ဒီတစ်ပါတ်တော့ ကျွန်တော်လည်း ခေတ်မှီမှီ ဆီးဂိမ်းအကြောင်းလေး ရေးချင်တဲ့ အာသီသဖြစ်လာပါတယ်။ အမှန်တော့ ကျွန်တော် ဆီးဂိမ်းကို သိပ်စိတ်မ၀င်စားပါ။ ဘာကြောင့်လည်း ဆိုတော့ ကျွန်တော်တို့ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေထဲမှာ ပြည်သူပါဝင်နိုင်တဲ့ အစိုးရဖြစ်ဖို့။ ကောင်းမွန်သောအစိုးရ သန့်ရှင်းသောအစိုးရ ပြည်သူဗဟိုပြုအစိုးရ ဖြစ်ဖို့ ပြုပြင်ပြောင်းလဲရေးများ၊ နောက်ပြန်ဆွဲတရွတ်တိုက် အခက်အခဲတွေ၊ စိန်ခေါ်မှုအသစ်တွေ ဓလေ့အမူအကျင့်ဆိုင်ရာ အစွဲချွတ်ရမှာတွေနဲ့ အများကြီးမို့ နိုင်ငံတွင်းမှာ ရှိတဲ့လူတိုင်းလူတိုင်းရဲ့ စိတ်အခြေအနေတွေ ဒီမိုကရေစီနဲ့ အံဝင်ဖို့အတွက် လုပ်ဆောင်စရာတွေ အများကြီးထဲမှာမှ ဆီဂိမ်းစ်လို့ ဒေသဆိုင်ရာ အားကစားပွဲတော်လေးကို စိတ်မရောက်ဖြစ်ပါဘူး။ နောက်ပြီး အာဆီယံက အားကစားအဆင့်အတန်းဟာ ကမ္ဘာအားကစားအဆင့်အတန်းကို မဆိုထားနဲ့ အာရှအဆင့်မှာတောင် လွှမ်းမိုးမှုသိပ်မရှိပါ။ ဒါကလည်း အကြောင်းအမျိုးမျိုးရှိပါလိမ့်မည်။ ဒါပေမယ့် အာဆီယံနိုင်ငံတွေဟာ အချင်းချင်း လှည့်ပါတ်ပြိုင်နေတာနဲ့ပဲ… အာဆီယံဥခွံ့ထဲက ရုန်းမထွက်နိုင်ဖြစ်နေခဲ့ပါတယ်။ 

            ကျွန်တော်တို့ နိုင်ငံဖြစ်ရပ်တွေကတော့ အခြားအာဆီယံနိုင်ငံတွေနဲ့ နည်းနည်းကွဲပြားပါတယ်။ ကျွန်တော်တို့က ရွှေရောင်အတိတ်ကနေ ပစ္စပ္ပုန် ဗလာကောင်ဘ၀ကို ခုန်ချလာခဲ့တာဖြစ်ပါတယ်။ မြန်မာတွေဟာ တစ်ချိန်ကတော့ အာရှမှာပါ ဦးဆောင်လွှမ်းမိုးခဲ့ပြီး ဒီနေ့တော့ အာရှရဲ့ ခေတ်အနောက်ကျဆုံး ပညာအနည်းဆုံး နိုင်ငံဖြစ်နေခဲ့ပါပြီ။ အာဏာရှင်စနစ်ဆိုးတွေနဲ့ တိုင်းပြည်ဟာ လွဲမှားတဲ့စီမံခန့်ခွဲမှုတွေကြောင့် ကိုယ့်ဥခွံ့ကျဉ်းကျဉ်းလေးထဲမှာပဲ ၀ါးလုံးခေါင်းထဲ လသာနေခဲ့ပါတယ်။ ကျွန်တော်သူငယ်ချင်း တစ်ယောက်ကပြောဖူးပါတယ် မင်းတို့ကလည်းကွာ ၀ါးလုံးခေါင်းထဲ သာတဲ့လလင်းပါတယ်လို့။ ကိုယ့်အမြင်နဲ့ ကိုယ်တော့လင်းနေတာပါပဲ။ ဒါပေမယ့် သြကာသလောကကြီးနဲ့ယှဉ်တော့ ကိုယ့်အလင်းဟာ ကိုယ့်ကိုယ့်တောင် အမှန်မမြင်နိုင်ဘူးထင်တာပဲ။ အဲဒီလိုနဲ့ အထွေထွေ နိုင်ငံရေးအကျပ်အတည်း တွေကြားမှာ မြန်မာ့အားကစားကကော ဘာသားနဲ့ထုထားတာမို့လည်း… သူလည်းကျွဲကူးရေပါ နိမ့်ကျလာရတာပဲပေါ့။ 

            ကျွန်တော်တို့ သမိုင်းတစ်လျှောက်လုံး ကျွန်တော်တို့ဟာ အရှုံးကိုသင်ခန်းစာယူဖို့ ၀န်လေးခဲ့တဲ့လူမျိုးပါ။ ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေကို ဘယ်တော့မှ အလေးမထားသလို အမြဲတမ်းလျှော့တွက်ခဲ့ကြပါတယ်။ အဲဒါကြောင့်လည်း သမိုင်းတစ်လျှောက်မဆုံးရှုံးသင့်ပဲ ဆုံးရှုံးခဲ့ရတာအများအပြားပါ။ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများနဲ့ နိုင်ငံတကာနဲ့ ပြန်လည်ဆက်သွယ်ဆက်ဆံရေး ကောင်းမွန်လာတဲ့ အချိန်နဲ့ပဲ တိုက်တိုက်တိုက်ဆိုင်ဆိုင် အာဆီယံ ဥက္ကဠရာထူးနဲ့ နှစ်ပေါင်းများစွာ လက်ခံမကျင်းပနိုင်ခဲ့တဲ့ အာဆီယံနိုင်ငံများရဲ့ အကြီးအကျယ်ဆုံး အားကစားပြိုင်ပွဲ ဆီးဂိမ်းကိုကျွန်တော်တို့ နိုင်ငံလက်ခံကျင်းပခွင့် ရခဲ့ပါတယ်။ ပထ၀ီနိုင်ငံရေးအရ ပြန်လည်အရေးပါလာတဲ့ မြန်မာနိုင်ငံကို အထီးကျန်ခေတ်နောက်ကျ နိုင်ငံအဖြစ် ကမ္ဘာကတစ်သီတစ်ခြားမဆက်ဆံ လိုတော့ပါဘူး။ ဈေးကွက်စီးပွားရေး အရဈေးကွက်အသစ်စက်စက် အနေအထားကြီးလက်မလွှတ်နိုင်တဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းဟာ လူဝင်ဆံ့ချင်နေတဲ့ မြန်မာခေါင်းဆောင်တွေကို လွယ်ကူသက်သာစွာနဲ့ပဲ စည်းရုံးနိုင်ခဲ့တယ်။ ကမ္ဘာ့စီးပွားရေးဖိုရမ်လိုမျိုး နေပြည်တော်လွင်တီး ခေါင်မှာ ကျင်းပနိုင်ခဲ့တာမျိုးပါ။ အခုလည်း ဆီးဂိမ်းစ်ကို ခမ်းခမ်းနားနား စည်စည်ကားကား တရုတ်ပြည်အကူအညီနဲ့ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ မြန်မာတွေအနေနဲ့ မခမ်းနားခဲ့တာကတော့ ပြိုင်ပွဲရလဒ်တွေပါပဲ။ 

