ဗန္ဓူလတံတားပေါ်ကနေ မော်တော်ယာဉ် တစ်စီးစီးနဲ့ ဖြတ်သွားမိတိုင်း ကျွန်တော့်စိတ်ထဲ မလုံခြုံမှုတစ်ခုခုကို ခံစားရမိတယ်…။ မတော်တဆမှု တစ်ခုခု ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်မျိုး အမြဲပေါ်လာတတ်တယ်..။ ဒါပေမယ့်လည်း အဲဒီတံတားကို ရှောင်ကွင်းသွားဖို့က လည်း ဖြစ်နိုင်ခဲတဲ့ ကြိုးပမ်းမှု တစ်ခုပါပဲ..။ လမ်းအသုံးပြုသူ တစ်ဦးအနေနဲ့ လမ်းတွေကို ရှောင်ကွင်းသွားဖို့ မဖြစ်နိုင်ပါဘူး… ဒါကြောင့် လမ်းတွေအပေါ်စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာလုံခြုံမှုတစ်ရပ်အနေနဲ့ ရဖို့ဆိုတာ အရေးကြီးတဲ့ အခွင့်အရေးတစ်ခု ဖြစ်လာပါတယ်..။ လမ်းတွေကို အသုံးပြုဖို့အတွက် နိုင်ငံတော်ကို လမ်းတွေအတွက် ကျသင့်ငွေတွေကို နိုင်ငံသားတွေက ပေးဆောင်ထားပြီးဖြစ်နေပါတယ်။ အဲဒီအတွက် နိုင်ငံတော်ဟာ လမ်းတွေပေါ်မှာ ကျွန်တော်တို့ ရုန်းကန်ရှင်သန် လှုပ်ရှားနေမှုအတွက် လုံခြုံမှုတွေကိုတာဝန်ခံရမှာ ဖြစ်ပါတယ်..။ ဒါပေမယ့်ကျွန်တော်တို့ လမ်းတွေ တံတားတွေဖောက်လုပ်မှု အပေါ် သံသရတွေ မလုံခြုံမှုတွေ အမြဲခံစားနေရပါတယ် ။ ကျွန်တော် ဒီဆောင်းပါး မှာ အန္တရာယ်များတဲ့ တံတားကွေ့တွေ အကြောင်းဆွေးနွေးကြည့်ချင်ပါတယ်..။

 

 

ကျွန်တော် ငယ်ငယ်က မြောက်ဥက္ကလာပမြို့နယ်ကနေ မြို့ထဲက ကျောင်းကိုနေ့စဉ်ကျောင်းတက်ခဲ့ရဖူးတယ်…။ အဲဒီအချိန်တုန်းက မြောက်ဥက္ကလာနဲ့ ဗန္ဓူလပန်းခြံကို ဆွဲတဲ့ကားအရေအတွက်က နည်းပါးပါသေးတယ်..။ အမှတ် ၄၃ ကားကြီးတွေဟာ မြောက်ဥက္ကလာအ၀ိုင်း မှာဂိတ်ထိုးချိန်ပေါ့ ရန်ကုန်မြို့ထဲကို အလုပ်ဆင်းမယ့်လူတွေကြားမှာ ကျပ်သိပ်ပြွတ်ညပ်ပြီး နှစ်ပေါင်းများစွာ ကျွန်တော် ကျောင်းတက်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က ၁၉၉၀ လွန်ကာလမို့ စစ်ကျန်ဘတ်စ်ကားကြီးတွေ ကပရ ဟီးနိုးကားကြီးတွေနဲ့ ဂျပန်ကျ တစ်ပါတ်ရစ်ကားဟောင်းတွေ လောက်သာ ရှိသေးတဲ့အချိန်..။ အမှတ်သုံးလမ်းမကြီးဟာ လည်း ယခုလို ကျယ်ဝန်းဖြောင့်ဖြူး နေတာမျိုးမဟုတ်သေးပါဘူး ..။ ပေတစ်ရာမပြည့်တစ်ပြည့်ရယ်သာ အဆိုးဆုံးက အဲဒီအချိန်တုန်းက ကားတွေဟာ ယခုအချိန်က ကားတွေလို အင်ဂျင်ပါဝါမျိုး မရှိ စွမ်းအားမပြည့်နဲ့ ဘတ်စ်ကားတစ်စီးဟာ အနည်းဆုံး လူဦးရေ တစ်ရာကျော်ကို သယ်ပိုးပြီး မြို့တော်ဆီထွက်ခွာ ရတာမျိုးပါ ..။ ကျွန်တော် မှတ်မိသလောက် ဂျာမဏီကားလို့ခေါ်တဲ့ မှန်အလုံပိတ် လေးထောင့်စပ်စပ်ရိန်းနိုး ကားကြီးတွေဟာ မြောက်ဥက္ကလာ မြို့နယ်အ၀င်အ၀က တံတားကိုမကျော်ဖြတ်နိုင်ဘူး … ။ ကားဂိတ်ကို မီးရထား သံလမ်းတစ်ဖက်တစ်ချပ်စီမှာ ထားပြီး လူတွေက ကားချိန်းလမ်းဆင်းလျှောက် နေ့တွေ ကြုံခဲ့ဖူးပါတယ်..။ စစ်ကျန်ဗိုက်ပူတွေကတော့ အိပဲ့အိပဲ့နဲ့ မြောက်ဥက္ကလာအ၀ိုင်းကို တက်ရှာပါတယ်…။ သူ့နောက်က ဂျပန်ကားကြီးတွေ လိုက်ရပြီး ဂျပန်ကားဟောင်းတွေ မောင်းတဲ့ ဒရိုင်ဘာတွေက တလှိမ့်ချင်းတက်နေတဲ့ ဗိုက်ပူကို ကျိန်ဆဲတော့တာပါပဲ…။ အဲဒီလိုနဲ့ ၀မ်းနည်းဖွယ်တစ်နေ့တော့ ဗိုက်ပူတစ်စီးဟာ လူတစ်ယောက် ခြေခေါက်လဲသလို မြောက်ဥက္ကလာတံတားပေါ် ပြုတ်ကျခဲ့ဖူးပါတယ် …။ အဲဒီခေတ်က လူတွေဟာ ဗိုက်ပူကို ဘေးတစ်စောင်းကြီးနဲ့ ကို့ယို့ကားယားဖြစ်တဲ့အထိ တွယ်ကပ်စီးရတာပါ ကားဗိုက်ထဲမှာတင် လှုပ်လို့မရောင်ပြွတ်သိပ် ကျပ်ညပ်အောင်စီးကျရတာပါ…။ အဲဒီဖြစ်ရပ်ကြောင့် သေဆုံးရတဲ့လူတွေအပြင် ထိခိုက်ဒဏ်ရာရတဲ့ လူပေါင်းများစွာ မြောက်ဥက္ကလာ ဆေးရုံမှာ အတွင်းလူနာအဖြစ်တက်ရောက်ကြရပါတယ်..။ နောက်ပိုင်းတော့ စစ်ကျန်ဘတ်စ်တွေထက် မြောက်ဥက္ကလာပမထသလိုင်း တွေမှာ ဂျပန်ကားတစ်ပါတ်ရစ်တွေကို အစားထိုးသုံးစွဲလာပါတယ်..။ စွယ်တော်စေတီမတည်ခင် မရမ်းကုန်းမြို့နယ်ထဲမှာရှိတဲ့ လမ်းဝမှတ်တိုင်က ရပ်ကွက်ကို တံတားအဆင်းအရှိန်လွန်ကားတွေ ခဏခဏ စားသောက်ဆိုင်ထဲ ၀င်လိုက် လက်ဖက်ရည်ဆိုင်ထဲ အောင်းလိုက်နဲ့ ဖြစ်ခဲ့ဖူးပါသေးတယ်..။ နောက်ပိုင်းတော့ အဲဒီရပ်ကွက်လည်း စွယ်တော်တည်ဆောက်ချိန်မှာ ရွေ့ပြောင်းလိုက်ပါတယ် ..။  ဂုံးကျော်တံတားကြောင့် ဖြစ်ပေါ်တဲ့ ယာဉ်တိုက်မှုလည်း နည်းပါးသွားပါတော့တယ်..။ တံတားတည်ဆောက်ထားပုံကတော့ အမှတ်သုံးလမ်းမကအတက်မှာ ချဉ်းကပ်လမ်းဆုံးတာနဲ့ လမ်းခြမ်းပုံအကွေ့ကို တံတားပေါ်မှာ ကွေ့ရပါတယ် တံတားကုန်းဆင်းကျပြန်တော့  ချဉ်းကပ်လမ်းဆုံးတာနဲ့ လမ်းဝထိပ်ဘက်ကို လခြမ်းပုံထပ်ကွေ့ရပါတယ် ..။ မျက်နှာချဉ်းဆိုင် နှစ်လမ်းမောင်း ပြုလုပ်ထားပေမယ့် လမ်းလယ်ကျွန်းတုံးကာထားခြင်းမရှိပါ…။ ယာဉ်ကြောင့်ပဲဖြစ်ဖြစ် ယာဉ်မောင်းကြောင့်ပဲဖြစ်ဖြစ် သတိတစ်ချက်လွတ်တာနဲ့ အန္တရာယ်ကိုလမ်းက ဖိတ်ခေါ်ထားပြီးသားဖြစ်နေပါတယ်..။ ဘာကြောင့် အဲဒီတံတားကို ကွေ့ဆောက်ခဲ့ရလည်း ဆိုတာတော့ ပဟေဠိတစ်ပုဒ်လို အခုအချိန်ထိ ရှိနေဆဲပါ…။

 

 

နောက်ထပ် တံတားကွေ့ တစ်စင်းကတော့ ရန်ကုန်တိုင်းအတွင် သင်္ကန်းကျွန်းမြို့နယ်မှာစံပြဈေးနားမှာ ရှိတဲ့ ပြည်ထောင်စုတံတားပါ…။ သူလည်း မီးရထား ဂုံးကျော်တံတား တစ်ခုပါ ယာဉ်တိုက်မှု အများအပြားဖြစ်တဲ့ တံတားမျိုးတော့ မဟုတ်ပါဘူး တံတားကွေ့တစ်မျိုး ဖြစ်ပေမယ့် .. ပြည်ထောင်စုတံတားရဲ့ အလျားဟာ တိုတောင်းပြီး အနံက ကျယ်ဝန်းပါတယ် ..။ ဒါပေမယ့် သူလည်း စံပြဈေး လေးထောင့်ကန်လမ်းမ ဘက်က  အတက်မှာ ချဉ်းကပ်လမ်းဟာ တိုတောင်းပြီးကွေ့နေပါတယ် ..။ ဒါပေမယ့် လမ်းလယ်ကျွန်းတုံးများ ရှိတဲ့ အတွက် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုတွေအတွက် ထိန်းကွပ်ပြီးသားဖြစ်နေပါတယ်။ တံတားရဲ့အဆင်းမှာတော့ လမ်းနှခွဖြစ်နေပါတယ် စံပြဈေးဘက်က အတက်မှာ သုဝဏဘက်ကိုသွားတဲ့ လမ်းနဲ့ တောင်မြောက်လမ်းဆုံဘက်ကို ထွက်တဲ့လမ်း တစ်ခုရယ်ပါ.. တံတားအဆင်းဟာ လမ်းခွဖြစ်နေတဲ့အတွက် ကွေ့ပြီးဆင်းရတာမျိုးပါ …။ အဲဒီအတွက် ဆင်ခြေလျောတွေ လမ်းအကွေ့ ဒီဂရီတွေဟာ တိမ်းညွတ်လွယ်တဲ့အတွက် ပြည်ထောင်စုဂုံးကျော်တံတားပေါ်မှာ ယာဉ်တိုက်မှု မဖြစ်ခဲ့ပါဘူး..။ ပြီးတော့ ကျွန်တော် မှတ်သားမိသလောက် အဲဒီတံတားကြောင့် လူအသေအပျောက်  မဖြစ်ခဲ့ဖူးပါဘူး..။

 

 

