ကမ္ဘာပေါ်မှာ ဘာသာတရားမျိုးစုံ ရှိခဲ့ပေမယ့် ဘာသာတရားတွေအာနှလုံးဟာ လူသားချင်းစာနာမှု၊ အားနည်းသူကို ဖေးမကူညီဖို့ သာသင်ကြားတတ်ကြပြီး စစ်ပွဲတွေဖန်တီးဖို့တော့ မသင်ကြားပါဘူး..။ ဒါပေမယ့် ဒီကနေ့အထိ ကျွန်တော်တို့ဟာ ဘာသာရေးခေါင်းစဉ် တင်ထားတဲ့စစ်ပွဲတွေကြားထဲမှာ ညပ်နေတုန်းပါပဲ။ 


ကျွန်တော်တို့အားလုံး စစ်တိုက်ဖို့လိုအပ်လာရင် အကြောင်းပြချက်တွေရှာကြတယ်… မတူကွဲပြားမှုဟာ စစ်ပွဲဖြစ်ဖို့အတွက် အဓိကအကြောင်းအရင်းခံပါပဲ..။ အဲဒီထဲမှာ ဘာသာတရားကွဲပြားမှုကို လည်းတစ်ခါတစ်ရံ အခြေခံယူပြီး လူ့မျိုးတစ်မျိုးနဲ့တစ်မျိုး လူအဖွဲ့အစည်းတစ်ခုနဲ့ တစ်ခု စစ်ပွဲဖန်တီးတတ်ကြပါတယ်…။ အိုဟောင်းလွန်းတဲ့ လူသမိုင်းခေတ် တစ်လျှောက်လုံး အဲဒီအကြောင်းပြချက်နဲ့ စစ်ပွဲတွေ အမျိုးမျိုးဖန်တီးတိုက်ခိုက်ကြပြီး ဖြစ်ပါတယ် …။ ဘာသာတရားကြောင့် စစ်တိုက်တာမဟုတ်ပဲ စစ်တိုက်ဖို့အတွက် ဘာသာတရားကို ခုတုံးလုပ်ခဲ့ကြတာပါ..။ 


ကမ္ဘာပေါ်မှာ အဓိကဘာသာကြီး လေးခုရှိပါတယ် အစ္စလာမ်၊ ခရစ်ယာန်၊ ဗုဒ္ဒဘာသာ၊ ဟိဒ္ဒူဝါဒ တို့ပါပဲ..။ ဘာသာကြီး တိုင်းမှာကြီးမားတဲ့ ကွဲပြားမှုတွေရှိပါတယ် ရိုမန်ကက်သလစ်နဲ့ ဘက်ပတစ်၊ ရှီးဟိုက်နဲ့ဆွန်နီ၊ ထေရ၀ါဒနဲ့ မဟာယာန စတဲ့ထူးခြားထင်ရှားတဲ့ အကွဲအပြဲတွေရှိပါတယ် ..။ ကျမ်းစာတစ်ခု ဘုရားတစ်ဆူတည်းမှာတောင် ကိုးကွယ်ယုံကြည်မှုဟာ လူအုပ်စုရဲ့ လွှမ်းမိုးမှုအလိုက် လူတစ်ဦးချင်း ၀တ်ပြဆုတောင်းပုံ၊ အမြတ်ပြုပုံတွေ ကွဲပြားခြားနား တတ်ပါသေးတယ်။ ဒါပေမယ့် ဒီလိုကွဲပြားမှုဟာ အမှန်တရားပဲဆိုတာကို လက်ခံယုံကြည်သူတွေ နည်းပါးပါတယ်။ လူအများစုဟာ ဘာသာတရားကို ဘာကြောင့်ကိုးကွယ်ရလည်း ဆိုတာ သေချာမသိကြပါဘူး …။ မိမိမွေးဖွားကြီးပြင်းရာ မိမိကိုလွှမ်မိုးထားနိုင်တဲ့ လူအုပ်စုအများကြီး ယုံကြည်ရာကို လိုက်ပါယုံကြည်ကိုးကွယ်ကြတာ များပါတယ်..။ အဲဒီသူတွေဟာ ဘာသာရေးခုတုံးလုပ် အမြတ်ထုတ်ချင်တဲ့ ဘာသာရေးခေါင်းဆောင်တွေ အတွက်တော့ အလွန်အသုံးဝင်တဲ့ သစ္စာရှိယုံကြည်သူတွေ ဖြစ်လာကြပါတယ်။ 

လူသားဟာ ဘာကြောင့် ကိုးကွယ်ကြလဲဆိုရင်တော့ အဖြေကရိုးရှင်းလွယ်ကူပါတယ်..။ လူဟာ ကြောက်စိတ်ရှိတဲ့ သတ္တ၀ါဖြစ်ပြီးတော့ သူ့ကာယစွမ်းအား၊ စိတ်စွမ်းအားနဲ့ မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ အမြောက်အမြားအတွက် ကိုးကွယ် ယုံကြည်မှုတွေဖြစ်ပေါ်လာပြီး၊ ဘာသာတရားအနေနဲ့ဖြစ်ထွန်းပေါ်ပေါက်လာတာပါ။ ဘာသာတရားကိုးကွယ်ခြင်းဟာ ယုံကြည်ခြင်းနဲ့ သိမ့်မွေ့ငြိမ်းချမ်းမှုကို ရရှိနိုင်ပြီး လွတ်မြောက်လမ်းကို ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒါပေမယ့် ဒါက အစစ်အမှန် ဘာသာတရားကို ကိုးကွယ်ယုံကြည်သူတွေအတွက်သာ ဖြစ်ပြီး..။ ဘူမသိကိုးမသိ သူများကိုးကွယ်လို့ လိုက်ကိုးကွယ်ပြီး အစွန်းရောက် စိတ်ဝင်နေသူများ အဖို့တော့ ဘာသာတရားရဲ့ တရားကိုယ်သဘောကို ရရှိခံစားနိုင်မှာမဟုတ်ပဲ ငြိမ်းချမ်းမှုနဲ့ လည်းလွှဲချော်သွားနိုင်ပါတယ်။ 


စစ်ပွဲနဲ့ ဘာသာတရားဟာ ပြဒါးတစ်လမ်း သံတစ်လမ်းပါ ။ ဘာသာတရားတွေထဲမှာ ဘယ်တုန်းကမှ စစ်ပွဲအတွက် လမ်းညွှန်သင်ကြားမှု မရှိခဲ့သလို စစ်ပွဲထဲမှာလည်း မည်သည့်ဘာသာတရားမှ မရှိပါ..။ ဘာသာတရားကြောင့် စစ်ပွဲဖြစ်ပွားရတယ်ဆိုတာဟာ မရှိခဲ့ပဲ.. ခေါင်းဆောင်အချို့ဟာ သူတို့စစ်ပွဲတွေအောင်နိုင်ရေးအတွက် ဘာသာတရားကိုခုတုံး လုပ်ပြီး ဘာသာတရားအပေါ်ယုံကြည်သူ အစွန်းရောက် အချို့ကိုသူတို့စစ်ပွဲအတွက် အသုံးချခြင်း သက်သက်ပါပဲ..။ ဘာသာရေးခေါင်းဆောင်တွေဟာ နိုင်ငံရေးသြဇာတွေ ထူထောင်ဖို့ အမြဲတစေစိတ်ကူးယဉ်လေ့ ရှိတတ်ပါတယ် အဲဒါကြောင့် အလယ်ခေတ်လောက်ကတည်းက အနောက်ဥရောပမှာ ကျောင်းတော်နဲ့ ရှင်ဘုရင်တွေဟာ လမ်းခွဲခဲ့ပြီး နိုင်ငံတော်အာဏာနဲ့ ဘာသာတရားဟာ တစ်သီးတစ်ခြားစီရပ်တည် ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီကနေ့ ကမ္ဘာကြီး ရဲ့တချို့ဒေသတွေဟာ ဘာသာရေးနဲ့င်ငံရေးမကွဲပြားတဲ့နိုင်ငံတွေ…။လွတ်လပ်စွာကိုးကွယ်ယုံကြည်မှုတွေကိုငြင်းဆန် နေကြတဲ့ ဒေသတွေဟာရှိနေဆဲပါပဲ..။   ဘာသာရေးအသွင်ဆောင် ထားတဲ့ ပဋိပက္ခတွေလည်း ဖြစ်ပေါ်နေဆဲပါ။


ယုံကြည်မှု အစွန်းရောက် ဘာသာရေးတွေဟာ ကွဲပြားစွာယုံကြည်ကိုးကွယ်မှုကို အပြစ်တစ်ခုလို့မြင်တတ်သလို မိမိယုံကြည်ခိုင်မြဲမှုကိုလည်း လွန်ကဲစွာရိုးကျိုးလွန်ကဲခြင်းက အစွန်းရောက်အကြမ်းဖက်မှု တွေကို ဖြစ်ပေါ်စေတတ်ပါတယ် တိုကျိုဘူတာရုံထဲ အဆိပ်ဓါတ်ငွေ့တွေလွှတ်ခဲ့တဲ့ ဒါမှမဟုတ် အာဖရိကဘုရားကျောင်းထဲမှာ ၀တ်ပြုဆုတောင်းသူရာနဲ့ချီကို ငြိမ်းချမ်းရာဆီပို့ဆောင်မယ်ဆိုပြီး မီးရှို့သတ်ခဲ့တဲ့အမှုတွေဟာ ဘာသာရေးဗန်းပြ အစွန်းရောက်အကြမ်းဖက်မှု သက်သက်ပါပဲ…။ အဲဒီထက်ပိုဆိုးလာရင်တော့ နိုင်ငံရေးအာဏာဆုပ်ကိုင်ထားတဲ့ အစွန်းရောက်ဘာသာရေး သမားတွေ များလာရင် ဘာသာရေးကို ခုတုံးလုပ်ပြီး အစွန်းရောက် စစ်ပွဲတွေကို ဖန်တီးတော့တာပါပဲ..။ အမေရိကန် အာဖဂန် စစ်ပွဲ အစောပိုင်းနှစ်တွေမှာပဲ ဗြိတိသျှပါလီမန်ဟာ အစ္စလာမ်အစွန်းရောက်းအကြမ်းဖက်သမား ဆိုတဲ့အသုံးအနှုန်းကို အစား အစွန်းရောက်အကြမ်းဖက်သမား ဆိုပြီးတော့ ပြောင်းလဲသုံးစွဲဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ငြိမ်းချမ်းစွာနေထိုင်လို့ အစ္စလာမ်ဘာသာဝင် တွေအတွက အကြမ်းဖက်သမားတွေနဲ့အတူ ရောနှောအသုံးအနှုန်းခံလို့မဖြစ်ပါဘူး …။ ဒါဟာ အရေးကြီးတဲ့ အချက်ပါ ဘယ်ဘာသာဝင်တွေမှာမဆို မျက်ကန်းဘာသာရေးချစ်စိတ်တွေ ရှိနေနိုင်သလို ငြိမ်းချမ်းစွာနေထိုင်လိုတဲ့ ဘာသာဝင်တွေ မတူကွဲပြားမှုကို လက်ခံတဲ့လူတွေရှိနေမှာအမှန်ပါပဲ..။ ဘာသာရေးကြောင့် ခွဲခြားဆက်ဆံ ခံရမှုဟာ လူသားတိုင်းအတွက် အခြေခံလူအခွင့်အရေးကို ချိုးဖောက်ခံရတာပါပဲ..။ လူဟာ မည်သည့် ဘာသာမဆို ကိုးကွယ်ယုံကြည်ခွင့်ရှိသလို… ဘယ်ဘာသာကိုမှလည်း မကိုးကွယ်ခွင့်ရှိနေပါတယ်။ 

 

ပြီးခဲ့တဲ့ လပိုင်းရက်ပိုင်းအတွက် ဘင်္ဂလားဒေ့ရှ့်နဲ့ မြန်မာနိုင်ငံကြားမှာ ရွေ့ပြောင်းနေထိုင်သူတို့ နဲ့ ပါက်သက်အပြီး အငြင်းပွားမှု အဓိကရုဏ်းတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ရွေ့ပြောင်းနေထိုင်သူတွေနဲ့ ဒေသခံတွေကြားက ပဋိပက္ခကို ဘာသာရေးခေါင်းစဉ်တပ်ပြီး လှုံ့ဆော်သူတွေကြောင့် အခြေအနေဟာတမုဟုတ်ချင်း ဆိုးရွားသွားခဲ့ရပါတယ် ..။ ပဋိပက္ခမီးတောက် တွေဟာ ကူးစက်လွယ်လှပြီး မြန်မာနိုင်ငံအတွင်း အစ္စလာမ်ဘာသာဝင်တွေ ဗလီတွေ အပေါ် ထိခိုက်စေခဲ့ပြီး ဘင်္ဂလားဒေ့ရှ်အတွင်းက ဘုန်ကြီးကျောင်းတွေ ဗုဒ္ဒဘာသာကိုးကွယ်သူတွေအပေါ်လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်..။ ဘက်နှစ်ဘက်စလုံးမှာ အကြမ်းဖက်မှုတွေကို ဖန်တီးဖော်ဆောင် လှုံ့ဆော်သူတွေဟာ အကြမ်းဖက်သမားတွေ သာဖြစ်ပြီး ဘာသာရေးကို ကိုးကွယ်ယုံကြည်သူ အစစ်အမှန်တွေ မဖြစ်နိုင်ဘူး..။ ဘယ်ဘာသာရေးမှ သူတစ်ပါးအသက်အိုးအိမ် စည်းစိမ်ကိုဖျက်ဆီးရင် ကောင်းမှုလို မညွှန်ကြားပါဘူး။ မကောင်းမှုလို့ပဲ တားမြစ်ထားပါတယ်။ လွန်ခဲ့တဲ့ ရက်ပိုင်းအတွင်း ဗုဒ္ဒဘာသာတွေ အထွဋ်အမြတ်ထားရာ ဗုဒ္ဒဂယာကို ဗုံးဖောက်ခွဲမှု တွေဖြစ်ပေါ်ခဲ့ပါတယ်။ အိန္ဒိယ၀န်ကြီးချုပ် မန်မိုဟက်ဆင်းကလည်း ဒါဟာသူရဲဘောကြောင်တဲ့ လုပ်ရပ်လည်း ပြောဆိုခဲ့ပါတယ် ။ အပြစ်မရှိတဲ့ ဘာသာရေး အထိမ်းအမှတ်တွေ အပြစ်မရှိတဲ့ ဘာသာဝင်တွေ ဘုန်းတော်ကြီးတွေဟာ ဘာသာရေးအရေခြုံ အကြမ်းဖက်သမားတွေကြောင့် ထိခိုက်နစ်နာ ဆုံးရှုံးစေဖို့က မဖြစ်သင့်ပါဘူး..။ အကြမ်းဖက်သမား တွေဟာ အကြမ်းဖက်သမားတွေ အချင်းချင်း ပစ်မှတ်ထား မတိုက်ခိုက်တတ်ကြပဲ ..။ အပြစ်မဲ့ အရပ်သားတွေအပေါ်သာ ပစ်မှတ်ထားတိုက်ခိုက်တတ်ကြပါတယ် ..။ ငြိမ်းချမ်းစွာ နေထိုင်ချင်တယ် ဆိုရင်တော့ ကွဲပြားမှုကို ငြိမ်းချမ်းစွာ လက်ခံထားရမှာပါပဲ ။ဘာသာရေးအရ လွှမ်းမိုးခံရလိမ့်မယ်လို့ ထင်မြင်ယူဆနေတာဟာ ယုံကြည်မှုမခိုင်မာလို့ဖြစ်ပြီး လွှမ်းမိုးရမယ်လို့ ယုံကြည်ယူဆနေတာကလည်း ယုံကြည်မှုမခိုင်မာမှုကြောင့်ပါ။ ဘာသာတရား စိတ်စွမ်းအင်အလုပ်ပါ မိမိ အတွင်းသန္တန်မှာရှိတဲ့ ယုံကြည်မှု လွှမ်းမိုးရမယ်ဆိုတဲ့ ကြောက်စိတ်ကိုကော လွှမ်းမိုးခံရလိမ့်မယ်ဆိုတဲ့ ကြောက်စိတ်ကိုပါ ဖယ်ရှားနိုင်ပါတယ်။ မြင့်မြတ်ငြိမ်းချမ်းတဲ့ ဘုရားသခင်တွေ၊ဖန်ဆင်းရှင်၊ တမန်တော်တွေရဲ့  မြင့်မြတ်တဲ့တရားတော် တွေဟာ ခွဲခြားဆက်ဆံမှု၊ အကြမ်းဖက်မှု၊ စစ်ပွဲတွေနဲ့ မားကက်တင်းဆင်းနေဖို့ မလိုအပ်ပါဘူး။ မာရ်နတ်တွေ၊ နတ်ဆိုးတွေရဲ့ လှည်ဖျားမှုကြောင့် စစ်ပွဲတွေ အကြမ်းဖက်မှုတွေဖြစ်ပေါ်နေ တာပါ။ လူသားတိုင်း မိမိတို့ အတွင်းသန္တာန်ထဲ ကနတ်ဆိုးတွေကို ဖယ်ရှားနိုင်ကြပါစေ။