            မြန်မာဟာ အရှေ့တောင်အာရှပွဲတွေမှာ  ရွှေတံဆိပ်အများဆုံးမရခဲ့သလို ယခုအိမ်ရှင်အဖြစ်လက်ခံ ကျင်းပတဲ့အခါမှာလည်း အဲဒီစံချိန်ကို ရိုးရာမပျက်ထိန်းသိမ်းထားခဲ့ပါတယ်။ နောက်တစ်ခု ထပ်ဆိုးတာက မြန်မာဘောလုံးအသင်းပါ။ မြန်မာတွေဟာ ဘောလုံးကို အရှေ့တောင်အာရှ နိုင်ငံတွေထဲမှာ အဆင့်အမြင့်ဆုံးကန်နိုင်ခဲ့တဲ့ တစ်ခုတည်းသော နိုင်ငံပါ။ အာရှအဆင့်မှာ ဒိတ်ဒိတ်ကျဲမြန်မာဘောလုံးအသင်းဟာ ဒီနေ့မှာတော့ ဒေသတွင်းမှာတောင် အဆင့်နိမ့်ဆုံးနိုင်ငံစာရင်းထဲ ရောက်နေပါတယ်။ ယခင် မြန်မာနဲ့ပြိုင်ဘက်တွေ ဖြစ်တဲ့ တောင်ကိုရီးယား၊ အီရန်လို နိုင်ငံတွေတောင် ကမ္ဘာဖလားအုပ်စုအဆင့်ထိ ၀င်ရောက်ယှဉ်ပြိုင်နေနိုင်ပြီဖြစ်နေပေမယ့်။ ဒီနေ့မြန်မာကတော့ ဒေသတွင်း ပြိုင်ပွဲတွေမှာ အသည်းအသန်ရုန်းကန်နေရဆဲပါ။ 

            ပြီးခဲ့တဲ့နေ့တွေက မြန်မာဘောလုံးအသင်းရဲ့ သမိုင်းတွင်ဖွယ်အရှုံးရလဒ်တွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ နှစ်ပေါင်းသုံးဆယ် ကျော်အနိုင်မရခဲ့တဲ့ ထိုင်းအသင်းကို မိမိအိမ်ကွင်း မိမိပရိတ်သတ်ရှေ့မှာ တစ်မှတ်ခွဲဝေယူပြနိုင်တာကို ၀င့်ကြွားလို့ မဆုံးနိုင်သေးခင်မှာပဲ ဆီးမီးဖိုင်နယ်တက်ဖို့ အရေးကြီးတဲ့ အင်ဒိုနီးရှားနဲ့ပွဲကို ရှုံးနိမ့်ခဲ့ပြီး။ နည်းပြချုပ်ရဲ့ တာဝန်ယူမှုကင်းမဲ့စွာ ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းတွေကို မသိလို့ပါ ဆိုတဲ့စကားနဲ့တင် ပွဲပြီးမီးသေဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီမီးက ဆိုင်းဘုတ်တွေ တက်လောင် အကျီတွေချွတ်ရှို့နဲ့ မြန်မာပရိတ်သတ်အတွက် ရင်နာမှာသိလျက်နဲ့ ဒီတစ်ခါများနိုင်မှာ လေလားမျှော်လင့်ချက်နဲ့ အားပေးမှုမလျော့ခဲ့ပေမယ့် နောက်တော့လည်း ဒုံရင်းအတိုင်းရင်ကွဲရတာ ပဲ အဖတ်တင် ကျန်ခဲ့ပါတော့တယ်။ မြန်မာ့အမျိုးသား ဘောလုံးအသင်းနဲ့ ဘောလုံးအဖွဲ့ချုပ်ဟာ တိုင်းပြည်ရဲ့ပိုက်ဆံတွေ ပြည်သူ့ဘဏ္ဍာတွေကို နှစ်ပေါင်းများစွာဖြုန်းတီးပစ်ခဲ့တဲ့ သုံးစားမရတဲ့အဖွဲ့အစည်း တစ်ခုပါပဲ..။ တကယ်နုတ် ထွက်သင့်တာက အားကစားဝန်ကြီးနဲ့ ဘောလုံးအဖွဲ့ချုပ် ဥက္ကဠကိုယ်တိုင်ပါပဲ။ ဒါပေမယ့်လည်း ဘယ်တော့မှ နုတ်ထွက်မယ့် ပုံစံလည်းမမြင်ပါဘူး ..။ မြန်မာတွေ ဘောလုံးမကန်တတ်လို့ ရှုံးတာမဟုတ်ပါဘူး ..။ မကန်တတ်တဲ့ လူတွေ ကွင်းထဲရောက်နေလို့ ရှုံးရတာပါ။ လက်ရွေးစင်ကို ဘယ်ကဘယ်သူတွေကို ဘယ်လိုရွေးမှန်းဘယ်တော့မှ မသိရတတ်တဲ့ မြန်မာ့လက်ရွေးစင်အသင်းဟာ ဘယ်တော့မှ အောင်ပွဲမရတာတော့ မထူးဆန်းပါဘူး။ ရပ်ကွက်အောက်ခြေအဆင့် ကျောင်းသားအဆင့်အထိ ပြိုင်ပွဲတွေမရှိပဲ ပီပြင်တဲ့ကြေးစားစနစ်မရှိပဲနဲ့ ..။ အဂတိလိုက်စားမှုတွေနဲ့ မြန်မာဘောလုံးဟာ အရှုံးသံသရာတွေထဲမှာ ၀ဲလည်နေဦးမှာပါ။

            အရှုံးထဲက အနိုင်ဆိုလို့ အမျိုးသမီးဘောလုံးအသင်းပါပဲ ဒီအသင်းကတော့ ဆီးမီးဖိုင်နယ်မှာ ပြိုင်ဘက်ထိုင်း အသင်းကို ခက်ခက်ခဲခဲ ရေကုန်ရေခန်းယှဉ်ပြိုင်ပြီး ပယ်နတီအဆုံးအဖြတ်နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ ရှုံးတာချင်းတူတာတောင် ရေကုန်ရေခန်း အားကြိုးမာန်တက် ကစားခဲ့လို့ အမျိုးသမီးအသင်းကို ပရိတ်သတ်အနေနဲ့ အပြည့်အ၀ချစ်ခင်ကြပါတယ်။ တတိယနေရာ လုပွဲမှာလည်း ပြိုင်ဘက်မလေးရှားအသင်းကို ပွဲပြီးချိန်အထိ မနားတမ်းဂိုးတရစပ်သွင်းပြီး ကစားခဲ့ပြီး တတိယကြေးတံဆိပ်ရယူခဲ့ပါတယ်။ တစ်နိုင်ငံလုံးရဲ့ အသည်းနှလုံးအဖြစ် အမျိုးသမီးဘောလုံးအသင်းဟာ အောင်ပွဲခံခဲ့ပါတယ်။ ဘောလုံးပွဲဟာ နိုင်နိုင် ရှုံးရှုံး အရေးမကြီးပေမယ့် … ပေးထားချက်နဲ့ မညီမျှ အားကြိုးမာန်တက်မရှိ လှဘူးဆိုရင်တော့ အားပေးတဲ့ပရိတ်သတ်ကို စော်ကားတာနဲ့ အတူတူပါပဲ။ ဒီဆီးဂိမ်းပြိုင်ပွဲကြီးဟာ သမ္မတကြီး လစာနဲ့ ကျင်းပတာမဟုတ်သလို၊ လွှတ်တော်ဥက္ကဠတွေ လွှတ်တော်အမတ်တွေ၊ ၀န်ကြီးတွေရဲ့ လစာနဲ့ ကျင်းပတာလည်း မဟုတ်ပါဘူး။ ဆီးဂိမ်းတစ်ခုလုံးရဲ့ ကုန်ကျစရိတ် ဆီးဂိမ်းစ်ရဲ့ အသုံးပြုတဲ့ငွေစာရင်းဟာ ပြည်သူဘဏ္ဍာ ပြည်သူ့အိတ်ကပ် ထဲကပဲ ကုန်ကျရတာပါ..။ အဲဒါကြောင့် ဆီးဂိမ်းမအောင်မြင်တာ ဆင်းရဲတဲ့ပြည်သူလူထုရဲ့ ပိုက်ဆံတွေ လွှင့်ပစ်လိုက်တာပါပဲ။ အဲဒီအတွက်အစိုးရ ၀န်ကြီးတွေနဲ့ တာဝန်ရှိသူတွေက ဘယ်လိုများတာဝန်ယူပေးမှာလည်း။ ပြည်သူတွေကိုယ်စား ကျွန်တော်တို့ကို ဖြစ်နိုင်ရင်ဖြေကြားပေးစေလိုပါတယ်။ ပြီးတာတွေ ပြီးပါစေ သင်ပုန်းတွေပဲ ချေလိုက်ရမှာပဲလား…။ ပညာရေး ကျန်းမာရေး လူနေထိုင်မှုအဆင့်အတန်း လုပ်ခလစာအနိမ့်ဆုံး ဖြစ်နေတဲ့ နိုင်ငံအတွက် အစိုးရမင်းများ အနာဂါတ်ကာလမှာ အသိတရားရပါစေလို့ပဲ ဆုတောင်းလိုက်ပါတယ်။

