စင်ပေါ်မှာ သီချင်းဆိုတော့မယ်ဆိုရင် စင်အောက်ကအကြည့်တွေကို

ကြိုးတုပ်ထားနိုင်သူမှ စင်ပေါ်မှာ အနိုင်ရမှာလေ။ စိမ်ဖန့့််ဖန့်မျက်လုံးတွေ၊

ပြာလဲ့လဲ့ရမ္မက်ခိုးတွေနဲ့ မျက်လုံးတွေ၊ လက်ခုပ်သံတိုင်းကတော့ ကိုယ့်

အတွက်မဟုတ်ဘူး။ မီးရောင်အောက်က ကိုယ့်ရုပ်ကိုယ့်ရည်၊ ကိုယ့်အချိုး

အစားက ၀င်ငွေကိုပြဌန်းသွားမှာ။

တစ်ခါတစ်ခါတော့သီချင်းကို ဟန်လုပ်ဆိုနေရတာ ၀ဋ်ကြွေးပဲ။

အနုပညာနဲ့မအပ်စပ်သူတွေက အနုပညာအတွက်ဆိုပြီး ပန်းကုံးတွေ၊

သရဖူတွေလာလာပေးကြသေးတယ်။ ၀မ်းရေးကိုကကျိန်စာကျနေသလိုပဲ။

ကိုယ်က ဂီတကိုရောင်းစားနေရတယ်။ စကပ်တွေကပိုတိုတိုလာတယ်။

ဂျင်ဘောင်းဘီ ကျပ်ကျပ်ဝတ်မှ အာရုံစိုက်ခံရမယ့်အနေအထား။

“အမေတို့ခေတ်နဲ့များ ကွာပါ့အမေရယ်” လို့တစ်ခါတစ်လေ ပြောမိတယ်။

“ငါ့သမီးက ဇရှိတယ်” ငယ်ငယ်က ကျောင်းတွင်းသီချင်းဆိုပြိုင်ပွဲမှာ ဆုရတုန်းက

အမေက သူ့သူငယ်ချင်းတွေကိုကြွားဝါနေပုံကို ပြန်ပြန်မြင်နေမိတယ်။

“အမေရယ်….သမီးအနုပညာဇက သမီးကိုချောက်ချသလိုပဲ” လို့တစ်ကိုယ်တည်း

ပြောနေမိတာ အကြိမ်ကြိမ်…။

“ဟဲ့…..နင့်အခွေဘယ်လိုလဲ”

“အတွဲခွေတွေတော့ထွက်မယ်လေ၊ ဟိုပါဒီပါဆိုတော့ နာမည်လေးလူသိသွားအောင်၊

တစ်ယောက်တည်းကတော့ နည်းနည်းကြာဦးမယ်ထင်တယ်။

စပွန်ဆာကလည်းလေနဲ့ချည်းပေးနေတာ။ ငွေလေး လေးငါးဆယ်သိန်း

ထွက်ကျလာဖို့ တစ်လကို လေးငါးခြောက်ခါလောက်တွေ့နေရတယ်။

ဆိုင်မှာလည်း ဒီလပိုင်းတွေ လူပါးတော့ ဘယ်လောက်ရလို့လဲ၊

အ၀တ်အစားဖိုးနဲ့ကိုလုံးချာလည်လိုက်နေတာ”

“နင်မှာသီချင်းရော ရှိလို့လား”

“သူငယ်ချင်းတစ်ယောက်က လေးပုဒ် အလကားရေးပေးတယ်၊

လိုတဲ့အပုဒ်တွေကိုလည်းဝယ်ထားတယ်။ ငါရေးတာကသုံးပုဒ်လောက်တော့ရှိတယ်

Vocal ပိုင်းကတော့ဆိုပြီးသွားပြီး၊ Band ပိုင်းကတော့ သုံး section လောက်တီးရဦးမှာ။

ငါ ဂျူတီဖိုးမရှိသေးတာနဲ့ ခဏရပ်ထားတယ်။ နင်သိတဲ့အတိုင်း ခွေကြမ်းထွက်ဖို့တောင်

ဆယ်ပုံးလောက် ကုန်တယ်။ အချောထုတ်ရင် ကြော်ငြာစရိတ်နဲ့ဘာနဲ့၊ အများကြီး

ကုန်ဦးမှာပြန်ရမရက မကျိန်းသေဘူး။ စပွန်ဆာ ထပ်ရှာရဦးမလားမသိပါဘူးဟယ်…”