အောင်ပိုင်စိုး



အချုပ်အခြာအာဏာပိုင်တဲ့ အစိုးရဟာရှင်ဘုရင် ဆိုရင်တော့ လွှတ်တော်အမတ်တွေဟာ အိမ်ရှေ့မင်းသားတွေပဲ တစ်ချိန်ချိန်ကျရင် သူတို့လည်း အစိုးရဖြစ်လာနိုင်တယ်လေ..။ အဲဒီမှာ ရောမ အိမ်ရှေ့မင်းသားတစ်ယောက် ပြောဖူးတဲ့ စကားလေးက သင်းပါတယ်… အိမ်ရှေ့မင်းသားဆိုတာ နိုင်ငံတော်ကို ပထမဆုံးအလုပ်အကျွေးပြုစုရမယ်သူပါတဲ့။ 

ကျွန်တော်တို့ဟာ ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေအရ ပြည်ထောင်စုလွှတ်တော် ပေါ်ပေါက်လာပြီး ပြည်ထောင်စုလွှတ်တော် အောက်မှာ ပြည်သူလွှတ်တော်နဲ့ အမျိုးသားလွှတ်တော်ဆိုပြီး လွှတ်တော်နှစ်ရပ်ပါဝင်ပါတယ်။ ပြည်သူလွှတ်တော်ကို အမတ်ဦးရေ အများဆုံး ၄၄၀ နဲ့ဖွဲ့စည်းထားပြီး အမျိုးသားလွှတ်တော်ကိုတော့ အမတ်ဦးရေ အများဆုံး၂၂၄နဲ့ ဖွဲ့စည်းထားပါတယ်။ လွှတ်တော်ရဲ့ ၂၅ရာခိုင်နှုန်းဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ရွေးချယ် အမည်စာရင်း တင်သွင်းထားပြီး ကျန်တဲ့ လွှတ်တော်အမတ်များဟာ မဲဆန္ဒနယ်များက ရွေးကောက်တင်မြှောက်ထားတာ ဖြစ်ပါတယ်.။ မြန်မာ့ဒီမိုကရေစီ လမ်းကြောင်းပေါ် လက်ရှိလွှတ်တော်အမတ်တွေဟာ ပထမသက်တမ်းပဲ ရှိပါတယ်။ လွှတ်တော်ဟာ လွှတ်တော်နိုင်ငံရေးအတွေ့အကြုံတွေ ဖြည့်ဆည်းဖို့လိုအပ်နေဆဲပါ။

ကျွန်တော်တို့ နိုင်ငံဟာ နှစ်ပေါင်းငါးဆယ်ကျော် အာဏာရှင်စနစ် အောက်မှာနေထိုင်ခဲ့ရပြီး ၂၀၁၀ရွေးကောက်ပွဲ ပြီးမှသာ နိုင်ငံတော်ဟာ ဒီမိုကရေစီလမ်းကြောင်းပေါ် အသွင်ကူးပြောင်းခဲ့ရပါတယ်။ ဒါပေမယ့် အဲဒီအခြေအနေဟာ ရွေးချယ်ခွင့်ရခဲ့တာ မဟုတ်ပဲ ယခင်နိုင်ငံတော်အာဏာကို လွှမ်းမိုးချုပ်ကိုင်တဲ့ စစ်တပ်အကြီးအကဲတွေက လက်ဆုပ်ဖြေပြီး သူတိုရဲ့သြဇာလွှမ်းမိုးထားနိုင်တဲ့ အခြေအနေအောက်မှာပဲ ဒီမိုကရေစီစံနှုန်းတွေဆီကို တဖြည်းဖြည်းတွန်းရွှေ့လာနေတာ ဖြစ်ပါတယ်။

၂၀၁၀ ခုနှစ်ရွေးကောက်ပွဲဟာ ရွေးချယ်စရာအနည်းငယ်နဲ့ ရွေးချယ်နိုင်ခွင့် လမ်းကြောင်းမရှိပဲ ရွေးကောက်ပွဲ အထမြောက်သွားတဲ့ဖြစ်စဉ် တစ်ခုကို အားလုံးက ရွေးချယ်ခွင့်မရပဲ လက်ခံလိုက်ကြရတာ ဖြစ်ပါတယ်။ ကမ္ဘာကြီးရဲ့မျက်နှာစာ ဟာ မြန်မာအစိုးရဖက်ကို ပထ၀ီနိုင်ငံရေးအရ လှည့်ကြည့်လာရတယ်။ တပ်မတော်မှ အရပ်ဘက်ပြောင်းလာပြီး အစိုးရဖွဲ့ထားတဲ့ ခေါင်းဆောင်တွေဟာ အခွင့်အရေးကို လက်လွှတ်မခံပဲ အတိုက်အခံ ခေါင်းဆောင် တွေကိုပါ လွှတ်တော်နိုင်ငံရေးထဲကို ဆွဲဆောင်သိမ်းသွင်းနိုင်ခဲ့ပါတယ်။ တစ်ဖက်မှလည်း နိုင်ငံရေးအပွင့်စနစ်မှာ ယခင်မျိုသိပ်ခဲ့တဲ့ လူမှုစီးပွားရေး ပြဿနာတွေ ဟိုတစ်စဒီတစ်စ ထွက်ပေါ်လာခဲ့ပါတယ်။

အစိုးရဟာ အုပ်ချုပ်မှု စီမံခန့်ခွဲမှု စနစ်တကျဖြစ်အောင် ထိန်းညှိုနေရတဲ့အချိန် လွှတ်တော်အစည်းအဝေး တွေကလည်းပုံမှန် ကျင်းပပြီး ဥပေဒပြုမှုလုပ်ငန်းစဉ်တွေ ဆက်လက်လုပ်ဆောင်နေခဲ့ပါတယ်…။ ဒါပေမယ့် လွှတ်တော် အစည်းအဝေးတွေ ဟာ ရာနှုန်းပြည့် မကောင်းမွန်သေးပါဘူး။ မေးတဲ့မေးခွန်းနဲ့ ဖြေတဲ့အဖြေနဲ့ လွှဲချော်မှုတွေ အရာမထင်တာတွေ ယခင်စနစ်ဟောင်းက လက်ညှိုးထောင်ခေါင်းငြိမ့် ကိစ္စတွေကလည်း ရှိနေပါသေးတယ်။
လွှတ်တော်ကို အမှန်တကယ်ရုပ်ပျက် စေတဲ့ကိစ္စက ဖွဲ့စည်းပုံအခြေခံဥပေ ခုံရုံးပြဿနာက စပါတယ်။ လွှတ်တော်ထဲက ကော်မတီတွေဟာ ပြည်ထောင်စုအဆင့် မဟုတ်ဘူးဆိုတဲ့စကားက လွှတ်တော်အမတ်တွေနားထဲကို သံရေပူလောင်းထည့်သလို ဖြစ်သွားခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံး အပေါ်နားကျည်းမှုဟာ သမ္မတကဖျောင်းဖျ တဲကြားထဲကနေ.. လွှတ်တော်အမတ်တွေဟာ တညီတညွတ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ခုံရုံးကို အသစ်ပြန်ဖွဲ့ဖို့ထိ ဆုံးဖြတ်ခဲ့ပါတယ်။ အဲဒီအကြောင်းအရာနဲ့ စပ်လျဉ်းပြီး ဒေါက်တာဆိတ်ဖွား ဆိုသူက ဥပေဒအထက်မှာ လွှတ်တော်ရှိနေလား.. ဆိုတဲ့ ဘလော့ပိုစ့် တစ်ခုရေးခဲ့ပါတယ်…။ အဲဒီအကြောင်းအရာ နဲ့ပါက်သက်ပြီး လွှတ်တော်ဟာ ကော်မတီဖွဲ့ပြီး ဒေါက်တာဆိတ်ဖွားဆိုသူကို ရှာဖွေဖို့ကြိုးစားခဲ့ပါတယ်။