အောင်ပိုင်စိုး



            ပြီးခဲ့တဲ့ အပါတ် သောကြာနေ့က ကျွန်တော့် သူငယ်ချင်းတစ်ယောက်နဲ့အတူ ကျွန်တော် မော်တင်ဝါတန်း လမ်းထိပ်က လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်။ သူငယ်ချင်းက သူ ဆီးဂိမ်းဖွင့်ပွဲ တကူးတက သွားကြည့်တာ အဆင်မပြေတဲ့ အကြောင်းပြောပြနေတာ။ ၀င်ခွင့်လက်မှတ် ၀ယ်ယူဖို့ ခက်ခဲတာ။ ပွဲအတွင်းကားပါတ်စ်မပါလို့ ကားကို အဝေးကြီးမှာထားခဲ့ရတာ။ ဖွင့်ပွဲလာကြည့်တဲ့ လူအတော်များများလည်း ၀င်ခွင့်လက်မှတ် ကိစ္စကိုဘယ်အဖွဲ့ ကတာဝန်ယူမှန်း မသိတာမျိုး။ လမ်းညွှန်ဆိုင်းဘုတ်တွေ မြေပုံတွေ မရှိတာ။ တော်တော်များများ အဆင်မပြေတာကို ပြောပြပါတယ်။ စားသောက်ဆိုင်တွေ အလုံအလောက်မရှိတာ သယ်ယူပို့ဆောင်စနစ် ညံ့ဖျင်းတာတွေ အာဆီယံမိသားစုအ၀န်း အ၀ိုင်းကသိပ်လာမကြည့်တာကို သူငယ်ချင်းက ဖောက်သည်ချပါတယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းပေမယ့်လည်း ကွင်းထဲဖွင့်ပွဲ အခမ်းအနားက တရုတ်ပြည်က နည်းပညာအကူအညီ ခရိုနီတွေ တစ်ဝန်းတစ်ဝိုင်းနဲ့မို့ စည်စည်ကားကားတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံသား ဆင်းရဲသားတွေသာ မစားရ၀ခမန်း ပျားရည်နဲ့ ၀မ်းချတဲ့ ဒီလိုပွဲမျိုးဟာ တိုင်းပြည်အတွက် ဘာအကျိုးမှ မဖြစ်ထွန်းဘူး ဆိုတာ ကျွန်တော်က သဘောပေါက်ထားပါတယ်။ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူလူထုက စီးပွားရေးလေးတက်အောင် ၀င်ငွေလေးတိုးအောင် ဘာစွမ်းဆောင်ရည်မှ မရှိသေးတဲ့ အစိုးရတစ်ရပ် … အနိမ့်ဆုံး လုပ်ခလစာငွေလေးတွေတောင် နှာစေးနေတတ်တဲ့ အစိုးရရဲ့ ဆီးဂိမ်းကို ခမ်းခမ်းနားနားကျင်းပ ငွေဖြုန်းတာကို ကျွန်တော့်အနေနဲ့ သဘောမတူလှပါဘူး။ ဒါပေမယ့် ပြောချင်တာက ဆီးဂိမ်းအကြောင်းတော့ မဟုတ်သေးပါဘူး ။  
             

အဲဒီလို ကျွန်တော်တို့ အစိုးရမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေ စကားကောင်းနေတုန်း ကျွန်တော်တို့ လက်ဘက်ရည်ဆိုင် ထိုင်နေတဲ့ အနော်ရထာလမ်းပေါ်ကနေ ယာဉ်ထိန်းရဲတွေ၊ အရံမီးသတ်အနည်းငယ်နဲ့ ယာဉ်စည်းကမ်းတာ ၀န်လက်ပါတ်နဲ့ လူတစ်ချို့ ဖြတ်သန်းသွားပါတယ်။ ကျွန်တော်တို့လည်း လက်ဖက်ရည်သောက်နေရာကနေ လှမ်းကြည့် မိတယ် ယာဉ်တိုက်မှုဖြစ်တာလား ဘာလားပေါ့။ ဒါပေမယ့် နောက်ကနေ ကရိန်းယာဉ်နဲ့ မော်တော်ကားတင်တဲ့ ယာဉ်ပါတွေ့တော့မှ စည်းကမ်းမဲ့ယာဉ်တွေ လိုက်လံထိန်းသိမ်းဖို့ လာတာဆိုတာ သဘောပေါက်လိုက်ပါတယ်။ ဒီအထိကတော့ ပုံမှန်ပါပဲ။ အဲဒီလိုသွားနေတုန်း မှာပဲ လူတစ်ယောက်က မလှမ်းမကမ်းမှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေ အဖွဲ့တွေကိုမြင်နေရဲ့သားနဲ့ လမ်းပေါ်မှာ သူယာဉ်ကို အလျားလိုက် ပါကင်မထိုးပဲ ရပ်လိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ တလွဲစေတနာက သိတဲ့အတိုင်း အဲဒီလို သတိလှမ်းပေးကြပါတယ်။ ရှေ့မှာလိုက်ဖမ်းတဲ့ အဖွဲ့ရှိတယ် ကားကိုပါကင်ထိုးလိုက်ပါလို့ ..။ မနက်စောစောဖြစ်တဲ့အတွက် ကားပါကင်လည်း သိပ်မကျပ်ပါဘူး တစ်ဖက်လမ်းမှာဆို ပါကင်ထိုးဖို့ နေရာခပ်ကျယ်ကျယ် ရှိနေပါတယ်။ ကျွန်တော်တို့ ဇဝေဇ၀ါနဲ့ ဒီလူရဲလှချည်လားလို့။ ကားစည်းကမ်းတကျ မရပ်ရင် ဒဏ်ငွေတစ်သိန်းနဲ့ ထောင်ဒဏ်အပြစ်ပေးမယ်လို့တောင် အစိုးရကကြေငြာထားတာ။ သူပြန်ပြောတဲ့ စကားကြားရတော့မှ ပိုစိတ်ညစ်ညူးရပါတော့တယ်…။ ဒါတစ်လမ်းမောင်းကြီးဗျ ဒီလူတွေနောက်ပြန်လှည့်လာလို့ မရဘူး..။ သူကိုယ်သူ ပညာရှိလေသံနဲ့ အမြင်ကတ်လောက်အောင် ကြားရပါတယ်။
            ကျွန်တော်တို့ အရင်ခေတ်တို့က ဆိုင်းဘုတ်အနီကြီးတွေ လမ်းဆုံလမ်းခွတွေမှာ တွေ့ရတတ်ပါတယ်။ စည်းကမ်းရှိမှ တိုးတက်မည်။ ဆိုတဲ့ စာသားမျိုးတွေပါ။ အဲဒီခေတ်တုန်းကလည်း စည်းကမ်းက ဆိုင်းဘုတ်ပေါ်မှာပဲရှိတာပါ။ အခုကော ဒီမိုကရေစီ သို့သွားရာလမ်းမှာ စည်းကမ်း၊ ဥပဒေတွေကို စာအုပ်ထဲမှာပဲ ထားမယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ ဥပဒေတွေ စည်းကမ်းတွေ ရှိလာမှာမဟုတ်ပဲ.. ကျွန်တော်တို့ ရဲ့အခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရမှာပါပဲ။ လူတစ်ယောက်က စည်းကမ်းဖောက်ဖျက်တယ် ဆိုတာ တခြားသူတွေအပေါ်ကို အခွင့်အရေးယူတာပါ ဒါမှမဟုတ် တခြားသူတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်တားဆီတာပါ။ အဲဒါအမူအကျင့်ကို လူအုပ်စုတစ်စုက လူအများစုကြီးပေါ် ကျင့်သုံးတာက လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သွားပြီးတော့၊ ရက်စက်ပြီးအကျည်းတန်တဲ့ ပြစ်မှုတွေဖြစ်သွား တတ်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေအားလုံး ဒီမိုကရေစီနိုင်ငံအားလုံး နီးပါးမှာအခွင့်အထူးခံ ဆိုတဲ့လူတန်းစားမရှိဘူး ဆိုတာကိုတွေ့မြင်ရပါတယ်။ အဲဒီအခြေခံအမြင်ကို လက်ခံတတ်ရင် ငါတို့ကလည်တယ်၊ ငါတို့လိုက်ရှင်းနိုင်တယ်၊ ငွေရှိတယ်၊ လူကြီးရှိတယ်၊ အဘနဲ့သိတယ် ဆိုတဲ့အထာမျိုးတွေ ကျွန်တော်တို့ မတွေ့ချင်မမြင်ချင်တော့ပါဘူး။ သမ္မတကနေ လမ်းဘေးတောင်းစားတဲ့ လူအထိ နိုင်ငံသားဖြစ်မှုက အတူတူပါ။ နိုင်ငံအပေါ် အကျိုးပြုမှုပေါ်အလိုက် သူ့ရဲ့ ထည်ဝါမှု သူ့ရပိုင်ခွင့် သူ့ဂုဏ်သရေကွာခြားသွားမှာပါ။


