အချုပ်အခြာအာဏာပိုင်တဲ့ အစိုးရဟာရှင်ဘုရင် ဆိုရင်တော့ လွှတ်တော်အမတ်တွေဟာ အိမ်ရှေ့မင်းသားတွေပဲ တစ်ချိန်ချိန်ကျရင် သူတို့လည်း အစိုးရဖြစ်လာနိုင်တယ်လေ..။ အဲဒီမှာ ရောမ အိမ်ရှေ့မင်းသားတစ်ယောက် ပြောဖူးတဲ့ စကားလေးက သင်းပါတယ်… အိမ်ရှေ့မင်းသားဆိုတာ နိုင်ငံတော်ကို ပထမဆုံးအလုပ်အကျွေးပြုစုရမယ်သူပါတဲ့။ 

ကျွန်တော်တို့ဟာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် ပေါ်ပေါက်လာပြီး ပြည်ထောင်စုလွှတ်တော် အောက်မှာ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုပြီး လွှတ်တော်နှစ်ရပ်ပါဝင်ပါတယ်။ ပြည်သူလွှတ်တော်ကို အမတ်ဦးရေ အများဆုံး ၄၄၀ နဲ့ဖွဲ့စည်းထားပြီး အမျိုးသားလွှတ်တော်ကိုတော့ အမတ်ဦးရေ အများဆုံး၂၂၄နဲ့ ဖွဲ့စည်းထားပါတယ်။ လွှတ်တော်ရဲ့ ၂၅ရာခိုင်နှုန်းဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် အမည်စာရင်း တင်သွင်းထားပြီး ကျန်တဲ့ လွှတ်တော်အမတ်များဟာ မဲဆန္ဒနယ်များက ရွေးကောက်တင်မြှောက်ထားတာ ဖြစ်ပါတယ်.။ မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းပေါ် လက်ရှိလွှတ်တော်အမတ်တွေဟာ ပထမသက်တမ်းပဲ ရှိပါတယ်။ လွှတ်တော်ဟာ လွှတ်တော်နိုင်ငံရေးအတွေ့အကြုံတွေ ဖြည့်ဆည်းဖို့လိုအပ်နေဆဲပါ။

ကျွန်တော်တို့ နိုင်ငံဟာ နှစ်ပေါင်းငါးဆယ်ကျော် အာဏာရှင်စနစ် အောက်မှာနေထိုင်ခဲ့ရပြီး ၂၀၁၀ရွေးကောက်ပွဲ ပြီးမှသာ နိုင်ငံတော်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် အသွင်ကူးပြောင်းခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီအခြေအနေဟာ ရွေးချယ်ခွင့်ရခဲ့တာ မဟုတ်ပဲ ယခင်နိုင်ငံတော်အာဏာကို လွှမ်းမိုးချုပ်ကိုင်တဲ့ စစ်တပ်အကြီးအကဲတွေက လက်ဆုပ်ဖြေပြီး သူတိုရဲ့သြဇာလွှမ်းမိုးထားနိုင်တဲ့ အခြေအနေအောက်မှာပဲ ဒီမိုကရေစီစံနှုန်းတွေဆီကို တဖြည်းဖြည်းတွန်းရွှေ့လာနေတာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဟာ ရွေးချယ်စရာအနည်းငယ်နဲ့ ရွေးချယ်နိုင်ခွင့် လမ်းကြောင်းမရှိပဲ ရွေးကောက်ပွဲ အထမြောက်သွားတဲ့ဖြစ်စဉ် တစ်ခုကို အားလုံးက ရွေးချယ်ခွင့်မရပဲ လက်ခံလိုက်ကြရတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့မျက်နှာစာ ဟာ မြန်မာအစိုးရဖက်ကို ပထ၀ီနိုင်ငံရေးအရ လှည့်ကြည့်လာရတယ်။ တပ်မတော်မှ အရပ်ဘက်ပြောင်းလာပြီး အစိုးရဖွဲ့ထားတဲ့ ခေါင်းဆောင်တွေဟာ အခွင့်အရေးကို လက်လွှတ်မခံပဲ အတိုက်အခံ ခေါင်းဆောင် တွေကိုပါ လွှတ်တော်နိုင်ငံရေးထဲကို ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပါတယ်။ တစ်ဖက်မှလည်း နိုင်ငံရေးအပွင့်စနစ်မှာ ယခင်မျိုသိပ်ခဲ့တဲ့ လူမှုစီးပွားရေး ပြဿနာတွေ ဟိုတစ်စဒီတစ်စ ထွက်ပေါ်လာခဲ့ပါတယ်။

အစိုးရဟာ အုပ်ချုပ်မှု စီမံခန့်ခွဲမှု စနစ်တကျဖြစ်အောင် ထိန်းညှိုနေရတဲ့အချိန် လွှတ်တော်အစည်းအဝေး တွေကလည်းပုံမှန် ကျင်းပပြီး ဥပေဒပြုမှုလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်…။ ဒါပေမယ့် လွှတ်တော် အစည်းအဝေးတွေ ဟာ ရာနှုန်းပြည့် မကောင်းမွန်သေးပါဘူး။ မေးတဲ့မေးခွန်းနဲ့ ဖြေတဲ့အဖြေနဲ့ လွှဲချော်မှုတွေ အရာမထင်တာတွေ ယခင်စနစ်ဟောင်းက လက်ညှိုးထောင်ခေါင်းငြိမ့် ကိစ္စတွေကလည်း ရှိနေပါသေးတယ်။
လွှတ်တော်ကို အမှန်တကယ်ရုပ်ပျက် စေတဲ့ကိစ္စက ဖွဲ့စည်းပုံအခြေခံဥပေ ခုံရုံးပြဿနာက စပါတယ်။ လွှတ်တော်ထဲက ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးဆိုတဲ့စကားက လွှတ်တော်အမတ်တွေနားထဲကို သံရေပူလောင်းထည့်သလို ဖြစ်သွားခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အပေါ်နားကျည်းမှုဟာ သမ္မတကဖျောင်းဖျ တဲကြားထဲကနေ.. လွှတ်တော်အမတ်တွေဟာ တညီတညွတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို အသစ်ပြန်ဖွဲ့ဖို့ထိ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအကြောင်းအရာနဲ့ စပ်လျဉ်းပြီး ဒေါက်တာဆိတ်ဖွား ဆိုသူက ဥပေဒအထက်မှာ လွှတ်တော်ရှိနေလား.. ဆိုတဲ့ ဘလော့ပိုစ့် တစ်ခုရေးခဲ့ပါတယ်…။ အဲဒီအကြောင်းအရာ နဲ့ပါက်သက်ပြီး လွှတ်တော်ဟာ ကော်မတီဖွဲ့ပြီး ဒေါက်တာဆိတ်ဖွားဆိုသူကို ရှာဖွေဖို့ကြိုးစားခဲ့ပါတယ်။

ခက်တာက လွှတ်တော်အမတ်ထဲမှာ ဘလော့ဂါတစ်ယောက်မှ မရှိပါဘူး။ နည်းပညာကို အားနည်းချက်လည်း ရှိနေနိုင်ပြီး ရှာဖွေဖော်ထုတ်ဖို့ အကြောင်းပြချက်လည်း လုံလုံလောက်လောက် မရှိပါဘူး..။ လွှတ်တော်ဟာ ဆိတ်ဖွားကိုရှာတွေ့ရင် ဘာလုပ်မလည်း။ အဲဒီအဖြေလည်း လွှတ်တော်မှာ ရေရေရာရာ ရှိပုံမရပါဘူး။ ကျွန်တော်တို့ ဘေးကကြည့်နေရတဲ့ ပြည်သူတွေအတွက် လွှတ်တော်ရဲ့ လုပ်ရပ်ဟာရယ်စရာဖြစ်နေပါတယ်။ ဒေါက်တာဆိတ်ဖွားကို စရှာကတည်းက အီလည်လည်ရွှီရှောင်လုပ်ပြီး ပြီးသွားမယ်ဆိုတာ ကျွန်တော်တို့အားလုံးကသိနေပါတယ်။ အဲဒီမှာ အရေးကြီးတဲ့ အချက်ဘာသွားတွေ့လည်း ဆိုတော့ လွှတ်တော်အမတ်တွေက သူတို့ကိုဝေဖန်ရင် လွှတ်တော်ကို ဝေဖန်ရင် လက်သင့်မခိုင်နိုင်ဘူး ဆိုတဲ့အချက်ပါ။ ဒီမိုကရေစီကို လက်တွေ့ကျကျ ဖော်ဆောင်လုပ်ကိုင်နေတဲ့ လူတွေက အဝေဖန်မခံနိုင်ရင် တခြားသူကို သူအမြင်ကို လွတ်လပ်စွာရေးသားပြောဆိုခွင့် မပေးရင်… ဒီမိုကရေစီခရီးလမ်းက နှောင့်နှေးကြန့်ကြာနေပါဦး။ 

