ဗန္ဓူလတံတားပေါ်ကနေ မော်တော်ယာဉ်
တစ်စီးစီးနဲ့ ဖြတ်သွားမိတိုင်း ကျွန်တော့်စိတ်ထဲ မလုံခြုံမှုတစ်ခုခုကို ခံစားရမိတယ်…။
မတော်တဆမှု တစ်ခုခု ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်မျိုး အမြဲပေါ်လာတတ်တယ်..။ ဒါပေမယ့်လည်း
အဲဒီတံတားကို ရှောင်ကွင်းသွားဖို့က လည်း ဖြစ်နိုင်ခဲတဲ့ ကြိုးပမ်းမှု တစ်ခုပါပဲ..။ လမ်းအသုံးပြုသူ
တစ်ဦးအနေနဲ့ လမ်းတွေကို ရှောင်ကွင်းသွားဖို့ မဖြစ်နိုင်ပါဘူး… ဒါကြောင့် လမ်းတွေအပေါ်စိတ်ပိုင်း
ရုပ်ပိုင်း ဆိုင်ရာလုံခြုံမှုတစ်ရပ်အနေနဲ့ ရဖို့ဆိုတာ အရေးကြီးတဲ့ အခွင့်အရေးတစ်ခု ဖြစ်လာပါတယ်..။
လမ်းတွေကို အသုံးပြုဖို့အတွက် နိုင်ငံတော်ကို လမ်းတွေအတွက် ကျသင့်ငွေတွေကို နိုင်ငံသားတွေက
ပေးဆောင်ထားပြီးဖြစ်နေပါတယ်။ အဲဒီအတွက် နိုင်ငံတော်ဟာ လမ်းတွေပေါ်မှာ ကျွန်တော်တို့
ရုန်းကန်ရှင်သန် လှုပ်ရှားနေမှုအတွက် လုံခြုံမှုတွေကိုတာဝန်ခံရမှာ ဖြစ်ပါတယ်..။ ဒါပေမယ့်ကျွန်တော်တို့
လမ်းတွေ တံတားတွေဖောက်လုပ်မှု အပေါ် သံသရတွေ မလုံခြုံမှုတွေ အမြဲခံစားနေရပါတယ် ။ ကျွန်တော်
ဒီဆောင်းပါး မှာ အန္တရာယ်များတဲ့ တံတားကွေ့တွေ အကြောင်းဆွေးနွေးကြည့်ချင်ပါတယ်..။
ကျွန်တော် ငယ်ငယ်က
မြောက်ဥက္ကလာပမြို့နယ်ကနေ မြို့ထဲက ကျောင်းကိုနေ့စဉ်ကျောင်းတက်ခဲ့ရဖူးတယ်…။ အဲဒီအချိန်တုန်းက
မြောက်ဥက္ကလာနဲ့ ဗန္ဓူလပန်းခြံကို ဆွဲတဲ့ကားအရေအတွက်က
နည်းပါးပါသေးတယ်..။ အမှတ် ၄၃ ကားကြီးတွေဟာ မြောက်ဥက္ကလာအ၀ိုင်း မှာဂိတ်ထိုးချိန်ပေါ့
ရန်ကုန်မြို့ထဲကို အလုပ်ဆင်းမယ့်လူတွေကြားမှာ ကျပ်သိပ်ပြွတ်ညပ်ပြီး နှစ်ပေါင်းများစွာ
ကျွန်တော် ကျောင်းတက်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က ၁၉၉၀ လွန်ကာလမို့ စစ်ကျန်ဘတ်စ်ကားကြီးတွေ
ကပရ ဟီးနိုးကားကြီးတွေနဲ့ ဂျပန်ကျ တစ်ပါတ်ရစ်ကားဟောင်းတွေ လောက်သာ ရှိသေးတဲ့အချိန်..။