“အခု အလှည့်ကျတာကတော့…နံပါတ်ငါးဝိုင်းက…HipHop ချစ်သူတွေ

တောင်းဆိုထားကြတဲ့….”

“ဟဲ့….ဘောင်းဘီဝတ်၊ တောဂေါ်လီဆိုရမှာ”

“ အေးပါဟ….”

အရေးထဲမှ ကီးဘုတ်သမားက Intro ကိုသုံးခေါက်လောက်ကျော့နေတယ်။

မီးရောင်အောက်ရပ်နေရတဲ့လူတွေက ကြောင်စီစီ၊ မျက်နှာကို ခပ်တည်တည်ထားနေရတယ်

HipHop ချစ်သူတွေဆိုလို့ တစ်ယောက်မှ ငါးဆယ်အောက်မပါဘူး။

“အားလုံးဝိုင်းတက်ကြ… ငါ့ထော်လာဂျီ၊ မိန်းကလေးများက အော်ကြောလန်သည်၊

ရွာမြောက်ပိုင်းကတော့သိပ်မကြည်၊ ငါ့နာမည်ကတောဂေါ်လီ….”

“အိုးလေးလှုပ်ပါဟေ့…ရေ အိုးလေးလှုပ်ပါဟေ့…”

မျက်လုံးတွေကို ကျောပေးရပ်လိုက်ရတာ စကြာဝဠာအပြင်ဘက်ကို

တစ်ခါတည်းထွက်ပြေးချင်စိတ် ပေါက်သွားတယ်။

အောင်ပိုင်စိုး

ပေရွက် … ကညစ်စာကို ခြစ် …။
လူဟာ အက္ခရာ ပုံသဏ္ဍာန်တွေ ပေါ်လာကတည်းက ဆက်သွယ်မှု ပုံစံတစ်မျိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သဘာဝ ဆက်သွယ်မှု ပုံစံပြင်ပကနေ ပထမဆုံးနဲ့ အသုံးတွင်ကျယ်ဆုံးကတော့ လူတီထွင်တဲ့ အရာက စာရေးသားခြင်းပါ။ ရေးတဲ့လူက ရေးတယ်၊ ဖတ်တဲ့လူက ဖတ်တယ်။ အဲဒီလိုနဲ့ အသိပညာ လက်ဆင့်ကမ်း လာပါတယ်။ စာပေကို သယ်ဆောင်လာတယ် ကြားခံ မီဒီယာတွေကလည်း အမျိုးမျိုး တိုးတက် ပြောင်းလဲလာပါတယ်။ ကျောက်စာ၊ ပေစာ၊ မင်စာ၊ ပုံနှိပ်စာ … စသည်ဖြင့် ပေါ့လေ …။
အိမ်မှာ PC တစ်လုံး စဝယ်တုန်းကတော့ လုပ်ငန်းသုံးလောက်ပဲ အသုံးဝင်မှာလို့ တွေးမိတယ်။ အဲဒါနဲ့ စာရင်း ဇယားလေးလုပ်ရုံ၊ ဝန်ထမ်းတွေရဲ့ ပရိုဖိုင်တွေ သိမ်းထားရုံ၊ အိမ်သုံး စရိတ်၊ လုပ်ငန်း စရိတ် တွက်ရုံလောက်ပဲ သုံးဖြစ်တာ။ စာရေးတဲ့ အခါကျတော့ စာရေးစက္ကူနဲ့ ဘောပင်နဲ့ ရေးရတာပဲ ဈာန် ဝင်ပါတယ် ဆိုပြီး ကွန်ပျူတာ ရှိပေမယ့် မဂ္ဂဇင်း ဂျာနယ်တွေမှာ ဆောင်းပါး ရေးတဲ့ အခါတော့ လက်ရေးနဲ့ပဲ ရေးပို့တာပဲ။ ဒါပေမယ့် သူငယ်ချင်း အရင်း တစ်ယောက်က ဂျာနယ် လုပ်တော့ မင်း ဆောင်းပါးတွေကို မင်းဟာ မင်း ရိုက်ပို့ကွာ ငါတို့ ဒီမှာ တစ်ခါတည်း Layout ထိုင်လို့ ရတာပေါ့ ဆိုတော့ ကိုယ့်ဟာ ကိုယ် မရိုက်တတ်၊ ရိုက်တတ် စမ်းရိုက်ရင်း စာရေးရင် မော်နီတာနဲ့ပဲ ရေးချင်တော့တယ်။ ဟော ကိုယ်ဟာ ကိုယ် blog လေး ရေးမယ် ဆိုတော့လည်း စာရွက်ပေါ်မှာ အရင် ရေးပြီးမှ ကွန်ပျူတာဆီ Publishing လုပ်ဆို အဆင့်တွေ များသွားပြီး တစ်ခါတည်း မော်နီတာပေါ်မှာ စာရိုက် တစ်ခါတည်း တင်ဆိုတော့ ဟန်ကျနေတာပေါ့။ သိပ်မကြာဘူး၊ ချင်ချင်းက တစ်မျိုး ပြောင်းလာတယ်။ စာရေးတာက အတွေးပေါ်ရင် ပေါ်တဲ့အချိန် ပေါ်တဲ့ နေရာမှာ ချရေးတာ အကောင်းဆုံး မို့လား။ လက်တော့(ပ်)လေး တစ်လုံးလောက် လိုချင် ပြန်ရော၊ ပလက်ဖောင်း ကဖေးမှာ ကော်ဖီ သောက်လိုက်၊ စီးကရက်လေးဖွာ လိုက် Keyboard ခလုတ်တွေ ပေါ်မှာ ခံစားမှု သက်ဝင်သွားရင် Webpage မှာ ပေါ်လာမယ့် အနုပညာ အတွက် ရင်ခုန်မိပြန်ရော ပုံနှိပ်စာနဲ့ လက်ရေးမူတွေကို ဖတ်ရှု နေရတဲ့ စာနယ်ဇင်း ဘဝကိုတော့ တစ်ခါတလေ အောက်မေ့မိပါတယ်။ ဒါပေမယ့် ခေတ်နဲ့ နည်းပညာ ဒရွတ်တိုက် ဆွဲခေါ် သွားတာပဲ။ ကိုယ် မလိုက်ချင်လို့ မရဘူးလေ။
အရင်ကဆို သူငယ်ချင်းတွေက မင်း လက်ကိုင်အိတ်က မင်းထက် ပိုလေးတယ်လို့ အမြဲ စနေကျ၊ အတွင်းရေးမှုးမလေးတွေကို လက်ကိုင်အိတ် ဆွဲခိုင်းရင်တောင် ဆရာ့ကို ချီဆို ချီပါ့မယ်၊ ဆရာ့ အိတ်ကြီးတော့ မဆွဲ ပါရစေနဲ့လို့ ပြန်နောက် တတ်တယ်။ စီးပွားရေးသေးသေး လုပ်တာတောင် အချက် အလက် တစ်ပုံကြီးကို ကိုယ်လက်ကိုင်အိတ်ထဲ ထည့်ထားရတာ၊ ကိုယ်နဲ့ စီးပွားဖက်တွေနဲ့ ဆက်သွယ်ရန် လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ သူတို့ လုပ်ငန်းတွေ၊ ကိုယ့် စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ မြို့တွေကို ဆက်သွယ်နိုင်မယ့် အချက်အလက်တွေ၊ မြို့တွေ အကြောင်း၊ လူတွေ အကြောင်း၊ လုပ်ငန်းတွေ အကြောင်း၊ စီးပွားရေး ကြီးရင် ကြီးသလောက် ကိုယ့်ကွန်ယက်ကို လက်တံ ဖြန့်ထားရတာ။ အရေးပေါ် အရန်သင့် ထားရတဲ့ ငွေသား ပမာဏတစ်ရပ်လည်း လွယ်အိတ်ထဲ ထည့်ထားရတာ။ အရေးကြီးတာတွေ ထည့်ထားရတဲ့ အိတ်ဆိုတော့ Security စနစ်ကောင်းအောင် ဈေးကြီး ခိုင်ခံ့ သတ္တုစပ် အိတ်မျိုး ကိုင်ရပြန်ရော။ အဲဒီတော့ တစ်ခါတစ်လေ အိတ်က ကိုယ့်ကိုယ် ပြန်ပြန် ထမ်းနေရရော…။
အခုတော့ ဘာအိတ်မှ မလိုတော့ဘူး အချက်အလက်တွေကို လက်ကိုင်ဖုန်းထဲ ပြောင်းထည့် ထားလိုက်ပြီ။ အရင်က နာရီ ပတ်ရတာ ဝါဿနာ မပါ ပေမယ့် လုပ်ငန်းရှင်မှန်း သိသာအောင် တိုက်တေနီယမ် လက်ပတ်နာရီကြီး ဟန်လုပ် ဝတ်နေစရာ မလိုတော့ဘူး။ နှစ်တစ်ရာ ပြက္ခဒိန်ပါတဲ့ ဒိုင်ယာရီ စာအုပ်ကြီးလည်း ချောင်ထိုးထား လိုက်ပြီး ဆက်သွယ်ရန် လိပ်စာ ဖုန်းနံပါတ်တွေ အားလုံးက မိုဘိုင်းဖုန်းရဲ့ တာဝန်ပဲ၊ အတွင်းရေးမှုး ထက်တောင် စိတ်ချ ရသေးတယ်။ အရင်က အလုပ် သွားခါနီးရင် အိတ်ပြင် ရတာနဲ့တင် စအလုပ်ရှုပ်တာ၊ အခုတော့ Cell ဖုန်းလေးဆွဲလာရင် ပြီးပြီ။ အိမ်က မိန်းမက ဆိုရင် အလုပ် ကောသွားတာ ဟုတ်ရဲ့လား အိတ်မယူတာ အတော်ကြာပြီ။ လက်ကိုင်ဖုန်း တစ်လုံးနဲ့ ကမ္ဘာပတ်လို့ ရတာ ဒီမိန်းမ သိပုံ မရသေးဘူး။ ဒီတစ်ခါ စကားများရင် ပိုက်ဆံ မယူ၊ အဝတ်အစား ထည့်မသွားဘဲ တစ်ပတ်လောက် သွား ကဲလိုက်မယ်။ ဆိုးတာက အိပ်ချိန်ထိ မိုဘိုင်းထဲကနေ လာလာ ခိုင်းနေကြတာပဲ။ ကိုယ်က အလုပ်စွဲသူ ဆိုတော့ ဖုန်းလည်း ပိတ်မထားရက်တော့ ပိုပြီး အစီး ခံရသလို ဖြစ်နေသလားပဲ...…။