            တလောကတင် ညဘက် အရှိန်ပြင်းစွာ လမ်းပြောင်းပြန်မောင်းနှင်တဲ့ ယာဉ်တစ်စီးကြောင့် မျက်နှာချင်းဆိုင်က လာတဲ့ ယာဉ်ရဲ့ ယာဉ်မောင်းနဲ့ ဘေးနားထိုင်လိုက်တဲ့သူကော လမ်းပြောင်းပြန်ယာဉ်မောင်းကော သေဆုံးသွားတဲ့ ယာဉ်တိုက်မှုတစ်ခု ရန်ကုန်မြို့လယ်မှာ ဖြစ်သွားတယ်လို့ ကြားလိုက်ရပါတယ်။ စိတ်မသက်သာစရာပါ..။ လမ်းစည်းကမ်း ယာဉ်စည်းကမ်း ဖောက်ဖျက်လိုက်ရင် အဲဒါဟာ မိုက်ရူးရဲဆန်တဲ့ အရူးထမှုတစ်ခုသက်သက်သာ ဖြစ်ပြီး။ အဲဒီအတွက် တခြားအပြစ်မဲ့သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေပါ လိုက်လံထိခိုက်ဆုံးရှုံးစေပါတယ်။ အဲဒီအပြုအမူမျိုးတွေကို ကျွန်တော်တို့ မကြာခဏကြားနေရတာ တော်လောက်ပြီလို့ထင်ပါတယ်။ ကျွန်တော် ဟိုတစ်ပါတ်က ရေးခဲ့သလို ကမ္ဘာပေါ်မှာ တစ်နေ့တစ်နေ့ ယာဉ်တိုက်မှုကြောင့် လူ ၂၇၀၀ကျော်လောက် သေတယ်ဆိုရင် စစ်ပွဲတွေကြောင့် သေတာနဲ့ ထပ်တူထပ်မျှ ဒါမှမဟုတ် ယာဉ်တိုက်မှုကြောင့် သေဆုံးရတဲ့လူတွေက ပိုတောင်များနေမှာမလားပဲ။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီသေဆုံးတဲ့ ယာဉ်မတော်တဆမှုတွေက ဆင်းရဲတဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ အများဆုံးဖြစ်တာမို့ပါ။ 


            အဓိကယာဉ်ပိုင်း လမ်းပိုင်းအခက်အခဲ ရှိတယ်ဆိုရင်တောင် ကျွန်တော်တို့ … စည်းကမ်းပိုင်းကို အရေးအကြီး ဆုံး လိုက်နာသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော် သူငယ်ချင်း ကိုနေဘုန်းလတ် ပြောဖူးတာ သတိရတယ်။ သူထောင်က လွတ်လာတော့ နယ်မြို့တွေနဲ့ နိုင်ငံအနှံ့ တော်တော်များများမှာ သူ ပညာရေးသင်တန်းတွေ ဟောပြောပွဲတွေ တော်တော် များများ လိုက်ပြောရတယ်။ နယ်တွေနဲ့ နေရာအတော်များများမှာ ပြည်သူလူထုကို ဥပဒေတွေ စည်းကမ်းတွေ လိုက်နာဖို့ လိုတယ်လို့ ပြောရရင် ငါ့ကို အစိုးရဘက်လိုက်သွားတာ လာလို့ထင်ကြတယ်လို့ ပြောကြတယ်။ ဘာကြောင့်လည်း ဆိုတော့ အရင်အစိုးရ အဆက်ဆက်ဟာ ဥပဒေတို့ စည်းကမ်းတို့ဆိုတာကို ပြည်သူတွေကို ဖိနှိပ်ဖို့ နှိပ်ကွတ်ဖို့အသုံးပြုခဲ့တာ ကြောင့်ပါပဲ။ အဲဒါကြောင့် ပြည်သူလူထုအများစုက ဥပဒေတို့ စည်းကမ်းတို့ မလိုက်နာတဲ့အပြင် တခြားနည်းလမ်းဖြစ်တဲ့ လာဘ်ပေးမှုတို့ အာဏာရှိသူကို ပံ့ပိုးတာတို့ ထောက်ပံ့ကြတဲ့နည်းလမ်းမျိုးတွေနဲ့ ဖြေရှင်းကြပါတယ်။ အဲဒီအကျင့်ဆိုးတွေက ကျွန်တော်တို့ကို အခုထက်ထိလွှမ်းမိုးနေဆဲပါ အဲဒီလိုဖြစ်တာတွေကို ကျွန်တော်တို့က စည်းကမ်း၊ ဥပဒေတွေကို ထိန်းသိမ်းဖို့ တန်ဖိုးထားဖို့ နည်းလမ်းတွေက အရေးယူမှုအပြစ်ပေးမှု၊ ပြစ်ဒဏ်တွေတိုးမြှင့်မှုတွေနဲ့ တင်ဖြေရှင်းလိုမရပါဘူး၊ အသိပညာပေးမှု၊ ပြဠန်းဥပဒေတွေ ရိုးဖြောင့်ဖို့၊ တရားဥပဒေဟာ မျှတတယ်ဆိုတာ လူထုလူတန်းစားအားလုံး သိမြင်နားလည်နိုင်ဖို့ စံနမူနာပြဖြစ်မှုတွေရှိပါတယ်။ အရင်ခေတ်ကလို ဖမ်းချင်တဲ့လူကို ဖမ်းချင်တဲ့အခါ ဥပဒေအထက်မှာ ဘယ်သူမှတက်မနေရဘူးဆိုတဲ့ စကားကိုသုံးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျွန်တော်သူငယ်ချင်း တစ်ယောက်ကနောက်ပါတယ် ဥပဒေအထက်မှာ ဘယ်သူမှတက်မနေရတဲ့ ဥပဒအောက်မှာလည်း ဘယ်သူမှမရှိပါဘူးကွာတဲ့…။ ဥပဒေက သက်သက် လူတွေကသက်သက်ပါတဲ့။ အဲဒီလို နေ့တွေပြန်မရောက်ဖို့ လူတိုင်း ကိုယ်စီကိုယ်ငှ စည်းကမ်းရှိကြဖို့ လိုမယ်ထင်တာပဲ..။