အမှတ်သုံးလမ်းမကြီးဟာ လည်း ယခုလို ကျယ်ဝန်းဖြောင့်ဖြူး နေတာမျိုးမဟုတ်သေးပါဘူး ..။
ပေတစ်ရာမပြည့်တစ်ပြည့်ရယ်သာ အဆိုးဆုံးက အဲဒီအချိန်တုန်းက ကားတွေဟာ ယခုအချိန်က ကားတွေလို
အင်ဂျင်ပါဝါမျိုး မရှိ စွမ်းအားမပြည့်နဲ့ ဘတ်စ်ကားတစ်စီးဟာ အနည်းဆုံး လူဦးရေ တစ်ရာကျော်ကို
သယ်ပိုးပြီး မြို့တော်ဆီထွက်ခွာ ရတာမျိုးပါ ..။ ကျွန်တော် မှတ်မိသလောက် ဂျာမဏီကားလို့ခေါ်တဲ့
မှန်အလုံပိတ် လေးထောင့်စပ်စပ်ရိန်းနိုး ကားကြီးတွေဟာ မြောက်ဥက္ကလာ မြို့နယ်အ၀င်အ၀က တံတားကိုမကျော်ဖြတ်နိုင်ဘူး
… ။ ကားဂိတ်ကို မီးရထား သံလမ်းတစ်ဖက်တစ်ချပ်စီမှာ ထားပြီး လူတွေက ကားချိန်းလမ်းဆင်းလျှောက်
နေ့တွေ ကြုံခဲ့ဖူးပါတယ်..။ စစ်ကျန်ဗိုက်ပူတွေကတော့ အိပဲ့အိပဲ့နဲ့ မြောက်ဥက္ကလာအ၀ိုင်းကို
တက်ရှာပါတယ်…။ သူ့နောက်က ဂျပန်ကားကြီးတွေ လိုက်ရပြီး ဂျပန်ကားဟောင်းတွေ မောင်းတဲ့ ဒရိုင်ဘာတွေက
တလှိမ့်ချင်းတက်နေတဲ့ ဗိုက်ပူကို ကျိန်ဆဲတော့တာပါပဲ…။ အဲဒီလိုနဲ့ ၀မ်းနည်းဖွယ်တစ်နေ့တော့
ဗိုက်ပူတစ်စီးဟာ လူတစ်ယောက် ခြေခေါက်လဲသလို မြောက်ဥက္ကလာတံတားပေါ် ပြုတ်ကျခဲ့ဖူးပါတယ်
…။ အဲဒီခေတ်က လူတွေဟာ ဗိုက်ပူကို ဘေးတစ်စောင်းကြီးနဲ့ ကို့ယို့ကားယားဖြစ်တဲ့အထိ တွယ်ကပ်စီးရတာပါ
ကားဗိုက်ထဲမှာတင် လှုပ်လို့မရောင်ပြွတ်သိပ် ကျပ်ညပ်အောင်စီးကျရတာပါ…။ အဲဒီဖြစ်ရပ်ကြောင့်
သေဆုံးရတဲ့လူတွေအပြင် ထိခိုက်ဒဏ်ရာရတဲ့ လူပေါင်းများစွာ မြောက်ဥက္ကလာ ဆေးရုံမှာ အတွင်းလူနာအဖြစ်တက်ရောက်ကြရပါတယ်..။
နောက်ပိုင်းတော့ စစ်ကျန်ဘတ်စ်တွေထက် မြောက်ဥက္ကလာပမထသလိုင်း တွေမှာ ဂျပန်ကားတစ်ပါတ်ရစ်တွေကို
အစားထိုးသုံးစွဲလာပါတယ်..။ စွယ်တော်စေတီမတည်ခင် မရမ်းကုန်းမြို့နယ်ထဲမှာရှိတဲ့ လမ်းဝမှတ်တိုင်က
