ညချမ်းက နီယွန်မီးကွက်တွေ တစ်စက်စက် စွန်းထင်းနေပါတယ်… ကျွန်တော် ပန်းဆိုးတန်းလမ်းမ ဟိန္ဒူ ဘုရားကျောင်း ကြီးရှေ့က ကတ္ကရာလမ်းပေါ်မှာ ချခင်းထားတဲ့ ထမင်းကြော်ဆိုင်မှာ ထိုင်နေပြီး ကော်ဖီမစ်တစ် ခွက်မှာသောက်ပြီး ဇိမ်ကျနေတုန်း… မီးပွိုင့်က ဘတ်(စ်)ကား တစ်စင်းက စိတ်ကောက်နေ့တဲ့ ကောင်မလေးလို ကောက်ထွက် သွားတာ မြင်လိုက်မှ လွင့်နေတဲ့ အတွေးစတွေ လန့်ဖျတ်ပြီး ကျွန်တော်နဲ့ ဘတ်(စ်) ကားတွေ အကြောင်း စဉ်းစားမိပါတယ်… ရန်ကုန်မှာ ဘတ်(စ်)ကားတွေ ရှိတာ တော်သေးတာပဲ လို့ စဉ်းစားမိပါတယ်… အခုကျွန်တော် ညနက် တဲ့အထိ မြို့ထဲမှာ အေးအေးဆေးဆေး ကော်ဖီထိုင်သောက်နေလို့ ရတယ်.. ဆယ့်မိုင်လောက်ဝေးတဲ့ ကျွန်တော် အိမ်ကို ပြန်ဖို့ လေးဆယ့်ငါးမိနစ်လောက် ဘတ်(စ်)ကား စီးလိုက်ရင်ရပြီ… ကျွန်တော် ဘ၀မှာ ဘတ်(စ်)ကားစီးရတဲ့ သက်တမ်းက တော်တော်ကြာပြီ… အသက်ငါးနှစ်လောက်ကတည်းက ဘတ်(စ်)ကားကို ပုံမှန်စီးဖြစ်လာတာ အခု အသက်သုံးဆယ် ဆိုတော့ သိပ်တော့ အကြာကြီး မဟုတ်လောက်သေးပါဘူး.. ငယ်ငယ်က စစီးဖူးတဲ့ ဘတ်(စ်)ကားက ကျွန်တော်တို့ အခေါ် ဗိုက်ပူလို့ ခေါ်တဲ့ စစ်ကျန် ချက်ဗိုးလက် ခေါ်သစ်သားဘတ်စကားကြီးတွေပါ.. ၁၉၈၇ခုနှစ် ကျွန်တော် သူငယ်တန်းစတက် ကတည်းက အဲဒီဘတ်စ်ကားကြီးတွေ စစီးခဲ့ရတာပါ… မိဘ၀န်ထမ်းတွေက ရန်ကုန်မြို့ထဲမှာ အလုပ်လုပ်တော့ ကျွန်တော် တို့လည်း အိမ်နဲ့ အဝေးကြီး မြို့လယ်ကောင်က ကျောင်းမှာကျောင်းလိုက်တက်ရပါတယ်… အဲဒီကတည်းက စစီးရတဲ့ ဘတ်(စ်)ကားဟာ ဒီနေ့အထိပါပဲ…အဲဒီတုန်းက ကလေးတွေဆိုတော့ ရုံးချိန်မှာ ကျပ်ညပ်ဖိသိပ်နေတဲ့ ဘတ်စ်ကားကို မိဘတွေ အတင်းချော့မော့ပြီး စီးစေပြီး ကျွန်တော်တို့ကို ကျောင်းပို့ပါတယ်.. နောက်ပိုင်းကျတော့ ကျွန်တော်တို့ နေတိုင်းစီးနေကြဆိုတာ သိတဲ့ ဒရိုင်ဘာတွေ တချို့က ကျွန်တော်ကို သူတို့ဘေးက နေရာလွတ်ကလေးမှာ ပေးပေးထိုင် တတ်ပါတယ်.. သစ်သားဘတ်စ်ကားအိုကြီးတွေ လှုပ်လီလှုပ်လဲ့လေးနဲ့ ကျွန်တော်ဘ၀ ခရီးစဉ်တွေ စခဲ့ရသလိုပါပဲ… အဲဒီတုန်းက ကျွန်တော်တို့ တစ်ခါတစ် ဘီအမ်ဟီနိုးကားတွေ စီးရရင် ကံကောင်းတဲ့ နေ့လို့ မှတ်မိတတ်ပါတယ်.. လမ်းပေါ်မှာ ကိုယ်ပိုင်ကား ဆိုတာလည်း မာဇဒါကားတွေ ဘောက်စ်ဝက်ဂွန်လေးတွေ ဖီးယက်ကားလေးတွေနဲ့ လမ်းတွေက ပိတ်ဆို့မှုသိပ်မရှိသေးပါဘူး… အဲဒီတုန်းက မှတ်မိတာက ဘတ်စ်ကားက မီးပွိုင့် ခဏခဏမိရင်.. ရုံးဝန်ထမ်း တွေ စိတ်ဆိုးတတ်ပါတယ်.. သူတို့က မီးပွိုင့် မိတာ ဒရိုင်ဘာ သိပ်မမောင်းတတ်လို့ ထင်တတ်တဲ့ အခြေအနေမျိုးပါ… သူတို့အနေနဲ့ ရုံးကို အချိန်မှီသွားဖို့ လိုပါတယ်.. အဲဒီအချိန်က စီးနေကျ ဘတ်(စ်)ကားတစ်စီးမမှီရင် နောက်တစ်စီးစောင့်ဖို့ ဆိုတာ တော်တော်လေးစိတ်ရှည်ရပါတယ်.. ဘတ်စကားတစ်စီးနဲ့ တစ်စီးကြားမှာ နာရီဝက်ခြား ကြာတတ်သလို့… လမ်းကြော တစ်ကြောမှာ ယာဉ်လိုင်း တစ်ခုစီပဲ ပြေးတာမျိုးပါ… ယခုခေတ်လို့ ယာဉ်လိုင်းတွေ အမျာကြီး မျိုးမဟုတ်သေးပါ ကျွန်တော် မှတ်မိသလောက်ဆို ၁၉၉၀ လောက်အထိ ရန်ကုန်မြို့ပေါ်က ယာဉ်လိုင်းတွေက မထသယာဉ်လိုင်း ဂဏန်းနံပါတ်က ဆယ် ဂဏန်းပဲ ရှိသေးပါတယ်… အဲ့အချိန်မှာ သူများနိုင်ငံတွေ မှာ နှစ်ထပ်ကားပေါ်နေလောက်ပြီ ထင်ပါတယ် ဒါပေမယ့် ကျွန်တော်တို့မှာ အဲဒီတုန်းက နှစ်စီးတွဲယာဉ်ပေါ်နေပြီ ဖြစ်လို့.. ကျွန်တော်တို့လည်း ခေတ်သိပ်နောက် ကျကျန်ခဲ့တယ်လို့ မခံစားရပါဘူး..:)…။ ဟီနိုးနှစ်စီးကို တစ်စီးက အင်ဂျင်တို့ စီတီယာတိုင်တို့ ဂီယာတွေ ပါပြီး နောက်တစ်စီးက လူစီးထိုင်ခုံတွေသာပါတဲ့ ကားကို ကပရကတီထွင်ပေးထားတာ ဖြစ်ပါတယ် နှစ်စီးတွဲယာဉ်ဟာ လူနေထူထပ်တဲ့ မြို့နယ်တွေကို လှည့်ပါတ်ပြီး လိုင်းဆွဲပါတယ်… နောက်တော့ ကျွန်တော်တို့ ရိန်းနိုးလို့ ခေါ်တဲ့ မှန်အလုံပိတ် ကားကြီးတွေ ပေါ်လာပါတယ်… ကားတွေက ဆိုဖာအကောင်းစားတွေနဲ့ မှန်အလုံပိတ်ကားကြီးတွေ ပါ အဲ့ဒီကားကြီးတွေက လေ၀င်လေထွက်ကောင်းတဲ့ မော်တော်ကားတွေ စီးနေကျရန်ကုန်မြို့ခံတွေကို ခေါင်းမှုးအော့အန် စေလို့ လူတော်တော်များများ အစပိုင်းမှာ မစီးကြပါဘူး.. ကျပ်ကျပ်သပ်သပ် စစ်ကျန် ဘတ်စ်ကားတွေကိုပဲ စမတ်ကျကျ တိုးစီးကြတုန်းပါ.. အဲဒီကားတွေကို ရိန်းနိုးကားတွေ ဘယ်နိုင်ငံက ရောက်လာလည်းတော့ ကျွန်တော်လည်း မမှတ်မိပါ.. အဲဒီနောက်ပိုင်းတော့ ကျွန်တော်တို့ ဆီမှာ ရှိတဲ့ ဘီအမ်ဟီးနိုးနဲ့ခပ်ဆင်ဆင်တူတဲ့ အင်ဂျင်အားကောင်းကောင်း ထိုင်ခုံကောင်းကောင်းနဲ့ စူပါဟီးနိုးကားကြီးတွေ ဂျပန်နိုင်ငံက ရောက်လာပါတယ်.. အဲဒါဟာ ၁၉၉၂၊ ၁၉၉၃လောက် ဖြစ်ပါမယ်… အဲဒီစူပါဟီးနိုးကားကြီးတွေကို အခုအခါ နယ်မြို့တွေ ရောက်ရင်တွေ့တတ်ပါတယ်.. ကုန်ပစ္စည်းတွေတနင့်တပိုး လူတွေတစ်ထွေးကြီးနဲ့ နယ်မြို့တစ်မြို့နဲ့ တစ်မြို့နဲ့ ပို့ဆောင်ပေးတာ တွေ့ရတတ်ပါသေးတယ်..။ အဲဒီနောက်ပိုင်းတော့ ဂျပန်နိုင်ငံက ခေတ်သစ် ဘတ်စ်ကားတွေ ကျွန်တော်တို့ ဆီတစ်မျိုးပြီး တစ်မျိုးရောက်လာ တော့တာပါပဲ.. ကားတွေက မှန်တွေ စတီးလက်ရန်းတွေ အထုပ်အပိုးတင်ဖို့ ခရီးဆောင် ပစ္စည်းဝက်ခြံတွေ ထိုင်ခုံအပေါ်မှာ ပါလာပါတယ် ကျော်မှီဆိုဖာတွေနဲ့ စတိုင်ကျကျ စီးနင်းလို့ရလာပါတယ်… ဒါပေမယ့် ထုံးစံအတိုင်း တဖြည်းဖြည်းနဲ့ ကားကောင်းတွေဟာ လိုင်းဆွဲရင်း ပျက်ပျက်စီးသွားတတ်လို့ ဆိုဖာတွေဟာ အပေါက်အပြဲတွေ လက်ကိုင်ကွင်းတွေ ပျက်တာ နဲ့ နောက်ပိုင်း တစ်နှစ်နှစ်အတွင်း ကားအကောင်းတွေဟာ ပျက်စီးသွားတတ်ပါတယ်… ခရီးသည်တချို့ဟာ စီနင်းရဲ့ ပစ္စည်းအကောင်းတွေကို လက်ဆော့ခြေဆော့ ဖျက်ဆီးတတ်ပါတယ် … အစကတော့ ကျွန်တော်လည်း ဒီလူတွေ ဘာလို့ ဒီလိုလုပ်လည်း နားမလည်ခဲ့ပါဘူး.. အမှန်တကယ် သူတို့ခံစားမှုကို နားလည်ရတော့ သူတို့ဟာ စီမံကိန်းစီးပွားရေး စနစ်မှာ ကျပ်တည်းကျဉ်းမြောင်းစွာ ရှင်သန်ရပ်တည်ခဲ့ရပြီး ရင်းနှီးမြုပ်နှံနိုင်သူ တွေကို မုန်းတီးရမယ့်စိတ်အခံက အရိုးစွဲ နေပါတယ် … ပြီးတော့ ဘာကိုနာကျည်းရမယ်မှန်း တိတိကျကျမသိပေမယ့် သူတို့ရင်ထဲ နာကျည်းစိတ်တွေရှိနေပါတယ်.. အဲဒါဟာ သူတို့ရင်ဆိုင်ရတဲ့ ခေတ်အခြေအနေက သူတို့ကို ခံစားနာကျင်စေခဲ့ လို့ပါပဲ.. အခုတော့ ဘတ်စ်ကားတွေက ဓားစာခံဖြစ်သွားပါတယ်.. ပစ္စည်းပဲ သုံးရင်ပျက်မှာ ဆိုတာထက် မလိုအပ်ပဲ ပိုမိုပျက်စီးသလိုပါပဲ.. တချို့နိုင်ငံတွေ သက်တမ်းပြည့် အသုံးပြုပြီးကျွန်တော်တိှု့ဆီ အသစ်နီးပါးရောက်လာတဲ့ ကားဟာ ကျွန်တော်တို့ အရပ် ကျွန်တော်တို့ဇာတ်နဲ့ ကျတော့ ဘယ်လိုမှ မူလအအတိုင်းပြန်သုံးလို့မရတော့ပါဘူး…