အောင်ပိုင်စိုး
           



မူးရင် မမောင်းနဲ့။ ဒီစကားလေးက ရိုးရိုးရှင်းရှင်းလေးပါ။ အမိန့်ပေး စည်းကမ်းပါ။ ဘယ်လိုအကြောင်းပြချက်နဲ့ မှချိုးဖောက်ပိုင်ခွင့်မရှိပါဘူး ..။ ဒီအကြောင်းလေးကို ရေးဖို့ အကြောင်းရင်း ဖန်လာတာ ပြီးခဲ့တဲ့ အမျိုးသားနေ့ကပါ။ အမျိုးသားနေ့ ဆိုတာကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ လွတ်လပ်ရေး လမ်ကြောင်းအတွက် အရေးကြီး ၁၉၂၀ မှာ တက္ကသိုလ်ကျောင်းသား သပိတ်မှောက်ကြတဲ့ တန်ဆောင်မုန်း လပြည့်ကျော် ၁၀ရက်နေ့ကို အမျိုးသားနေ့ အဖြစ်သတ်မှတ် ခဲ့ကြတာပါ။ တနိုင်ငံလုံး ရှိကျောင်းသားတွေ သပိတ်မှောက်ပြီး အမျိုးသားကျောင်းတွေ အမျိုးသားတက္ကသိုလ်တွေ ပေါ်ထွန်းလာတဲ့အထိ ကိုလိုနီစနစ်ကို ဆန့်ကျင်တိုက်ခိုက်ကြတဲ့ သပိတ်မှောက်ကျောင်းသား တွေတော့ ဒီနေ့မှာ သက်ရှိထင်ရှားမရှိကြတော့ပါဘူး။ အခုတော့လည်း လူတွေရဲ့ အားလပ်ရက် တစ်ခုလိုပဲ အများစုက မေ့မေ့လျော့လျော့ ဖြတ်သန်းနေကြပါပြီ။

ကျွန်တော်တို့လည်း ထုံးစံအတိုင်း အမျိုးသားနေ့ကို အောက်မေ့ဖွယ်ထက် ကျွန်တော်တို့မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို တက်ရောက်ပေးခဲ့ရပါတယ်။ သူအတွက် နောက်ဆုံး လက်ဖွဲ့ပစ္စည်းတွေနဲ့ အိမ်အရောက်လိုက်ပို့အပြီး ကျွန်တော်တို့ မဆုံတာကြာပြီဖြစ်တဲ့ မိတ်ဆွေသုံးယောက် ဘီယာဆိုင်တစ်ဆိုင်ဝင်ပြီး စကားစမြည်ပြောကြပါတယ်။ အားလပ်ရက်ဖြစ်တာကြောင့် အေးအေးလူလူ ညနေစောင်းလေးကတည်းက ထိုင်ကြပါတယ်။ ကျွန်တော်တို့ဘေးဝိုင်းမှာ အသက်ငါးဆယ်အရွယ် လူကြီးနှစ်ယောက် အေဘီစီ စတောက်တွေ သောက်နေကြတယ်။ ကျွန်တော်တို့ မရောက်ခင်ကတည်း သူတို့သောက်နေကြပုံရပါတယ်။ သူတို့ကိုကြည့်ရတာ ပုံပျက်နေပါပြီ။ လူငယ်တွေမဟုတ်တဲ့ အတွက် ကျွန်တော်တို့လည်း သိပ်ဘာမှမပက်သက်တဲ့ အတွက် စိတ်ဝင်တစားတော့ မဖြစ်ပါဘူး။ ဒါပေမယ့် ကျွန်တော်တို့ ထိုင်ပြီးနာရီဝက်လောက်ကြာတော့ သူတို့ဝိုင်းရှင်းတယ်။ လူနှစ်ယောက်တည်းကို ခွက်နှစ်ဆယ်ကျော်လောက်သောက် ထားတော့ သူတို့သောက်နေတာ တစ်ယောက် ဆယ်ခွက်ကျော်ဖြစ်နေပါပြီ။

ပြဿနာက အထမှာစတာပါ ..။ သူတို့နှစ်ယောက်လုံး ပုံမှန်ခြေလှမ်းမဟုတ်တော့ပါဘူး။ သူတို့က တက္ကဆီတစ်စီးပေါ် နှစ်ယောက်လုံးခေါင်းခန်းက တက်လိုက်ပါတယ်။ အဲဒီတော့မှာ တက္ကဆီမောင်းတဲ့သူနဲ့ သူငယ်ချင်း လာသောက်ကြတာပဲ။ ခက်တာက သူတို့ ပါကင်ထိုးတာ ကျပ်နေပါတယ်။ ကျွန်တော်တို့ကားက သူတို့နောက်မှာ ပါကင်ထိုးထားပြီး ရှေ့မှာ မက်တူးရွှေငါး တစ်စီးရှိပါတယ်။ ရှေးတိုးနောက်ငင် ပါကင်က ထွက်ရမှာပါ။  အဲဒီလိုထွက်ရင်းနဲ့ ရှေ့က မက်တူးရွှေငါးရဲ့ နောက်ဘန်ပါကို သွားနမ်းမိပါတော့တယ်။ ကားပိုင်ရှင်မရှိချိန်မို့ ဘယ်သူမှ ဂရုမထားမိပေမယ့် ကျွန်တော်သူငယ်ချင်း သူကား ခေါင်းလေးကို ဖင်နဲ့ပေါက်မှာဆိုးလို့ ထသွားပြီး ဦးလေးပါကင်ထွက် ပေးရမလားလို့ ပြောပါတယ်။ မူးနေတဲ့အချိန်လည်းဖြစ်တော့ ညီလေး အစ်ကို့လိုင်စင်သက်တမ်း ဘယ်လောက်ရှိပြီ ဘာညာနဲ့ ကျွန်တော့် ဘော်ဒါကိုဘုတောပါတယ်။ ကျွန်တော်တို့လည်း ရင်တမမနဲ့ သူဆုတ်တာကိုကြည့်ပြီး လန့်နေရပါတယ်။ ထပ်ပြီး အထိအခိုက် မရှိပဲ ထွက်သွားတော့မှပဲ သက်ပြင်းချနိုင်ပါတယ်။ ဒါတောင်မှ သူ့အရှိန်နဲ့ ဇွတ်မောင်းသွားတာကို ကြည့်ပြီး ရင်မောနေရပါသေးတယ်။ ကျွန်တော်က မိတ်ဆွေကို ခင်ဗျား ပါကင်ထွက်ပေးရမလား ပြောတာကို အဖိုးကြီးက စိတ်ဆိုးသွားပုံရတယ်လို့ ပြောတော့ ကျွန်တော်မိတ်ဆွေကလည်း ဟုတ်လောက်တယ်ဗျာ။ ဒါပေမယ့် အသက်ကကြီးပြီ အခုထိ မလိမ္မာသေးဘူးဆိုတော့ ဒီလူ့ဘ၀က နှမြောစရာလို့ ရေရွတ်နေပါတယ်။