ခက်တာက လွှတ်တော်အမတ်ထဲမှာ ဘလော့ဂါတစ်ယောက်မှ မရှိပါဘူး။ နည်းပညာကို အားနည်းချက်လည်း ရှိနေနိုင်ပြီး ရှာဖွေဖော်ထုတ်ဖို့ အကြောင်းပြချက်လည်း လုံလုံလောက်လောက် မရှိပါဘူး..။ လွှတ်တော်ဟာ ဆိတ်ဖွားကိုရှာတွေ့ရင် ဘာလုပ်မလည်း။ အဲဒီအဖြေလည်း လွှတ်တော်မှာ ရေရေရာရာ ရှိပုံမရပါဘူး။ ကျွန်တော်တို့ ဘေးကကြည့်နေရတဲ့ ပြည်သူတွေအတွက် လွှတ်တော်ရဲ့ လုပ်ရပ်ဟာရယ်စရာဖြစ်နေပါတယ်။ ဒေါက်တာဆိတ်ဖွားကို စရှာကတည်းက အီလည်လည်ရွှီရှောင်လုပ်ပြီး ပြီးသွားမယ်ဆိုတာ ကျွန်တော်တို့အားလုံးကသိနေပါတယ်။ အဲဒီမှာ အရေးကြီးတဲ့ အချက်ဘာသွားတွေ့လည်း ဆိုတော့ လွှတ်တော်အမတ်တွေက သူတို့ကိုဝေဖန်ရင် လွှတ်တော်ကို ဝေဖန်ရင် လက်သင့်မခိုင်နိုင်ဘူး ဆိုတဲ့အချက်ပါ။ ဒီမိုကရေစီကို လက်တွေ့ကျကျ ဖော်ဆောင်လုပ်ကိုင်နေတဲ့ လူတွေက အဝေဖန်မခံနိုင်ရင် တခြားသူကို သူအမြင်ကို လွတ်လပ်စွာရေးသားပြောဆိုခွင့် မပေးရင်… ဒီမိုကရေစီခရီးလမ်းက နှောင့်နှေးကြန့်ကြာနေပါဦး။ 

နောက်တစ်ချက်က လွှတ်တော်အလုပ်ဟာ ဥပဒေကို ပြုမယ်၊ ဥပဒေပြင်မယ် ဆိုတဲ့ လုပ်ငန်းတာဝန်ကို လူမှုအဖွဲ့အစည်းအတွက် အဓိကထမ်းဆောင်ရမှာပါ..။ အဲဒီဥပေဒပြုမယ် ပြင်မယ့်လူတွေဟာ လွှတ်တော်အစည်းအဝေး ခန်းထဲမှာတော့ ဥပဒေရဲ့ ထက်အောင်ဝဲယာရှိနေရမှာပါ ဒါမှလည်း ဘယ်နေရာမှာ အားနည်းတယ် ဘယ်နေရာမှာ အားပျော့တယ် ဘယ်နေရာမှာ လစ်ဟာတယ် အတွေးပေါင်းစုံ ရှုထောင့်ပေါင်းစုံက ဝေဖန်ကြည့်ရှုသုံးသပ်ရမှာပါ..။ လွှတ်တော်အစည်းအဝေး ရပ်နားထားချိန်မှာတော့ ကိုယ်ဒေသတွင်း မဲဆန္ဒနယ်က လူတွေရဲ့ အကျိုးစီးပွားကို လုပ်ကိုင်ဆောင်ရွက်ရမှာပါ..။ အဲဒါဟာ လွှတ်တော်အမတ် လုပ်မယ့်သူတွေအတွက် မိမိရွေးချယ်မှုနဲ့အတူပါလာတဲ့ တာဝန်ပါ..။ ဆိုးသွမ်းတဲ့ သူကြီးသားလို ရွာထဲလူတွေကို အာဏာပြဖို့ ဆောင့်ကြွားကြွားနေဖို့မဟုတ်ပါဘူး။

နောက်တစ်ချက်က လွှတ်တော်အထပ်မှာ ဘယ်သူရှိလည်း ဆိုတဲ့ကိစ္စပါ။ မဲဆန္ဒနယ်က ရွေးကောက်တင်မြှောက် ခံရသည်ဖြစ်စေ တပ်မတော်သားကိုယ်စားလှယ် ဖြစ်စေ။ လွှတ်တော်အမတ်တွေကော လွှတ်တော်တစ်ခုလုံးရဲ့ စရိတ်စက တွေအားလုံးဟာ ပြည်သူ နိုင်ငံသားချင်းတွေရဲ့ အိတ်ကပ်ထဲက ဘဏ္ဍာငွေကြေးတွေဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေး ကျင်းပနေတဲ့အချိန်တိုင်း ပြည်သူ့အိတ်ကပ်ထဲက ပိုက်ဆံကို ငါတို့သုံးပြီး အလုပ်လုပ်နေရတယ် ဆိုတာ သတိရစေချင်ပါတယ်..။ အဲဒီအတွက် အချိန်နဲ့ငွေကြေး အလေအလွင့်မဖြစ်အောင် လွှတ်တော်အစည်းအဝေးတိုင်း အဓိပါယ်ပြည့်နှက်နေစေချင်ပါတယ်။ ၂၀၁၀ ပြည့်နှစ်နဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ မြန်မာ့ဒီမိုကရေစီကို အသက်သွင်းမယ့် လွှတ်တော်အမတ်တွေကို ပြည်သူတွေက ရွေးကောက်တင်မြောက်ခဲ့တယ် ဆိုတာဟာ ဖျောက်ဖျက်ပစ်လို့ မရတော့ပါဘူး..။ အဲဒီတော့ ပြည်သူတွေ နိုင်ငံသားချင်းတွေ အကျိုးစီးပွားအတွက် လွှတ်တော်ဟာ ပြည်သူ့အသံ ပြည်သူခံစားချက်တွေကို မှန်မှန်ကန်ကန် တင်ပြဆွေးနွေးမယ်လို့ ယုံကြည်ပါတယ်။ အမှန်တကယ်တော့ နိုင်ငံတစ်နိုင်ငံရဲ့ အသက်ဟာ နိုင်ငံသားတွေပါ..။ အဲဒါကြောင့် လွှတ်တော်ရဲ့ အထက်မှာပြည်သူရှိပါတယ်..။ ပြည်သူတွေ နိုင်ငံသားချင်းတွေရဲ့ အထက်မှာတော့ ပြည်ထောင်စုရှိပါတယ်..။ လွှတ်တော်ဂုဏ်သတင်းကြီးမြတ်ခန့်ထည့်ပါစေလို့ ဆုတောင်းရင်း…။


အောင်ပိုင်စိုး




            မပြောင်းလဲရတာ မခက်ခဲပေမယ့် အပြောင်းအလဲတွေမှာတော့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ၊ အခုအခံတွေ အများကြီးပေါ်ပေါက် လာတတ်ပါတယ်။ မြန်မာနိုင်ငံဟာ နှစ်ပေါင်းများစွာ စီးပွားရေးအရ အိပ်မွှေချခံခဲ့ရတဲ့ နိုင်ငံတစ်ခုပါ.။ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးနဲ့ ခပ်ဝေးဝေးနေခဲ့တဲ့ မြန်မာပြည်ဟာ အစိုးရသစ်တက်ပြီး သုံးနှစ်အတွင်းမှာပဲ ကမ္ဘာ့စီးပွားရေးဖိုရမ်ကို မြန်မာပြည်ထဲရောက်အောင် မြူစွယ်နိုင်ခဲ့ပါတယ်။ ဆယ်စုနှစ်ပေါင်း များစွာအမေ့အလျော့ ခံနိုင်ငံငယ် လေးဟာ ပထ၀ီနိုင်ငံရေးအရ အရေးပါတဲ့ အခန်းကဏ္ဍကို မထင်မှတ်ပဲရောက်ရှိလာခဲ့ပါတယ်.။ နိုင်ငံရဲ့ အနောက်ဘက်မှာ ဘင်္ဂလားပင်လယ်အော် နဲ့ထိစပ်ပြီး ရှည်လျားလှပတဲ့ ကမ်းရိုးတမ်းတွေက အရှေ့အာရှပါတ်လမ်းကို စီးပွားရေးအရ ချိတ်ဆက်ဖို့ ရေနက်ဆိပ်ကမ်းတွေ တည်ဆောက်ဖို့အခွင့်အရးရလာပါတယ်..။ အဲဒီရေနက်ဆိပ်ကမ်း တွေကပဲ ကမ္ဘာလုံးဆိုင်ရာဈေးကွက်နဲ့ ထိစပ်ဖို့အတွက် ကွင်းဆက်တွေ ဖြစ်လာခဲ့ပါတယ်။