ကျွန်တော့် စိတ်ထင် ၁၉၉၄ ၁၉၉၅ လောက်မှာ ကျွန်တော်တို့ အဲယားကွန်းဘတ်စ်ဆိုတာကြီးကို စတွေ့ပါတယ်.. ပထမဆုံး စဆွဲခဲ့တာ ဗန္ဒူလပန်းခြံနဲ့ မြောက်ဥက္ကလာပ ထင်တယ်.. ကျွန်တော် မှတ်မှတ်ရရ ငွေနှစ်ဆယ်ကျပ်နဲ့ စီးဘူးအောင်ဆိုပြီး အသွားအပြန်တကူးတက သွားစီးဖူးတာ မှတ်မိပါသေးတယ်.. အဲယားကွန်းစ်ဘတ်စ်ပေါ်ကာစ က လူသိပ်မစီးပါဘူး.. အဲဒီတုန်းက မြိုထဲနဲ့ ဆင်ခြေဖုန်းတွေ အသွားအပြန်ဟာ ကားခ နှစ်ကျပ်ခေတ်လို့ထင်ပါတယ်.. ဒါမှမဟုတ် ငါးကျပ်ခေတ် ဖြစ်ပါလိမ့်မယ်.. အဲဒီအတွက် အဲယားကွန်းဘတ်စ် နှစ်ဆယ်ဆိုတာ သာမာန်ဝန်ထမ်းတွေအတွက်တော့ ဇိမ်ခံပစ္စည်း ဖြစ်နေပါသေးတယ်… နောက်ပိုင်းတော့ အဲယားကွန်းစ်ဘတ်စ်တွေက ရိုးရိုးဘတ်စ်ကားတွေထက်မြန်တယ် သက်သာတယ် ဆိုပြီး လူစီးများလာပါတယ်.. အဲဒီမှာ ဒုက္ခတစ်ခုက တိုးလာပါတယ်..အရင်ကထိုင်ခုံမစေ့တဲ့ အဲယားကွန်းဘတ်စ်တွေဟာ လူဦးရေ ရာနဲ့ချီ စုပြုံစီးနင်းလာတော့ အဲယားကွန်းစ် ကနေ အဲယားမွန်းဘတ်စ် ဖြစ်သွားပါတယ် .. သိပ်မကြာပါဘူး တစ်နှစ်ဝန်းကျင်သာသာမှာပဲ အဲယားကွန်းဘတ်စ်ကားကြီးတွေ မှန်ပြတင်းတွေဖွင့်.. လူတွေကျပ်သိပ်အောင် တင်မောင်းနဲ့ လမ်းပေါ်မှာ ဂျပန်ကားကြီးတွေဟာ ဂျပန်တွေ မထင်မှတ်နိုင်တဲ့ စွမ်းအားတွေနဲ့ ရန်ကုန်မြို့ကို လည်းအလုပ်ကျွေးပြုနေပါ တော့တယ်… ရန်ကုန်ဟာ အချိန်နဲ့အမျှကြီးထွားလာနေပါတယ် လမ်းတွေပေါ်မှာ ကိုယ်ပိုင်ယာဉ်အမျိုးအစား တွေလည်း အများအပြားပေါ်ထွက် လာပါတယ်… ၁၉၉၀ နဲ့ ၂၀၀၀ပြည့်နှစ်ကြားမှာ ရန်ကုန်မြို့ပေါ်က ကားလမ်းတွေကို ချဲ့လာရပါတယ် ယာဉ်လိုင်းတွေလည်း ရာဂဏန်းအထိ တိုးတက်များပြားလာပါတယ်… ယာဉ်လုပ်သားတွေ ဘတ်စ်ကား စီးနင်းသူတွေ ဘ၀တွေတော့ သိပ်အပြောင်းအလဲ ရှိခဲ့ပုံမရပါဘူး.. ၂၀၀၀ လွန်ကာလတွေမှာတော့ ယာဉ်လိုင်းအသစ်တွေ တိုးချဲ့လာပြီး သက်တမ်းရင့် ဘတ်စ်ကားအိုကြီးတွေနဲ့ ကုန်တင်ပစ်ကပ်ကို လူစီယာဉ်လုပ်ထားတဲ့ ဒိုင်နာတွေ ဟိုင်းလပ်စ် ကားတွေကို ရန်ကုန်မြို့တွင် ခြောက်မြို့နယ်ထဲက နေမောင်းထုတ်ခဲ့ပါတယ်.. အဲဒီအစား ဂျပန်ဘတ်စ်ကားကြီးတွေ ကိုးရီးယား ဟွန်ဒိုင်းနဲ့ ဒေ၀ူးကားတွေနဲ့ … အဓိပတိယာဉ်လိုင်းက ပြေးဆွဲတဲ့ အဲယားကွန်းမအေးရင် ကားမထွက်ရ စာတန်းပါ ခုံပြည့်သာလူတင်ပါသည် စာတန်းနဲ့ မိုးတိုး မက်တပ်ခရီးသည်တွေ လိုက်ပါ စီးနင်းလာတဲ့ ယာဉ်လိုင်းတွေ ရန်ကုန် မြို့ပေါ်ပြည့်ကျပ်နေပါတော့တယ်… လမ်းတွေလည်းကွန်ကရစ်လောင်း … ယာဉ်ကျောပိတ်ဆို့ မှုတွေနဲ့ အတူ ယာဉ်တိုက်မှုတွေလည်း တိုးတက်လာပါတော့တယ်… ကားတွေကောင်းတော့ အမောင်းသန်တဲ့ ယာဉ်မောင်းတွေနဲ့ လူကူးမျဉ်းကြား မီးပွိုင့်တွေမှာ လမ်းဖြတ်ကူးသမားတွေ အနေနဲ့ သတိလက်လွတ်မဖြစ်အောင် ဂရုစိုက်သွားရပါတယ်… သိပ်မကြာခင်ရက်စွဲတွေမှာ ရန်ကုန်မြို့ပေါ်မှာ တရုတ်ပြည်က ဘတ်စ်ကား အသစ်စက်စက်ကြီးတွေ ပြေးဆွဲနေတာ တွေ့ရပါတယ် အရင်လိုပြိုင်မောင်းလို့မရတဲ့ အင်ဂျင်နဲ့.. အဲယားကွန်းအေးမှ ယာဉ်ထွက်ရမယ် ဆိုတဲ့ အဓိပတိယာဉ်လိုင်းက ပန်ကာတပ်မော်တော်ကားတွေကို တရုတ်ပြည်ကိုအော်ဒါပေးမှာ ထားပုံရပါတယ် ယာဉ်အတွင်းပိုင်း အပြင်အဆင်ရ.. ရန်ကုန်မြို့ ပရိတ်သတ်အတွက် သီးသန့်အော်ဒါမှာပေး သလိုပါပဲ… ယာဉ်မောင်းတစ်ယောက် ပြောတာတော့ အန္တရယ်ကင်းအောင် ပြိုင်မောင်းလို့ မရနိုင်တဲ့ အဆွဲအရုန်းမကောင်းတဲ့ အင်ဂျင်တွေ တပ်ထားတယ်ဆိုတော့ ခရီးသည်တွေ အတွက်ကော ယာဉ်မောင်းတွေ အတွက်ပါ စိတ်ချမ်းသာရတာပေါ့… သိပ်မကြာချင်က စိတ်ကောက်သလို ထထွက်သွားတဲ့ မထသ အထူးယာဉ်တစ်စီးကို ငေးရင်း ရန်ကုန်မြို ဘတ်(စ်)ကား စီးသမားဘ၀က ဘယ်တော့များ ကျွတ်လွတ်ရမလည်း… (ထွက်သွားမှဖြစ်မယ်ထင်တာပဲ)….:P

