်းဆုံမှာလည်း တစ်ခါပြန်စုပြုံတိုးနေရပြန်ပါတယ်။ ကျွန်တော် ဒီနေ့ခေတ်မှာ စီမံကိန်းဟာ လတ်တလော အချိန်လေးအဆင်ပြေ ရုံမဟုတ်ပဲ နောက် ငါးနှစ် ဆယ်နှစ် နှစ်နှစ်ဆယ်လောက် အထိ ဝေးဝေးကြည့်ကြည့် မှန်မှန်မြင်ဖို့လိုပါတယ်။ သို့မဟုတ်ကတော့ တိုင်းပြည်ဘဏ္ဍာတွေ ထပ်တလဲလဲကုန် ထပ်တလဲလဲ ပြုပြင်နဲ့  ပျက်အစဉ် ပြင်တစ်သက် ဖြစ်နေပါမယ်။ 

            နောက်ထပ် ကျွန်တော် စိတ်လက်မအီမသာ ဖြစ်မိတဲ့ တံတားက ရွှေဂုံတိုင်တံတားပါ။ အဲဒီတံတားဟာ ကမ္ဘာအေး ဘုရားလမ်း နှင်းဆီကုန်း ဘိုးဘွားရိပ်သား ကုန်းအဆင်းကနေ ချဉ်းကပ်လမ်းကို တက်လာပြီး ကွန်ဒိုတိုက်အမြင့် ကြီးတွေ ကြားကနေ ကမ္ဘာအေး ဘုရားလမ်း ဇီဝိတဒါန သံဃာဆေးရုံရှေ့နားမှာ ချဉ်းကပ်လမ်းဆင်းပါတယ်။ တံတားပေါ်မှာ ၁၅ဒီဂရီလောက် ကွေ့နှစ်ကွေ့လောက်ပါပြီး… ချဉ်းကပ်လမ်း အဆုံးမှာ ဂငယ်ကွေ့ကြီးတစ်ခုရှိပါတယ်။ ကျွန်တော်တို့ ရန်ကုန် မြောက်ဥက္ကလာ မင်္ဂလာဒုံ စတဲ့အထူးယာဉ်မောင်းတွေ ဘီအမ်ဆရာတွေရဲ့ Racing တွေနဲ့ မျက်နှာချင်းဆိုင် ဂငယ်ကွေ့နဲ့ ….။ ခရီးသွားပြည်သူတွေအတွက် စိတ်လက်လေးလံမိပါသေးတယ်။ ဗန္ဒူလတံတားလို့ ကုန်းဆင်းတွေ တောက်လျှောက်ကျမှ စလိုးဒေါင်းတွေ ခံမှာလား မသိသေးပါ။ ဘာကြောင့် ရွှေဂုံတိုင်လမ်းနဲ့ အနောက်ရွှေဂုံတိုင်လမ်းကို တံတားမထိုးလည်း ဆိုတာ ပဟေဠိဖြစ်မိပါတယ် အင်ဂျင်နီယာ ပညာရှိတွေမှာတော့ အဖြေကောင်းကောင်း ရှိမှာပါ။ ကျွန်တော်တို့လည်း ဘာမှမသိနိုင်တာမို့ ဒါမြန်မာပြည်လို့ပဲ ကိုယ့် ပဟေဠိကိုရင်ထဲမှာ မြိုသိပ်ထားလိုက်ပါတော့တယ်။ ဒါပေမယ့် နိုင်ငံရဲ့ ဖွံ့ဖြိုးရေးခြေလှမ်းတွေ တောင်တစ်လှမ်းမြောက်တစ်လှမ်းပါ ခေတ်စနစ်တွေထဲမှာ ဒုက္ခထုထည်နဲ့ ကျန်ခဲ့တာကတော့ ပြည်သူတွေပါပဲ။ သူငယ်ချင်းတစ်ယောက် ပြောဖူးတာ အမှတ်ရမိတယ် ပြည်သူတွေက ပညာရှိဖြစ်နေကြပြီတဲ့ ဘာကြောင့်လည်းဆိုတော့ ပညာပေးခံရတာတွေ များလို့တဲ့လေ..။ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ကြ ပါစေ။


Aung Pai Soe