နောက်တစ်ချက်က လွှတ်တော်အလုပ်ဟာ ဥပဒေကို ပြုမယ်၊ ဥပဒေပြင်မယ် ဆိုတဲ့ လုပ်ငန်းတာဝန်ကို လူမှုအဖွဲ့အစည်းအတွက် အဓိကထမ်းဆောင်ရမှာပါ..။ အဲဒီဥပေဒပြုမယ် ပြင်မယ့်လူတွေဟာ လွှတ်တော်အစည်းအဝေး ခန်းထဲမှာတော့ ဥပဒေရဲ့ ထက်အောင်ဝဲယာရှိနေရမှာပါ ဒါမှလည်း ဘယ်နေရာမှာ အားနည်းတယ် ဘယ်နေရာမှာ အားပျော့တယ် ဘယ်နေရာမှာ လစ်ဟာတယ် အတွေးပေါင်းစုံ ရှုထောင့်ပေါင်းစုံက ဝေဖန်ကြည့်ရှုသုံးသပ်ရမှာပါ..။ လွှတ်တော်အစည်းအဝေး ရပ်နားထားချိန်မှာတော့ ကိုယ်ဒေသတွင်း မဲဆန္ဒနယ်က လူတွေရဲ့ အကျိုးစီးပွားကို လုပ်ကိုင်ဆောင်ရွက်ရမှာပါ..။ အဲဒါဟာ လွှတ်တော်အမတ် လုပ်မယ့်သူတွေအတွက် မိမိရွေးချယ်မှုနဲ့အတူပါလာတဲ့ တာဝန်ပါ..။ ဆိုးသွမ်းတဲ့ သူကြီးသားလို ရွာထဲလူတွေကို အာဏာပြဖို့ ဆောင့်ကြွားကြွားနေဖို့မဟုတ်ပါဘူး။

နောက်တစ်ချက်က လွှတ်တော်အထပ်မှာ ဘယ်သူရှိလည်း ဆိုတဲ့ကိစ္စပါ။ မဲဆန္ဒနယ်က ရွေးကောက်တင်မြှောက် ခံရသည်ဖြစ်စေ တပ်မတော်သားကိုယ်စားလှယ် ဖြစ်စေ။ လွှတ်တော်အမတ်တွေကော လွှတ်တော်တစ်ခုလုံးရဲ့ စရိတ်စက တွေအားလုံးဟာ ပြည်သူ နိုင်ငံသားချင်းတွေရဲ့ အိတ်ကပ်ထဲက ဘဏ္ဍာငွေကြေးတွေဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေး ကျင်းပနေတဲ့အချိန်တိုင်း ပြည်သူ့အိတ်ကပ်ထဲက ပိုက်ဆံကို ငါတို့သုံးပြီး အလုပ်လုပ်နေရတယ် ဆိုတာ သတိရစေချင်ပါတယ်..။ အဲဒီအတွက် အချိန်နဲ့ငွေကြေး အလေအလွင့်မဖြစ်အောင် လွှတ်တော်အစည်းအဝေးတိုင်း အဓိပါယ်ပြည့်နှက်နေစေချင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ မြန်မာ့ဒီမိုကရေစီကို အသက်သွင်းမယ့် လွှတ်တော်အမတ်တွေကို ပြည်သူတွေက ရွေးကောက်တင်မြောက်ခဲ့တယ် ဆိုတာဟာ ဖျောက်ဖျက်ပစ်လို့ မရတော့ပါဘူး..။ အဲဒီတော့ ပြည်သူတွေ နိုင်ငံသားချင်းတွေ အကျိုးစီးပွားအတွက် လွှတ်တော်ဟာ ပြည်သူ့အသံ ပြည်သူခံစားချက်တွေကို မှန်မှန်ကန်ကန် တင်ပြဆွေးနွေးမယ်လို့ ယုံကြည်ပါတယ်။ အမှန်တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အသက်ဟာ နိုင်ငံသားတွေပါ..။ အဲဒါကြောင့် လွှတ်တော်ရဲ့ အထက်မှာပြည်သူရှိပါတယ်..။ ပြည်သူတွေ နိုင်ငံသားချင်းတွေရဲ့ အထက်မှာတော့ ပြည်ထောင်စုရှိပါတယ်..။ လွှတ်တော်ဂုဏ်သတင်းကြီးမြတ်ခန့်ထည့်ပါစေလို့ ဆုတောင်းရင်း…။


အောင်ပိုင်စိုး




            မပြောင်းလဲရတာ မခက်ခဲပေမယ့် အပြောင်းအလဲတွေမှာတော့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ အခုအခံတွေ အများကြီးပေါ်ပေါက် လာတတ်ပါတယ်။ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ စီးပွားရေးအရ အိပ်မွှေချခံခဲ့ရတဲ့ နိုင်ငံတစ်ခုပါ.။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ခပ်ဝေးဝေးနေခဲ့တဲ့ မြန်မာပြည်ဟာ အစိုးရသစ်တက်ပြီး သုံးနှစ်အတွင်းမှာပဲ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မြန်မာပြည်ထဲရောက်အောင် မြူစွယ်နိုင်ခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်း များစွာအမေ့အလျော့ ခံနိုင်ငံငယ် လေးဟာ ပထ၀ီနိုင်ငံရေးအရ အရေးပါတဲ့ အခန်းကဏ္ဍကို မထင်မှတ်ပဲရောက်ရှိလာခဲ့ပါတယ်.။ နိုင်ငံရဲ့ အနောက်ဘက်မှာ ဘင်္ဂလားပင်လယ်အော် နဲ့ထိစပ်ပြီး ရှည်လျားလှပတဲ့ ကမ်းရိုးတမ်းတွေက အရှေ့အာရှပါတ်လမ်းကို စီးပွားရေးအရ ချိတ်ဆက်ဖို့ ရေနက်ဆိပ်ကမ်းတွေ တည်ဆောက်ဖို့အခွင့်အရးရလာပါတယ်..။ အဲဒီရေနက်ဆိပ်ကမ်း တွေကပဲ ကမ္ဘာလုံးဆိုင်ရာဈေးကွက်နဲ့ ထိစပ်ဖို့အတွက် ကွင်းဆက်တွေ ဖြစ်လာခဲ့ပါတယ်။