အောင်ပိုင်စိုး


ကမာ့္ဘလူဦးရေ သုံးပုံနှစ်ပုံဟာ သန့်ရှင်းတဲ့ သောက်သုံးရေကို လိုအပ်နေပါတယ်။ ယခင်က ရရှိတဲ့ ရေအရင်းအမြစ်တွေက ဘာဖြစ်လို့ ပိုမို ညစ်ထေးသွားနေရလဲဆိုတာ ပညာရှင်တွေ ကြားထဲမှာတော့ ဟိုဒီလက်ညှိုးထိုးပြစရာပါပဲ။ ကျန်းမာရေးသုတေသီတွေကြားမှာတော့ ရေသန့်ဟာ လူ့သက်တမ်းကို ပြဌာန်းမယ့် အခြေခံအချက် ဖြစ်လာမှာကို စိုးရိမ်ဖွယ် တွေ့ရှိနေကြပါတယ်။ ဒီနေ့ ရေအရင်းအမြစ်ဟာ လွန်ခဲ့တဲ့ ငါးဆယ်ထက် သန့်စင်မှု လျော့ကျလာခဲ့တာ အမှန်ပါပဲ။

တစ်ဖက်ကလည်း ရေသန့်စင်မှုစနစ်တွေ၊ စံနှုန်းတွေ တိုးတက်လာခဲ့တာလည်း ရှိပါတယ်။ ပုလင်းနဲ့ထည့်တဲ့ရေ၊ ပလတ်စတစ်ဘူးနဲ့ ထည့်တဲ့ရေ၊ တောင်ကျစမ်းရေနဲ့လုပ်တဲ့ ရေသန့်၊ နှင်းခဲဖျော်ချိန်က စစ်ယူလာတဲ့ရေနဲ့ချက်တဲ့ ရေသန့်ရယ်လို့ ရေသန့်ထုတ်တဲ့ ကုမ္ပဏီတွေက ကြော်ငြာအမျိုးမျိုးနဲ့ မြှူဆွယ်ကြပါတယ်။ သူတို့ရေသန့် မသုံးစွဲနိုင်သူတွေကပဲ လူ့သက်တမ်း သိသာစွာ လျော့ကျသွားတော့မယ် စိုးရိမ်မှုမျိုး ဖြစ်လာအောင်ထိ လှုံ့ဆော်မှုပေး သွေးဆောင်တတ်ကြပါတယ်။ အကြောင်းအရာတွေဟာ စည်ပင်သာယာက ရေပိုက်လိုင်းတွေနဲ့ သောက်သုံးရေ ပေးနေတာကို ပစ်ပယ်ပြီး မြို့ကြီးရဲ့ ဂုဏ်တုဂုဏ်ပြိုင် လုပ်နေတဲ့ လက္ခဏာရပ်ပါပဲ။

စားသောက်ဆိုင်တွေမှာ သောက်ရေကို အခမဲ့ မရနိုင်တော့သလို ရေကို ကျိုချက်သောက်သုံးနေတဲ့ မိသားစုတွေလည်း ပိုက်ဆံပေးရတဲ့ ရေသန့်ကို လွယ်လင့်တကူ ၀ယ်သောက်တဲ့အထိ အလေ့အထတွေကို ပြောင်းလဲနိုင်စေခဲ့ပါတယ်။

ကျွန်တော့်အဘိုးကော အဖေပါ ဒီမြစ်ပေါ်မှာကြီးပြီး ဒီမြစ်ရေသောက် ဒီမြစ်ရေချိုးပြီး ဒီမြစ်ထဲမှာပဲ သေသွားကြတာပါ။ ဒီမြစ်ကြီးရဲ့ရေက မသန့်ဘူးလို့ပြောရင် ကျွန်တော် စိတ်ဆိုးပါတယ်။ ဒီမြစ်ကြီးက မွေးထားတဲ့ အသက်နဲ့ ကျွန်တော် ဒီအရွယ်ရောက်လာခဲ့တာပါ။ ပေါင်းမိုးလှေကလေး ဦးခန်းမှာ မြေအိုးနဲ့ လတ်လတ်ဆတ်ဆတ် ခပ်ထားတဲ့ မြစ်ရေစိမ်းလဲ့လဲ့ ရှိပါတယ်။ မြစ်ရေကို အသက်လို တန်ဖိုးထားတဲ့ ရှေးရိုးစွဲ လှေထိုးသားကြီးက အထက်က စက်ရုံတွေကြောင့် သူ့မြစ်ကြီး ညစ်နွမ်းသွားခဲ့တာ မသိသေးဘူးထင်ပါရဲ့။ သူ ငါးအရနည်းတာ သူ့မိန်းမက မြစ်စောင့်နတ်ကို မှန်မှန် မပသလို့ပဲလို့ တွေးနေတုန်းပါပဲ။