ရပ်ကွက်ကို တံတားအဆင်းအရှိန်လွန်ကားတွေ ခဏခဏ စားသောက်ဆိုင်ထဲ ၀င်လိုက် လက်ဖက်ရည်ဆိုင်ထဲ
အောင်းလိုက်နဲ့ ဖြစ်ခဲ့ဖူးပါသေးတယ်..။ နောက်ပိုင်းတော့ အဲဒီရပ်ကွက်လည်း စွယ်တော်တည်ဆောက်ချိန်မှာ
ရွေ့ပြောင်းလိုက်ပါတယ် ..။ ဂုံးကျော်တံတားကြောင့်
ဖြစ်ပေါ်တဲ့ ယာဉ်တိုက်မှုလည်း နည်းပါးသွားပါတော့တယ်..။ တံတားတည်ဆောက်ထားပုံကတော့ အမှတ်သုံးလမ်းမကအတက်မှာ
ချဉ်းကပ်လမ်းဆုံးတာနဲ့ လမ်းခြမ်းပုံအကွေ့ကို တံတားပေါ်မှာ ကွေ့ရပါတယ် တံတားကုန်းဆင်းကျပြန်တော့ ချဉ်းကပ်လမ်းဆုံးတာနဲ့ လမ်းဝထိပ်ဘက်ကို လခြမ်းပုံထပ်ကွေ့ရပါတယ်
..။ မျက်နှာချဉ်းဆိုင် နှစ်လမ်းမောင်း ပြုလုပ်ထားပေမယ့် လမ်းလယ်ကျွန်းတုံးကာထားခြင်းမရှိပါ…။
ယာဉ်ကြောင့်ပဲဖြစ်ဖြစ် ယာဉ်မောင်းကြောင့်ပဲဖြစ်ဖြစ် သတိတစ်ချက်လွတ်တာနဲ့ အန္တရာယ်ကိုလမ်းက
ဖိတ်ခေါ်ထားပြီးသားဖြစ်နေပါတယ်..။ ဘာကြောင့် အဲဒီတံတားကို ကွေ့ဆောက်ခဲ့ရလည်း ဆိုတာတော့
ပဟေဠိတစ်ပုဒ်လို အခုအချိန်ထိ ရှိနေဆဲပါ…။
နောက်ထပ် တံတားကွေ့
တစ်စင်းကတော့ ရန်ကုန်တိုင်းအတွင် သင်္ကန်းကျွန်းမြို့နယ်မှာစံပြဈေးနားမှာ ရှိတဲ့ ပြည်ထောင်စုတံတားပါ…။
သူလည်း မီးရထား ဂုံးကျော်တံတား တစ်ခုပါ ယာဉ်တိုက်မှု အများအပြားဖြစ်တဲ့ တံတားမျိုးတော့
မဟုတ်ပါဘူး တံတားကွေ့တစ်မျိုး ဖြစ်ပေမယ့် .. ပြည်ထောင်စုတံတားရဲ့ အလျားဟာ တိုတောင်းပြီး
အနံက ကျယ်ဝန်းပါတယ် ..။ ဒါပေမယ့် သူလည်း စံပြဈေး လေးထောင့်ကန်လမ်းမ ဘက်က အတက်မှာ ချဉ်းကပ်လမ်းဟာ တိုတောင်းပြီးကွေ့နေပါတယ်
..။ ဒါပေမယ့် လမ်းလယ်ကျွန်းတုံးများ ရှိတဲ့ အတွက် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုတွေအတွက်
ထိန်းကွပ်ပြီးသားဖြစ်နေပါတယ်။ တံတားရဲ့အဆင်းမှာတော့ လမ်းနှခွဖြစ်နေပါတယ် စံပြဈေးဘက်က
အတက်မှာ သုဝဏဘက်ကိုသွားတဲ့ လမ်းနဲ့ တောင်မြောက်လမ်းဆုံဘက်ကို ထွက်တဲ့လမ်း တစ်ခုရယ်ပါ..