နောက်ထပ် တံတားကွေ့ တစ်စင်းကတော့ မြောက်ဥက္ကလာ ကျောက်ရေတွင်းမှတ်တိုင် က ကျောက်ရေတွင်းမီးရထားဂုံးကျော် တံတားပါ …။ မည်သည့် အင်ဂျင်နီယာတွေ လက်စွမ်းပြထားလေသလဲတော့ မသိပါ ဒါပေမယ့် အဲဒီတံတားကြီးမြင်တိုင်း ဘိလပ်မြေတွေ သံချောင်း တွေကို နှမျောမိပါတယ် …။ သူတို့ဆင်ခြေတက်မှာ ကိုလည်း ကျွန်တော် သတိထားမိပါတယ် တံတားဆောက်ဖို့အတွက် ချဉ်းကပ်လမ်း တိုတောင်းဆိုတာ မျိုးပါ.. ။ အဲဒီနေရာမှာ မီးရထား ကုန်းကျော်တံတား တစ်ခု မဖြစ်မနေ လိုအပ်ပါတယ် လို့ ဘယ်သူက သံတော်ဦးတင် ခဲ့လည်းတော့ ကျွန်တော် လည်း မသိပါ… ။ အဲဒီတံတားကြီးကတော့ ဆင်းရဲသားပြည်သူတွေရဲ့ ပိုက်ဆံကို ငါတို့ ဒီလိုဖြုန်းတီးခဲ့တယ် ဆိုတဲ့ ပြရုဒ်ကြီးဖြစ်နေပါတယ် …။ အဲဒီတံတားဟာ မြောက်ဥက္ကလာပ မြို့နယ်နဲ့ မင်္ဂလာဒုံလေယာဉ်ကွင်း၊ မင်္ဂလာဒုံဂေါက်ကွင်းဆီကို ဆက်သွယ်ထားတဲ့ လမ်းတစ်လမ်းပဲ ဖြစ်နေပါတယ်..။ မင်္ဂလာဒုံဘက်က အတက်တံတားကို မြောက်ဥက္ကလာပဘက်အခြမ်း တံတားနှစ်ဆင်း ခွဲဖြာဆင်းတဲ့ ဒီဇိုင်းနဲ့တည်ဆောက်ထားပါတယ်။ မြောက်ဥက္ကလာမြို့နယ်ထဲက အ၀င် အ၀ိုင်းကြီး မှတ်တိုင်ဆီသို့ တံတားတစ်စင်းနဲ့ မြောက်ဥက္ကလာ မြို့နယ်ထဲက အထွက်ဘက် မယ်လုမုဘုရားမှတ်တိုင် ဆီသို့ အသွား တံတားနှစ်စင်း ဖြာဆင်းထားပါတယ် …။ အဲဒီမှာ ပြဿနာက စတာပဲ… မယ်လမုဘက်ကို ဆင်းတဲ့ တံတားဟာ တစ်လမ်းမောင်းဖြစ်ပြီး တံတားပေါ်က ဆင်းတဲ့ယာဉ်တွေပဲ အသုံးပြုလို့ရပါတယ် ပင်မ အမှတ်သုံးလမ်းမကြီးရဲ့ ညာဘက်ယာဉ်ကျောပေါ်ကို အဲဒီတံတားဆင်းယာဉ်တွေဟာ ချဉ်းကပ်ကြရတာပါ ..။ မြောက်ဥက္ကလာအ၀ိုင်းဘက်ကို ဆင်းတဲ့ တံတားကတော့ နှစ်လမ်းမောင်းဖြစ်ပြီး တံတားပေါ်ကိုတက်တဲ့ လမ်းနဲ့ တံတားပေါ်ကဆင်းတဲ့လမ်းဆိုပြီး နှစ်လမ်းမောင်းပါဝင်ပါတယ်..။ အဲဒီနှစ်လမ်းမောင်းဟာ အမှတ်သုံးလမ်းမကြီးရဲ့ အလယ်ယာဉ်ကျော နှစ်ခုကိုခွယူထားပါတယ်..။ မယ်လုမုဘုရားဘက်က လာပြီး တံတားပေါ်တက်မယ်ဆိုရင်တော့ တံတားပေါ်ကို တက်ဖို့အတွက် တံတားပေါ်က ဆင်းလာတဲ့ ယာဉ်ကျောကို ကျောပေးပြီး တက်ရပါတယ် ..။ ဒီကြားထဲကမှ တံတားပေါ်က မယ်လုမုဘက်ကိုသွားတဲ့လမ်း ကို မတွေ့ပဲကျောသွားပြီး အ၀ိုင်းဘက်ဆင်းတဲ့လမ်းကနေ မြို့ထဲသွားတဲ့လမ်းကို ဖြတ်ကွေ့ဖို့ ကြိုးစားတဲ့ အဆင်းယာဉ်တွေနဲ့ အဲဒီနေရာ လမ်းပိတ်ဆို့မှုနဲ့ ကိုးလို့ကန့်လန့်နိုင်တဲ့ လမ်းပိုင်းအဖြစ် ယာဉ်မောင်းတွေကြိုတွေ့နေရပါတယ် တံတားရဲ့ အလျားတွေဟာ အဆမတန်ရှည်လျားနေတယ်လို့ ကျွန်တော့်စိတ်ထဲ ထင်မိပါတယ် …။ အဲဒီနေရာမှာ သာမာန်မီးရထား ကုန်းကျော် တံတားလောက် ဆောက်ရုံနဲ့ အဆင်ပြေလောက်မှာ ဖြစ်ပြီး … တံတားမထိုးပဲ ထားရင်လည်း အဆင်ပြေလောက်တဲ့နေရာပါ မီးရထား လမ်းကူးအတွက် ဂေါက်ရိုက်သွားမယ် အရာရှိကြီးတွေရဲ့ အချိန်မကုန်အောင် ရွှေဥာဏ်တော် စူးရောက် ထားပုံရတဲ့ တံတားပါ ဗဟိုဦးစီစနစ်ရဲ့ ထင်ရာစိုင်းလက်ရာ တစ်ခုပေါ့ ဆင်းရဲတဲ့ နိုင်ငံသားတွေရဲ့ ထမင်းနပ်တွေကို ခူးခပ်ထားတဲ့တံတားပါ။

 

 

နောက်ထပ် တံတားတစ်စင်းကတော့  ကျွန်တော်တို့ သတင်းမင်းသား မဟာဗန္ဒူလတံတားပါပဲ ဒီတံတားကြီးကတော့ ဂျာနယ်စာမျက်နှာ တွေမှာ အမြဲတမ်းမင်းမူနေတဲ့ သတင်းမင်းသားပါ..။ အိုဘားမားကို လမ်းတွေလက်ဆောင်တောင်း လိုက်တောင်းလိုက်တယ် ဆိုတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ထုတ်ပြန်ချက်နဲ့ မရှေးမနှောင်းပါပဲ ယာဉ်ရှစ်စီးဆင့်တိုက်မှုနဲ့ တစ်ရက်တည်း နောက်ထပ် မျက်နှာချင်းဆိုင် ယာဉ်နှစ်စီး တိုက်တဲ့သတင်းနဲ့ သတင်းလောကကို ကိုင်လှုပ်လိုက်တာမျိုးပါ…။ နောက်တစ်ခါ အိုဘားမားလာရင် သမ္မတကို တံတားတွေပါ ထပ်တောင်းချေလို့ သတိပေးလိုက်သလိုပါပဲ..။ အရင်အစိုးရခေတ်က ဆောက်လုပ်ရေးပိုင်းက ရာထူးဂေါ်ဇီလာလောက် ရှိတဲ့ လူတစ်ယောက်က ကျွန်တော်တို့ တံတားဆောက်တဲ့နေရာမှာတော့ အလွန်တရာပိုင်နိုင်လှပြီလို့ သတင်းစာမှာ စာလုံးအမည်းနဲ့ ကြွားဝါတာကျွန်တော်မှတ်သား ဖူးလိုက်တယ်…။ ထားပါတော့လေ… ဒါကတစ်ပိုင်းပေါ့..။ ကျွန်တော်တို့ရဲ့ ဗန္ဒူလတံတားကြီးရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်တော့ တံတားက ခြောက်လမ်းသွားတံတား ဖြစ်တော့ ကျယ်ဝန်းပါတယ် မြစ်ကူးတံတားဖြစ်တဲ့ အတွက်လည်း ခက်ခက်ခဲခဲ တည်ဆောက်ထားရတာ မျိုးပါ ဒါပေမယ့် မဟာဗန္ဒူလလမ်းမှ အတက် ချဉ်းကမ်းလမ်းအဆုံးမှာတင် တံတားဟာ လေကိုင်းပုံသဏ္ဌ္ဌန်ကွေးနေပါတယ် …။ အဲဒီအတွက် တံတားအဆင်း ယာဉ်နဲ့ တံတားအတက် ယာဉ်တို့ဟာ မျက်နှာချင်းဆိုင် ၀င်တိုက်နိုင် တဲ့ အနေအထားရှိနေပါတယ် ..။ တံတားက ခြောက်လမ်းသွား တံတားဖြစ်တဲ့အတွက် ယာဉ်တွေဟာ အမြန်နှုန်းတင် မောင်းနှင်တာမျိုးဖြစ်နေပါတယ် .. အဲဒီအတွက် တံတားအလယ်က ကျွန်းတုံးခြားတာတို့ သံမဏိတန်းကာ တာတို့ မလုပ်ထားတဲ့အတွက် အဲဒီတံတားပေါ်မှာ ယာဉ်မောင်းနှင်စီးနင်းရတာ အန္တရယ်များနေပါတယ်..။ ပြီးတော့ ကုန်သေတ္တာတင် ယာဉ်ကြီးတွေ ၊ သစ်လုံးတင်ယာဉ် ဖြတ်သန်းသွားလာတာမျိုး ဖြစ်တဲ့အတွက် ကားကြီးတွေက အရှိန်နဲ့မောင်းတဲ့အခါ နောက်တခြား ကားလိုင်းတွေဟာ တံတားပေါ်က လမ်းအကျယ်ကို အခွင့်အရေးယူ ပြီး လမ်းပြောင်းပြန်မောင်းပြီး  ယာဉ်စည်းကမ်းတွေကိုပါချိုးဖောက်လာတဲ့အခါ အပြစ်မဲ့ပြည်သူ တွေအတွက် အန္တရယ်ကို ဖိတ်ခေါ်ခံနေရသလိုမျိုး ဖြစ်နေပါတယ်…။ ဒေါပုံမြို့နယ်ဘက်ကို တံတားအဆင်း ကျတော့ လမ်းရဲ့ ဒီဇိုင်းဟာ မေးခွန်းထုတ်စရာ ပုစ္ဆာတစ်ပုဒ်ဖြစ်လာနေပါတယ် ..။ ဘာကြောင့်လည်း ဆိုတော့ တံတားရဲ့ ချဉ်းကပ်လမ်း အဆုံးမှာ ယာဉ်ဟာ ဘယ်ညာကို ကိုးဆယ်ဒီဂရီကွေးချိုးဖို့ပဲ ရှိပါတယ် အတည့်အရှိန်လျော့အောင် ဆင်းသွားရမယ် မြေပြင်ညီလမ်းမျိုးမရှိတာပါပဲ ချဉ်းကပ်လမ်း အလယ်လောက်မှာပဲ ယာဉ်တွေဟာ ကုန်းဆင်းအရှိန်နဲ့ ကွေ့ချိုးဖို့ကို ကြိုးစားကြရပါတယ် အဲဒီအတွက် ချဉ်းကပ်လမ်း အဆုံးက ဈေးဆိုင်တွေ အိမ်တွေဟာ အရှိန်လွန်လာတဲ့ ယာဉ်တွေ ဧည့်ခံဖို့ ပြင်ဆင်နေရပါတယ် … ဧည့်ကောင်းဆောင်ကောင်းတွေ တော့မဟုတ်ပါဘူး ..။ ဒီတံတားရဲ့ Structure Design အမှားဟာ တစ်နှစ်တစ်နှစ် လူအသက်နဲ့ ငွေကြေးတန်းဖိုးပေါင်းများ စွာနှစ်စဉ်ဆုံးရှုံး ရပါတယ်…။ တံတားဟာ ရှုခင်းသာ လမ်း ဒါမှမဟုတ် မင်းနန္ဒာလမ်း တစ်ခုခုကို ခေါင်းထိုးဝင်ဖို့ မဖြစ်နိုင်ဘူး လားလို့ ကျွန်တော်တွေးမိပါတယ်..။ မြစ်ကူးတံတားဖြစ်တဲ့အတွက် ရေလယ်တိုင်တွေကို တစ်စောင်းတည်ဆောက်လိုက်ရင် ရေစီးကြောင်းကို ဟန့်တားမှုပါ လျော့ကျသွားနိုင်မလား..။ အိမ်တွေပေါ်ကို ကျော်ပြီး တံတားထိုးဖို့ကော မဖြစ်နိုင်ဘူးလား…။ စာရေးသူ တစ်ယောက်ဆိုတော့ စိတ်ကူးနဲ့ တံတားထိုးရတာ လွယ်ပါတယ်..။ ဒါပေမယ့် တကယ်ဆောက်တဲ့ အင်ဂျင်နီယာတွေအနေနဲ့ကတော့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ အများကြီးနဲ့ တည်ဆောက်ရတာ ဆိုတဲ့အပိုင်းကို နားလည်ပါတယ် ..။ ဒါပေမယ့် လမ်းအသုံးပြုသူ တစ်ယောက်အနေနဲ့ လမ်းပေါ်မှာ လုံခြုံစိတ်ချမှုရှိစွာ အသုံးပြုနိုင်ခွင့်ကို တောင်းဆိုပိုင်ခွင့် ရှိတယ်လို့ ကျွန်တော်ယူဆပါတယ် .။ လူတိုင်းလည်း မိမိတို့ အသုံးပြုတဲ့ လမ်းကို အန္တရာယ်ကင်းစွာ အသုံးပြုခွင့်ကို ရသင့်ပါတယ် …။ အဲဒီအတွက် လမ်းစည်းကမ်း ချိုးဖောက်မှု တွေကို တိတိကျကျ အရေးယူရမှာ ဖြစ်သလို လမ်းပေါ်မှာ အန္တရာယ်ကင်းဖို့ကိုလည်း တည်ဆောက်ထားရမှာပါ..။ အမှန်တကယ်တော့ လမ်းတွေတံတားတွေဟာ ဘယ်အစိုးရမင်းရဲ့ အိတ်ကပ်ထဲက ပိုက်ဆံနဲ့မှ ဆောက်လုပ်ထားတာ မဟုတ်ပဲ အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးနဲ့ တည်ဆောက်ထားတာပါ..။ အဲဒီအတွက် လမ်းတံတားတွေဟာ ပြည်သူ့လုံခြုံရေးအစီအစဉ်တွေ ပြည့်ပြည့်၀၀ ပါရှိသင့်ကြောင်း တင်ပြရင်း..။

