ဆရာကြီး မြသန်းတင့်ရဲ့ ခေတ်ပြိုင်ရုပ်ပုံလွှာများ ဒုတိယအကြိမ် ပြန်လည် ထွက်ရှိတာပါ...။
ပထမအကြိမ်မှာမပါဝင်တဲ့ ရုပ်ပုံလွှာ အသစ်နှစ်ပုဒ် ထပ်မံဖြည့်စွက်ထားပါတယ်...။ လူများ နှစ်ကာလများ ဘ၀များ အကြောင်းကို ရိုးရှင်းစွာ မြင်တွေ့နိုင်ပါသည်...။ ဆရာကြီးမြ ရေးသားခြင်းမို့ ကျွန်တော် အနေနဲ့ အထူးတလည်.. ညွှန်းဆိုနေစရာတော့ သိပ်မလိုပါဘူး.. စာဖတ်သူတွေအတွက်.. စိတ်ကြိုက်တစ်ပုဒ်ကို.. တင်ဆက်ပေးလိုက်ပါတယ်..။ ကျွန်တော်စာအုပ်စင်အတွက် သိမ်းဆည်းထားတဲ့ စာအုပ်ကောင်းလေး တစ်အုပ် ဖြစ်ပါတယ်..။




ဆိုက်ကားသမားဒဿနဆရာ

ညို့မှောင်နေသည့်သူ့မျက်နှာပေါ်မှမျက်လုံးများသည်တဖျက်ဖျက်တောက်နေကြသည်။ဆံပင်ဖရိုဖရဲ၊အ၀တ်အစားခပ်နွမ်းနွမ်းနှင့်ခုံဖိနပ်ကိုစီးထားသည့်တိုခပ်နွမ်းနွမ်းအဆင်အပြင်ထဲမှနေ၍
သူ့မျက်နှာသည် ကြည်လင်လတ်ဆတ်ကာ နှစ်လိုဖွယ်
ကောင်းနေသည်။သူသည်ကျွန်တော်တို့စာရေးဆရာတစ်သိုက်ကိုအကဲခတ်နေသည်။တစ်ခါတစ်ရံတွင်
ဆေးပေါ့လိပ်တိုကို မီးညှိပြီး ကျွန်တော်တို့ပြောနေသော စကားများကို
နားစွင့်နေတတ်သည်။
တစ်ခါတရံတွင်လည်းသူ့နှုတ်ခမ်းမွှေးကိုပွတ်သပ်ရင်းကျွန်တော်တို့ပြောနေသည့်
စကားများကို နားစွင့်တတ်သည်။
ဗိုလ်တဲပေါ်ကို ရောက်စတုန်းက ကျွန်တော်သူ့ကို သတိမထားမိ။
အထုပ်အပိုးများကို ချပြီး ဧည့်ခန်းတွင် ထိုင်မိသည့်အခါမှ သူ့ကို
ကျွန်တော် သတိထားမိခြင်း ဖြစ်သည်။ အမှန်ကတော့ ကျွန်တော်တို့ကို ဘူတာရုံ
လာကြိုကတည်းက
သူပါလာခဲ့သည်။ သို့ရာတွင် သူသည် စကားတစ်လုံးမျှလည်းမပြော။
လာကြိုသူများနှင့်လည်း သိပ်မရောသဖြင့် သူ့ကိုသတိမထားမိခဲ့ခြင်းဖြစ်သည်
နောက် ကျွန်တော်တို့ပစ္စည်းကို သူ့ဆိုက်ကားပေါ်သို့တင်ပြီး
ဆိုက်ကားနင်းလိုက်လာသဖြင့် သူ့ကို ဆိုက်ကားသမားတစ်ဦးဟုပင် ထင်ခဲ့မိသည်။
မှန်တော့ မှန်သည် သူသည် ဆိုက်ကားသမားတော့ ဆိုက်ကားသမားပင် ဖြစ်သည်။
သို့ရာတွင် ငှားရမ်းထားသည့် ဆိုက်ကားသမားမဟုတ်။ ကျွန်တော်တို့
ဟောပြောပွဲလုပ်မည့် မြို့ကစာဆိုတော် ကော်မတီဝင်တစ်ဦး ဖြစ်ကြောင်း
နောက်မှ သိရသည်။
ကျွန်တော်တို့ ပစ္စည်းတွေချပြီး ဧည့်ခန်းမှာထိုင်သည့်အခါတွင်
ရန်ကုန်ကို လာ၍ ဖိတ်ကြားသူက မြို့ခံစာဆိုတော် ကော်မတီဝင်များနှင့်
မိတ်ဆက်ပေးသည်။
ထိုကော်မတီဝင်တွေထဲတွင် သူပါသည်။
သူ့အမည် ကိုစိုးမြင့်။
" ကျွန်တော်တို့ကတော့ သူ့ကို ခုံဖိနပ်စိုးမြင့် လို့ခေါ်ပါသည်။
ကျွန်တော်တို့ စာဆိုတော်ကော်မတီရဲ့ တွဲဖက်အတွင်းရေးမှူးပါ။
ကျွန်တော်မအားလပ်ရင် ဆရာတို့လိုတာကို ကိုစိုးမြင့်ကို ပြောနိုင်ပါတယ်။
သူကဒီရက်တွေ အတွင်းမှာ တစ်လျှောက်လုံး ဆရာတို့နဲ့ ရှိနေမှာပါ"
ကိုစိုးမြင့်က ထရပ်ပြီး ပြုံးပြသည်။ ညမှောင်သည့် မျက်နှာပေါ်တွင်
ဖြူဖွေးညီညာသောသွားသည်တစ်လက်လက်တောက်နေကြသည်။ထိုနေ့ညနေမှစ၍ကိုစိုးမြင့်သည်
ကျွန်တော်တို့ ပြန်သည်အထိ ကျွန်တော်တို့နှင့်အတူ တစ်ချိန်လုံးရှိနေသည်။
ကျွန်တော်တို့အားကျွေးစရာမွေးစရာရှိသည်တို့ကိုလည်းသူပင်တာဝန်ယူ၍ကျွေးမွေးသည်။ကျွန်တော်တို့စားသောက်ပြီးအိပ်ရာဝင်သည့်အခါတွင်သူသည်လူငယ်ကလေး
တစ်ယောက်ဖြင့် ပန်းကန်ခွက်ယောက် များကို သူပင်ကြီးကြပ်သိမ်းဆည်းသည်။
ထို့နောက် ဧည့်ခန်းထဲက စားပွဲတစ်လုံးပေါ်တွင် စောင်တစ်ထည်
ခေါင်းအုံးတစ်လုံးဖြင့်အိပ်သည်။ မနက်လင်း၍ ကျွန်တော်တို့
နိုးလာသည့်အခါတွင် သူသည် ကျွန်တော်တို့အတွက် မနက်စာအဆင်သင့်
ပြင်ဆင်ပြီးလေပြီ။ သူ့ဆိုက်ကားသည် သူနှင့်အတူ အမြဲရှိနေသည်။
ကိုစိုးမြင့်သည် စာဆိုတော် ဟောပြောပွဲရက်များအတွင်းတွင်
ဆိုက်ကားလည်း မနင်းတော့။ အိမ်သို့လည်း မပြန်တော့။ စာဆိုတော်ပွဲကိစ္စ
အ၀၀ကို ဒိုင်ခံကာ ဆက်သွယ် စီစဉ်ပေးသူ ဖြစ်နေသည်။
ထိုရက်များအတွင်း ကျွန်တော်နှင့်ကိုစိုးမြင့်တို့ စကားပြောမိကြသည်။
ပြောမိသည့်စကားထဲတွင် မော်ဒန်ကဗျာ၊ ဖြစ်တည်မှု ပဓာန၀ါဒ၊ သိစိတ်အလျဉ်
ရေးဖွဲ့နည်း၊ ဂျိမ်းဂျို့တ်စ်၏ ယူလီးဆစ်ဝတ္ထု၊ ဟဲမင်းဝေ၏ အဘိုးအိုနှင့်
ပင်လယ်ဝတ္ထုကပြောပြသည့် ဒဿန၊ ခေတ်ပေါ် မြန်မာဝတ္ထုတို့ဆန်းစစ်ချက်၊
မော်ဒန်ဆိုသည့် ဝေါဟာရ၏ အဓိပါယ် ၊ အိုင်းစတိုင်း၏ ရီလေတီဗတီ
သီအိုရီ.......။
ထူးတော့ ထူးဆန်းသည်။ ခုံဖိနပ်စီးထားသည့် အညာမြို့တစ်မြို့က
ဆိုက်ကားသမားနှင့် ဖြစ်တည်မှုပဓာန၀ါဒသည် တကယ်ဆိုလျှင် အဝေးကြီး။
ကျွန်တော် သည် သူ့စကားများကို နားထောင်ရင်း အံ့သြရမည်လား။
ဝမ်းသာရမည်လား။ သံသယဖြစ်ရမည်လားဟု ဝေခွဲမရ ဖြစ်နေသည်။
"ကိုစိုးမြင့် ဒါတွေကို ဘယ်တုန်းက ဖတ်ထားတာလဲ။ အင်္ဂလိပ်လိုကော ဖတ်သလား။"
ကျွန်တော်က အကဲစမ်းသည့်အနေဖြင့် မေးသည်။
"အင်္ဂလိပ်လိုတော့ ကောင်းကောင်း မဖတ်တတ်ပါဘူး ဆရာ"
"ကောင်းကောင်းမဖတ်တတ်ဖူးဆိုရင် နည်းနည်းပါးပါးတော့ ဖတ်တတ်တယ်ဆိုတဲ့ သဘောပေါ့။"
"ကျွန်တော် ၉ တန်းအောင်သည်အထိတော့ ကျောင်းနေခဲ့ဖူးတယ်ဆရာ။ အဲ....၁၀
တန်းအထိဆိုပါတော့ ဆရာ။ ဒါပေမဲ့ဆယ်တန်းကိုနှစ်ခါသုံးခါကျတော့ကျောင်းမတက်
တော့ဘူး။ အဲ.....ကျောင်းမတက်နိုင်တော့ဘူး ဆရာ"
ကိုစိုးမြင့်သည် သူ့စကားကို တိကျအောင် ပြောလေ့ရှိသည်ကို ကျွန်တော်သတိပြုမိသည်။
သူသည် စကားတစ်ခွန်းကို ပြောလျှင် တိကျအောင် ပြောတတ်သည်။
မတိကျသေးလျှင် သူ့စကားကို တိကျအောင် ပြင်ပြောသည်။
"မနေနိုင်တော့တာလား။ မနေချင်တော့တာလား။"
"မနေနိုင်တော့တာ ဆရာ"
"ဘာဖြစ်လို့"
"အကြောင်းကြောင်းကြောင့် ဆိုပါတော့ ဆရာ။ အဓိကအကြောင်းကတော့
စီးပွါးရေးပါ။ ကျွန်တော်က သားအကြီးဆုံး ၊ စာမေးပွဲကလည်း တဘုံးဘုံးကျ၊
အငယ်တွေက လည်း ကျွန်တော့မီလာ၊ ဒီအထဲမှာ ကျွန်တော်ကလည်း
မိဘစကားကိုနားမထောင် ၊ ကျွန်တော် လုပ်ချင်ရာ လျှောက်လုပ်နေတော့ အိမ်နဲ့
ပြဿနာဖြစ်တာပေါ့ ဆရာ။ အဖေက ကျွန်တော့်ကို အထင်သေးတယ်။ အဖေ
အထင်သေးမခံရအောင် လူတော်တစ်ယောက်ဖြစ်အောင် ကြိုးစားမယ်ဆိုပြီး
မခံချင်စိတ်နဲ့ ကြိုးစားတယ်။ ကြိုးစားရင်း ကြိုးစားရင်းနဲ့
နောက်ဆုံးတော့ ဆိုက်ကားသမား ဖြစ်လာတာပါပဲ။"
ကိုစိုးမြင့်က သူ့စကားကို သူသဘောကျ၍ ရယ်သည်။
"ဘယ်လိုကြိုးစားရင်း ဆိုက်ကားဆရာဖြစ်လာတာလဲ"
"ကျွန်တော့် အဖေက အဲ့ဒီတုန်းက ဆပ်ပလိုင်းဂိုဒေါင်လို့ခေါ်တဲ့ အစိုးရ
ဂိုဒေါင်စောင့်အလုပ် ဆရာ။ ကျွန်တော်တို့က အဲဒီ ဂိုဒေါင်ဝင်းထဲမှာပဲ
နေလာခဲ့ရတယ်။ အဖေက ကျွန်တော့်ကို သားအကြီးဆုံးဆိုပြီး အားကိုးတယ်။
ဒါပေမဲ့ ကျွန်တော်က သူဖြစ်စေချင်တာတွေ တစ်ခုမှမဖြစ်ဘဲ သူမဖြစ်စေချင်တာတွေ
အကုန်ဖြစ်လာတယ်"
"သူဖြစ်စေချင်တာတွေကတော့ ကျွန်တော့်ကို ကောလိပ်တို့ ဘာတို့ကို
ရောက်စေချင်တယ်။ အဖေ့လိုပဲ ဒရ၀မ်လုပ်တဲ့ အဖေ့ရဲ့ သူငယ်ချင်းတစ်ယောက်က
သူ့သားကို ကောလိပ်ကိုပို့နိုင်တော့ အဖေ့ကို သိပ်ကြွားတာကိုး ဆရာရဲ့။
အမှန်ကတော့ ဒီကောင်က စာမတော်ပါဘူး။ ကျွန်တော်နဲ့တစ်တန်းတည်းပါ။
ခပ်ညံ့ညံ့ထဲကပါ ။ အတန်းထဲ တုန်းကတော့ ကျွန်တော်က စာတော်တယ်ဆရာ။
စာမေးရင်လည်း ကျွန်တော့်ကိုပဲ လာမေးရတယ်။ မြန်မာစာမေးမလား။ အင်္ဂလိပ်စာ
မေးမလား။ သင်္ချာ မေးမလား ကျွန်တော့်ကိုပဲ မေးရတာပေါ့။ ဒါပေမဲ့ ဒီကောင်က
ကြိုးစားတယ်။ လက်တွေ့ ကျတယ်။ ကျွန်တော်က မကြိုးစားဘူး။ လက်တွေ့မကျဘူး။
စိတ်ကူးယဉ်တယ်။ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ကို ဒီလိုပဲ
မှတ်ချက်ချတယ်"
"လက်တွေ့မကျဘူး စိတ်ကူးယဉ်တယ်ဆိုတာ ဘာကိုဆိုလိုတာလဲ"
"ဒီကောင်က မိန်းကလေးကို ကြိုက်တဲ့နေရာမှာတောင် ရုပ်ချောတဲ့
မိန်းကလေးကို မကြိုက်ဘူး ဆရာ။ ပိုက်ဆံရှိတဲ့မိန်းကလေး ၊ ဂုဏ်ရှိတဲ့
မိန်းကလေးကို ကြိုက်တယ်
မိန်းမယူရင် အဲဒီမိန်းမဟာ ကိုယ့်ထက်ဂုဏ်အဆင့်အတန်းတို့ ပိုက်ဆံတို့
ရှိရမယ်တဲ့။ ကိုယ့်ထက်ဂုဏ်လည်း နိမ့်ကျတယ်။ ပိုက်ဆံလည်း မရှိဘူးဆိုရင်
ကိုယ့်ဘက်က အနာကြီးပဲတဲ့။ကိုယ်ကလည်းတစ်သက်လုံးလုပ်ကျွေးရသေးတယ်။သူ့ဆီကကိုယ်ကဘာမှအဆောင်းမရဘူးဆိုရင်တွက်ချေမကိုက်ဘူးတဲ့။ကျွန်တော်ကတော့မိန်းကလေးဆိုရင်
ပိုက်ဆံမရှိရင်နေ။ ဂုဏ်မရှိရင်နေ ။
ရုပ်ချောရမယ်။အသင့်အတင့်သဘောကောင်းရမယ်လို့ ယူဆတယ်။ အချစ်ကို
ကွန်ပျူတာနဲ့ တွက်လို့မရဘူး ဆရာ။
နှလုံးသားနဲ့ တွက်မှရတာ"
"ဒီတော့ ခင်ဗျားက စိတ်ကူးယဉ်တယ်လို့ ဆိုချင်တာပေါ့"
"စိတ်ကူးယဉ်တာလား။ နှလုံးသားရှိတာလားတော့ မပြောတတ်ဘူး ဆရာ။
ကျွန်တော်နဲ့ ကျွန်တော့ သူငယ်ချင်း "တင်သန်း" တို့က အဲဒီလိုကွာတာ။ သူက
ကျွန်တော့် ဆီကို စာတွေဘာတွေမေးပြီး ဆယ်တန်းအောင်သွားတယ်။ ကျွန်တော်က
သူ့ကိုစာတွေပြပြီး ဆယ်တန်းမှာ ကျကျန်ခဲ့တယ်။ ကျတာကလည်း တစ်ခါမဟုတ်ဘူး။
အကြိမ်ကြိမ်၊ ဒီတော့ ကျွန်တော့အဖေက ကျွန်တော့်ကို အထင်သေးတာ
သဘာဝကျပါတယ်။ အဖေ့အပြစ် မဟုတ်ပါဘူး"