တံတားအဆင်းဟာ လမ်းခွဖြစ်နေတဲ့အတွက် ကွေ့ပြီးဆင်းရတာမျိုးပါ …။ အဲဒီအတွက် ဆင်ခြေလျောတွေ
လမ်းအကွေ့ ဒီဂရီတွေဟာ တိမ်းညွတ်လွယ်တဲ့အတွက် ပြည်ထောင်စုဂုံးကျော်တံတားပေါ်မှာ ယာဉ်တိုက်မှု
မဖြစ်ခဲ့ပါဘူး..။ ပြီးတော့ ကျွန်တော် မှတ်သားမိသလောက် အဲဒီတံတားကြောင့် လူအသေအပျောက် မဖြစ်ခဲ့ဖူးပါဘူး..။
နောက်ထပ် တံတားကွေ့
တစ်စင်းကတော့ မြောက်ဥက္ကလာ ကျောက်ရေတွင်းမှတ်တိုင် က ကျောက်ရေတွင်းမီးရထားဂုံးကျော်
တံတားပါ …။ မည်သည့် အင်ဂျင်နီယာတွေ လက်စွမ်းပြထားလေသလဲတော့ မသိပါ ဒါပေမယ့် အဲဒီတံတားကြီးမြင်တိုင်း
ဘိလပ်မြေတွေ သံချောင်း တွေကို နှမျောမိပါတယ် …။ သူတို့ဆင်ခြေတက်မှာ ကိုလည်း ကျွန်တော်
သတိထားမိပါတယ် တံတားဆောက်ဖို့အတွက် ချဉ်းကပ်လမ်း တိုတောင်းဆိုတာ မျိုးပါ.. ။ အဲဒီနေရာမှာ
မီးရထား ကုန်းကျော်တံတား တစ်ခု မဖြစ်မနေ လိုအပ်ပါတယ် လို့ ဘယ်သူက သံတော်ဦးတင် ခဲ့လည်းတော့
ကျွန်တော် လည်း မသိပါ… ။ အဲဒီတံတားကြီးကတော့ ဆင်းရဲသားပြည်သူတွေရဲ့ ပိုက်ဆံကို ငါတို့
ဒီလိုဖြုန်းတီးခဲ့တယ် ဆိုတဲ့ ပြရုဒ်ကြီးဖြစ်နေပါတယ် …။ အဲဒီတံတားဟာ မြောက်ဥက္ကလာပ မြို့နယ်နဲ့
မင်္ဂလာဒုံလေယာဉ်ကွင်း၊ မင်္ဂလာဒုံဂေါက်ကွင်းဆီကို ဆက်သွယ်ထားတဲ့ လမ်းတစ်လမ်းပဲ ဖြစ်နေပါတယ်..။
မင်္ဂလာဒုံဘက်က အတက်တံတားကို မြောက်ဥက္ကလာပဘက်အခြမ်း တံတားနှစ်ဆင်း ခွဲဖြာဆင်းတဲ့ ဒီဇိုင်းနဲ့တည်ဆောက်ထားပါတယ်။
မြောက်ဥက္ကလာမြို့နယ်ထဲက အ၀င် အ၀ိုင်းကြီး မှတ်တိုင်ဆီသို့ တံတားတစ်စင်းနဲ့ မြောက်ဥက္ကလာ
မြို့နယ်ထဲက အထွက်ဘက် မယ်လုမုဘုရားမှတ်တိုင် ဆီသို့ အသွား တံတားနှစ်စင်း ဖြာဆင်းထားပါတယ်
…။ အဲဒီမှာ ပြဿနာက စတာပဲ… မယ်လမုဘက်ကို ဆင်းတဲ့ တံတားဟာ တစ်လမ်းမောင်းဖြစ်ပြီး တံတားပေါ်က
ဆင်းတဲ့ယာဉ်တွေပဲ အသုံးပြုလို့ရပါတယ် ပင်မ အမှတ်သုံးလမ်းမကြီးရဲ့ ညာဘက်ယာဉ်ကျောပေါ်ကို
အဲဒီတံတားဆင်းယာဉ်တွေဟာ ချဉ်းကပ်ကြရတာပါ ..။ မြောက်ဥက္ကလာအ၀ိုင်းဘက်ကို ဆင်းတဲ့ တံတားကတော့