            လက်ရှိမြန်မာ့ခေါင်းဆောင် တွေဟာစီးပွားဖွံ့ဖြိုး တိုးတက်ဖို့အတွက် နိုင်ငံခြားရင်း နှီးမြုပ်နှံမှုတွေကို လက်ကမ်းကြိုဆို ရမယ်ဆိုတဲ့ သီအိုရီကို သဘောတူညီထားပြီး နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ခံထာရမှု ကိုကျော်လွှာခဲ့ပြီး။ ပွင်လင်းမြင်သာမှု အနည်းငယ်နဲ့ ဖိနှိပ်ချုပ်ခြယ်မှု အချို့က အစိုးရသစ်ကဖြေလျော့ခဲ့ပြီး။ နိုင်ငံတကာ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ယခင်အစိုးရ လက်ထက်က နှစ်ပေါင်းများစွာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ၄၉% ပြည်တွင်လုပ်ငန်းရှင်က ၅၁% ဖြင့်သာ ရင်းနှီးမြုပ်နှံမှုပြုခဲ့ပြီး ။ အစိုးရသစ်လက်ထက်မှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံခွင့် ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးခဲ့ပြီး ။ ရင်းနှီးမြုပ်နှံမှုနယ်ပယ်လည်း အများအပြားဖွင့်လှစ်ပေးခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု အတွက်ဘက်စုံ လိုအပ်ချက်တွေ ရှိနေသေးတယ် မြန်မာပြည်ဈေးကွက်ဟာ ကိုကာကိုလာ၊ ပက်ဆီကနေအစ၊ ပါက်စန်ကုန်တိုက်လို့ အထက်တန်းလွှာအတွက် သီးသန့်ရောင်းချတဲ့  ဆိုင်ကြီးမျိုးတွေအထိ မြန်မာပြည်ဈေးကွက်ဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံ သူတွေအတွက် အခွင့်အလမ်းကောင်းတွေပြည့်နှက်နေပါတယ်။
            ဥရောပသမဂ္ဂက ကုန်သွယ်မှု မီးစိမ်းပြပြီးတဲ့နောက်မှာတော့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေဟာ မြန်မာနိုင်ငံကို ဥဒဟိုလာရောက်ခဲ့ပါတယ်။ အိုဘားမားကနေ ရှင်ဇိုအာဘေးအထိ မြန်မာပြည်ရောက်ရှိလာအောင် မြန်မာပြည်ရဲ့ စန်းပွင့်လာမှုဟာ ကြောက်ခမန်းလိလိပါ..။ နိုင်ငံတကာ ကော်ပိုရိတ်တွေ၊ ဘဏ်ကိုယ်စာလှယ်ရုံးတွေ၊ ရင်းနှီးမြုပ်နှံရေး ကုမဏီတွေဟာ သူထက်ငါ အလျင်အမြန် ရန်ကုန်ကိုခြေကုတ်ယူဖို့ ကြိုးစားနေပါတယ်။ လျှပ်စစ်စွမ်းအင် ရရှိမှုအခက်ခဲ မြို့ပြအဆောက်အအုံနည်းပါးမှု၊ မြေယာဈေးအဆမတန် မြင့်တက်မှုတွေကြားမှာတောင် ..။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံ မှုတွေဟာ နောက်တွံ့သွားခဲ့ပါဘူး။ နိုင်ငံခေါင်းဆောင်တွေ အတွက်တော့ စီးပွားရေး စန်းပွင့်မှုဟာ နိုင်ငံရေးအရပါ အကျိုး အမြတ်ရရှိနိုင်တာမို့ … နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီတွေကို ရနိုင်သမျှအစွမ်းကုန်ကြိုး စားနေကြပါတယ်။
            အခွင့်အလမ်းတွေ ထဲမှာလည်း အခက်အခဲတွေ အများကြီးရှိနေတတ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု တိုင်းဟာတော့ စေတနာသုံးတန် ပြဠန်းလာရောက် လှုဒါန်းသွားတာမဟုတ်ပါဘူး။ ရင်းနှီးမြုပ်နှံသူတွေ မြူဆွယ်တာက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖွံဖြိုးတိုးတက်လာမှု အကူအညီတွေပေးမယ် ဆိုတဲ့အချက်တွေနဲ့ပါ။ ဒါပေမယ့် သူတို့လုပ်ခဈေးချိုလို့ ဈေးကွက်ကျယ်ပြန့်လို့ အမြတ်ရရှိနိုင်ချေများလို့ နောက်တစ်ချက် အခွန်ကင်းလွတ်ခွင့်နဲ့ တခြားအခွင့်အရေးတွက် ကြောင့်ဆိုတာကိုတော့ သူတို့ထုတ်ဖော်ပြောကြားမှာ မဟုတ်ပါဘူး ။
            တကယ့်အခက်အခဲက စီးပွားရေးစန်းပွင့်မှုဟာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ ကို အပြောင်းအလဲ ရင်းနှီးမြုပ်နှံမှုလှိုင်းအောင်မှာ စုန်းစုန်းမြုတ်တွန်းပို့သွားမလား ဆိုတာပါပဲ..။ တကယ့်လက်တွေ့မှာ တော့ နိုင်ငံတကာ ကော်ပိုရိတ်တွေ ဘဏ်လုပ်ငန်းတွေ ဟာ ယခင်အစိုးရလက်ထက် စီးပွားရေးပိတ်ဆို့ခံထားရပြီး အမည်မည်း စာရင်းတင်သွင်းခံရတဲ့ ခရိုနီတွေနဲ့ ပူးပေါင်းပြီး စီးပွားရေးအင်ပိုင်ယာသစ်ကို ထူထောင်နေကြပါတယ်။ နိုင်ငံတွင်း အဓိကရင်းနှီးမြုပ်နှံ နိုင်တဲ့ခရိုနီနဲ့ အစိုးရတစ်ပိုင်း ကော်ပိုရေးရှင်းတွေဟာ အခွန်ကင်းလွတ်သက်သာခွင့်တွေ နည်းအမျိုးမျိုးနဲ့ ရနေပါတယ်..။ အဲဒီအတွက် နိုင်ငံတွင်း အမျိုးသားရေးဆိုင်ရာ စီမံကိန်းတွေအတွက် ဘတ်ဂျက်ကမလောက် မငဖြစ်လာရပါတယ်..။ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး စီးပွားရေးဗျူဟာထဲမှာ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ တစ်သီးပုဂ္ဂလဆင်းရဲသား လက်လုပ်စားတွေအတွက်တော့ မပါဝင်နိုင်ပါဘူး..။
            ဒါပေမယ့်လည်း အစိုးရဟာ  တရုတ်ပြည်ကချေးငွေနဲ့ သမ၀ါယမစနစ်ကို ပြန်လည်အသက်သွင်း ခဲ့ပါတယ်။ နှစ်ပေါင်းများစွာမအောင်မြင်ခဲ့တဲ့ သမ၀ါယမစနစ်ကို ပုံသဏ္ဍန်အသစ်နဲ့ လူထုကြားကိုတင်သွင်းဖို့ကြိုးစားလာခဲ့ တာပဲဖြစ်ပါတယ်။ သူတို့အနေနဲ့တော့ ဒါဟာ အသေးစားအလတ်စား စီးပွားရေးတွေကို ကာကွယ်ရာနဲ့ လူမှုစီးပွားဘ၀ မြင့်တက်လာဖို့ ဆိုတဲ့ရည်ရွယ်ချက်အရလုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့်လည်း သမ၀ါယမစနစ်ဟာ အကျင့်ပျက်ခြစားမှုနဲ့ ကြိုးနီစနစ်ကြားမှာ အကြိမ်ကြိမ်လုံးပါးပါးခဲ့ဖူးလို့ စီးပွားရေးပညာရှင်တွေက သံသယနဲ့ သတိကြီးကြီးထားစောင့်ကြည့် ရမယ်လို့ ဆိုကြပါတယ်..။ အသေးစား အလတ်စား လုပ်ငန်းများအတွက် ချေးငွေဘဏ်များ တည်ထောင်ကြမယ်လို့ သတင်းများမှာ ဖော်ပြပါရှိနေပေမယ့် တကယ့်အသေးအစား အလတ်စားလုပ်ငန်းတွေအတွက် ချေးငွေရဖို့ ဘဏ်ကိုအပေါင် ပေးရမယ့် မြေယာအိုးအိမ် အခြေခံအဆောက်အအုံ ပိုင်ဆိုင်မှုအားနည်းနေပါလိမ့်မယ်။ လာမယ့် နှစ်တွေဟာ ကော်ပိုရေးရှင်းနဲ့ နိုင်ငံတော်အတွက် စီးပွားရေးစန်းပွင့် ကာလဖြစ်နိုင်ပေမယ့် ။ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း များအတွက်တော့ မုန်းတိုင်းတိုက်သလို ပြင်းပြင်းထန်ထန် နာကျင်ခံစာရနိုင်ပါတယ်။
            ဘူးလေးရာ ဖရုံဆင့်တာကတော့ လာမယ့် ၂၀၁၅မှာ စတင်အသက်ဝင်မယ့် အာဆီယံစီးပွားရေးအ၀န်းအ၀ိုင်း (AEC) နဲ့ အာဆီယံလွတ်လပ်စွာကုန်သွယ်မှု (AFTA) တို့ဟာ ဒေသတွင်း လုပ်ငန်းငယ်တွေအတွက် ယှဉ်ပြိုင်မှု ပိုမိုများပြားလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မျက်၊ သစ်တော၊ လယ်ယာထွက်ကုန် ၊ ရေထွက်ကုန် အနည်းငယ်လောက်သာ ပြည်ပကို တင်ပို့ရောင်းချနိုင်ရုံသာရှိပြီး … ပြည်တွင်းထုတ်လုပ်မှုမှာ နည်းပညာမြင့် ပစ္စည်းမျိုးမျိုး၊ လူသုံးကုန်အမျိုးမျိုး၊ ဆေးဝါးနဲ့ အခြားကုန်စည်များကို အာဆီယံနိုင်ငံများကိုတောင် တင်ပို့နိုင်စွမ်းမရှိသေးပါ။ ဒါကြောင့် အာဆီယံ စီးပွားရေးအ၀န်းအ၀ိုင်းဟာလည်း ကုန်သွယ်မှုအရှုံးတွေ မြန်မာနိုင်ငံအတွက်ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒေသတွင်း အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းငယ်တွေဟာ အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းငယ်တွေ အချင်းချင်းကြားမှာတောင် ယှဉ်ပြိုင်နိုင်စွမ်းအားနည်းနေပါတယ်။ အဲဒါကြောင့် ဈေးကွက်ဝေစုရရှိဖို့ကလည်း အခက်အခဲ အကြီးအမားကြုံတွေ ရနိုင်ပါတယ်။
            နိုင်ငံတော်အစိုးရပိုင်းကလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အတွက်ကိုပဲ ဦးစားပေးစဉ်းစားနေတဲ့ အတွက် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ နဲ့ အခြေခံလူတန်းစားတွေရဲ့ ၀င်ငွေတိုးတက်နိုင်မှု အခွင့်အလမ်း တွေဖန်တီး  ပေးဖို့အတွက် နှောင့်နှေးနေပါတယ်။ အဲဒါဟာ ဈေးကွက်ရဲ့ စီးပွားရေးစန်းပွင့်မှုကို တုံ့နှေးသွားစေတာမျိုး ဒါမှမဟုတ် ၀င်ငွေနည်းတဲ့ နိုင်ငံသားတွေဟာ ရွေ့ပြောင်းလုပ်သားတွေ ဖြစ်သွားအောင် တွန်းပို့နေတာမျိုးတွေ ဖြစ်လာနိုင်ပြီး လာမယ့် ဆယ်စုနှစ်တစ်ခုလောက်ကြာတဲ့ အခါ တိုင်းပြည်ရဲ့ အခြေခံအရင်းအမြစ် ပိုင်ဆိုင်မှုတွေဟာ နိုင်ငံခြားသားတွေ နိုင်ငံတကာတွေကော်ပိုရိတ်တွေ လက်ထဲရောက်ရှိသွားတာမျိုး ကြုံတွေရနိုင်ပြီး မြန်မာ့စီးပွားရေးဟာ အပြောင်းအလဲလှိုင်တံပိုးကြားမှာပဲရှိနေပါသည်။


အောင်ပိုင်စိုး



ဒီနေ့ အခြေခံလူတန်းစား အတွက် အနီးကပ်ဆုံး  အိပ်မက်ဟာ ၁၅၀၀ကျပ်တန် ဖုန်းတစ်လုံးမဲပေါက်ဖို့ပါပဲ..။ အစိုးရဟာ ပြီးခဲ့တဲ့ နှစ်လကစပြီး ကျပ်ထောင့်ငါးရာတန် ဆင်းကဒ်တွေကို လကုန်ခါနီး ၂၀ရက်နေ့ဝန်းကျင်မှာ ရောင်းချပေးခဲ့တာ သုံးကြိမ်မြောက်ပါ။ ဒါပေမယ့် အဲဒီ တစ်ထောင့်ငါရာကျပ်တန် ဖုန်းရရှိဖို့ တိုက်ပွဲကတော့ အတော့်ကို ပြင်းထန်ရှည်ကြာ ခဲ့တယ် ဆိုတာ ကျွန်တော်တို့ နိုင်ငံသားအတော်များများ သဘောပေါက်နားလည်ခဲ့ကြပါတယ်။ 

၁၉၉၅ နောက်ပိုင်းမှာ ထွန်းကားကျယ်ပြန့် လာတဲ့ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖြစ်ထွန်းလာခဲ့ပြီး ကမ္ဘာကြီးကို ရွာတစ်ရွာဖြစ်ရောက်အောင် တွန်းပို့ခဲ့တဲ့ လက်သည်တွေထဲမှာတော့ အရေးကြီးတဲ့ တရားခံတစ်ယောက်ပါပဲ။ကျွန်တော်တို့ ကမ္ဘာကြီးဟာ ၂၀၀၀ပြည့်နှစ် နောက်ပိုင်းမှာတော့ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ချိတ်ဆက်မှု ဆက်သွယ်ရေး ကုမဏီတွေဟာ လုပ်ငန်းကိုင်ငန်းကောင်းခဲ့ပါတယ်။ အင်တာနက်မြန်နှုန်းတွေ မြှင့်ဖို့ လူတိုင်းလက်လှမ်းမှီတဲ့ လက်ကိုင်ဖုန်းတွေ တီထွင်နိုင်ဖို့နဲ့ ဖုန်းတစ်လုံးဟာ လူတစ်ယောက်အတွက် မရှိမဖြစ်ပစ္စည်းအဖြစ် သုံးစွဲနိုင်ဖို့ အလုပ်များနေခဲ့ပါတယ်..။ 

