စီးပွားရေးလို့ ဆိုလိုက်ရင် ကျွန်တော်တို့ အတွေးတွေက ကော်ပိုရေးရှင်းတွေ၊ စက်ရုံကြီးတွေ၊ စတော့အိတ်ချိန်းတွေ၊ ဘဏ်တွေ၊ အိုင်တီကုမ္ပဏီတွေ၊ ဟိုတယ်ကြီးတွေကို ပြေးမြင်တတ်ကြပါတယ်။

စီးပွားရေးသမားလို့ ဆိုလိုက်ရင်လည်း အောင်မြင်နေတဲ့ စီအီးအိုတွေ၊ ကော်ပိုရိတ်ဥက္ကဌတွေ၊ စီးပွားရေးအတိုင်ပင်ခံ အဖွဲ့အစည်းက လူတွေလောက် ပြေးမြင်တတ်ကြပါတယ်။

အမှန်တကယ်တော့ ၀င်ငွေတစ်ခုခု ရရှိအောင် တစ်စုံတစ်ခု လုပ်နေသူတိုင်းဟာ စီးပွားရေးသမားဖြစ်တယ် ဆိုတဲ့ အမြင်ကို ကျွန်တော်တို့ မတွေ့ရှိသေးလို့သာ ဖြစ်ပါတယ်။

လူဟာ ဘာကြောင့် ၀င်ငွေလိုအပ်သလဲ …

စီးပွားရေးလုပ်ငန်းကြီး တစ်ခုလုံး မောင်းနှင်တဲ့ အခြေခံအချက် သုံးချက်ရှိပါတယ်။ စားသုံးမှု၊ စုဆောင်းမှုနဲ့ ရင်းနှီးမြှူပ်နှံဆိုတဲ့ အချက်တွေပါပဲ။ အဲဒီအချက်တွေကပဲ လူကို ၀င်ငွေလိုအပ်စေပါတယ်။ လူရဲ့ ပထမဆုံး လိုအပ်ချက်က ဆာလောင်မှုပါပဲ။ ဒုတိယအချက်က အလုပ်လုပ်တတ်ပြီး ၀င်ငွေရှာတတ်ဖို့ပါ။

ဆာလောင်မှုလိုအင် ပြည့်ပြီးတာနဲ့ လူဟာ ရပ်တန့်မနေတဲ့ သတ္တ၀ါဖြစ်လို့ တခြားလိုအင်တွေ ပေါ်ပေါက်လာပါတယ်။ လုံခြုံစွာ အိပ်စက်နိုင်ခြင်းသာမက၊ အနုပညာအပြင် အခြားတန်ဖိုးများ လိုအပ်လာပါတယ်။ ဒီလို လိုအပ်လာတဲ့အတွက် လူဟာ ပန်းတိုင်တစ်ခုထား ကြိုးပမ်းလာလေ့ ရှိပါတယ်။ ဒီအချိန်မှစ၍ လူဟာ ရင်းနှီးမြှုပ်နှံမှုဆိုတာကို စလုပ်ပါတော့တယ်။

ပုခက်တွင်းက ကလေးလေးတွေ အော်ဟစ်ငိုကြွေးနေတာ ဆာလောင်နေလို့ပါ။

ဒံပေါက်ဆိုင်တွေ၊ ကြေးအိုးဆိုင်တွေ၊ နာမည်ကြီး စားသောက်ဆိုင်တွေမှာ လူတွေ ပြည့်ကျပ်နေတာ ဆာလောင်နေလို့ပါ။

လူတွေဟာ ဆာလောင်မှုအတွက် ဆာလောင်မှုကို အရင်ဆုံး ဖြည့်ဆည်းတတ်ကြတာပါ။

အရင်တုန်းကတော့ ကီလီဈေး၊ အခု သီရိမင်္ဂလာဈေးကို ငါးရောင်းမယ့်သူတွေ၊ ကုန်စိမ်းသည်တွေ မနက်ဝေလီဝေလင်းမှာ အိပ်မှုန်စုံမွှားနဲ့ ရောက်လာကြတယ်။ သူတို့ကို သာမန်ဈေးသည်လို့ မြင်လို့မရပါဘူး။ သူတို့လိုချင်တဲ့ပစ္စည်း လာဝယ်ကြတာ၊ ဒါဟာ ရင်းနှီးမြှုပ်နှံမှုပဲ။ ဘယ်လောက် မြတ်မယ်ဆိုတာတော့ သူတို့ လုပ်ငန်းကျွမ်းကျင်မှုအပေါ် မူတည်တာပေါ့။

စတော့ရှယ်ယာဝယ်မှ၊ ဘွန်း Bond စာချုပ်ဝယ်မှ၊ ရွှေဝယ်မှ ရင်းနှီးမြှုပ်နှံတာလို့ ယူဆလို့ မရပါဘူး။ ငါးသည်တွေ၊ ကုန်စိမ်းသည်တွေလည်း ရင်းနှီးမြှုပ်နှံကြရတာပဲ။ အချိန်တိုတဲ့အတွက် မသိကြတာလား။

တကယ်တော့ ရင်းနှီးမြှုပ်နှံမှုတိုင်းဟာ စွန့်စားမှု အနည်းအများနဲ့ ဒွန်တွဲနေတတ်ပါတယ်။ အဲဒါကြောင့် မိမိပိုင်ဆိုင်မှုတွေကို တည်ငြိမ်တဲ့ တန်ဖိုးစနစ်တစ်ခုနဲ့ ထိန်းသိမ်းထားတဲ့ ပုံစံတွေဟာ စုဆောင်းမှုဆိုတာ ဖြစ်လာပါတယ်။ အဲဒီအချက်တွေကြောင့် လူဟာ ၀င်ငွေမရှိမဖြစ် လိုအပ်ပါတယ်လို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။

လူတစ်ဦးတစ်ယောက်အနေနဲ့က ၀င်ငွေလိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ကတော့ အမြတ်ရရှိမှ ဖြစ်မှာပါ။ အမြတ်ရရှိရေးဆိုတာ စီးပွားရေးလုပ်ငန်းအများစုရဲ့ ဦးတည်ချက်ပါ။ အမြတ်ရရှိဖို့ ကြိုးစားတဲ့ နည်းလမ်းတွေကသာ စီးပွားရေးပညာရပ်တွေနဲ့ အသုံးချဗျူဟာတွေပါပဲ။ အဲဒီပေါ်မှာမှ စီးပွားရေးဆိုင်ရာ ကိုယ်ကျင့်တရားနဲ့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့ ဥပဒေကို ပေါ်ပေါက်လာတာပါ။ ၂၁ ရာစု စီးပွားရေးသစ်မှာတော့ အမြတ်ရရှိရေးဟာ အဓိက မကျတော့ဘဲ သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု အပြောင်းအလဲတွေ၊ နည်းပညာတော်လှန်ရေးတွေမှာ အခုအခံဖြစ်နေတဲ့အရာကို ပြေလျော့စေဖို့ စီးပွားရေးက အသုံးချ ယာဉ်တစ်စီးပါ။ ထိန်းကျောင်းတတ်ဖို့ လိုပါတယ်။ ဓနအရွှေ့အပြောင်း မြန်ဆန်သလို အရင်းအမြစ်တန်ဖိုးတွေက အတက်အကျမြန်ပါတယ်။ စံ တန်ဖိုးတွေကို အသေဆုပ်ကိုင်မထားဖို့ လိုပါတယ်။ အပြောင်းအလဲတွေမှာ အခုအခံ နည်းပါးသူတွေ၊ လျင်မြန်စွာ နေသားတကျ ဆောင်ရွက်နိုင်သူတွေက ပိုပြီး အကျိုးအမြတ် များနိုင်ပါတယ်လို့ Social Business လေ့လာသူ တစ်ဦးက ပြောပါတယ်။

စီမံခန့်ခွဲပုံ

စီးပွားရေးပညာရပ်ထဲကို စီမံခန့်ခွဲမှု ဘာသာရပ် စပြီး မထည့်သွင်းမီကတည်းက စီးပွားရေးတွေထဲမှ စီမံခန့်ခွဲမှုက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီးသားပါ။ လူဟာ ပိုင်ဆိုင်မှု အရင်းအနှီးတစ်ခုခုကြောင့် ၀င်ငွေရရှိလာမယ်။ ရရှိလာမယ့်ဝင်ငွေကို ပြန်လည်သုံးစွဲရပါမယ်။ အဲဒီ ပြန်လည်သုံးစွဲမှု အားလုံးဟာ သူ စီမံခန့်ခွဲမှုနဲ့ ပြုလုပ်တာပါပဲ။ သူ့ရဲ့ စီမံခန့်ခွဲမှုတွေဟာ သူ့လိုအင်နဲ့ ကိုက်ညီတဲ့ ရလဒ်တွေ ထွက်ပေါ်လာမယ်ဆိုရင် အောင်မြင်တဲ့ စီမံခန့်ခွဲမှုလို့ ပြောဆိုနိုင်ပြီး အခြားရလဒ်တွေ ဖြစ်ပေါ်လာခဲ့ရင်တော့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုလို့ ဆိုနိုင်ပါတယ်။ ဒါဟာ အခြေခံစည်းမျဉ်းပါ။

လူတစ်ဦးတစ်ယောက်အတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်အပြင် ကော်ပိုရေးရှင်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံအတွက်လည်း ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုရဲ့ အဓိက အရင်းအမြစ်တွေက အတွေ့အကြုံနဲ့ ပညာပါ။ ရာစုသစ်မှာတော့ သတင်းကပါ စီမံခန့်ခွဲမှုကို အကျိုးသက်စေပါပြီ။ ပစ္စုပ္ပန် အခြေအနေတွေက အနာဂတ်ကို စီမံတဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေကို စီမံခန့်ခွဲသူတွေက အမှန်အတိုင်း သိရှိနေဖို့ လိုအပ်ပါတယ်။ သိရှိအောင်လည်း အားထုတ်ဖို့ လိုပါတယ်။ အဲဒါမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဟာ မိမိရဲ့ စီမံခန့်ခွဲမှုကို အောင်မြင်စေမှာပါပဲ။

စီးပွားအတက်အကျ

စီးပွားရေးစကားပုံတစ်ခု ရှိပါတယ်။ ချမ်းသာကြွယ်ဝချင်ရင် မိမိရဲ့ ပိုင်ဆိုင်မှုကို အရင်းအမြစ်အသွင် ပြောင်းနိုင်ရပါမယ်။ ဘာကိုမှ မပိုင်ဆိုင်ဘူးဆိုတဲ့သူတောင်မှ လုပ်အားနဲ့အချိန်ကို ပိုင်ဆိုင်ပါသေးတယ်။ သူ့ရဲ့ ကျန်းမာသန်စွမ်းမှုက ၂၄ နာရီအတွင်းမှာ ၀င်ငွေရရှိအောင် စွမ်းဆောင်နိုင်ပါတယ်။ တစ်နာရီစာ ၀င်ငွေတန်ဖိုးကတော့ ပညာနဲ့ အရင်းအနှီး စိတ်ကူးစိတ်သန်းတွေပေါ်မှာ ကွာခြားပါလိမ့်မယ်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံဖြစ်စေ စီးပွားရေး အတက်အကျ သံသရာမှာ ပါဝင်နေပါတယ်။ ထုတ်လုပ်မှု ပိုလျှံကာလတွေကို ကျပ်တည်းစွာ ဖြတ်သန်းရတတ်သလို ဈေးကွက်လိုအပ်ချက်ကို လက်မလည်အောင် ဖြတ်သန်းရတဲ့ နေ့ရက်တွေလည်း ရှိနေမှာပါပဲ။ ဈေးကွက်လိုအင်ကို မဖြည့်ဆည်းနိုင်လို့ ဘေးကနေ ငေးခဲ့ရတဲ့ အချိန်တွေလည်း ကြုံရမှာပါ။ စီးပွားရေးစက်ဝန်းထဲမှာ ဆင်ခြင်ဥာဏ်၊ အတွေ့အကြုံ၊ ပညာ၊ သတင်းတွေနဲ့ မိမိရဲ့ အနေအထားကို မျှခြေဖြစ်အောင် လုပ်ဆောင်ပေမယ့် အစွန်းထွက်မှုတွေ အမြဲရှိနေနိုင်ပါတယ်။ ဒီကြားထဲကမှ စီးပွားကျပ်ကာလမှာ အလွန်အကျွံ မစွန့်စားမိအောင်၊ စီးပွားတက်ကာလမှာ အလွန်အကျွံ မဖြုန်းတီးမိအောင် ထိန်းကျောင်းရင် စက်ဝန်းရဲ့ သဘောတရားအရ အထက်ရောက်လိုက် အောက်ရောက်လိုက် ဆိုပေမယ့် စုန်းစုန်းမြုပ် ပျက်စီးသွားတဲ့ အဖြစ်မျိုးတော့ မရောက်ရှိနိုင်ပါဘူး။ လူ့သမိုင်းနဲ့ စီးပွားရေးဟာ ဒွန်တွဲနေတာမို့ သမိုင်းအရှုပ်အထွေးနဲ့ စိးပွားရေး အရှုပ်အထွေးတွေဟာ သီအိုရီဟောင်းတွေကြားထဲက သီအိုရီအသစ်တွေ ဖောက်ထွက်သလို ၀င်ရိုးမဲ့ ပရမ်းပတာ ဖြစ်စဉ်တွေကလည်း အများအပြားပါ။ လွတ်လပ်ဈေးကွက်နဲ့ ၂၁ ရာစု စီးပွားရေးသစ်ဟာ ဖန်တီးမှုအကြောင်းအချင်းအရာ များပြားသလို သီအိုရီအစွန်းထွက်တွေလည်း ရှုပ်ထွေးနေဆဲပါ။ ကြွယ်ဝမှုနဲ့ ချမ်းသာမှုဟာ သီးခြားခွဲထွက်သွားပြီလား။ ချမ်းသာကြွယ်ဝဆုံး ရာစုနှစ်မှာမှ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ စီမံချက်ကို ကမ္ဘာလုံးဆိုင်ရာ ကျင့်သုံးဖို့ ဘာကြောင့် နှိုးဆော်နေရတာလဲ။