" ခင်ဗျားက စာလည်းတော်တယ် ။ အသင့်အတင့်လည်း ကြိုးစားတယ် ဆိုရင်
ဘာဖြစ်လို့ စာမေးပွဲ မအောင်တာလဲ"
ကိုစိုးမြင့်သည် သူ့ခေါင်းကို ကုတ်နေသည်။
စကားလုံးရှာနေသည်လား။ပြောသင့် မပြောသင့် ချိန်ဆနေသည်လား မဆိုနိုင်။
“တစ်မျိုးပဲဆရာ။ ကျွန်တော်က တက္ကသိုလ်တွေဘာတွေ သိပ်နေချင်တာ
မဟုတ်ဘူး။ အေးလေ ကျွန်တော်လိုကောင်က ဒီလိုအခြေအနေ ဒီလိုစကားမျိုးပြောတော့
စပျစ်သီးချဉ်တယ်လို့ ပြောတာမျိုး ထင်ကြမှာပေါ့။ တကယ်တော့ ကျွန်တော်က
တက္ကသိုလ်မှာထက် ဘ၀တက္ကသိုလ်ကြီးထဲမှာ နေချင်တာ။ ဂေါ်ကီလိုပေါ့ ဆရာရယ်။
ဂေါ်ကီက လူ့ဘ၀ကြီးဟာ လူရဲ့ တက္ကသိုလ်ကျောင်းတော်ကြီးလို့ ပြောခဲ့တယ်
မဟုတ်လား။ အဲဒီမှာ လူတွေနဲ့နေမယ်။ စာအုပ်တွေဖတ်မယ်။ ပြီးတော့
ကျွန်တော်ဖြစ်ချင်တာ က စာရေးဆရာကြီး၊ ကဗျာဆရာကြီး ဖြစ်ချင်တာ၊
ဖြစ်နိုင်ရင်တော့ တဂိုးတို့လို သခင်ကိုယ်တော်မှိုင်းတို့လို
တော်စတွိုင်းတို့လို စာရေးဆရာကြီး ကဗျာဆရာကြီး
ဖြစ်ချင်တာ။ အဲဒီ ဆရာကြီးတွေဟာ ဘာအတန်းမှ အောင်ခဲ့ကြတာ မဟုတ်ပါဘူး။
ဘားနတ်ရှောကိုပဲ ကြည့်မလား။ ဂေါ်ကီ ကိုပဲ ကြည့်မလား။ ဂျွန်ကိ
ကိုကြည့်ဦးမလား။
ရှယ်လီကို ကြည့်ဦးမလား။ရှိတ်စပီးယားကိုကြည့်ဦးမလား။အမေရိကန်ကဗျာဆရာတွေ၊စာရေးဆရာတွေကြည့်ဦးမလား။မတ်တွန်းတို့၊၀ှစ်တမင်းတို့ဟာဘယ်အတန်းတွေများ
အောင်ခဲ့ကြလို့လဲ ။ မတ်တွန်းဆိုရင် မစ္စစပီမြစ်တစ်ရိုး သင်္ဘောပေါ်မှာ
စူကာနီ လုပ်ခဲ့ရတာ။ သင်္ဘောသား လှေထိုးသမား လုပ်ခဲ့ရတာ။ ဂေါ်ကီလည်း
ဒီအတိုင်းပဲ။ ဒါပေမဲ့ ကျောင်းမနေခဲ့ရပဲနဲ့ သူတို့တစ်တွေဟာ ကမ္ဘာကျော်
စာရေးဆရာကြီးတွေ ဖြစ်လာခဲ့ကြတာပဲ မဟုတ်ဘူးလား။ ဆရာ စဉ်းစားကြည့်လေ။
ဘယ်လောက် ဆန်းသလဲ။
တက္ကသိုလ်ကို မနေခဲ့ဖူးတဲ့ ရှိတ်စပီးယားနဲ့ ဘားနတ်ရှောတို့ရဲ့ စာတွေကို
တက္ကသိုလ်ပါမောက္ခတွေက ခွဲခြမ်းစိတ်ဖြာပြီး သင်ပြနေရပြီ မဟုတ်လား။
ဒါကြောင့် စာမေးပွဲ မအောင်ရင်လည်း အရေးမကြီးပါဘူး ။ အောင်မြင်တဲ့
စာရေးဆရာတစ်ယောက်ဖြစ်အောင် လုပ်မယ်လို့ ကျွန်တော် မျှော်မှန်းခဲ့တာ”
ီ ကျွန်တော်က သူ့စကားများကို နားထောင်ရင်း ပြုံးသည်။
“ဒီတော့”
“ဒီတော့ ကျွန်တော် စာမေးပွဲကျတယ်။ အိမ်ကလည်း ကျွန်တော့်ကို
ဆက်ပြီးကျောင်းမထားနိုင်တော့ဘူး။ အဖေကလည်း
ထမင်းမကျွေးနိုင်တော့ဘူးဆိုပြီး အိမ်က နှင်ချလိုက်တယ် ဆရာ”
“ဒီအတွင်းမှာ ခင်ဗျားက စာရေးဆရာဖြစ်အောင် ဘယ်လိုကြိုးစား
အားထုတ်မှုတွေကို လုပ်ခဲ့သလဲ”
“ကျွန်တော် စာတွေဖတ်တယ်ဆရာ။ စာအုပ်ကတော့ ကျွန်တော့်ရှေ့
ရောက်လာတဲ့စာအုပ်ကို ၀ါးစားသလို ဖတ်ပစ်တာပဲ။ ၀တ္ထု စာအုပ်ရော၊
ကျမ်းစာအုပ်ရော၊
သတင်းစာရော၊ မဂ္ဂဇင်းရော။ ကျွန်တော်က ပုံနှိပ်စာလုံးကို မြင်ရရင်
ပျော်နေတာဆရာ။ ကျောင်းမှာတုန်းကလည်း ကျွန်တော်ကျောင်းစာတွေထက်
အပြင်စာတွေကို ဖတ်တာပဲ။ ဒါကြောင့်မို့ ကျောင်းမှာ မြန်မာစာ
စာစီစာကုံးရေးရင် အင်္ဂလိပ်စာ စာစီစာကုံးရေးရင် ကျွန်တော့်စာစီစာကုံးက
ထိပ်ဆုံးမှာရှိတယ်။ မကြာခဏဆိုသလို
ကျွန်တော့် စာစီစာကုံးကို အကောင်းဆုံးဆိုပြီး ဆရာက အတန်းထဲမှာ
ဖတ်ဖတ်ပြတယ်။ တစ်ခါ ကျွန်တော် မှတ်မိသေးတယ် ဆရာ။ ဂျွန်ကိစီရဲ့
လာဘယ်ဒိန်းဆမ်မာစီဆိုတဲ့ ကဗျာ၊ အေ ဗျူးတီဖူး လေဒီ ၀ှစ်သောက် မာစီ A
Beartiful Lady Without Mercy ဆိုတဲ့ ကဗျာ ၊ အဲဒီခေါင်းစဉ်ကို မြန်မာလို
ပြန်ရမယ်လို့ ဆိုတော့ ကျွန်တော်က
အသနားမဖက်သော မိန်းမချောဆိုပြီး ဘာသာပြန်ပေးလိုက်တယ်။ အင်္ဂလိပ်စာသင်တဲ့
ဆရာကြီးက ကျွန်တော့်ကို ချီးကျူး လို့မဆုံးဘူး။ထားပါ ဆရာ။
ကျွန်တော့်ကိုယ် ကျွန်တော် ကိုယ်ရည်သွေးရာ ရောက်နေပါလိမ့်မယ်။
ကျွန်တော်ဆိုလိုချင်တာက ကျောင်းမှာတုန်းကရော ကျောင်းပြင်ရောက်တဲ့ အခါမှာ
ရော ကျွန်တော် အပြင်စာတွေကို အကုန်ဖတ်တယ်။ အင်္ဂလိပ်စာကိုလည်း
ဦးထွန်းငြိမ်း အဘိဓာန်ရှေ့မှာချပြီး ဖတ်တယ်။ ရှေးမြန်မာဂန္တ၀င်တွေ၊
ပျို့ကဗျာတွေဆိုရင်လည်း
ကျွန်တော်ဖတ်တာပဲ။ ကိုယ်သဘောကျတဲ့ စာပိုဒ်တွေတွေ့ရင် မှတ်စုစာအုပ်ကလေးနဲ့
ကူးထားတယ်။ ပျင်းရင် အားရင် တခြားစာအုပ်ဖတ်စရာမရှိရင် အဲဒီမှတ်စုစာအုပ်က
လေး ကိုပဲ ကျွန်တော် လျှောက်ဖတ်နေတာပဲ”
“ ရှေးမြန်မာဂန္ထ၀င်တွေထဲက ဘာတွေကို ဖတ်သလဲ”
ကိုစိုးမြင့်သည် မြန်မာကျမ်းစာတွေအမည်ကို ကြောင်းကြောင်းပြေး
နေအောင်ရွတ်သွားသည်။
“ စွယ်စုံ ကျော်ထင်၊ ပကိဏ္ဍကဒီပနီ၊ သမန္တေစက္ခုဒီပနီ၊ ကိုးခန်းပျို့၊
မာဃဒေ၀ လင်္ကာသစ်၊ သူဇာပျို့၊ဘုံခန်းပျို့၊စကားပြေတွေထဲကတော့
ငါးရာ့ငါးဆယ်တို့၊
ဇာတ်ကြီး ဆယ်ဘွဲ့တို့၊ ရာဇ၀င်ကျော်တို့၊ ဦးကုလားရာဇ၀င်တို့၊
အရေးတော်ပုံငါးစောင်တွဲတို့.........”
ကျွန်တော် လက်ကာပြရသည်။
“ဒါတွေကို ဘယ်မှာတွေ့ လို့ ဖတ်တာလဲ”
“ကျွန်တော်တို့ ဆရာတော်ကျောင်းမှာ စာကြည့်တိုက်ကောင်းကောင်း
ရှိတယ်လေ ဆရာ။ ဆရာတို့ကို တစ်ညနေကျမှ လိုက်ပို့ရဦးမယ်။
အဲဒီမှာဆရာတော်ပျံလွန်တော်
မူသွားတော့လည်း တပည့်တွေက ဆရာတော်ကို ဂုဏ်ပြုတဲ့အနေနဲ့
ဆရာတော်အထိမ်းအမှတ် စာကြည့်တိုက်ကို ဆက်လုပ်ခဲ့ကြတယ်။ မြန်မာစာအုပ်၊
အင်္ဂလိပ်စာအုပ်၊ ပေ ပုရပိုက် တော်တော်စုံတယ် ဆရာ။”
“ကျွန်တော့်ကို လူလားမြောက်အောင် ကျွေးမွေးခဲ့တာ
ဒီစာကြည့်တိုက်ကြီးပဲ ဆရာ။ တကယ်ပြောတာ။ လူလားမြောက်အောင် ကျွေးမွေးတယ်
ဆိုတာ စကားဥပမာ
တင်စားပြောတာမဟုတ်ဘူးဆရာ။ တကယ့်အဖြစ်။”
“ကျွန်တော့်ကို အဖေက အိမ်က နှင်ချလိုက်တော့ ကျွန်တော့်မှာ
စားစရာမရှိဘူး။ နေစရာမရှိဘူး။ ဘာအလုပ်အကိုင် ဘာဝင်ငွေမှလည်း မရှိဘူး။
ဒီတော့
ကျွန်တော် ဘယ်ကိုသွားနေရသလဲဆိုတော့ ဆရာတော်ရဲ့ ကျောင်းကိုသွားနေတယ်။
ဆရာတော့်ကျောင်းက တောရကျောင်း ဆရာ။ မြို့ပြင်ဘက် အင်ကြင်းတောတွေ၊
ဒဟပ်တောတွေ ကြားက တောရကျောင်းဘေးမှာလည်း ရေကန်ကြီးနဲ့
တောရကျောင်းဆိုပေမယ့် ဆရာတော်က မြန်မာပြည်တစ်ဝှန်းက တပည့်တပန်း ဒကာ။
ဒကာမတွေများတော့ လှူမယ့် သူပေါတယ်။ ဆွမ်းကွမ်းအတွက် မပူရဘူး။ ဆရာတော်ကို
ပရိယတ္တိကိုသာ အားထုတ်ပါ။ ကျန်တဲ့ပစ္စည်းလေးပါးကိစ္စကို တပည့်တော်တို့
တာဝန်ယူပါ့မယ်ဆိုတဲ့ ဒကာ ဒကာမ တွေက မြန်မာပြည်အနှံ့အပြားမှာ ပေါမှပေါ။
ဆရာတော်ကလည်း အင်မတန် ကိစ္စနည်းတယ်။သူ့မှာကျောင်းဆောင်နောက်ထပ်လှူမယ်
့သူပေါ်လာရင် မလှူနဲ့တဲ့။ သူ့မှာ ဆွမ်းကွမ်းကိစ္စ ပြည့်စုံပြီးသားတဲ့။
တခြားရှားပါးတဲ့ ရဟန်းတော်များ၊ချို့တဲ့တဲ့
ရဟန်းတော်များကိုသာလှူကြတဲ့။သူ့ကိုဘာမှမလှူနဲ့တော့တဲ့။ သူ့မှာ
သီတင်းသုံးစရာ အရိပ်အာဝါသရှိပြီး ဆွမ်းကွမ်းပြည့်စုံပြီ။ သူဆောက်ချင်တဲ့
စာကြည့်တိုက်တစ်ခုလည်း ကျောင်းဝင်းထဲမှာ ဆောက်နိုင်ခဲ့လို့ စာအုပ်စာတမ်း၊
လောကီလောကုတ္တရာ ကျမ်းတွေလည်း ပြည့်စုံပြီ။ ဒါကြောင့်မို့ သာသနာသုံးရပ်ကို
ပြန့်ပွားအောင် အားထုတ်နေကြတဲ့ တခြား ရဟန်းတော်များကိုသာ လှူကြ၊
အဲဒီလို ရဟန်းတွေ မြန်မာပြည်အနှံ့အပြားမှာ ရှိတယ်လို့ အမြဲဟောတော်
မူလေ့ရှိတယ်။
ကျွန်တော်က အဲဒီဆရာတော်ရဲ့ ကျောင်းမှာ သွားနေတော့
ကျွန်တော့်အဖို့လည်း စားဖို့သောက်ဖို့ မပူရတော့ဘူးပေါ့ ဆရာ။ မနက်တိုင်ရင်
ဆွမ်းခံလိုက်တယ်။ ဒါမှမဟုတ် ဆိုင်းထမ်းကလေးနဲ့ မြို့ထဲလည် ပြီး
ဆွမ်းဟင်းလျာခွက်တွေ သိမ်းတယ် ။ အဲဒီတော့ ကျွန်တော်
ဆယ်တန်းကျောင်းသားအရွယ် ဆရာ။ ဆယ်တန်းကို နှစ်ခါ သုံးခါ ကျပြီးနေပြီ။
ငယ်ငယ်လေးကတည်းက ကျွန်တော် ကျောင်းမှာပဲနေပြီး
ဆရာတော်ကျောင်းမှာပဲ ဘုန်းကြီးကျောင်း သားလုပ်၊ ဆရာတော်ကျောင်းမှာပဲ
ကိုရင်ဝတ်သင်္ကန်းဆည်းခဲ့တော့ ကျွန်တော့အဖို့ အဲဒီကျောင်းဟာ
နေရာသစ်မဟုတ်တော့ဘူးလေ။ ဒီအထဲမှာ ဆရာတော်ကျောင်းဆိုတာလည်း ကျွန်တော်တို့
တစ်သက် လုံး နေ့တိုင်း ရောက်နေတဲ့ နေရာ။
မရောက်ဘဲရှိပါ့မလား ဆရာ။ ဆရာတော့် ကျောင်းတိုက်မှာ စာအုပ်တွေ
ပြည့်စုံတဲ့စာကြည့်တိုက် ကြီးကလည်းရှိနေတာကိုး။ ဒီတော့ ဆရာတော်
မရှိတဲ့နောက်မှာလည်း မြို့က ဆရာတော်ရဲ့ တပည့်တွေ ကဆက်ပြီး
ပြုစုပျိုးထောင်လို့ ကျွန်တော့်ရဲ့ စာကြည့်တိုက်ကြီးဟာ ကျွန်တော်တို့
အနီးတစ်ဝိုက်၊ မြေလတ် တစ်ဝိုက်မှာ နာမည်ကျော်ခဲ့တယ် မဟုတ်လား။ ဒီတော့
ကျွန်တော့အဖို့ ဆရာတော်ရဲ့ စာကြည့်တိုက်၊ ဆရာတော်ရဲ့ကျောင်းဟာ
ကျွန်တော့်ကို လူလားမြောက်အောင် ကျွေးမွေးတယ်လို့ ပြောတဲ့နေရာမှာ အသိပညာ
တိုးလာအောင် လုပ်ပေးတဲ့နေရာတင် မကတော့ဘူး။ ကျွန်တော့်အသက်နဲ့ခန္ဒာကိုယ်
အိုးစား မကွဲအောင် ကျွေးမွေးခဲ့တဲ့ကျောင်း။
အဲဒီမှာ ကျွန်တော့်ကို စာကြည့်တိုက်မှူးခန့်တယ် ဆရာ။ လခကတော့
မရပါဘူး။ စာကြည့်တိုက်မှာ ပဲ နေရာပေးပြီး စာကြည့်တိုက်ကပဲ ကျွေးထားတယ်။
စာကြည့်တိုက်က ကျွေးတယ်ဆိုတာထက် ဆရာ တော်ရဲ့ နေရာမှာ ကျောင်းထိုင်တဲ့
ကျောင်းထိုင်ဆရာတော်ကြီးနဲ့ ဦးပဉ္ဖင်းတွေက ကျွေးထားတာ ဆိုပါတော့။