အောင်ပိုင်စိုး









ကျွန်တော် မြို့သစ်ရပ်ကွက်လေး တစ်ခုမှာ ဆယ်စုနှစ်တစ်ခု တိုင်အောင် နေထိုင်ခဲ့ဖူးတယ်… လယ်ကွက် တွေပေါ်ကန်သင်းရိုးဖြို… လမ်းဖောက်ပြီးမြေကွက်ရိုက်တဲ့ မြို့သစ်တွေဆိုတော့… မိုးတွင်းဆိုဗွက်ထပြီး နွေဆို ကျွတ်ကျွတ်ဆူလို့ပေါ့… ဆင်းရဲသားထုံးစံအတိုင်း… ကျွန်တော်ကလည်း ဈေးသက်သက်သာသာနဲ့ နားအေးပါးအေး နေရတယ်ဆိုပြီး သဘောကျနေပါတယ်.. . သိပ်မကြာခင်ပါပဲ ကျွတ်စီကျွတ်စီနဲ့ မြိုသစ်ရပ်ကွက်လေးဆီ.. အခြေခံလူတန်းစားတွေ အလျင်အမြန်ရောက်ရှိလာပါတယ်… လေးငါးအိမ်တန်းနဲ့ ကျွန်တော်တို့ လမ်းကလေးဟာ သိပ်မကြာခင်ပါပဲ အိမ်ခြေသုံးဆယ်လောက် ဖြစ်သွားပါတယ် … အေးစက်ငြိမ့်ညောင်းနေတဲ့ ညနေစောင်းလေးထဲမှာ ကလေးတွေက ဗန်ဒါပင်အရိပ်အောက်မှာ ဆော့ကစားလို့.. အလုပ်ပြန်လာသူတချို့ နဲ့ အိမ်ထောင်ဦးစီးတွေ ပြူတစ်ပြူတစ်နဲ့ စောင့်မျှော်နေတတ်တဲ့ အိမ်ရှင်မတွေနဲ့ အသက်ဝင်နေတဲ့ လမ်းကလေးကို ငေးရင်း ကျွန်တော့်အတွေးထဲမှာ လူတစ်ယောက်ကို အမှတ်ရမိနေပါတယ်.။ ထိုသူကတော့ ကျွန်တော့် သုံးအိမ်ကျော်မှာ နေထိုင်သွားဖူးတဲ့ ကိုညိုအေးပါ..။

ကိုညိုအေးက ပုပု ၀၀ မည်းမည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ တစ်ဦးပါ… သူကဖော်ရွေလွန်းပြီး.. တစ်ခါတစ်ရံမှာတော့ လူတစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်အောင် ရောနှောရင်းနှီးတတ်လွန်းပါတယ်..။ ကျွန်တော်က စာအုပ်တွေနဲ့သာ အချိန်ပြည့် ပေါင်းသင်းဆက်ဆံနေတတ်သူမို့ လူမှုရေး ဆိုးဆိုးဝါးဝါး ညံ့ဖျင်းပါတယ်… ကိုညိုအေးလို လူမျိုးကိုလည်း စိတ်အနှောင့်အယှက်ပေးတတ်သူမို့ မြင်ပြင်းကပ်တတ်ပါတယ်. ကျွန်တော် အဲဒီလမ်းထဲ ပြောင်းမလာခင် ကိုညိုအေးတို့က ကြိုတင်ရောက်နှင့်ခဲ့သူပါ .. သူက ဇနီးနဲ့ သမီးတစ်ဦး ရှိပြီး အလုပ်သွားချိန်မဟုတ်ရင်တော့ သူ့အိမ်ရှေ့ရေကပြင်.. ဒါမှမဟုတ်လမ်းပေါ်မှာ အမြဲတစေတွေ့ရတတ်သူပါ လမ်းထဲ ၀င်လာတဲ့ ဘယ်သူမဆို သူမနှုတ်ဆက်လိုက်တဲ့သူ မရှိရအောင် သူက အကုန်လုံးနဲ့ ရင်းနှီးနေတတ်ပါတယ်…။