ဈေးကွက်မှာ ဘေးထွက်နေလို့မရ

လူဟာ ဈေးကွက်နဲ့ မပတ်သက်လို့ကို မရပါဘူး။ ၀ယ်စရာရှိရင်၊ ရောင်းစရာရှိရင် လူဟာ ဈေးကွက်ထဲ ၀င်လာရပါတယ်။ သူဟာ ဈေးကွက်ထဲမှာ အသက်ဝင်အောင် လှုပ်ရှားရပါတယ်။ ဈေးကွက်သတင်းတွေ၊ အဖြစ်အပျက်တွေကို တုံ့ပြန်ဆောင်ရွက်ရပါတယ်။ လူဟာ သူ့လိုအင်အရ ဈေးကွက်ကို ၀င်ရောက်လာပြီး အခြားသူများရဲ့ လိုအင်ကို ဖြည့်ဆည်းဆောင်ရွက်ရပါတယ်။ အဲဒါမှလည်း သူ့လိုအင်တွေ ပြည့်ဝမှာပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ဈေးကွက်ထဲကို လူတွေအများကြီး ၀င်ရောက်လာပါတယ်။ လူများလေ ဈေးကွက်က အောင်မြင်လေ ဖြစ်တဲ့အတွက် ဈေးကွက်စီးပွားရေးစနစ်ကြီး အောင်မြင်ဖြစ်ထွန်းလာခဲ့ပါတယ်။

ပမာပြောရရင်တော့ နေရာတစ်နေရာမှာ လုပ်ငန်းတူတွေ အများကြီး စုဝေးနေတာ တွေ့ရတတ်တာမျိုးပါ။ ရွှေဆိုင်တွေချည်းပဲ ရှိနေတဲ့ လမ်းတစ်လမ်းဟာ ရွှေဈေးကွက် ဖြစ်လာတာမျိုး၊ ကားအရောင်းအ၀ယ်တွေ များတဲ့နေရာမှာ ကားဈေးကွက် ဖြစ်လာတာမျိုး ဈေးဆိုင်ပေါင်းစုံ ရှိတဲ့နေရာမှာ စားသောက်ဖွယ်ရာဆိုင်တွေ် တစ်စထက်တစ်စ တိုးတက်လာတာမျိုးပါ။

ဒါဟာ လွယ်လင့်တကူ ဖြစ်ပျက်တာမျိုး မဟုတ်ပါဘူး။ သူ့အလိုအလျောက် ဈေးကွက်တစ်ခုတည်းကို တိုးတိုးဝင်လာတာမျိုးပါ။

ဒီနေရာမှာ ဘယ်ဈေးကွက်ရှိတယ်၊ ဟိုနေရာမှာ ဘယ်ဈေးကွက်ရှိတယ်ဆိုတာ လူအများက လက်ခံလာတဲ့အခါမှာ သူ့လိုအင်ဆန္ဒ ဖြစ်ပေါ်လာတာနဲ့ အဲဒီနေရာကို ချက်ချင်းသတိရပြီး

`ရွှေလိုချင်ရင် ….. လမ်းကိုသွား´

`ဘာစားချင်လို့လဲ ….. နေရာကို သွားလေ´

`ကားဝယ်ချင်ရင် ….. အဲဒီနေရာမှာ စုံစမ်းပေါ့´ ဆိုတာတွေဟာ ဈေးကွက်ကို အသိအမှတ်ပြုထားခြင်းပါပဲ။

အဲဒါဆိုရင် လူတွေက ဈေးကွက်ကို ရှာရမှာလား၊ ဈေးကွက်က လူတွေကို လာရှာမလားဆိုတာက ခေတ်သစ်မေးခွန်းဖြစ်နေပါပြီ။

လူလူချင်း ဆက်သွယ်နိုင်တဲ့ နည်းလမ်းရှိရင် ဈေးကွက်ဟာ ဖြစ်ပေါ်နေနိုင်ပါတယ်။ တယ်လီဖုန်း၊ ဖက်စ်၊ ကွန်ရက်ဆက်သွယ်ရေးများ အရာအားလုံးမှာ ဈေးကွက် ဖြစ်ပေါ်နေနိုင်ပါတယ်။ အဓိက အရေးကြီးဆုံးအချက်က ဈေးကွက်ကနေ ဘေးထွက်မနေဖို့ပါပဲ။ အပြောင်းအလဲတွေ၊ မြန်ဆန်နေတဲ့ ဖြစ်ပျက်တွေ အစဉ်မပြတ်တဲ့ခေတ်မှာ ဈေးကွက်ကို မျက်နှာလွှဲထားလို့ မရတော့ပါဘူး။ အဲဒါမှသာ မိမိလိုအင်အတွက် ဈေးကွက်ကို အသုံးချလို့ ရနိုင်မှာပါ။ ဒါပေမယ့် ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့တော့ မကြိုးစားပါနဲ့။ ဈေးကွက်ဟာ တုပ်နှောင်ခံရပြီဆိုရင် တိုးတက်မှု ဆုံးရှုံးပြီး ဈေးကွက်ဟာ မဖွံ့ဖြိုး၊ မကျယ်ပြန့်နိုင်တော့ပါဘူး။ တုပ်နှောင်ခံရတဲ့ ဈေးကွက်တွေဟာ မည်သူ့ကိုမှ အကျိုးမဖြစ်ထွန်းစေဘဲ ပါဝင်ပတ်သက်သူအားလုံးကို ဆုံးရှုံးစေတဲ့အတွက် ဈေးကွက်နဲ့ ပါဝင်လှုပ်ရှားသူအားလုံး နှုတ်ထွက်သွားပြီး ဈေးကွက်တစ်ခုလုံး ဆုံးရှုံးရတတ်ပါတယ်။

အဆိုးဝါးဆုံးကတော့ ဈေးကွက်နဲ့အတူ ပညာအရင်းအမြစ်တွေပါ ပျက်စီးနိုင်တဲ့အတွက် ဈေးကွက်မှာ ဘေးထွက်နေခြင်းနဲ့ ဈေးကွက်ကို ချုပ်ကိုင်ဖို့ ကြိုးစားခြင်းက မိုက်မဲမှုတွေသာ ဖြစ်ပါလိမ့်မယ်။

နည်းပညာစီးပွားရေးနဲ့ နယ်မြေသစ်ကို စွန့်ထွက်လိုသူများ

စီးပွားရေးလုပ်တာ လွယ်ပါတယ်လို့ ဆင်တူရိုးမှား ထုတ်လုပ်သူတစ်ယောက်က ပြောတဲ့သူကို စီးပွားရေးမှာ ဂုဏ်သိက္ခာရှိဖို့က ခက်တာလို့ သူသိဖို့ လိုပါတယ်။ မူပိုင်ခွင့်ဥပဒေတွေ မပြည့်စုံသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတချို့၊ မူပိုင်ခွင့်တွေကို ချိုးဖောက်ချင်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတချို့က လုပ်ငန်းရှင်တွေဟာ စီးပွားရေး အကျိုးအမြတ်အတွက် ကိုယ်ကျိုးကြည့်မှုတွေ လွန်ကဲနေတတ်ပါတယ်။

ဒါကတော့ အခုလောလောဆယ်မှာ ကြုံတွေ့နေရတဲ့ အတုလုပ်မှုလို့ ပြောရင် ရမလားပဲ။ သီချင်းခွေအတု၊ ရုပ်ရှင်ကားခွေအတု၊ ဆေးဝါးအတု၊ စားသောက်ဖွယ်ရာအတု၊ ၀တ်ဆင်စရာအတု၊ အထည်အမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးအတုတွေကို ပြောတာပါ။

အတုဆိုကတည်းက အရည်အသွေး ညံ့ဖျင်းပြီးသားပါ။ အတုဖြစ်လို့၊ အရည်အသွေး မမီလို့ ဈေးနှုန်းသက်သာတာကို သိပြီးဖြစ်ရပါမယ်။

ဒီအတုတွေထဲက အဆိုးရွားဆုံးကတော့ ဆေးဝါးအတုနဲ့ စားစရာအတုပါ။ လူတွေရဲ့ မျိုးဗီဇတွေပါ ထိခိုက်နိုင်တဲ့အတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါဟာ နည်းပညာစီးပွားရေးမှာ အိုင်ဒီယာတွေ လုယက်ခံရမှုက တစ်နေ့တစ်ခြား ပိုတိုးတက်လာနေပါတယ်။ ကိုလံဘတ်စ်က အမေရိကားကို ရှာဖွေတွေ့ရှိပြီး အင်္ဂလန်က အမေရိကားကို သိမ်းပိုက်သလိုမျိုးပါပဲ။ နည်းပညာကို မဖော်နိုင်သူတွေက နည်းပညာကို လုယက်သူတွေ ဖြစ်လာတတ်ပါတယ်။ ဒါကို အကောင်းဆုံး ကာကွယ်နည်းကတော့ နည်းပညာကို မျှဝေသုံးစွဲခြင်းပါပဲ။ အိုင်တီသမားတွေဟာ နည်းပညာကို အချင်းချင်းမျှဝေပြီး မိမိတို့ ဖော်ဆောင်တဲ့ ဈေးကွက်ကို ပိုမိုကျယ်ပြန့်စေပါတယ်။ သူတို့က အသိဥာဏ်မူပိုင်မှု ခံစားခွင့်ထက် ဈေးကွက်ကနေ သွယ်ဝိုက်တဲ့အမြတ်ကိုသာ စားသုံးတဲ့အတွက် ရေရှည်နဲ့ များများရရှိတယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့် နည်းပညာစီးပွားရေးဟာ လက်ရည်တူ ပါဝင်နိုင်သလို တစ်စိတ်တစ်ဝမ်းတည်း ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ မိမိရဲ့ စွမ်းရည်မက မိမိရဲ့ အာမခံမှုပါပဲ။ လူတိုင်းဟာ စီးပွားရေးအမြင်နဲ့ ကျင့်ဝတ်သိက္ခာရှိဖို့ လိုပါတယ်။

ရာစုသစ်ရဲ့ စီးပွားရေးကစားပွဲမှာ ရှုံးနိမ့်သူမရှိစေရေးဆိုတာ ပါဝင်ဆောင်ရွက်သူတွေရဲ့ ဆန္ဒလိုအင်ကသာ အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်ပါတယ်။

စီးပွားဆန်ခြင်း

ရာစုနှစ်ပေါင်းများစွာ ပဒေသရာဇ် စီးပွားရေးပုံစံ မိရိုးဖလာ စိုက်ပျိုးထုတ်လုပ်မှုနဲ့ ၀မ်းစာနဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်တွေအတွက် ထုတ်လုပ်မှုပြုလုပ်တဲ့ အာရှဒေသဟာ ၁၈ ရာစုနဲ့ ၁၉ ရာစုမှာ အရင်းရှင်စနစ်ရဲ့ အနွယ်အဖွား ကိုလိုနီပြုကျင့်ခံရခြင်း ဒဏ်ရာကို ရရှိခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကာလ နောက်ပိုင်းမှာလည်း အနီရောင်မြူခိုးတွေက အရှေ့အာရှတစ်ခွင်မှာ လွှမ်းမိုးခဲ့ဖူးပါတယ်။ အဲဒါကြောင့် အာရှလူမှု အသိုင်းအ၀ိုင်းမှာက စီးပွားဆန်ခြင်းကို ယဉ်ကျေးမှု မျက်နှာစာကနေ ငြင်းဆိုတတ်ကြပါတယ်။

ဒါတွေဟာ လက်လွတ်စပယ် စီးပွားဆန်ခြင်းမျိုးဆိုရင် မှားမယ်မဆိုနိုင်ပါ။

စီးပွားရေးအရ စနစ်ကျသူတွေကို အပြစ်ဆိုတတ်တဲ့ အမူအကျင့် ဖြစ်နေပါတယ်။

၁၉၉၀ လွန် ကာလတွေမှာ ဈေးကွက်စီးပွားရေးနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့တဲ့အခါကျမှ အတွေ့အကြုံ နည်းပါးမှုကြောင့် စီမံခန့်ခွဲမှု အလွဲအမှားတွေ ကြုံကြရတာပါ။ လူတစ်ဦးရဲ့ ၀င်ငွေဟာ သူ့ပုံမှန်စားသုံးမှုထက် ပိုလျှံရပါမယ်။ မိသားစုရဲ့ ၀င်ငွေဟာ မိသားစု အသုံးစရိတ်ထက် ပိုလျှံရပါမယ်။ မိဘတွေရဲ့ အမြော်အမြင်ဟာ ကလေးငယ်တွေရဲ့ အနာဂတ်နဲ့ တိတိကျကျ ပတ်သက်နေပါတယ်။ အပြောင်းအလဲများတဲ့ခေတ်မှာ အစဉ်အလာ တန်ဖိုးတွေဟာ အနာဂတ်နဲ့ ကွဲပြားဆန့်ကျင်နေတတ်ပါတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်တွေကို ပစ္စုပ္ပန်အခြေအနေနဲ့ အနီးစပ်ဆုံး အချက်အလက်တွေနဲ့ စဉ်းစားသင့်ပါတယ်။