အဲဒီမှာ ကျွန်တော့်အလုပ်က စာအုပ်ဝယ်ရတယ်။ စာအုပ်တွေကို သိမ်းရတယ်။
ပျက်စီးတဲ့ စာအုပ်တွေကို ပြန်ချုပ်ရတယ်။ စာအုပ်ငှားရတယ်။
ပြန်မလာတဲ့စာအုပ်တွေကို လိုက်တောင်းရတယ်။ အားရင် စာဖတ်တယ်။
နောက် အင်္ဂလိပ်လို နည်းနည်းပါးပါး ဖတ်တတ်လာတယ်။ အဲဒီမှာရှိတဲ့
ဦးပဉ္ဖင်းတွေလည်း သီရီ လင်္ကာတို့၊ ဗာရာဏသီတို့၊ ကာလကတ္တားတို့မှာ နေလာတဲ့
ကိုယ်တော်တွေ ရှိတယ်။ တစ်ပါးက ကိုလံဘို တက္ကသိုလ်က အင်္ဂလိပ်စာ
မဟာဝိဇ္ဖာဘွဲ့အောင်လာတဲ့ ကိုယ်တော်၊ တစ်ပါးက ဗာရာဏသီ တက္ကသိုလ်က
သင်္သကရိုက်ဘာသာနဲ့ အောင်လာတဲ့ကိုယ်တော်၊ တစ်ပါးက ကာကတတ္တားတက္ကသိုလ်တစ်ခုက
ပါဠိဂုဏ် ထူးနဲ့ အောင်လာတဲ့ကိုယ်တော်၊ ဗာရာဏသီတက္ကသိုလ်က အောင်လာတဲ့
ကိုယ်တော်လေးက သင်္သက ရိုက်တင်မကဘူး။ ဗြဟ္မတို့ ပြာကရိုက်တို့ စတဲ့ အိန္ဒိယ
ရှေးဟောင်းဘာသာတွေ ကိုလည်း တတ်တယ်ဆရာ။
ပြာကရိုက်ကတော့ အင်္ဂလိပ်လို ပရိကရစ်ခေါ်မှာပေါ့ ဆရာ။ အဲဒီ
ကိုယ်တော်က ပါဠိသင်ပေးလို့ ဆန်ကျမ်း၊ သဒ္ဒါကျမ်း တွေကိုလည်း
ကျွန်တော်ကောင်းကောင်းဖတ်နိုင်သွားတယ် ဆရာ။ လောကီစာတွေ ကိုလည်း
အင်္ဂလိပ်လို နည်းနည်းပါးပါး ဖတ်လာနိုင်တယ် ဆရာ။ ဖြစ်တည်မှုပဓာန ၀ါဒတို့၊
မော်ဒန်ဝါဒတို့ နည်းနည်းပါးပါး တွေ့ဖူးတယ် ။ မြန်မာမဂ္ဂဇင်းတွေ၊
ဝတ္ထုတွေမှာလည်း နည်းနည်းပါးပါး တွေ့ဖူးရာစပြီး ဟိုမေးသည်မေးနဲ့ သိလာတာပါ
ဆရာ။ မေးလို့ရတာကလေးကို မှတ်စုနဲ့ ချရေး၊ တစ်ယောက်ပြောတာနဲ့
တစ်ယောက်ပြောတာကို တိုက်ဆိုင်ညှိနှိုင်းကြည့်၊ ဒီလိုနဲ့ တဖြည်းဖြည်း
အသိပညာကလေးတွေကို ပုရွက် ဆိတ်များ မိုးတွင်းအစာစုသလိုဖြည်းဖြည်းချင်း
စုဆောင်းလာခဲ့တာပါ ဆရာ။ စနစ်တကျတော့ ဟုတ်ချင်မှ ဟုတ်မယ်ပေါ့၊
ဂီတသမားများလိုပေါ့ ဆရာရယ်။ ဆရာနဲ့သင်တဲ့ဂီတသမားနဲ့ ဆရာနဲ့မဟုတ်ဘဲ
ကိုယ့်ဘာ သာ ဟိုခေါက်သည်ခေါက်နဲ့ တက်တဲ့ဂီတသမား ကွာသလိုတော့ ရှိမှာပေါ့။
ဒါပေမဲ့ မတတ်နိုင်ဘူး ဆရာ။ ကိုယ်က ဆရာနဲ့သင်နိုင်တဲ့ အင်အားမှ
မရှိဘဲကိုး။ ဒီတော့ လက်အထားအသို ၊ အလုံးအတွဲအဖက်၊ စည်းဝါးအယူအဆတို့မှာ
စနစ်မကျ ဘာမကျတော့ ရှိမှာပေါ့။ ဒါပေမဲ့ ပညာဆိုတာ ယူတတ်ရင် တက္ကသိုလ်
ရောက်မှ မဟုတ်ဘူး။ ဘယ်နေရာမဆို ရနိုင်တယ်လို့တော့ ကျွန်တော်
ယုံသွားတယ်ဆရာ”
“နို့.........နေပါဦး။ ခင်ဗျား အိမ်ထောင်ကျ ပုံကကော”
ကိုစိုးမြင့်က ရယ်သည်။
“ကျွန်တော် ဗန်းမော်တင်အောင်ဇာတ်လိုက်နဲ့ တူတယ်ဆရာ။ ကျွန်တော်က
ဘုန်းကြီးကျောင်း သား၊ ဆွမ်းဟင်းခွက်တွေ လည်သိမ်းရင်း ကျွန်တော့်ဇနီးနဲ့
တွေ့တာပဲ။ လူချင်း မျက်မှန်းတန်းမိနေတာ တော့ ကြာပါပြီ။
ကျောင်းတုန်းကတည်းကပါ။ ကျွန်တော်ကတော့ အတန်းကြီးတာပေါ့လေ။ တစ်တန်း
လား၊နှစ်တန်းလား ကြီးတယ်။သူ့အဖေက ပန်းထိမ်ဆရာ။ သူ့ကိုတွေ့တော့
ကျွန်တော်စိတ်ဝင်စားသွား တယ်။ ဒါနဲ့ ကျွန်တော်က ဗန်းမော်တင်အောင်
ဇာတ်လိုက်လိုပဲ စကားပြောတယ်။ ကိုယ့်မှာ အချစ်ကလွဲလို့ တခြားဘာမှ
ပိုင်ဆိုင်တာ မရှိဘူးတို့ ဘာတို့ပေါ့ ဆရာရယ်။ အဲ့ဒီတုန်းက
ငယ်တုန်းဆိုတော့ ဒီလိုစကား တွေက သိပ်ပြီး ပြောလို့ကောင်းတာကိုး
ဆရာရဲ့။ဒါနဲ့ သူကလည်း ဒီစကားတွေကြားပြီး ကျွန်တော့်ကို သဘောကျသွားတာပဲ။
သူမကြားဖူးတဲ့ စကားလုံးတွေကို ကြားရ၊ သူမဖတ်ဖူးတဲ့ ရည်းစားစာမျိုးတွေ
ဖတ်ရတော့ သူ သဘောကျသွားတာပေါ့ ဆရာ။ စကားလုံးဟာ လူကို
တော်တော်ဖမ်းစားတယ်နော် ဆရာ။
နောက်တော့ ကျွန်တော်နဲ့သူ မြို့တစ်မြို့ကို ထွက်ပြေးကြတယ်
ဆရာ။မြို့ကြီးတစ်မြို့ ဆိုပါတော့။ ကျွန်တော်တို့မှာ ပိုက်ဆံ ဘာရှိမှာလဲ
ဆရာ။ ပါလာတာကလေး ရောင်းချစားတာ ကုန်သွားတော့ ကျွန်တော် အလုပ်လိုက်ရှာတယ်။
နောက်ဆုံးတော့ ဘာအလုပ်မှ မရဘူး။ ဒါနဲ့ ဆိုက်ကားအုံနာတစ်ယောက်ဆီသွားပြီ
ကျွန်တော် ဆိုက်ကားနင်းတယ်။ ကျွန်တော်က စာတွေသိပ်အဖတ်များသွားလို့လား
မသိဘူးဆရာ။ ပိုက်ဆံ ကို သိပ်မလိုချင်ဘဲ ဖြစ်သွားတယ်။
ဆိုက်ကားနင်းလို့ရရင် ကျွန်တော်တို့လင်မယားအတွက် နေ့ဖို့ညစာ လောက်ရင်
ကျွန်တော် ဆိုက်ကားဆက်မနင်းတော့ဘူး။ ဆိုက်ကားအုံနာဆိုတော့
အံ့အားကြီးကိုသင့်လို့။ ဆိုပါတော့ ဆရာ။ ကျွန်တော်ဆိုက်ကားကို ငှားခနဲ့
နင်းရင်လည်း ကျွန်တော်က ငှားခကို မှန်မှန်ပေးတယ်။ ဆိုက်ကားကို
ကိုယ်ပိုင်ပစ္စည်းလိုရိုသေတယ်။ သူက ကျွန်တော့်ကို ဆုကြေးတို့ဘာတို့ပေးရင်
ကျွန်တော်မ ယူဘူး။ ကျွန်တော်တို့မှာ လုံလောက်ပါတယ် ဆိုပြီး
ကျွန်တော်ငြင်းခဲ့တာချည်းပဲ။ အကူအညီဆိုတာ ပေးတိုင်း လက်မခံချင်ဘူး ဆရာ။
လိုအပ်မှ လက်ခံလို့ကောင်းတာ။
ကျွန်တော်ဆိုက်ကားသမား စဖြစ်တာ အဲဒီကနေ ဖြစ်တာပဲဆရာ။
သူ့အိမ်ကလည်း သူ့ကို အမွေပြတ်လို့ ပြောတယ်။ ကျွန်တော်ကလည်း ဒီတင်
ပိုခံပြင်းပြီး ဆိုက်ကားနင်းပြီး ရှာကျွေးမယ်ဆိုပြီး မခံချင်စိတ်နဲ့
ရှာကျွေးလာခဲ့တာပဲ။ မြို့ပြန်ရောက်တော့လည်း ကျွန်တော် ဆိုက်ကားပဲ နင်းတယ်
ဆရာ။ အခြားအလုပ်ကလည်း မရဘူး။ ကျွန်တော်က ၁၀ တန်းမှမအောင်တာ
ဘယ့်နှယ့်လုပ် အလုပ်ရမှာလဲ ဆရာ။ ပြီးတော့ တချို့ကလည်း သနားလို့
ဒီကောင်စာကလေးပေကလေး တတ်တယ်ဆိုပြီး အစိုးရ အလုပ်မဟုတ်တဲ့
လခစားအလုပ်တွေမမှာ ကျွန်တော့်ကို ခန့်တယ်။ ဒါပေမဲ့ ကျွန်တော်မလုပ်ခဲ့ဘူး
ဆရာ။ ဆိုက်ကားနင်းရတာကို ပျော်သွားပြီး ပင်တော့ပင်ပန်းတာပေါ့ ဆရာရယ်။
ဒါပေမယ့် ဘယ်လောက်လွတ်လပ်တယ် ထင်သလဲ။ အေးလေ......ဆရာကတော့
စာရေးဆရာ ဆိုတော့ နားလည်မှာပါ။ ကိုယ့်အထက်မှာ ခယ၀ယ လုပ်ရမယ့်သူ
လည်းမရှိ။ ကိုယ့်ဘေးမှာ ကိုယ့်ကို ချောက်တွန်းမယ့် ပြိုင်ဘက်တွေလည်း
မရှိ၊ ကိုယ့်အောက်မှာ ကပ်ဖားပြီး အရေးရှိရင် အဆင်းတွန်းမယ့်
အောက်လက်ငယ်သားလည်း မရှိ။ ရုံးတက်နောက်ကျလို့ အဆူခံရမှာ ၊
အငြိုငြင်ခံရမှာကိုလည်း မစိုးရိမ်ရ။ ကျွန်တော် ပြန်ချင်တဲ့အချိန်
ပြန်လို့ရတယ်။ ကျွန်တော် ထွက်ချင်တဲ့အချိန်ထွက်လို့ရတယ်။
အငတ်သာခံနိုင်မယ် ဆိုရင် တစ်နေ့လုံးနားလို့လည်း ရတယ်။
ကျွန်တော့်မိန်းမကလည်း ကျွန်တော့်ကို နားလည်တယ်။
ကျွန်တော်တို့သားအမိ သားအဖလေးယောက် ဘာမှ မပူရဘူး။ မိန်းမက
အိမ်ဆိုင်ကလေးထွက်တော့ ကျွန်တော်ဆိုက်ကားထွက်မနင်းရင်လည်း
စားတော့စားနေရတာပါပဲ။ ကျွန်တော်ကလည်း စိတ်နည်းနည်းညစ်ရင်၊ ဒါမှမဟုတ်
စာအုပ်ဖတ်စရာ ကောင်းကောင်းရှိရင်၊ ဒါမှမဟုတ် ဆရာတို့လို စာရေးဆရာတွေလာရင်
စာပေဟောပြောပွဲတို့ ဘာတို့လုပ်ရင် ဆိုက်ကားမနင်းတော့ဘူး ဆရာ။
အဲဒီအလုပ်တွေနဲ့ပဲ အချိန်ကုန်တော့တာပဲ။
တစ်နေ့က ကျွန်တော့သူငယ်ချင်းနဲ့ တွေ့တယ် ဆရာ။ ကျောင်းတုန်းက
ကျွန်တော့်ဆီကို စာလာမေးပြီး ဆယ်တန်းအောင် ၊ကောလိပ်ရောက်
နောက်အရာရှိဖြစ် သွားတဲ့ သူငယ်ချင်း၊
ဘာဖြစ်လို့လဲတော့မသိဘူး။သူအမှုတစ်ခုနဲ့ အလုပ်ပြုတ်ပြီး ထောင်ကျသွားတယ်လို့
သတင်းကြားလိုက်ရတယ်။ ခုမှ ပြန်တွေ့တာ။ ကိုယ့်လူတော်တော် ကြီးကို
ကျသွားတာပဲ ဆရာ။ အသက်လေးဆယ်ကျော် ငါးဆယ်နီးပါးမှာ ဆံပင်တွေကလည်း
တစ်ခေါင်းလုံးဖွေးလို့ ။ လူကလည်း ကျန်းမာပုံ မရဘူး ။ သူ့ကြည့်လိုက်ရုံနဲ့
ဒီလူဟာ စိတ်သောကရောက်စရာတွေနဲ့ ကြုံနေရတဲ့လူမှန်း ချက်ချင်းသိနိုင်တယ်။
သူက ကျွန်တော့်ကိုကြည့်ပြီး မင်းကတော့ အရင်တုန်းကလိုပဲနော်တဲ့။
နည်းနည်းဝလာ တာကလွဲလို့ ဘာမှမပြောင်းလဲဘူး။ ဆင်းသာ ဆင်းရဲတယ်။ မင်းက
ငါ့ထက်သာပါတယ်ကွာတဲ့။ မင်းစိတ်ကူးယဉ် အိပ်မက်တွေထဲမှာပဲ နေတုန်းဆိုတော့
မင်းကငါ့ထက်ပိုပြီး စိတ်ချမ်းသာတာပေါ့ ကွာတဲ့။
ကျွန်တော် သူ့ကို ဘာမှ ပြန်မပြောလိုက်ပါဘူး။
အမှန်ကတော့ စိတ်ကူးယဉ်အိပ်မက်တွေထဲမှာ နေတဲ့သူဟာ
ကျွန်တော်မဟုတ်ဘူး ဆရာ။ သူရယ်။ သူ့မှာ ဘာကြီးဖြစ်လာအောင်လုပ်မဟဲ့၊
ညာကြီးဖြစ်အောင် လုပ်မဟဲ့။ ပညာတွေ ဘယ်လောက်တောင် သင်မဟဲ့။ သားသမီးတွေကို
ဘယ်လိုထားမဟဲ့ဆိုတဲ့ စိတ်ကူးယဉ် အိပ်မက်တွေထဲမှာ တစ်လျှောက်လုံး
နေလာခဲ့တာ။ အဲဒီ စိတ်ကူးယဉ် ဆပ်ပြာပူဖောင်းတွေလည်း ကွဲသွားရော။
သူ့မှာလည်း ဘ၀ကြီးတစ်ခုလုံး ပြိုလဲသွားတော့တာပါပဲ။
ကျွန်တော်က စိတ်ကူးဆပ်ပြာပူပေါင်းထဲမှာ မနေဘူး။ ဘ၀ထဲမှာ နေတာ။
စာရေးဆရာ၊ ကဗျာဆရာ ဖြစ်ချင်တယ်ဆိုတဲ့ စိတ်ကူးအိပ်မက်တော့
ရှိခဲ့ဖူးတာပေါ့လေ။ ဒါပေမဲ့ ကိုယ်က ဖြစ်ခွင့်မကြုံလို့ မဖြစ်ထိုက်လို့
မဖြစ်လာတာပဲလို့ သဘောထားနိုင်တယ်။ ပြီးတော့ အဓိကကျွန်တော့်မှာ
စိတ်ချမ်းသာမှုရှိတယ်။
စိတ်ချမ်းသာမှုဆိုတာ ဘာလဲ ဆရာ။ ကိုယ်လုပ်ချင်တာတွေကို
လုပ်နေရပြီး ကိုယ်မလုပ်ချင်တာတွေကို မလုပ်ဘဲနေရတာ အဲဒါဟာ လောကမှာ
စိတ်ချမ်းသာစရာ အကောင်းဆုံးလို့ ထင်တယ်ဆရာ။ ကိုယ်မလုပ်ချင်တာ တွေကို
လုပ်ရပြီး ကိုယ်လုပ်ချင်တာတွေကို တစ်ခုမှ မလုပ်ရတာ
အဲဒါလောက်စိတ်ဆင်းရဲစရာကောင်းတာ လောကမှာ မရှိဘူး ထင်တယ်ဆရာ။ ကျွန်တော်
မှားရင် ခွင့်လွှတ်ပါ´