 

အောင်ပိုင်စိုး

 


ဒုတိယကမ္ဘာစစ်မှ မြောက်ဒဂုံဂိတ်ဆုံး…။

 

သန်စွမ်း တက်ကြွလာတဲ့ မြန်မာပြည် အပြောင်းအလဲတွေကြားမှာ ကျွန်တော် အမေ့လျော့ခံ စစ်သားဟောင်းကြီး တစ်ယောက် အကြောင်းပြောပြချင်ပါတယ်…။ သူကတော့ ဗိုက်ပူ ခေါ် ချက်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ချက်ဗို့လက် ဘတ်စ်ကား အဟောင်းကြီးပါပဲ…။

 

ဗိုက်ပူ ဒါမှမဟုတ် ချက်ကြီးတွေဟာ သယ်ယူပို့ဆောင်ရေး တာဝန်နဲ့ ကနေဒါနိုင်ငံ ချက်ဗို့လက် ကုမဏီကနေ  မဟာမိတ်တပ်တွေနဲ့ အတူ ကမ္ဘာနိုင်ငံအနှံ့အပြားကို ပျံ့နှံ့ရောက်ရှိခဲ့ပါတယ် … ။ စစ်ပြီးခေတ်မှာတော့ ချက်ကြီးတွေဟာ သူတို့ရောက်ရာအရပ်တွေမှာ အခြေချပြီးတော့ လူမှုအဖွဲ့အစည်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်ရ ပါတော့တယ် …။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်တစ်လျှောက် ပြီးတော့ ဘာလင်တံတိုင်းပြိုကျ စစ်အေးခေတ် နိဂုံးချုပ်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းကို အသွား… ပွင်းလင်းမြင်သာတဲ့ ကမ္ဘာကြီးမှာ ခေတ်မှီတဲ့ နိုင်ငံတော်တော်များများဟာ ချက်ကြီးကို မေ့လျော့သွားခဲ့ကြပြီ…။ ခေတ်မှီဆက်သွယ်ရေး ယာဉ်တွေကြားမှာ ချက်ကြီးဟာ ပြတိုက်ထဲမှာ တိတ်တဆိတ် အနားယူနေပေါ့ … ချက်ကြီးဟာ ချစ်ခင်သူတွေရဲ့ ဂိုဒေါင်ထဲမှာ တိတ်တဆိတ် အိပ်စက်နေခဲ့ပါတယ်..။ ဒါပေမယ့် ဒါဟာ တခြားကမ္ဘာမှာ ဖြစ်ပျက်ခဲ့သလိုပါပဲ..။

 

ကျွန်တော်တို့ နိုင်ငံကတော့ ၂၀၀၀ ပြည့်လွန် ဆယ့်နှစ်ခုနှစ်အထိ ချက်ကြီးကို သုံးစွဲခဲ့ကြပါတယ် ..။ ဘာကြောင့်လည်း ဆိုတော့ ချက်ကြီးကို ကျွန်တော်တို့ ဘ၀တွေအတွက် အမြဲ အရေးပါ အရာရောက်နေခဲ့တုန်းမို့ပါ..။ ချက်ကြီးဟာ ကျွန်တော်တို့ နိုင်ငံရဲ့ခေတ်အမျိုးမျိုး ထမ်းပိုးထားခဲ့တယ် ပြီးတော့ သယ်ဆောင်သွားခဲ့တယ်ပေါ့ …။ ပါလီမာန်ဒီမိုကရေစီ ခေတ်ကနေ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် တစ်လျှောက်လုံး၊ ဘာမသိညာမသိ စစ်ခေါင်းဆောင်တွေနဲ့တစ်ခေတ် ကျွန်တော်တို့တစ်မျိုးသားလုံး နဲ့အတူ ချက်ကြီးဟာ ခေတ်ကျပ်ကျပ် ခေတ်ဆိုးဆိုး ကို တိုးဝှေ့ကျပ်ညပ် ဖိသိပ်ထိုးနှက်ပြီးတော့ ကျွန်တော်တို့ကိုတင်ဆောင်ခဲ့ပါတယ် …။ ချက်ကြီးရှိရင် ကျွန်တော်တို့ ဘယ်တော့မှလမ်းမပျောက် စေခဲ့ရပါ..။ ချက်ကြီးဟာ ဖက်ဆစ်ဆန့်ကျင်ရေးကနေ ရောင်စုံသူပုန်တွေဝိုင်းထားလည်း သွားမြဲသွားလျှက် ဆွဲမြဲဆွဲလျှက်..။ ကျွန်တော်တိုရဲ့ ပူးပြင်းပျော့အိနေတဲ့ ပေတစ်ရာတွေအကုန်လုံး ချက်ကြီးမလျှောက်ဖူးတဲ့လမ်းမရှိခဲ့ဖူး ချက်ကြီးမရောက်ဖူးတဲ့ ဒေသမရှိသလောက်နဲ့ကို ချက်ကြီးဟာ နိုင်ငံတစ်လွှားမှာ ရေပန်းစားခဲ့ပါတယ်..။ ချက်ကြီးဟာ ကျွန်တော်တို့ သမိုင်းတန်ဖိုးထဲကို နက်နက်ရှိုင်းရှိုင်းပါဝင်ပါတ်သက် ခဲ့ဖူးပါတယ်..။ ချက်ကြီးဟာ ဘာလင်တံတိုင်း ပြိုမကျခင်ကတည်းက ဒေါင်းအလံကို ခေါင်းမှာပန်ပြီး ဒီမိုကရေစီတောင်းခဲ့ဖူးတဲ့ ရဲရဲဝံ့ဝံ့သူရဲကောင်းကြီးလည်း ဖြစ်ခဲ့ပါတယ်.။ ချက်ကြီးဟာ ဒုတိယကမ္ဘာစစ်က စစ်ပြန်ပါ သမိုင်းခေတ်တွေကို တော်လှန်ရဲတယ်…။

 

ကျွန်တော်တို့ တိုင်းပြည်ဟာ ကမ္ဘာကြီးနဲ့ အမြဲတမ်းအချိတ် အဆက်လွဲတယ်..။ မဆလ တစ်ပါတီအောက်မှာ ပြားပြားဝပ်ခဲ့တဲ့ နေ့တွေကနေ စစ်တပ်ဦးစီးတဲ့  အမိအဖနိုင်ငံတော်အောက်ကို အကြောက်တရားနဲ့ ရောက်ခဲ့ရပါတယ် နိုင်ငံတကာ ပိတ်ဆို့မှုတွေနဲ့ အထီးကျန်မှောင်မိုက်တဲ့ နေ့တွေမှာ တစ်နေ့ချင်းတစ်ရက်ချင်းကို ဘယ်လိုအသက်မွေး မလည်းတွေးနေရတဲ့  ဆင်းရဲသား နင်းပြားဘ၀တွေအတွက် ချက်ကြီးဟာ နားလည်စာနာအဖော်ပြုပေးခဲ့ပါတယ်…။ နေ့ပေါင်းများစွာ နှစ်ပေါင်းများစွာ အလုပ်ဆင်းအလုပ်ပြန် နှစ်နာရီစာလောက် ချက်ကြီးထဲမှာ စီးနင်းနေထိုင်ခဲ့ရပါတဲ့ မြို့တော် ၀န်ထမ်းတွေ အလုပ်သမားတွေ အနေနဲ့ ချက်ကြီးကို သူတို့ဘ၀ထဲက မေ့နိုင်တော့မယ် မဟုတ်ပါ..။ အဲဒီလူတွေထဲ ကျွန်တော်လည်း တစ်ယောက်အပါ အ၀င်ပါ..။ ချက်ကြီးဟာ မက်သနောနဲ့ မောင်းလိုက် ဓါတ်ဆီနဲ့မောင်းလိုက် နောက်ဆုံး စီအန်ဂျီပြောင်းမောင်းလိုက်နဲ့ သူသုံးစွဲတဲ့ လောင်စာဟာ အမျိုးမျိုးစုံခဲ့ပါတယ်..။ ချက်ကြီးဟာ သစ်သားကိုယ်ထည်ကြီးနဲ့ စတက်တာတွေ မကောင်းသေးတဲ့ ခေတ်တုံးကဆို ချက်ကြီးကို ဂေါက်တံကြီးနဲ့ အင်ဂျင်ကိုလှည့်လှည့်နိုးရတယ်…။ ဂီယာတံသံချောင်းကို သစ်သား ဒုတ်တိုလေးနဲ့ ထောက်မောင်းရတယ်…။ အင်ဂျင်ဝိုင်ဈေးကြီးတဲ့ ခေတ်ကဆို ချက်ကြီးဟာဆပ်ပြာကို ရေနဲ့ဖျော်ပြီး အင်ဂျင်ဝိုင်လုပ်သောက်ခဲ့ရဖူးတယ်…။ ချက်ကြီးဟာ နေပူကျဲကျဲ မိုးသည်းသည်းပေါ့ ဘယ်တော့မှ လောကဓံကို မဖြုံခဲ့ဖူး ဘရိတ်ကို သုံးချက်တော့ပြီးမှ အတည်ပေါက်ရပ်လို့ရတယ် …။ ဒါပေမယ့်လည်း ချက်ကြီးဟာ သမိုင်းမှာလမ်းမမှားခဲ့ဖူး စစ်ပြန်စစ်မှုထမ်းဟောင်းပေမယ့် ချက်ကြီးဟာ အခွင့်အရေးယူဖို့မကြိုးစားခဲ့ဘူး…။ ချက်ကြီးဟာ ပေးဆပ်သူသက်သက်ပဲ သူဘ၀ကိုသူဖြတ်သန်းခဲ့တယ်..။

 

၁၉၉၀ လွန်ကာလမှ ရန်ကုန်မြို့ဟာ ယခုအချိန်လောက် မကြီးထွားသေးပါဘူး မြို့သစ်တချို့တည်ကာစ ဆိုပေမယ့်လူနေ ကျဲပါးနေတုန်းပါပဲ …. ယခင်ခေတ်ကတည်း ရှိခဲ့တဲ့ ဆင်ခြေဖုန်းမြို့နယ်တွေ ဆီကနေ ချက်ကြီးဟာ ရန်ကုန်မြို့ထဲကို ခေါက်တုံ့ခေါက်ပြန် လူးလာနေခဲ့ရပါတယ် ချက်ကြီးအတူ ဟီးနိုးဘတ်စစ်ကားကြီးတွေနဲ့ တခြားယာဉ်အနည်းငယ်လောက်ပဲ ရှိပါသေးတယ် …။ ချက်ကြီးကတော့ အားလုံးထဲမှာ တာဝန်အကျေဆုံးဖြစ်မှာပါ သူက စီးရေလည်းများတယ် အခေါက်ရည်လည်း များတယ် သယ်ဆောင်ပေးနိုင်တဲ့ လူနဲ့ ကုန်စည်ပမာဏကို မြန်မာပြည်မှာ ချက်ကြီးနဲ့ ယှဉ်ဖို့ တခြားယာဉ်တွေ သမိုင်းတစ်ခေတ်စာ ကြိုးစားရပါလိမ့်မယ်…။ အလုပ်ဆင်းအလုပ်ပြန် ကျောင်းကြိုကျောင်းပို့ နာရေးနဲ့ တခြားဗာဟီရတွေ အကုန်လုံး ချက်ကြီးကို ကျွန်တော်တို့ စိတ်ကြိုက်သုံးစွဲခဲ့ကြပါတယ်..။ အဲဒီနောက်တော့ ချက်ကြီးနဲ့ ပြိုင်ဘက် တစ်ပါတ်ရစ်ဂျပန်ကားတွေ ရန်ကုန်မြို့ လမ်းတွေပေါ်မှာမင်းမူ လာတော့တယ်..။ အဲယားမွန်းတပ် ဖွင့်ပိတ်ခက်တဲ့ မှန်တံခါးတွေနဲ့ ဘရိတ်သံတကျွီကျွီနဲ့ ဂျပန်ကားကြီးတွေဟာ အိုမင်းမစွမ်းဖြစ်လာတဲ့ ချက်ကြီးအပေါ် စိတ်ပျက်အားငယ် စေခဲ့တာအမှန်ပါပဲ…။ ဒေ၀ူး ဟွန်ဒိုင်း စတဲ့ ကိုရီးယားထုတ်ကားတွေကလည်း လမ်းပေါ်မှာ ချက်ကြီးကို အထင်မကြီးတဲ့အကြည့်နဲ့ ကျပ်တန်အကြွေတွေ စုကိုင်ထားရလို့ ချက်ကြီးကို ကောက်ရိုး အမှိုက်လို့ နှိမ်ခေါ်ကြတဲ့ နေ့တွေလည်း ရှိခဲ့ပါတယ်..။ ဒါပေမယ့်လည်း မြို့တော်ရဲ့ အခြေခံလူတန်းစားတွေအတွက် သူ့ဘ၀ကိုအနှိမ်ခံခဲ့ရလည်း အံခဲပြီးတာဝန်ကျေခဲ့ပါတယ်..။ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ ချက်ကြီးကို မြိုတွင်းမြို့နယ်တွေကနေ အာဏာပိုင်တွေက နှင်ထုတ်ခဲ့တယ် …။ တစ်ချိန်က သူတစ်ကိုယ်တည်း အချိန်မှန်မှန် ရုန်းကန်ကျွေးခဲ့ရတယ် မြို့လယ်လမ်းတွေကနေ ရင်နာနာနဲ့ စွန့်ခွာလာခဲ့တယ် …။ ဆင်ခြေဖုံးမြိုနယ်တွေကြား အခြေခံပြည်သူတွေနဲ့အတူ ချက်ကြီးဟာ သူ့ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတည်ဆောက်ခဲ့တယ်…။ သူနဲ့မြို့သစ်သားတွေကြားမှာ နားလည်မှုတွေတစ်သားတည်းပေါ့..။ ငါးပြား ဆယ်ပြားခေတ်ကနေ ငါးဆယ်ကျပ် တစ်ရာ့ငါးဆယ်ကျပ်အထိ ဘယ်ယာဉ်တစ်စီးစီးက ဖြတ်သန်းခဲ့ဖူးမှာလည်း…။ ချက်ကြီးဟာ နေ၀င်ညနေစောင်းတွေမှာ သူ့ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း သူပြန်တွေးရင်းကျေနပ်နေခဲ့ပါတယ်..။