မိဘနဲ့ သားသမီးကြားမှာ ပညာမျှဝေဖို့ အရေးကြီးပါတယ်။ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ သတင်းတွေ၊ အချက်အလက်တွေကို လူကြီးတွေအနေနဲ့ မျက်ခြည်မပြတ်ဖို့ လိုပါတယ်။

ကွန်ပျူတာလို၊ IT လို ဘာသာရပ်တွေကို ကလေးတွေဆီကနေ လူကြီးမိဘတွေက သင်ကြားပြီး အစွန်းမထွက်တဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းတန်ဖိုးတွေ၊ လူမှုဗေဒတွေက မိဘတွေဆီကနေ လူငယ်တွေဆီ ပြန်လည်စီးဆင်းဖို့ လိုပါတယ်။

မိသားစု အခြေခံယူနစ်မှာလည်း ငွေကြေးလည်ပတ်စီးဆင်းဖို့ကို မိသားစုတိုင်း ရှင်းရှင်းလင်းလင်း သိနားလည်ထားဖို့ လိုပါတယ်။ ဘယ်သူတွေဟာ မိသားစုအတွက် ၀င်ငွေရှာပေးပြီး ဘယ်သူတွေဟာ သုံးစွဲသလဲ၊ ဘယ်လိုသုံးစွဲသင့်သလဲ ဆိုတာကို တိကျရှင်းလင်းထားဖို့ လိုပါတယ်။ ဒါမှသာ မိသားစုရဲ့ ၀င်ငွေကို အကျိုးမဲ့မဖြုန်းတီးသင့်ဘူးလို့ မိသားစုဝင်တိုင်း နားလည်လက်ခံနိုင်ပါမယ်။ မိသားစုဝင်ငွေတိုင်းမှာ ပိုလျှံမှုရှိလာလို့ စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်လာနိုင်ရင် မိသားစုတိုင်း ကြွယ်ဝလာမယ်။ တိုင်းပြည်လဲ ကြွယ်ဝလာမှာပါပဲ။ အဲဒါကြောင့် စီးပွားဆန်ခြင်းဟာ မဖြစ်မနေ လိုအပ်ပါတယ်။

ဘဏ်တွေက စီးပွားဖွံ့ဖြိုးမှုကို အထောက်အကူ ပေးတယ်၊ ဒါပေမယ့် … ၊

ပုံမှန်အားဖြင့်တော့ ဘဏ်လုပ်ငန်းဟာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အကူပေးတဲ့ အင်ဂျင်တစ်ခုပါပဲ။

ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဘဏ်ချေးငွေတွေဟာ အသေးစားလုပ်ငန်းတွေ၊ ဖွံ့ဖြိုးဖို့အားယူနေတဲ့ အလယ်အလတ်တန်းစား ကုမ္ပဏီတချို့ကို ကျဆုံးစေခဲ့တဲ့ ဖြစ်ရပ်မျိုးတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါဘာကြောင့်ဖြစ်လဲဆိုရင်တော့ ပင်ကိုယ်ဘဏ်စနစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သွေဖယ်မှုနဲ့ လျော့ရဲမှုတို့ကြောင့် ဖြစ်ပေါ်လာရပါတယ်။ ရာဖြတ်တွေရဲ့ မှားယွင်းဆုံးဖြတ်မှုတွေ၊ ဘဏ်ရဲ့ အခြေခံစည်းမျဉ်းတွေကို လုပ်ကိုင်သူတွေရဲ့ ဘဏ်အပေါ် ရှုမြင်မှု အလွဲအမှားတွေကြောင့် ဖြစ်ပေါ်လာရတာပါ။

ဘဏ်ချေးငွေကြောင့် အရှုံးပြလိုက်ရတဲ့ စက်မှုလုပ်ငန်းတစ်ခုကို တွေ့မြင်ဖူးပါတယ်။ ဖွံ့ဖြိုးမှု အလားအလာ ကောင်းနေတဲ့ စက်မှုလုပ်ငန်းတစ်ခုက လုပ်ငန်းချဲ့ထွင်ဖို့ သူ့အနေနဲ့ ဘဏ်ချေးငွေ ပမာဏတစ်ရပ်ကို လိုအပ်နေပါတယ်။ ဒါပေမယ့် လုပ်ငန်းကို စီမံခန့်ခွဲသူက ဘဏ်မှရရှိမယ့် ချေးငွေရဲ့ တစ်ဝက်ကို ဘဏ်ကချေးငွေ ရရှိနိုင်မယ့် နည်းလမ်းတွေမှာ အသုံးပြုခဲ့ပါတယ်။

ရေတိုအနေနဲ့ သူအပေါင်ပေးနိုင်တဲ့ ပမာဏထက် ရာခိုင်နှုန်းများစွာ ပိုရရှိခဲ့ပေမယ့် ရရှိတဲ့ ချေးငွေတစ်ရပ်လုံးဟာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုထဲမှာ မထည့်ဝင်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့် နောက်ပိုင်းမှာ ဈေးကွက်က ရရှိတဲ့ အမြတ်ဟာ ချေးငွေရဲ့ အတိုးအတွက်သာ လည်ပတ်သုံးစွဲနိုင်ပြီး ဈေးကွက်ဝယ်လိုအား ကျဆင်းတဲ့ စီးပွားကျပ်ကာလတစ်ခုမှာတော့ သူ့လုပ်ငန်းဟာ ပြိုလဲသွားခဲ့ရပါတယ်။ အဲဒါကြောင့် ဘဏ်ချေးငွေ ရရှိတာကို ထီပေါက်သလို သဘောမထားမိဖို့ လိုပါတယ်။ မိမိဆက်သွယ် ဆောင်ရွက်မယ့် ဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဂုဏ်သိက္ခာဟာ မိမိလုပ်ငန်းအတွက် ထည့်သွင်းစဉ်းစားရမယ့် အချက်ပါပဲ။ အသုံးချတတ်ရင်တော့ ဘဏ်ဟာ စီးပွားရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးနိုင်မှာ အမှန်ပါပဲ။

အောင်ပိုင်စိုး





၂၁ရာစု မျက်နှာစာမှာတော့ တတိယကမ္ဘာဟာ စက်မှုအမှိုက်ပုံဘ၀ကို ကျရောက်မှု ပိုများလာမယ်လို့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးသမားတွေက စိုးရိမ်တကြီး ဖြစ်နေကြပါတယ်။ ပညာအခြေစိုက် စီးပွားရေးခေတ်ကို ရောက်ရှိသွားကြပြီဖြစ်တဲ့ ဖွံ့ဖြိုးပြီးနိုင်ငံ

တွေဟာ သူတိုဆီက စွန့်ပစ်ရမယ့် စက်ရုံ၊ အလုပ်ရုံတွေအတွက် မြေနေရာကို ဖွံ့ဖြိုးဆဲကမ္ဘာမှာ

သူတို့ စက်မှုအမှိုက်တွေ စွန့်ပစ်ဖို့ အသည်းအသန်လိုက်ရှာနေကြပါတယ်။ ပင်လယ်အစင်းစင်း

ကိုဖြတ်လာတဲ့ တစ်ပါတ်ရစ် စက်ရုံအဟောင်းကြီးဟာ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ရတနာသိုက်ဆိုပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေအတွက်တော့ စွန့်ပစ် ပစ္စည်းပါ။ တစ်မုဟုတ်ချင်း ပေါ်လာတဲ့ စက်ရုံကြီးကို အလုပ်လက်မဲ့ဒေသခံတွေက ၀မ်းသာအားရကြိုဆိုကြပါတယ်။ ဒါပေမယ့် မျိုးဆက်ပေါင်းများစွာ နာကျင်ခံစားရမယ့် ပတ်ဝန်းကျင် ပျက်စီးမှုကိုတော့ သတိမမူမိကြပါဘူး။ FDI ဟာ ဆင်းရဲမွဲတေမှုအတွက် အသက်ကယ်ဆေးဆိုပေမယ့် ဘေးထွက်ဆိုးကျိုးတွေလည်း အတောမသတ်ပါလာတတ်ပါတယ်။ ဆင်းရဲမွဲတေမှုကို ဖောက်ထွက်ဖို့ အတွက်ကတော့ လုပ်သာအင်အားတွေ ဈေးပေါပေါရရုံနဲ့ အလုပ်မဖြစ်နိုင်ပါဘူး

ဥာဏအင်အားတွေ အလုံအလောက်မွေးထုတ်နိုင်မှ ဖြစ်နိုင်မှာပါယ်…။

ကမ္ဘာပေါ်က ချမ်းသာကြွယ်ဝတဲ့ နိုင်ငံတွေဟာ ပိုပြီးဆိတ်ငြိမ်လာတယ်။ သူတို့က လူဦးရေနည်းနည်း၊ မြေနေရာကျယ်ကျယ်ဝန်းဝန်းနဲ့ ပါတ်ဝန်းကျင်ကပိုပြီး သန့်ရှင်းသပ်ရပ်လာ

ပါတယ်။ သူတို့ အရပ်ဒေသတွေမှာ မီခိုးထွက်တာဆိုလို့ မော်တော်ယာဉ်တွေကလွဲရင် တခြားထုတ်လုပ်မှု တော်တော်များများကို မီးခိုးတိတ် ထုတ်လုပ်လာကြတာများတယ်။ ဇီဝဗေဒ

ဓါတ်ခွဲခန်းတွေ၊ ကွန်ပြူတာဆော့ဝဲလ်တွေ၊ Cyber Business၊ Information Lab၊ တွေနဲ့ အလုပ်လုပ်နေကြတာ များပါတယ်။

အခြားကမ္ဘာတစ်ဖက်ခြမ်းမှာ ကျတော့ မိုးလင်းတာနဲ့ ဆူညံသံတွေနဲ့ ထိပ်တိုက်တိုးနေရတဲ့

လူနေမှုဘ၀၊ စက်ရုံ၊ အလုပ်ရုံတွေက လေထုထဲကို ကာဗွန်ဒိုင်အောက်ဆိုဒ်တွေနဲ့ ပိန်းပိတ်အောင်မှုတ်ထုတ်နေရတဲ့ မြို့ကြီးတွေက ဖွံ့ဖြိုးပြီး နိုင်ငံက လူဦးရေထက် သုံးဆလောက်ကို မနိုင်မနင်းထိန်းသိမ်းထားနေရပါတယ်။ မြို့ကြီးက သူ့ကိုမှီခိုတဲ့နေရတဲ့

လူဦးရေအားလုံးကို မိုးလင်းတိုင်း ဘယ်လိုရှာဖွေကျွေးမွေးမလဲ၊ ခေါင်းခဲနေရပါတယ်။ ပေါ်လစီမိတ်ကာ တွေက ကျန်းမာရေး၊ ပညာရေး၊ နေရေး၊ စားရေးကိုစာရွက်ပုံကြီးတွေ ကြးထဲမှာ လက်မှိုင်ချနေရတဲ့ အဖြစ်၊ အာဏာပိုင်တွေရဲ့ ပါးစပ်က ဘာမှမတတ်နိုင်ပါလား ဆိုတဲ့ စကားတစ်ခွန်းပဲ ရေရွတ်နေရတယ်။ သူတို့ဘ၀ရဲ့ လေနီကြမ်းတွေထဲမှာ ၀မ်ရေးကလည်း ကြမ်းတမ်းသလို၊ သူတို့ ထုတ်လုပ်လိုက်တာကလည်း ကုန်ကြမ်းပစ္စည်းတွေပဲ

ဖြစ်နေတတ်ပါတယ်။

ဂလိုဘယ်လိုက်ဇေးရှင်းကြောင့် သေးကျုံ့လာရတဲ့ ကမ္ဘာဟာ ကုန်စည်ဈေးကွက်ကတော့

အလွန်အမင်း ကျယ်ပြန့်လာပါတယ်။ ကမ္ဘာတစ်ဖက်စွန်းက ထုတ်လုပ်လိုက်တဲ့ ကုန်စည်ဟာ

အခြားတစ်ဖက်မှာ နေ့ချင်းညချင်းသုံးစွဲလို့ ရနေပါပြီ။ ၀ါစေ့တွေဟာ နိုင်ငံသုံးနိုင်ငံပါတ်ပြီးမှ