(ကလျာမဂ္ဂဇင်း၊ မေလ၊ ၁၉၉၁)

Thursday, May 31, 2007

အိပ်မက်ထဲမှာ

“ ဘာပြောတယ်လော်ရာ ! ”

“ စိတ်မဝင်စားဘူးလို့ပြောတာပါ ဒယ်ဒီ”

“ မရဘူးသမီး။ ဒီခေတ်ကြီးမှာ မင်းဗမာစာ၊ ဗမာစကားမတတ်လို့မရဘူး”

“ ဒါဆိုလည်း နောက်မှတတ်မယ် ဒယ်ဒီ။ အခုသမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုအတန်းတွေ တတ်ရဦးမယ်”

“ အဲဒါခက်တာပဲ။ ဘာကအရေးကြီးလဲဆိုတာ မင်းတို့ကလေးတွေ မခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ့ဆီသွားလို့ရပြီ၊ မင်းလုပ်ချင်တဲ့အလုပ် လုပ်လို့ရပြီကွ ”

“ အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ ”

“ ဝင်ပြီလား သမီး။ ကဲ… မင်းဗမာစာ၊ ဗမာစကားတတ်ပြီ ဆိုပါတော့။ ပထမဆုံး မင်းရန်ကုန်က မာစတာတန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်းစာခန့်တွေ ဖတ်လို့ရမယ်… ပြီးတော့ … ”

“ ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလား။ ဒါထက် ဂျာမန်လူမျိုး အဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့။”

“ ဘာကွ … အေး … ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလိုအချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်မယ်ထင်လဲ ”

“ သိပ်တော့မထူးပါဘူး ”

“ ဟာ… သိပ်ထူးတာပေါ့ သမီးရယ်။ ကဲ … ဒယ်ဒီပြောမယ် … နားထောင်။ ဗမာစာ မတတ်ရင် နောက်နှစ်ဆန်းမှာ ထွက်လာမယ့် Microsoft ရဲ့ Window Popa (ဝင်းဒိုးပုပ္ပါး) ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ မင်းက Open Source လို့။ Linux ရဲ့ “ ဟင်္သာရောင် အပိုင်း (၆) ” (Hintha Shine Core 6)ကိုရော ဘယ်လိုကိုင်တွယ်မလဲ။ အလုပ်လုပ်လို့မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်း အမေရိက ကိုသွား။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို တော့ မလာလေနဲ့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ် တွေမှာဆိုရင် မင်းဗမာစာမတတ်တာနဲ့ သုံးရခက်ပြီ ”

“ ဘာဆိုင်လဲ ဒယ်ဒီရာ ”

“ ဆိုင်တာပေါ့ … On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆသရ) အမျိုးအစားဖုံးတွေကို မင်းဘယ်လို အသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ ”

“ Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လို သုံးပါသေးတယ် ”

“ ဒယ်ဒီသိပြီ။ ငါ့သမီးက ဝိဇ္ဇာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပျက်နေတာကို။ မင်းပြောတဲ့ တံဆိပ်တွေက နည်းပညာပိုင်းမှာ ဆသရ ကိုမမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ ဆသရ အရောင်းမြှင့်တင်ရေးပွဲကို MRTV ၂၃ က တိုက်ရိုက်လွှင့်လို့ ဖေဖေကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုံးတွေပဲ သမီး။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ … ဒီတော့ သမီး ဗမာစာ သင်တန်းသွားတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင်လိုက်ခဲ့တော့။ ဟုတ်ပြီလား ”

“ ဗမာပြည်ဝင်ခွင့် ဗီဇာက ထင်သလောက်မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ”

“ ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကို သွားမယ်။ ဗမာပြည်လုပ် “မိုးယံဆင်” ငါးထပ်လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး၊ ပြီးတော့ အတောင်ပံတွေကိုလည်း ခေါက်သိမ်းနိုင်သတဲ့။ သမီးပါရင်တော့ ရန်ကုန် မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းမှာလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ဝင်ကြည့်မလားလို့လေ”

“စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ။ ဒါနဲ့အစားအသောက်က အဆင်ပြေပါ့မလား ဒယ်ဒီ”

“ဟားး ဟားးးး … ငါ့သမီးလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာသမီး … ဗမာပြည်မှာ မရတာမရှိဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ ခုနှစ်စတိုင် ဒူးရင်းသီးလား။ သယ်ယူရလွယ်ကူတဲ့ လေးထောင့်ပုံ ကြက်ဆင်ဥလား။ လေဆာနဲ့ အရိုးတွေကို ချေပြီး တကောင်လုံးဝါးလို့ရအောင်လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပသားတွေ အတွက်သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရည်ကြီးလား။ ဒါမှမဟုတ် …”

“တော်ပါပြီ ဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ။ သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက…”

“သမီး … သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆို ဒါတွေကိုထည့်စဉ်းစားဖို့ကို မလိုဘူးလေ။ လေယာဉ်ပေါ်က ဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ထည့်ထားတဲ့ လေရှူဘူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့ မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ့ကားတံခါးကို လာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားပြီး သမီးကို Reception ကို ပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကား အနည်းဆုံး ၅၉၀ လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်။ နောက်ဘာတဲ့… ဆက်သွယ်ရေးဟုတ်လား… ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီ။ GSM တွေသယ်လာရင် ပြောလို့ရပြီ။ အဲ… ကိုယ့်ဖုံးကို ယူလာဖို့မေ့လာရင်လည်း မပူပါနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေ လိုက်ဝေနေတဲ့ ချာတိတ်တွေ ရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ “ဆသရ” လို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ် တွေပေါ့လေ”

“အော်..ကောင်းလိုက်တာနော်။ ဒါနဲ့ အစိုးရနဲ့ နိုင်ငံရေးကရော…”

“အစိုးရ.. အစိုးရ … ဒီအစိုးရကတော့ကွာ … ဖေဖေပြောမယ် … ဒီလိုရှိတယ် …”

ထိုစဉ် … “ဆိုက်ကားအားလား ” ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်း လန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့ တင်ဆောင်လိုက်ပို့လေတော့သတည်း။