ဒီလိုနဲ့ အပူချိန် အဆမတန်မြင့်မားတဲ့ နွေတစ်ရက်မှာ ဖုန်တထောင်းထောင်း ညနေစောင်းထဲ ကျွန်တော့်ဆီပေါက်ချလာတယ် … `စာရေးဆရာကျွန်တော်လမ်းဘေး တစ်ဖက်တစ်ချက်မှာ ဗန်ဒါပင်တွေ စိုက်ချင်လို့… အဲဒါ စာရေးဆရာ အိမ်ရှေ့မှာလည်း တစ်ပင်စိုက်မယ်နော်´ … ကျွန်တော်ကို စိတ်အနှောင့်အယှက် ဖြစ်စေတတ်တဲ့ သူစကားတွေထဲမှာ အခု စိတ်ကူးလေးကိုတော့ ကျွန်တော်တစ်လေး တစ်စားဖြစ်ရပါတယ်… `ဟာ စိုက်ပေါ့ဗျာ ကိုညိုအေးရ သစ်ပင်စိုက်တာပဲ ကောင်းတဲ့အလုပ်ပေါ့… ကျွန်တော်က တော့ သစ်ပင်စိုက်တဲ့ အတတ်နဲ့ နည်းနည်းဝေးတယ်ဗျာ.. အဲဒါကြောင့် ခြံထဲမှာတောင် ဘာပင် စိုက်ရမှန်းမသိတာနဲ့ အုန်းသီးသုံးလုံး ခြံထောင့်ပစ်ထားတာ ပေါက်ချင်တဲ့အသီးပေါက်ဆိုပြီး…။ အိုကေ…။ အဲဒါဆို ကျွန်တော် ရုံးရှေ့က ဗန်ဒါသီးတွေ ကောက်ပြီး အိမ်မှာပျိုးပြီးစိုက်မယ်…။ ကျွန်တော်လည်း မေ့မေ့ပျောက်ပျောက်ပါပဲ… မိုးဦးပေါက်ကျတော့ ကိုညိုအေး ရုံအားတဲ့ရက်မှာ ခမောက်ကြီးဆောင်းပြီး.. အကျီဗလာ ပုဆိုးတိုတို ၀တ်ပြီး သူ့ဗန်ဒါပျိုးပင်တွေကို စိုက်နေတော့တာပါပဲ…။ တစ်မိုးကုန်တော့ ဗန်ဒါပင်လေးတွေ မြေကြီးအထက် တော်တော်လေး တက်လာပါတယ်..အပင်က အရွက်လေးတွေထွက်လာတယ် ရိုးတံသွယ်သွယ် အကိုင်းအခက်လေးနဲ့ မျက်စိပသာဒရမလား ကြည့်နေရင်း တစ်ဖက်လမ်းက ဆိတ်အုပ်က အားရပါးရတွယ်တော့တာပါပဲ… မြို့သစ်မှာ မိုးအသစ်တွေ မရွာခင် ဆိတ်အုပ်ရဲ့ ဒဏ်ကို ဗန်ဒါပင်လေးတွေ တော်တော်ခံလိုက်ရတယ်… အဲဒီအချိန်ကိုညိုအေးမှာ အလုပ်တစ်ခု ပိုလာပါတယ်ဆိတ်မောင်းရတဲ့ အလုပ်ပါ… ဖုန်တထောင်းထောင်းကြားမှာ ပြေးလွှားဆော့ကစားတဲ့ ကလေးတွေ ကြောင့်လည်း ကိုညိုအေး ဗန်ဒါပင်လေးတွေ သက်ဆိုးမရှည်ရှာပါဘူး… ဒီကြားထဲကမှအပင်တွေကို မထိခိုက်အောင် သူခမျာ ခြင်းကြားကြီးတွေကို အုပ်ကြိုးနဲ့တုပ် အလုပ်တွေရှုပ်နေခဲ့ပါသေးတယ်… ကျွန်တော်ကလည်း စိတ်ကောင်းတစ်ဝက်ရှိသူ ဖြစ်လို့ကျွန်တော် အိမ်ရှေ့ ဗန်ဒါပင်လေးတွေကို စိတ်လိုလက်ရ ရေမှန်မှန်ထွက်လောင်းတတ်ပေမယ့်… မလှမ်းမကမ်း ခြေရင်းနှစ်အိမ်က ဗန်ဒါပင်တွေကို ဒီအတိုင်းကြည့်နေတတ်ပါတယ်… ခြေရင်းအိမ်က မိန်းမတွေက စပ်စုလွန်းတာ ကျွန်တော်နဲ့ မဖြစ်… သူတို့ စာရေးဆရာဆို လုံးချင်းဝတ္ထု ဘယ်နှအုပ်ထွက်ဖူးလည်း အရင်မေးတတ်တာ … ဟာသတို့ ဂမ္ဘီရတို့ရေးပေါ့ဆရာ အဲဒါဆို နာမည်ကြီးမယ် အဲဒီလို စကားတွေပြောတတ်သူတွေ… ဆရာလုပ်ချင်လို့ စာရေးနေတာ ကိုယ်ပြန်ဆရာလာလုပ်တော့ ကျွဲမြီးကိုတိုရော… ကိုညိုအေးကတော့ သဘောထားကြီးရှာပါတယ် သူခမျာတစ်လမ်းလုံး သူစိုက်ပျိုးထားသမျှ ရုံးကပြန်လာတာနဲ့ ၀တ္တရားမပြတ် ရေလောင်းရှာပါတယ်…။

ဒီလိုနဲ့ နှစ်တွေကြာလာတယ်… ကိုညိုအေး ဘ၀ကတော့ သိပ်မသာယာရှာပါဘူး… သူပထမ အိမ်ထောင်နဲ့ ကွဲပြီး နောက်ထပ်မိန်းမတစ်ယောက်နဲ့ အိမ်ထောင် ထပ်ကျသွားတယ် .. သူ့ မိန်းမကြီးလည်း ကိုညိုအေး ထားခဲ့တဲ့ အိမ်ကိုရောင်းပြီး တခြားအရပ်ပြောင်းသွားတယ် လမ်းထဲမှာတော့ ကိုညိုအေး စိုက်ခဲ့တဲ့ ဗန်ဒါ ငါးပင်ပဲ မားမားစွင့်စွင့် ကျန်ခဲ့တော့တယ်… တစ်နွေပြီး တစ်နွေ… တစ်မိုးပြီးတစ်မိုး ကျွန်တော်လည်း ဗန်ဒါပင်တွေ အောက်မှာ လမ်းလျှောက်ရင်း ဆယ်စုနှစ်တခုစာ ကုန်သွားခဲ့တယ်.. တချို့ ဗန်ဒါပင်တွေအောက်မှာ ရေအိုစင်လေးတွေတည်လို့ တချို့ ဗန်ဒါပင်အောက်မှာ ခုံတန်းလျားလေးတွေ ထိုးလို့… နေ့လည်နေ့ခင်း မြို့သစ်ရပ်ကွက်တွေထဲ လည်ရောင်းတဲ့ ခေါင်းရွက်ဗြက်ထိုး ဈေးသည်တွေ တစ်ထောက်နားလို့ အမောဖြေ ရေသောက်လို့ ဗန်ဒါရိပ်အောက်မှာ ကလေးတွေ ကျောင်းလွှတ်ချိန်မှာ အားပါးတရဆော့လို့.. ကျွန်တော် မျက်ဝါးဝါးထင်ထင် မြင်နေရတဲ့ သစ်ပင်တွေရဲ့ အကျိုးကျေးဇူးကို တွေးတောမိရင်း ပေါတောတော ပုတုတု ကိုညိုအေးတစ်ယောက်.. သူစိုက်ခဲ့တဲ့ ဗန်ဒါပင်တွေလို သူ့ဘ၀အေးချမ်းသာယာပါစေ ဆန္ဒပြုမိရင်း…။

မိုးလှိုင်ည




အသက်မွေးဝမ်းကျောင်း/ပညာ

မနက်သုံးနာရီလောက်မှ စီအန်ဂျီရရင် ဒရိုင်ဘာငါးနာရီထိုးလာမှာနဲ့အတော်ပဲ…။ ကားပေါ်မှာ နှစ်နာရီလောက်

အိပ်လို့ရသေးတယ်…။ ကားပေါ်မှာအိပ်တာ အိမ်ကသင်ဖြူးဖျာကြမ်းလောက်တော့ ဘယ်ချောမွေ့မှာလည်း

ဒါပေမယ့် ဘ၀လေ။ ဒီလို လောကဓံအထုအထောင်းလေး တွေကလည်းရသကောင်းကောင်းပေးပါတယ်။

`ငါးဆယ်တန် အကြွေလေးတွေပေးပါ။ ရုံးချိန်မို့ပါ အစ်ကိုရာ၊ ရှေ့လေးတိုးပေး၊ ဒရိုင်ဘာနောက်ကျောမှာ

အချောင်ကြီးပဲ ´

`မင်းတို့က လူကို လူလိုမမြင်ဘူး။ ဇွတ်တိုးခိုင်းနေတာပဲ´

`အစ်ကိုကြီးရာ စီးပွားရှာသူချင်း ကိုယ်ချင်းစာပါဦးဗျာ´

ခေါင်းထဲမှာ တဆစ်ဆစ်၊ မနက်အထွက်မှာ မိုးက မိလိုက်သေးတယ်။ အခုနေပူနေပြီ။ အိပ်ရေးကလည်းပျက်နဲ့

အလုပ်လုပ်ကြတာချင်းအတူတူ တစ်နေ့ကို လူထောင်နဲ့ချီစကားပြောနေရတယ်။

အကြွေအမ်းရတာနဲ့၊ အတန်ကြီးတွေ ခဏကိုင်ထားရတာနဲ့ ။

`ဟေ့ကောင်… ပိုက်ဆံတစ်ထောင်တန်ပြန်အမ်းဦးလေ´

`ကျွန်တော့်လက်ထဲမှာ တစ်ထောင်တန်နဲ့ ငါးရာတန်ပဲရှိတယ် အစ်ကို၊ ခဏစောင့်ပါဦး´

အဝေးသင် အီကိုဘွဲ့လေးနဲ့ လက်ဖျားမှာ ငွေသီးမယ်လို့ သူ့ဇာတာမှာ ပါသလားမသိဘူးလို့

ကိုမင်းသူရ စဉ်းစားမိနေပါတယ်…။

ဒီတစ်နေလုံး ကားကွက်က မကောင်းဘူး။ အီကြာကွေးသုံးကောင်နဲ့ စီနီယံ ဆက်တိုက်ကျတယ်။

တောက်လျှောက် ကျော်နေရတာပဲ။ အုံနာကြေးမမီရင်တော့ ဒီနေ့လိုက်ကြေးရမှာမဟုတ်ဘူး။

ဒီကြားထဲ မနက်က အဖမ်းကခံလိုက်ရသေးတယ်…။

ဒီတစ်ပါတ်လုံးတစ်လွဲချည်းပါပဲ၊ ကားပျက်တာက သုံးရက်၊ အုံနာကြေးလောက်ပဲရလို့ လိုက်ကြေးမရတာက