ကျွန်တော်တို့ ငယ်ဘ၀တုန်းကလည်း အဲဒီလိုအဖြစ်အပျက် ဖြစ်ခဲ့ဖူးပါတယ်။ တစ်ညသားပေါ့ ကျွန်တော်တို့ သူငယ်ချင်းတွေ ကဗျာတွေစာတွေ အချင်းချင်းရေးကြတဲ့ သူငယ်ချင်းတွေ စုပြီးအရက်သောက်ကြပါတယ်။ ကျွန်တော်တို့က အသောက်သမားတွေကြီးပဲဆိုတော့ ဗေါ့ကာလိုခပ်ပြင်းပြင်း အရက်မျိုးတွေသောက်ကြပါတယ်။ ငွေရေးကြေးတတ်နိုင်တဲ့ သူငယ်ချင်းတစ်ယောက်က အုပ်စုလိုက်အရက်သောက်မယ်ဆိုရင် ဗေါ့ဒကာ အရက် သုံးလုံးလောက် ယူလာကြပါတယ်။ အဲဒီအချိန်တော့က အားလုံး လူပျိုတွေချည်းပဲဆိုပြီး လွတ်လွတ်လပ်လပ် ရုံးပိတ်ရက်တွေမှာ မိုးအလင်းသောက်တတ်ကြလေ့ ရှိပါတယ်။ အဲဒီ့ညကလည်း သူငယ်ချင်းငါးယောက်လောက် သောက်နေတုန်း မော်လမြိုင်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်ပြီးလှမ်းစပါတယ်။ ငါတို့တော့သောက်နေပြီး မင်းအစားပိုသောက်လိုက်ပြီ ဘာညာနောက်ကြရင်းနဲ့။ တစ်ယောက်က အခု ငါတို့မင်းဆီကားနဲ့ ထွက်လာပြီ ဘာညာ စကားသွားစတယ် ။ ဟိုဘက်ကလူကလည်း နောက်တယ်ဆိုတာ သိတော့ မင်းတို့အခုချက်ချင်း လာရင် ငါ ဒကာခံမယ် ဘာညာ ပြန်စပါတယ်။ အဲဒီက စလိုက်တာ အခုသွားမယ် ဘယ်သူသွားမယ် မလိုက်ရဲ့တဲ့ကောင် သတ္တိမရှိလို့ဆိုပြီး တစ်ယောက်တစ်လှည့် စကြနောက်ကြရာက ကားပါတဲ့သူငယ်ချင်းကလည်း ညနေကမှ ဆီအပြည့်ထည့်ထားတယ် ဆိုပြီးတော့ … ကျွန်တော်တို့ရဲ့ ရန်ကုန်မော်လမြိုင်ခရီးစဉ်ကို တာမွေအ၀ိုင်းထိပ်ကနေ ည ၁၀နာရီခွဲကနေ စတင်ပါတော့တယ်။ မူးကလည်း မူးနေတော့ သူငယ်ချင်းတွေ စလိုက်နောက်လိုက် သီးချင်းတွေအကျယ်ကြီးဖွင့်လိုက်နဲ့ ကားကို အမြန်မောင်းလိုက်နဲ့ပေါ့။ ရန်ကုန်မြို့ပြင်ရောက်ပြီး လမ်းခရီးမှာ နှစ်ဆိုင်လောက် ဘီယာဝင်သောက်နေပါသေးတယ်။ 

            အဲဒီလိုနဲ့ သံလွင့်တံတားထိပ်ရောက်ပြီး တံတားမဖွင့်လို့ အိပ်စောင့်နေရင်း တံတားဖွင့်ချိန်ရောက်တော့မှ အမူးလည်းပြေ နောင်တလည်းရနေပေါ့။ ကျွန်တော်တို့ကို လာခေါ်တဲ့သူငယ်ချင်းကလည်း အံအားတကြီးပေါ့။ အဲဒါနဲ့ မော်လမြိုင်မြို့ထဲမှာ မနက်စာစား ဗျူးပွိုင့်လေးတက်ကြည့်ပြီး တစ်ယောက်ပြီးတစ်ယောက် အရေးကြီးတဲ့ အလုပ်ရှိသေးတာ ကောင်မလေးနဲ့ချိန်းထားတာ အင်တာဗျူး လုပ်ဖို့ရှိတာ စာမူပေးဖို့ ရှိတာ။ အဲဒီလိုနဲ့ မော်လမြိုင်မြို့ပေါ်ကို ၂နာရီ အလည်အပါတ်ခရီးကနေ ရန်ကုန်ကိုပြန်ချီတက်လာပါတော့တယ်။ အပြန်လမ်းကတော့ အသွားတုန်းကလို စကာသံတွေ ဆူညံမနေတော့ပါဘူး အားလုံးတိတ်ဆိတ်နေပါတယ်။ လမ်းကွေ့ ကုန်းတက်ကုန်းဆင်းတွေ ကြည့်ပြီး အဝေးပြေးကားတွေ အရှိန်နှုန်းမြင့်မြင့် မောင်းသွားတာတွေ ကြည့်ပြီး ငါတို့ ညက ဘယ်လိုလာခဲ့ကြသလဲ ဆိုတာ တွေးမိပြီး ကြောက်လန့်သွားမိပါတယ်။ ကျွန်တော်သူငယ်ချင်း ယာဉ်မောင်းတဲ့လူက ငယ်ငယ်ကတည်း မော်တော်ယာဉ်မောင်းတာ မို့ ကျွမ်းကျင်မှုက ယုံကြည်စိတ်ချလို့ရပေမယ့်။ လမ်းပေါ်မှာ အခြေအနေနဲ့ အဖြစ်အပျက်တွေ စိတ်ချလို့မရပါဘူး။ အရက်သောက်ထားတဲ့အတွက် ဆုံးဖြတ်ချက်က စက္ကန့်ဝက်လောက်လေး မှားယွင်းလိုက်တာနဲ့ ကျွန်တော်တို့ကော တခြားလူတွေပါ ထိခိုက်သေကြေပျက်ဆီးသွားနိုင်ပါတယ်။