မြို့ပြမှာ နေထိုင်သူ အများစုက မိမိအိမ်ရေပိုက်ခေါင်းထဲ ထွက်လာတဲ့ရေထဲမှာ ရောဂါပိုးမွှား ပါလာတယ်လို့ ထင်မြင်နေတတ်ကြပါတယ်။ မျက်စိနဲ့ မမြင်နိုင်တဲ့ ရောဂါပိုးမွှားတွေဟာ မိမိရဲ့ ခန္ဓာကိုယ်ကို ထိခိုက်အောင် လုပ်နိုင်တယ်။ သေဆုံးသွားအောင် တိုက်ခိုက်နိုင်တယ်ဆိုတဲ့ ကြောက်စိတ်တွေ ဖိစီးခံနေရပါတယ်။ မိမိရဲ့ ခန္ဓာကိုယ်ကို မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေနဲ့ ဖွဲ့စည်းထားတာကို မေ့လျော့နေကြပါတယ်။ ခန္ဓာကိုယ်ရဲ့ ရောဂါဗေဒကို ခုခံစွမ်းရည်ကို မေ့လျော့သွားကြပါတယ်။ ပိုးမွေးသလို မွေးထားတဲ့ ခန္ဓာကိုယ်ဟာ ပိုးတွေလို နုနယ်လွန်းနေပါတယ်။ ခုခံအားစနစ်တွေ ပျက်ယွင်းနေပါတယ်။ မိရိုးဖလာ ရေသန့်စင်စနစ်တွေကို ပစ်ပယ်ပြီး ကြော်ငြာအားကောင်းတဲ့ ရေသန့်ကုမ္ပဏီရဲ့ ရေကို ဈေးကြီးပေး ၀ယ်သောက်နေရပါတယ်။ ဒါမှသာ လုံခြုံမှုရတယ်လို့ ထင်မြင်နေတတ်ကြပါတယ်။ ဒါပေမယ့် သောက်ရေသန့်တွေကြောင့် လူ့သက်တမ်း ပိုရှည်လာသလားဆိုတဲ့ စစ်တမ်းကို ကောက်ယူကြည့်မယ့် အဖွဲ့အစည်း မရှိသေးပါဘူး။ ဒါပေမယ့် ခေတ်ပေါ်ရေလုပ်သားတွေက မိသားစုတိုင်းရဲ့ အရေးကြီးတဲ့ ဧည့်သည်ဖြစ်လို့ နေပါတယ်။