နှစ်လမ်းမောင်းဖြစ်ပြီး တံတားပေါ်ကိုတက်တဲ့ လမ်းနဲ့ တံတားပေါ်ကဆင်းတဲ့လမ်းဆိုပြီး နှစ်လမ်းမောင်းပါဝင်ပါတယ်..။
အဲဒီနှစ်လမ်းမောင်းဟာ အမှတ်သုံးလမ်းမကြီးရဲ့ အလယ်ယာဉ်ကျော နှစ်ခုကိုခွယူထားပါတယ်..။
မယ်လုမုဘုရားဘက်က လာပြီး တံတားပေါ်တက်မယ်ဆိုရင်တော့ တံတားပေါ်ကို တက်ဖို့အတွက် တံတားပေါ်က
ဆင်းလာတဲ့ ယာဉ်ကျောကို ကျောပေးပြီး တက်ရပါတယ် ..။ ဒီကြားထဲကမှ တံတားပေါ်က မယ်လုမုဘက်ကိုသွားတဲ့လမ်း
ကို မတွေ့ပဲကျောသွားပြီး အ၀ိုင်းဘက်ဆင်းတဲ့လမ်းကနေ မြို့ထဲသွားတဲ့လမ်းကို ဖြတ်ကွေ့ဖို့
ကြိုးစားတဲ့ အဆင်းယာဉ်တွေနဲ့ အဲဒီနေရာ လမ်းပိတ်ဆို့မှုနဲ့ ကိုးလို့ကန့်လန့်နိုင်တဲ့
လမ်းပိုင်းအဖြစ် ယာဉ်မောင်းတွေကြိုတွေ့နေရပါတယ် တံတားရဲ့ အလျားတွေဟာ အဆမတန်ရှည်လျားနေတယ်လို့
ကျွန်တော့်စိတ်ထဲ ထင်မိပါတယ် …။ အဲဒီနေရာမှာ သာမာန်မီးရထား ကုန်းကျော် တံတားလောက် ဆောက်ရုံနဲ့
အဆင်ပြေလောက်မှာ ဖြစ်ပြီး … တံတားမထိုးပဲ ထားရင်လည်း အဆင်ပြေလောက်တဲ့နေရာပါ မီးရထား
လမ်းကူးအတွက် ဂေါက်ရိုက်သွားမယ် အရာရှိကြီးတွေရဲ့ အချိန်မကုန်အောင် ရွှေဥာဏ်တော် စူးရောက်
ထားပုံရတဲ့ တံတားပါ ဗဟိုဦးစီစနစ်ရဲ့ ထင်ရာစိုင်းလက်ရာ တစ်ခုပေါ့ ဆင်းရဲတဲ့ နိုင်ငံသားတွေရဲ့
ထမင်းနပ်တွေကို ခူးခပ်ထားတဲ့တံတားပါ။
နောက်ထပ် တံတားတစ်စင်းကတော့ ကျွန်တော်တို့ သတင်းမင်းသား မဟာဗန္ဒူလတံတားပါပဲ ဒီတံတားကြီးကတော့
ဂျာနယ်စာမျက်နှာ တွေမှာ အမြဲတမ်းမင်းမူနေတဲ့ သတင်းမင်းသားပါ..။ အိုဘားမားကို လမ်းတွေလက်ဆောင်တောင်း
လိုက်တောင်းလိုက်တယ် ဆိုတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ထုတ်ပြန်ချက်နဲ့ မရှေးမနှောင်းပါပဲ
ယာဉ်ရှစ်စီးဆင့်တိုက်မှုနဲ့ တစ်ရက်တည်း နောက်ထပ် မျက်နှာချင်းဆိုင် ယာဉ်နှစ်စီး တိုက်တဲ့သတင်းနဲ့
သတင်းလောကကို ကိုင်လှုပ်လိုက်တာမျိုးပါ…။ နောက်တစ်ခါ အိုဘားမားလာရင် သမ္မတကို တံတားတွေပါ