 

အချိန်က အရာရာကို ကုစားသွားလိမ့်မယ် ဆိုတဲ့ မြန်မာစကားတစ်ခွန်းရှိတယ် … အဲဒီလိုပဲ အချိန်ကအရာရာကို သေဆုံးသွားစေလိမ့်မယ် ဆိုတဲ့အနိစ္စတရားလည်းရှိတယ် အတော်များများက သတိပြုမိမှာမဟုတ်ဘူး…ချက်ကြီးဟာ သူဘ၀နောက်ဆုံးနေ့တွေရောက်လာလိမ့်မယ် ဆိုတာကြိုတင်သိနှင့်နေခဲ့ပါတယ်… ၂၀၁၂ စက်တင်ဘာဟာ ချက်ကြီးတွေကို နိဂုံးချုပ်စေခဲ့ပါတယ်… နောက်ဆုံးအချိန်အထိ ချက်ကြီးတွေဟာ မြောက်ဒဂုံမြို့နယ်ထဲမှာ မြို့သစ်သားတွေရဲ့ သယ်ယူပို့ဆောင်ရေးကို တာဝန်ယူပေးခဲ့တုန်းပါပဲ…။ နောက်ထပ် အစားထိုးကားတွေ မလာခင် ကားသစ်လမ်းသစ်နဲ့ စမတ်မကျသေးခင်စပ်ကြားတော့ သစ်သားထိုင်ခုံ နဲ့ ဂေါင်းမပြူလက်မထုတ်ရကို ပန်းချီလက်ရေးနဲ့ ရေးထားတဲ့ ပန်ကာမရှိ အဲယားကွန်းမပါ ကျေးဇူးတင်ပါတယ်စာသားကို ဘာကြော်ငြာမှ မပါပဲရေးထားတဲ့ ချက်ကြီးတွေဟာ တာဝန်ကျေကျေ ရှိနှင့်နေဦးမှာပါ…။ချက်ကြီးဟာ ရန်ကုန်မြို့ပေါ်က မော်တော်ယာဉ်တွေကို ထိန်းသိမ်းဖို့ ဖွဲ့တဲ့ မော်တော်ယာဉ်လိုင်းပေါင်းစုံးထိန်းသိမ်းမှု ကော်မတီကို ကမကထလုပ်ခဲ့သူထဲမှာ ပါဝင်ခဲ့သူပါ ဒါပေမယ့် ဒီကနေ့မှာ ချက်ကြီးကို ထိမ်သိမ်းဖို့အတွက် အဲဒီအဖွဲ့က တာဝန်မယူနိုင်တော့တာ တွေ့နေရပါတယ်..။ သမ္မတနဲ့ နောက်ကြောင်းမပြန်ရေး မူဝါဒကို အခွင့်အရေးယူပြီး ခေတ်ကာလနဲ့မလျှော်ညီတော့ တဲ့အတွက်ဆိုပြီး ချက်ကြီးရဲ့သမိုင်းကို အင်းစိန်ရွာမမှာ အရည်ကြိုပစ်ရတော့မှာလား…။ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ဖို့ တန်ဖိုးထားသူတွေ ဂုဏ်ယူနိုင်စေဖို့ သမိုင်းမှတ်တမ်းအဖြစ် သပ်သပ်ရပ်ရပ် ချက်ကြီးတစ်လိုင်းဟာ မဟာရန်ကုန်မှာ ပြေးဆွဲနေဖို့ မလိုအပ်ဘူးလား … လို့ အဲဒီလိုစကားတွေ ချက်ကြီးကို ချစ်ခင်သူတွေဆီက ကြားခဲ့ရဖူးပါတယ်…။ ချက်ကြီးကတော့ သမိုင်းခေတ်ကို တာဝန်တွေကျေခဲ့ပြီဖြစ်ပါတယ်…။

 

အောင်ပိုင်စိုး

 