ကျွန်တော်တို့ နိုင်ငံကတော့ အဲဒီအချိန်တွေထိ တည်တည်ငြိမ်ငြိမ်ပါပဲ…။ ပြင်ပဈေးကွက်မှာ ဒေါ်လာ နှစ်ထောင့် ငါးရာ သုံးထောင်နီးပါး ပေးသုံးရတဲ့ ဆယ်လူလာ၊ ဂျီအက်စ်အမ်တွေနဲ့ လက်ကိုင်ဖုန်းဆိုတာ အချမ်းသာဆုံး လူတန်းစားတစ်ရပ်ရဲ့ ဇိမ်ခံပစ္စည်းဖြစ်နေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ နိုင်ငံရဲ့ ဆက်သွယ်ရေးစနစ်ကို လက်ဝါးကြီးအုပ် အမြတ်ထုတ်ခဲ့တဲ့ အစိုးရဟာ ဆက်သွယ်ရေး ပစ္စည်းတွေကို သူတို့အခွင့်အာဏာ လုံခြုံရေးအတွက်လည်း နိုင်ငံရေးအရ ဆုပ်ကိုင်ထားခဲ့တာပါ။ ဒါပေမယ့် အမှန်တကယ်ဆက်သွယ် အသုံးပြုဖို့လိုအပ်တဲ့  လုပ်ငန်းရှင်တွေ စီးပွားရေးသမား တွေဟာ နှစ်ပေါင်းများစွာ အစိုးရဟာ ဂျီအက်စ်အမ် လက်ကိုင်ဖုန်းတွေကို ကံစမ်းမဲပေးသလို မဲနှိုက်ပြီး တစ်နှစ်တစ်နှစ်ကို အလုံးရေအနည်းငယ်သာ ထုတ်ဝေခဲ့ပါတယ်..။ အစိုးရပေါက်ဈေး ၁၅သိန်းတစ်သောင်းသွင်းရတဲ့အတွက် ဖုန်းပေါက်ပြီးငွေ သွင်းဖို့ခက်တဲ့သူတွေက တစ်ဆင့်ပြန်ရောင်းချပါတယ် အဲဒီ ဖုန်းထုတ်ယူခွင့် စလစ်ကို ရောင်းတဲ့ဈေးတောင်မှာ သိန်းဆယ်ဂဏန်းအထက်မှာ နှစ်ပေါင်းများစွာ တည်ရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး အချိန်မှာ ငွေကျပ် ၁၁သိန်းခန့်နဲ့ တရုတ်ပြည်မှ မုန်တိုင်းအတွက် ရရှိထားတဲ့ အကူအညီပစ္စည်းဖြစ်တဲ့ ကမ်းရိုးတမ်းသုံး ဆက်သွယ်ရေး ဖုန်းတွေကို CDMA တွေကို အစိုးရအနေနဲ့ သူတို့ရဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေက တစ်ဆင့် ရောင်းချခဲ့ပါသေးတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ ဒီမိုကရေစီအမည်ခံ ပြောင်းသွားတဲ့အစိုးရဟာ ကျပ်ငါးသိန်းတန် CDMA 800 တယ်လီဖုန်းတွေနဲ့ ရောင်းချထုတ်ဝေခဲ့ပါတယ်။ ယခင်ကလို လျှောက်လွှာနဲ့ ကံစမ်းမဲနှိုက်ရွေးချယ်တဲ့ စနစ်ကနေ ကုမဏီတွေကို လွှဲပြောင်းရောင်းချစေခဲ့တဲ့ စနစ်ကိုပြောင်းလဲခဲ့ပါတယ်။ အဲဒါကလည်း အစိုးရနဲ့နီးစပ်တဲ့  နီးစပ်တဲ့အသိုင်း အ၀ိုင်းကုမဏီများကသာ လက်ဝါးကြီးအုပ်ထားခဲ့ပြီး ငါးသိန်းဖုန်းကို ဈေးကွက်ဝယ်လိုအား နည်းပါးတဲ့အချိန်မှသာ ပြင်ပဖုန်းဆိုင်များမှာ လွတ်လပ်စွာဝယ်ယူ နိုင်ခွင့်ချထားပေးခဲ့ပါတယ်။

ငါးသိန်းတန်ဖုန်းတွေ အရောင်းထိုင်းသွားရတဲ့ အကြောင်းကလည်း ကျပ်သုံးသိန်တန် ဖုန်းတွေထပ်မံရောင်းချ မယ်ဆိုတဲ့သတင်းကြောင့်ပါ။ တကယ်တမ်း မြန်မာ့ဆက်သွယ်ရေးနဲ့ ကုမဏီတွေက ထုတ်ဝေရောင်းချတဲ့ အခါမှာတော့ ငွေကျပ်နှစ်သိန်းခွဲနဲ့ ရောင်းချခဲ့ပါတယ်။ ဒီတစ်ခါ ရောင်းချတဲ့အခါမှာတော့ ဂျီအက်စ်အမ်နဲ့ ဒဗလျူစီဒီအမ်အေ ဆိုပြီးနှစ်မျိုးရောင်းချပါတယ် ဂျီအက်စ်အမ်က ငွေကျပ်နှစ်သိန်းဖြစ်ပြီး ဒဗလျူစီဒီအမ်အေကတော့ ငွေကျပ်နှစ်သိန်းခွဲပါ..။ အဲဒီဖုန်းတွေရောင်းချနေတဲ့ အချိန်မှာပဲ ကုမဏီတစ်ခုဟာ အစိုးရခွင့်ပြုချက်ရရင် ငွေငါးထောင်ကျပ်နဲ့ ဆင်းကဒ်တွေရောင်းချ နိုင်မယ်လို့ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ဝေဖန်မှုတွေ ပြည်သူတွေ ကြားက လိုလားချက်တွေကြောင့် မြန်မာနိုင်ငံမြို့ကြီးတွေနဲ့ အိုင်စီတီပွဲတွေမှာ ငါးထောင်တန်ဖုန်းရရှိရေး လှုပ်ရှားမှုတွေပေါ်ပေါက် လာခဲ့ရပါတယ်။ ဆက်သွယ်ရေးဝန်ကြီးဠာန အနေနဲ့ရှင်းလင်းမှုတွေ အများကြီးလုပ်ခဲ့ရပါတယ်။ သမ္မတကြီးဆီ တိုက်ရိုက်သိရှိနိုင်အောင် မီဒီယာတွေကတဆင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပျံ့နှံ့ ရောက်ရှိခဲ့ပါတယ်။ အခြေခံ လူတန်းစား အားလုံးရဲ့ မျှော်လင့်ချက်ဟာ ငါးထောင်ကျပ်တန်ဖုန်းဖြစ်လာခဲ့ပြီး ဆက်သွယ်ရေးဝန်ကြီးဠာနတွေဟာ တစ်ဆင့်ချင်း ဖြေလျော့နေရတဲ့ အခက်အခက်တွေကို အာရုံလွှဲဖို့ကြိုးစားခဲ့တယ် အဲဒီဖြစ်စဉ်တွေကြားမှာပဲ ဖုန်းနဲ့အင်တာနက် သုံးစွဲသူတွေကို သုံးစွဲတဲ့ဒေတာယူနစ် အလိုက်ကောက်ခံမယ် အင်တာနက်ကနေ နိုင်ငံတကာဖုန်း ခေါ်ဆိုနိုင်တဲ့ ဆော့ဝဲလ်အသုံးအပြုမှုတွေကို တရားမ၀င်ဘူးဆိုတဲ့ စီမံခန့်ခွဲမှုအလွဲအမှားတွေ ပြုလုပ်ခဲ့ပါတယ်..။ အဲဒီအတွက် အကျိုးရလဒ်က ၀န်ကြီးကိုယ်တိုင်ပါ ထိုင်ခုံပေါ်က ဆင်းပေးလိုက်ရတဲ့အထိပါပဲ။ 


