ဒီမိုကရေစီ ခေတ်ရဲ့ သတင်းတွေထဲမှာ သတင်းထောက်တွေ ထောင်ဒဏ်ကျခံရတဲ့ သတင်းတွေကိုလည်း ကျွန်တော်တို့ အထိတ်တလန့်ကြားနေရပါတယ်။ ဒီမိုကရေစီ သက်တမ်းရလာတာနဲ့ သတင်းတွေဟာ အသက်ဝင်လှုပ်ရှား လာပါတယ်။ ယခင် စာပေစိစစ်ရေး မရှိတော့တဲ့ နောက်ပိုင်း မီဒီယာတွေအနေနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ပြည်သူလူထုထံ တင်ပြလာနိုင်ခဲ့ပါတယ်။ အရင်က စစ်အာဏာရှင် စနစ်နဲ့ ထိန်းကွပ်မှုတွေကို ဖယ်ရှားပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အရောက်သွားဖို့အတွက် သတင်းမီဒီယာဟာ လွပ်လပ်စွာဖော်ထုတ် ရေးသားပိုင်ခွင့်ကို အပြည့်အ၀ကောင်းမွန်စွာ အသုံးချရမှာပဲဖြစ်ပါတယ်။ နိုင်ငံတော် ရဲ့ဒီမိုကရေစီဖော်ဆောင်ရေး မူဝါဒဟာ စတုထ္ထမဏ္ဍျိုင်လို့ခေါ်တဲ့ သတင်းမီဒီယာပေါ်မှာ တစ်ဖက်တစ်လမ်းကအမှီသဟဲ ပြုနေရမှာပါ။ ဒါပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရတော့ သတင်းမီဒီယာဟာ မီဒီယာဥပဒေခိုင်ခိုင်မာမာ မျှမျှတတ မပေါ်ထွက်ခင် သတင်းမီဒီယာ ဥပဒေကြောင်း ထောင်ဒဏ်အပြစ်ပေး ခံရမှုများနဲ့ ပြင်းပြင်းထန်ထန် ရင်ဆိုင်နေခဲ့ရပါတယ်။ 


            မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာသမိုင်းကို တစေ့တစောင်းပြန်ကြည့်မယ် ဆိုရင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက အစိုးရရဲ့ ၀ါဒဖြန့်ချိရုံသက်သက်အတွက်သာ မီဒီယာကို လက်ဝါးကြီးအုပ်ခဲ့ပြီး နှစ်ပေါင်းလေးဆယ် ကျော်ကြာ သတင်းလွတ်လပ်ခွင့်တွေကို ၂၀၁၀ ရွေးကောက်ပွဲ ပြီးမှ ဒီမိုကရေစီအသွင်ပြောင်း အစိုးရဟာ နိုင်ငံတကာ စာမျက်နှာတွေမှာ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ ပြောင်းလဲနေပါတယ်လို့ ယူဆခံချင်ရုံသက်သက် သတင်းမီဒီယာလွတ်လပ်ခွင့် တွေကို တိုးမြှင့်ပေးခဲ့ပြီး ဒီမိုကရေစီ ပထမသက်တမ်းအတွင်းမှာပါ သတင်းမီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှုတွေနဲ့ ချိန်းခြောက်လာခဲ့ပါတယ်။ ဒါဟာ စစ်အာဏာရှင်ခေတ်ရဲ့ အရိပ်အငွေ့တွေကို ပြန်လည်အမှတ်ရစေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ရက်နေ့က ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်အပါအ၀င် သတင်းထောက် ၄ဦးကို နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှု ဥပေဒအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခဲ့ပါတယ်။ 