            လက်ရှိမြန်မာ့ခေါင်းဆောင် တွေဟာစီးပွားဖွံ့ဖြိုး တိုးတက်ဖို့အတွက် နိုင်ငံခြားရင်း နှီးမြုပ်နှံမှုတွေကို လက်ကမ်းကြိုဆို ရမယ်ဆိုတဲ့ သီအိုရီကို သဘောတူညီထားပြီး နှစ်ပေါင်းများစွာ စီးပွားရေးပိတ်ဆို့ခံထာရမှု ကိုကျော်လွှာခဲ့ပြီး။ ပွင်လင်းမြင်သာမှု အနည်းငယ်နဲ့ ဖိနှိပ်ချုပ်ခြယ်မှု အချို့က အစိုးရသစ်ကဖြေလျော့ခဲ့ပြီး။ နိုင်ငံတကာ ယုံကြည်မှုကို ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ ယခင်အစိုးရ လက်ထက်က နှစ်ပေါင်းများစွာ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုကို ၄၉% ပြည်တွင်လုပ်ငန်းရှင်က ၅၁% ဖြင့်သာ ရင်းနှီးမြုပ်နှံမှုပြုခဲ့ပြီး ။ အစိုးရသစ်လက်ထက်မှာတော့ နိုင်ငံခြားရင်းနှီးမြုပ်နှံခွင့် ကို ၈၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးခဲ့ပြီး ။ ရင်းနှီးမြုပ်နှံမှုနယ်ပယ်လည်း အများအပြားဖွင့်လှစ်ပေးခဲ့ပါတယ်။ ဖွံ့ဖြိုးတိုးတက်မှု အတွက်ဘက်စုံ လိုအပ်ချက်တွေ ရှိနေသေးတယ် မြန်မာပြည်ဈေးကွက်ဟာ ကိုကာကိုလာ၊ ပက်ဆီကနေအစ၊ ပါက်စန်ကုန်တိုက်လို့ အထက်တန်းလွှာအတွက် သီးသန့်ရောင်းချတဲ့  ဆိုင်ကြီးမျိုးတွေအထိ မြန်မာပြည်ဈေးကွက်ဟာ နိုင်ငံခြားရင်းနှီးမြုပ်နှံ သူတွေအတွက် အခွင့်အလမ်းကောင်းတွေပြည့်နှက်နေပါတယ်။
            ဥရောပသမဂ္ဂက ကုန်သွယ်မှု မီးစိမ်းပြပြီးတဲ့နောက်မှာတော့ နိုင်ငံတကာ ရင်းနှီးမြုပ်နှံသူတွေဟာ မြန်မာနိုင်ငံကို ဥဒဟိုလာရောက်ခဲ့ပါတယ်။ အိုဘားမားကနေ ရှင်ဇိုအာဘေးအထိ မြန်မာပြည်ရောက်ရှိလာအောင် မြန်မာပြည်ရဲ့ စန်းပွင့်လာမှုဟာ ကြောက်ခမန်းလိလိပါ..။ နိုင်ငံတကာ ကော်ပိုရိတ်တွေ၊ ဘဏ်ကိုယ်စာလှယ်ရုံးတွေ၊ ရင်းနှီးမြုပ်နှံရေး ကုမဏီတွေဟာ သူထက်ငါ အလျင်အမြန် ရန်ကုန်ကိုခြေကုတ်ယူဖို့ ကြိုးစားနေပါတယ်။ လျှပ်စစ်စွမ်းအင် ရရှိမှုအခက်ခဲ မြို့ပြအဆောက်အအုံနည်းပါးမှု၊ မြေယာဈေးအဆမတန် မြင့်တက်မှုတွေကြားမှာတောင် ..။ နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြုပ်နှံ မှုတွေဟာ နောက်တွံ့သွားခဲ့ပါဘူး။ နိုင်ငံခေါင်းဆောင်တွေ အတွက်တော့ စီးပွားရေး စန်းပွင့်မှုဟာ နိုင်ငံရေးအရပါ အကျိုး အမြတ်ရရှိနိုင်တာမို့ … နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုနဲ့ နိုင်ငံတကာဖွံ့ဖြိုးမှု အကူအညီတွေကို ရနိုင်သမျှအစွမ်းကုန်ကြိုး စားနေကြပါတယ်။
            အခွင့်အလမ်းတွေ ထဲမှာလည်း အခက်အခဲတွေ အများကြီးရှိနေတတ်ပါတယ်။ နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှု တိုင်းဟာတော့ စေတနာသုံးတန် ပြဠန်းလာရောက် လှုဒါန်းသွားတာမဟုတ်ပါဘူး။ ရင်းနှီးမြုပ်နှံသူတွေ မြူဆွယ်တာက အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ် နိုင်ငံတကာနဲ့ ရင်ဘောင်တန်းဖွံဖြိုးတိုးတက်လာမှု အကူအညီတွေပေးမယ် ဆိုတဲ့အချက်တွေနဲ့ပါ။ ဒါပေမယ့် သူတို့လုပ်ခဈေးချိုလို့ ဈေးကွက်ကျယ်ပြန့်လို့ အမြတ်ရရှိနိုင်ချေများလို့ နောက်တစ်ချက် အခွန်ကင်းလွတ်ခွင့်နဲ့ တခြားအခွင့်အရေးတွက် ကြောင့်ဆိုတာကိုတော့ သူတို့ထုတ်ဖော်ပြောကြားမှာ မဟုတ်ပါဘူး ။
            တကယ့်အခက်အခဲက စီးပွားရေးစန်းပွင့်မှုဟာ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းတွေ ကို အပြောင်းအလဲ ရင်းနှီးမြုပ်နှံမှုလှိုင်းအောင်မှာ စုန်းစုန်းမြုတ်တွန်းပို့သွားမလား ဆိုတာပါပဲ..။ တကယ့်လက်တွေ့မှာ တော့ နိုင်ငံတကာ ကော်ပိုရိတ်တွေ ဘဏ်လုပ်ငန်းတွေ ဟာ ယခင်အစိုးရလက်ထက် စီးပွားရေးပိတ်ဆို့ခံထားရပြီး အမည်မည်း စာရင်းတင်သွင်းခံရတဲ့ ခရိုနီတွေနဲ့ ပူးပေါင်းပြီး စီးပွားရေးအင်ပိုင်ယာသစ်ကို ထူထောင်နေကြပါတယ်။ နိုင်ငံတွင်း အဓိကရင်းနှီးမြုပ်နှံ နိုင်တဲ့ခရိုနီနဲ့ အစိုးရတစ်ပိုင်း ကော်ပိုရေးရှင်းတွေဟာ အခွန်ကင်းလွတ်သက်သာခွင့်တွေ နည်းအမျိုးမျိုးနဲ့ ရနေပါတယ်..။ အဲဒီအတွက် နိုင်ငံတွင်း အမျိုးသားရေးဆိုင်ရာ စီမံကိန်းတွေအတွက် ဘတ်ဂျက်ကမလောက် မငဖြစ်လာရပါတယ်..။ အမျိုးသားအကျိုးစီးပွား ကာကွယ်စောင့်ရှောက်ရေး စီးပွားရေးဗျူဟာထဲမှာ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေနဲ့ တစ်သီးပုဂ္ဂလဆင်းရဲသား လက်လုပ်စားတွေအတွက်တော့ မပါဝင်နိုင်ပါဘူး..။
            ဒါပေမယ့်လည်း အစိုးရဟာ  တရုတ်ပြည်ကချေးငွေနဲ့ သမ၀ါယမစနစ်ကို ပြန်လည်အသက်သွင်း ခဲ့ပါတယ်။ နှစ်ပေါင်းများစွာမအောင်မြင်ခဲ့တဲ့ သမ၀ါယမစနစ်ကို ပုံသဏ္ဍန်အသစ်နဲ့ လူထုကြားကိုတင်သွင်းဖို့ကြိုးစားလာခဲ့ တာပဲဖြစ်ပါတယ်။ သူတို့အနေနဲ့တော့ ဒါဟာ အသေးစားအလတ်စား စီးပွားရေးတွေကို ကာကွယ်ရာနဲ့ လူမှုစီးပွားဘ၀ မြင့်တက်လာဖို့ ဆိုတဲ့ရည်ရွယ်ချက်အရလုပ်ဆောင်ခဲ့တာပါ။ ဒါပေမယ့်လည်း သမ၀ါယမစနစ်ဟာ အကျင့်ပျက်ခြစားမှုနဲ့ ကြိုးနီစနစ်ကြားမှာ အကြိမ်ကြိမ်လုံးပါးပါးခဲ့ဖူးလို့ စီးပွားရေးပညာရှင်တွေက သံသယနဲ့ သတိကြီးကြီးထားစောင့်ကြည့် ရမယ်လို့ ဆိုကြပါတယ်..။ အသေးစား အလတ်စား လုပ်ငန်းများအတွက် ချေးငွေဘဏ်များ တည်ထောင်ကြမယ်လို့ သတင်းများမှာ ဖော်ပြပါရှိနေပေမယ့် တကယ့်အသေးအစား အလတ်စားလုပ်ငန်းတွေအတွက် ချေးငွေရဖို့ ဘဏ်ကိုအပေါင် ပေးရမယ့် မြေယာအိုးအိမ် အခြေခံအဆောက်အအုံ ပိုင်ဆိုင်မှုအားနည်းနေပါလိမ့်မယ်။ လာမယ့် နှစ်တွေဟာ ကော်ပိုရေးရှင်းနဲ့ နိုင်ငံတော်အတွက် စီးပွားရေးစန်းပွင့် ကာလဖြစ်နိုင်ပေမယ့် ။ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်း များအတွက်တော့ မုန်းတိုင်းတိုက်သလို ပြင်းပြင်းထန်ထန် နာကျင်ခံစာရနိုင်ပါတယ်။
            ဘူးလေးရာ ဖရုံဆင့်တာကတော့ လာမယ့် ၂၀၁၅မှာ စတင်အသက်ဝင်မယ့် အာဆီယံစီးပွားရေးအ၀န်းအ၀ိုင်း (AEC) နဲ့ အာဆီယံလွတ်လပ်စွာကုန်သွယ်မှု (AFTA) တို့ဟာ ဒေသတွင်း လုပ်ငန်းငယ်တွေအတွက် ယှဉ်ပြိုင်မှု ပိုမိုများပြားလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ရေနံ၊ သဘာဝဓါတ်ငွေ့၊ ကျောက်မျက်၊ သစ်တော၊ လယ်ယာထွက်ကုန် ၊ ရေထွက်ကုန် အနည်းငယ်လောက်သာ ပြည်ပကို တင်ပို့ရောင်းချနိုင်ရုံသာရှိပြီး … ပြည်တွင်းထုတ်လုပ်မှုမှာ နည်းပညာမြင့် ပစ္စည်းမျိုးမျိုး၊ လူသုံးကုန်အမျိုးမျိုး၊ ဆေးဝါးနဲ့ အခြားကုန်စည်များကို အာဆီယံနိုင်ငံများကိုတောင် တင်ပို့နိုင်စွမ်းမရှိသေးပါ။ ဒါကြောင့် အာဆီယံ စီးပွားရေးအ၀န်းအ၀ိုင်းဟာလည်း ကုန်သွယ်မှုအရှုံးတွေ မြန်မာနိုင်ငံအတွက်ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒေသတွင်း အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းငယ်တွေဟာ အာဆီယံဒေသတွင်း စီးပွားရေးလုပ်ငန်းငယ်တွေ အချင်းချင်းကြားမှာတောင် ယှဉ်ပြိုင်နိုင်စွမ်းအားနည်းနေပါတယ်။ အဲဒါကြောင့် ဈေးကွက်ဝေစုရရှိဖို့ကလည်း အခက်အခဲ အကြီးအမားကြုံတွေ ရနိုင်ပါတယ်။
            နိုင်ငံတော်အစိုးရပိုင်းကလည်း နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ အတွက်ကိုပဲ ဦးစားပေးစဉ်းစားနေတဲ့ အတွက် အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းတွေ နဲ့ အခြေခံလူတန်းစားတွေရဲ့ ၀င်ငွေတိုးတက်နိုင်မှု အခွင့်အလမ်း တွေဖန်တီး  ပေးဖို့အတွက် နှောင့်နှေးနေပါတယ်။ အဲဒါဟာ ဈေးကွက်ရဲ့ စီးပွားရေးစန်းပွင့်မှုကို တုံ့နှေးသွားစေတာမျိုး ဒါမှမဟုတ် ၀င်ငွေနည်းတဲ့ နိုင်ငံသားတွေဟာ ရွေ့ပြောင်းလုပ်သားတွေ ဖြစ်သွားအောင် တွန်းပို့နေတာမျိုးတွေ ဖြစ်လာနိုင်ပြီး လာမယ့် ဆယ်စုနှစ်တစ်ခုလောက်ကြာတဲ့ အခါ တိုင်းပြည်ရဲ့ အခြေခံအရင်းအမြစ် ပိုင်ဆိုင်မှုတွေဟာ နိုင်ငံခြားသားတွေ နိုင်ငံတကာတွေကော်ပိုရိတ်တွေ လက်ထဲရောက်ရှိသွားတာမျိုး ကြုံတွေရနိုင်ပြီး မြန်မာ့စီးပွားရေးဟာ အပြောင်းအလဲလှိုင်တံပိုးကြားမှာပဲရှိနေပါသည်။