မူးရင်မမောင်းနဲ့ လို့ တားမြစ်ထားတဲ့ အမိန့်ရှိပေမယ့်၊ ကျွန်တော်တို့ နိုင်ငံမှာ အဲဒါကိုဖမ်းဆီစစ်ဆေး တဲ့အလေ့အထ မရှိပါဘူး။ အရက်မူးတိုင်းကရိယာနဲ့ စစ်ဆေးပြီး ဖမ်းဆီးတာ အပြစ်ပေးတာ ဒဏ်ရိုက်တာ မရှိသလောက်ပါပဲ။ နောက်တစ်ခု အရက်လိုပဲ အန္တာရယ်ကြီးတာ မူးယစ်ဆေးဝါးပါ အရက်လို ပုံစံမပျက်သလို အနံ့လည်း မထွက် တိုင်းတာဖို့လည်း ခက်တာပါ။ ချမ်းသာအ၀န်းအ၀ိုင်းကြားမှာ အဲဒီပြဿနာတွေရှိနိုင်ပါတယ်။ အဓိကက လူငယ်တွေမှာ အဖြစ်များနိုင်ပါတယ်။ မူးယစ်ဆေးဝါးကလည်း ဆေးဝါးပုံစံမျိုးစုံနဲ့ အသွင်မျိုးစုံပြောင်းပြီး ရောက်ရှိလာတတ်ပါတယ်။ ကျွန်တော်တို့ အခုခေတ်မှာတော့ စစ်ပွဲကြောင့် သေတာထက် ယာဉ်မဆင်မခြင် မောင်းနှင်မှုတွေကြောင့် သေဆုံးရတာ ပိုများလာခဲ့ပါပြီ။ တလောကပဲ သတင်းထောက် လူငယ်တစ်ယောက် ဆုံးသွားတာကို နှမြောစိတ်နဲ့ ခံစားရပါတယ်။ လူငယ်တွေ အရွယ်မတိုင်ခင် ယာဉ်မဆင်မခြင်မှုကနေ အသက်ဆုံးရတာ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။ အဲဒါကြောင့် မူးရင် လုံးဝ လုံးဝ ယာဉ်မမောင်းရ တင်းတင်းကျပ်ကျပ် တားမြစ်စေချင်ပါတယ်။


အောင်ပိုင်စိုး






            ပြီးခဲ့တဲ့ နိုဝင်ဘာလ ၃၁မှာ ဘုရင့်နောင်လမ်းဆုံက နှစ်ထပ်တံတားမှ တံတားတစ်စင်းကို မော်တော်ယာဉ်များ ဖြတ်သန်းခွင့် ပြုလိုက်ပြီဆိုတဲ့ သတင်းကို ကျွန်တော်နေ့စဉ်ထုတ် သတင်းစာတွေမှာ ဖတ်လိုက်ရပါတယ်။ အဲဒီကမှ အတွေး ဆင့်ကဲပြီး ယာဉ်ကျောပိတ်ဆို့မှုတွေကြောင့် အစိုးရသစ်ဟာ လမ်းငါးခွဆုံတွေမှာ ကုန်းကျော်တံတားတွေ တည်ဆောက်နေပါတယ်။ စပြီးမဆောက်ခင်ကတည်းက မီဒီယာတွေမှာ ခြောက်လအတွင်း ကုန်းကျော် လေးစင်း တံတားတွေ အပြိုင်ဆောက်မယ်လို့ အစိုးရသစ်တွေကြွားဝါခဲ့ဖူးပါတယ်။ တကယ်တမ်းကျတော့လည်း နှစ်နဲ့ချီကြာမြင့်အောင် ဆောင်ရွက်ခဲ့ရတာပါပဲ။ အစိုးရသစ်ရဲ့ လေးနှစ်သက်တမ်းလောက်မှ ကုန်းကျော်တံတားတွေ ပီပီပြင်ပြင် ပေါ်ပေါက်လာပါတယ်။ 

            ရွှေဂုံတိုင်ကုန်းကျော် တံတားလည်း ကိုးဆယ်ရာခိုင်နှုန်းပြီးစီးပြီ ဆိုပြီလာမယ့် နိုဝင်ဘာမှာ ဖွင့်လှစ်နိုင်မယ် ဆိုတဲ့ သတင်းလည်း ဖတ်ရပါတယ်။ ဒါပေမယ့် ကုန်းကျော်တံတားတွေ တော်တော်များများဟာ ရှည်းလျားကွေ့ကောက်လွန်းပြီး တံတားတည်ဆောက်မှုတွေဟာ ခေတ်နောက်ကျနေတဲ့ ဒီဇိုင်းပုံစံအတိုင်းဖြစ်ပြီး အန္တရာယ်များတဲ့ တံတားကွေ့တွေ ဖြစ်နေပါတယ်။ ယခင်အစိုးရလက်ထက်က ဆောက်ခဲ့ပြီး လမ်းပိုင်းဆိုင်ရာ တည်ဆောက်မှု အန္တရာယ်တွေ ရင်ဆိုင်ကြုံတွေ့ နေရတဲ့ တံတားတွေကို ကျွန်တော် အန္တရာယ်တံတားကွေ့များ ရယ်လို့ High Speed ဂျာနယ်စတင်ထွက်ရှိတဲ့ အချိန်က ရေးသားခဲ့ဖူးပါတယ်။ ဒါပေမယ့်  အခုအသစ်ဆောက်တဲ့ တံတားတွေဟာ လည်းအဲဒီတံတားတွေလိုပဲ ကွေ့ကောက်ရှည်လျားနေပြီး ယာဉ်ကျောကျပ်မှုကို လက်ပူတိုက်ဖြေရှင်းတဲ့ နည်းလမ်းများလားလို့ သံသယ ဖြစ်ဖွယ်ရှိပါတယ်။ 

            တံတားနဲ့ လမ်ပိုင်းဆိုင်ရာကို စနစ်တကျပေါင်းစပ်ပြီး အဆင်ပြေပြေတံတားဆိုလို့ ကျွန်တော်တွေ့ဖူးသမျှ ပုဇွန်တောင် တံတားပါပဲ အဲဒီတံတားမှာ နာမည်ကို ကျွန်တော် ရှာကြည့်ပေမယ့် ဂူးဂဲလ်အက်ထဲမှာတောင် နာမည်မပါပါဘူး။ ဒီတံတားကို တည်ဆောင်တာ ကိုလိုနီခေတ်လောက်တည်းက ဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။ တံတားဟာ သာကေတ မင်္ဂလာတောင်ညွှန့် ပုဇွန်တောင် တာမွေ သုဝဏစတဲ့ မြို့နယ်တွေကို အထက်ပုဇွန်တောင်လမ်း စက်ရုံလမ်းတွေကို ကွန်ယက်သဖွယ် နှစ်ထပ်လမ်းတွေနဲ့ ဆက်သွယ်ပေးထားပါတယ်။ လူတော်တော်များများ အဲဒီတံတား သေးသေးလေးပေါ်က ဖြတ်သန်းသွားတာတောင် အဲဒီဖြတ်သန်းသွားမှုကို မသိလိုက်မသိဘာသာ ဖြစ်ဖြစ်သွားတယ်။ လမ်းပိုင်ဆိုင်ရာ လမ်းလွှဲလမ်းဖြတ်နဲ့ ယှက်ဖြာမှုအားကောင်းပြီး စနစ်ကျတဲ့ တွက်ချက်မှုတွေကြောင့် အဲဒီတံတားပေါ်မှာ ယာဉ်ကျောကျပ်မှု မဖြစ်ပေါ်စေခဲ့ပါဘူး ..။ ကျွန်တော့်အနေနဲ့ စနစ်ကျတဲ့ တံတားအနေနဲ့ အဲဒီတံတားလေးကို အမှတ်တရ ဖြစ်မိပါတယ်။ 