            ယခုလိုထောင်ဒဏ် နှစ်ရှည်ပြင်းထန်စွာ ချမှတ်မှုကို သတင်းထောက်များ၊ ဂျာနယ်လစ်များ၊ အယ်ဒီတာများနှင့် နယ်ပယ်အသီးသီးမှာ ပညာရှင်များက အစိုးရရဲ့ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဖိနှိပ်မှုသဘော သက်ရောက်တယ်လို့ ထင်မြင်ယူဆကြပါတယ်။  အစိုးရဟာ မီဒီယာအပေါ်မှာ ရိုးသားတဲ့ရှုမြင်ချက်မရှိပဲ စိုးရိမ်ထိတ်လန့်နေတဲ့ သဘောရှိပါသေးတယ်၊ ဘာကြောင့်လည်း ဆိုတော့ မီဒီယာက ထိထိရောက်ရောက်နဲ့ ပြည်သူကိုသတင်းစစ်၊ သတင်းမှန်တွေတင်ပြ လာနိုင်ပြီး အားကောင်းလာတဲ့အခါ၊ အစိုးရနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေ ၀ါဒဖြန့်တာ၊ မှိုင်းတိုက်တာ၊ မလျော်သြဇာသုံးပြီး ခြိမ်းချောက်တာမျိုးတွေ မပြုလုပ်နိုင်တော့ဘူး။ အဲဒါကြောင့် မီဒီယာသမားတွေကို မတရားဥပဒေတွေနဲ့ ထောင်ဒဏ်တွေနဲ့ ချုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာ ထင်မြင်မိလာတယ်လို့ စာရေးဆရာမ သွေး (စစ်ကိုင်း) က ပြောပြပါတယ်။ 