နှစ်ရက်၊ တစ်ပါတ်လုံးပင်ပင်ပန်းပန်း လုပ်တာတောင် ငွေတစ်သောင်းမရဘူး…။ အိမ်က မိန်းမကနည်းနည်း

ငြူစူနေပြီ။ ရှင်စပယ်ယာချည်းပဲ တစ်သက်လုံးလုပ်တော့မှာလား၊ ကားလည်းမောင်းတတ်နေသားပဲ။ ဒရိုင်ဘာ

ပြောင်းလုပ်ဖို့ စဉ်းစားဦး၊ ကိုယ့်တိုးတက်မှုကိုယ်ရှာပါဦး၊ အန္တရာယ်များလို့ သူ မလုပ်ချင်တဲ့ ဒရိုင်ဘာအလုပ်ကို

တိုက်တွန်းနေပြီ။

ထမင်းက ကြမ်းလို့ မျိုမကျရတဲ့ကြားထဲ လိုင်စင်ရွေးဖို့သွားရမှာ စိတ်ပူနေသေးတယ်။ ဒီနေ့ကားမလိုက်ပေမယ့်

သူငယ်ချင်းတွေ ဘော်ဒါကြေးလေးပေးသွားလို့ ထမင်းဝင်စားဖြစ်တာ၊ ဒဏ်ငွေကလည်း အတိအကျပဲရှိပါတယ်။

အပျင်းပြေသွားစရာမရှိတော့ ဟိုကားတက်၊ ဒီကားတက်နဲ့ ညကျရင် အဆင်ပြေတဲ့ ကောင်နဲ့ ၀ိုင်းဖွဲ့တာပေါ့၊

အခု သူစဉ်းစားမိတာက အသက်မွေးဝမ်းကျောင်းပညာနဲ့ အသက်မွေး ၀မ်းကျောင်း/ ပညာ ဘယ်ဟာအမှန်လဲ?

ဘ၀ ဆိုတာကတော့ ကံပစ်ချတဲ့ ဇာတ်ရုပ်၊ ကိုယ်လိပ်ပြာကိုယ်သန့်ဖို့ လိုသတဲ့လေ။

အောင်ပိုင်စိုး

`ကဲ အားလုံးပဲ ဆင်းပြီးမှတက်ကြပါဗျာ´
`ယောက်လမ်း ၊ ၃ လမ်း ၊ ရွှေဂုံတိုင်၊ မြောက်ဥက္ကလာ၊ ရွှေပေါက်က္ကံ´
`ဘားလမ်း ၊ ဆူးလေ ၊သမ္မုဒ္ဒေ နှစ်ညအိပ်၊ သုံးရက်ခရီးမဟုတ်ဘူး၊ အခုထွက်မှာ´

`အစ်ကို နော့သရီး သွားတာ လေးမိနစ်ခွဲပဲရှိသေးတယ်၊ ရှေ့မှာ ကားကွက်ကျပ်နေတယ်၊ ဒီမှာခဏထိုင်လိုက်ရင် အဆင်ပြေသွားမယ်အစ်ကို အိတ်စ်ဆမ်းက ခုနကမှ လိမ်ဖယ်လိမ်ဖယ်
နဲ့ တက်သွားတာ၊ ကျွန်တော် ဂျာနယ်ခဏ တက်ရောင်းမယ်နော်….´

` ခရီးသွား လုပ်သားပြည်သူအပေါင်းတို့ခင်ဗျာ´

နိုင်ငံကျော်အဆိုတော်ရုပ်ရှင် မင်းသမီးကြီး သီလရှင်ဝတ်မယ်လို့ကြေငြာပြီးမှ လင်နောက်လိုက်သွားတဲ့အကြောင်း…..
တောသား လူလည်က မြို့တက်ပြီး အကြံအဖန်လုပ်တာ ရဲကင်းနဲ့ပက်ပင်းတိုးတဲ့အကြောင်း….
စုံစုံလင်လင်လေးသိချင်ရင်…

အမှောင်ထဲ အဖော်မပါဘဲသွားတဲ့ ဆယ့်ရှစ်နှစ်သားလူငယ်လေးရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်မှန်ဇာတ်လမ်း….
ရှာရာပိုဗာကတော့ ခွေးတွေကိုပဲချစ်သတဲ့၊ ကမ္ဘာကြီးကတော့ ပြားသွားပြန်ပြီ။

` ငုံးဥပြုတ် တစ်ရာ ၊ တစ်ရာ၊ တစ်ရာ´
`ဟေ့ကောင်ငုံးဥ ခဏနေဦး ´
ခင်ဗျားက ကြာတာကိုးဗျ
`အေးပါ ပြီးတော့မယ်´

ရွှေမည်းကြောင့် သမ္မတဘုရှ် ကြေကွဲနေတဲ့ အကြောင်း
`ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်း၊ ရသစုံစုံလင်လင်လေး ဖတ်ချင်ရင်
တစ်စောင်မှနှစ်ရာ၊ ဒီနေရာမှာပဲမှာ ဆိုင်တွေမှာ သွားဝယ်ရင် လေးငါးခြောက်ရာ
ဒီမှာက အသစ်စက်စက် တစ်စောင်မှ နှစ်ရာ… အပျင်းပြေဖတ် အပျော်ဖတ်
အိုက်တတ်ရင် ယပ်ခပ်လို့ရတယ်…။

`ဂျာနယ် ပြီးရင်ဆင်းလေကွာ´

`လူကြီးမင်းတို့ အိမ်တွေမှာ အရှေ့မြောက်ထောင့်က အိမ်မြှောင်စုပ်ထိုးရင်
ဘာဖြစ်မှာလဲ…၊တောင်ပို့မြင်တိုင်း ဖွတ်ထွက်မယ် မတွေးနဲ့ အမွှေးတိုင်နဲ့ သောက်ရေသာကပ်ပေး … အဲဒီအိမ် စီးပွားမတက်ရင် ကျွန်တော့်လာပြော´

(သူ့ဟာသူတောင် စီးပွားမတက်ဘဲနဲ့)

`မြေပဲလှော် ငါးဆယ်၊ ကြွတ်ကြွတ်ရွရွလေး မြေပဲလှော် ငါးဆယ်´

` လူကြီးမင်းတို့ ညဘက်တွေအိပ်တဲ့အခါ အိပ်မက်တွေမက်တတ်တယ်
ညဦးပိုင်း မက်တဲ့အိပ်မက်၊ သန်းခေါင်ယံမက်တဲ့အိပ်မက်၊ အာရုဏ်တက်မက်တဲ့ အိပ်မက်ရယ်လို့ သုံးမျိုးသုံးစားရှိတယ်…. ။
ဘယ်အချိန်မက်ရင် ဘာဖြစ်မှာလဲ၊ အိပ်မက်ရဲ့လက္ခဏာနဲ့ နိမိတ်ကို ဗေဒင်ဆရာဆီသွားပြီး ဆန်တစ်အိတ်၊ ငွေအစိတ် ကုန်စရာမလိုဘူး…

ကျွန်တော့်ဆီက စာအုပ်လေးသာ ၀ယ်သွား၊ ကိုယ်ကိုယ်တိုင် သိနားလည်လာမယ်၊ ဟိမ၀န္တာတောကြီးတန်းက ဆရာသခင်များ ပြုစုထားတဲ့ တောင်အတိတ်ကျွန်းမှာ အောင်နိမိတ်ထွန်းစေမယ်။ အိပ်မက်နိမိတ်ကျမ်း၊ ၀ယ်လို့မရတဲ့ပညာကို ဒါနတရားနဲ့ ရောင်းချပေးတာ။ ငွေတစ်ရာကျပ်ထဲပဲ၊ ကွမ်းစားဆေးသောက် ကျပျောက်မသွားဘူး၊ တစ်ဘ၀လုံး လက်စွဲထားရမှာ၊ အိပ်မက်နိမိတ်ကျမ်း…´´