မြို့ပြလူငယ်တွေဟာ ရေသန့်ဘူးကိုင်ထားရတာကို စတိုင်ကျတယ်လို့ ဟန်လုပ်နေချိန်မှာတော့ ဆယ်စုနှစ်တစ်ဝက်စာလောက် မိုးခေါင်နေတဲ့ ဒေသတွေမှာ ရေကြည်တစ်ပေါက်ဟာ အသက်တမျှ အရေးကြီးပါတယ်။ တိုးတက်တဲ့ မြို့ကြီးတွေမှာ ပရိုမိုးရှင်းတွေ အကြီးအကျယ်လုပ်နေတဲ့ ရေသန့်ကုမ္ပဏီကြီးတွေရဲ့ ရေသန့်တွေဟာ အရေးတကြီး လိုအပ်နေတဲ့ ဒေသတွေကိုတော့ ဈေးနှုန်း ၁၅ ရာခိုင်နှုန်းလောက် မြင့်တက်ပြီးမှ ရောက်ရှိလာပါတယ်။ တစ်ခါသုံး ရေသန့်ဘူးခွံတွေဟာ တိုးတက်နေတဲ့ မြို့ကြီးတွေအတွက် စိတ်ပျက်ဖွယ် အမှိုက်သရိုက် ဖြစ်နေပေမယ့် စက်ရေတွင်း ဆယ်တွင်းတူးလို့ တစ်တွင်းမှာ ရေမြင်ရင် ၀မ်းသာလုံးဆို့နေရသူတွေက ကမ္ဘာအနှံ့ ပြန့်ကျဲနေပါတယ်။ နည်းပညာတွေ တိုးတက်လာတဲ့ ကျွန်တော်တို့ ကမ္ဘာကြီး အဆမတန် တိမ်းစောင်းနေဆဲပါ။ လူသားအချင်းချင်း ရေကြည်တစ်ပေါက်တောင်မျှ မသောက်နိုင်တဲ့ အဖြစ်ကို ကျွန်တော်တို့ တွေ့ကြုံနေရပြီလား။ လူ့ခန္ဓာကိုယ်ပေါ်မှာ ရေဓာတ်ဟာ အများဆုံး ပါဝင်ဖွဲ့စည်းထားသလို ရေဓာတ်ကို လိုအပ်တဲ့ ပဏာမချင်းလည်း ညီမျှပါတယ်။ ကျွန်တော်တို့ရဲ့ ထုတ်လုပ်မှုတန်ဖိုးကို ကြွားဝါထားတာတွေ ဖယ်ရှားပြီး အသုံးချနိုင်မယ်ဆိုရင်တော့ ထိုက်တန်တဲပ အသုံးချတန်ဖိုးကို ရရှိနိုင်မှာပါ။ ရေကြောင့်ဖြစ်တဲ့ စစ်ပွဲတွေ ၂၁ ရာစုခေတ်မှာ မကြုံတွေ့ကြရဖို့ဆိုရင် …. ။

အောင်ပိုင်စိုး

သူကတော့အိပ်ကောင်းနေဆဲပါ ….နိုးထနေတဲ့မြိုကြီးကတော့

အောက် ကပုံတွေက ရန်ကုန်မြို့တွင်းက ကလေးငယ်တွေပါ

မြိုကြီးကသူတို့ တိုးတက်ဖွံ့ဖြိုးခွင့်မပေးပဲ…

သူတို့ကို ခိုင်းစေနေပုံဟာ နာကျင်ဖွယ်ရာဖြစ်နေပါတယ်

ယဉ်ကျေးပါတယ်ဆိုတဲ့လူအဖွဲ့အစည်းတရပ်မှာ

လေလွင့်ကလေးငယ်တွေ..ကလေးလုပ်သားတွေများပြားမနေသင့်ပါဘူး

ပြန်လည်ဆန်းစစ်ခြင်းလုပ်ဖို့ ငါအမြဲမှန်တယ်ဆိုတဲ့အတ္တကို

ချွတ်ခွာတတ်ဖို့လိုပါမယ်…ကျွန်တော်တွေးမိသမျှပါ..

ဆက်လက်တင်ပြပါဦးမယ်……

အောင်ပိုင်စိုး

ရာစုသစ်မနက်ခင်းမှာ
မေတ္တာတရားဟာနိုးထဖို့မဖြစ်နိုင်တော့ဘူးလား
လျှပ်စီကြောင်းပတ်လမ်းပေါ်မှာက
စိတ်ဓါတ်ကျနေတဲ့ကြောင်ပျင်းတွေ
မော်နီတာကိုငေးရင်းနဲ့
ခလုတ်တစ်ခုနှိပ်မိတာနဲ့အမိန့်တစ်ခုကျလာမယ်
ချစ်ခြင်းတရားနဲ့စပ်ယှက်စရာမလိုတဲ့
ဖန်ပေါင်းချောင်ထဲကသန္ဓေသားတွေ
စိတ်ရှုပ်ထွေးနေကြသလား
နယူးယောက်တံဆိပ်နဲ့တီရှပ်အောက်မှာက
ဘာကိုမှမချက်လုပ်ရသေးတဲ့
အစာအိမ်အသစ်စက်စက်တစ်လုံး
အာဖရိက ကလေးငယ်တွေရဲ့မျက်ဝန်းမှာ
ပေါင်မုန့်ဆိုတာစားစရာဟုတ်မဟုတ်
မသေချာဘူး...
မမွေးခင်ထဲကသေမိန့်ကျသလု
HIVပိုးကပါလာပြီးသား
အုတ်နံရံတိုင်းမှာကကျည်ပေါက်ရာချည်းပါပဲ
ဘေဘီလုံရှေးဟောင်းမြိုတော်ကြီးကငြီးတယ်
ရာစုသစ်ငြိမ်းချမ်းရေးဆိုတာ
အနူမြူစီမံကိန်းကိုယ်စီနဲ့
လူခန္ဓာကိုယ်ဟာချိန်ကိုက်ဗုံးတစ်လုံးဆိုရင်
ငရဲကျသွားတဲ့ကောင်းကင်ဘုံအတွက်
ငါတို့ဆုတောင်းပွဲကျင်းပရတော့မယ်...
ကမ္ဘာမြေကြီးစစ်မက်ဘေးမှကင်းဝေးပါစေ....။