မောင်ပွတ်

Posted by Mr.Pooh @ မောင်ပွတ် at 12:01 PM

ငယ်ငယ်တုန်းက ပေါက်ပေါက်ရှာရှာ ဒီလိုတွေးခဲ့ဖူးတယ်..။ အမျိုးသားနေ့တော့ရှိပြီး အမျိုးသမီးနေ့တော့ ဘာလို့မရှိတာ လည်းလို့ ကျွန်တော်က အဲဒီလိုထော်လော်ကန့်လန့် တွေးတောနေတတ်တဲ့ကောင်ပါ..။ နည်းနည်းအသက်ကြီးတော့
အမျိုးသားနေ့အကြောင်း သင်ရပါတယ်.. အခြေခံပညာ ဘယ်အတန်းမှာလည်း လို့ အခုကျွန်တော် မှတ်ဥာဏ်နည်းနည်း လေးကို မေးကြည့်တော့ သိပ်မမှတ်မိပါဘူး..ဒါပေမယ့် တခြား နိုင်ငံတော် အခမ်းအနား နေ့တွေကို ခရစ်ပြက္ခဒိန်နဲ့
ပြဠန်းပြီး အမျိုးသားနေ့ကို တော့မြန်မာသက္ကရ်ဇ်နဲ့ မှတ်သားတာကိုသတိထားမိပါတယ်…။ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးဆယ် က တက္ကသိုလ်ကျောင်းသားတွေရန်ကုန် တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ဒီနေ့ကို.. ကျွန်တော်တို့
နိုင်ငံတော်ရဲ့ အမျိုးသားနေ့ … နိုင်ငံတော် အမျိုးသားနေ့ အဖြစ်ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေက သတ်မှတ်ခဲ့ကြတယ်လို့ ကျွန်တော် မှတ်သားခဲ့ဖူးပါတယ်…။ အခုဆိုနှစ်ပေါင်းကိုးဆယ်ကြာခဲပါပြီ..။ ကျွန်တော်တို့ ပြည်ထောင်စုကလည်းမုန်းတိုင်းသည်းသည်း လှိုင်းကထန်ထန် လောကဓံပေါင်း သောင်းခြောက်ထောင်နဲ့မြေနိမ့်ရာလှံစိုက် ချင်တဲ့ခေတ်တွေကိုလည်း ဖြတ်ခဲ့ပြီ…။
ရန်ကုန်တက္ကသိုလ်လည်း.. ခေါင်းလောင်းသံတိတ် တံခါးပိတ်လို့သမိုင်းသက်သေတွေပွေ့ဖက်လို အထီးကျန် ခံစားနေခဲ့ရပြီ…။ ကျွန်တော်မနက်ကတည်းက အမျိုးသားနေ့အကြောင်းကို စိတ်ထဲမှာပေါ်လာတယ်.. ကျွန်တော်
မျက်ဝန်းတွေထဲမှာ အဖြူအမည်း ပုံရိပ်တွေနဲ့ ရွှေတိဂုံခြေရင်းကသပိတ်စခန်းတွေ အမျိုးသားကျောင်းတွေ အမျိုးသား စာသင်ခန်းတွေ.. အဲဒီသပိတ်မှောက်ကျောင်းသား လူငယ်တစ်စုက ဒီနိုင်ငံကြီးရဲ့ သမိုင်တာဝန်တွေကို
ဘယ်လောက်တောင် ကျေပွန်ခဲ့လည်း ဆိုတာ ကျွန်တော်တို့ အခု နိုင်ငံတော်ကထင်ထင်ရှားရှား ရှိနေပြီလေ..။ ကျောင်းသပိတ်တိုက်ပွဲကနေ လွတ်လပ်ရေးဘ၀အထိ..သူတို့ ဘယ်လောက် ကြမ်းတမ်းခက်ခဲစွာ ဖြတ်သန်းခဲ့ရလည်း.. ဘ၀မှာမမေ့သင့်မမေ့အပ်တဲ့ ကျေးဇူးတရားတွေ သူတို့ဆီကျွန်တော်တို့ ပြန်ဆပ်ဖို့ကျန်နေပါသေးတယ် အခုတော့ ကျွန်တော်တို့ဟာ တတ်နိုင်သမျှ နိုင်ငံတော်နဲ့ကင်းကင်းကွာကွာနေချင်ကြတယ် လေ နိုင်ငံတော်ကို လူတစ်စုသိမ်းပိုက်ထားတဲ့အခြေအနေကနေ ကျွန်တော်တို့ ပြန်လည်ရယူနေတဲ့ အမျိုးသားနိုင်ငံရေးတိုက်ပွဲတွေကတော့ ဆက်လက် ချီတက်နေရဆဲပါပဲ.. သမိုင်အဆက်ဆက် အကျဉ်းထောင်ထဲကကျောင်းသားတွေ နိုင်ငံသားတွေ အမျိုးသားခေါင်းဆောင်တွေ သမိုင်းကြောင်းသွေးနဲ့ရေးခဲ့တဲ့ လေးစားဖွယ် လူတွေလည်း ခေတ်အဆက်ဆက် ရှိနေတုန်းပါ..။အမျိုးသားနေ့ဟာ အမျိုးကို ချစ်တတ်ဖိုဆိုတာထက် မတရားရင် လက်မခံဘူးဆိုတဲ့လူ့အခွင့်အရေးဆောင်ရွက်ချက်ကို လမ်းပြဖော်ဆောင်ပေးလို့ ကျွန်တော်တို့အားလုံး ကျွန်ဘ၀က လွတ်မြောက်ခဲ့ရပါတယ် ဘယ်လိုအခြေအနေဆိုးကကျွန်တော်တို့ကို ကျွန်ဇာတ်ပြန်သွင်းမှာကို ကျွန်တော်တို့ရဲ့ သပိတ်မှောက်ကျောင်းသားတွေ လက်ခံနိုင်မှာမဟုတ်ပါဘူး .. သူတို့ရှိသေးရင်တရားမျှတမှုအတွက် သပိတ်တိုက်ဦးမယ် ထင်ပါတယ်… ။ ကျွန်တော် တွေးမိတာတစ်ခုကလူတိုင်းလူတိုင်းလည်း မိမိကိုယ်ကိုယ် ကျွန်ပြုစိုးမိုးဖို့ကြိုးစားချက်တွေ တွန်းလှန်တိုက်ဖြတ်သင့်ပါတယ် … ခေတ်ပေါ်ကမ္ဘာ ကျွန်ပြုနည်းပရိယာယ်တွေ ပိုမိုကြွယ်ဝလာလို့.. ရိုးသားပြီး ယုံကြည်တတ်လွန်းတဲ့ကျွန်တော်တို့ နိုင်ငံသားတွေအတွက်.. အမျိုးသားနေ့နဲ့အတူ အမျိုးသားဂုဏ်ကိုဘယ်နေရာ ဘယ်ဒေသကနေမဆို မြှင့်တင်နိုင်ကြပါစေလို့.. ဆန္ဒပြုရင်း.. ငါတို့ကမြန်မာပါ..လို့ ၀င့်ဝင်ကြွားကြွားပြောနိုင်မယ့် နေ့တွေဆီ…။

မိုးလှိုင်ည

မြန်မာပြည်တွင်း ဓါတ်ပုံသတင်းထောက်နှစ်ဦးရဲ့ The Life of Other သတင်းဓါတ်ပုံ ပြပွဲလေးတစ်ခု ကို ယခုလ ၁၄ရက်နေ့မှာ ဗဟန်းမြို့နယ်.. မဟာစည်သာသနာ့ရိပ်သာ လမ်း ဟာမစ်တစ် မှတ်တိုင် အနီးက တကောင်းအနုပညာပြခန်း မှာကျင်းပပြုလုပ်ပါမယ်…။ ပြသမယ့် ဓါတ်ပုံသတင်းထောက် နှစ်ဦးကတော့ ကိုစိုးဇေယျထွန်း( ရိုက်တာ) နဲ့ ကိုကောင်းထက် (မြန်မာ့တိုင်း) တို့ဖြစ်ပါတယ်… ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ သြဂုတ်စ် အထိ ရိုက်ထားတဲ့ သတင်းဓါတ်ပုံပေါင်း ၇၀ ကျော်ကို ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်..။ ပြပွဲရက်ကတော့ အောက်တိုဘာ ၁၄ရက်နေ့မှ ၁၈ ရက်နေ့အထိဖြစ်ပါတယ်…။









ကျွန်တော် မြို့သစ်ရပ်ကွက်လေး တစ်ခုမှာ ဆယ်စုနှစ်တစ်ခု တိုင်အောင် နေထိုင်ခဲ့ဖူးတယ်… လယ်ကွက် တွေပေါ်ကန်သင်းရိုးဖြို… လမ်းဖောက်ပြီးမြေကွက်ရိုက်တဲ့ မြို့သစ်တွေဆိုတော့… မိုးတွင်းဆိုဗွက်ထပြီး နွေဆို ကျွတ်ကျွတ်ဆူလို့ပေါ့… ဆင်းရဲသားထုံးစံအတိုင်း… ကျွန်တော်ကလည်း ဈေးသက်သက်သာသာနဲ့ နားအေးပါးအေး နေရတယ်ဆိုပြီး သဘောကျနေပါတယ်.. . သိပ်မကြာခင်ပါပဲ ကျွတ်စီကျွတ်စီနဲ့ မြိုသစ်ရပ်ကွက်လေးဆီ.. အခြေခံလူတန်းစားတွေ အလျင်အမြန်ရောက်ရှိလာပါတယ်… လေးငါးအိမ်တန်းနဲ့ ကျွန်တော်တို့ လမ်းကလေးဟာ သိပ်မကြာခင်ပါပဲ အိမ်ခြေသုံးဆယ်လောက် ဖြစ်သွားပါတယ် … အေးစက်ငြိမ့်ညောင်းနေတဲ့ ညနေစောင်းလေးထဲမှာ ကလေးတွေက ဗန်ဒါပင်အရိပ်အောက်မှာ ဆော့ကစားလို့.. အလုပ်ပြန်လာသူတချို့ နဲ့ အိမ်ထောင်ဦးစီးတွေ ပြူတစ်ပြူတစ်နဲ့ စောင့်မျှော်နေတတ်တဲ့ အိမ်ရှင်မတွေနဲ့ အသက်ဝင်နေတဲ့ လမ်းကလေးကို ငေးရင်း ကျွန်တော့်အတွေးထဲမှာ လူတစ်ယောက်ကို အမှတ်ရမိနေပါတယ်.။ ထိုသူကတော့ ကျွန်တော့် သုံးအိမ်ကျော်မှာ နေထိုင်သွားဖူးတဲ့ ကိုညိုအေးပါ..။

ကိုညိုအေးက ပုပု ၀၀ မည်းမည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ တစ်ဦးပါ… သူကဖော်ရွေလွန်းပြီး.. တစ်ခါတစ်ရံမှာတော့ လူတစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်အောင် ရောနှောရင်းနှီးတတ်လွန်းပါတယ်..။ ကျွန်တော်က စာအုပ်တွေနဲ့သာ အချိန်ပြည့် ပေါင်းသင်းဆက်ဆံနေတတ်သူမို့ လူမှုရေး ဆိုးဆိုးဝါးဝါး ညံ့ဖျင်းပါတယ်… ကိုညိုအေးလို လူမျိုးကိုလည်း စိတ်အနှောင့်အယှက်ပေးတတ်သူမို့ မြင်ပြင်းကပ်တတ်ပါတယ်. ကျွန်တော် အဲဒီလမ်းထဲ ပြောင်းမလာခင် ကိုညိုအေးတို့က ကြိုတင်ရောက်နှင့်ခဲ့သူပါ .. သူက ဇနီးနဲ့ သမီးတစ်ဦး ရှိပြီး အလုပ်သွားချိန်မဟုတ်ရင်တော့ သူ့အိမ်ရှေ့ရေကပြင်.. ဒါမှမဟုတ်လမ်းပေါ်မှာ အမြဲတစေတွေ့ရတတ်သူပါ လမ်းထဲ ၀င်လာတဲ့ ဘယ်သူမဆို သူမနှုတ်ဆက်လိုက်တဲ့သူ မရှိရအောင် သူက အကုန်လုံးနဲ့ ရင်းနှီးနေတတ်ပါတယ်…။

ဒီလိုနဲ့ အပူချိန် အဆမတန်မြင့်မားတဲ့ နွေတစ်ရက်မှာ ဖုန်တထောင်းထောင်း ညနေစောင်းထဲ ကျွန်တော့်ဆီပေါက်ချလာတယ် … `စာရေးဆရာကျွန်တော်လမ်းဘေး တစ်ဖက်တစ်ချက်မှာ ဗန်ဒါပင်တွေ စိုက်ချင်လို့… အဲဒါ စာရေးဆရာ အိမ်ရှေ့မှာလည်း တစ်ပင်စိုက်မယ်နော်´ … ကျွန်တော်ကို စိတ်အနှောင့်အယှက် ဖြစ်စေတတ်တဲ့ သူစကားတွေထဲမှာ အခု စိတ်ကူးလေးကိုတော့ ကျွန်တော်တစ်လေး တစ်စားဖြစ်ရပါတယ်… `ဟာ စိုက်ပေါ့ဗျာ ကိုညိုအေးရ သစ်ပင်စိုက်တာပဲ ကောင်းတဲ့အလုပ်ပေါ့… ကျွန်တော်က တော့ သစ်ပင်စိုက်တဲ့ အတတ်နဲ့ နည်းနည်းဝေးတယ်ဗျာ.. အဲဒါကြောင့် ခြံထဲမှာတောင် ဘာပင် စိုက်ရမှန်းမသိတာနဲ့ အုန်းသီးသုံးလုံး ခြံထောင့်ပစ်ထားတာ ပေါက်ချင်တဲ့အသီးပေါက်ဆိုပြီး…။ အိုကေ…။ အဲဒါဆို ကျွန်တော် ရုံးရှေ့က ဗန်ဒါသီးတွေ ကောက်ပြီး အိမ်မှာပျိုးပြီးစိုက်မယ်…။ ကျွန်တော်လည်း မေ့မေ့ပျောက်ပျောက်ပါပဲ… မိုးဦးပေါက်ကျတော့ ကိုညိုအေး ရုံအားတဲ့ရက်မှာ ခမောက်ကြီးဆောင်းပြီး.. အကျီဗလာ ပုဆိုးတိုတို ၀တ်ပြီး သူ့ဗန်ဒါပျိုးပင်တွေကို စိုက်နေတော့တာပါပဲ…။ တစ်မိုးကုန်တော့ ဗန်ဒါပင်လေးတွေ မြေကြီးအထက် တော်တော်လေး တက်လာပါတယ်..အပင်က အရွက်လေးတွေထွက်လာတယ် ရိုးတံသွယ်သွယ် အကိုင်းအခက်လေးနဲ့ မျက်စိပသာဒရမလား ကြည့်နေရင်း တစ်ဖက်လမ်းက ဆိတ်အုပ်က အားရပါးရတွယ်တော့တာပါပဲ… မြို့သစ်မှာ မိုးအသစ်တွေ မရွာခင် ဆိတ်အုပ်ရဲ့ ဒဏ်ကို ဗန်ဒါပင်လေးတွေ တော်တော်ခံလိုက်ရတယ်… အဲဒီအချိန်ကိုညိုအေးမှာ အလုပ်တစ်ခု ပိုလာပါတယ်ဆိတ်မောင်းရတဲ့ အလုပ်ပါ… ဖုန်တထောင်းထောင်းကြားမှာ ပြေးလွှားဆော့ကစားတဲ့ ကလေးတွေ ကြောင့်လည်း ကိုညိုအေး ဗန်ဒါပင်လေးတွေ သက်ဆိုးမရှည်ရှာပါဘူး… ဒီကြားထဲကမှအပင်တွေကို မထိခိုက်အောင် သူခမျာ ခြင်းကြားကြီးတွေကို အုပ်ကြိုးနဲ့တုပ် အလုပ်တွေရှုပ်နေခဲ့ပါသေးတယ်… ကျွန်တော်ကလည်း စိတ်ကောင်းတစ်ဝက်ရှိသူ ဖြစ်လို့ကျွန်တော် အိမ်ရှေ့ ဗန်ဒါပင်လေးတွေကို စိတ်လိုလက်ရ ရေမှန်မှန်ထွက်လောင်းတတ်ပေမယ့်… မလှမ်းမကမ်း ခြေရင်းနှစ်အိမ်က ဗန်ဒါပင်တွေကို ဒီအတိုင်းကြည့်နေတတ်ပါတယ်… ခြေရင်းအိမ်က မိန်းမတွေက စပ်စုလွန်းတာ ကျွန်တော်နဲ့ မဖြစ်… သူတို့ စာရေးဆရာဆို လုံးချင်းဝတ္ထု ဘယ်နှအုပ်ထွက်ဖူးလည်း အရင်မေးတတ်တာ … ဟာသတို့ ဂမ္ဘီရတို့ရေးပေါ့ဆရာ အဲဒါဆို နာမည်ကြီးမယ် အဲဒီလို စကားတွေပြောတတ်သူတွေ… ဆရာလုပ်ချင်လို့ စာရေးနေတာ ကိုယ်ပြန်ဆရာလာလုပ်တော့ ကျွဲမြီးကိုတိုရော… ကိုညိုအေးကတော့ သဘောထားကြီးရှာပါတယ် သူခမျာတစ်လမ်းလုံး သူစိုက်ပျိုးထားသမျှ ရုံးကပြန်လာတာနဲ့ ၀တ္တရားမပြတ် ရေလောင်းရှာပါတယ်…။