သမ္မတဟာ အခြေအနေတွေကို ၀င်းထိန်းဖို့ တန်ဖိုးနည်းဖုန်းတွေ ရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိနဲ့ ပြည်သူအများစုကိုနှစ်သိမ့်ခဲ့တယ်။ ၂၀၁၃ ဧပြီလနှောင်းပိုင်းမှာတော့ သမ္မတဟာသူ့ကတိအတိုင်း တန်ဖိုးနည်းဖုန်း စီဒီအမ်အေ ၈၀၀ တယ်လီဖုန်းဆင်းကဒ်တွေကို ဦးစွာထုတ်ရောင်းခဲ့ပါတယ်..။ ထူးထူးခြားခြား ဆက်သွယ်ရေးလုပ်ငန်းတွေ နဲ့ သိပ်ပက်သက်မှု မရှိတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က အဲဒီဆင်းကဒ်တွေကို ထုတ်ဝေရောင်းချခဲ့ပါတယ်။ စတင်ထုတ်ဝေတဲ့ ဧပြီလမှာပဲ အဲဒီဆင်းကဒ်တွေဟာ ရှစ်သောင်းကျပ် တစ်သိန်းကျပ်အထိ မှောင်ခိုဈေးကွက်မှာ ဖြစ်ပေါ် ခဲ့ပြီး နံပါတ်အလှ တစ်လုံးဟာ ၈သိန်းကျပ်အထိ မှောင်ခိုဈေးကွက်မှာ စံချိန်တင်ရောင်းချခဲ့တယ်။ အစိုးရဟာ စီဒီအမ်အေ ၈၀၀ ဖုန်းဆင်းကဒ်တွေကို တစ်လလုံးရေ သုံးသိန်းခွဲနဲ့ ပထမသုံးလရောင်းချခဲ့ပါတယ်..။ စီဒီအမ်အေ ၈၀၀ရဲ့ မြုပ်ကွက်ကတော့ ဈေးကွက်မှာ ဟမ်းဆက်နည်းပါးခြင်းပါ ..။ စီဒီအမ်အေ ၈၀၀ ဟမ်းဆက်တွေကို ဟွာဝေကုမဏီနဲ့ တရုတ်ကုမဏီတွေက သာထုတ်လုပ်ထားခဲ့ပါတယ်။ ဟွာ့ဝေကုမဏီဟာ အစိုးရနဲ့နှစ်ပေါင်းများစွာ ဆက်သွယ်ရေးလုပ်ငန်း ကန်ထရိုက်လုပ်ကိုင်ဖူးတဲ့ ကုမဏီတစ်ခုလည်းဖြစ်ပါတယ်။ ဒီသုံးလထဲနဲ့ ဒေါ်လာသန်းပေါင်းများစွာဟာ တရုတ်ပြည်ထဲကို စီးဆင်းသွားနိုင်ပါတယ်။ ထားတော့ ထောင့်ငါးရာတန်ဖုန်းကြောင့် အများပြည်သူအတွက် အကျိုးရှိတယ်ဆိုရင် ဒီကုန်သွယ် မှုအရှုံးဟာ မပြောပလောက်ပါဘူး..။ တကယ့်တိုက်ပွဲက ရှေ့မှာပါ။


ဇွန်လ ၂၇ရက်နေ့မှာတော့ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်၂နေရာ အတွက် နိုင်ငံတကာ ကုမဏီ ဆယ်ဂဏန်းလောက်ဟာ တင်ဒါကိုယှဉ်ပြိုင်တင်သွင်းနေပါတယ်။ Digicel ဟာမြန်မာပြည်ဈေးကွက်ကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကတည်းက ၀င်ရောက်ခဲ့ပြီး မြန်မာဘောလုံးအသင်းကို စပွန်ဆာပေးရင်း သူတို့အမှတ်တံဆိပ်ကို လူထုကြားပျံ့နှံ့အောင် လုပ်ထားပြီးဖြစ်နေပါတယ်..။ ၁၉၉၇ အာရှစီးပွားရေး အကျပ်အတည်းကြီးနဲ့အတူ ကျော်ကြားလာတဲ့ ဂျော့ဆိုးရော့စ်ဟာ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင်တွေ အစိုးရအဖွဲ့တွေနဲ့လည်း တွေ့ဆုံလှုဒါန်းမှုတွေ လုပ်ထားခဲ့ပြီးဖြစ်ပါတယ်။ သူဟာ Digicel ရဲ့ ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။ အာဖရိက အခြေစိုက် MTN ဟာလည်း မြန်မာလိုနိုင်ငံမျိုးအတွက် အာဖရိကအတွေအကြုံတွေ တော်တော်များများရှိပြီး သန်း၂၀၀လောက် မိုဘိုင်းသုံးစွဲသူတွေကို ၀န်ဆောင်မှုပေးနေနိုင်တယ် လို့အင်တာဗျူးတွေမှာ ဆိုပါတယ်။ မလေးရှားအခြေစိုက် Axital နဲ့ ပြင်သစ်အခြေစိုက် Orange တို့ဟာလည်း ဆင်းကဒ်ဈေးနှုန်းနဲ့ ခေါ်ဆိုခတွေ နှုန်းလျော့ချခြင်း စတဲ့ဆွဲဆောင်မှုတွေ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရဖို့ဆွဲဆောင်နေပါတယ်။ စကာင်္ပူ အခြေစိုက် Singtel ကတော့ မြန်မာပြည်အတွက် သီးသန့်ဂြိုလ်တုတစ်လုံး လွှတ်တင်ပေးမယ် ဆိုစည်းရုံးနေပါတယ်။ ဆက်သွယ်ရေး ကုမဏီအားလုံးအတွက်တော့ မြန်မာပြည်အတွက် ဆက်သွယ်ရေး အခန်းကဏ္ဍဟာ ဈေးကွက် အသစ်စက်စက်ကြီးဖြစ်နေပါတယ် ၀ယ်လိုအားအများကြီးနဲ့ လုပ်ကိုင်ခွင့်ရမယ့် ကုမဏီတွေဟာ အမြတ်ဝေစုဟာ နှစ်ပိုင်းအတွက် မြိုးမြိုးမြက်မြက် ပေါ်ထွက်လာနိုင်ပြီး ရေရှည်မှာလည်း ဈေးကွက်ထဲကအမြတ်ကို ပုံမှန်ရရှိနိုင်တဲ့ လုပ်ငန်းမျိုးဆိုတာ သူတိုရဲ့ နိုင်ငံကာအတွေ့အကြုံအရသိရှိနေကြပါတယ်။ လာမယ့် ဇွန်လ ၂၇ ရက်နေ့ မြန်မာပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆက်သွယ်ရေးစစ်ပွဲကြီးရဲ့ အဆုံးသတ်ပါ… မြန်မာပြည်သူတွေနဲ့ အတူ ဘယ်သူအောင်ပွဲရသွားမလည်း ဆိုတာအားလုံးကလည်း ရင်ခုန်စွာစောင့်စားနေကြပါတော့တယ်။


အောင်ပိုင်စိုး




အခု သင်လိုက်တဲ့ story အတွက် လေ့ကျင့်ခန်းပေးမယ် စာမျက်နှာ ၂၃ ကို ဖွင့်လိုက်ပါ။ အဲဒီမှာ Fill in the blank. ကွက်လပ်ဖြည့်ပါ ဆိုတာ တွေလား..။ အဲဒီထဲက မေးခွန်းတွေကို ကူးရေးပါ.. အဖြကို အောက်မှာ Answer လို့ထိုးပြီး နံပါတ်စဉ်တပ်ပြီး ဆရာ့ဆီလာပြပါ..။ အချိန် ဆယ့်ငါးမိနစ်ရမယ် စကားမပြောပါနဲ့..။ နောက်ဆုံးတန်းရဲ့ ရှေ့အလယ်ခုံက နှစ်ယောက် စကားမပြောပါနဲ့ မင်းတို့ ကျောက်သင်ပုန်းမှာ ထွက်ရေးချင်လို့လား..။ ကလေးတွေ မင်းတို့ လွန်ခဲ့တဲ့ လပါတ်မှ Direct & InDirect အခန်းမှာ တော်တော် များများမှားတယ်..။ တစ်ယောက်တစ်မျိုး မှားတာထက် တစ်ထပ်တည်း မှားနေတာ မျိုး များနေတယ်.. အဲဒီအတွက် ဆရာ အဲဒီအခန်းကို ပြန်သင်ရလိမ့်မယ်..။ မင်းတို့ အားကစားအချိန်ထဲက သင်မလား ဒါမှမဟုတ်အချိန်ပိုယူသင်မလားက မင်းတို့ ရွေးချယ်ပါ..။ ဟိုတစ်ကောင် စာမရေးပဲ ဘာပြတင်းပေါက်ကိုငေး နေတာလည်း ..။ မြေဖြူခဲနဲ့ မင်းနဖူးနဲ့မိတ်ဆက်ပေးရမယ် ထင်တယ်..။ ဟိဟိ ခွိခွိ.. ။ ဒီကလေးတွေ အသံမထွက်ပါနဲ့ဆိုမှ ဒီတစ်ခါ အသံထွက်တဲ့လူတော့ စံပြမတ်တပ်ရပ်ရမယ်…။