``ဟောဒီက အစ်မက တစ်အုပ်တဲ့… ဒီအဒေါ်ကြီးကတော့ နှစ်အုပ်တဲ့…၊ ပညာရဲ့တန်ဖိုးကို အစစ်အမှန် နားလည်ကြသူတွေကတော့ ၀ယ်ကုန်ကြပြီ´´

``သံချေးတွေစွန်းတာ၊ ကွမ်းတံတွေးတွေစွန်းတာ၊ ဘာစွန်း၊ ညာစွန်း၊ ဘာစွန်းစွန်းပေါ့၊ အင်္ကျီတွေ၊ အ၀တ်အစားတွေ၊ ပွန်းတာပဲ့တာ ထည့်သိပ်လို့မရပေမယ့် စွန်းတာ ပေတာတော့ စိတ်သာချ၊ ဂြိုဟ်တုအစွန်းချွတ်ဆေး၊ လက်ပစ်ဗုံးပေါက်ရင် ဖာလို့မရဘူး၊ အိမ်ကရေပုံးတော့ ဖာဖြစ်အောင်ဖာ၊ အိုးဖာတဲ့တိပ်၊ ဒန်အိုးဒန်ခွက်၊ ရေပုံး ဘာဖာဖာ တစ်လက်မကို ငွေတစ်ရာပဲ´´

``ဟိုအစ်မ ရှေ့နည်းနည်းတိုး၊ ဟိုအစ်ကို ဘေးလေးကပ်ပေးပါ၊ ဟေ့ကောင်တွေ ဆင်းတော့၊ ထွက်တော့မယ်…၊ ရောင်းချင်ရင် အောက်ကသာရောင်းတော့…၊ အစ်ကိုရေ ငါးပူးကပ်လာပြီ၊ မောင်းတော့…။

အောင်ပိုင်စိုး



နာရီကိုကြည့်လိုက်တော့ ၅း၀၀ ထိုးဖို့ဆယ်မိနစ်၊ လုပ်လက်စအလုပ်တွေကိုတော့ လက်စသတ်ပြီးပြီ။ တစ်နေ့စာ စာရင်းဇယားတွေ၊ ဖိုင်တွေကို မန်နေဂျာကိုတင်ပြဖို့ မန်နေဂျာအခန်းထဲ လှမ်းကြည့်လိုက်တော့ ဧည့်သည်နှစ်ယောက်နဲ့ စကားလက်ဆုံကျနေတယ်

ကိုယ်က ရုံးဆင်းချင်နေပြီ။ သူတို့က အာလာပ၊ သလ္လာပတွေ ပြောကောင်းတုန်း၊ နာရီကိုကြည့်လိုက်တော့ ငါ့နာရီထိုးဖို့ နှစ်စက္ကန့်လောက်ပဲလိုတော့တယ်။ စိတ်ကတော့ပူနေပြီ။

ဒါပြီးရင် အလုပ်နောက်တစ်ခုကို ကူးရမှာ၊ ကွန်ပြူတာဆိုင်မှာ ညနေပိုင်း စာစီစာရိုက်ကို ကိုးနာရီခွဲထိ လုပ်ရဦးမှာ။ ညနေပိုင်းအလုပ်ချိန်က ခြောက်နာရီမှာ စမှာ၊ ငါးနာရီဆိုရင်တောင်

ညနေပိုင်း အလုပ်ချိန်က ခြောက်နာရီမှာစမှာ၊ ငါးနာရီဆိုရင်တောင် ညနေစာကို အပြင်မှာစားပြီး၊ အလုပ်နောက်တစ်ခုကို သွားဖို့ အချိန် ၄၅ မိနစ်လောက်ပေးရဦးမှာ။

နောက်ကျရင် အလုပ်ရှင် မျက်နှာညိုမှာ ကိုယ့်အတွက်စိုးရိမ်စရာပဲ။ အလုပ်နှစ်ခုလုပ်မှ လောက်ငရုံ လောက်ရတဲ့ ၀မ်းရေးကို တော်ရုံအတွေးနဲ့ စာနာတတ်သူတော့ သိပ်ရှိမှာမဟုတ်ဘူး။ အလုပ်ချိန်ဆိုတာ မျက်စိနှစ်လုံးပွင့် ကတည်းက အိပ်ရာထဲ ပြန်ဝင်တာတောင် မပြီးချင်ဘူး။ ညနေခင်းထဲမှာ ချစ်သူလက်ကိုဆွဲပြီး အေးအေးလူလူ လမ်းလျှောက် ထွက်ဖို့ သူတို့လိုလူတန်းတွေကို ဒီရာစုနှစ်က ခွင့်မပြုဘူးထင်တယ်။

ပထမအလုပ်က ရုံးတစ်ရုံးရဲ့ ၀န်ထမ်း၊ စီမံခန့်ခွဲမှုအပိုင်းမှာ သူတာဝန်ယူရတဲ့ ကိစ္စလေးတွေရှိတယ်။ ပြဿနာ အမျိုးမျိုးနဲ့ကြုံရ၊ ဆုံရ၊ ကိုယ်အောက်လက် ငယ်သားတွေ ကိစ္စကို အထက်ကိုတင်ပြ၊ သူတို့ လိုအပ်ချက်တွေရှိရင် ဖြည့်ဆည်း၊ လုပ်ငန်းရဲ့ပေါ်လစီ လိုအပ်ချက်တွေ အတွက် သူက ပုံမှန် အကြံပြုချက်လေးတွေရေးနဲ့၊ အတွေးကို ဇောင်းပေးရတဲ့ လုပ်ငန်းခွင်။ ဒုတိယအလုပ်က မော်နီတာဖန်သားပြင်ပေါ်ကို A4 စက္ကူပေါ်က

ညွှန်ကြားချက်တွေ အဆက်မပြတ် ရိုက်ထည့်နေရတဲ့ အလုပ်။ A4 တစ်မျက်နှာမှာ ဘယ်လောက်ရမယ် ဆိုတဲ့သတ်မှတ်ချက်အရ၊ သူ့အတွက်များများနဲ့ မြန်မြန်ရိုက်နိုင်ဖို့ အတွက်

ကတွန်းအားဖြစ်ပြီးသားပဲ။

သူဆယ်တန်းအောင်ကာစက ဒီအချိန်ဆို ငွေနှစ်ရာကျပ်နဲ့ သီးချင်းနားထောင်ရင်း ကဗျာဖတ်လို့ ရတဲ့ `ဒေါင်´ တစ်ခုခုမှာ ခွေးကောင်းနေချိန်ပေါ့။ အဲဒီအချိန်လေး တွေက သူ့ကို

မောင်ချောနွယ်နဲ့ မိတ်ဆက်ပေးဖူးတယ်။ မိုးဝေး၊ အောင်ချိမ့်၊ သစ္စာနီ၊ ပြီးတော့ ကစ်ပလင်၊ ပက်ဘလိုနီရူဒါ၊ ရှေးမော့စ်ဟေနီနဲ့ တီအက်စ်အဲ့လိယော့စ်အထိ၊ စည်းအပြင်ကနေ လူနာဆောင်အမှတ် ၆ အထိ အမှတ်မထင် ရောက်သွားခဲ့ဖူးတယ်။

ရာစုသစ်ရဲ့ သိပံဘီးထဲမှာ နည်းပညာနဲ့ ဓနချို့တဲ့နေတဲ့ သူလိုလူကို စွမ်းရည်နိမ့်တဲ့ ရိုဘော့အဟောင်းတွေလို လောကကြီးက ချောင်ထိုးထားလိုက်မယ်ဆိုတာ ကြိုတင်မသိခဲ့ရိုး အမှန်ပါ။ လောကဓံလှိုင်းတွေ၊ ငလျင်တွေ၊ ဆုပ်ဝဲ၊မြုပ်ဝဲတွေထဲ ၀ဲလည်ရင်း၊ ဘာပဲလုပ်လုပ် ဆင်ဆင်ခြင်ခြင် သတိနဲ့လုပ်ဆိုတဲ့ အဖေ့စကားကို ကြားယောင်ဖူးပါတယ်။ အချိန်ကာလနဲ့ ခေတ်ကို မျက်ခြေမပြတ်ခဲ့ပါပဲနဲ့ မြန်နှုန်းမြင့် အပြောင်းအလဲတွေထဲမှာ သူက အမြဲတမ်း အံ့သြ မှင်သက်နေခဲ့ရတယ်။ တိုင်ကပ်နာရီကို လှမ်းကြည့်တော့ ဆယ်နာရီဆယ်မိနစ်၊ နောက်ဆုံးဝါကျအတွက် သူ Backspace ကို ခြောက်ခါလောက်သုံးလိုက် ရတယ်။ ဒီထက်ပို နောက်ကျရင် သူ မနက်ဖြန် အလုပ်တွေ တလွဲတချော် ဖြစ်တော့မှာ။ အိမ်ပြန်ရောက်ရင် အေးစက်တောင်ခဲ နေတဲ့ ညနေစာတွေ သူ့ကိုစောင့်နေတော့မယ်။ သူ့ကိုယ်သူ အိမ်ပြန်လမ်းပေါ် ပစ်ချလိုက်တယ်။ လေတွေက လာအရောင်မှန်း သတိမထားမိပေမယ့် အေးစက်ကြမ်းတမ်းလွန်းတာ ခံစားသိလိုက်တယ်…..။



အောင်ပိုင်စိုး

မထင်မှတ်ပဲ ဇွန် ၂၈ ရက် တနင်္ဂနွေ နေ့မှာ ကျွန်တော်အင်းလျားကန်စောင်းက စိမ်းလန်းစိုပြေ ကို သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင်ရောက်သွားမိတယ် …။ လူငယ်တစ်ချို့ ကဗျာတွေရွတ်နေတာ တွေ့ရတာနဲ့ စိတ်ဝင်တစ်စားနားထောင် နေမိတယ်။

မိုးရာသီဆက်တင်တဲ့….