            အုပ်စိုးသူ မင်းစိုးရာဇာမှန်သမျှ မိမိ တန်ခိုးအာဏာ ခိုင်မြဲတည့်တံ့ကြီးပွား တိုးတက်စေချင်ရင် ပရိယာယ်များများနဲ့ လှည့်စားရမယ်၊ လိမ်ရမယ်၊ ညာရမယ် အာဏာကိုသုံးပြီး မညှာမတာ ဖိစီးနှိပ်စက်သုတ်သင်ရမယ် ဆိုတဲ့ အကြံဥာဏ်တွေ ကြောင့် အများတကာရွံ့မုန်းတဲ့ အီတလီ (Italian) လူမျိုး  ဒဿန နိကပညာရှင်ဟာ နစ်ကိုလိုမက်ခီယာဗယ်လီ (Niccolo Machiavelli) ဖြစ်ပါတယ်။
            ဘယ်နေရာမှာမှ ဒါမျိုး ဒါလုပ်လို့ မသင့်ပါကလားလို့ ဆုတ်ဆိုင်းခြင်းမရှိတဲ့၊ လူအများက လူယုတ်မာလို့ အခေါ်ခံရတဲ့လူက ကမ္ဘာမှာ အယုတ်တမာတွေပဲ လုပ်နေကြတာမဟုတ်လား။ ဟန်ကောင်းကောင်းနဲ့ စကားလှလှပြောပြီး တကယ်တမ်းတော့ ယုတ်မာကြတာပါပဲ။ ငါ့လို ဗြောင်ပြောပြီး ဗြောင်မလုပ်ရဲကြတာ တစ်ခုပဲ ကွာခြားတယ်။ အဲဒါကို ထောက်ခံကျေနပ်တဲ့ လူတွေလည်းရှိပါတယ်။ သူရေးတဲ့ စာတွေကို နိုင်ငံရေးသမားတွေ ဒဿနိကဆရာတွေပါ အသေးစိတ်လေ့လာ ကြတယ်။ အဲဒီလောက် ဂရုတစိုက်ဖတ်ကြ၊ လေ့လာကြတဲ့စာမျိုးက နည်းတယ်။ အဲဒါလည်း အံ့သြစရာတစ်ခု ဖြစ်ပါတယ်။
            မက်ခီယာဗယ်လီ (Machiavelli) ကို အီတလီ( Italy)၊ ဖလောရဲင့်စ် (Florence) မှာ ၁၄၆၉က မွေးဖွားခဲ့ပါတယ်။ အဖေရှေ့နေ၊ ဂုဏ်ကြီးတဲ့ မျိုးနွယ်က ဆင်းသက်တယ်။ ဓနစည်းစိမ် ပါးရှားတယ်။ အီတလီ မှာ ရှေးစာပေပညာတွေ ပြန်ပြီးလေ့လာတဲ့ ရီနေဆန့် (Renaissance) ခေတ်က ပြင်သစ် (France)၊ စပိန် ( Spain)၊ အင်္ဂလန် (England) လိုပေါင်းစည်း ညီညွတ်စည်ပင်ချိန်နဲ့ ဆန့်ကျင်ဘက်၊ အီတလီ က အစိပ်စိပ် အမြွှာမြွာ ကွဲနေချိန်ဖြစ်လို့ ဓလေ့အရာမှာ ပြောင်မြောက်ကြီးကျယ်ပေမယ့် နိုင်ငံရေးအရ အားနည်းနေချိန်ဖြစ်ပါတယ်။
            မက်ခီယာဗယ်လီ အရွယ်ရောက်တဲ့အခါ ဖလော့ရင်စ့်ကို မဲဒီစီ ( Medici) မင်းဆက် အသရေရှင် လော်ရန်ဇို (Lorenzo) အုပ်ချုပ်နေချိန်ဖြစ်ပါတယ်။ ဒါပေမယ့် လော်ရန်ဇို နတ်ရွာစံပြီးတဲ့ ၁၄၉၂ နောက်မကြာမီ မဲဒီစီ တွေကို ဖလောရင်စ့်က မောင်းထုတ်လိုက်ပြီး ပြည်ထောင်စု သမ္မတနိုင်ငံဖြစ်သွားတယ်။ ၁၄၉၈ မှာ အသက်နှစ်ဆယ့်ကိုးနှစ် ရှိတဲ့ မက်ခီယာဗယ်လီ ဟာ ဖလော့ရင့်စ်က ပြည်သူဝန်ထမ်းအဖြစ်နဲ့ ရာထူးမြင့်မြင့်က ရထားပြီးဖြစ်တယ်။ အဲဒီကစပြီး တစ်ဆယ့်လေးနှစ်လုံးလုံး ဖလော့ရင့်စ် သမ္မတနိုင်ငံရဲ့ သံကြီးတမန်ကြီး အနေနဲ့ အီတလီအတွင်း၊ ပြင်သစ်၊ဂျာမဏီနိုင်ငံ တွေကိုရောက်ခဲ့တယ်။
            ဖလောရင့်စ် သမ္မတနိုင်ငံက ၁၅၁၂ မှာ ပြိုလဲပျက်စီးသွားတယ်။ မဲဒီစီတွေ အာဏာပြန်ရတယ်။ မက်ခီယာဗယ်လီ အလုပ်ပြုတ်တယ်။ နောက်တစ်နှစ်မှာ မဲဒီစီ မင်းသစ်တွေကို ဖယ်ရှားပစ်ဖို့ ကြံရာပါဆိုပြီး အဖမ်းခံရတယ်။ အနှိပ်စက် အညှဉ်းပန်းခံရတယ်။ အပြစ်မရှိတာ ထင်ရှားတော့မှ အဖမ်းခံရတဲ့ နှစ်မှာပဲ လွှတ်လိုက်တယ်။ အဲဒီနောက် ဖလောရင့်စ် နဲ့မဝေးလှတဲ့ ကက်စီယာနို ( San Casciano) မှာ ခြံမြေသေးသေး ၀ယ်ပြီးနေလိုက်ပါတယ်။
            နောက်တစ်ဆယ့်လေးနှစ် အတွင်းမှာ သူရေးတဲ့စာအုပ်တွေ အများကြီးထဲက ကျော်ကြားတဲ့နှစ်အုပ် ၁၅၁၃ ခုနှစ်ရေးတဲ့ မင်းသား(The Prince) နဲ့ တိုင်တပ်စ်လိဗိယပ်စ်ရဲ့ ပထမကျမ်းဆယ်ကျမ်းအကြောင်း ပြောပြချက်( The Discourses upon the first ten Books of Titus Livius) ဖြစ်ပါတယ်။ တခြားကျမ်းတွေက စစ်ပြုနည်း (The Art of War) ဖလောရင့်စ်သမိုင်း ( History of Florence) နဲ့ အခုထိ ရံဖန်ရံခါ ကပြရသေးတတဲ့ မနြဂိုလ ( La Mandragola) ပြဇာတ်ဖြစ်ပါတယ်။ ဒါပေမယ့် မင်းသား(The Prince) အတွက် သူနာမည်ရတာပါ။ အဲဒီကျမ်းက ဒဿနိကကျမ်းဖြစ်ပြီး လက်စွမ်းပြကျမ်း၊ ဖတ်လို့လွယ်တယ်။ အရေးလည်းကောင်းတယ်။ မက်ခီယာဗယ်လီမှာ အိမ်ထောင်ရှိတယ်။ ကလေးခြောက်ယောက်၊ ၁၅၂၇ မှာကွယ်လွန်တော့ အသက် ၅၈ နှစ်ရှိပြီ။
            နိုင်ငံအကြီးအကဲရဲ့ လက်စွဲစာအုပ်က မင်းသား(The Prince) ဖြစ်ပါတယ်။ ဒီကျမ်းရဲ့ အခြေခံကို ပြောရရင် မင်းဖြစ်တဲ့ ပုဂ္ဂိုလ်က အောင်မြင်ချင်ရင် မိမိ ဂုဏ်သိက္ခာကို နည်းနည်းကလေးမှာ ငဲ့ညှာဖို့ မလိုဘူး။ အနပ်အပါးရှိဖို့နဲ့ လက်နက်အားကောင်းဖို့ ပဲလိုတယ်။ မက်ခီယာဗယ်လီ အဆိုကိုပြောရရင် နိုင်ငံတစ်ခုမှာ အလိုအပ်ဆုံး အင်္ဂါရပ်က လက်နက်တောင့်တင်းဖို့ပဲဖြစ်တယ်။ ကြေးစားတပ်၊ သူတစ်ပါးရဲ့တပ် အဲဒါတွေကို အားကိုးနေရရင် ကိုယ့်အခြေအနေဟာ အညံ့ဆုံး၊ ဘေးအန္တရာယ် အများဆုံးတွေ့ရတတ်တယ်လို့ ပြောနိုင်ပါတယ်။  
            ရှင်ဘုရင်ဟာ လူအများရဲ့ ထောက်ခံချက်ကို ရယူနိုင်ဖို့  သိပ်လိုတယ်လို့ လည်းပြောပါတယ်။ ဘေးဒုက္ခနဲ့ ကြုံရင် လူအများရဲ့ ထောက်ခံမှု အလိုဆုံးဆိုတာ သိမယ်။ ဒီနေရာမှာ အာဏာကို အရယူတဲ့အခါ ကျေးတော်မျိုး ကျွန်တော်မျိုးတွေကို စိမ်ဝမ်းငယ်အောင်၊ ငြိုငြင်အောင် လုပ်ရတာမျိုး ကြုံတွေ့ရတတ်တယ်။ အာဏာသိမ်းချိန်မှာ ရက်စက်စရာရှိရင် အပြတ်လုပ်၊ နောင်ကြဉ်သွားအောင် တစ်ခါတည်းလုပ်လို့ အကြံပေးပါတယ်။ အဲဒါမှ ခဏခဏမလုပ်ပဲ နေလို့ရမယ်လို့ သူကပြောပါတယ်။ ကျေးဇူးပြုတဲ့အခါမှာ နည်းနည်းပဲပြု၊ ဒါမှ ကျေးဇူးကို ခံစားခွင့်ရတယ်။
            အုပ်ချုပ်ရေးမှာ အောင်မြင်ဖို့ မှူးကောင်းမတ်ကောင်း သိပ်လိုတယ်။ အလို ကြိုက် အလိုက်သင့် မြှောက်ပင့်တတ်သူတွေ ၀ိုင်းရံမနေဖို့ သတိထားရမယ်လို့ လည်းပြောပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့လည်း သင်ကြားပါတယ်။
            မင်းသားကျမ်း အခန်း ၁၇ မှာ ချစ်တာနဲ့ ကြောက်တာ ဘယ်ဟာကောင်းသလဲလို့ ရှင်းပြထားတယ်။
အမှန်က ချစ်ကြောက်ရိုသေတာက အကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့် ကြိုက်ရာတစ်ခုကို ပြောပါဆိုရင် ချစ်တာထက် ကြောက်တာက ပိုပြီး ဘေးအန္တရာယ်နည်းတယ်။ ချစ်တယ်ဆိုတာက အပြန်အလှန် ငဲ့ညှာတဲ့ သဘောရှိပေမယ့် လူ့သဘာသက တစ်ကိုယ်ကောင်းစိတ်များတတ်လို့ လိုအပ်ရင် သစ္စာ ဖောက်နိုင်တယ်။ ကြောက်နေရင် မဟုတ်တာ မလုပ်ရဲတော့ပါ။
            အခန်း ၁၈ မှာ ရှင်ဘုရင်ဟာ ဘယ်နည်းလမ်းကို လက်စွဲထားရမလဲမေးရင် ကိုယ်ကျိုးကိုကြည့်ပြီး ထုံးနည်းကို လွှတ်သင့်လွှတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အာမခံချက်ပျက်ရင်လည်း အကြောင်း ယုတ္ထိရှိအောင် ပြနိုင်စရာ အချက်တွေရှိပါတယ်။ လူတွေဟာ အတယ်၊ အခြေအနေကိုကြည့်ပြီး ရသလောက်ပဲ လက်ခံတတ်ကြတယ်။ လိမ်ကြည့်ပါ။ အလိမ်ခံချင် သူတွေများတာကို တွေ့မယ်။ ဒီအယူအဆမှာ လက်တွေ့ကျတဲ့ သဘောထားတစ်ခုက သူတစ်ပါးရဲ့ အာမခံချက် ဆိုတာကိုလည်း မယုံပါနဲ့လို့ ပြောပါတယ်။
            မင်းသားကျမ်းကို အာဏာရှင်လက်စွဲ လို့ခေါ်လေ့ရှိပါတယ်။ မက်ခီယာဗယ်လီ ရဲ့ ၀န်ထမ်းဘ၀နဲ့ ရေးသားတဲ့ တခြားကျမ်းတွေ အရပြောရရင် သူက သမ္မတနိုင်ငံအစိုးရကို အာဏာရှင်အစိုးရထက်ပိုပြီး နှစ်သက်ပါတယ်။ ဒါပေမယ့် အီတလီ ရဲ့ နိုင်ငံရေး၊ စစ်ရေး ကျဆင်းတာတွေကို မကျေမနပ်ဖြစ်လွန်းလို့ တိုင်းနိုင်ငံကို စုစည်းပြီး အစွမ်းထက်တဲ့ မင်းပေါ်လာစေချင်တယ်။ ဒါမှ နိုင်ငံခြား အနှောင့်အယှက်ကိုလည်း မောင်းထုတ်နိုင်တယ်။ နောက်တစ်ချက် မှတ်သားစရာကောင်းတာက ကြမ်းကြမ်းရမ်းရမ်း လုပ်ပါလို့ သူများကို မြှောက်ပေးပေမယ့် သူကိုယ်တိုင်က စိတ်ကူးယဉ်ယဉ်၊ မျိုးချစ်စိတ်အပြည့် နဲ့ သူပြောသလို သူလိုက်လုပ်နိုင်မယ့် လူစားမဟုတ်ပါ။
            မက်ခီယာဗယ်လီ လို အပြင်းအထန် ရှုတ်ချတာကို ခံရတဲ့ ဒဿနိကဆရာမရှိပါ။ နှစ်ကာလအကြာကြီး သူ့ကို မကောင်းဆိုးဝါးစီးနေတဲ့လူ၊ ပြောပုံလုပ်ပုံ ဆိုးညစ်ယုတ်မာတယ်လို့ အထင်ခံရတယ်။ သူပေးတဲ့နည်းကို လိုက်နာတဲ့ လူတွေကပဲ သူ့ကို ပြင်းပြင်ထန်ထန် ဝေဖန်ရှုတ်ချတယ်။
            မက်ခီယာဗယ်လီကို အကျင့်စာရိတ္ထညံ့သူအနေနဲ့ ဝေဖန်ကြရာမှာလည်း သူ့ကို စွပ်စွဲပေမယ့် သူ့စကားတွေမှာပါတဲ့ အတိုင်း ဒီစိတ်ကူး ဒီအလုပ်တွေကို တကယ်လက်တွေ့လုပ်လို့ အောင်မြင်တာကို ကြည့်ပြီးမှ သူက အခုလိုထင်မြင်ချက်နဲ့ တစ်ဆင့်ပြောတာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ရှေးပဝေဏသီက စပြီး ခေတ်အဆက်ဆက် အောင်အောင်မြင်မြင်  သုံးလာတဲ့ နည်းတွေဖြစ်တယ်။ မက်ခီယာဗယ်လီပြောတဲ့အထဲမှာ ရှေးက တကယ့်အဖြစ်အပျက်တွေကို ကိုးကားပြီးပြောမြဲဖြစ်တယ်။ အဲဒါအပြင် လက်ငင်းနမူနာတွေလည်း ထည့်ပြောပါသေးတယ်။ စံပြအဖြစ် သူပြောတဲ့ ဆီဇာဘောဂျိယ ( Cesare Borgia) က သူ့ဆီက နည်းခံသူမဟုတ်၊ ဆီဖာဘောဂျိယ နည်းကိုသာ မက်ခီယာဗယ်လီက ယူပြောတာဖြစ်ပါတယ်။
            နိုင်ငံရေး ခေါင်းဆောင်တွေ ထဲက ဘင်နစ်တိုမူဆိုလီနီ ( Benito Mussolini) တစ်ယောက်သာ မက်ခီယာဗယ်လီကို လူပုံအလယ်မှာ ချီးမွမ်းပြောဆိုတာ မဟုတ်ပါ။ နိုင်ငံရေးမှာ ထင်ရှားသူတိုင်း မင်းသားကို အသေးစိတ် ဂရုတစိုက် ဖတ်ကြပါတယ်။ နပိုလီယံ ( Napoleon) က ဒီကျမ်းကို ခေါင်းအုံးအိပ်တယ်လို့ အဆိုရှိတယ်။ ဟစ်တလာ ( Hitler) နဲ့ စတာလင် ( Stalin) တို့တောင်ပါသေးတယ်လို့ ဆိုပါတယ်။ အဲဒီနေရာမှာ မက်ခီယာဗယ်လီ ပြောတဲ့နည်းတွေကို သူ့ထက်ရှေးကျတဲ့ သူတွေနဲ့ သူ့နောက်က လူတွေမှာ ဘယ်သူတွေက ပိုပြီး သုံးစွဲခဲ့သလဲလို့ မေးကြည့်ပါ။ နောက်ပိုင်းများတာ ကိုတွေ့မယ်။ ဒါကြောင့်လည်း သူ့ကို ဒီစာအုပ်မှာ အခုလို နောက်ပိုင်းနေရာကို သူ့ကို ပို့ထားရတာဖြစ်ပါတယ်။ သူ့စာကို ဘယ်လောက် လက်တွေ့လုပ်ကြသလဲလို့ ပြောဖို့ ခက်ပေမယ့် နိုင်ငံရေးကျင့်ထုံးမှာ သြဇာရှိတာတော့ သေချာတယ်။ ရှေးက ဆရာကြီးတွေ ဖြစ်တဲ့ ပလေတို( Plato)၊ စိန့်သြဂတ်စတင်း ( St. Augusitne) တို့က နိုင်ငံရေးကို ယုံကြည်မှုအထိမ်းချုပ်တွေနဲ့ ဖက်တွဲပြီး လေ့လာတယ်။ မက်ခီယာဗယ်လီ က သမိုင်းနဲ့ နိုင်ငံရေးကို အခု မျက်မြင်နဲ့ ညှိပြီးပြောတယ်။ လူမှုကျင့်ထုံးကို အလေးအနက်မထားပါ။ တစ်မျိုးပြောရရင် အာဏာလိုချင် ဒီလိုလုပ်လို့ မပြောပါ။ အာဏာမြဲချင်ရင် ဒီလိုလုပ်လို့တော့ပါတယ်။ ဘယ်လိုလုပ်လို့ အာဏာမြဲနေတာကိုသာ ပြောတယ်ဆိုရင် ပိုမှန်တယ်။ လုပ်သင့်တာကို မပြော၊ လုပ်နေတာကိုသာ ပြောပါတယ်။ အခုထက် နိုင်ငံရေးမှာ လက်တွေ့ကိုသာ အာရုံစိုက်ရတယ် ဆိုတဲ့အချက်ကတော့ မက်ခီယာဗယ်လီရဲ့ သြဇာ၊ သူ့ကျေးဇူးဖြစ်ပါတယ်။ မက်ခီယာဗယ်လီကို ခေတ်နိုင်ငံရေး ခေါင်းဆောင်လို့ ခေါ်ရင်ဖြစ်ပါတယ်..။