အောင်ပိုင်စိုး



ဒီနေ့ အခြေခံလူတန်းစား အတွက် အနီးကပ်ဆုံး  အိပ်မက်ဟာ ၁၅၀၀ကျပ်တန် ဖုန်းတစ်လုံးမဲပေါက်ဖို့ပါပဲ..။ အစိုးရဟာ ပြီးခဲ့တဲ့ နှစ်လကစပြီး ကျပ်ထောင့်ငါးရာတန် ဆင်းကဒ်တွေကို လကုန်ခါနီး ၂၀ရက်နေ့ဝန်းကျင်မှာ ရောင်းချပေးခဲ့တာ သုံးကြိမ်မြောက်ပါ။ ဒါပေမယ့် အဲဒီ တစ်ထောင့်ငါရာကျပ်တန် ဖုန်းရရှိဖို့ တိုက်ပွဲကတော့ အတော့်ကို ပြင်းထန်ရှည်ကြာ ခဲ့တယ် ဆိုတာ ကျွန်တော်တို့ နိုင်ငံသားအတော်များများ သဘောပေါက်နားလည်ခဲ့ကြပါတယ်။ 

၁၉၉၅ နောက်ပိုင်းမှာ ထွန်းကားကျယ်ပြန့် လာတဲ့ မိုဘိုင်းဆက်သွယ်ရေး လုပ်ငန်းတွေဟာ အရှိန်အဟုန်နဲ့ တိုးတက်ဖြစ်ထွန်းလာခဲ့ပြီး ကမ္ဘာကြီးကို ရွာတစ်ရွာဖြစ်ရောက်အောင် တွန်းပို့ခဲ့တဲ့ လက်သည်တွေထဲမှာတော့ အရေးကြီးတဲ့ တရားခံတစ်ယောက်ပါပဲ။ကျွန်တော်တို့ ကမ္ဘာကြီးဟာ ၂၀၀၀ပြည့်နှစ် နောက်ပိုင်းမှာတော့ ကမ္ဘာလုံးဆိုင်ရာ ကွန်ယက်ချိတ်ဆက်မှု ဆက်သွယ်ရေး ကုမဏီတွေဟာ လုပ်ငန်းကိုင်ငန်းကောင်းခဲ့ပါတယ်။ အင်တာနက်မြန်နှုန်းတွေ မြှင့်ဖို့ လူတိုင်းလက်လှမ်းမှီတဲ့ လက်ကိုင်ဖုန်းတွေ တီထွင်နိုင်ဖို့နဲ့ ဖုန်းတစ်လုံးဟာ လူတစ်ယောက်အတွက် မရှိမဖြစ်ပစ္စည်းအဖြစ် သုံးစွဲနိုင်ဖို့ အလုပ်များနေခဲ့ပါတယ်..။ 