ဒီလိုနဲ့ နှစ်တွေကြာလာတယ်… ကိုညိုအေး ဘ၀ကတော့ သိပ်မသာယာရှာပါဘူး… သူပထမ အိမ်ထောင်နဲ့ ကွဲပြီး နောက်ထပ်မိန်းမတစ်ယောက်နဲ့ အိမ်ထောင် ထပ်ကျသွားတယ် .. သူ့ မိန်းမကြီးလည်း ကိုညိုအေး ထားခဲ့တဲ့ အိမ်ကိုရောင်းပြီး တခြားအရပ်ပြောင်းသွားတယ် လမ်းထဲမှာတော့ ကိုညိုအေး စိုက်ခဲ့တဲ့ ဗန်ဒါ ငါးပင်ပဲ မားမားစွင့်စွင့် ကျန်ခဲ့တော့တယ်… တစ်နွေပြီး တစ်နွေ… တစ်မိုးပြီးတစ်မိုး ကျွန်တော်လည်း ဗန်ဒါပင်တွေ အောက်မှာ လမ်းလျှောက်ရင်း ဆယ်စုနှစ်တခုစာ ကုန်သွားခဲ့တယ်.. တချို့ ဗန်ဒါပင်တွေအောက်မှာ ရေအိုစင်လေးတွေတည်လို့ တချို့ ဗန်ဒါပင်အောက်မှာ ခုံတန်းလျားလေးတွေ ထိုးလို့… နေ့လည်နေ့ခင်း မြို့သစ်ရပ်ကွက်တွေထဲ လည်ရောင်းတဲ့ ခေါင်းရွက်ဗြက်ထိုး ဈေးသည်တွေ တစ်ထောက်နားလို့ အမောဖြေ ရေသောက်လို့ ဗန်ဒါရိပ်အောက်မှာ ကလေးတွေ ကျောင်းလွှတ်ချိန်မှာ အားပါးတရဆော့လို့.. ကျွန်တော် မျက်ဝါးဝါးထင်ထင် မြင်နေရတဲ့ သစ်ပင်တွေရဲ့ အကျိုးကျေးဇူးကို တွေးတောမိရင်း ပေါတောတော ပုတုတု ကိုညိုအေးတစ်ယောက်.. သူစိုက်ခဲ့တဲ့ ဗန်ဒါပင်တွေလို သူ့ဘ၀အေးချမ်းသာယာပါစေ ဆန္ဒပြုမိရင်း…။

မိုးလှိုင်ည

ဒီမိုကရေစီ ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အနှစ်သာရကတော့ လူသားအားလုံး
တန်းတူညီမျှရေး ကို တရားမျှတစွာကျင့် သုံးဆောင်ရွက်နိုင်ခြင်းဖြစ်ပါတယ်

ယနေ့ ခေတ်မှာတော့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံတွေ အမျိုးမျိုး
ပေါ်ထွန်းလာလျှက်ရှိပါတယ်...။
အဲဒါဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးစုစာထက်စာရင် ပိုမိုသာလွန်လာတဲ့...
လူ့အဖွဲ့အစည်း ဆိုင်ရာရင့်ကျက်မှုပါ . ဒါပေမယ့် ဒီမိုကရေစီဆိုတဲ့
ခေါင်းစဉ်အောက်မှာ တရားမျှတမှုနဲ့ ဝေးကွာနေရတဲ့ လူ့အဖွဲ့အစည်းတွေလည်း
များပြားလျှက်ရှိနေဆဲ့ပါ...။

ကျွန်တော်တို့ အမှောင်ခေတ်ထဲက ထွက်လာခဲ့ပါပြီ.. ဒါပေမယ့် အုံ့မှိုင်းနေတဲ့
မနက်ခင်းကို တော့ရင်ဆိုင်နေရဆဲပါ..။

ကမ္ဘာတစ်လွှားမှာ ဒီမိုကရေစီဟာ သူ့နည်းသူ့အထွာ နဲ့ အများအပြား
ပေါ်ထွက်လာနေပါတယ်...။ အမေရိကန် ဒီမိုကရေစီ၊ ဥရောပ ဒီမိုကရေစီ၊
အာရှဒီမိုကရေစီ၊ လက်တင်နဲ့ အာဖရိကမှာဖြစ်ပေါ်နေတဲ့ အာဏာရှင်နဲ့
ဒီမိုကရေစီလွန်ဆွဲပွဲများ..။ အရှေ့အလယ်ပိုင်းမှ ဒီမိုကရေစီကို
ဘာသာမျက်နှာစည်းပ၀ါစည်းပြီး ကြိုးပေးသတ်ချင်နေတဲ့ အဖြစ်အပျက်တွေနဲ့
ကမ္ဘာကြီး တစ်ခုလုံးအနေနဲ့တော့ ဒီမိုကရေစီဟာ မိုးကုတ်စက်ဝိုင်းအစပ်က
မှုန်ပျပျ ကြယ်စင်တစ်လုံးပဲဖြစ်နေပါသေးတယ်..။

ဒီမိုကရေစီကို ဘယ်သူတွေလိုအပ်သလည်း။
လူတွေဟာ တရားမျှတှုကို လိုလားတယ်ဆိုပေမယ့် အဲဒါ
လူတိုင်းတော့ မဟုတ်ဘူး ပြီးတော့ အချိန်တိုင်းအတွက်လည်း
မဟုတ်ပြန်ပါဘူး...။ ဘာကြောင့်လည်း ဆိုတော့ လူ့အဖွဲ့အစည်း အလိုက်ကိုက
တရားမျှတမှုတွေကို ကျင့်သုံးနိုင်စွမ်း မရှိသေးပါဘူး...။ အဲဒါကြောင့်
ကမ္ဘာပေါ်က စစ်ပွဲတွေ ရပ်တန့်လို့ မရနိုင်သေးတာပေါ့ ...။နိုင်ငံရေး
စီးပွားရေး ပါဝါရှိသူတွေက တန်းတူညီမျှရေးကို မစဉ်းစားသလို..
လူချင်းအတူတူဆိုတဲ့ အခြေခံဝါဒကို တစ်သီပုဂလ္လကော အဖွဲ့အစည်းအလိုက်ပါ
ငြင်းဆန်လျှက် ရှိနေတုန်းပါပဲ..။ ဒီမိုကရေစီဆိုတဲ့ အခြေခံယူနစ်တွေ
ချို့တဲ့နေတဲ့ လူအဖွဲ့အစည်းတွေ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ
အခွံ့ချည်းသက်သက် စကားလုံးတစ်ခုပဲ ဖြစ်နေမှာပါ...။ အမတ်လောင်းတွေ
မဲရဖို့အတွက် အားကောင်းမောင်းသန် ငြင်းခုံဖို့ အဆင်ပြေမယ့်
စကားလုံးသက်သက်ပါပဲ..။ အဘက်ဘက်က အားနည်းချို့တဲ့ သူတွေ လူတစ်ယောက်၊
နိုင်ငံတစ်နိုင်ငံ ၊ အဖွဲ့အစည်းတစ်ခု က သူရဲ့ တန်းတူညီမျှမှု
ရပိုင်ခွင့်တွေ တရားမမျှတစွာ ပြုမှုဆက်ဆံခံနေရသူတွေက ဒီမိုကရေစီကို
အလိုအပ်ဆုံးဖြစ်ပါလိမ့်မယ်...။ အဲဒီလူသားတွေဟာ ကမ္ဘာအနှံ့အပြားများ
အများအပြားရှိနေဆဲပါ..။ အဖြစ်အပျက်မျိုးစုံနဲ့ ပြဠာန်းချက် အမျိုးမျိုးက
မတရားမှုတွေနဲ့ အသားစီးရသူတွေကို အကာအကွယ်ပေးနေတုန်းပါပဲ...။

ရွေးကောက်ပွဲတွေက တရားမျှတမှုကိုမွေးထုတ်ပေးသလား ။

ရွေးကောက်ပွဲတွေ မရှိတာ ထက်စာရင် ရွေးကောက်ပွဲတွေရှိတာဟာ ကောင်းပါတယ်...။
ဒီတစ်ချက်တည်းနဲ့တော့ ရွေးကောက်ပွဲဟာ တရားမျှတမှုတွေကို
ရွေးထုတ်ပေးမှာမဟုတ်ပါဘူး...။ အခြေခံဥပဒေ တွေကိုယ်၌က ရိုးဖြောင့်မှု
မရှိဘူးဆိုရင် အဲဒီဥပဒေကြောင့် ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲတွေဟာ
မှန်ကန်မျှတတဲ့ရလဒ်တွေနဲ့တော့ ဝေးကွာနေမှာပါပဲ..။ ပြီးတော့
ကမ္ဘာပေါ်မှာရှိတဲ့ ရွေးကောက်ပွဲ အများစုဟာ ရွေးကောက်ပွဲ ဦးဆောင်
ကျင်းပသူတွေ လိုချင်တဲ့ ရလာဒ်အဖြေမျိုးဖြစ်အောင် ပြည်သူအများစုရဲ့
သဘောထားကို အတင်းအကျပ်တောင်းယူတာမျိုးပဲ ဖြစ်နေပါသေးတယ် အဲဒီတော့
ကျွန်တော်တို့ဟာ ရွေးကောက်ပွဲတိုင်းကို စင်လုံးချော တရားမျှတမယ်လို့
တွေးခေါ်ထားရင် မိုက်မဲရာ ကျပါလိမ့်မယ်
ကျွန်တော်တို့ လုပ်နိုင်တာ တစ်ခုတော့ ရှိပါတယ် ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို
အနုနည်း အကြမ်းနည်းနဲ့ ခြိမ်းခြောက်မြူစွယ်ခံရခြင်းမှ ပြည်သူတွေ
ကိုယ်တိုင် သူတို့ သဘော ဆန္ဒအမှန်ကို ကာကွယ်နိုင်ဖို့ အသိအမြင်
ကျယ်ပြန့်စွာ ပေးနိုင်ဖို့ လိုအပ်ပါတယ်...။ လူမှုအဖွဲ့အစည်း တည်ငြိမ်စွာ
ဖွံ့ဖြိုးတိုးတက်အောင် ရေရှည် အကျိုးစီးပွား အတွက် မျှော်မှန်းတတ်လာအောင်
ပညာပေးလှုံ့ဆော်မှု အပိုင်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့
လိုပါတယ်...။ အာဏာရှင် နိုင်ငံတော်တော် များများမှာတော့
အသိဥာဏ်ပညာဆိုင်ရာ ရရှိပိုင်ခွင့် ဟာ အနည်းဆုံးဖြစ်နေတတ်ပါတယ် ...။
ပညာရေး အတွက် အခြေခံ အဆောက်အဦး တွေ ချို့တဲ့တာကနေ
သင်ရိုညွှန်းတမ်းဘက်လိုက်မှုများနဲ့ မျက်မှန်စိမ်းတပ် ၀ါဒဖြန့် မှုမျိုးတွေက
အစ အသုံးချတတ်ကြပါတယ်...။ အဲဒါကြောင့် အခြေခံလူထုဟာ အသိဥာဏ်ဆိုင်ရာ
ဖွံ့ဖြိုးမှု နောက်ကျနေတတ်ပါတယ်... အဲဒီတော့ ရွေးကောက်ပွဲ ဟာ အာဏာပိုင်တွေ
စိတ်ကြိုက် ဖြစ်လာခဲ့ရတာပါပဲ...နောက်ထပ် နည်းလမ်း တစ်ခုက လူလတ်
တန်းစားအသံကို ပိတ်ဆို့ ခြင်းပါ... အရင်းအမြစ် ကြွယ်ဝတဲ့ ဖွံ့ဖြိုးဆဲ
နိုင်ငံငယ်တွေဟာ ချမ်းသာကြွယ်ဝရမယ့် အစား မှားယွင်းတဲ့ စီမံခန့်ခွဲမှု
တွေကြောင့် ဒါမှမဟုတ် လက်နှက်ကိုင် အဖွဲ့အစည်းတွေရဲ့ သယံဇာတ
အရင်းအမြစ်တွေအပေါ် လက်ဝါးကြီးအုပ်လုယက်နေမှုတို့ကြောင့် ဆင်းရဲမွဲတေမှု
ပြဿနာတွေကို နက်နက်ရှိုင်းရှိုင်း ရင်ဆိုင် နေရလေ့ရှိပါတယ်... စနစ်တကျ
အခွန်စည်းကျပ်မှုမရှိတဲ့အတွက် ၀န်ထမ်းအဖွဲ့အစည်းတွေမှာ နည်းပါးတဲ့
ဘက်ဂျက်ကို မျှဝေသုံးစွဲနေရပြီး...
လူမှုအ၀န်းအ၀ိုင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း
မရှိပါဘူး...။ လူလတ်တန်းစားအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် အနည်းငယ်နဲ့
အစိုးရ အရာရှိ အနည်းငယ်သာရှိပြီး.. သူတို့အနေနဲ့
အသက်မွေးဝမ်းကျောင်းဆိုင်ရာ ခြိမ်းခြောက်ခံရမှုနဲ့
အမြဲတစေထိတွေ့နေရပါတယ်..ရွေးကောက်ပွဲ ကာလရောက်မှ အာဏာပိုင်တွေဟာ
လူထုကိုချော့မြူဖို့ ကြွယ်ဝတဲ့ အရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲလေ့
ရှိပါတယ်..။ အဲဒါကြောင့် ရွေးကောက်ပွဲ တချို့ဟာ ပြည်သူ့ရင်ထဲက က
သဘောထားကို မတရားနည်းနဲ့ ပြောင်းလဲစေခိုင်းတာပဲ ဖြစ်နေပါတော့တယ်...။
အဲဒါဆို တရားမျှတတဲ့ ရွေးကောက်ပွဲတွေပေါ်ဖို့ ကျွန်တော်
ကြိုတင်မရှာဖွေသင့်ဘူးလား...။