နောက်ထပ် ရှေ့နေ ကိုဖိုးဖြူကတော့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်များအပေါ် ထောင်ဒဏ်ပြင်းထန်စွာ ချမှတ်ခြင်းသည် လွတ်လပ်စွာရေးသားဖော်ထုတ်ပိုင်ခွင့်ဆိုသော လူ့အခွင့်အရေးအပေါ် တိုက်ရိုက်ထိပါးသော အပြုအမူဖြစ်သည့်အပြင် လူသား တိုင်း သတင်းရယူပိုင်ခွင့်၊ သိရှိပိုင်ခွင့်ကိုပါ အမှောင်ချသော အာဏာရှင်ဆန်သည့် အပြုအမူဖြစ်သဖြင့် နိုင်ငံတော်၏လက်ရှိ ဖော်ဆောင်နေသော ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်သွားမည်ဖြစ်သောကြောင့် ထိုသို့ ပြင်းထန်စွာ ထောင်ဒဏ်ချမှတ် ခြင်းကို ကန့်ကွက်ရခြင်းဖြစ်ပါသည်။      မီဒီယာသမားများအတွက် လွတ်လပ်စွာဖော်ထုတ်ရေးသားပိုင်ခွင့်ကို ကာကွယ်ပေးနိုင်မည့် မီဒီယာလွတ်လပ်ခွင့် ဥပဒေ မပြဋ္ဌာန်းနိုင်မီ လွန်ခဲ့သော နှစ်၁၀၀နီးပါးမှ ဥပဒေအဟောင်းတစ်ခုကို အသုံးပြုပြီး စွပ်စွဲအရေးယူခြင်းသည် ခေတ်နှင့် လျော်ညီမှု မရှိသည့်အပြင် သတင်းမီဒီယာလွတ်လပ်ခွင့်ကျင့်သုံးခြင်းအပေါ် ပြစ်ဒဏ်ချမှတ်မှုဖြစ်ပေါ်နေပြီး စာနယ်ဇင်းအများစုနှင့် အစိုးရ ကြားယုံကြည်မှုပျက်ပြားစေနိုင်ပါသည်။ ပြည်သူနှင့်ပြည်ထောင်စုအစိုးရအကြား နားလည်မှုလွဲမှားစေနိုင်သည့်အပြင် နိုင်ငံတော် ၏ တရားစီရင်ရေးပုံရိပ်ကို ညှိုးမှိန်စေနိုင်သည့်အတွက် ယခုဆုံးဖြတ်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဥပဒေ ကြောင်းအရ အမှုတွဲခေါ်ယူစိစစ်ပြီး ပြန်လည်ပြင်ဆင်ပေးပါရန် မိမိတို့အနေဖြင့် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည် လို့ မီဒီယာလွတ်လပ်ခွင့်ကျင့်သုံးခြင်းကို  အသိအမှတ်ပြုရန်ကြေငြာချက် ကို Purple Equity Law Firm အနေနဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီမိုကရေစီအမည်ခံ အစိုးရသစ်ဟာ ယူနတီဂျာနယ်အမှု မတိုင်ခင်ကလည်း သတင်းထောက်များကို ပုံမှန်ထောင်ဒဏ် ချမှတ်လေ့မရှိတဲ့ အမှုတွေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်မျိုးချမှတ်ခဲ့တာကို Eleven Media မှ သတင်းထောက် မခိုင်လေးအမှု၊ DVB သတင်းထောက် ကိုဇော်ဖေ အမှုတွေမှာ သာဓက ထင်ထင်ရှားရှားတွေ့ရပါတယ်။ အစိုးရတွင်းမှာ သြဇာအာဏာ နောက်ပြန်ဆွဲလိုသူများက သတင်းထောက်များနဲ့ သတင်းလွတ်လပ်ခွင့်အပေါ်မှာ အဆိုးမြင်ဝါဒ ထားရှိထားပါတယ်။ သူတို့ရဲ့ အရှိန်အ၀ါကို အံတုသူများဖြင့် ရှုမြင်လေ့ရှိပါတယ်။ ယူနတီဂျာနယ် အမှုတွင် ပေါက်မြို့ရှိ လျို့ဝှက်ဓာတုလက်နှက် စက်ရုံဆိုသည့် သတင်းတွင် ဓာတုစက်ရုံ အမှန်တကယ်ရှိပါက အစိုးရအနေနဲ့ လျို့ဝှက်ချက်မဟုတ်သလို ဓာတုလက်နှက်စက်ရုံ မဟုတ်ပါကလည်း သတင်းမှားဖော်ပြခြင်းသာ ဖြစ်ပြီးယခုကဲ့သို့ ပြင်းထန်စွာ အရေးယူရန် မလိုအပ်ပေ။ သို့ပေမယ့် စစ်အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းလာသည့် ဒီမိုကရေစီ အမည်ခံ အစိုးရသစ်က တပ်မတော်နှင့်ပါက်သက်သော သတင်းများရေးသားဖော်ထုတ်ခြင်း နှင့် လွတ်လပ်စွာရေးသားဖော်ထုတ်ခြင်း ကို နှစ်မြို့ခြင်းမရှိပါ။ ဒါကြောင့် စံပြအနေနဲ့ သို့မဟုတ် အခြားသတင်းထောက်များကို ခြိမ်းချောက်ခြင်းပုံစံဖြင့် ယူနတီဂျာနယ် သတင်းထောက်များကို ထောင်ဒဏ်ပြင်းထန်စွာချမှတ်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။ 

ဓာတုလက်နက်စက်ရုံဟုတ်/မဟုတ်ဖော်ထုတ်ခြင်းသည် အမိနိုင်ငံ၏ နိုင်ငံတကာတာဝန်ရှိမှုကို ဖော်ထုတ်ခြင်းဖြစ် ပါသည်။ အကြောင်းမှာ ဓာတုလက်နက်ထုတ်လုပ်ခြင်းကို နိုင်ငံတကာဥပဒေအရ တားမြစ်ထားသောကြောင့်ဖြစ်ပါသည်။ ထုတ်လုပ်ခြင်းမှန်ပါက နိုင်ငံတကာတာဝန်ရှိမှုကို ချိုးဖောက်ရာရောက်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံပြည်သူလူထုသာမက ကမ္ဘာ့ ရပ်ဝန်းမိသားစုပြည်သူလူထုကပါ သိသင့်သိထိုက်သောကိစ္စဖြစ်ပါသည်။ နိုင်ငံသားတိုင်း၊ ကမ္ဘာသူ၊ ကမ္ဘာသားတိုင်း သိသင့် သိထိုက်သောကိစ္စကို ဖော်ထုတ်ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်အဖြစ် အသိအမှတ်ပြုထိုက်ပါသည်။