ပေါ်ပီးးးးး ပေါ်ပီးးးး … ရထား ဥသြသံကြောင့် သူလန့်နိုးသွားတယ်..။ အပြင်ဘက်ကို ကြည့်လိုက်တော့ ဆင်းဖို့ နှစ်ဘူတာ  လိုသေးတယ်.. မဆီမဆိုင်း ဒီစက်ခေါင်းက အော်သံက တစ်မျိုးပါလားလို့ စဉ်းစားမိလိုက်သေးတယ် တချို့စက်ခေါင်းတွေက ဘော်ဘူ.. တစ်ချိုစက်ခေါင်းတွေ အီ…. ဆိုပြီး သံရှည်ဆွဲတယ် အခုကပေါ်ပီးးး တဲ့…။ ဒီရထား ကို သူစီးနေတာ ဆယ့်ငါးနှစ်တောင်ရှိပြီပဲ.. ဒီဘူတာတွေ ဒီမြင်ကွင်းတွေ ဒီရထားပေါ်က ဈေးသည်တွေ ခရီးသည်တွေ လက်မှတ်စစ်တွေ… ဆယ့်ငါးနှစ်ဆိုတဲ့ အချိန်မနည်းပါဘူး.. ဒါပေမယ့် ဘာမှမပြောင်းလဲဘူး ..သူကော ဒီရထားကြီးကော ဒီဘူတာတွေ သံလမ်းတွေကော..။ ဘူတာကနေ လမ်းနည်းနည်း လျှောက်ပြီး ကျောင်းမရောက်ခင် နှစ်လမ်းကျော်လောက်က လက်ဖက်ရည်ဆိုင် သူဝင်ထိုင်နေလိုက်သေးတယ် ကျောင်းထဲဝင်ဖို့က စောသေးတယ်.။ သူနာရီတစ်ချက်ကြည့်ပြီး လက်ဖက်ရည်မှာလိုက်သေးတယ် အမှန်တော့ နာရီကိုသာ ငုံ့ကြည့်လိုက်တာ သူအချိန်တွေ ကို အလိုအလျောက်သိပြီးသားပဲ… သူလက်ဖက်ရည်သောက်နေတုန်း ကိုးတန်းကျောင်းသား တစ်ယောက်လာထိုင်တယ်.. သူကို့ ဆရာ ဘာမှာ ပြီးပြီလည်း..။ အေး ငါလက်ဖက်ရည်မှာထားတယ် မင်းကျောင်းနားက ဆိုင်မှာ မထိုင်ပဲ ဒီမှာ ဘာလို့ လာထိုင်နေတာလည်း.. ကျောင်းပြေးမလို့လား … ငါ မင်းဆရာမကို သွားပြောလိုက်မယ်…။ ဟာမဟုတ်ပါဘူးဆရာ.. ကျောင်းနားကဆိုင်က လူများလို့ပါ.. ဒီဆိုင်က ကျွန်တော့်အိမ်နဲ့နီးတော့ ဒီဆိုင်ကို ထိုင်ပြီးမှ ကျောင်းသွားရမှာ..။ သူအိတ်ထဲက ဆေးပါ့လိပ် လှမ်းနှိုက်လိုက်တော့ ကိုယ်တော်က ဆရာစီးကရက်မှာလိုက်မယ် ဟေ့ကောင်မမှာနဲ့.. မှာပြီးရင်  မင်းယူသောက်ဦးမယ် … တော်ကြာဆရာနဲ့တပည့် ဆေးလိပ်အတူထိုင်ဖွာနေရင် ငါမကောင်းဘူးဖြစ်နေမယ်..။ မင်းဟာမင်း သောက်ချင် တခြားမှာ သွားခိုးသောက်..။ ဟုတ်ကဲ့ဆရာ ဆောရီး..။ မင်းတို့ကောင်တွေ ငယ်ငယ်တည်းက ငရွတ်တွေ ငါ့လက်ထဲက လွတ်တာနဲ့ ငါ့ကိုမကြောက်တော့ဘူး ဟုတ်လား..။ ဆရာက စိတ်တိုတတ်ပေမယ့် သဘောကောင်းတာကိုး..။ ကျွန်တော် သွားနှင့်တော့မယ် ဆရာ လက်ဖက်ရည်ဖိုးရှင်းသွားတယ်နော်…။ ဟာဟေ့ကောင် ငါဘာသာ ရှင်းပါ့မယ်ဟ..။



ဂီးးး ဂီးးး .. ကျောင်းခေါင်းလောင်းသံ တလွင်လွင်မဟုတ်တော့ဘူး သံချေးတက်နေတဲ့ လျှပ်စစ်ခေါင်းလောင်းကြီးက တစ်ဂီးဂီးနဲ့… သူဆရာများနားနေဆောင်ထဲကနေ လက်မှတ်ထိုးပြီး သတင်းစာ ထိုင်ဖတ်နေလိုက်တယ်..။  ဆရာ ပထမအချိန် အတန်းမရှိဘူးလား…။ ဟုတ်ကဲ့ ဆရာမ ကျွန်တော်  ဒုတိယအချိန်မှ စမှာ.. ။ ပြောပြီးသူ စာပြန်ဖတ်နေလိုက်တယ်..။ ခဏကြာတော့ ကျောင်းအုပ်ရုံးခန်းက ခေါ်တယ်ဆိုလို့ ရုံးခန်းပေါ် သူတက်သွားလိုက်သေးတယ် ကျောင်းကျန်းမာရေးကိစ္စ၊ ကျောင်းထဲမှာ ခြင်ယင်ကင်းအောင် ဆေးဖြန်းချင်လို့.. အဲဒါ မြို့နယ် ကျန်းမာရေးဌာနနဲ့ ညှိုပြီး လာမယ့် ကျောင်းပိတ်ရက်မှာ ဆောင်ရွက်ပေးဖို့ ကျောင်းအုပ်ကြီးက တာဝန်ပေးနေတယ်..။ အော်ဒါနဲ့ဆရာ လာမယ့်လမှာ ဒေါ်သီတာထွန်းက ဆေးခွင့်တစ်လတောင်းထားတယ် အဲဒါ သူ့အတန်းကို ဆရာ အတန်းပိုင်အဖြစ် ခဏကိုင်ပေးပါလို့…။ ကျွန်တော် သူ့အချိန်တွေတော့ အစားဝင်ပေးလို့ မဖြစ်ဖူးနော် ဆရာမကြီး.. ။ အော်ဟုတ်ကဲ့ပါ.. သူအတန်းကိုပဲ အတန်းပိုင်ဆရာခဏယူပေးထားယုံပဲ ဆရာ.. ။ သူ့အတန်းချိန်တွေကို တခြားဆရာမတွေ အစားဝင်ပေးဖို့ ကျွန်မပြောထားပါ့မယ် ..။ ဟုတ်ကဲ့ အဲဒါဆိုရင် တော့အဆင်ပြေလောက်ပါတယ် ဆရာမကြီး ကျွန်တော်လည်း အား/ကာ အချိန်တွေလည်း ယူထားတာမို့ပါ..။

ညနေပိုင်း နှစ်တန်း ၀င်ပြီ  သူ အားကစားအချိန် အတွက် ကလေးတွေကို တစ်တန်းဝင်ပေးရသည်။ ဒါပေမယ့် တော်တော် စိတ်ပျက်ဖို့ကောင်းတဲ့ အနေအထားပဲ ကလေးတွေကို ခြေလှုပ်ခေါင်းလှုပ် စိတ်ရှုပ်အောင် လုပ်ပေးရုံပဲ..။ ကျောင်းမှာ အားကစားပစ္စည်း မရှိသလို အားကစားရုံလည်း မရှိပါ..။ သူ တစ်ခါတော့ မိဘဆရာ အသင်း အစည်းအဝေးမှာ တင်ပြတောင်း ဆိုဖူးတယ် ..။ ဒါပေမယ့် စဉ်းစားပေးပါမယ် ဆိုတဲ့စကားနဲ့ စာမလာ သတင်းမကြား ဖြစ်သွားရုံပဲ .. ကလေးတော် တော်များများက ကစားခုန်စား အားနည်းပုံရတယ်.. .။ တချို့ကျတော့ ဘာရယ်မဟုတ် လက်လက်ထ တွေ့ကရာနဲ့ကို အငြိမ်မနေနိုင်တာမျိုးလည်း ရှိတော့ ..။ သူကတော့ ဆရာဆိုတော့ မသိမသာ လွှတ်ပေးထားတတ်သည် ..။ ဆရာမတွေ လက်ထဲမှာတော့ ဒီကောင်တွေ တုတ်တုတ်မျှမလှုပ်ရဲ..။ ကျောင်းဆိုတာ စာချည်းပဲ သင်ရုံဆိုရင် ဘာတန်ဖိုးရှိမှာလည်း သူလည်း ဘာကောင်မှမဟုတ်တော့ အဲဒီလို မေးခွန်းမျိုးတွေကို တုံဏှိဘာဝေ လုပ်နေခဲ့တာ ကြာပြီ။
ဆရာကျောင်းလမ်းထိပ်မှာ ဂျူတီယူပေးပါဦးဆရာ ကျောင်းလွှတ်တော့မှာမို့တဲ့ ကျောင်းစောင့် အဘိုးကြီး လာပြောတော့ သူ့ အတန်းထဲက ကောင်တွေကို ငြိမ်ခိုင်းပြီး သူ  ကျောင်းလမ်းထိပ် မတ်တပ်ထွက် လမ်းသလားနေလိုက်သေးတယ်…။ ဆရာ ဆရာ.. တက္ကဆီ တစ်စီးပေါ်က အပြေးအလွှားလှမ်းခေါ်သံ ကြားတော့ လှမ်းကြည့်လိုက်တော့ … လားလား အောင်ကျော်မိုး.. အေး ..ဟကောင် တက္ကဆီတွေ ဘာတွေ မောင်းလို့ အခြေအနေမကောင်းဘူးလား … ဟုတ်တယ်ဆရာ .. အချိန်ရရင် ဆရာနဲ့ စကားပြောချင်လို့.. အေး ခဏတော့ စောင့်ဦးဟ ကျောင်းလွှတ်ပြီးမှ ငါ အားမှာ.. အခု ကလေးတွေ လွှတ်တာကို ခဏ စောင့်ရဦးမယ်..။ ပြောရင်းဆိုးရင်း အဖြူအစိမ်းလေးတွေက ဆူဆူညံညံ ပွက်လောရိုက် ထွက်လာတယ်.. ။ ကားတွေသေချာကြည့်ကူး  … ဟေ့ကောင်တွေ အိမ်တန်းတန်းပြန်နော်…။ တချို့ကလေးတွေက ဆရာ မင်္ဂလာပါ..  တချို့လည်း လက်ပိုက်ပြီး ခေါင်းငုံ့သွားကြတယ်..။ အခု ကလေးတွေက ကျွန်တော်တို့ထက် ပိုလိမ္မာသလိုပဲနော် အောင်ကျော်မိုးက လှမ်းပြောတယ် ..။ ကလေးဆိုတာ ကလေးပါပဲကွာ … ဆိုးတယ် မိုက်တယ် ရယ်လို့လည်း မဟုတ်ပါဘူး ဇွတ်အတင်းကြီး လိမ္မာနေပြန်လည်း မကောင်းပါဘူး.. သဘာဝအတိုင်း သွားနေတာ အကောင်း ဆုံးပဲ…။