အရောင်စုံအာရှ

၁၉၄၅ နောက်ပိုင်းမှာ အာရှနိုင်ငံတွေဟာ
ကိုလိုနီလက်အောက်က လွတ်မြောက်လာကြပါတယ်.. ကိုလိုနီခေတ်မတိုင်မီ
သက်ဦးဆံပိုင် ဘုရင်တွေနဲ့ နေထိုင်လာခဲ့ကြတဲ့ နိုင်ငံအများစုဟာ
လွတ်လပ်ရေးထိန်သိမ်းနိုင်ဖို့ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်အတွက်
အဆင်သင့်မဖြစ်သေးတာကိုတွေ့ရပါတယ်... အဲဒီအတွက် ပြည်တွင်းစစ်ပွဲတွေ
အာရှမှာပေါ်ပေါက်လာပါတယ် ကမ္ဘာအင်အားကြီး အုပ်စုနှစ်ခုက အာရှနိုင်ငံ
များ၏ပြည်တွင်းစစ်များပေါ်တွင် ၀င်ရောက်ခြယ်လှယ်ကြပါတယ်..။
အဲဒီအချိန်တုန်းက အာရှနိုင်ငံတွေဟာ ဒီမိုကရေစီရေးထက် ပုဂ္ဂိုလ်ရေး
ဦးဆောင်မှုနောက်ကို ပြည်သူအများစုက ကွဲပြားစွာထောက်ခံကြပါတယ်...။
အဲဒီအရေးအခင်းတွေဟာ ၁၉၈၉ ဘာလင်တံတိုင်းပြိုကျပြီး လင်းပွင့်မှု ကာလရောက်မှ
နှင်းခဲအရည်ပျော်သလို တစ်စတစ်စ
ချုပ်ငြိမ်းပျောက်ကွယ်လာကြပါတယ်..။ဒါပေမယ့် ယခင် ကွန်မြူနစ်
ဟောင်းကြီးတွေက အစ စစ်အာဏာရှင်တွေ အဆုံး ဒီမိုကရေစီကို ကိုယ်ပိုင်
အဓိပါယ်တွေနဲ့ ကိုင်ဆောင် သုံးဆွဲလာကြပါတယ်..။တရုတ်ကွန်မြူနစ်ပါတီကအစ
city state နိုင်ငံတစ်ခုဖြစ်တဲ့ စကာင်္ပူအဆုံး အတိုက်အခံတွေ အင်အားစုတွေရဲ့
အသံမပါပဲ... စီးပွားရေးနိုင်ငံရေး တချို့အစိတ်အပိုင်းတွေမှာ
ဒီမိုကရေစီဆန်လာကြပါတယ်.. စစ်အာဏာသိမ်းမှုများနဲ့ သပိတ်တိုက်ပွဲတွေကြားမှာ
လွန်ဆွဲနေတဲ့ ထိုင်းနိုင်ငံဒီမိုကရေစီ...
ဂျပန်နိုင်ငံရေးအရှုပ်တော်ပုံကြားမှာ ခေါင်းမဖော်နိုင်သေးတဲ့
ဒီမိုကရေစီစံနှုန်းများ မြောက်ကိုရီးယားနဲ့ ဘာသာရေးအစွန်းရောက်
အရှေ့အလယ်ပိုင်းနိုင်ငံများ.. အကြမ်းဖက်ခံနေရတဲ့ ပါကစတန်ဒီမိုကရေစီ...
အရောင်စုံအာရှ မှာ ဒီမိုကရေစီထိုးဇာတ်တွေကလည်း အများအပြားပါ..။
လူတစ်ဦးချင်းစီရဲ့ ပညာရေချိန်မြင့်တက်မှုမရှိမခြင်း ကျွန်တော်တို့
ဒီမိုကရေစီအခွင့်အရေးဟာ နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်
ဖျက်ဆီးခံရေဦးမှာပါပဲ...။ လက်နှက်ကိုင်တစ်စု၊ လူတစ်ယောက် ၊
လူတန်းစားတရပ်က ပြည်သူ့အခွင့်အာဏာကို အလွဲသုံးစားလုပ်ဖို့
ချုပ်ကိုင်ခြယ်လှယ်နေတာကို ခွင့်ပြုနေသမျှ ကာလပါတ်လုံး ကျွန်တော်တို့
တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကိုရဖို့ဝေးကွာနေဦးမှာပါ..။ ဒီမိုကရေစီဟာ
ကိုယ်တိုင်ကျင့်သုံးရတဲ့အရာဖြစ်လို့ လူတိုင်း ဒီမိုကရေစီကို
ကျင့်သုံးဖို့လိုပါတယ်...။ အရေးကြီးတဲ့အချက်က ကြောက်တတ်ရင်
ဒီမိုကရေစီမရပါဘူး..။ ပညာမဲ့ရင် အကြောက်တရားကြီးတတ်ပါတယ်။ အဲဒီတော့
ကိုယ့်ရပိုင်ခွင့်နဲ့ ကိုယ့်တာဝန်ဟာ ဘာမှန်းမသိတော့ဘူး.. အဲဒီတော့
ဒီမိုကရေစီဖွံ့ဖြိုးဖို့ အများပြည်သူတွေရဲ့ ပညာအဆင့်အတန်းကို
မြင့်မားလာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်...။

တရားဥပဒေ မစိုးမိုးပဲ လူများအုပ်ချုပ်သောနိုင်ငံ

လူဟာ တစ်ဦးချင်းထက်
လူအုပ်စုကြီးက ပိုမိုက်မဲတတ်တယ်။

အဲဒီအဆိုအမိန့်တစ်ခုကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်..။
ဒီမိုကရေစီဆိုတာ လူ့အဖွဲ့အစည်းတစ်ခုလုံးထဲကမှ အများရဲ့ ဆနအတိုင်း
သဘောတူဆုံးဖြတ်ရတာဖြစ်ပြီး.. အဲဒီထဲက ကွဲပြားဆန့်ကျင်တဲ့
အဆိုပြုချက်တွေကို လက်သင့်ခံထည့်သွင်းစဉ်းစားရတာပါ..။ ဒီမိုကရေစီ
အဖွံ့ဖြိုးဆုံး လူ့အဖွဲ့အစည်းတွေထဲမှာ တောင် ရာခိုင်နှုန်းကိုးဆယ်
ညီညွတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ ဖြစ်တောင့်ဖြစ်ခဲပါ..။ အဲဒီတော့
ဒီမိုကရေစီစံတိုင်းတာချက်မှာ သီအိုရီတစ်ခေါ်ပေါ်လာပါတယ်... အများညီ ဤ
ကိုကျွဲဖတ်တယ်ဆိုရင်တော့ အဲဒီလူ့အဖွဲ့အစည်းအနေနဲ့ တနည်းနည်းနဲ့
ပြန်ပေးဆွဲ ခြိမ်းခြောက်ခံနေရပြီလို့ ကောက်ချက်ဆွဲကြည့်လို့ရပါပြီ...
မိုးခါးရေကို အတူဝိုင်းသောက်ကြတာလား မိုးခါးရေကို အတင်းတိုက် ခံနေရတာလား
ဆိုတာ စဉ်းစားစရာပါ..။ အလိုတူအလိုပါပဲဖြစ်ဖြစ် မလိုမတူပါပဲဖြစ်ဖြစ်
လူ့အဖွဲ့အစည်း တရပ်လုံး အဆုံးအစွန်ဆုံး ချောက်ကမ်းပါးကို
ဦးတည်သွားနေတာပါ..။ ကျွန်တော်တို့ ခုန်ပျံကျော်လွှားရေး သီအိုရီနဲ့
မဟာအောင်မြင်မှုကြီးကနေ ချောက်ထဲထိုးကျသွားတဲ့ ဆိုဗီယက်
ပြည်ထောင်စုကြီးကို သတိရကြဦးမယ် ထင်ပါတယ်..။ ဆိုဗီယက် ပြည်ထောင်စုကို
ဇာဘုရင်တွေထက်အာဏာစက်ပိုပြင်းတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေ
အုပ်ချုပ်ခဲ့တာသာ ဖြစ်ပြီး ကွန်မြူနစ်ဝါဒကော တရားမျှတတဲ့ ဥပဒေတွေနဲ့
ပြည်ထောင်စုကိုစည်းနှောင်ထားခဲ့နိုင်ခြင်းမရှိခဲ့ပါဘူး..။ ကျော်စွာတစ်ရာ
စာအုပ်ရေးသားသူက အခုလိုရှင်းပြထားပါတယ်..
ဂျော့ဝါရှင်တန်ကို ဂျူးလိယက်ဆီဇာ၊ နပိုလီယန်၊ မဟာ အလက်ဇန်းဒါးတိုထက်
ရှေ့မှာထားရတာ.. အတော်ဆုံးစစ်ဗိုလ်ချုပ်ဖြစ်တာကြောင့်မဟုတ်ပါဘူး..
ခေါင်းဆောင်မှုစွမ်းရည်နဲ့ စစ်ရေးမှာ ဂျော့ဝါရှင်တန် အထက်ပါသုံးယောက်ထက်
အားနည်းနိုင်ပါတယ်.. ဒါပေမယ့် သူတည်ထောင်ခဲ့တဲ့ အင်ပိုင်ယာကတော့ တခြား
စစ်ဗိုလ်ချုပ်တွေ တည်ထောင်တဲ့ အင်ပိုင်ယာထက်
ပိုမိုသက်တမ်းရှည်ကြာခဲ့လို့ပါတဲ့...။

ဂျော့ဝါရှင်တန်ဟာ အမေရိကန်တော်လှန်ရေး
အများဆုံးရင်းနှီးမြုပ်နှံသူတစ်ယောက်ဖြစ်ခဲ့ပေမယ့်...
အမေရိကန်ဖွဲစည်းပုံအခြေခံဥပဒေအပေါ်မှာတော့ တခြား
အမေရိကန်တစ်ဦးတစ်ယောက်ထက်မှ အခွင့်အရေး ပိုမယူခဲ့သူဖြစ်ပါတယ်..။
အဲဒါဆိုရင် ကျွန်တော်တို့ တရားဥပဒေမကြီးစိုးပဲ လူအများ အုပ်ချုပ်တဲ့
နိုင်ငံအတွက် ဒီမိုကရေစီ လှေကားထစ်တွေဟာ မက်စောက်မြင့်မားနေဦးမှာ
အသေအချာပဲ ဖြစ်ပါတယ်...။

အောင်ပိုင်စိုး

၂၀၀၀ ပြည့်နှစ်လောက်က ကျွန်တော် သဘာဝပါတ်ဝန်းကျင် အဖွဲ့တစ်ဖွဲ့ ရေးထားတဲ့ စာတမ်းတစ်စောင်ဖတ်ဖူး တယ် အဲဒီစာတမ်းက တစ်နှစ်တစ်နှစ်ကို သစ်တောဧက ၂၃သန်းလောက် ပျောက်ကွယ်နေတယ်လို့ ဆိုပါတယ်။ နှစ်ထောင်ပြည့်လွန် နောက်ပိုင်းမှာ သစ်တော ဧကတွေပျောက်ကွယ်မှုက ပိုမိုတိုးတက်လာနိုင်တယ် လို့ ကျွန်တော် တွေးနေမိပါတယ် ဒါပေမယ့် ကိုယ်တိုင်က သုတေသနသမား မဟုတ်တော့ ကိန်းဂဏန်း နဲ့ အတိအကျ မတွက်ချက် နိုင်ဘူး ဖြစ်နေတယ်..။ တမြန်နေ့မနက်ကတော့ စီးပွားရေးစာအုပ် တစ်အုပ်ထဲမှာ တစ်နေ့တစ်နေ့ လူပေါင်း ၂၄၀၀ လောက် အငတ်ဘေး ဆိုက်ရောက်သေးဆုံးနေတယ်လို့

ဖတ်လိုက်ရပြန်ပါတယ် အချက်အလက်ကိန်းဂဏန်း နှစ်ခုက သီးခြားဆီဆိုပေမယ့် ကျွန်တော်ရင်ထဲမှာ လာရောက် ဆက်စပ်မိနေပါတယ်။

ပထမ တစ်ခုက ခြိမ်းခြောက်မှု ဖြစ်ပြီး ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုပြန် ခြိမ်းခြောက် နေတာဖြစ်ပြီး… ဒုတိယ တစ်ခုက တော့ ပျက်ကွက်မှုပါ ..။ တခြား လူပုဂ္ဂိုလ်တွေအပေါ် ကျွန်တော်တို့ ဖြစ်ခွင့်ပြုထားတဲ့ ပျက်ကွက်မှုပါ..။ ကျွန်တော့် အနေနဲ့ ကိစ္စရပ်နှစ်ခုလုံးမှာ တာဝန်ရှိတယ်လို့ သိမြင်ခံစားလိုက်ရတဲ့ ခဏမှာတော့ ကျွန်တော့်ကိုယ် ကျွန်တော် အတော်လေး ရှက်ရွံ့မိသွားပါတယ်…။ ပထမဆုံး ကျွန်တော်တို့ သစ်ပင်တွေကို မလိုအပ်ပဲ ကိုယ်ကျိုး အတ္တအတွက် ပရမ်းပတာ ထုတ်ယူသုံးဆွဲတယ် ပြီတော့ ကျွန်တော်တို့ကိုယ်တိုင် လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်ပြီး မဖြစ်သင့် မဖြစ် ထိုက်တဲ့ ကံဆိုးမှုတွေကို ခွင့်ပြုလိုက်တယ်…။
ကျွန်တော်တို့ တရားပါရဲ့လား…?