            အခု ကျွန်တော်တို့ တံတားအသစ်တွေမှာ ဘာကြောင့် ဒီလိုဖြစ်နေရတယ် ဘာကြောင့် ဒီလိုဆောက်ရတယ် ဆိုတာကို တိတိကျကျ မသိရပါဘူး…။ နိုင်ငံတော်နဲ့ ခရိုနီကုမဏီတွေ လက်ဝါးကြီးအုပ် စိတ်ထင်ရာလုပ်လိုက်တာများ လာလို့ သံသရပွားရပါတယ်။ ပထမဦးဆုံး ကျွန်တော်  ဖွင့်လှစ်ပြီးဖြစ်တဲ့ လှည်းတန်းဂုံးကျော်တံတားကြီးကို လေ့လာကြည့်မိပါတယ်။ အင်ဂျင်နီယာ ပညာရပ်တွေ နကန်းတလုံးမှ မသိပဲ တံတားတစ်စင်းကို လူပြိန်းတစ်ယောက် အနေနဲ့ အဆင်ပြေမပြေလေ့လာကြည့်တာပါ…။ မှားချင်လည်း မှားယွင်းနိုင်ပါတယ်။ လှည်းတန်း တံတားဟာ လှည်းတန်း လမ်းဆုံမှာ ရန်ကုန်ပြည်လမ်း နဲ့ ရန်ကုန်ပြည်လမ်းကိုပဲ တံတားထိုးထားတာမျိုးတွေ့ရပါတယ်။ အဲဒီအတွက် တံတားကြီးမှာ ခါးလယ်မှာကွေ့နေတယ်။ ရန်ကုန်ပြည်လမ်းအတိုင်း သွားတဲ့ ယာဉ်တွေအတွက်တော့ မီးပွိုင့်စောင့်စရာ မလိုတော့ပေမယ့် တခြား အင်းစိန်လမ်း၊ လှည်းတန်းလမ်း၊ တက္ကသိုလ်ရိပ်သာလမ်း ယာဉ်ကျောတွေ အတွက်တော့ ယခင်အတိုင်းမီးပွိုင့်စောင့် နေရဆဲပါ..။ ရိုးရိုး တစ်လမ်းသွား ကုန်းကျော်တံတားလောက်ကိုတော့ ကမ္ဘာပေါ်မှာ ဒုတိယကမ္ဘာစစ် မတိုင်ခင်ကတည်း ဆောက်နေကြပါပြီ..။ အခု နှစ်ဆယ့်တစ်ရာစုရောက်မှာ လမ်းငါးခွဆုံလေးမှာ လူကြီးလမ်းကြောင်းအများဆုံး သွားတဲ့ ရန်ကုန်ပြည်လမ်းလေးကို တံတားထိုးပေးတယ်ဆိုတာ ပျင်းရိစရာကောင်းတဲ့ အာဏာရှင်စနစ်က မျက်နှာလိုမျက်နှာရ လုပ်တဲ့အကွက်လောက်ပဲ ရှိပါတယ်..။ အဲဒီတံတားဟာ နောက်ငါးနှစ်လောက်ကြာရင် တိုးပွားလာမယ့် ယာဉ်စီးရေနဲ့ ကျပြန်ရင် ၀န်ထုတ်ဝန်ပိုးတစ်ခုလို ဖြစ်ကျန်ခဲ့နိုင်ပါတယ်။ 

            သမ္မတကြီးကတော့ ပြည်သူတွေအဆင်ပြေအောင်လိုတော့ စီမံပြီးလုပ်နေတာပါပဲ ဒါကို ယုံမှားသံသရမရှိပါဘူး။ ဒါပေမယ့် ကျွန်တော်တို့က ပေးကားပေး၏ မရဆိုတာနဲ့ပါပဲ..။ အင်းစိန်လမ်းမပေါ်ကနေ ရုံးတက်ရုံးဆင်း လုပ်နေရတာတဲ့ ခရီးသွားပြည်သူတွေကို စောင့်မြဲစောင့်ဆဲပါ။ ဒီကြားထဲကမှာ  တံတားသွန်ကျလာတဲ့ ယာဉ်တွေဟာ ဟံသာဝတီအ၀ိုင်းမှာ ကျပြန်တော့ ပြန်ပြည့်ကျပ်သွားပြီး မြေနီကုန်းလမ်းဆုံမှာလည်း တစ်ခါပြန်စုပြုံတိုးနေရပြန်ပါတယ်။ ကျွန်တော် ဒီနေ့ခေတ်မှာ စီမံကိန်းဟာ လတ်တလော အချိန်လေးအဆင်ပြေ ရုံမဟုတ်ပဲ နောက် ငါးနှစ် ဆယ်နှစ် နှစ်နှစ်ဆယ်လောက် အထိ ဝေးဝေးကြည့်ကြည့် မှန်မှန်မြင်ဖို့လိုပါတယ်။ သို့မဟုတ်ကတော့ တိုင်းပြည်ဘဏ္ဍာတွေ ထပ်တလဲလဲကုန် ထပ်တလဲလဲ ပြုပြင်နဲ့  ပျက်အစဉ် ပြင်တစ်သက် ဖြစ်နေပါမယ်။ 

            နောက်ထပ် ကျွန်တော် စိတ်လက်မအီမသာ ဖြစ်မိတဲ့ တံတားက ရွှေဂုံတိုင်တံတားပါ။ အဲဒီတံတားဟာ ကမ္ဘာအေး ဘုရားလမ်း နှင်းဆီကုန်း ဘိုးဘွားရိပ်သား ကုန်းအဆင်းကနေ ချဉ်းကပ်လမ်းကို တက်လာပြီး ကွန်ဒိုတိုက်အမြင့် ကြီးတွေ ကြားကနေ ကမ္ဘာအေး ဘုရားလမ်း ဇီဝိတဒါန သံဃာဆေးရုံရှေ့နားမှာ ချဉ်းကပ်လမ်းဆင်းပါတယ်။ တံတားပေါ်မှာ ၁၅ဒီဂရီလောက် ကွေ့နှစ်ကွေ့လောက်ပါပြီး… ချဉ်းကပ်လမ်း အဆုံးမှာ ဂငယ်ကွေ့ကြီးတစ်ခုရှိပါတယ်။ ကျွန်တော်တို့ ရန်ကုန် မြောက်ဥက္ကလာ မင်္ဂလာဒုံ စတဲ့အထူးယာဉ်မောင်းတွေ ဘီအမ်ဆရာတွေရဲ့ Racing တွေနဲ့ မျက်နှာချင်းဆိုင် ဂငယ်ကွေ့နဲ့ ….။ ခရီးသွားပြည်သူတွေအတွက် စိတ်လက်လေးလံမိပါသေးတယ်။ ဗန္ဒူလတံတားလို့ ကုန်းဆင်းတွေ တောက်လျှောက်ကျမှ စလိုးဒေါင်းတွေ ခံမှာလား မသိသေးပါ။ ဘာကြောင့် ရွှေဂုံတိုင်လမ်းနဲ့ အနောက်ရွှေဂုံတိုင်လမ်းကို တံတားမထိုးလည်း ဆိုတာ ပဟေဠိဖြစ်မိပါတယ် အင်ဂျင်နီယာ ပညာရှိတွေမှာတော့ အဖြေကောင်းကောင်း ရှိမှာပါ။ ကျွန်တော်တို့လည်း ဘာမှမသိနိုင်တာမို့ ဒါမြန်မာပြည်လို့ပဲ ကိုယ့် ပဟေဠိကိုရင်ထဲမှာ မြိုသိပ်ထားလိုက်ပါတော့တယ်။ ဒါပေမယ့် နိုင်ငံရဲ့ ဖွံ့ဖြိုးရေးခြေလှမ်းတွေ တောင်တစ်လှမ်းမြောက်တစ်လှမ်းပါ ခေတ်စနစ်တွေထဲမှာ ဒုက္ခထုထည်နဲ့ ကျန်ခဲ့တာကတော့ ပြည်သူတွေပါပဲ။ သူငယ်ချင်းတစ်ယောက် ပြောဖူးတာ အမှတ်ရမိတယ် ပြည်သူတွေက ပညာရှိဖြစ်နေကြပြီတဲ့ ဘာကြောင့်လည်းဆိုတော့ ပညာပေးခံရတာတွေ များလို့တဲ့လေ..။ ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်ကြ ပါစေ။


Aung Pai Soe