ထပ်တောင်းချေလို့ သတိပေးလိုက်သလိုပါပဲ..။ အရင်အစိုးရခေတ်က ဆောက်လုပ်ရေးပိုင်းက ရာထူးဂေါ်ဇီလာလောက်
ရှိတဲ့ လူတစ်ယောက်က ကျွန်တော်တို့ တံတားဆောက်တဲ့နေရာမှာတော့ အလွန်တရာပိုင်နိုင်လှပြီလို့
သတင်းစာမှာ စာလုံးအမည်းနဲ့ ကြွားဝါတာကျွန်တော်မှတ်သား ဖူးလိုက်တယ်…။ ထားပါတော့လေ… ဒါကတစ်ပိုင်းပေါ့..။
ကျွန်တော်တို့ရဲ့ ဗန္ဒူလတံတားကြီးရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်တော့ တံတားက ခြောက်လမ်းသွားတံတား
ဖြစ်တော့ ကျယ်ဝန်းပါတယ် မြစ်ကူးတံတားဖြစ်တဲ့ အတွက်လည်း ခက်ခက်ခဲခဲ တည်ဆောက်ထားရတာ မျိုးပါ
ဒါပေမယ့် မဟာဗန္ဒူလလမ်းမှ အတက် ချဉ်းကမ်းလမ်းအဆုံးမှာတင် တံတားဟာ လေကိုင်းပုံသဏ္ဌ္ဌန်ကွေးနေပါတယ်
…။ အဲဒီအတွက် တံတားအဆင်း ယာဉ်နဲ့ တံတားအတက် ယာဉ်တို့ဟာ မျက်နှာချင်းဆိုင် ၀င်တိုက်နိုင်
တဲ့ အနေအထားရှိနေပါတယ် ..။ တံတားက ခြောက်လမ်းသွား တံတားဖြစ်တဲ့အတွက် ယာဉ်တွေဟာ အမြန်နှုန်းတင်
မောင်းနှင်တာမျိုးဖြစ်နေပါတယ် .. အဲဒီအတွက် တံတားအလယ်က ကျွန်းတုံးခြားတာတို့ သံမဏိတန်းကာ
တာတို့ မလုပ်ထားတဲ့အတွက် အဲဒီတံတားပေါ်မှာ ယာဉ်မောင်းနှင်စီးနင်းရတာ အန္တရယ်များနေပါတယ်..။
ပြီးတော့ ကုန်သေတ္တာတင် ယာဉ်ကြီးတွေ ၊ သစ်လုံးတင်ယာဉ် ဖြတ်သန်းသွားလာတာမျိုး ဖြစ်တဲ့အတွက်
ကားကြီးတွေက အရှိန်နဲ့မောင်းတဲ့အခါ နောက်တခြား ကားလိုင်းတွေဟာ တံတားပေါ်က လမ်းအကျယ်ကို
အခွင့်အရေးယူ ပြီး လမ်းပြောင်းပြန်မောင်းပြီး
ယာဉ်စည်းကမ်းတွေကိုပါချိုးဖောက်လာတဲ့အခါ အပြစ်မဲ့ပြည်သူ တွေအတွက် အန္တရယ်ကို
ဖိတ်ခေါ်ခံနေရသလိုမျိုး ဖြစ်နေပါတယ်…။ ဒေါပုံမြို့နယ်ဘက်ကို တံတားအဆင်း ကျတော့ လမ်းရဲ့
ဒီဇိုင်းဟာ မေးခွန်းထုတ်စရာ ပုစ္ဆာတစ်ပုဒ်ဖြစ်လာနေပါတယ် ..။ ဘာကြောင့်လည်း ဆိုတော့ တံတားရဲ့
ချဉ်းကပ်လမ်း အဆုံးမှာ ယာဉ်ဟာ ဘယ်ညာကို ကိုးဆယ်ဒီဂရီကွေးချိုးဖို့ပဲ ရှိပါတယ် အတည့်အရှိန်လျော့အောင်
ဆင်းသွားရမယ် မြေပြင်ညီလမ်းမျိုးမရှိတာပါပဲ ချဉ်းကပ်လမ်း အလယ်လောက်မှာပဲ ယာဉ်တွေဟာ