    အကယ်၍ ဓာတုလက်နက်စက်ရုံမဟုတ်ပါက သတင်းထုတ်ပြန်ချက်အပေါ် အသရေဖျက်မှုဖြင့် တရားစွဲအရေးယူ နိုင်ပါလျှက် အစိုးရလျှို့ဝှက်ချက်ဥပဒေဖြင့် အရေးယူခြင်သည် လျှို့ဝှက်ထားသည်မှာ ဟုတ်မှန်သကဲ့သို့ အဓိပ္ပါယ်သက်ရောက် နေပါသည်။ ထိုသို့အဓိပ္ပါယ်သက်ရောက် နေသောတစ်ချိန်တည်းတွင်ပင် ထိုလျှို့ဝှက်ချက်ဥပဒေဖြင့်ပင် အရေးယူ ပြစ်ဒဏ်ပေး လိုက်ခြင်းသည် ပြည်ထောင်စုအစိုးရ၏ နိုင်ငံတကာတာဝန်ရှိမှုကို ဆန်းစစ်ရန် စိန်ခေါ်လိုက်သည့် သဘောအဓိပ္ပါယ်သို့ ပိုမို သက်ရောက်စေပါသည် လို့ ရှေ့နေ ကိုဖိုးဖြူက ယူနတီဂျာနယ် အမှုအတွက် သူ့ကြေငြာချက်ထဲတွင် ဖော်ပြထားပါတယ်။ 

            ယခုတဖန် Bi မွန်းတည့်နေ ဂျာနယ် သတင်းထောက်များနှင့် အယ်ဒီတာများကို ကြားဖြတ်အစိုးရဖွဲ့စည်းကြောင်း ဆနဖော်ထုတ်ခဲ့သူများ အကြောင်း သတင်းဖော်ပြမှုကြောင့် ခေါ်ယူစစ်ဆေးနေသည်ကိုလည်း တွေ့နေရပါတယ်။ မြန်မာ့ ဒီမိုကရေစီအစိုးရသစ်ဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို မလိုလားကြောင်း ပေါ်လွင်နေသလို သတင်းမီဒီယာ သမားများကိုလည်း ဖိနှိပ်လိုတဲ့အနေအထားမှာ ရှိနေပါတယ်။ မီဒီယာလွတ်လပ်ခွင့် မပါဘဲနဲ့တော့ ဘယ်နိုင်ငံမှ တရားမျှတ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို မရနိုင်ခဲ့ပါဘူး ။ ခြစားယိုယွင်းနေတဲ့ တရားရေးမဏ္ဍိုင်၊ ပြည်သူလူထု အကျိုးစီးပွားရေးထက် အာဏာကြီးသူရဲ့ အကျိုးစီးပွားကိုသာ လိုလားတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ လက်ညှိုးထောင် ခေါင်းငြိမ့် အိပ်ငိုက်နေတဲ့ ဥပဒပြု မဏ္ဍိုင်တွေကြောင့် ဒီမိုကရေစီကနုနု …. အာဏာရှင်အကြွင်းအကျန်တွေရဲ့ မုန်တိုင်းကထန်ထန် ထဲမှာ သတင်းထောက်တွေ အယ်ဒီတာတွေ စာရေးဆရာတွေဟာ ထောင်တိုက်တန်းနေတဲ့ ထောင်တန် သတင်းတွေ ဆောင်းပါးတွေ ရေးနေကြရဦးမှာပါ။ မကြောက်တရားရဲ့ ကလောင်တံတွေဟာ ခေတ်အဆက်ဆက် လွင့်ပျံ့နေဦးမည်သာ။

Mizzima Journal
                                                                                                                       အောင်ပိုင်စိုး