မင်္ဂလာနှစ်သစ်ပါလို့ High Speed ရဲ့ စာဖတ်သူတွေကို ဦးစွာပဏမ နှုတ်ဆက်လိုက်ပါတယ်။  High Speed ဂျာနယ်ကတော့ နှစ်ကူးသင်္ကြန်ကာလ တစ်လတာ အနားယူပြီး စိတ်သစ် လူသစ် ခွန်အားသစ်တွေနဲ့ ကဏ္ဍသစ်တွေနဲ့ ပြန်လည်ထွက်ရှိ လာမယ်လို့ အယ်ဒီတာ အဖွဲ့တွေဆီကသိရပါတယ်။ နှစ်သစ်မှာ High Speed ကိုစောင့်မျှော်နေကြတဲ့ စာဖတ်သူတွေ အနေနဲ့လည်း မော်တော်ယာဉ်နဲ့ ယာဉ်နဲ့ဆိုင်ရာအကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံ တိတိကျကျ လျင်လျင်မြန်မြန် မှန်မှန်ကန်ကန် ရဖို့ အချိန်ယူစီစဉ်နေလို့ နောက်ကျနေပုံရပါတယ်။ ကျွန်တော်လည်း High Speed မှာ ပုံမှန် ဆောင်းပါးတွေ အတွေးအမြင်တွေ ရေးသားနေသူဆိုတော့ နှစ်သစ်မှာ High Speed Journal ဘယ်လိုအသွင်သစ်တွေနဲ့  ထွက်ရှိလာမလည်း ဆိုတာရင်ခုန် မျှော်လင့်မိတာ အမှန်ပါ။
            ကျွန်တော်ရေးနေတဲ့ ဂျာနယ်က High Speed လို့ဆိုပေမယ့် ကျွန်တော့် ဆောင်းပါးတော်တော် များများမှာ High Speed နဲ့မမောင်းဖို့ အမြဲသတိပေးရေးသားလေ့ ရှိပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ယာဉ်တိုက်မှုအတွက် အသက်ဆုံးရှုံးနေရတာတွေကို ကျွန်တော်နှမြောတသ ဖြစ်လွန်းလို့ပါ။ ကျွန်တော်တို့ နိုင်ငံဟာ အခုမှဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေတဲ့ အချိန် လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ လူစွမ်းအား အရင်းအမြစ်တွေဟာ တိုင်းပြည်အတွက် တန်ဖိုးကြီးလွန်းလို့ပါ ..။ ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံတွေလို လူဦးရေ သန်းရာဂဏန်း ထောင်ဂဏန်းရှိပြီး လူစွမ်းအား အရင်းအမြစ်အတွက် အလျှံပါယ် ဖြစ်နေတဲ့ နိုင်ငံမဟုတ်ပါဘူး။ အဲဒီကြားထဲကမှ ကျွန်တော်တို့ ကျွမ်းကျင် ပညာရှင်တွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ သဘာဝအတိုင်းမဟုတ်ပဲ လူလုပ်တဲ့မတော်တဆမှုတွေ အတွင်းမှာ သေဆုံးရရင် တိုင်းပြည်အတွက်လည်း ဆုံးရှုံး မိသားစုအတွက်လည်း ဆုံးရှုံးနဲ့ အဆုံးအရှုံးတွေ များလွန်းလို့ ကျွန်တော် အဲဒီမတော်တဆမှုတွေကို ဆင်ခြင်ထိန်းချုပ်ဖို့ အကြောင်းတွေ အမြဲလို သတိပေးရေးသားလေ့ရှိပါတယ်။ တာဝန်ရှိသူတွေ ယာဉ်စည်းကမ်းထိန်းသိမ်းရေးတွေကိုလည်း ယခင်ကထက် ပိုမိုစီမံခန့်ခွဲလာတာတွေကိုလည်း တွေ့မြင်လာရပါတယ်။ ဒါပေမယ့် များပြားတိုးတက်လာတဲ့ ယာဉ်စီးရေနဲ့ ကြောင့် စည်းကမ်းထိန်းသိမ်း စီမံခန့်ခွဲမှုတွေဟာ မမျှမတဖြစ်ပြီး ယာဉ်တိုက်မှုတွေ ဆက်လက်တိုးတက်လာပြီး ယာဉ်ကြောင့် ထိခိုက်ဒဏ်ရာရတာ တွေ သေဆုံးတာတွေလည်း တိုးတက်များပြားလျှက်ရှိနေပါတယ်။
            ဧပြီလထဲမှာ စိတ်ညစ်ညူးဖွယ် ယာဉ်တိုက်မှုတွေကြောင့် စံချိန်တင် လူသေဆုံးရတဲ့ သတင်းတွေဖတ်နေရတာ တော်တော် စိတ်မသက်မသာဖြစ်ရပါတယ်။ အဲဒီယာဉ်တိုက်မှု တွေကလည်း ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမနဲ့ ပါက်သက်ပြီးတော့ ဆိုတော့ ကျွန်တော့်အနေနဲ့ တော်တော်လေးကို မချိတင်ကဲ ဖြစ်ရပါတယ်။ အရင်ကလည်း ဒီလမ်းကို ငရဲပြည်သို့အမြန်လမ်း ဆိုပြီးဆောင်းပါးတစ်ပုဒ်ရေးဖူးခဲ့ပါတယ် ။ ဒါပေမယ့် ဒီကိစ္စနဲ့ပါက်သက်ပြီးတော့ တာဝန်ရှိသူတွေဟာ ဘာမှ အရေးတယူဆောင်ရွက်တာ မရှိပါဘူး ..။ အမြန်လမ်းမ အတွက် သမ္မတကြီး ဦးသိန်းစိန်ဟာ အမေရိကန်သမ္မတ  အိုဘားမားကို အကူအညီတိတိကျကျ တောင်းဖူးပါတယ်။ ဒါပေမယ့်လည်း ပြောပြီးမေ့ရော သမ္မတတွေလားတော့ မသိပါဘူး..။ အမြန်လမ်းမကတော့ ဒီနေ့အထိ လူသတ်နေတုန်းပါပဲ။ ခရီးသွားတွေရဲ့ အသက်အန္တရာယ်ကို တိတိကျကျ ခြိမ်းခြောက်နေတုန်းပါပဲ။  ဧပြီလဆန်းပိုင်းမှာ အမြန်လမ်းရဲ့ စံချိန်တင် လူ၁၃ဦးသေဆုံးရတဲ့ ယာဉ်တိုက်မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ အဝေးပြေးဘတ်စ်ကားဟာ အိမ်စီးယာဉ်တစ်စီးကို ကျော်တက်ချိန်မှာ မလွတ်ကင်းပဲ ကားလေးဟာ ကားကြီးရဲ ဗိုက်အောက်ကို ၀င်သွားပြီး တက်ကြိတ်မိပြီးတော့ ယာဉ်နှစ်စီးလုံး မီးလောင်ခဲ့လို့ လူသေဆုံးမှု များပြားခဲ့တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ ယာဉ်တိုက်မှုဖြစ်ချိန်မှာ ယာဉ်မောင်းဟာ တံခါးတွေပိတ်ပြီး ကိုယ်လွတ်ရုန်းပြေးသွားတယ် လို့လည်း သိရပါတယ်။ အဲဒီလိုလုပ်တာဟာ လူမဆန်တဲ့အပြင် တာဝန်ယူမှုကင်းမဲ့တာပါ ကားလေးမှာ စီးနင်းလိုက်ပါသူ အားလုံးသေဆုံး ခဲ့ရပြီး အဝေးပြေးဘတ်စ်ကားပေါ်မှာ အိပ်ပျော်နေသူ ခရီးသည်တွေလည်း သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်စဉ်မှာ အပေါ်ယံကြည့်ရင်တော့ ယာဉ်မောင်းကြောင့် ယာဉ်မောင်းရဲ့ လူမဆန်မှုကြောင့်လို့ ထင်စရာရှိပါတယ်။ တကယ်တော့ ယာဉ်မောင်းမှာလည်း ထိုက်သင့်တဲ့ အပြစ်ရှိပါတယ်။  ဒါပေမယ့် အမြန်လမ်းမကြီး တစ်ခု စီမံကိန်းနဲ့ စီမံခန့်ခွဲမှု အရတော့ အစိုးရနဲ့ လမ်းဖောက်သူတွေမှာ တာဝန်အရှိဆုံးပါ။
            ဒီနေရာ ကျွန်တော်တို့ နိုင်ငံမှာ လွှဲမှားတဲ့ လုပ်ထုံးလုပ်နည်းတွေ အကြောင်း နည်းနည်းပြောချင်ပါတယ်။ ယာဉ်တိုက်မှုဖြစ်ရင် ယာဉ်မတော်တဆဖြစ်ရင် ယာဉ်မောင်းကြောင့်ဆိုပြီး ယာဉ်မောင်းကို ပြစ်ဒဏ်ကြီးကြီးချမှတ်တာကို မှန်တယ်လို့ ထင်နေကြပါတယ်။ တစ်ဖက်က ပြန်ကြည့်တော့ ပြစ်ဒဏ်ကြီးကြီးချလို့ ယာဉ်တိုက်မှုတွေ လျော့ပါးသွားခြင်းမရှိတဲ့ အပြင် ယာဉ်မောင်းတွေဟာ မတော်တဆဖြစ်တာနဲ့ ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပြေးဖို့ နည်းလမ်းကိုပဲ ရွေးချယ်သွားကြပါတော့တယ်။ အမြန်လမ်းမနဲ့ ပါက်သက်ရင်တော့ အစိုးရနဲ့ တာဝန်ရှိသူတွေ လမ်းဖောက်တဲ့ ခရိုနီတွေမှာ အပြစ်ကြီးကြီးရှိပါတယ်။ အရည်အသွေးမမှီ တဲ့လမ်းကို လူတွေဆီ လမ်းအသုံးပြုခ လိုချင်တာသက်သက်နဲ့ ဖြတ်သန်းခွင့်ပေးတာတစ်ချက်ပါ လမ်းပေါ်မှာ ယာဉ်တိုက်မှုတွေ မတော်တဆဖြစ်မှုတွေအတွက် လမ်းဖောက်လုပ်သူတွေဟာ လျော်ကြေးပေးခြင်း တောင်းပန်ခြင်း စာနာခြင်း လုံးဝမရှိတာပါ အဲဒီအတွက် မိမိတို့အမှားကို မသိတဲ့ အစိုးရနဲ့ ခရိုနီတွေဟာ တာဝန်မဲ့မိုက်မဲ သူတွေလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ အမြန်လမ်းကြောင့် လူအသက်တွေ ဘယ်လောက်ဆုံးရှုံးရသလဲ သိရရင် မိတ်ဆွေတို့လည်း မချိတင်ကဲဖြစ်ကြမှာ အမှန်ပါ။
            အမြန်လမ်းမ စီမံကိန်းဟာ စစ်အာဏာရှင်ရဲ့ မြို့တော်သစ် စီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပြီး ၂၀၀၉ ခုနှစ်ကစတင်ပြီး အများပြည်သူကို အသုံးပြုခွင့်ပေးခဲ့ပြီး သုံးလအတွင်းမှာ ယာဉ်တိုက်မှု ယာဉ်မတော်တဆမှု ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး နှစ်စဉ် ယာဉ်တိုက်မှု ရာနဲ့ချီ  မတော်တဆဖြစ်တဲ့ ကမ္ဘာစံချိန်တင် လူသတ်တဲ့ အမြန်လမ်းများ ဖြစ်နေမလား မသိပါ။ ဂျပန်ခေတ် သံဖြူဇရပ်ကနေ ဘန်ကောက်ကို ဖောက်တဲ့ စစ်သုံ့ပန့်တွေ စံချိန်တင် သေဆုံးရတဲ့ သေမင်းတမန်မီးရထားလမ်းထက်များ ပိုသေဆုံးမှုများနေမလား မသိပါ။ လက်ရှိအတိုင်းသာ အစိုးရအနေနဲ့ တာဝန်ယူမှုကင်းမဲ့ရင်တော့ သေဆုံးမှုတွေများပြားနေဦးမှာ ၂၀၀၉ခုနှစ်ကနေ အခုအချိန်အထိ လူသုံးရာကျော်အသက်ကို ကွန်ကရစ်ထူထူ အဲဒီလမ်းမက လုယူသွားခဲ့တယ်လို့ သတင်းတွေမှာဖတ်ရပါတယ်။ တစ်ကမ္ဘာလုံး ၀မ်းနည်းရတဲ့ ကိုးရီးယားသဘောင်္နစ်မြုပ်သလောက် လူဦးရေပါပဲ။ ဒါပေမယ့် လူသူသိပ်မသိပဲ အသက်ဆုံးရှုံးရတဲ့ အဲဒီခရီးသွားတွေမှာ တိုင်းပြည်အတွက် လူအဖွဲ့အစည်းအတွက် ကမ္ဘာကြီးအတွက် တန်ဖိုးရှိတဲ့ လူတွေ ပညာရှင်တွေ ဘယ်လောက်များများ ကျွန်တော်တို့ဆုံးရှုံးသွားရပြီလဲ မသိနိုင်ပါ။ အုပ်ချုပ်သူတွေ ရူးနှမ်းမှုသက်သက်အတွက် စံချိန်စံညွှန်းမရှိတဲ့ လမ်းကို ခရိုနီတွေက ၀တ်ကျေတန်းကျေ ဖောက်ပေးတဲ့ ဒီလမ်းပေါ်မှာ ကျွန်တော်တို့ရဲ့ အပြစ်မဲ့ နိုင်ငံသားတွေက ကြားထဲက ဓားစာခံဖြစ်နေကြရတာပါ။
            အမြန်လမ်းအတွက် ရေတိုစီမံကိန်းတွေနဲ့ ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက် လက်သိပ်ထိုးစီမံခန့်ခွဲမှုတွေနဲ့တော့ အဆင်မပြေနိုင်ပါ။ အမြန်လမ်းကို ချက်ချင်းပြုပြင်ပါလို့ ပြောရင် ဘတ်ဂျက်မရှိဘူးလို့ ညည်းပြမယ့် အစိုးရဟာ နိုင်ငံတကာ လှုဒါန်းမှုတွေ ကူညီမှုပိုက်ဆံတွေကို ဘယ်မှာဝှက်မှန်းမသိအောင် ပြည်သူကိုရှင်းလင်းတင်ပြခြင်း မရှိပါဘူး။ ပြီးရင် နိုင်ငံတကာအကြွေးတွေ အများကြီးရှိတယ်လို့ နေစရာမရှိတဲ့ ကျူးကျော်တွေကို လက်ညှိုးထိုးပြောဦးမှာပါ။ အခုအမြန်လမ်းကို ပိတ်ပြီး ထပ်ပိုးကတ္တရာလောင်း အရှိန်ထိန်းကိရိယာတွေတပ် လပိုင်းအတွင်း အဆင့်မြင့်အောင် လုပ်လို့ရပါတယ်။ ပြည်တွင်း ဘယ်ကုမဏီ ဘယ်ဝန်ကြီးဠာနကိုမှ လုပ်ခိုင်းစရာမလိုပါဘူး ပိုက်ဆံပုံပေးပြီး အမေရိကန်တွေကို ခေါ်ခိုင်းလို့ရပါတယ်။ အဲဒီလိုမှ မလုပ်နိုင်ရင်တော့ အမြန်လမ်းဟာ လူသတ်လမ်းမ ဖြစ်နေဦးမှာပါ။ ခရီးသွားတွေအတွက်တော့ အမြန်လမ်းပေါ်တက်ရင် ကိုယ့်မှာ အသက်ရှိကြောင်း သတိရပါလို့ပဲ မှာချင်ပါတော့တယ်။

အောင်ပိုင်စိုး