ကုန်းဆင်းအရှိန်နဲ့ ကွေ့ချိုးဖို့ကို ကြိုးစားကြရပါတယ် အဲဒီအတွက် ချဉ်းကပ်လမ်း အဆုံးက
ဈေးဆိုင်တွေ အိမ်တွေဟာ အရှိန်လွန်လာတဲ့ ယာဉ်တွေ ဧည့်ခံဖို့ ပြင်ဆင်နေရပါတယ် … ဧည့်ကောင်းဆောင်ကောင်းတွေ
တော့မဟုတ်ပါဘူး ..။ ဒီတံတားရဲ့ Structure Design အမှားဟာ တစ်နှစ်တစ်နှစ် လူအသက်နဲ့
ငွေကြေးတန်းဖိုးပေါင်းများ စွာနှစ်စဉ်ဆုံးရှုံး ရပါတယ်…။ တံတားဟာ ရှုခင်းသာ လမ်း ဒါမှမဟုတ်
မင်းနန္ဒာလမ်း တစ်ခုခုကို ခေါင်းထိုးဝင်ဖို့ မဖြစ်နိုင်ဘူး လားလို့ ကျွန်တော်တွေးမိပါတယ်..။
မြစ်ကူးတံတားဖြစ်တဲ့အတွက် ရေလယ်တိုင်တွေကို တစ်စောင်းတည်ဆောက်လိုက်ရင် ရေစီးကြောင်းကို
ဟန့်တားမှုပါ လျော့ကျသွားနိုင်မလား..။ အိမ်တွေပေါ်ကို ကျော်ပြီး တံတားထိုးဖို့ကော မဖြစ်နိုင်ဘူးလား…။
စာရေးသူ တစ်ယောက်ဆိုတော့ စိတ်ကူးနဲ့ တံတားထိုးရတာ လွယ်ပါတယ်..။ ဒါပေမယ့် တကယ်ဆောက်တဲ့
အင်ဂျင်နီယာတွေအနေနဲ့ကတော့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ အများကြီးနဲ့ တည်ဆောက်ရတာ
ဆိုတဲ့အပိုင်းကို နားလည်ပါတယ် ..။ ဒါပေမယ့် လမ်းအသုံးပြုသူ တစ်ယောက်အနေနဲ့ လမ်းပေါ်မှာ
လုံခြုံစိတ်ချမှုရှိစွာ အသုံးပြုနိုင်ခွင့်ကို တောင်းဆိုပိုင်ခွင့် ရှိတယ်လို့ ကျွန်တော်ယူဆပါတယ်
.။ လူတိုင်းလည်း မိမိတို့ အသုံးပြုတဲ့ လမ်းကို အန္တရာယ်ကင်းစွာ အသုံးပြုခွင့်ကို ရသင့်ပါတယ်
…။ အဲဒီအတွက် လမ်းစည်းကမ်း ချိုးဖောက်မှု တွေကို တိတိကျကျ အရေးယူရမှာ ဖြစ်သလို လမ်းပေါ်မှာ
အန္တရာယ်ကင်းဖို့ကိုလည်း တည်ဆောက်ထားရမှာပါ..။ အမှန်တကယ်တော့ လမ်းတွေတံတားတွေဟာ ဘယ်အစိုးရမင်းရဲ့
အိတ်ကပ်ထဲက ပိုက်ဆံနဲ့မှ ဆောက်လုပ်ထားတာ မဟုတ်ပဲ အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးနဲ့
တည်ဆောက်ထားတာပါ..။ အဲဒီအတွက် လမ်းတံတားတွေဟာ ပြည်သူ့လုံခြုံရေးအစီအစဉ်တွေ ပြည့်ပြည့်၀၀
ပါရှိသင့်ကြောင်း တင်ပြရင်း..။
အောင်ပိုင်စိုး