ကျွန်တော်တို့ နိုင်ငံကတော့ အဲဒီအချိန်တွေထိ တည်တည်ငြိမ်ငြိမ်ပါပဲ…။ ပြင်ပဈေးကွက်မှာ ဒေါ်လာ နှစ်ထောင့် ငါးရာ သုံးထောင်နီးပါး ပေးသုံးရတဲ့ ဆယ်လူလာ၊ ဂျီအက်စ်အမ်တွေနဲ့ လက်ကိုင်ဖုန်းဆိုတာ အချမ်းသာဆုံး လူတန်းစားတစ်ရပ်ရဲ့ ဇိမ်ခံပစ္စည်းဖြစ်နေခဲ့ပါတယ်။ နှစ်ပေါင်းများစွာ နိုင်ငံရဲ့ ဆက်သွယ်ရေးစနစ်ကို လက်ဝါးကြီးအုပ် အမြတ်ထုတ်ခဲ့တဲ့ အစိုးရဟာ ဆက်သွယ်ရေး ပစ္စည်းတွေကို သူတို့အခွင့်အာဏာ လုံခြုံရေးအတွက်လည်း နိုင်ငံရေးအရ ဆုပ်ကိုင်ထားခဲ့တာပါ။ ဒါပေမယ့် အမှန်တကယ်ဆက်သွယ် အသုံးပြုဖို့လိုအပ်တဲ့  လုပ်ငန်းရှင်တွေ စီးပွားရေးသမား တွေဟာ နှစ်ပေါင်းများစွာ အစိုးရဟာ ဂျီအက်စ်အမ် လက်ကိုင်ဖုန်းတွေကို ကံစမ်းမဲပေးသလို မဲနှိုက်ပြီး တစ်နှစ်တစ်နှစ်ကို အလုံးရေအနည်းငယ်သာ ထုတ်ဝေခဲ့ပါတယ်..။ အစိုးရပေါက်ဈေး ၁၅သိန်းတစ်သောင်းသွင်းရတဲ့အတွက် ဖုန်းပေါက်ပြီးငွေ သွင်းဖို့ခက်တဲ့သူတွေက တစ်ဆင့်ပြန်ရောင်းချပါတယ် အဲဒီ ဖုန်းထုတ်ယူခွင့် စလစ်ကို ရောင်းတဲ့ဈေးတောင်မှာ သိန်းဆယ်ဂဏန်းအထက်မှာ နှစ်ပေါင်းများစွာ တည်ရှိခဲ့ပါတယ်။ ၂၀၀၈ ခုနှစ် နာဂစ်မုန်တိုင်း တိုက်ခိုက်ပြီး အချိန်မှာ ငွေကျပ် ၁၁သိန်းခန့်နဲ့ တရုတ်ပြည်မှ မုန်တိုင်းအတွက် ရရှိထားတဲ့ အကူအညီပစ္စည်းဖြစ်တဲ့ ကမ်းရိုးတမ်းသုံး ဆက်သွယ်ရေး ဖုန်းတွေကို CDMA တွေကို အစိုးရအနေနဲ့ သူတို့ရဲ့နီးစပ်တဲ့ အသိုင်းအ၀ိုင်းတွေက တစ်ဆင့် ရောင်းချခဲ့ပါသေးတယ်။ ၂၀၁၀ ပြည့်နှစ်မှာတော့ ဒီမိုကရေစီအမည်ခံ ပြောင်းသွားတဲ့အစိုးရဟာ ကျပ်ငါးသိန်းတန် CDMA 800 တယ်လီဖုန်းတွေနဲ့ ရောင်းချထုတ်ဝေခဲ့ပါတယ်။ ယခင်ကလို လျှောက်လွှာနဲ့ ကံစမ်းမဲနှိုက်ရွေးချယ်တဲ့ စနစ်ကနေ ကုမဏီတွေကို လွှဲပြောင်းရောင်းချစေခဲ့တဲ့ စနစ်ကိုပြောင်းလဲခဲ့ပါတယ်။ အဲဒါကလည်း အစိုးရနဲ့နီးစပ်တဲ့  နီးစပ်တဲ့အသိုင်း အ၀ိုင်းကုမဏီများကသာ လက်ဝါးကြီးအုပ်ထားခဲ့ပြီး ငါးသိန်းဖုန်းကို ဈေးကွက်ဝယ်လိုအား နည်းပါးတဲ့အချိန်မှသာ ပြင်ပဖုန်းဆိုင်များမှာ လွတ်လပ်စွာဝယ်ယူ နိုင်ခွင့်ချထားပေးခဲ့ပါတယ်။

ငါးသိန်းတန်ဖုန်းတွေ အရောင်းထိုင်းသွားရတဲ့ အကြောင်းကလည်း ကျပ်သုံးသိန်တန် ဖုန်းတွေထပ်မံရောင်းချ မယ်ဆိုတဲ့သတင်းကြောင့်ပါ။ တကယ်တမ်း မြန်မာ့ဆက်သွယ်ရေးနဲ့ ကုမဏီတွေက ထုတ်ဝေရောင်းချတဲ့ အခါမှာတော့ ငွေကျပ်နှစ်သိန်းခွဲနဲ့ ရောင်းချခဲ့ပါတယ်။ ဒီတစ်ခါ ရောင်းချတဲ့အခါမှာတော့ ဂျီအက်စ်အမ်နဲ့ ဒဗလျူစီဒီအမ်အေ ဆိုပြီးနှစ်မျိုးရောင်းချပါတယ် ဂျီအက်စ်အမ်က ငွေကျပ်နှစ်သိန်းဖြစ်ပြီး ဒဗလျူစီဒီအမ်အေကတော့ ငွေကျပ်နှစ်သိန်းခွဲပါ..။ အဲဒီဖုန်းတွေရောင်းချနေတဲ့ အချိန်မှာပဲ ကုမဏီတစ်ခုဟာ အစိုးရခွင့်ပြုချက်ရရင် ငွေငါးထောင်ကျပ်နဲ့ ဆင်းကဒ်တွေရောင်းချ နိုင်မယ်လို့ သတင်းစာရှင်းလင်းပွဲတွေ လုပ်ပါတယ်။ တစ်ဖက်နဲ့တစ်ဖက် ဝေဖန်မှုတွေ ပြည်သူတွေ ကြားက လိုလားချက်တွေကြောင့် မြန်မာနိုင်ငံမြို့ကြီးတွေနဲ့ အိုင်စီတီပွဲတွေမှာ ငါးထောင်တန်ဖုန်းရရှိရေး လှုပ်ရှားမှုတွေပေါ်ပေါက် လာခဲ့ရပါတယ်။ ဆက်သွယ်ရေးဝန်ကြီးဠာန အနေနဲ့ရှင်းလင်းမှုတွေ အများကြီးလုပ်ခဲ့ရပါတယ်။ သမ္မတကြီးဆီ တိုက်ရိုက်သိရှိနိုင်အောင် မီဒီယာတွေကတဆင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ပျံ့နှံ့ ရောက်ရှိခဲ့ပါတယ်။ အခြေခံ လူတန်းစား အားလုံးရဲ့ မျှော်လင့်ချက်ဟာ ငါးထောင်ကျပ်တန်ဖုန်းဖြစ်လာခဲ့ပြီး ဆက်သွယ်ရေးဝန်ကြီးဠာနတွေဟာ တစ်ဆင့်ချင်း ဖြေလျော့နေရတဲ့ အခက်အခက်တွေကို အာရုံလွှဲဖို့ကြိုးစားခဲ့တယ် အဲဒီဖြစ်စဉ်တွေကြားမှာပဲ ဖုန်းနဲ့အင်တာနက် သုံးစွဲသူတွေကို သုံးစွဲတဲ့ဒေတာယူနစ် အလိုက်ကောက်ခံမယ် အင်တာနက်ကနေ နိုင်ငံတကာဖုန်း ခေါ်ဆိုနိုင်တဲ့ ဆော့ဝဲလ်အသုံးအပြုမှုတွေကို တရားမ၀င်ဘူးဆိုတဲ့ စီမံခန့်ခွဲမှုအလွဲအမှားတွေ ပြုလုပ်ခဲ့ပါတယ်..။ အဲဒီအတွက် အကျိုးရလဒ်က ၀န်ကြီးကိုယ်တိုင်ပါ ထိုင်ခုံပေါ်က ဆင်းပေးလိုက်ရတဲ့အထိပါပဲ။ 