မှတ်မှတ်ရရပဲ ကဗျာဆရာ ကိုစန်းဦးက အဲဒီနာမည်နဲ့ ကဗျာစာအုပ်တစ်အုပ်ထုတ်ခဲ့ဖူးတယ်

ပင်လယ်ကရီတယ်

ကံစီမံရာအတိုင်းပေါ့လေတဲ့

အဲဒီမရိုးမရွလှိုင်းတွေထဲ

မြို့လည်းလူးလူး

လူလည်းလှိမ့်လှိမ့် ….

ကိုစန်းဦး ကဗျာစုထဲက ပထမဆုံးကဗျာတစ်ပုဒ်ရဲ့ အကြိုက်ဆုံးအပိုဒ်လေးပါ။

အခု မိုးရာသီဆက်တင်ထဲမှာတော့ ၂၁ ရာစု တတိယလှိုင်ပေါ်ကလူငယ်လေးတွေ….

သူရဿဝါ၊ ဇာတိ၊ လင်းရမ္မာ၊ ဗညားရှိန်၊ မင်းယွန်းသစ်၊ ကိုဂစ်တာတဲ့ မှတ်မိသလောက်

နာမည်လေးတွေ ချရေးကြည့်လိုက်တာ သူတို့က လူငယ်တွေဆိုပေမယ့် သမိုင်းသစ်ကို

အသေအချာရေးနေကြပုံရတယ်… သူတို့ကြည့်ရတာ လေးလေးနက်နက်ရှိလွန်းတယ်…

အဲဒီထက်ပိုလေးနက်နေတာက တော့ သူတို့ကဗျာတွေပါပဲ…။ အသံနဲ့ရွတ်တဲ့ ကဗျာတွေကို

နှလုံးသားနဲ့ နားထောင်တတ်မှ အပြည့် အ၀ကြားနိုင်မှာပါ… ဖြန့်ထားတဲ့ ဗီနိုင်းစပေါ်မှာကတော့

မုတ်သုန်မြို့ရဲ့ သတို့သမီးတဲ့… မိုးရာသီဆက်တင်ထဲ အမှတ်တရပြန်ထွက်ခဲ့ပါတယ်…။

နောက်မိုးရာသီတွေထဲမှာ သူတို့ဆက်တင်ထဲ မိုးခိုခွင့်ရဦးမယ်လို့ မျှော်လင့်မိရင်း…။


အောင်ပိုင်စိုး




ဒီချောင်းကို

ဝင်မိလျှင်၊ မထင်နဲ့

တစ်ခေါက်တည်း…၊

တက်မကုန် သက်မစဲ၊

မောလောက်အောင်ပဲ။


ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာ(၂၂)ပါ၊


ရှေ့နေ လုပ်သက်ခြောက်နှစ်လောက်ရှိပြီ ဖြစ်ပေမယ့် အမှုတွေလက်မလည်အောင် ဖြစ်နေတာမျိုး မကြုံဖူးသေးဘူး။ ရုံးချိန်းတွေ တိုက်နေတာ၊ စာချုပ်တွေ ခဏခဏချုပ်နေတာ၊ နို့တစ်တွေ အများကြီးထုတ်ပေးနေရတာ မျိုးတွေမရှိသေးပါဘူး။ `ရှေ့နေဆို ပျိုမှတဲ့´ ဘယ်သူပြောသွားတာလဲတော့ မသိဘူး။ အခုတော့ မနက်ရုံးလာ၊ လက်ဖက်ရည်သောက် ဆရာသမားတွေရဲ့ အမှုတွဲတွေ ခဏကြည့်ပေး၊ ရုံးချိန်းတောင်းပေး ပညာရအောင်လို့ အလကားလိုက်ပေးရတဲ့ အမှုတွေနဲ့ တစ်နေ့တစ်နေ့ မုန့်ဖိုး ပဲဖိုးနဲ့ အိမ်ပြန်ရတာ။ ဒါပေမယ့် ဒီလုပ်ငန်းက ပညာ၊ အတွေ့အကြုံ နှစ်ဖြာရင့်ကျက်မှ တန်ဖိုးတက်တာဆိုတော့ ဒီလိုပဲအနစ်နာခံရတာပါပဲ။ စီးပွားရှာဖို့သက်သက်တော့ ဒီလိုလုပ်ငန်းမျိုးကို ရွေးချယ်ဖို့ မသင့်ဘူးထင်ပါတယ်။ မျှတတဲ့ စိတ်ထားနဲ့ ပညာရပ်ကို မြတ်နိုးတော့ မီးသင့်ကျောက်တွေလို အခက်အခဲ ဖိအားနဲ့ပဲ ကိုယ်ရည်ကိုယ်သွေးကို အရောင်တင်ရတာ မို့လား။ ခက်ခဲပေမယ့်လည်း ပျော်ပါတယ်။ ဘယ်မှာမှ ဖြေရှင်းလို့မရတဲ့ အရှုပ်အထွေးတွေကို ကိုယ်ကိုယ်တိုင် ပါဝင်ကူညီ လိုက်ရလို့ ပြုံးပျော်သွားကြတဲ့ လူတွေ၊ သင့်မြတ် သွားကြတဲ့လူတွေ တွေ့နေရတော့ ပီတိဖြစ်ရပါတယ်။ စေတနာသန့်ရင်တော့ ကုသိုလ်လည်းရ ၀မ်းလည်းဝပါ။

`ရှေ့နေဖြစ်ချင်ရင် တိုက်ပုံခေါက်တတ်အောင် အရင်သင်ကွ´ ဆရာသမားတစ်ယောက်က နောက်နောက်ပြောင်

ပြောင် မိန့်ကြားဖူးပါတယ်။ တစ်ရုံးဝင် တစ်ရုံးထွက် အမှုတွေ လက်မလည်အောင် လိုက်နေရတဲ့ ရှေ့နေအဖို့

တိုက်ပုံ တွန့်ကြေနေလို့ ဘယ်ဖြစ်မလဲပေါ့။ အမှန်တကယ်တော့ တရားခြင်း၊ မတရားခြင်းဟာ ဥပဒေအပေါ်မှာ

ဘယ်လောက် အစွန်းထွက် ပြုမှုမလဲဆိုတာ မူတည်ပါတယ် ဥပဒေ ချိန်ခွင်လျှာပေါ်မှာ အစွန်းထွက်တဲ့ဘက်ကို

အရေးယူနိုင်ဖို့၊ မိမိလျှောက်လဲချက်တွေဟာ ဖြောင့်မတ်မှန်ကန်ဖို့ အရေးကြီးပါတယ်။ ဥပေဒေနဲ့ အမှန်တရား

ထပ်တူကျလာပါမှ သင့်မြတ်တဲ့ ဖြတ်ထုံးတွေ ဖြစ်လာမှာပါ။ အဲဒါကြောင့် အမှန်ကိုမြတ်နိုးတဲ့စိတ်က ပိုမိုမွန်မြတ်တယ် လို့ ချိန်ဘာဆရာက သင်ကြားဖူးပါတယ်…။ အခု ကျွန်တော့် ရဲ့သမာအာဇီဝ နေ့လည်စာဟာ လက်ဖက်ရည်တစ်ခွက်သာ ဖြစ်နေပေါ့။ တက်မကုန် သက်မစဲပေမယ့် ကျွန်တော်မမောသေးပါ။


အောင်ပိုင်စိုး

အေးစက် သွေ့ခြောက်နေတဲ့ ဒီဇင်ဘာအမှောင်ထဲမှာ ၂၀၀၈ ရဲ့ ၀မ်းနည်းစရာရက်စွဲတွေအကြောင်း စဉ်းစားဖြစ်ခဲ့ပါတယ်။ ဘနာဇီယာဘူတို လုပ်ကြံခံရမှုနဲ့ ကမ္ဘာကို စတင်ခြိမ်းခြောက်လိုက်တဲ့ ၂၀၀၈ ဟာ မွမ်ဘိုင်းမြို့ပေါ်မှာ မျက်ရမ်းမှန်းဆ မြင်မြင်သမျှကို စက်သေနတ်နဲ့ ပစ်ချလိုက်တဲ့ သွေးညှီနံ့တွေနဲ့ အဆုံးသတ်ခဲ့တယ်။ တစ်ကမ္ဘာလုံး ယူကျုံးမရမှုနဲ့ ဒေါသတွေကို ခက်ထန်ကျလာစေတယ်။