ကဲ တပည့် မင်း ကိုအောင်မင်း လက်ဖက်ရည်ဆိုင်ကနေ စောင့်နေလိုက် .။ ဆရာ ရုံးခန်းမှာ လက်မှတ်ထိုးပြီး လာခဲ့လိုက်မယ်..။ ဟုတ်ကဲ့ဆရာ..။
သူ လက်ဖက်ရည်ဆိုင် ထဲ လှမ်းဝင်တော့ အောင်ကျော်မိုးက လက်လှမ်းပြသည်.. ခုံပုလေးဆွဲပြီး သူဝင်ထိုင်လိုက်တော့ ဆရာ ဘာသောက်မလည်း။ ရတယ် ကိုအောင်မင်း သိတယ်..။ သိပ်မကြာခင်ပဲ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုအောင်မင်းက ကျစိမ့် တစ်ခွက်နဲ့ ဆေးပေါ့လိပ်လာချပေးသည်..။ ဆရာ စီးကရက်သောက်ပါလား .. မသောက်ပါဘူးကွာ ဒီမှာလည်း စီးကရက်ရောင်းပါတယ် ဆေးပေါ့လိပ်က ငါနဲ့ကိုအောင်မင်း နှစ်ယောက်ပဲသောက်တာ..။ ပြောစမ်းပါဦး မင်းကိစ္စ မင်းမိန်းမနဲ့ကော အဆင်ပြေလား ကလေးကောရပြီလား.. ။ ကျွန်တော်ပြောချင်တာလည်း အဲဒါပါပဲ ဆရာ… ။ ကျွန်တော် အိမ်ထောင်ရေးက သိပ်အဆင်မပြေလို့ ဆရာ။ ဆရာသိတဲ့အတိုင်း ကျွန်တော် ကိုးတန်းနဲ့ မိန်းမခိုးပြေးပြီး ကျောင်းထွက် လိုက်တာ ဆရာမှတ်မိမှာပေါ့ ။ ကျွန်တော့် ကောင်မလေးနဲ့က ကျူရှင်မှာ တွေ့ပြီးကြိုက်တာ အဲဒီတုန်းက ကျွန်တော် ကလည်းသည်းသည်း သူကလည်း ကဲကဲ ဆိုတော့ နှစ်ယောက်လုံး ဆယ်တန်းတောင် မအောင်ဘူးလေ.. ။ အခု အဲဒီဒုက္ခကျွန်တော်ဘ၀ကို လှလှကြီးပေးတော့တာပဲ..။ ပြောရရင်တော့ အရှည်ကြီးပဲဆရာ ဆရာလည်း တချို့ဟာတွေ သိတန်သလောက်သိတယ်…။ ကျွန်တော့်အဖေ့ကလည်း ငယ်ငယ်ရွယ်ရွယ် မိန်းမယူလို့ ဒေါသပုန်ထပြီး ကျွန်တော့်ကို လုံးဝကို စကားမပြောတော့ဘူး.. အဖေက အမှန်ဆို သူ့လုပ်ငန်းမှာ ဦးစီးပြီး သူနေရာချထားပေးတာနဲ့ ယူစေချင်တာ..။ ကျွန်တော်ကလည်း ငယ်သေးတော့ ရောဂါသည်းပြီး ရူးရူးမိုက်မိုက်အိမ်ထောင်ကျ သွားတယ် ဆရာ.. ပထမတစ်နှစ်တော့ ဒုက္ခကချိုမြိန်သလိုပေါ့ ဆရာရယ် အားတွေမာန်တွေနဲ့ အချစ်ကလည်း သိပ်မခါးသေးဘူး..။ ဒါပေမယ့် ရက်တွေလတွေ ကြာလာတော့ အခြေအနေမှန်တွေ တဖြည်းဖြည်းပေါ်လာတယ် ဆရာ.. ။ ကျွန်တော့်အဖေကတော့ ကျွန်တော့်ကို လက်ခံမတွေ့ပေမယ့် လုပ်နိုင်ကိုင်နိုင်မယ့် ငွေလုံးငွေရင်းလေးတော့ ထုတ်ပေးလိုက်ပါတယ်..။ ဒါပေမယ့် ကျွန်တော့်မိန်းမဘက်က အမျိုးတွေနဲ့ ကောင်မလေးကပါ..  သမက်သူဠေးဆိုတဲ့ ပုံမျိုးလုပ်တော့ ကျွန်တော် ပိုက်ဆံလည်း အလုပ်မလုပ်ရဘူး ကုန်သွားတယ်..။ အခုတော့ သိပ်အဆင်မပြေလို့ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကားထွက်မောင်းနေရတာ … ဆရာ။  မိန်းမကလည်း ကျွန်တော့်ဘ၀ နိမ့်ပါးနေတော့ သိပ်မတည်ငြိမ်ချင်ဘူး ဆရာ။ စကားလည်း ခဏခဏများတယ် ။ ယောက္ခမအိမ်ပြန်မယ် ဆိုပြီး ခြိမ်းချောက်လို ခြိမ်းချောက်နဲ့..။ ကလေးလည်း မရသေးပေမယ့် ကျွန်တော်ဘ၀မှာ အမှားတစ်ခုကနေ နောက်တစ်ခု ထပ်မဖြစ်ချင်လို့ သည်းခံနေရတယ် ဆရာ..။ အဲဒါ အခု အိမ်ထောင်ရေးကို ရှေ့ဆက်သွားသင့် မသွားသင့် ကျွန်တော် စဉ်းစားနေတာ အဖြေမရလို့.. ဆရာနဲ့တွေ့တာ အတော်ပဲဖြစ်သွားတယ်..။


ဟ .. မင်းဟာက မဟုတ်သေးပါဘူး .. ဒါက ကလေးဘ၀  စာသင်ခန်းထဲမှာ မဟုတ်ဘူးလေ… ငါတို့ အဖြေမှားလည်း ဆရာက အဖြေမှန်ရှာပေးရမလို ဖြစ်နေပြီ..။ တချို့ ကိစ္စတွေမှာ အဖြေမှန် အဖြေမှားမရှိဘူးဟာ ..။ ဘာလို့လည်း ဆိုတော့ ဘ၀ဆိုတာ စာမေးပွဲစစ်နေတာ မဟုတ်လို့ပဲ..။ ဘ၀ဆိုတာ ပန်းချီဆွဲနေတာနဲ့ တူတယ်.. မင်းဆွဲချင်လို့ဆွဲတယ် .. ပြီးချင်လည်း ပြီးမယ် မပြီးချင်လည်း မပြီးဘူး ကောင်းချင်းလည်းကောင်းမယ် မကောင်းချင်လည်း မကောင်းဘူး ရောင်းချင်လည်း ရောင်းရမယ် မရောင်းချင်လည်း မရောင်းရဘူး..။ မင်းပန်းချီဆွဲချင်တယ် မင်းပန်းချီဆွဲတယ်..။ ဒါပါပဲ..။ ဘ၀ဆိုတာ အဖြေမှန်တွေကို လိုက်ရှာနေတာ မဟုတ်ပါဘူး ..။ ကျတဲ့ဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်ရုံပဲလို့ ဆရာထင်တယ်..။ ဒါပေမယ့် ဒါလည်း သိပ်မသေချာဘူး .. ဆရာက ဒဿနဆရာမှ မဟုတ်တာ.. ။ ဆရာသေချာသိတာ တစ်ခုရှိတယ် ဆရာလည်း ဘ၀ကို သေချာမသိဘူး ဆိုတာ ..။ မင်းအခုကားမောင်းတယ် မင်းခရီးသည်တွေ အကောင်းဆုံးဖြစ်ရင် မင်းလည်း တဖြည်းဖြည်းကျေနပ်လာလိမ့်မယ်..။ ဆရာအခု စာသင်တယ် ဆရာတပည့်တွေ အတွက် အကောင်းဆုံးဖြစ်အောင် သင်တယ်..။ အဲဒါဆို ဆရာ့ဘက်က ပြီးပြီပဲ… အရာအားလုံးက ကိုယ့်လက်တစ်နိုင်စာလေးကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ဖို့လောက်ပါပဲ…။ ရလဒ်အကြီးကြီးတွေကျတော့ အဖြစ်အပျက်တွေအများကြီးပေါ်မှာ အသေးစိတ် အခြေခံဖြစ်ပေါ်လာတာလေ..။ ဆရာတစ်ကိုယ်ရည် တစ်ကာယ ဘ၀နဲ့ မဆိုင်တော့ဘူး..။ ဟုတ်တယ်ဆရာ ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ တစ်ရက်ချင်းကို အဆင်ပြေကျေနပ်အောင် ရင်ဆိုင်နေထိုင်နေရတာပဲ.. တစ်ခါတစ်လေ ကျွန်တော်ဟာ ကျွန်တော်မဟုတ်သလို ခံစားမိလာရတယ်..။ အေး ဒီလိုပါပဲကွာ ငါလည်း အဲဒီလိုခံစားမှုတွေ ကြုံခဲ့ဖူးပါတယ်…။ ကဲ မင်းလည်းကားဆွဲတော့ ငါလည်း ရထားအမှီ ၀ှီလိုက်ဦးမယ်..။