သမ္မတဟာ အခြေအနေတွေကို ၀င်းထိန်းဖို့ တန်ဖိုးနည်းဖုန်းတွေ ရရှိအောင် ဆောင်ရွက်ပေးမယ်ဆိုတဲ့ ကတိနဲ့ ပြည်သူအများစုကိုနှစ်သိမ့်ခဲ့တယ်။ ၂၀၁၃ ဧပြီလနှောင်းပိုင်းမှာတော့ သမ္မတဟာသူ့ကတိအတိုင်း တန်ဖိုးနည်းဖုန်း စီဒီအမ်အေ ၈၀၀ တယ်လီဖုန်းဆင်းကဒ်တွေကို ဦးစွာထုတ်ရောင်းခဲ့ပါတယ်..။ ထူးထူးခြားခြား ဆက်သွယ်ရေးလုပ်ငန်းတွေ နဲ့ သိပ်ပက်သက်မှု မရှိတဲ့ မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း (MEC) က အဲဒီဆင်းကဒ်တွေကို ထုတ်ဝေရောင်းချခဲ့ပါတယ်။ စတင်ထုတ်ဝေတဲ့ ဧပြီလမှာပဲ အဲဒီဆင်းကဒ်တွေဟာ ရှစ်သောင်းကျပ် တစ်သိန်းကျပ်အထိ မှောင်ခိုဈေးကွက်မှာ ဖြစ်ပေါ် ခဲ့ပြီး နံပါတ်အလှ တစ်လုံးဟာ ၈သိန်းကျပ်အထိ မှောင်ခိုဈေးကွက်မှာ စံချိန်တင်ရောင်းချခဲ့တယ်။ အစိုးရဟာ စီဒီအမ်အေ ၈၀၀ ဖုန်းဆင်းကဒ်တွေကို တစ်လလုံးရေ သုံးသိန်းခွဲနဲ့ ပထမသုံးလရောင်းချခဲ့ပါတယ်..။ စီဒီအမ်အေ ၈၀၀ရဲ့ မြုပ်ကွက်ကတော့ ဈေးကွက်မှာ ဟမ်းဆက်နည်းပါးခြင်းပါ ..။ စီဒီအမ်အေ ၈၀၀ ဟမ်းဆက်တွေကို ဟွာဝေကုမဏီနဲ့ တရုတ်ကုမဏီတွေက သာထုတ်လုပ်ထားခဲ့ပါတယ်။ ဟွာ့ဝေကုမဏီဟာ အစိုးရနဲ့နှစ်ပေါင်းများစွာ ဆက်သွယ်ရေးလုပ်ငန်း ကန်ထရိုက်လုပ်ကိုင်ဖူးတဲ့ ကုမဏီတစ်ခုလည်းဖြစ်ပါတယ်။ ဒီသုံးလထဲနဲ့ ဒေါ်လာသန်းပေါင်းများစွာဟာ တရုတ်ပြည်ထဲကို စီးဆင်းသွားနိုင်ပါတယ်။ ထားတော့ ထောင့်ငါးရာတန်ဖုန်းကြောင့် အများပြည်သူအတွက် အကျိုးရှိတယ်ဆိုရင် ဒီကုန်သွယ် မှုအရှုံးဟာ မပြောပလောက်ပါဘူး..။ တကယ့်တိုက်ပွဲက ရှေ့မှာပါ။


ဇွန်လ ၂၇ရက်နေ့မှာတော့ ဆက်သွယ်ရေးလုပ်ငန်း လုပ်ကိုင်ခွင့်၂နေရာ အတွက် နိုင်ငံတကာ ကုမဏီ ဆယ်ဂဏန်းလောက်ဟာ တင်ဒါကိုယှဉ်ပြိုင်တင်သွင်းနေပါတယ်။ Digicel ဟာမြန်မာပြည်ဈေးကွက်ကို လွန်ခဲ့တဲ့ နှစ်နှစ်ကျော် ကတည်းက ၀င်ရောက်ခဲ့ပြီး မြန်မာဘောလုံးအသင်းကို စပွန်ဆာပေးရင်း သူတို့အမှတ်တံဆိပ်ကို လူထုကြားပျံ့နှံ့အောင် လုပ်ထားပြီးဖြစ်နေပါတယ်..။ ၁၉၉၇ အာရှစီးပွားရေး အကျပ်အတည်းကြီးနဲ့အတူ ကျော်ကြားလာတဲ့ ဂျော့ဆိုးရော့စ်ဟာ မြန်မာပြည်ရဲ့ အတိုက်အခံခေါင်းဆောင်တွေ အစိုးရအဖွဲ့တွေနဲ့လည်း တွေ့ဆုံလှုဒါန်းမှုတွေ လုပ်ထားခဲ့ပြီးဖြစ်ပါတယ်။ သူဟာ Digicel ရဲ့ ပိုင်ရှင်တစ်ဦးလည်းဖြစ်ပါတယ်။ အာဖရိက အခြေစိုက် MTN ဟာလည်း မြန်မာလိုနိုင်ငံမျိုးအတွက် အာဖရိကအတွေအကြုံတွေ တော်တော်များများရှိပြီး သန်း၂၀၀လောက် မိုဘိုင်းသုံးစွဲသူတွေကို ၀န်ဆောင်မှုပေးနေနိုင်တယ် လို့အင်တာဗျူးတွေမှာ ဆိုပါတယ်။ မလေးရှားအခြေစိုက် Axital နဲ့ ပြင်သစ်အခြေစိုက် Orange တို့ဟာလည်း ဆင်းကဒ်ဈေးနှုန်းနဲ့ ခေါ်ဆိုခတွေ နှုန်းလျော့ချခြင်း စတဲ့ဆွဲဆောင်မှုတွေ ဆက်သွယ်ရေးလုပ်ငန်း လိုင်စင်ရဖို့ဆွဲဆောင်နေပါတယ်။ စကာင်္ပူ အခြေစိုက် Singtel ကတော့ မြန်မာပြည်အတွက် သီးသန့်ဂြိုလ်တုတစ်လုံး လွှတ်တင်ပေးမယ် ဆိုစည်းရုံးနေပါတယ်။ ဆက်သွယ်ရေး ကုမဏီအားလုံးအတွက်တော့ မြန်မာပြည်အတွက် ဆက်သွယ်ရေး အခန်းကဏ္ဍဟာ ဈေးကွက် အသစ်စက်စက်ကြီးဖြစ်နေပါတယ် ၀ယ်လိုအားအများကြီးနဲ့ လုပ်ကိုင်ခွင့်ရမယ့် ကုမဏီတွေဟာ အမြတ်ဝေစုဟာ နှစ်ပိုင်းအတွက် မြိုးမြိုးမြက်မြက် ပေါ်ထွက်လာနိုင်ပြီး ရေရှည်မှာလည်း ဈေးကွက်ထဲကအမြတ်ကို ပုံမှန်ရရှိနိုင်တဲ့ လုပ်ငန်းမျိုးဆိုတာ သူတိုရဲ့ နိုင်ငံကာအတွေ့အကြုံအရသိရှိနေကြပါတယ်။ လာမယ့် ဇွန်လ ၂၇ ရက်နေ့ မြန်မာပြည်မှာ ဖြစ်ပေါ်ခဲ့တဲ့ ဆက်သွယ်ရေးစစ်ပွဲကြီးရဲ့ အဆုံးသတ်ပါ… မြန်မာပြည်သူတွေနဲ့ အတူ ဘယ်သူအောင်ပွဲရသွားမလည်း ဆိုတာအားလုံးကလည်း ရင်ခုန်စွာစောင့်စားနေကြပါတော့တယ်။


အောင်ပိုင်စိုး