ရှပ်အင်္ကျီတစ်ထည်ဖြစ်လာရသလို မိုက်ခရိုချပ်စ်တစ်ပြားဟာ ဂလိုဘယ်ကုမဏီသုံးခုရဲ့

တံဆိပ်ကပ်ထားပေမယ့် သုံးစွဲသူလက်ထဲရောက်ဖို့ ၃နာရီပဲကြာပါတယ်။ အမျိုးအမည်မသိ

ပစ္စည်းမျိုးစုံကို ဖွံ့ဖြိုးဆဲကမ္ဘာကထုတ်လုပ်လိုက်ပြီး မိမိတို့ ထုတ်လုပ်လိုက်တဲ့ ပစ္စည်းကို

ဘယ်လိုလူမျိုးတွေသုံးစွဲမလည်း ဆိုတာကို ကွဲကွဲပြားပြားမသိတဲ့ စက်ရုံလုပ်သားတွေ ကမ္ဘာပေါ်မှာ အများအပြားရှိနေပါတယ်…။

ဆင်းရဲတာကို ပြတိုက်ပို့ပစ်မယ်ဆိုတဲ့ ပါမောက္ခမိုဟာမက်ယူနွတ်ကတော့ သူ့တိုင်းပြည်မှာ

အလုပ်သမားတွေကို မွေးထုတ်ဖို့ထက် လုပ်ငန်းရှင်တွေကိုပဲ မွေးထုတ်ဖို့ စိုင်းပြင်းနေပါတယ်။

FDI ကို အလွန်အမင်းလိုအပ်နေတဲ့ ဖွံ့ဖြိုးဆဲကမ္ဘာအနေနဲ့တော့ အနာဂါတ်မှာ စက်မှုအမှိုက်ပုံ

ဖြစ်မသွားဖို့ အတွက်ကတော့ အထူးတလည်ချိန်ဆရမှာပါ…။ လှပတဲ့ မိမိတို့ ကမ်းခြေမှာ

မော်နီတာအပျက်တွေသောင်လာမတင်ဖို့ဆိုတာ…။


အောင်ပိုင်စိုး

`ကဲ အားလုံးပဲ ဆင်းပြီးမှတက်ကြပါဗျာ´
`ယောက်လမ်း ၊ ၃ လမ်း ၊ ရွှေဂုံတိုင်၊ မြောက်ဥက္ကလာ၊ ရွှေပေါက်က္ကံ´
`ဘားလမ်း ၊ ဆူးလေ ၊သမ္မုဒ္ဒေ နှစ်ညအိပ်၊ သုံးရက်ခရီးမဟုတ်ဘူး၊ အခုထွက်မှာ´

`အစ်ကို နော့သရီး သွားတာ လေးမိနစ်ခွဲပဲရှိသေးတယ်၊ ရှေ့မှာ ကားကွက်ကျပ်နေတယ်၊ ဒီမှာခဏထိုင်လိုက်ရင် အဆင်ပြေသွားမယ်အစ်ကို အိတ်စ်ဆမ်းက ခုနကမှ လိမ်ဖယ်လိမ်ဖယ်
နဲ့ တက်သွားတာ၊ ကျွန်တော် ဂျာနယ်ခဏ တက်ရောင်းမယ်နော်….´

` ခရီးသွား လုပ်သားပြည်သူအပေါင်းတို့ခင်ဗျာ´

နိုင်ငံကျော်အဆိုတော်ရုပ်ရှင် မင်းသမီးကြီး သီလရှင်ဝတ်မယ်လို့ကြေငြာပြီးမှ လင်နောက်လိုက်သွားတဲ့အကြောင်း…..
တောသား လူလည်က မြို့တက်ပြီး အကြံအဖန်လုပ်တာ ရဲကင်းနဲ့ပက်ပင်းတိုးတဲ့အကြောင်း….
စုံစုံလင်လင်လေးသိချင်ရင်…

အမှောင်ထဲ အဖော်မပါဘဲသွားတဲ့ ဆယ့်ရှစ်နှစ်သားလူငယ်လေးရဲ့ ကြေကွဲဖွယ်ဖြစ်ရပ်မှန်ဇာတ်လမ်း….
ရှာရာပိုဗာကတော့ ခွေးတွေကိုပဲချစ်သတဲ့၊ ကမ္ဘာကြီးကတော့ ပြားသွားပြန်ပြီ။

` ငုံးဥပြုတ် တစ်ရာ ၊ တစ်ရာ၊ တစ်ရာ´
`ဟေ့ကောင်ငုံးဥ ခဏနေဦး ´
ခင်ဗျားက ကြာတာကိုးဗျ
`အေးပါ ပြီးတော့မယ်´

ရွှေမည်းကြောင့် သမ္မတဘုရှ် ကြေကွဲနေတဲ့ အကြောင်း
`ပြည်တွင်းနဲ့ နိုင်ငံတကာ သတင်း၊ ရသစုံစုံလင်လင်လေး ဖတ်ချင်ရင်
တစ်စောင်မှနှစ်ရာ၊ ဒီနေရာမှာပဲမှာ ဆိုင်တွေမှာ သွားဝယ်ရင် လေးငါးခြောက်ရာ
ဒီမှာက အသစ်စက်စက် တစ်စောင်မှ နှစ်ရာ… အပျင်းပြေဖတ် အပျော်ဖတ်
အိုက်တတ်ရင် ယပ်ခပ်လို့ရတယ်…။

`ဂျာနယ် ပြီးရင်ဆင်းလေကွာ´

`လူကြီးမင်းတို့ အိမ်တွေမှာ အရှေ့မြောက်ထောင့်က အိမ်မြှောင်စုပ်ထိုးရင်
ဘာဖြစ်မှာလဲ…၊တောင်ပို့မြင်တိုင်း ဖွတ်ထွက်မယ် မတွေးနဲ့ အမွှေးတိုင်နဲ့ သောက်ရေသာကပ်ပေး … အဲဒီအိမ် စီးပွားမတက်ရင် ကျွန်တော့်လာပြော´

(သူ့ဟာသူတောင် စီးပွားမတက်ဘဲနဲ့)

`မြေပဲလှော် ငါးဆယ်၊ ကြွတ်ကြွတ်ရွရွလေး မြေပဲလှော် ငါးဆယ်´

` လူကြီးမင်းတို့ ညဘက်တွေအိပ်တဲ့အခါ အိပ်မက်တွေမက်တတ်တယ်
ညဦးပိုင်း မက်တဲ့အိပ်မက်၊ သန်းခေါင်ယံမက်တဲ့အိပ်မက်၊ အာရုဏ်တက်မက်တဲ့ အိပ်မက်ရယ်လို့ သုံးမျိုးသုံးစားရှိတယ်…. ။
ဘယ်အချိန်မက်ရင် ဘာဖြစ်မှာလဲ၊ အိပ်မက်ရဲ့လက္ခဏာနဲ့ နိမိတ်ကို ဗေဒင်ဆရာဆီသွားပြီး ဆန်တစ်အိတ်၊ ငွေအစိတ် ကုန်စရာမလိုဘူး…

ကျွန်တော့်ဆီက စာအုပ်လေးသာ ၀ယ်သွား၊ ကိုယ်ကိုယ်တိုင် သိနားလည်လာမယ်၊ ဟိမ၀န္တာတောကြီးတန်းက ဆရာသခင်များ ပြုစုထားတဲ့ တောင်အတိတ်ကျွန်းမှာ အောင်နိမိတ်ထွန်းစေမယ်။ အိပ်မက်နိမိတ်ကျမ်း၊ ၀ယ်လို့မရတဲ့ပညာကို ဒါနတရားနဲ့ ရောင်းချပေးတာ။ ငွေတစ်ရာကျပ်ထဲပဲ၊ ကွမ်းစားဆေးသောက် ကျပျောက်မသွားဘူး၊ တစ်ဘ၀လုံး လက်စွဲထားရမှာ၊ အိပ်မက်နိမိတ်ကျမ်း…´´

``ဟောဒီက အစ်မက တစ်အုပ်တဲ့… ဒီအဒေါ်ကြီးကတော့ နှစ်အုပ်တဲ့…၊ ပညာရဲ့တန်ဖိုးကို အစစ်အမှန် နားလည်ကြသူတွေကတော့ ၀ယ်ကုန်ကြပြီ´´

``သံချေးတွေစွန်းတာ၊ ကွမ်းတံတွေးတွေစွန်းတာ၊ ဘာစွန်း၊ ညာစွန်း၊ ဘာစွန်းစွန်းပေါ့၊ အင်္ကျီတွေ၊ အ၀တ်အစားတွေ၊ ပွန်းတာပဲ့တာ ထည့်သိပ်လို့မရပေမယ့် စွန်းတာ ပေတာတော့ စိတ်သာချ၊ ဂြိုဟ်တုအစွန်းချွတ်ဆေး၊ လက်ပစ်ဗုံးပေါက်ရင် ဖာလို့မရဘူး၊ အိမ်ကရေပုံးတော့ ဖာဖြစ်အောင်ဖာ၊ အိုးဖာတဲ့တိပ်၊ ဒန်အိုးဒန်ခွက်၊ ရေပုံး ဘာဖာဖာ တစ်လက်မကို ငွေတစ်ရာပဲ´´

``ဟိုအစ်မ ရှေ့နည်းနည်းတိုး၊ ဟိုအစ်ကို ဘေးလေးကပ်ပေးပါ၊ ဟေ့ကောင်တွေ ဆင်းတော့၊ ထွက်တော့မယ်…၊ ရောင်းချင်ရင် အောက်ကသာရောင်းတော့…၊ အစ်ကိုရေ ငါးပူးကပ်လာပြီ၊ မောင်းတော့…။