ဂွီ... ဂွီ  မင်္ဂလာဒုံဘက်သို့ ရန်ကုန်မှ ထွက်ခွာမည့် အစုန်ရထားသည် အမှတ်(၃) စင်္ကြန် နံပါတ် ၅ ပလက်ဖောင်းပေါ်သို့ ဆိုက်ကပ်ပြီး မင်္ဂလာဒုံသို့ အချိန်အနည်းငယ်အတွင် ဆက်လက်ထွက်ခွာပါမည်...။ အမြဲတမ်း ကြားရတတ်တဲ့ အိပ်ချင်မူးတူး ကြေငြာချက်ကို စစ်ကြိုခေတ် လော်စပီကာနဲ့ နားထောင်ပြီး သကာလတော့ သူ ရထားပေါ်တက်ထိုင် လိုက်တယ်..။ အရင်ကလို မပြောင်းလဲတာ  ဒီရထားနဲ့သူပဲ ရှိပါလားလို့ မဆီမဆိုင် တွေးမိလိုက်သေးတယ်…။ ကျောင်းဆရာ ဒီနေ့နောက်ကျပါလား ဘေးကလူ အထုပ်အပိုးနဲ့ လူက လှမ်းနှုတ်ဆက်တော့ လက်ကို ဓားနဲ့ခဏခဏ လှီးပြပြီး သွေးတိတ်ဆေးရောင်းတဲ့ လူ… ဘယ်လိုလည်း ဒီနေ့ တွက်ခြေကိုက်ရဲ့လား၊  ထုံစံအတိုင်းပေါ့ ကျောင်းဆရာရယ် ဒီစကားကလည်း မပြောင်းမလဲ အတော်တော်ကြာကြာကတည်းက ခဏခဏ ကြားနေရတာ..။ ညနေက တပည့်ဟောင်း အကြောင်းကို ပြန်စဉ်းစားမိရင်း သူအတွေးက လွန်ခဲ့တဲ့ ၂၇နှစ်က အဖြူအမည်းကားချပ်တွေကို သတိရမိတယ် မန္တလေး တောင်ပေါ်က သူနဲ့ နွယ်ရဲ့ အဖြူအမည်း ဓါတ်ပုံလေး တစ်ပုံ သူမှာ အခုထိရှိတုန်းပဲ ..။ မန္တလေး မြိုမ သီချင်း မန်းဆရာ အတတ်သင် … စက်ဘီးလေးတွေ ညနေခင်းကျူံးဘေးက လေညှင်း ဘ၀ဟာလွမ်းစရာတွေချည်းပဲ ..။ လွန်ခဲ့တဲ့ နှစ်နှစ်က မန္တလေးရောက်တော့ ဆိုင်ကယ်တွေ စကတ်တိုတွေ ဂျင်းပင်တွေနဲ့ လူငယ်တွေကိုတွေ့ခဲ့သေးတယ်.. ။ သမီးက အိုင်အီးအယ်တီအက်စ် တို့ တိုဖလ်ယ်တို့ တက်ချင်တယ်ဆိုတော့ အဖေစုံစမ်းပေးခဲ့ပါမယ်..။ အဖေများသိမလားလို့တဲ့ အလယ်တန်း အင်္ဂလိပ်စာနည်းပြကို သမီးက သိပ်အထင်ကြီးပုံမရ..။ သူ့အမေကတော့ စီးပွားရေးသမားမို့ နင့်အဖေမေးကြည့်တဲ့ ရန်ကုန်မှာ တက်ရမှာဆို သိပ်မလွှတ်ချင်တဲ့ သဘောလည်းပါနေတယ်..။ ထားတော့ ဘ၀တွေဟာ ခြားသွားရင်.. တစ်ယောက်နဲ့တစ်ယောက် လမ်းကြောင်းတွေမှ မတူတော့တာ..။ သူလည်း အိမ်ထောင်ကျခါစကတော့ အဆင်ပြေအောင် ကြိုးစားမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲ… ဒါပေမယ့် ကျောင်းဆရာပေါက်စ လစာလေးနဲ့ ချစ်ခြင်းဟာ သိပ်ကြာကြာမခံပါဘူး အရည်ပျော်ကျသွားတာပဲ … သူဘာလို့ ကျောင်းဆရာဘ၀ကို ရွေးခဲ့တာလည်း .. တစ်ရွာလုံးမှ ပထဆုံး ဆယ်တန်းအောင်တာ သူဖြစ်နေရတာကို ရွာကိုစာပြန်သင်ဖို့… ရွာက လည်းအကုန်လုံးက သောင်းသောင်းဖြဖြ တက်တက်ကြွကြွ လေးလေး စားစား အားပေးခဲ့တာပဲ…။ ဆယ်တန်းမအောင်ပဲ ရွာကတက်လာတဲ့ သူသူငယ်ချင်းတစ်ချို့တောင် အီလည်လည်နဲ့ အောင်မြင်သွားကြတဲ့တယ် … သူကတော့ ရှင်းရှင်းလင်းလင်းကြီးကို ကျောင်းဆရာတစ်ယောက်ဘ၀မှာ ပီတိတွေနဲ့ နွယ်နဲ့သူ အိမ်ထောင်ရေးက သုံးနှစ်သာသာလေးမှာပဲ … ဇာတ်လမ်းဆုံးသွားတယ် … သမီးကို ပစ်ထားနိုင်ပေမယ့် မြေးအနှစ်ကိုတော့ မပစ်နိုင်တဲ့ ယောက္ခမ ကုန်သည်က သမက်ကိုထားပြီး … သမီးနဲ့မြေးကိုပဲ ခေါ်သွားနိုင်လောက်အောင် ပြတ်သားခဲ့တယ.်..။ အရင်ကတော့ စိတ်ထဲက တစ်သက်မုန်းမယ် ဆိုတဲ့ယောက္ခမကို အခုတော့ သူကျိတ်လေးစားမိနေပါတယ် … အားနာတာနဲ့  မပြတ်သားတာနဲ့ ဇဝေဇ၀ါနဲ့ ကျေးဇူးတရားနဲ့ … အရာရာကို တခြားသူစိတ်တွေကိုသာ ဦးစားပေးနားထောင်တတ်တဲ့အကျင့်က သူ့ကို ဆယ်ပေပါတ်လည် အခန်းလေးထဲမှာ အလင်းရောင်မှိန်မှိန်နဲ့ထားခဲ့ပြီလေ..။ သူကိုယ်သူ အကြောင်းတွေ ပြန်နားထောင်ဖို့ သူ့နားကတော့ သိပ်မကောင်းတော့ဘူး..။
ဘော်…ဘူ… ၁၆ဘူတာ မိုင်နှစ်ဆယ် နီးပါး ဖြတ်သန်းလာပြီးနောက်တော့ သူနေတဲ့ ဆင်ခြေဖုန်း ရပ်ကွက်လေးထဲကို ရောက်ရှိလာပါတယ်.. ။ မှောင်ရီပျိုးနေပြီ ဆိုပေမယ့် ကလေးတွေ ရှုပ်ထွေး နေတုန်း..။ လမ်းထိပ်က ဆိုက်ကားနင်းတဲ့ ၀င်းသော်က ဆရာကျွန်တော်လိုက်ပို့ပေးရမလား.. အေးငါ့ကိုတော့မပိုနဲ့ကွာ မင်းအားရင်ဆရာ့အတွက် ရှစ်ပါတ်ပြားလေး သွားဝယ်ပေး.. ပြီးရင် ဆရာ့အိမ်လာပို့လိုက် ဟုတ်ကဲ့ဆရာဆိုပြီး ၀င်းသော်ထွက်သွားတယ်..။ သူကလေးတွေကို နှုတ်ဆက် လမ်းသွားလမ်းလာ ကွမ်းယာဆိုင်မှာ ဆေးပေါ့လိပ်ထပ်ဝယ်ပြီး.. အိမ်လို့ခေါ်တဲ့ မြေစိုက် ဓနိမိုးတရံကာ အခန်းလေးကို လှမ်းဝင်လိုက်တယ်..။ နောက်ဘက်က အိမ်ရှင် ဒေါ်အေးသင်းက ကျောင်းဆရာပြန်လာပြီလား ဒီနေ့နောက်ကျတယ် … ဦးထွန်းမြတ်ကတောင် ထမင်းစားဖို့စောင့်နေသေးတယ်.. သူဒီနေ့ ပန်းရံကန်ထရိုက်တစ်ခု ထပ်ရလို့ အဲဒါ ကျောင်းဆရာလာရင် အတူသောက်မယ် လုပ်နေတာ ထမင်းလည်း ပိုချက်ထားတယ် ခဏနေ ပေတိုးနဲ့ ပို့ခိုင်းလိုက်မယ်… ဟာ ကျေးဇူးပါ ဒေါ်အေးသင်း ..။ ခဏနေတော့ ပေတိုးက ထမင်းနဲ့ဟင်းတွေ လာပို့တယ်… မီးပျက်နေလို့ ဘထ္ထရီ မီးချောင်းလေးထွန်းပြီး အမှတ်ခြစ်ရမယ့် အဖြေလွှာစာအုပ်ကိုဆွဲလိုက်တယ်… စိတ်ထဲမှာ နည်းနည်း မှုန်းမှိုင်းနေသလိုပဲ … အဖြေလွှာ တစ်ထပ်ကြီးကို စားပွဲဘေးချပြီး .. ပေတိုးလာပေးတဲ့ ထမင်းနဲ့ဟင်းကိုတင်လို.. သိပ်မကြာခင်ပဲ ၀င်းသော်က သတင်းစာလေးနဲ့အုပ်ပြီး လာပေးတဲ့ ပုလင်းကိုဖွင့်လိုက်တယ် … ၀င်သော်သောက်သွားဦးလေ ဆိုတော့ ဟာ အားနာပါတယ် ဆရာ ကျွန်တော်ဆိုက်ကားဆွဲ လိုက်ဦးမယ်… အေးအေး အဲဒါဆိုလည်း ပြီးရော… ။ ရေသန့်ဘူးကို ခါးလည်က ဖြတ်ပိုင်းလိုက်ရင် ခွက်ဖြစ်တယ်ဆိုတာ … ဘ၀မှာ တချို့လူတွေ သိပါ့မလား မသိဘူး… သူကတော့ ဘ၀မှာ မသိတာတွေ အများကြီးပေမယ့်..သောက်ပြီးသားရေသန့်ဘူးတွေကိုတောင် ခွက်တစ်ခုအနေနဲ့ အသုံးဝင်ချင်ဝင်နိုင်ဦးမှာပဲ တွေးတောမိရင်း…..


မိုးလှိုင်ည