5 October, 2001
ဒေါက်တာသန်းထွန်း
ကျော်စွာ၁၀၀
မူရင်းရေးသားသူ ---- MICHAEL H.HART


ဒီစာကို ဖတ်တဲ့လူအများစုဟာ စက္ကူကို စတင်တီထွင်တဲ့ ဆိုင်လန်(TS’AI LUN) ကိုကြားဖူးကြမှာ မဟုတ်ပါ။ သူတီထွင်တဲ့ ပစ္စည်းရဲ့ အရေးပါအရာရောက် ပုံကိုထောက်ပြီးပြောရရင်၊ သူ့ကို အနောက်တိုင်းက လူတွေမသိတာဟာ အများကြီးအရုပ်ဆိုးပါတယ်။ စွယ်စုံကျမ်းကြီးတွေမှာတောင် သူ့အကြောင်း သုံးလေးကြောင်းလောက်တောင် မရေး၊ ခိုင်လုံတယ် လို့ဆိုတဲ့ ကျောင်းသုံးသမိုင်းဖတ်စာအုပ် တွေထဲမှာလည်းမပါ။ စက္ကူသိပ်အရေးပါ တာတောင် စက္ကူကို စတင်လုပ်သူကို မသိကြ၊ မပြောကြတာထောက်ရင် သူဟာတကယ်မရှိတဲ့ လူလားလို့ ထင်စရာဖြစ်နေပါတယ်။ သေသေချာချာ သုတေသနလုပ်တော့၊ သူဟာ တရုတ်နန်းတွင်းသား အရာရှိတစ်ဦးဖြစ်တယ်။ ခရစ်နှစ် ၁၀၅ လောက်က ဧကရာဇ်ဟောတိ ( Emperor Hoti) ကို စက္ကူနမူနာတွေ ဆက်သဖူးတယ်လို့ သိရပါတယ်။ (ဟန်မင်းဆက် မင်းသုံးရာဇ၀င် Official History of the Han Dynasty) ထဲမှာ ဆိုင်လန်က တီထွင်ချက်တစ်ခု လုပ်ပုံကိုတွေ့နိုင်ပါတယ်။ တရုတ်တွေဟာ ဆိုင်လန်က စက္ကူကို တီထွင်တယ်လို့ သိကြပါတယ်။
            ဆိုင်လန်ရဲ့ ဘ၀ဇာတ်လမ်းကိုတော့ သိပ်မသိပါ။ တရုတ်မှတ်တမ်းအရ သူက မိန်းမစိုးတစ်ယောက် ဖြစ်ပါတယ်။ ဧကရာဇ်မင်းမြတ်က သူ့တီထွင်ချက်ကို နှစ်သက်မြတ်နိုးလို့ သူ့ကို ရာထူးတိုးပေးတယ်။ ဘွဲ့တပ်ပေးတယ်။ ဒါနဲ့ သူဟာ လူချမ်းသာ တစ်ယောက်ဖြစ်သွားတယ်။ ဒါပေမယ့် နန်းတွင်းလုပ်ကြံမှုမှာ ပါတယ်ဆိုပြီး ပထုတ်လိုက်လို့ တိမ်မြုပ်သွားရတယ်။ တရုတ်မှတ်တမ်း ထဲမှာတော့ သူ့ဂုဏ်သိက္ခာကျဆင်းလို့ ရေကောင်းကောင်းချိုး၊ အ၀တ်ကောင်းကောင်း ၀တ်ပြီးမှ အဆိပ်သောက်တယ်လို့ ဖော်ပြထားတယ်။
            တရုတ်နိုင်ငံ အနှံ့အပြားမှာ စက္ကူကို ခရစ်နှစ်ရာစုနှစ်တွင်းမှာပဲ အသုံးပြုခဲ့ကြတဲ့အပြင် ရာစုနှစ်အနည်းငယ် အတွင်းမှာပဲ တရုတ်က တခြားအာရှ နိုင်ငံတွေကိုပါ စက္ကူတင်ပို့ရောင်းချခဲ့ပါတယ်။ စက္ကူလုပ်ငန်းကိုလည်း သူတစ်ပါးမသိအောင် လျို့ဝှက်ထားပါတယ်။ ခရစ် ၇၅၁မှာ စက္ကူလုပ်တတ်တဲ့ တရုတ်တွေကို အာရပ်ကဖမ်းသွားပြီး မကြာခင်မျာ စမာခန် ( Samarkhand) နဲ့ ဘဂ္ဂဒက်( Baghdad) မှာ စက္ကူပြုလုပ်တာကို တွေ့ရတယ်။ အာရပ်လောက (Arab World) မှာ ဒီစက္ကူလုပ်တဲ့ ပညာ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး ဂုတင်ဗတ် ( Gutenberg) ကခေတ်စာပုံနှိပ်စက်ကို တီထွင်တဲ့အခါ အနောက်နိုင်ငံတွေမှာ သားရေချပ် (parchment) ပေါ်စာရေးတဲ့ အလေ့တိမ်ကောပြီး၊ စက္ကူနဲ့ မှတ်သားတဲ့ အလေ့ရောက်လာပါတော့တယ်။
            အခုတော့ စက္ကူသုံးတဲ့ အလေ့အထ သိပ်တွင်ကျယ်ပြီးနေတော့၊ ဟိုအရင် စက္ကူမပေါ်ခင်က ဘယ်လိုများနေပါလိမ့်လို့ ဘယ်သူမှမသိ၊ တွေးလို့လည်း မကြည့်ကြတော့ပါ။ တရုတ်နိုင်ငံမှာ ဆိုင်လန်လက်ထက်မရောက် မီ စာအုပ်မရှိသေးဘူး။ ၀ါးပေါ်မှာပဲရေးတယ်။ အဲဒါကျတော့ ကုန်ကျစရိတ်များလို့ အများ မသုံးနိုင်ပါ။ အနောက်တိုင်းမှာတော့ စက္ကူမပေါ်ခင်က သားရေပြားပေါ်မျာ ရေးတယ်။ သိုးရေခွံ့၊ နွားကလေးရေကို အထူးပြုပြင်ပေ့းမှ မှင်နဲ့ရေးလို့ရတယ်။ သာရေးအစား ဂရိ( Greek)၊ ရောမ(Rome)နဲ့ အီဂျစ် (Egypt) မှာ ပက်ပီရပ် (papyrus ကျူပင်) ကိုသုံးတယ်။ သူလည်းလုပ်ရတာ လက်ဝင်တယ်၊ ဈေးကြီးတယ်၊ ရှားတယ်။
            ခုခေတ်မှာ စာအုပ်နဲ့ စာရေးကိရိယာတွေ သိပ်ပေါများလာတာဟာ စက္ကူပေါ် လာတာကနေ ဆင်းသက်တဲ့ ရလဒ်လို့ ပြောနိုင်တယ်။ စက္ကူနဲ့ စာပုံနှိပ်စက် တွဲဖက်နေတော့၊ စက္ကူသာမရှိရင် အခက်သားလို့ပဲ ပြောမလား၊ အမှန်ကတော့ စက္ကူလို ပေါပေါ သုံးစရာမရှိရင် ပုံနှိပ်စက်ဟာ သိပ်မတွင်နိုင်ပါ။
            ဒီလိုဆိုရင် အခုစာရင်းမှာ ဆိုင်လန်နဲ့ ဂုတင်ဗတ်နှစ်ယောက်ထဲက ဘယ်သူ့ကို ရှေ့ကထားမလဲဆိုတဲ့ ပြဿနာ ၀င်လာပြီး၊ နှစ်ယောက်စလုံးကို အရည်တူလို့ ထင်မိပါတယ်။ နှစ်ယောက် စလုံးထမ်းပိုးထမ်းဆိုတော့ ဆိုင်လန်ကို နည်းနည်းလေး အသာပေးချင်တဲ့ အကြောင်းက
(၁) စက္ကူဟာ စာရေးကိရိယာ အဖြစ် အသုံးချတာထက် တခြားအသုံးတွေ အများကြီးရှိပါသေးတယ်။ တခြားအသုံးတွေ အများကြီးရှိပါသေးတယ်။ တခြား ဘာသုံးမလဲ စဉ်းစားကြည့်စမ်းပါ။ အံ့သြသွားမယ်။
(၂)ဆိုင်လန်ပေါ်တာ ဂုတင်ဗတ်ထက်စောလို့ ပုံနှိပ်စက်က ပေါ်လာတာ၊ တကယ်လို့ စက္ကူသာမပေါ်သေး ဘူးဆိုရင် ပုံနှိပ်စက်မလိုဘူးလို့ ပြောနိုင်ပါတယ်။
(၃) တကယ်လို့ တစ်မျိုးတည်းပဲ ပေါ်တယ် ဆိုပေမယ့်လည်း၊ စာအုပ်က ထွက်နေမှာပဲ။ ပုံနှိပ်စက် မရှိခင်က ဘလောက်တုံး (Block) နဲ့ ရိုက်တယ်။ စက္ကူမပေါ်မီက သားရေပြားနဲ့ ရိုက်တယ်။ စက္ကူကို ပေါပေါနဲ့ ရနိုင်ပြီဆိုမှ အက္ခရာတစ်လုံးချင်း လိုသလို ရွှေ့စီနည်းထွင်ရတာ။

            ဒီလိုဆိုရင် သူတို့နှစ်ယောက်ကို ထိပ်တန်းဆယ်ယောက်မှာ ထည့်ပါ။ စက္ကူကပိုပြီး အရာရောက်တယ် ဆိုတာ ထင်ရှားအောင် တရုတ်နဲ့ အနောက်တိုင်း ဓလေ့ ဖြစ်ထွန်းတိုးတက်ပုံကို ယှဉ်ကြည့်စေချင်တယ်။ ခရစ်နှစ် ရာစုနှစ်မတိုင်မီက ယဉ်ကျေးမှုအရာမှာ တရုတ်က အနောက်တိုင်းလောက် မမြင့်ဘူး။ အဲဒီက စွန်းထွက်လာတဲ့ နှစ်တစ်ထောင် အတွင်းမှာ အနောက်တိုင်းထက် တရုတ်ကသာတယ်။ ကမ္ဘာမှာ ဘယ်စံနှုန်းနဲ့တွက်တွက်၊ ခရစ် ခုနစ်၊ ရှစ်ရာစုလောက်မှာ တရုတ်ယဉ်ကျေးမှုက အမြင့်ဆုံးဖြစ်တယ်။ တစ်ဆယ့်ငါးရာစုနှစ် လွန်တဲ့အခါကျတော့မှ အနောက်ဥရောပက တရုတ်ထက်သာလွန်ခဲ့တာ ဖြစ်ပါတယ်။ အဲဒီလို ဘာဖြစ်လို့ဖြစ်ရသလဲဆိုတာ ဓလေ့ဆိုင်ရာ ရှင်းလင်းချက်တွေ ရှာကြတယ်။ အမျိုးမျိုး အခြင်းအရာတွေ ပြောကြပေမယ့် အရိုးဆုံး အလွယ်ဆုံး အကြောင်းအရာတစ်ခုကို ဘယ်သူမှမပြောဘဲ လျစ်လျူရှုထားတယ်။
            အနောက်အာရှမှာ စိုက်ပျိုးရေးနဲ့ စာရေးနည်းပညာထွန်းကားတာ တရုတ်ထက်စောပါတယ်။ အဲဒါလောက်ပြောရုံနဲ့ တရုတ်က အနောက်ဘက်နိုင်ငံတွေရဲ့ နောက်တန်းကိုရောက်ရတယ် လို့ ပြောလို့ မဖြစ်သေးပါဘူး ။ ဆိုင်လန်မတိုင်မီက တရုတ်တွေမှာ အလွယ်တကူစာရေးနိုင်အောင် သုံးစွဲစရာပစ္စည်းမရှိ၊ အနောက်ကမ္ဘာမှာ ပက်ပီရပ်ကျူရိုးနဲ့ လုပ်တဲ့ စက္ကူလိပ် ရှိနေပြီ၊။ သူကလည်း လွယ်လွယ်နဲ့ လုပ်ယူလို့ရနိုင်တာမဟုတ်။ ဈေးကြီးတယ်၊ ရှားပါးတယ် ဆိုတာမှန်ပေမယ့် သစ်သားပြား၊ ၀ါးခြမ်းပြားပေါ်မှာ မှတ်တမ်းရေးရတာထက်တော့ လွယ်ကူသက်သာသေးတယ်။ တရုတ်ဓလေ့နောက်ကျ ရတာမှာ ဒီအချက်ဟာအရေးကြီးတဲ့ အချက်၊ ခလုတ်ကန်သင်းသေးသေးမဟုတ်။ လဲပြိုသေဆုံးနိုင်လောက်တဲ့ ခလုတ်ဖြစ်နေတယ်။ တရုတ် ပညာရှာ ( စာပေလေ့လာ လိုက်စားသူ) တစ်ယောက်ဟာ အခုခေတ်ကျမ်းစာနည်းနည်းကို သယ်ယူသွားချင်ရင် လှည်းတစ်စီးလိုလိမ့်မယ်။ ဒီပုံစံနဲ့ နိုင်ငံကြီးတစ်ခုကို ထိထိရောက်ရောက် ဘယ်မှာ အုပ်ချုပ်နိုင်မှာလဲ စဉ်းစားကြည့်ပါ။
            ဆိုင်လန်တီထွင်တဲ့ စက္ကူဟာ အခြေအနေကို လုံးဝပြောင်းလဲပေးနိုင်ခဲ့တယ်။ အလွယ်တကူ မှတ်တမ်းမှတ်ချက် ရေးနိုင်တယ်ဆိုတာနဲ့ တရုတ်ယဉ်ကျေးမှုဟာ သိပ်မြန်မြန်တိုးတက်လာပြီး၊ ရာစုနှစ်နည်းနည်း အတွင်းမှာပဲ အနောက်နိုင်ငံရေးကို မီတယ်။ (အနောက်ဘက် နိုင်ငံရေးမှာ အချင်းချင်းစိတ်ဝမ်းကွဲပြီး၊ သတ်ဖြတ်နေကြရလို့ တိုးတက်ရေး လေးဖင့်ရတယ်ဆိုပေမယ့် ဒါက အကြောင်းအရင်းမဟုတ်ပါ။ လေးရာစုနှစ်အတွင်းမှာ နိုင်ငံရေးအရ တရုတ်လည်း ပြိုကွဲပျက်စီးတာ အနောက်တိုင်းထက်ပိုမယ်။ ဒါပေမယ့် ဓလေ့မှာ အလျင်အမြန်တိုးတက်တာ အမှန်ပါပဲ။)အဲဒီ လေးရာစုနှစ်နောက်မှာ ရာစုနှစ်များအတွင်း အနောက်ဘက်မှာ တရုတ်ထက် တိုးတက်ပုံနှေးသွားတယ်။ တရုတ်က အင်မတန် အသုံးဝင်တဲ့ မြောက်ဘက်ပြ ကွန်ပတ်စ်( Compass)၊ သေနတ်ယမ်း (Gunpowder) နဲ့ ဘလောက် ပုံနှိပ်နည်း (Block Printing ) တွေကို တီထွင်ခဲ့တယ်။ စက္ကူက သားရေပြားထက် ဈေးပေါတယ်။ အများကြီးထုတ်လုပ်နိုင်တယ်။ အဲဒီတော့ တရုတ်ကပြန်ပြီး အသာရပြန်တယ်။
            အနောက်နိုင်ငံတွေက စက္ကူထုတ်လုပ် အသုံးပြုနိုင်တဲ့အခါ တရုတ်နဲ့ မျက်နှာချင်းဆိုင်တေ့ဆိုင်ပြီး၊ သူတို့ဘက်က ဓလေ့အားနည်းချက်ကို ပြန်ဖြည့်လာတယ်။ မာကိုပိုလို (Marco Polo) ရေးတဲ့ မှတ်တမ်းတွေ အရပြောရရင် ခရစ်တစ်ဆယ့်သုံး ရာစုနှစ်မှာပဲ တရုတ်က ဥရောပထက် အများကြီး ချမ်းသာကြွယ်ဝနေပါတယ်။          
            ဒီလိုဆိုရင် နောင်အခါ တရုတ်က အနောက်တိုင်းရဲ့နောက်ကို ဘာဖြစ်လို့ကျဆင်းရသလဲ။ ဓလေ့ အထွေထွေကို မွှေနှောက်ပြီး အဖြေရှာကြတယ်။ ရိုးရိုးလွယ်လွယ် ပြောတတ်တာကတော့ နည်းပညာကွာသွားတာကိုပဲ ပြောရင်ဖြစ်တယ်။ တစ်ဆယ့်ငါးရာစုနှစ် ဥရောပမှာ ဥာဏ်ပညာထက်မြက်တဲ့ ဂျိုဟန်ဂုတင်ဗတ်က စာအုပ်ကို အမြောက်အမြား ပုံနှိပ်ထုတ်ဝေနိုင်တဲ့ နည်းကိုတီထွင်တယ်။ အဲဒီကစပြီး ဥရောပ ဓလေ့တွေဟာ အလျင်အမြန် ပြောင်းလဲတိုးတက်လာတယ်။ တရုတ်က ဂုတင်ဗက်လို စွမ်းတဲ့လူ မရှိတော့၊ ဘလောက်ပုံနှိပ်နည်းနဲ့ပဲ ရှေးမဆက်နိုင်ဘဲ ဓလေ့တိုးတက်နှုန်း နှိုင်းယှဉ်ပြီး ပြောရရင် နှေးသွားရတာပေါ့။
            အခုပြောခဲ့တဲ့ စစ်ဆေးဝေဖန်တင်ပြချက်ကို လက်ခံမယ်ဆိုရင်၊ နိဂုံးစကား အနေနဲ့ ဆိုင်လန်(TS’AI LUN) နဲ့ ဂုတင်ဗတ် ( Gutenberg) နှစ်ယောက်စလုံးဟာ လူသမိုင်းမှာ လူအများဝိုင်းပြီး လေးစားရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။ တခြားအသစ် တီထွင်သူတွေနဲ့စာရင် ဆိုင်လန်က အများကြီးသာရတဲ့ အကြောင်းကတော့ ခေတ်ကာလကို လိုက်ပြီး၊ ဒီလိုစွမ်းတဲ့လူ မပေါ်လာပေမယ့်လည်း ဒီလိုပညာ၊ ဒီလိုပစ္စည်းဟာ ၊ ဒီအချိန်၊ ဒီပါတ်ဝန်းကျင်မှာ ပေါ်လာရမယ်ဆိုတဲ့ အခြင်းအရာနဲ့ စက္ကူပေါ်လာပုံဟာ ရှင်းရှင်းပြောတော့မတူဘူး။ ဆိုင်လန် စက္ကူတီထွင်ပြီး နှစ်တစ်ထောင်ကျော်မှ ဥရောပမှာ စက္ကူပေါ်လာတယ်။ ပြီးတော့ ဥရောပတိုက်သားက တီထွင်နိုင်တာ မဟုတ်ဘူး ။ အာရပ်တွေကို ဆရာတင်ရတယ်။ ဒီနေရာမှာ ဆက်ပြောရမှာက တရုတ်လုပ်ပေးတဲ့ စက္ကူကို မြင်ကြရပေမယ့် တခြား အာရှတိုက်သားတွေ ဘယ်သူတွေကမှ သူတို့ဘာသာ စက္ကူလုပ်မဖြစ်ဘူး။ အသေအချာပြောနိုင်တာက စက္ကူစစ်စစ် ဖြစ်ဖို့ လုပ်နည်းဟာ ခက်ခဲ လိုက်ပုံက အသင့်အတင့်  တိုးတက်နေတဲ့ ဓလေ့မှာ ဥာဏ်မပွင့်နိုင်တဲ့နည်းဖြစ်မယ်။ သိပ်ထူးခြား ထက်မြက် စွမ်းဆောင်နိုင်သူက တီထွင်ပေးမှ ဖြစ်ပေါ်လာတာ။ ဆိုင်လန်က ဒီလိုလူစားဖြစ်ပြီး ၊ သူချမှတ်ပးတဲ့ စက္ကူလုပ်နည်းဟာ (ခရစ်နှစ် ၁၈၀၀မှာ  စက်ရုံထွက် စက္ကူကလွဲလို့ ) လက်လုပ်စက္ကူဆိုရင် စတင်ပေါ်ပေါက်တဲ့အခါက သုံးတဲ့နည်းနဲ့ အခုနည်းဟာ အခြေခံအားဖြင့် အတူတူပါပဲ။ အခုပြောတဲ့ ဆင်ခြင်တုံတရားတွေကြောင့် ဂုတင်ဗတ်နဲ့ ဆိုင်လန်တို့ နှစ်ယောက်စလုံးကို အခုစာအုပ်မှာ ရှေ့တန်းဆယ်ယောက်ထဲမှာ ထည့်တယ်။ ထည့်တော့ ဆိုင်လန်ကိုရှေ့ ၊ ဂုတင်ဗက်ကို နောက်ထားရပါတယ်…။