အောင်ပိုင်စိုး






ကျွန်တော် သမီးလေး မရခင်အထိ ဘ၀အတွေ့အကြုံဆိုတဲ့ စကားလုံးကို မျက်စိမှတ် ယုံကြည်ခဲ့ဖူးတယ်။ သင်ကြားမှုဆိုတာ လူကြီးကနေ လူငယ်ကို ဆင့်ပွားစီးဆင်းတယ်လို့ ယုံကြည်ထားခဲ့ဖူးပါတယ်။ ဘာမှမသိသေးတဲ့ ကလေးငယ်တစ်ယောက်က လူကြီးကို ဘယ်လိုသင်ကြားမှာလဲ။ ကျွန်တော် ပထမဆုံး သတိထားမိတာက ကလေးငိုသံပဲ... ။ ကျွန်တော်တို့ လက်ကိုင်ဖုန်းရဲ့ Ring Tone တွေလို တစ်ဆင့်ချင်း ကျယ်လောင်လာလေ့ရှိပါတယ်။သမီးအိပ်ရာထဲကနေ `အဲ့´ ဆိုတဲ့ အသံလေးက သူရဲ့အသံ စူးစူးဝါးဝါးလေး နားစည်ကို မရိုက်ခတ်ခင် ကျွန်တော် စားလက်စ ထမင်းပန်းကန်၊ ဖတ်လက်စ စာအုပ်၊ ရေးလက်စ၀ါကျ တစ်ကြောင်းကို ပစ်ချ ထားခဲ့ရတာပါပဲ။
သမီးလေး နို့ဆာနေတဲ့အချိန်ဆိုရင်တော့ ပိုမိုလိမ္မာပါးနပ်နေတော့ပါပဲ။ ကျွန်တော်ချီလိုက်လို့ ရင်အုံဘက်လှည့်ပြီး နို့နံ့မရရင် သူကိုယ်ကို ခါရမ်းနေပါ တော့တယ်... ။ သူက သူလိုအပ်တဲ့ အရာ ဟုတ် မဟုတ် သူရဲ့ သိမှတ်မှုနဲ့ အလိုအလျောက် ဆုံးဖြတ်တတ်ပါတယ်။ အငိုတိတ်အောင် ချော့မြှူရာမှာလည်း ပြုံးပြုံးရယ်ရယ် ချော့မြှူရမှာလား၊ သားချော့တေးဆိုတာတောင် ဘယ်အသံအနေအထားရောက်မှ အိပ်ပျော်မယ်ဆိုတာ ကြိုသိနေ သလိုပါပဲ။ ဖခင်တစ်ယောက် ဖြစ်ခဲ့ရခြင်းရဲ့ သင်ကြားခွင့်ရခဲ့တဲ့ လူဘ၀နေ့ရက်တချို့အတွက် သမီးလေးကို ကျွန်တော် ကျေးဇူးတင်နေမိပါတယ်။
အသက်ရှင်မှု တစ်စိတ်တစ်ပိုင်းကို စာရေးစာဖတ်တဲ့အမှုမှာ မွေ့လျော်ထားတဲ့ ကျွန်တော်တို့က ဘာသာစကားများ၊ စာပေများ ဆွေးနွေးရတာကို စိတ်ဝင်စားလေ့ရှိပါတယ်။ အဲဒီနေ့ကလည်း သူငယ်ချင်း အင်္ဂလိပ်စာသင်တန်း နည်းပြတစ်ယောက်နဲ့ စကားပြောရင်း အတွေးတချို့ ရခဲ့ပါတယ်။ သူပြောပြတဲ့ အကြောင်းဟာ ထုံးစံအတိုင်း အသံထွက်မှန်တဲ့ကလေးတွေ၊ သဒ္ဒါမမှန်တဲ့ ကျောင်းသားတွေကို ပိုအားထုတ်စေချင်တဲ့ စေတနာပါ။ သူကတော့ အင်္ဂလိပ်စာကို ဘိလပ်ပြန်ဆိုတဲ့ စစ်ကြိုခေတ် အသံကိုမှ အမှန်တိုင်းထင်တုန်းပါ။ ဒီနေ့ ကမ္ဘာပေါ်က လူဦးရေတစ်ဝက်ခန့်က နေ့စဉ်သုံးအင်္ဂလိပ်စကားကို အင်္ဂလိပ်လူမျိုး မဟုတ်သူများနဲ့ မျှဝေသုံးစွဲနေကျတာ။ သူတို့လိုချင်တာက တစ်နေ့တာ နားလည်မှုပါ။ ကိန်းဘရစ်ခ်ျက အင်္ဂလိပ်စာဘွဲ့လက်မှတ် မဟုတ်ပါဘူး။ ဂလိုဘယ် လိုက်ဇေးရှင်းအရ လေသံတွေ က ရောထွေးနေမှာဖြစ်သလို၊ ဒေါင်းနင်းလမ်းထဲက လူကြီးမင်းတွေ ကိုယ်နှိုက်က မပီမသ အင်္ဂလိပ်အသံထွက်တွေကို နားကျယ်ကျယ် စွင့်ထားနေရပါတယ်။ သူငယ်ချင်းခမျာမှာတော့ သူ့စေတနာကြီးကို ထမ်းပိုးပြီး၊ ဒီကနေ့ ကလေးတွေကို အသံထွက်မှန်ဖို့ ကြိုးစားနေတုန်းပါ။
ကျွန်တော်က သူ့ကိုပြောပြရတယ်။ ဒီကနေ့ ကလေးတွေက chat Room တွေထဲမှာ အင်္ဂလိပ်စာလုံးတွေနဲ့ ဒေသသုံးစကားတွေကို ရိုက်နှိပ် အသုံးပြုကြတာ၊ ဘာသာစကားဘက်က ကြည့်ရင်တော့ စိုးရိမ်စရာရှိတာပေါ့။ ဒါပေမယ် ဒီဘက်ကနေ မင်းတို့ငါတို့ လက်လှမ်းမမီတဲ့ အွန်လိုင်းယဉ်ကျေးမှုမှာ အမျိုးသားဘာသာစကားတွေ ပေါင်းစပ်ဖို့ ကြိုးစားတာလည်း ဒီကနေ့ကလေးတွေပါပဲ။ သူတို့က အသံထွက်မှန်ဖို့ထက် နားလည်မှုပိုရှိအောင် ဘာသာစကား ဆိုတဲ့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးဆက်သွယ်မှုတံတားကို သူတို့က သက်သက်သာသာ ကျော်လွှားသွားကြတာ။ ငယ်ငယ်က နိုင်ငံခြားသားတွေရှေ့မှာ အသံထွက်မှန်အောင် အားတင်းပြီးမှ အလွဲလွဲအမှားမှားတွေ ပြောမိခဲ့တာကို ပြန်ပြီးသတိရလေ . . . သူငယ်ချင်းလို့ ပြောရတယ်။
“ ဒီကနေ့ ကလေးတွေကတော့ ဘယ်လိုအသံထွက်ထွက် သူတို့က နားလည်တတ်တယ်” လူတစ်ဖက်သားကိုလည်း နားလည်အောင် ပြောပြတတ် တယ်လေ။ သူတို့ကမ္ဘာက အိုင်တီခေတ် ကြောင့် ငါတို့ထက် ကမ္ဘာနဲ့အထိအစပ် ပိုများတယ်။ ပိုချောမွေ့တယ်။ ”
အင်တာနက်သင်တန်းဖွင့်ထားတဲ့ သူငယ်ချင်းကလည်း သူ့အတွေ့အကြုံကို ဖောက်သည်ချပါတယ်။ ငါလူငယ်တွေကို သင်ပေးရတာ ပိုအားရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကို သင်ရတာ ပိုပညာရတယ်။ သူတို့က ပိုသိချင်၊ ပိုတတ်ချင်လို့ပဲ။ လူငယ်တွေက အသုံးချရုံ သက် သက်မဟုတ်ဘူး။ အသစ်ကိုလည်း သိချင်တဲ့ စိတ်မျိုးရှိတယ်။ အဲဒီတော့ ဒီပညာကို သင်ကြားချိန် မှာ လူငယ်တွေက သိချင်တာရော၊ အသုံချချင်တာရော အကုန်မေးတော့တာပဲ။ သူတို့က ပြဿ နာတွေ သယ်သယ်လာပေးတယ်။ ဟိုလိုလုပ်လို့မရဘူးလား၊ ဒီလိုလုပ်လို့မရဘူးလားနဲ့ သူတို့ပြော လို ငါ ကိုယ်တိုင်စမ်းကြည့်၊ လေ့လာကြည့် တော့လုပ်လို့ရတာချည်းပဲ။ သူတို့ကို ပြဿနာတစ်ခု ချပေးလိုက်ရင်လည်း မဖြေရှင်းနိုင်မချင်း မော်နီတာရှေ့ကကို မခွာတော့ဘူး။ ကွန်ပျူတာဟာ လူကြီး တွေကို အလွယ်တကူ အနိုင်ပေမယ့်၊ လူငယ်တွေနဲ့ကျတော့ အမြဲတမ်း အလျှော့ပေးရတယ်။ ငါဆို သင်တန်းဆရာသာဆိုတယ်၊ တပည့်တွေ မေးခွန်း ထုတ်တဲ့ အချက်အလက်တွေကနေ အမြဲအသစ်တစ်ခု ရနေတာ။ အဲတော့ သူတို့ပေးတဲ့ပညာရပ်အသစ်၊ ပြဿနာအသစ်တွေနဲ့ပါ ရှင်သန်ရပ်တည်နေရတယ်ဆိုလည်း မမှားဘူး။
သူတို့က ငါပျင်းချင်ရင်တောင် ပျင်းမရအောင် မီးထိုးပေးနေကြတယ်။ အဲဒါကြောင့်ပြောတာ ကလေးတွေဟာ ငါတို့ရဲ့ ဆရာပါလို့။


အောင်ပိုင်စိုး

Photo - Google Images



နာရီကိုကြည့်လိုက်တော့ ၅း၀၀ ထိုးဖို့ဆယ်မိနစ်၊ လုပ်လက်စအလုပ်တွေကိုတော့ လက်စသတ်ပြီးပြီ။ တစ်နေ့စာ စာရင်းဇယားတွေ၊ ဖိုင်တွေကို မန်နေဂျာကိုတင်ပြဖို့ မန်နေဂျာအခန်းထဲ လှမ်းကြည့်လိုက်တော့ ဧည့်သည်နှစ်ယောက်နဲ့ စကားလက်ဆုံကျနေတယ်

ကိုယ်က ရုံးဆင်းချင်နေပြီ။ သူတို့က အာလာပ၊ သလ္လာပတွေ ပြောကောင်းတုန်း၊ နာရီကိုကြည့်လိုက်တော့ ငါ့နာရီထိုးဖို့ နှစ်စက္ကန့်လောက်ပဲလိုတော့တယ်။ စိတ်ကတော့ပူနေပြီ။

ဒါပြီးရင် အလုပ်နောက်တစ်ခုကို ကူးရမှာ၊ ကွန်ပြူတာဆိုင်မှာ ညနေပိုင်း စာစီစာရိုက်ကို ကိုးနာရီခွဲထိ လုပ်ရဦးမှာ။ ညနေပိုင်းအလုပ်ချိန်က ခြောက်နာရီမှာ စမှာ၊ ငါးနာရီဆိုရင်တောင်

ညနေပိုင်း အလုပ်ချိန်က ခြောက်နာရီမှာစမှာ၊ ငါးနာရီဆိုရင်တောင် ညနေစာကို အပြင်မှာစားပြီး၊ အလုပ်နောက်တစ်ခုကို သွားဖို့ အချိန် ၄၅ မိနစ်လောက်ပေးရဦးမှာ။

နောက်ကျရင် အလုပ်ရှင် မျက်နှာညိုမှာ ကိုယ့်အတွက်စိုးရိမ်စရာပဲ။ အလုပ်နှစ်ခုလုပ်မှ လောက်ငရုံ လောက်ရတဲ့ ၀မ်းရေးကို တော်ရုံအတွေးနဲ့ စာနာတတ်သူတော့ သိပ်ရှိမှာမဟုတ်ဘူး။ အလုပ်ချိန်ဆိုတာ မျက်စိနှစ်လုံးပွင့် ကတည်းက အိပ်ရာထဲ ပြန်ဝင်တာတောင် မပြီးချင်ဘူး။ ညနေခင်းထဲမှာ ချစ်သူလက်ကိုဆွဲပြီး အေးအေးလူလူ လမ်းလျှောက် ထွက်ဖို့ သူတို့လိုလူတန်းတွေကို ဒီရာစုနှစ်က ခွင့်မပြုဘူးထင်တယ်။

ပထမအလုပ်က ရုံးတစ်ရုံးရဲ့ ၀န်ထမ်း၊ စီမံခန့်ခွဲမှုအပိုင်းမှာ သူတာဝန်ယူရတဲ့ ကိစ္စလေးတွေရှိတယ်။ ပြဿနာ အမျိုးမျိုးနဲ့ကြုံရ၊ ဆုံရ၊ ကိုယ်အောက်လက် ငယ်သားတွေ ကိစ္စကို အထက်ကိုတင်ပြ၊ သူတို့ လိုအပ်ချက်တွေရှိရင် ဖြည့်ဆည်း၊ လုပ်ငန်းရဲ့ပေါ်လစီ လိုအပ်ချက်တွေ အတွက် သူက ပုံမှန် အကြံပြုချက်လေးတွေရေးနဲ့၊ အတွေးကို ဇောင်းပေးရတဲ့ လုပ်ငန်းခွင်။ ဒုတိယအလုပ်က မော်နီတာဖန်သားပြင်ပေါ်ကို A4 စက္ကူပေါ်က

ညွှန်ကြားချက်တွေ အဆက်မပြတ် ရိုက်ထည့်နေရတဲ့ အလုပ်။ A4 တစ်မျက်နှာမှာ ဘယ်လောက်ရမယ် ဆိုတဲ့သတ်မှတ်ချက်အရ၊ သူ့အတွက်များများနဲ့ မြန်မြန်ရိုက်နိုင်ဖို့ အတွက်

ကတွန်းအားဖြစ်ပြီးသားပဲ။

သူဆယ်တန်းအောင်ကာစက ဒီအချိန်ဆို ငွေနှစ်ရာကျပ်နဲ့ သီးချင်းနားထောင်ရင်း ကဗျာဖတ်လို့ ရတဲ့ `ဒေါင်´ တစ်ခုခုမှာ ခွေးကောင်းနေချိန်ပေါ့။ အဲဒီအချိန်လေး တွေက သူ့ကို

မောင်ချောနွယ်နဲ့ မိတ်ဆက်ပေးဖူးတယ်။ မိုးဝေး၊ အောင်ချိမ့်၊ သစ္စာနီ၊ ပြီးတော့ ကစ်ပလင်၊ ပက်ဘလိုနီရူဒါ၊ ရှေးမော့စ်ဟေနီနဲ့ တီအက်စ်အဲ့လိယော့စ်အထိ၊ စည်းအပြင်ကနေ လူနာဆောင်အမှတ် ၆ အထိ အမှတ်မထင် ရောက်သွားခဲ့ဖူးတယ်။

ရာစုသစ်ရဲ့ သိပံဘီးထဲမှာ နည်းပညာနဲ့ ဓနချို့တဲ့နေတဲ့ သူလိုလူကို စွမ်းရည်နိမ့်တဲ့ ရိုဘော့အဟောင်းတွေလို လောကကြီးက ချောင်ထိုးထားလိုက်မယ်ဆိုတာ ကြိုတင်မသိခဲ့ရိုး အမှန်ပါ။ လောကဓံလှိုင်းတွေ၊ ငလျင်တွေ၊ ဆုပ်ဝဲ၊မြုပ်ဝဲတွေထဲ ၀ဲလည်ရင်း၊ ဘာပဲလုပ်လုပ် ဆင်ဆင်ခြင်ခြင် သတိနဲ့လုပ်ဆိုတဲ့ အဖေ့စကားကို ကြားယောင်ဖူးပါတယ်။ အချိန်ကာလနဲ့ ခေတ်ကို မျက်ခြေမပြတ်ခဲ့ပါပဲနဲ့ မြန်နှုန်းမြင့် အပြောင်းအလဲတွေထဲမှာ သူက အမြဲတမ်း အံ့သြ မှင်သက်နေခဲ့ရတယ်။ တိုင်ကပ်နာရီကို လှမ်းကြည့်တော့ ဆယ်နာရီဆယ်မိနစ်၊ နောက်ဆုံးဝါကျအတွက် သူ Backspace ကို ခြောက်ခါလောက်သုံးလိုက် ရတယ်။ ဒီထက်ပို နောက်ကျရင် သူ မနက်ဖြန် အလုပ်တွေ တလွဲတချော် ဖြစ်တော့မှာ။ အိမ်ပြန်ရောက်ရင် အေးစက်တောင်ခဲ နေတဲ့ ညနေစာတွေ သူ့ကိုစောင့်နေတော့မယ်။ သူ့ကိုယ်သူ အိမ်ပြန်လမ်းပေါ် ပစ်ချလိုက်တယ်။ လေတွေက လာအရောင်မှန်း သတိမထားမိပေမယ့် အေးစက်ကြမ်းတမ်းလွန်းတာ ခံစားသိလိုက်တယ်…..။



အောင်ပိုင်စိုး

မထင်မှတ်ပဲ ဇွန် ၂၈ ရက် တနင်္ဂနွေ နေ့မှာ ကျွန်တော်အင်းလျားကန်စောင်းက စိမ်းလန်းစိုပြေ ကို သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင်ရောက်သွားမိတယ် …။ လူငယ်တစ်ချို့ ကဗျာတွေရွတ်နေတာ တွေ့ရတာနဲ့ စိတ်ဝင်တစ်စားနားထောင် နေမိတယ်။

မိုးရာသီဆက်တင်တဲ့….