မိုးလှိုင်ည

ဘ၀အကြောင်းစာလုံးပေါင်းတဲ့အခါ
ငါ့နာမည်ပါပါစေ။
အခက်အခဲတစ်ခုကြုံတိုင်း
စိတ်ညီသူတွေ အတူတစ်ကွ
လက်တွဲကြတဲ့အခါ
ငါ့အမည်ကိုစာရင်းထဲထည့်ပါ…။

ဆောင်းရာသီတောလမ်းကလေး
ယုန်ကလေးပြေးဆော့ရာ
အမည်မရှိပန်းတွေဖူးပွင့်ရာ
ကျောက်တုံးတွေအကြား
ရေဟာလျှေကျစီးဆင်းရာ
အဲဒီနေရာ
လမ်းလျှောက်ထွက်ရင်
ငါ့ကိုအရင်ဆုံးဝင်ခေါ်ပါ။

စားစရာနည်းနည်းပဲရှိလို့
ကလေးတွေအတွက်ခွဲဝေဖို့
ဝေစုကိုလျှေ့ချဖို့လိုရင်
ငါ့အမည်စာရင်းကိုအရင်တင်သွင်းပါရစေ။

သူခံစားမှုကိုသူမသိတော့တဲ့
အဘိုးအိုတွေ
မျက်စိလည်နေတဲ့ ကလေးသူငယ်တွေ
အနာရောဂါထူပြောတဲ့သူတွေ
သူတို့ဘက်မှာငါဟာအမြဲရှိနေပါစေ။

ညတစ်ရေးလန့်နိုးတဲ့
မိဘမဲ့ကလေးတစ်ယောက်ဟာ
ငါ့အမည်ကိုအရင်ဆုံးသတိရပါစေ

ဘယ်သူဟာအထီးကျန်သူလဲ
သူဟာညအခါ
ငါ့ကိုအိပ်မက်မက်ပါလေ။

ဥာဏ်ပညာ
ဗဟုသုတကြွယ်ဝသူတွေ
ရှေးဟောင်းနှောင်းဖြစ်များပြောကြတဲ့အခါ
နောက်ဆုံးမှာ
ငါ့အမည်ကိုရေရွတ်ပါစေ။

နှစ်တွေလွန်တော့
မေ့လျော့ခြင်းဟာ
ကမာမြေတစ်ခုလုံးကိုအတိပြီးအောင်
ဖုံးလွှမ်းသွားတဲ့အခါ
တစ်နေ့မှာ
ငါ့အမည်ဟာ
သစ်ပင်ကလေးတစ်ပင်အဖြစ်နဲ့
ကမာမြေပေါ်ထိုးဖေါက်လို့
အသစ်ရှင်သန်ပေါက်ရောက်လာပါလိမ့်မယ်။

မင်းဆွတ်ခူးနိုင်ဖို့ပါ..။

နေမျိုး
အိုင်ဒီယာ ဖေဖော်ဝါရီ ၂၀၀၆