သမ္မတဘုရှ်ကို ပစ်ပေါက်လိုက်တဲ့ ဖိနပ်တစ်ရံဟာ ဒေါ်လာ ၁၀ သန်းတဲ့။ တစ်ယူသန် အစွန်းရောက်တွေဟာ ဘယ်လမ်းကို ရွေးနေတာလဲ။ ပါကစ္စတန်၊ အ
ိန္ဒိယ၊ ဇင်ဘာဘွေ အငြိုးရယ်မပြေနိုင်တဲ့ ဦးရာလူဆော်စတမ်း ပွဲကြမ်းနေတဲ့အချိန်။ ဥရောပကလည်း ရုရှားနဲ့ ဂျော်ဂျီယာကို ချွေးသိပ်ခဲ့ရတယ်။ စွမ်းအင်ဈေး အတက်ကြမ်းလာသလို လူသားတွေ အတွင်းစိတ်က ကြမ်းခတ်လာတယ်။ ပူပြင်းရာသီဆို သွေးဆူလွယ်တတ်သလိုပေါ့။

ကမ္ဘာကြီးလည်း လိုအပ်တာထက် အပူချိန်တွေ ပိုတက်လာတယ်။ သဘာဝတရားရဲ့ ဖျားနာမှုက အရေးပေါ်အခြေအနေ၊ မဆိုင်းမတွ ကယ်တင်ရမယ့်အခိုက်မှာပဲ အီရန်က အဏုမြူဗုံးကို လာအိပ်မက်နေတယ်။ မဆီမဆိုင်နဲ့ ဧရာဝတီတိုင်းသားတွေကို နာဂစ်က ၀င်ခွေ့တယ်။ စီချွမ်ပြည်နယ်သားတွေရဲ့ဘ၀ကို မြေငလျင်က ရမ်းခါချတယ်။ ကတ်ထရီနာကလည်း သက်ညှာမပေးပါဘူး။ ကမ္ဘာကြီးရဲ့ အလံတိုင်တွေဟာ တိုင်တစ်ဝက်တွေချည်းပါပဲ။ ၀မ်းနည်းခြင်းနေ့ရက်တွေ ပိုရှည်ကြာခဲ့တယ်။ မိဘနှစ်ပါးဆုံးရှုံးတာ ကလေးငယ်တွေရဲ့ ဘ၀အတွက်တော့ ကမ္ဘာပျက်တာပဲ။ အထီးတည်းကျန်ခဲ့တဲ့ အိမ်ထောင်ဦးစီးတစ်ဦးဟာ အပျက်အစီးပုံတွေထဲမှာ သူ့သားသမီးတွေကို ရှာနေတယ်။

``ကျားပေါင် မင်းဘယ်မှာလဲ၊ ကျားပေါင် ကျားပေါင် ´´

`` မင်း မသေသေးရင် အဖေ့ကို ပြန်ထူးပါ ´´

`` ရှောင်ဖိန် သားအောက်မှာ ပိနေတာလား ´´

ခေါ်သံတွေ အထပ်ထပ်ဆူနေပေမယ့် ဖြေသံတွေတိတ်ဆိတ်နေဆဲ။

`` ဖိုးသံချောင်းနဲ့ ခွေးပူမ ပင်လယ်ထဲကျသွားတယ် ´´

`` သူတို့က ရေကူးသိပ်တော်တာဗျာ၊ ဖိုးသံချောင်းက ကျားပိုက်ချလည်းတော်၊ မြှုံးချရင်လည်းပါ၊ သားရယ် မင်းလိုကောင်ကိုမှ ပင်လယ်က ဖမ်းစားရတယ် ´´ လို့ မချိတင်ကဲသံတွေ ကမ္ဘာကြီးထဲ တော်လဲသံလို ညံနေခဲ့တယ်။ လူတစ်ဦးရဲ့ မိသားစုဘ၀ အဓိပ္ပါယ်မဲ့ရတယ်ဆိုရင် မိသားစုတွေနဲ့ ဖွဲ့စည်းထားတဲ့နိုင်ငံက ဘယ်လမ်းကို ဆက်လျှောက်ရမှာလဲ၊ နိုင်ငံများနဲ့ ဖွဲ့စည်းထားတဲ့ ကမ္ဘာကြီးကရော၊ နှစ်ကာလ ပင်လယ်ထဲမှာ လမ်းညွှန်မြေပုံပျောက်သလိုပဲ ကပ်စရာ ကမ်းမဲ့ခဲ့သလိုပါပဲ။

လူတစ်ဦးသေဆုံးတာက ၀မ်းနည်းဖွယ်ရာတစ်ခုဖြစ်ပြီး လူတစ်သန်း သေဆုံးတာက စာရင်းဇယားတစ်ခုတဲ့။

အဲဒီ ခပ်ရမ်းရမ်းအဆိုအမိန့်တွေကို ကမ္ဘာကြီးက မျက်စိမှိတ် ယုံကြည်နေတုန်းလား။ သမိုင်းမှာ မကြုံဖူးလောက်အောင် ပမာဏနဲ့ ဆိုမာလီယာကမ်းစပ်က ပင်လယ်ဓါးမြတွေက ပြန်ပေးဆွဲနေကြတယ်။ သူတို့ရဲ့ပစ်မှတ်က ဆော်ဒီဘုရင်ပိုင် သင်္ဘောကနေ ရုရှားက လက်နက်တင်သင်္ဘောတွေအထိ အနာဂတ်မှာ စစ်ဘက်သုံး နျူကလီးယားလောင်စာနဲ့ ရေငုပ်သင်္ဘောတွေ၊ အာကာသလွန်းပျံယာဉ်တွေပါ ပြန်ပေးဆွဲဖို့အထိ မြေအောက်ထပ်ဇိမ်ခန်းထဲမှာ ဒေါ်လာတွေ ပလူပျံအောင် သုံးဖြုန်းနေတဲ့ ပြန်ပေးဆွဲခေါင်းဆောင်က ရည်ရွယ်ချက်တွေ ကြီးမားနေတယ်။

အလုပ်လက်မဲ့ စိတ်လေနေတဲ့ လူငယ်တွေကို ဒေါ်လာတွေအထပ်လိုက်နဲ့ ဆိုမာလီယာကမ်းခြေက မြူဆွယ်နေတယ်။ မိန်းမငယ်တွေလည်း ရှိမယ်။ အရက်အကောင်းစားတွေလည်း ရှိမယ်။ ကောင်းကင်ဘုံဆိုတဲ့ စကားလုံးထက် ကမ်းကုန်အောင် ဆိုးရဲသလားဆိုတဲ့ စကားကို ပိုမိုအရသာတွေ့နေကြတယ်။

အာဖရိက ဦးချိုဒေသက ကလေးငယ်တွေ ရည်မှန်းချက်ဟာ ကမ္ဘာကြီးအတွက် ပန်းတစ်ပွင့်ဖြစ်နိုင်ပါ့မလား။

ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့၊ ၂၀၀၈ က ကျန်ခဲ့ပြီ။ အသက်တွေ၊ ဘ၀တွေ၊ စည်းစိမ်ဥစ္စာတွေသာမက ငါတို့ရဲ့ စိတ်ဓါတ်တွေကိုပါ ချိုးဖဲ့ဖျက်ဆီးပြီး ကြီးနိုင်ငယ်ညှဉ်းဝါဒ ကမ္ဘာကြီးမှာ ခေါင်းထောင်ထလာပြီလား။

ငါ့ကလောင်သွားကတော့ အမှန်တရားဆိုတဲ့ ဓါးထက်ထက်ကိုင်ထားတယ်၊ အခု မင်း နေရစ်ခဲ့တော့။ ကျန်ခဲ့တဲ့ ပြက္ခဒိန်စာရွက်တွေကို မေ့ပစ်လို့ရပေမယ့် စူးရှတဲ့အတိတ်ဒဏ်ရာတွေကို ကုစားဖို့ ငါတို့ ၂၀၀၉ ဆီ သွားမယ်။ လင်းလက်တောက်ပတဲ့ အနာဂတ်တွေ ပိုင်ဆိုင်ဖို့၊ ဆာလောင်မှုတွေ ချုပ်ငြိမ်းဖို့၊ ပျော်ရွှင်မှုတွေ မျှဝေဖို့ ၂၀၀၉ ဆီကို ငါတို့ သွားမယ်။

အောင်ပိုင်စိုး