မှတ်မှတ်ရရပဲ ကဗျာဆရာ ကိုစန်းဦးက အဲဒီနာမည်နဲ့ ကဗျာစာအုပ်တစ်အုပ်ထုတ်ခဲ့ဖူးတယ်

ပင်လယ်ကရီတယ်

ကံစီမံရာအတိုင်းပေါ့လေတဲ့

အဲဒီမရိုးမရွလှိုင်းတွေထဲ

မြို့လည်းလူးလူး

လူလည်းလှိမ့်လှိမ့် ….

ကိုစန်းဦး ကဗျာစုထဲက ပထမဆုံးကဗျာတစ်ပုဒ်ရဲ့ အကြိုက်ဆုံးအပိုဒ်လေးပါ။

အခု မိုးရာသီဆက်တင်ထဲမှာတော့ ၂၁ ရာစု တတိယလှိုင်ပေါ်ကလူငယ်လေးတွေ….

သူရဿဝါ၊ ဇာတိ၊ လင်းရမ္မာ၊ ဗညားရှိန်၊ မင်းယွန်းသစ်၊ ကိုဂစ်တာတဲ့ မှတ်မိသလောက်

နာမည်လေးတွေ ချရေးကြည့်လိုက်တာ သူတို့က လူငယ်တွေဆိုပေမယ့် သမိုင်းသစ်ကို

အသေအချာရေးနေကြပုံရတယ်… သူတို့ကြည့်ရတာ လေးလေးနက်နက်ရှိလွန်းတယ်…

အဲဒီထက်ပိုလေးနက်နေတာက တော့ သူတို့ကဗျာတွေပါပဲ…။ အသံနဲ့ရွတ်တဲ့ ကဗျာတွေကို

နှလုံးသားနဲ့ နားထောင်တတ်မှ အပြည့် အ၀ကြားနိုင်မှာပါ… ဖြန့်ထားတဲ့ ဗီနိုင်းစပေါ်မှာကတော့

မုတ်သုန်မြို့ရဲ့ သတို့သမီးတဲ့… မိုးရာသီဆက်တင်ထဲ အမှတ်တရပြန်ထွက်ခဲ့ပါတယ်…။

နောက်မိုးရာသီတွေထဲမှာ သူတို့ဆက်တင်ထဲ မိုးခိုခွင့်ရဦးမယ်လို့ မျှော်လင့်မိရင်း…။


အောင်ပိုင်စိုး




လူတွေရဲ့နေ့စဉ် ဘ၀တွေမှာ စီမံခန့်ခွဲမှုက အလွန်အရေးကြီးပါတယ်..။ တနေ့ချင်း စီမံမှုတွေကနေ တစ်လ၊ တစ်နှစ်နဲ့ တစ်ဘ၀လုံးအ

တွက်ပါ စီမံခန့်ခွဲနေရတာပါ…။ စီမံခ

န့်ခွဲမှုမှာ အမျိုးမျိုးရှိပါတယ်။ ရုပ်ဝထ္တုကို စီမံခန့်ခွဲခြင်း၊ ငွေကြေးကို စီမံခန့်ခွဲခြင်း၊ အချိန်ကို စီမံခန့်ခွဲခြားစတာတွေ ရှိပါတယ်။ ယနေ့မှာတော့ လူစွမ်းအား အရင်းမြစ်ရဲ့ အသုံး

ဝင်ပုံ ပညာလုပ်သားတွေရဲ့ အရေးပါမှုတွေ အပြင်လူဆိုတဲ့ အရင်းအနှီး တစ်ရပ်ဆိုတဲ့ အရေးပါမှုကို လက်ခံလာကြတဲ့အတွက် လူကို

စီမံခန့်ခွဲမှုက စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများရဲ့ အောင်မြင်ရေး သော့ချက်များ ဖြစ်လာပါတယ်။

စီမံခန့်ခွဲတော့မယ်ဆိုရင် ကျွန်တော်တို့ ပထမဆုံး စဉ်စားကြတာက ကက်ပီတယ် အရင်းအနှီးကိုပါ။ ပြီးတော့အချိန်၊ နည်းပညာ ၊ သတင်း၊ ပြင်ပ အချက်အလက်တွေ ကျွန်တော်တို့ ဆောင်ရွက်မယ့် အမှုကိစ္စအတွက် ဆက်စပ်တည်ရှိမယ့် အရာတွေအပေါ် သက်ရောက်မှု၊ တုံ့ပြန်နိုင်စွမ်း၊ အကျိုးရလာဒ် စတာတွေ တွက်ချက်ပြီးတော့ ကျွန်တော်တို့ အများစုက စီမံကိန်းတွေ လုပ်ဆောင်ကြတာပါ။ ဒါပေမယ့် အရေးကြီးဆုံးဖြစ်တဲ့ လူကို စီမံခန့်ခွဲဖို့တော့ မေ့လျော့တတ်ကြပါတယ် လုပ်ငန်းအတွက် လူ(သို့) လုပ်အား၊ 

ဥာဏ်အား လိုအပ်ချက်ကို စနစ်တကျ ထည့်သွင်းကြတာ မရှိသလောက်ပါပဲ။

လုပ်ငန်းခွင်ထဲ ရော

က်လာတဲ့ ၀န်ထမ်းတွေကို သူတို့ စွမ်းဆောင်နိုင်လိမ့်မယ်၊ သူတို့တာဝန် သူတို့ထမ်းဆောင်နိုင်ရင် သူတို့ အခန်းကဏ္ဏ ပြီးဆုံးပြီလို့ ထင်မှတ်လိုက်ကြတာဟာ လူ့စွမ်းအား အလေအလွင့်ကို ဖြစ်ပေါ်စေနိုင်ပါတယ် ကြိုတင် သဘောတူညီထားတဲ့ ကတိက၀တ်တွေ ပြည့်စုံရုံနဲ့ အကောင်းဆုံး ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျော်လင့်တတ်ကြပါတယ်။

စီးပွားရေး လုပ်ငန်းတွေအတွက် လူအရင်းအမြစ်ကို နေရာချတတ်မှုက အောင်မြင်မှုရဲ့သော့ချက်တွေ ဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် ကော်ပိုရိတ်တွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေက အစ၊ အသေးစား လုပ်ငန်းတွေအထိ လူကို စီမံခန့်ခွဲတဲ့ ဘာသာရပ်ဟာ အရေးကြီးတဲ့ စီမံခန့်ခွဲမှု တစ်ရပ် ဖြစ်လာပါတယ်။ စီးပွားရေး စနစ်သစ်မှာ HR မန်နေဂျာတွေ မရှိတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ တိုးတက်မှု နှေးကွေးတဲ့ ရလာဒ်တွေ ရင်ဆိုင်ကြ

ရမှာအမှန်ပါ။

အဲဒါကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ လူ့စွမ်းအား အရင်းအမြစ်ဘာသာရပ်ဟာ အရေးကြီးလာခဲ့တာပါပဲ။ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုလူတွေရှိလဲ အကြမ်းဖျင်းအားဖြင့် လူငါးမျိုး ရှိတယ်လို့ ဆိုနိုင်ပါတယ်။


(၁) အလုပ်အတွက် အလုပ်လုပ်တဲ့လူ

လုပ်ငန်းခွင်ပေါ် အာရုံစူးစိုက်နိုင်ဆုံးလူပါ။ လုပ်ငန်းခွင်အတွက် အလုပ်စွမ်းရည် ၇၅ ရာခိုင်နှုန်းက အဲဒီလူတွေဆီက လာတာပါ။ သာမန် ၀န်ထမ်းတွေထက် လုပ်ငန်းခွင်ကို ပိုအလေးထားပြီး သာမာန်လူတွေထက် နှစ်ဆ၊ သုံးဆ ပိုအလုပ်လုပ်နိုင်ပါတယ်။ မိမိလုပ်ငန်းခွင်ကို ချစ်မြတ်နိုးပြီး အ

လုပ်ကို တန်ဖိုးထားတတ်တဲ့သူပါ။ ငွေကြေး စကားတစ်ခွန်းမှ မပြောပါဘူး။ ကုမ္ပဏီ အဖွဲ့အစည်း အကျိုးကိုသာ ကြည့်ပြီး ကိုယ်ကျိုး မငဲ့ကွက်တတ်သူပါ။ အဲဒီလိုလူမျိုးတွေ လုပ်ငန်းခွင်တိုင်းမှာရှိတတ်ပါတယ်။ သူတို့ဟာ အလုပ်နဲ့ ဘ၀တန်ဖိုးကို တည်ဆောက်ထားကြတဲ့သူတွေပါ။ လုပ်ငန်းအကျပ်အတည်း ကာလမှာလည်း စိတ်ရှည်သီးခံတတ်သလို၊ အခက်

အခဲတွေကိုလည်း ထိုးဖောက် ကျော်လွှားနိုင်စွမ်းရှိတဲ့သူတွေပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ လုပ်ငန်းခွင်ထဲကနေ မထင်မှတ်ဘဲ နုတ်ထွက်တတ်ပါတယ်။ သူတို့ဟာ အထက်လူကြီးနဲ့ အဆင်မပြေတတ်ပါဘူး။ သူတို့လောက် အလုပ်အကြောင်း မတတ်သိသူတွေရဲ့ တွန်းတိုက်မှုကို ခံရတတ်ပါတယ်။ အဲဒီအချက်ကတွေကို မန်နေဂျာတွေက သတိပြုရပါမယ်။ သူတို့ကို အသိအမှတ်ပြုရမှာ ဖြစ်သလို သူတို့ရဲ့လုပ်ဆောင်ချက်တွေ ကောင်းမွန်တဲ့ အခါတိုင်း အလျဉ်းသင့်သလို ဂုဏ်ပြုပေးရပါမယ်။ အဲဒါဟာ လုပ်ငန်းခွင်ထဲမှာ အသုံးဝင်သူတွေကို အသိအမှတ်ပြုတဲ့ အလေ့အထကို တခြားသူတွေဆီကိုပါ သိမြင်နိုင်စေပြီး၊ စိတ်ပိုင်းဆိုင်ရာအရ ကောင်းမွန်တဲ့ လှုံ့ဆော်မှုကို ရပါမယ်။ လုပ်သားကောင်းတွေလည်း ပြိုင်ဘက် ကုမ္ပဏီတွေဆီကို ရောက်ရှိမသွားအောင် ကာကွယ်ပြီးသားလည်း ဖြစ်ပါလိမ့်မယ်…။


(၂) လစာအတွက် အလုပ်လုပ်တဲ့လူ

အလုပ်တစ်ခုလုပ်မယ်ဆိုရင် လူတချို့က လစာဘယ်လောက်ရမှာလဲ၊ အကြံအဖန်ရှိလား၊ ဘေးပေါက်က ဘယ်လောက်ဝင်မှာလည်း အဲဒီစကားလုံးတွေအရင်မေးတတ်ကြတယ်။ အဲဒီလူမျိုးတွေဟာ လုပ်ငန်းခွင်ကို ၀ါသနာအရ ပညာအရ စိတ်မ၀င်စားတတ်ကြပါဘူး။ အဖွဲ့အစည်းရဲ့ စီးပွားရေးအဆောက်အအုံအပေါ်မှာ ခိုင်မြဲအောင်မပံ့ပိုးတတ်ပါဘူး။ သူတို့အဓိကထားတာက သူတို့ရဲ့ လစာဝင်ငွေပါ။ သူတို့ ၀င်ငွေလျော့ကျတာနဲ့တင် ကုမ္ပဏီအဖွဲ့အစည်းကို ငြိုငြင်တတ်ပါတယ်။ ကိုယ့်ကုပ္မဏီကနေပြီး အပြင်လုပ်ငန်းတွေကို သွားရည်ယိုတတ်ပါတယ်။ ဘယ်ကုမ္ပဏီမှာ ဘယ်လောက်ရတယ် ဘယ်အလုပ်မှာ ဘယ်လိုအခွင့်အရေးမျိုး ရတယ်ဆိုတဲ့ သတင်းမှားတွေကို မိမိအဖွဲ့အစည်းမှာ ပြောဆိုလှုံ့ဆော်တတ်ပါ တယ်။ အဲဒီလိုလူမျိုးတွေကို တာဝန်ပေးလိုက်ရင် အလေအလွင့်အဖိတ်အစင်များတယ်။ သူတို့လုပ်ဆောင်ချက်မှားလို့ ဆုံးရှုံးနစ်နာရင်လည်း တခြားသူအပေါ်မှာ အပြစ်လွှဲချ တတ်ပါတယ်။ လုပ်ငန်းခွင်က အခွင့်အရေးတွေကိုလည်း