၆ မတ် ၂၀၀၀
ဒေါက်တာသန်းထွန်း
ကျော်စွာ၁၀၀
မူရင်းရေးသားသူ ---- MICHAEL H.HART





ပြုပြင်ပြောင်းလဲမှု များစွာနဲ့ မြန်မာ့နိုင်ငံဟာဖွံ့ဖြိုးမှုအလားအလာကောင်းတွေနဲ့ တက်ကြွလို့နေပါတယ်။ လက်ရှိအာဏာရ အသိုင်းအ၀ိုင်းနဲ့ အတိုက်အခံတို့ရဲ့ မျှော်လင့်ချက်တွေဟာ တူညီကောင်းမှတူညီပါလိမ့်မယ်။ ဒါပေမယ့်တူညီတဲ့အချက်ကတော့ လက်ရှိအခြေအနေမှ ရှေ့ဆက်တိုးတက်လာဖို့ ကို နှစ်ဖက်လုံးက မျှော်လင့်နေကြပါတယ်။ ပြည်သူတွေအတွက်ကော အပြောင်းအလဲဟာ ဘာမျှော်လင့်ချက်တွေ ပေးဦးမှာလဲ။အမှန်တကယ်တော့ ၀ုန်းဒိုင်းကျဲ ဖွံ့ဖြိုးတိုးတက် ဖို့ကလွယ်ပါတယ်။ ရေရှည်တည်တည်ငြိမ်ငြိမ် ခန့်ခန့်ထည်ထည် ရပ်တည်နိုင်ဖို့က ခက်ခဲမှာပါ။
ပညာအခြေမစိုက်တဲ့ ဖွံ့ဖြိုးမှုဟာ စီးပွားရေးရင်းမြစ်တွေကုန်ခမ်းသွားတာနဲ့အမျှ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုရဲ့ဘေးထွက်ဆိုးကျိုးတွေနဲ့ ထိပ်တိုက်တိုးမိတာနဲ့တင် ရှာသမျှအဖတ်မတင်ပဲအကျပ်အတည်းကာလထဲ ထိုးစိုက်သွားဦးမှာပါ ။ အဲဒီ ထောင်ချောက်ထဲမှာမြန်မာပြည်ဟာ ကျရောက်နိုင်ချေ ရာခိုင်နှုန်းအများကြီးရှိနေပါတယ်။ဒါဆိုရင် တည်ငြိမ် မှန်ကန်တဲ့နိုင်ငံတစ်ခုကိုဘယ်လိုတည်ဆောက်ကြမလဲ။ အရိုးရှင်းဆုံးပြောရရင် ပညာနဲ့တည်ဆောက်မှပဲရမှာပါ။ ဒါဆိုရင် လက်ရှိ ပညာရေးစနစ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ဖို့ လိုပြီပေါ့ ။ ဒီစာဟာ နိုင်ငံသားတစ်ယောက် အနေနဲ့ မြန်မာ့ပညာရေးစနစ်ပေါ် အမြင် အတွေ့အကြုံ မေးမြန်းစုံစမ်းမှု တချို့နဲ့ ချဉ်းကပ်ကြည့်တာပါ။ အုတ်တစ်ချပ် သဲတစ်ပွင့် အထောက်အကူ အဖြစ်ပါ။

နောက်ခံသမိုင်း
သက်ဦးစံပိုင် မင်းဆက် နောက်ဆုံး ကုန်းဘောင်ခေတ်အထိ ကျွန်တော်တို့ နိုင်ငံရဲ့ ပညာရေးဟာ ဘုန်တော်ကြီးသင် ပညာရေးစနစ်ပေါ် အခြေခံခဲ့တာဖြစ်ပြီး ကိုလိုနီခေတ်အရောက်မှာ ဗျူရိုကရက်စနစ် လည်ပါတ်ဖို့အတွက် အင်္ဂလိပ်က ခေတ်ပညာတတ် လူလတ်တန်းစားတစ်ရပ်ကို မွေးထုတ်ဖို့ ကြိုးစားခဲ့ပါတယ် ။ ဒါပေမယ့် အဲဒီလူတန်းစားတွေကပဲ အင်္ဂလိပ် ဆီကလွတ်လပ်ရေး အရယူဖို့ကြိုးစားခဲ့ပါတယ်။ ကိုလိုနီစနစ်ကို တော်လှန်တဲ့ ကျောင်းသားတွေဟာ အင်္ဂလိပ်ပေးတဲ့ ကျွန်ပညာရေးကို ဖီဆန်မယ့် အမျိုးသားကျောင်း တွေနဲ့ အမျိုးသားကောလိပ်တွေကို ဖွဲ့စည်းတည်ထောင် ခဲ့ပါတယ်။ သူတို့တွေဟာ သခင်အမည်ခံခဲ့ပြီး အင်္ဂလိပ်ပေးတဲ့ ပညာနဲ့ အင်္ဂလိပ်ကိုတွန်းလှန်ဖို့ ဥာဏ်အလင်းပွင့်ခဲ့ကြပါတယ်။ ဒါဟာ မြန်မာ့ ပညာရေးရဲ့ သမိုင်းအစပါပဲ ။ ရန်ကုန်ကောလိပ်ဟာ ရန်ကုန်တက္ကသိုလ် ဖြစ်လာခဲ့ပါတယ်။ အင်္ဂလိပ်ကျွန်ပညာရေးက မွေးထုတ်လိုက်တဲ့ သခင်လူငယ်တွေဟာ မြန်မာ့လွတ်လပ်ရေးကို အရယူသွားခဲ့ပါတယ်။ မြန်မာ့နိုင်ငံဟာ လွတ်လပ်ပြီး အာရှအရှေ့ဒေသမှာ ဖွံ့ဖြိုးမှုအားအကောင်းဆုံး အလားအလာအကောင်းဆုံး နိုင်ငံဖြစ်ခဲ့ပါတယ်။ ရန်ကုန်တက္ကသိုလ်မှ မြန်မာပညာတတ်ဘွဲ့ရတွေဟာ ဒေသတွင်း တက္ကသိုလ်တွေကြားမှာ နိုင်ငံတကာ ပညာတတ် အသိုင်းအ၀ိုင်းကြားမှာ ဂုဏ်သရေရှိရှိဝင်ဆံ့နိုင်ခဲ့ပါတယ်။
လွတ်လပ်ပြီးခေတ်ရဲ့ အစည်းပြေစစ်ရေးအားပြိုင်မှုတွေနဲ့ တိုင်းပြည်အတွင်း ကွန်မြူနစ် ဆိုရှယ်လစ် ဒီမိုကရက် တိုင်းရင်းသား လက်နှက်ကိုင်တွေနဲ့ အာဏာလွန်ဆွဲပွဲမှာ မတည်မငြိမ်ဖြစ်မှုတွေ ဆယ်စုနှစ်ကြာအောင် ဖြစ်ပျက်ခဲ့ပါတယ်။ မြန်မာပြည်ဟာ တဖြည်းဖြည်း စစ်နယ်မြေ မီးတောက်ဒေသ လွတ်လပ်ရေးသမိုင်းရေစီး သွေးသောက်ရဲဘော်တွေဟာ လွပ်လပ်ပြီးခေတ် အချင်းချင်းသွေးချောင်းစီး ဖို့မာန်ဖီတဲ့အခြေအနေကို ဆိုက်ရောက်ခဲ့ပါတယ်။ မြန်မာ့ပညာရေးဟာ နိုင်ငံရေး အကျပ်အတည်းမှာ ကျွဲကူးရေပါ ခက်ခဲလာခဲ့ရပါတယ်။ အဖွဲ့အစည်းတွေ အာဏာပိုင်တွေဟာ တိုင်းပြည်ကို ပညာရေးအစစ်မပေးဘဲ သူတို့ဝါဒ အောင်ပွဲရရေးကြွေးကြော်ဝါဒတွေနဲ့ မှိုင်းတိုက်ပေးခဲ့ပါတယ်။ တကယ့်ပညာတတ်တွေ ပညာရှင်တွေဟာ အခြေအနေမှန်ကိုသိလို့ စိတ်လက်လေးလံခဲ့ကြရပါတယ်။ ၁၉၆၂ ခုနှစ် ဗိုလ်ချုပ်ကြီးနေ၀င်း တိုင်းပြည်အာဏာကို သိမ်းယူပြီးနောက်တော့ အခြေအနေတွေဟာ တမျိုးပြောင်းလဲလာခဲ့ပါတယ်။ သူပုန်သူကန်တွေကို နှိမ်နှင်းရင်း တိုင်းပြည်ရဲ့ပညာရေး ကိုလည်းပြုပြင်ပြောင်းလဲမှုတွေ တော်တော်များများ ပြောင်းလဲခဲ့ပါတယ်။ ဒါပေမယ့် အဲဒီပြောင်းလဲမှုတွေဟာ နောက်ဆုံးတော့ ဆိုရှယ်လစ်လုပ်သားကောင်းများ ထုတ်လုပ်ရေးကို ဦးတည်သွားခဲ့ ရတော့တာပါပဲ။ ဦးနေ၀င်းဟာ ပညာရေးစနစ်အပေါ် လူတော်မလို လူကောင်းသာလိုသည်လို့ ကြွေးကြော်သံ လွှမ်းမိုးမှု ဖော်ပြခဲ့ပါတယ်။ စာသင်ကျောင်းတွေဟာ လွတ်လပ်တဲ့ ပညာရေးထက် ဆိုရှယ်လစ်ဝါဒကို မောင်းနှင်ပေးမယ့် လုပ်သားကောင်း ထွက်ပေါ်လာရေးကိုသာ ဇောင်းပေးလှုပ်ရှားလာပါတယ်။ ထက်မြက်တဲ့ အရည်အချင်းရှိတဲ့ ပညာတတ် ဆရာတွေဟာ မဆလအစိုးရရဲ့ ကွန်မြူနစ်တာဆီးရေး တံဆိပ်ကပ် ဖိနှိပ်ခံခဲ့ရပါတယ်။ အဲဒီအကျိုးဆက်ဟာ ပညာရေးနယ်ပယ်မှာ အမျိုးသားပညာရှင်ဆရာတွေ ရှားပါးခဲ့ရပါတယ်။ ဦးနေ၀င်းနဲ့ ဆိုရှယ်လစ် အစိုးရ အုပ်စိုးခဲ့တဲ့ ဆယ်စုနှစ်သုံးစုနီးပါးဟာ မြန်မာ့ပညာရေး ဂရပ်မျဉ်းကို အဆင်းချည်းပဲဖြစ်စေခဲ့ပါတယ်..။