၂၁ရာစုကို ၀င်တဲ့ ဆယ်စုနှစ်တစ်ခုစာပဲ ရှိသေးတယ်.. သဘာဝကပ်ဘေးကြောင့် သေဆုံးရသူ အရေအတွက်က ကျွန်တော်တို့ ဖြစ်ခဲ့ဖူးတဲ့ ပထမကမ္ဘာစစ်တစ်ခုစာလောက်နီးပ
ါး ဖြစ်သွားပါပြီ..။ အသက်မသေပဲ ကျန်ရစ်ခဲ့သည့်တိုင်
ကျွန်တော်တို့ဟာ နာကျင်ခံစားနေရဆဲပါ..။ ပြဿနာအရင်းအမြစ်က ကျွန်တော်တို့ ကမ္ဘာမြေကြီးနဲ့ သဘာဝပါတ် ၀န်းကျင်ကို မှန်ကန်သင့်မြတ်တဲ့ စီမံခန့်ခွဲမှု မရရှိသေးလို့ပဲ ဖြစ်ပါတယ်..။

ကျွန်တော်တို့ နိုင်ငံအများစု လူအများစုက စီးပွားရေးတိုးတက်နှုန်းနောက
်ကို လိုက်နေတယ်။ ရုပ်ဝတ္ထု အလျှံပါယ် ပေါကြွယ်ဝရေးကို ကြိုးစားနေတယ် … ကျွန်တော်တို့ အလွန်ကျွံ့ ဂုဏ်တုဂုဏ်ပြိုင် ချမ်းသာကြွယ်ဝရေး နောက်ကို လိုက်တော့ ကမ္ဘာကြီးကို တစ်ဖက်သက် စိုးမိုးချင်တဲ့ လူတစ်စုရဲ့ ထောင်ချောက်ထဲ ရောက်သွားတယ်… အမြတ် ရရှိ ရေး ဦးတည်ချက် တစ်ရပ်တည်းနဲ့ကမ္ဘာကြီးကို သက်ရှိမျိုးနွယ် တွေကို ပျက်သုဉ်းရေး ထောင်ချောက်ထဲ ဆွဲသွင်း နေ တဲ့ ညွတ်ကွင်းတွေ အမှန်တကယ်ရှိနေခဲ့ပါတယ်…။ အဲဒီလိုဆိုလို့ ဟိုဟိုဒီဒီ လက်ညှိုးထိုး ရှာနေမယ်ဆိုရင် ကျွန်တော် တို့ရဲ့ အပြစ်ဖို့ချင်တဲ့ ထင်ယောင်မှားမှု တစ်ခုကိုပဲ ရှာဖွေတွေ့ရှိမှာပါ..။ အဲဒါဟာ ကျွန်တော်တို့ ရဲ့ တစ်ကိုယ်တော် အတ္တ ဒါမှမဟုတ် ကျွန်တော်တို့ အားလုံး ရဲ့ စုပေါင်း အတ္တ…။ အကျိုးတူ မိုက်မဲမှုတွေနဲ့ ကမ္ဘာမြေကြီးနဲ့ သဘာဝ ပါတ်ဝန်းကျင်အပေါ် နိုင်လိုမင်းထက် ပြုမှုချင်တဲ့ စိတ်ဓါတ်ပါ.. ။

အဲဒီနေရာမှာ ပြဿနာတစ်ခု ရှိလာပါတယ်.. လူတိုင်းက သဘာဝတရားကို တန်ဖိုး မထားတတ်ပါဘူး … သဘာဝပါတ် ၀န်းကျင် ထိန်းသိမ်းရေးသမားတွေကိုအစဥ
်တစိုက် တိုက်ခိုက်နေတဲ့ အိုင်ဒီယာ တစ်ချို့ရှိပါတယ် … အဲဒါကတော့
သဘာဝတရားပဲကွာ အချိန်တန်တော့ သူဘာသူ ပြုပြင်နိုင်စွမ်းရှိပါတယ် ဆိုတဲ့လက်လွတ် စပါယ် အတွေးအခေါ်ပါ.. အဲဒါက သဘာဝပါတ်ဝန်းကျင် စောင့်ရှောက်ထိန်းသိမ်းမှု အပေါ်ကို အပိုအလုပ်လို့ တွေးထင်တတ်သူတွေရဲ့ လက်သုံး စကားပါ … ကျွန်တော် ကိုယ်တိုင် မကြာခဏကြားဖူးပါတယ်…။

နာဂစ်မုန်းတိုင်း တိုက်ခိုက်ပြီး မြစ်ဝန်ကျွန်းပေါ်က မြို့တွေရွာတွေကို ကျွန်တော် ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင် ရေး လုပ်ငန်းတွေမှာ လုပ်အားပေးအနေနဲ့ အချိန်ကာလ အတန်ကြာသွားရောက် လုပ်ကိုင် ခဲ့ဖူးပါတယ်..။
မုန်တိုင်း တိုက်ခိုက်ပြီး တစ်ပါတ်အကြာမှာ မုန်တိုင်းဒေသအပျက်အစီးတြွေ
ကားမှာ ကျွန်တော်ကြုံ တွေ့ခဲ့ရတာလေးကို
ပြန်ဝေမျှချင်ပါတယ်…။ ဘာအကြောင်းအရာလည်း ဆိုတော့ မြစ်ဝကျွန်းပေါ်ရွာတွေ အများစုက လယ်ကွင်းတွေထဲ ရွာတည်ထားကြတာပါ အဲလိုရွာတွေဟာ အဆောက်အဦးတွေအားလုံး ရစရာမရှိအောင် ပျက်စီးဆုံးရှုံးတာမျိုး မုန်တိုင်း ဒီရေကို ဟန့်တားနိုင်စွမ်းမရှိလို့ ရွာလုံးကျွတ်ပျောက်ရှ သွားတာမျိုး အသက်ဆုံးရှုံးမှုအများဆုံး ဖြစ်နေတတ်တာပါပဲ … တစ်ရက်တော့ ရေတွင်းတူးဖို့ ကိစ္စနဲ့ ဒေသခံ အန်ဂျီအို တစ်ဖွဲ့နဲ့အတူ ရွာကြီး တစ်ရွာကို ရောက်သွားဖြစ်ခဲ့ပါတယ်
မုန်တိုင်းကြားက ရွာကြီးရဲ့ အနေအထားက မြိုနယ်အသေးစားတစ်ခုစာစည်ကာ
းနေပါတယ်..။ လူနေသိပ်သည်း ပြိုပျက်နေတဲ့ အိမ်ကြီးတွေနဲ့ အိုင်တီခေတ်ထဲမှာ ကမ္ဘာပါတ်လမ်းကြောင်း ထဲက ဆက်သွယ်ရေးဂြိုလ်တုဆီကို
စလောင်းဖုံး အသေးစားတွေနဲ့ လှမ်းချိန်နိုင်တဲ့ ရွာမျိုးပါ.. မီးသွေးတစ်ခေတ်၊ ပုဇွန်တစ်ခေတ်၊ ရေချိုငါးတစ်ခေတ်နဲ့ နာဂစ်မဖြစ်ခင်ကာလအထိ ဆက်တိုက်စီးပွား တက်ခဲ့တဲ့ရွာလို့ ဒေသခံ မိတ်ဆွေက ညွှန်းပါတယ် အခုတော့အပျက် အစီးပုံထဲမှာ စိတ်ဓါတ်ကျနေတဲ့ မျက်ဝန်း တွေကိုလွှဲဖယ်ရင်း …မြစ်ပြင်နစ်နေတဲ့ သိန်းရာချီတန် စက်လှေတွေ ကိုငေးရင်း ပင်လယ်ကပေးတဲ့ကြွယ်ဝမှု ကို ပင်လယ်က ပြန်ယူသွားတော့ လူ့အသက်တွေပါ ပါသွားတယ်လို့
အသေ အပျောက်စာရင်းကို ရွာလူကြီးဆီက ရေးမှတ်နေရင်း ကျွန်တော်တွေးနေမိပါတယ်… အဲဒီမှာ ထူးဆန်းတာက လေးအိမ်စုတန်းပင်ဖြစ်ပါစေ ဓနိတန်းနဲ့ ဒီရေတောလေး ကာထားရုံနဲ့ အပျက်အစီးလွတ်သွားတဲ့ အသေ အပျောက် မဖြစ်ခဲ့တဲ့ ရွာငယ်လေးတချို့ တွေ့ခဲ့ရ တာပါ… အရေးပေါ်အနေအထားမှာ အပင်စုစု လေးတွေကလူ့အသက် ကို အထောက် အကူပေးသွားတယ် ဆိုတာပါ ရေချိုရေငန်စပ်က ဓနိတော့ နဲ့ သန်း၊ ဒဟတ် ဒီရေတောတွေကို ခုတ်ထွင် ရှင်းလင်းပစ်တဲ့ ကျေးရွားတွေ လတ်တလော အကျိုးအမြတ်တွေကြောင့် ကြွယ်ဝခဲ့ပေမယ့် သဘာဝတရားရဲ့
ပြုပြင်မှုအောက်မှာတော့ မရှုမလှပြန်လည်ပေးဆပ် ခဲ့ရပါတယ်..။

ကျွန်တော်တို့ရဲ့ အခြေခံပညာရေးတွေမှာ လစ်ဟာချက်ကြီး တစ်ခု ရှိနေပါတယ်.. အဲဒါဟာ ဘာလဲဆိုတော့ကျွန်တော် တို့ လူသားတွေနဲ့ သဘာဝပါတ်ဝန်းကျင် ဆက်ဆံရေးကို ကျွန်တော်တို့ မှန်မှန်ကန်ကန် ပြုမှုဆက်ဆံ အသိကို လက်ဆင့်ကမ်း သယ်ဆောင်မပေးနိုင်တာပါ… သစ်တစ်ပင်စိုက်ရင် တစ်သက်လုံးပျော်ရမယ်လို့ ကမ္ဘာကျော် တရုတ် စကားပုံ တစ်ခုကို လူအတော်များများက ကြားဖူးကြပါလိမ့်မယ် … ဒါပေမယ့် သစ်တစ်ပင် ကောင်းကောင်း ရှင်သန် အောင်လို့ ကျွန်တော်တို့ စိတ်ရှည်လက်ရှည် ပျိုးထောင်ခဲ့ဖူးပါသလား အဲဒီမေးခွန်းနဲ့ ကျွန်တော့်ကိုယ် ကျွန်တော် မေး ကြည့်တော့…။ ကျွန်တော်ပျက်ကွက်ခဲ့ပါတယ်…


မူရင်းရည်ရွယ်ချက်ကို ကျွန်တော်ပြန်သွားကြည့်ပါ့မ
ယ်.. ကျွန်တော်တို့ တစ်နှစ်ထက် တစ်နှစ် သစ်ပင်တွေ တိုးခုတ် နေကြပါတယ် ဘာကြောင့်ပါလည်း…
၁။ လယ်ယာမြေချဲ့ထွင်ဖို့..
၂။ မြို့ကွက်တွေချဲ့ထွင်ဖို့
၃။ သတ္တု၊ရေနံနဲ့ မြေအောက်သယံဇာတတွေတူးဖော်ဖု

၎။ ပရိဘောဂ လူနေအိမ် ဇိမ်ခံပစ္စည်းများ ထုတ်လုပ်ဖို့
၅။ စက္ကူထုတ်လုပ်ဖို့…. စသည်ဖြင့်ပေါ့ တခြား မရေတွက်နိုင်တဲ့ နည်းလမ်းများစွာ နဲ့လည်း ကျွန်တော်တို့ သစ်ပင်တွေ ကို ခုတ်ထွင်ခဲ့ကြပါတယ်…။

အငတ်ဘေးကြောင့် လူတွေ ဘာကြောင့်သေတာလည်း…
၁။ ထွန်ယက်စိုက်ပျိုးစရာမြေမရှိ့
ိလို့…
၂။ သူတို့နေထိုင်တဲ့မြေကြီးက ထွန်ယက်စိုက်ပျိုးဖို့ မဖြစ်နိုင်လို့
၃။ သဘာဝရင်းမြစ်တွေ ခေါင်းပုံဖြတ်လုယက်ခံထားရလု

၎။ ပညာအရင်းအမြစ်မရရှိနိုင်လို
ိ့
၅။ ဆင်းရဲတွင်းနက်တဲ့နိုင်ငံတေ
ွမှာ မွေးဖွားခဲ့လို့…
မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ အတ္တချွန်မြမှုတွေကြားမှာ တစ်နေ့ တစ်နေ့ အဲဒီကံဆိုးတဲ့ လူ၂၄၀၀ဟာ မြေဇာပင် ဖြစ်နေ ရရှာ ပါတယ်…။

ကမ္ဘာပေါ်မှာ ရှိတဲ့ ကြယ်ငါးပွင့် ဟိုတည်ကြီးတွေ မှာ ကြိုက်တဲ့အစားအစာကို စိတ်ကြိုက်ယူစားခွင့် အတွက် လူတချို့ က ကြိုတင်စာရင်းပေးသွင်းဖို့ လုပ်နေကြချိန် ၀ိုင်အရက်တွေ ဘီယာတွေ ပီဇာတွေ.. ဘာဂါတွေနဲ့ ဒင်နာတွေ
များလို့ ၀ိတ်တက်လာတယ်ဆိုတဲ့ လူတွေနဲ့ အတူတူနေထိုင်တဲ့ ကမ္ဘာကြီးထဲမှာ တချို့လူတွေက ၀င်ငွေ တစ်ဒေါ်လာနဲ့ မိသားစုရှစ်ယောက် အာဟာရပြည့်တဲ့ အစားအစာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်သုံးရေ..မရရှိပဲ…။ ကမ္ဘာကြီးပေါ်က အရှင်သခင် လူတန်းစားတွေအတွက် အသက်ဆုံးခံပေး နေရတဲ့ ကြောက်ခမန်းလိလိ လူဦးရေကို
ကျောချမ်းမိရင်း… ဆင်းရဲခြင်းထောင်ချောက်နဲ့ သဘာဝတရားအပေါ် တလွဲပြုမူဆက်ဆံမှုတိုကို ကျွန်တော်တို့ ရာစုသစ် ယဉ်ကျေးမှု လူ့အဖွဲ့အစည်း အနေနဲ့ သတိမူသင့်ပြီဆိုတာ…
သဘာဝတရားနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကျွန်တော်တို့လူသားမျိုးနွယ
်ဘက်က စည်းကမ်းတကျ
လိုက်နာသင့်ပြီလို့တွေးမိရင
်း… တမြန်နေ့မနက်ကတော့ ဘယ်လိုသစ်ပင်တွေ အခုတ်ခံခဲ့ရလည်း ကျွန်တော် ရေးနေ ဆဲ စက္ကူဖြူပေါ်ကနေ သစ်တောတစ်ခု ပျိုးထားခဲ့ချင်ပါ ရဲ့ မနက်ဖြန်များစွာမှာ ကလေးငယ်တွေရဲ့ လက်ထဲ
စိမ်းလန်းတဲ့ကမ္ဘာကြီးကို လွှဲပြောင်းပေးဖို့အတွက်…။

---
မိုးလှိုင်ည
25/ June/ 2010
Friday

Green Hearts Environment Network