 အပြည့်အ၀ယူပါတယ်။ အဲဒီလိုလူမျိုးတွေကို ကုမ္ပဏီအဖွဲ့အစည်းရဲ့ အရေးပါတဲ့နေရာကနေ ရွှေ့ပြောင်းထားဖို့လိုပါတယ်။ အဲဒီလူစားမျိုးတွေက အဖွဲ့အစည်းအတွင်းကို လိုလေသေးမရှိအောင် ပြည့်စုံတဲ့ထောက်ခံချက်တွေနဲ့ ၀င်ရောက်လာတတ်ပါတယ်။ အရာရာကို သိမြင်နှံ့စပ်သူ၊ အရေးပါတဲ့သူပုံစံမျိုးနဲ့ ရောက်လာတတ်ပါတယ်။ လစာနဲ့ဝင်ငွေအတွက်ဆို ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ လျှို့ဝှက်ချက်ကို ပြိုင်ဘက်တွေဆီ ရောင်းစားတတ်ပါတယ်။ အဲဒီ လူစားမျိုးကို ကုမ္ပဏီဦးဆောင်သူတွေက အယုံအကြည် မလွန်ကဲဖို့ လိုပါတယ်။


(၃) လစာရော အလုပ်အတွက်ပါ လုပ်တဲ့လူ

အလယ် အလတ်တန်းစားလူမျိုးပါ။ သူတို့ကို ပေးထားတဲ့လစာနဲ့ သူတို့ခိုင်းတဲ့အလုပ် မျှတမှုကို လိုလားတဲ့သူပါ။ အလုပ်ကိုလည်း ပုံမှန် တာဝန်ကျေလုပ်မယ်။ ကုမ္ပဏီအဖွဲ့အစည်းကလည်း ကတိက၀တ်ကိုကျေအောင် ဆပ်ရပါမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အလုပ်ထဲမှာ မကျေနပ်မှုတွေကို ဗြောင်ကျကျတိုက်ခိုက်တတ်ပါတယ်။ သူတို့က မိမိလုပ်ငန်းရဲ့ ပြင်ပ အခြင်းအရာတွေကို စိတ်မ၀င်စားသလို၊ ကုမ္ပဏီ အဖွဲ့အစည်းတွေရဲ့ စီးပွားရေးရည်မှန်းချက်ဟာ သူတို့နဲ့လုံးလုံး မပတ်သက်သလို နေတတ်ပြီး၊ သူတို့အလုပ်နဲ့ လစာအပေါ်မှာပဲ စိတ်ဝင်စားပါတယ်။
အဲဒီလူမျိုးတွေဆီက သာမန်ထက်ပိုကဲတဲ့ အလုပ်စွမ်းရည်ထွက်လာအောင် လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် လုပ်အားကိုယုံကြည်စွာ သုံးစွဲလို့ရပါတယ်။ လုပ်ငန်းခွင်အပေါ်မှာ အကြွင်းမဲ့သစ္စာမထားသလို ထောက်ထားငဲ့ညှာမှာလည်း မဟုတ်ပါဘူး။ သူတို့က ပေးတဲ့လစာအပေါ် မူတည်ပြီး အ

လုပ်လုပ်တဲ့လူ စက်ရုပ်ပါ။ သူတို့ကို လစာပေးချင်ယောင်ဆောင်ရင်တော့ သူတို့က အလုပ်လုပ်ချင်ယောင် ဆောင်ပြပါလိမ့်မယ်။ သူတို့က အလုပ်ရဲ့စိန်ခေါ်မှုကို မကြိုက်ပါဘူး။ သမားရိုးကျ လုပ်ရိုးလုပ်စဉ်တွေကိုပဲ လုပ်ချင်ကြတယ်။ လုပ်ငန်းခွင်က သူတို့ရဲ့ အားလပ်ချိန်ကို ဖဲ့ယူခဲ့မိရင်တောင် အပြင်းအထန် စိတ်ဆိုးတတ်သူတွေပါ။ အလုပ်ကို အလုပ်ချိန်ထဲမှာပဲလုပ်ရမယ်လို့ အရိုးစွဲနေတတ်သူတွေပါ။ အဲဒီလူတွေကို အလုပ်ရဲ့အခက်အခဲတွေဖြေရှင်းရတဲ့ နေရာမျိုး၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေချရတဲ့ နေရာမျိုးတွေမှာ ထားမိရင် အလွဲလွဲအချော်ချော်တွေ ဖြစ်တတ်ပါတယ်။ သူတို့က လုပ်ငန်းခွင်ထဲမှာ လုပ်သက်ကြာရှည်တတ်ပေမယ့် 

အရေးပါတဲ့နေရာကို ရောက်မလာတတ်ပါဘူး။


(၄) ရည်မှန်းချက်ကြီးတဲ့လူ

ဒီလူစားမျိုးက အဖွဲ့အစည်းရဲ့အရေးပါတဲ့ နေရာတွေကို ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။ သူတို့က အလုပ်ရဲ့ စိန်ခေါ်မှုကို ကြိုက်နှစ်သက်ပြီး တိုးတက်မှုကို လိုလားသူတွေပါ။ အပြောင်းအလဲတွေ ဖန်တီးဖို့ အမြဲကြိုးစားတတ်ပါတယ်။ အလုပ်ရဲ့ အရည်အသွေးနဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြဲတမ်း ပြုပြင်နေတတ်ပါတယ်။ သူတို့က အကျိုးအမြတ်တွေကို ဖန်တီးလာတတ်သလို၊ အဲဒီအကျိုးအမြတ်တွေကနေ သူတို့အတွက် ခွဲဝေပေးမှ သဘောကျတတ်သူပါ။ အဖွဲ့အစည်းအတွင်းမှာ သူတို့ပန်းတိုင်ထား ကြိုးစားသလို၊ အဖွဲ့အစည်းရဲ့ ကိုယ်စားပြုပန်းတိုင်ကိုလည်း အရေးပါ ချီတက်တတ်ပါတယ်။သူတို့လူစားတွေက ကုမ္ပဏီအဖွဲ့အစည်းရဲ့ မူဝါဒတွေကို အလေးထားပါတယ်။ ချို့ယွင်းချက်တွေကို ချက်ချင်းပြုပြင် ပြောင်းလဲပစ်ဖို့ လိုလားပါတယ်။ အချိန်ဆွဲနေတာကို မကြိုက်ပါဘူး။ ကုမ္ပဏီအဖွဲ့အစည်းကို စိတ်တိုင်းကျ ဦးဆောင်ချင်တဲ့သူတွေပါ။ တခြား ၀န်ထမ်းတွေကြားမှာ သူတို့က ထင်ပေါ်နေတတ်သလို၊ အတွန်းအတိုက်လည်း အမြဲခံရတတ်ပါတယ်။ သူတို့ဆီက ကုမ္ပဏီ အဖွဲ့အစည်းအတွက် အနာဂတ် ရည်မှန်းချက်အတွက် ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ အကြံဥာဏ်သစ်တွေ ရတတ်ပါတယ်။ သူတို့က လုပ်ငန်းခွင်တစ်ခုလုံးကို ထဲထဲဝင်ဝင်လေ့လာပြီး အမှန်တကယ် သိစပ်မြင်နှံ့သူတွေပါ။ သူတို့ကို အရေးမပါတဲ့နေရာတွေမှာထားမယ်၊ သူတို့အခွင့်အရေးတွေကို ပိတ်ဆို့ထားမယ်ဆိုရင်တော့ ပြိုင်ဘက်ကုမ္ပဏီအတွက် အရေးပါတဲ့လူတော်တွေ လေ့ကျင့်ပေးသလို ဖြစ်နေပါလိမ့်မယ်။
သူတို့ကို စည်းရုံးဖို့အတွက်ကတော့ လုပ်ငန်းခွင်ထဲမှာ သူတို့အတွက် ကုလားထိုင်တွေ အလုံအလောက်ရှိကြောင်း ပြရပါမယ်။ ရေတိုရေရှည်စီမံကိန်းတွေမှာ သူတို့ရဲ့နာမည်နဲ့ လုပ်ငန်းရဲ့ဂုဏ်သိက္ခာ ထပ်တူကျကြောင်း ပြသရပါမယ်။ သူတို့ရဲ့ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုကို အမြဲလှုံ့ဆော်နေရသလို သူတို့ရဲ့ဘ၀၊ သူတို့ရဲ့ တန်ဖိုးကိုပါ အဖွဲ့အစည်းက အလေးထားကြောင်း ပြသရပါမယ်။


(၅) ရည်မှန်းချက်မရှိတဲ့လူ

လူဆိုတာ အလုပ်လုပ်တယ်၊ ထမင်းစားတယ်၊ သတင်းစာဖတ်တယ်လို့ ယူဆထားတဲ့ လူစားမျိုးပါ။ လုပ်ငန်းခွင်ထဲကို ရင်းနှီးမှု နယ်ပယ်ကနေ ရောက်လာတတ်ပါတယ်။ ဘာတာဝန်မှ မယူချင်သလို ဘာအလုပ်မှလည်း မလုပ်ချင်ပါဘူး။ လုပ်ငန်းခွင်ထဲ ရောက်လာတာနဲ့ ဟိုသတင်းဒီသတင်းပြောပြီး ထမင်းချိုင့် အရင်ဖွင့်တတ်ပါတယ်။ လစာဝင်ငွေအတွက် လုပ်တာမဟုတ်သလို မိမိပညာ၊ ကိုယ်ရည်ကိုယ်သွေးအတွက် အတွေ့အကြုံ လာရှာတာလည်း မဟုတ်ပါဘူး။ လူဆိုတာ အလုပ်လုပ်ရတယ်ဆိုတဲ့ စကားအတွက် အလုပ်လုပ်နေတာပါ။ လုပ်ငန်းခွင်ကို အပျော်သက်သက်သာ သဘောထားပြီး အစည်းအဝေးတက်ဖို့ အမြဲပျက်ကွက်တတ်သူပါ။ အဲဒီလူစားမျိုးတွေက စီမံခန့်ခွဲသူတွေဆွဲယူလို့မရနိုင်တဲ့ လူစားမျိုးပါ။ အလုပ်အကိုင် တည်မြဲလေ့မရှိဘဲ လုပ်ငန်းခွင် ကူးပြောင်းနေရတာကို ပျော်မွေ့တတ်သူပါ။ အလုပ်ပေါ် တန်ဖိုးထားမှုကတော့ နည်းပါးပါလိမ့်မယ်။

အထက်ပါ လူစားမျိုးတွေက အလုပ်ခွင်ထဲ ရောနှော ပါဝင်နေတတ်ပါတယ်။ ဦးဆောင်သူတွေ၊ စီမံခန့်ခွဲသူတွေ၊ HR မန်နေဂျာတွေက ဘယ်သူတွေက ဘယ်လိုလူစားဆိုတာကို ခွဲခြားထားနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း လုပ်ငန်းခွင်ထဲက နေရာချထားမှုက အံဝင်ခွင်ကျဖြစ်နိုင်မယ်။ ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိနိုင်မှာပါ။ လုပ်ငန်းခွင်ရဲ့အတွင်းစည်း အင်အားညီညွတ်မျှတမှဈေးကွက်မှာဖော်ဆောင်နေတဲ့ စီမံချက်တွေ ရလဒ်ကောင်းလာနိုင်မှာပါ။
မိမိဝန်ထမ်းတွေအကြောင်း သိမြင်ဖို့က လုပ်ငန်းခွင်ထဲမှာ ပုံမှန်အစည်းအဝေးတွေ ရှိရပါမယ်။ လုပ်ငန်းရည်မှန်းချက်တွေကို ၀န်ထမ်းတွေအတွက် ရှင်းလင်းစွာသိထားဖို့ လိုပါတယ်။ လုပ်သားတွေရဲ့ အလုပ်အပေါ် စိတ်ဝင်စားမှု၊ တခြားစိတ်ခံစားချက်များ၊ ဌာနအသီးသီးရဲ့ ပုံမှန်အစည်းအဝေးတွေကို အမှုဆောင်အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးရပါမယ်။ အုပ်ချုပ်မှုအဆင့်ဆင့် ကွင်းဆက်မပြတ်ရသလို၊ အောက်ခြေကနေ စီအီးအိုကြားမှာ ရံဖန်ရံခါ ရင်းနှီးမှုအတွက်ထိတွေ့ဆက်ဆံရပါမယ်။ ၀န်ထမ်းကို ကုမ္ပဏီအဖွဲ့အစည်းက ဂရုစိုက်မှု ပြသရင် ၀န်ထမ်းတွေကလည်း အဖွဲ့အစည်းအပေါ် ပြန်လည်ဂရုစိုက်လာမှာပါ။

အဲဒါကြောင့် ကော်ပိုရိတ် စီးပွားရေးမှာ လူကို စီမံခန့်ခွဲတဲ့ ဘာသာရပ်ဟာ အသက်သွေးကြောတမျှ အရေးပါတာပဲ ဖြစ်ပါတယ်။ လူကို စီမံခန့်ခွဲမယ်ဆိုရင်….ယဉ်ကျေးမှု ကူးစက်ပါစေ။

ကုမ္ပဏီအဖွဲ့အစည်းထဲကို အထက်မှာ ဖော်ပြထားတဲ့လူတွေ ရောက်ရှိလာပါမယ်။ သူတို့ထဲက ဘယ်လိုလူမျိုးတွေပဲ ယူမယ်လို့ ကြိုတင်ဆုံးဖြတ်ထားလို့ မရပါဘူး။ ၀န်ထမ်းအားလုံးဟာ အစမ်းခန့် သုံးလအတွင်းမှာတော့ ပြည့်စုံကောင်းမွန်နေတတ်ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အမှုဆောင်အရာရှိတွေဟာ ၀န်ထမ်းဟောင်းဖြစ်သွားတဲ့ လူတွေအပေါ်မှာ အာရုံစူးစိုက်မှု မရှိတော့ပါဘူး။ ၀န်ထမ်းတွေဘက်ကလည်း ကုမ္ပဏီရဲ့ အားနည်းချက်တွေကို ထိုးဖောက်သိမြင်သွားပါပြီ။ ကုမ္ပဏီဝန်ထမ်းဟောင်းတွေရဲ့ အမူအကျင့်တွေက ကူးစက်သွားပါပြီ။ ၀န်ထမ်းဟောင်းတွေက ၀န်ထမ်းသစ်တွေအပေါ် အလုပ်အကြောင်း သင်ပေးချင်မှ သင်ပေးပါလိမ့်မယ်။ ကုမ္ပဏီအဖွဲ့အစည်းရဲ့ အားနည်းချက်ကို အခွင့်အရေးယူတတ်ဖို့ကိုတော့ မပျက်မကွက် သင်ပေးပါလိမ့်မယ်။ အဲဒီ အလေ့အထကို ဦးဆောင်သူတွေအနေနဲ့ သိမြင်ထားဖို့ လိုပါတယ်။ ၀န်ထမ်းဟောင်းတွေနဲ့ ၀န်ထမ်းသစ်တွေကြား ဘယ်လိုအလေ့အထ ကူးစက်သလဲဆိုတာ စနစ်တကျ စစ်တမ်း ကောက်ယူထားရမှာပါ။

အထက်ပါ လူငါးမျိုးထဲက မျိုးတူအုပ်စုတွေကို သီးခြား ခွဲထုတ်ပြီး သီးခြား စီမံခန့်ခွဲရမှာပါ။ နံပါတ်တစ် လုပ်ငန်းခွင်အတွက် အားထားရဆုံးဖြစ်တဲ့ နံပါတ် တစ်အုပ်စုကို နံပါတ်နှစ်၊ သုံး၊ လေးနဲ့ ပူးတွဲ မလုပ်ကိုင်စေသင့်ပါဘူး။ အဲဒီလိုမဟုတ်ရင် အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တဲ့

လူတွေပါ အလုပ်အပေါ် စိတ်ဝင်စားမှု လျော့ကျ သွားပါလိမ့်မယ်။ နံပါတ်တစ်အုပ်စုက လူတွေကို လစာတိုးပေးမယ်၊ ကြိုးစားပါလို့ သွားပြောမိရင် စီမံခန့်ခွဲသူအနေနဲ့ စော်ကားသလိုမျိုး ဖြစ်ပါလိမ့်မယ်။

သူတို့လို လူမျိုးတွေအတွက် လ

စာစရိတ်ထက် ကော်ပိုရိတ်ရဲ့ ကြင်နာမှုကို ပိုဂရုစိုက်တတ်သူပါ။ ဌာနခွဲ မန်နေဂျာတွေက သူတို့ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းမျိုးတွေ မေးသင့်ပါတယ်။ သူတို့ရဲ့ခံစားမှုကို တလေးတစား နားထောင်ဖို့ လိုသလို၊ သူတို့ရဲ့ မိသားစုဘ၀တွေကိုပါ စိတ်ဝင်စားမှုရှိကြောင်း ပြသရပါလိမ့်မယ်။ လိုအပ်ရင် အကူအညီပေးဖို့ကို တုန့်ဆိုင်း မနေသင့်ပါဘူး။ ကုမ္ပဏီအဖွဲ့အစည်းနဲ့ သူတို့ကြားက သံယောဇဉ်ကြိုးဟာ အလုပ်စွမ်းရည်ရဲ့ ဂရပ်မျဉ်းကို တိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မယ်။

နံပါတ်နှစ်လူမျိုးက အန္တရာယ်ရှိပါတယ်။ အဲဒီလို လူစားမျိုးတွေများပြားလာရင် ကုမ္ပဏီအဖွဲ့အစည်းဟာ တမဟုတ်ချင်း ပျက်စီးသွားနိုင်ပါတယ်။ ပထမဦးဆုံး အဲဒီလူမျိုးတွေ များလာရင် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားနဲ့ ဘာမှမကျက်ရင်လည်း အစိမ်းစားမယ့်သူတွေပါ ပေါ်လာပါလိမ့်မယ်။ သူတို့က လာဘ်ပေးလာဘ်ယူအတွက် ၀န်မလေးသလို ကုမ္ပဏီအဖွဲ့အစည်းအတွက် အကျင့်ဆိုးတွေ သယ်ေ

ဆာင်လာတတ်ပါတယ်။ ငွေမုဆိုးတွေဖြစ်တဲ့အတွက် ဂုဏ်သိက္ခာအတွက် ထည့်မစဉ်းစားတတ်သူတွေပါ။ အနီရောင်အမှတ်အသားနဲ့ဖယ်ရှားဖို့ အချက်အလက်ရှာထားရပါမယ်။ အဲဒီလူမျိုးတွေဆီက ရစရာတစ်ချက်ရှိပါတယ်။ စည်းကမ်းထိန်းသိမ်းရေးအတွက် တခြားသူတွေရှေ့မှာ နမူနာအပြစ်ပေးမှုမျိုးကို အဲဒီလူတွေအပေါ် ပြုလုပ်လို့ရပါတယ်။

နံပါတ်သုံးလူတွေအတွက်ကတော့ ကုမ္ပဏီရဲ့တည်ငြိမ်တဲ့ပုံစံမျိုးကိုသာ ပေးရပါလိမ့်မယ်။ သူတို့ရဲ့ ပုံသေ၀င်ငွေတွေကို ခေတ်နဲ့လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပေးရတဲ့ အနေအထားတစ်ခုပဲ လိုအပ်ပါတယ်။ သူတို့ဆီက ပုံမှန်အလုပ်စွမ်းရည်ကို ရရှိနေသရွေ့တော့ သူတို့ကို အရေးတကြီးကိုင်တွယ်နေစရာ မလိုအပ်ပါဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အားနည်းသွားပြီဆိုရင်တော့ သူတို့အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် ကုမ္ပဏီအဖွဲ့အစည်းက အရေးတယူစောင့်ကြည့်ပေးရပါမယ်။ ပုံမှန်အလုပ်စွမ်းရည်ရဖို့ သူတို့လူစုရဲ့အခက်အခဲကို ကြားဝင်ဖြေရှင်းပေးရတာမျိုးကလွဲလို့ ရှုပ်ရှုပ်ထွေးထွေး သိပ်မရှိလှပါဘူး။နံပါတ်လေးလူတွေက မိသားစုပုံစံ စီးပွားရေးတွေနဲ့ အသေးစားကုမ္ပဏီတွေမှာ အတွေ့ရနည်းတတ်ပေမယ့်၊ ကော်ပိုရိတ်တွေထဲမှာတော့ အများအပြားရှိတတ်ပါတယ်။ ထက်ထက်မြက်မြက်လူငယ်တွေ တွေ့ရတာနဲ့ ဂရုတစိုက်စောင့်ကြည့်ရမှာက ဌာနခွဲမန်နေဂျာတွေပါ။ သူတို့က လူငယ်တွေအပေါ် အစိုးရိမ်စိတ် လွန်ကဲတတ်ပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းမှာ အမှည့်တ၀င်းဝင်း အကင်းတဖြုတ်ဖြုတ်ဆိုရင်တော့ တစ်စုံတစ်ရာလွဲချော်နေပါပြီ။ ရည်မှန်းချက်ရှိတဲ့၊ လုပ်ရည်ကိုင်ရည်ရှိတဲ့ လူငယ်တွေအတွက် ကုမ္ပဏီအဖွဲ့အစည်းမှာ စွန့်စားဖို့ Branch တွေရှိဖို့ လိုတယ်။ လုပ်ငန်းကျွမ်းကျင်မှုအားနည်းမယ်ဆိုရင်တောင် သူတို့မှာ အသိအမြင်သစ်တွေရှိပါတယ်။ စိန်ခေါ်မှုအသစ်တွေကို ဖြေရှင်းဖို့အင်အားဟာ အဲဒီလူစုမှာရှိပါတယ်။ သူတို့အုပ်စုက ကုမ္ပဏီအဖွဲ့အစည်းကို သွေးသစ်လောင်းပေးမယ်။ ခေတ်မီအောင် ပြုပြင်ပေးလိမ့်မယ်။ အဲဒီအတွက် ဦးဆောင်သူတွေက သဘောထားကြီးဖို့နဲ့ အပြောင်းအလဲတွေအားပေးလက်ခံနိုင်စွမ်းရှိဖို့ လိုပါလိမ့်မယ်။ စီးပွားရေးသစ်မှာ ရေရှည်အောင်မြင်မှုရဖို့ဆိုတာ ကုမ္ပဏီအဖွဲ့အစည်းမှာ အိုင်ဒီယာအသစ်တွေ ဘယ်လောက်မွေးမြူထားသလဲဆိုတဲ့ပေါ် မူတည်နေမှာပါ။ ခေတ်မမှီတော့တဲ့ ကျွမ်းကျင်မှုဟာ ပစ္စုပ္ပန်ရပ်တည်မှုအတွက်သာဖြစ်ပြီး အနာဂတ်ကိုတည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

နံပါတ်ငါးလူတွေက လုပ်ငန်းခွင်ထဲက ပျော်တော်ဆက်တွေပါ။ တခြားသူတွေ အင်တိုက်အားတိုက်ကြိုးစားလို့ ပင်ပန်းနေတဲ့အချိန်မှာ သူတို့က အရွှန်းဖောက် ဖျော်ဖြေတတ်ပါတယ်။ သူတို့ရှိတဲ့အတွက် လုပ်ငန်းခွင်အတွင်းရင်းနှီးမှုတွေကို ဖောင်ဆောင်နိုင်ပါတယ်။ နှစ်ပတ်လည်ညစာစားပွဲတွေမှာ အဲဒီလူမျိုးတွေကြောင့် အဖွဲ့အစည်းတွင်းကလူတွေ ပျော်ရွှင်ရတတ်ပါတယ်။ ဒါဟာ ကုမ္ပဏီမှာ လစာစရိတ်တွေ ဘတ်ဂျက်ပြည့်စုံနေတဲ့အချိန်မျိုးဆိုရင် အဲဒီလူမျိုးတွေဟာ ၀န်ထုပ်ဝန်ပိုးမဖြစ်သေးပါဘူး။ မိုးထဲရေထဲ ကြိုးစားလုပ်ကိုင်နေချိန်မှာတော့ သူတို့ကို လက်တွဲဖြုတ်ထားခဲ့ပါ။ သူတို့ကလည်း လိုလိုချင်ချင် နေရစ်ခဲ့ပါလိမ့်မယ်။

ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဟာ ဘယ်လိုလူမျိုးတွေကိုပဲ ယူမယ်ဆိုပြီး နာရီဝက်စာ အင်တာဗျူးတွေမှာ ချက်ချင်း ဆုံးဖြတ်လို့မရပါဘူး။ လုပ်ငန်းခွင်တိုင်းမှာ လူငါးမျိုးစလုံး ရှိနေမှာပါ။ မလိုအပ်တဲ့ လူစားမျိုးတွေ လုံးဝ မရှိအောင် လုပ်လို့ မရပေမယ့်၊ လူကောင်းတွေ များလာအောင် ဖန်တီးလို့ရပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းအတွင်းမှာ လစဉ်စည်းဝေးပါ။ တစ်နှစ်

ကို နှစ်ကြိမ် ၀န်ထမ်းအားလုံးရဲ့ ဆန္ဒတွေကို စစ်တမ်းကောက်ယူပါ။ အထက် အောက်ဆက်ဆံမှု အပြန်အလှန် ပြေပြစ်မှုရှိအောင် လုပ်ဆောင်တတ်ပါစေ။ မိမိရရဲ့ အမှားအယွင်းကို မိမိကိုယ်တိုင် တာဝန်ယူခိုင်းပါ။ ရလဒ်ကောင်းတဲ့ လူတွေအတွက် အကျိုးခံစားခွင့် တိတိကျကျရရှိအောင် ပြုလုပ်ထားပါ။ ၀န်ထမ်းအချင်းချင်း ကောင်းမွန်တဲ့ ယဉ်ကျေးမှုတွေ ကူးစက်ပါစေ။ အရေးကြီးဆုံးအချက်က လူကို လူလို ဦးဆောင်သူတွေ မြင်တတ်ဖို့ပါပဲ။ လစာကောင်းကောင်း ပေးထားရုံနဲ့ ပြီးပြည့်စုံတဲ့ ၀န်ထမ်းတွေ ရရှိမယ်ဆိုပြီး တရားသေ ယူဆမထားဖို့တော့ လိုပါလိမ့်မယ်။


အောင်ပိုင်စိုး