အပြောင်းအလဲများတဲ့ နေ့စွဲများ
သက်ဆိုးရှည်ခဲ့တဲ့ ဆိုရှယ်လစ်ဗဟိုဦးစီးစနစ်ဟာ ပြိုကျမယ့်ရက်တွေရောက်လာခဲ့ပါတယ်။ မြန်မာတစ်နိုင်ငံလုံး ဘက်စုံအကျပ်အတည်းဟာ ဦးနေ၀င်းအာဏာစက်ကို  ဖြိုချမယ့်စနစ်တံဖြစ်လာပါတယ် ။ အဲဒီအရေးအခင်းတွေဟာ ရန်ကုန်တက္ကသိုလ်နယ်မြေထဲမှာ ဖြစ်ပေါ်လာခဲ့ပါတယ် ၁၉၈၇ တစ်နှစ်လုံး ကျိုကြားကျိုးကြား ဆန္ဒပြမှုတွေမှ တစ်နိုင်ငံလုံး အုံကြွမှုထိ ကျောင်းသားတွေက အရေးကြီးအခန်းကနေ ပါဝင်လှုပ်ရှားခဲ့ပါတယ်။ ၁၉၈၈ ခုနှစ်မှာ မဆလခေတ်ရဲ့ နိဂုံးချုပ်ဝါကျတွေ ရောက်ရှိလာပါတော့တယ်။ အဲဒီနောက်တော့ အထွေထွေပြိုကွဲကျဆင်းနေတဲ့ အုပ်ချုပ်ရေးအာဏာကို နာမည်ပျက်မရှိခဲ့ဖူးသေးတဲ့ စစ်ဗိုလ်ချုပ်တွေက အာဏာရှင်ဟောင်းရဲ့ ထောက်ခံမှုနဲ့သိမ်းပိုက်လိုက်ပါတော့တယ်။ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုအစိုးရ( န၀တခေတ်) ကိုမြန်မာနိုင်ငံက ရင်ဆိုင်ခဲ့ရပါတော့တယ်။ အခြေခံပညာကျောင်းများ တစ်နှစ်ပိတ်သိမ်းခံရပြီး  တက္ကသိုလ်များကတော့ နှစ်အတန်ကြာရပ်ဆိုင်းထားခဲ့ပါတယ်။ အစိုးရသစ်ဟာ ပညာရေးစနစ်ကို ယခင်နိုင်ငံရေးအန်တုမှုတွေ အစမပျိုးနိုင်အောင် စနစ်တကျပုံဖော်ခဲ့ပါတယ်။
ယခင်က အရှေ့အာရှ နာမည်ကျော် ရန်ကုန်တက္ကသိုလ်ဟာ ကျောင်းတံခါးပိတ် တိတ်ဆိတ်နေခဲ့ပါတော့တယ်။ တော်လှန်ရေးတွေ အားလုံး ဆူပူအုံကြွမှု အားလုံးဟာ ပညာရေး အ၀န်းအ၀ိုင်းဖြစ်တဲ့ တက္ကသိုလ်အခြေခံကနေ ဖြစ်ပေါ်လာတယ် ဆိုတာကို အတိတ်ဖြစ်ရပ်တွေကနေ သင်ခန်းစာထုတ်နုတ်ယူခဲ့တဲ့ စစ်ဗိုလ်ချုပ်တွေဟာ ပညာရေးစနစ်ကို စနစ်တကျ နိမ့်ကျဆင်းသွား အောင်အစီအစဉ်တွေ ပြုလုပ်လိုက်ပါသလား၊ ဒါမှမဟုတ်အထွေထွေ နိမ့်ကျမှုကပဲ တိုင်းပြည်ရဲ့ ပညာရေးရေချိန်ကို ဆွဲချသွားခဲ့သလား၊ ဒါပေမယ့် သေချာတာကတော့ စစ်အာဏာရှင်အစိုးရဟာ ပညာရေးကို အားမပေးခဲ့ဖူးဆိုတာပါပဲ။ ပညာရေးအသုံးစရိတ်တွေ လျှော့ချခဲ့တယ်။ မဆလခေတ်က ကျောင်းဆရာ လက်ကျန်အနည်းငယ်ဟာ စီးပွားရေး ကျပ်တည်း လူမှုဘ၀ အခက်အခဲတွေကြောင့် စေတနာဝါသနာ အနစ်နာခံခဲ့ရာ စာသင်ကျောင်းတွေကို ကျောခိုင်းသွားခဲ့ပါတယ်။ န၀တ ဒါမှမဟုတ် နအဖ လို့ခေါ်တဲ့ စစ်ဗိုလ်ချုပ်တွေ ဦးစီးတဲ့ အစိုးရဟာ ၁၉၈၉ ခုနှစ်က ၂၀၁၀ ရွေးကောက်ပွဲအထိ နိုင်ငံတော် အာဏာကို ချုပ်ကိုင်စီမံခဲ့ပါတယ်။ သူတို့ ကိုင်တွယ်တဲ့ခေတ်မှာ ပညာရေးဟာ ဘာတွေ ဖြစ်ခဲ့လဲ။

ပျက်အစဉ်ပြင်ခဏ
တချို့က အထက်ပါ စကားပုံကို အကောင်းဘက်က အများဆုံးတွေးတတ်ကြပါတယ်။ ဒါပေမယ့် ကျွန်တော်တွေးတာကတော့ ဒါကိုလက်ပူတိုက်လွှတ်လိုက်တာပဲ လို့တွေးမိပါတယ်။ နအဖ အစိုးရဟာ တိုင်းပြည်ကို လက်ပူတိုက်အုပ်ချုပ်သွားခဲ့တာပါ။ အထွေထွေ ဘက်ပေါင်းစုံက ရိုးယွင်းပျက်စီးနေတဲ့ တိုင်းပြည်ကို အရည်အချင်းထက် အရည်အတွက်များမှုတွေ မွေးထုတ်ပြီး စာရင်းဇယား ကိန်ဂဏန်းတွေနဲ့ ခေတ်ကိုရော နိုင်ငံကိုရော လက်ပူတိုက်ခဲ့ပါတယ်။ ပညာရေးမှာ တက္ကသိုလ်တွေကို ခွဲထုတ်လိုက်တယ်။ ပြည်နယ်နဲ့တိုင်း တက္ကသိုလ်တွေ ဖြစ်ကုန်တယ်။ ရန်ကုန်မြို့မှာဆိုလည်း အရှေ့ပိုင်း အနောက်ပိုင်း ဒဂုံတက္ကသိုလ်ဆိုပြီး  ခွဲထုတ်လိုက်တယ်။ တက္ကသိုလ်တွေကို ထိန်းချုပ်နိုင်အောင် ရန်ကုန်မြို့ကို ၀ိုင်းပတ်ထားတဲ့ မြစ်တွေအပြင်ဘက်ကို ထုတ်ပယ်လိုက်ပြီး ရန်ကုန်နဲ့ အလှမ်းဝေးကွာအောင် ပို့ဆောင်ထားလိုက်ပါတယ်။ တက္ကသိုလ်မြောက်မြားစွာ ဖွင့်လှစ်ပြီး အရည်အသွေးမှီ သင်ကြားနိုင်တဲ့ ဆရာအရေအတွက် သင်ထောက်ကူ ပစ္စည်း အရေအတွက် ကိုတော့ လုံလောက်စွာ မထောက်ပံ့နိုင်ခဲ့ပါဘူး ။ ဒါက အဆင်မြင့် ပညာရေး အနေအထားပါ ။
အခြေခံ ပညာရေးမှာကော ဘာတွေ ဖြစ်ပျက်နေပါသလဲ ။ မဆလ အစိုးရလက်ထက် တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားခဲ့တဲ့ ကျူရှင် ကျောင်းပြင်ပ ကျောင်းစာအပိုသင် ကျောင်းတွေကို လွတ်လွတ်လပ်လပ် ဖွင့်ခွင့်ပြုလိုက်တယ်။ ဒါတင်မကပဲ ကျောင်းဆရာဆရာမတွေ ကျူရှင်ပြမှုတွေကို  မသိကျိုးကျွံ့ ပြုနေလိုက်ပါတော့တယ်။ အဲဒီအတွက် လစာစရိတ် အရမ်းနည်းပါးတဲ့ ကျောင်းဆရာမ တွေကို လစာတိုးပေးဖို့ ပြသနာတွေကို ရှောင်လွှဲသွားလို့ ရနိုင်ခဲ့ပါတယ်။ အဲဒီအကျိုးဆက်ကတော့ မြန်မာပြည်မှာ မူကြိုကနေ ဘွဲ့လွန်အထိ ကျောင်းသားတွေဟာ ကျူရှင်တက်နေရတော့တာပဲ။ ပညာရဲ့ အနှစ်သာရကိုလွဲဖယ်ပြီး စာမေးပွဲအောင်ဖို့ အမှတ်ကောင်းဖို့ နှုတ်တိုက်ကျက် မေးခွန်းလိုက်တတ်တာဟာ မြန်မာ့ပညာရေးမှာ လူရည်ချွန်ဖြစ်ရေးပေါ့။ ဒါကို အာဏာပိုင်တွေက ၀မ်းသာပီတိဂွမ်းဆီ ထိနေပါတော့တယ်။ သူတို့ဟာ လူတွေကို ပညာရေး နဲ့ အလှမ်းဝေးဝေးမှာ နေစေချင်ကြပါတယ်။ အဲဒါကြောင့် အဝေးသင် တက္ကသိုလ်ရဲ့ ဆောင်ပုဒ်မှာ အတိအလင်း ဖော်ပြထားပါတယ် “ပညာရေး ဝေးသည်။ မရှိ။”   
ဒီနေ့အချိန်မှာ ၁၉၈၈ ခုနှစ်မတိုင်ခင် (ယခင်အစိုးရဟောင်း) နှိုင်းယှဉ် နေကြ စံနှုန်းအတိုင်းပြောရရင် တက္ကသိုလ် ဘယ်နှခုတိုးသွားပြီ စာသင်ကျောင်း ဘယ်နှခုတိုးသွားပြီ သင်ထောက်ကူ ပစ္စည်းတွေ နည်းစနစ်တွေ ဘယ်လောက်တိုးသွားပြီ ဘွဲ့ရအရည်အတွက်ဘယ်လောက် တိုးသွာပြီဆိုတဲ့ တိုးတက်လာ တဲ့ ကိန်းဂဏန်းတွေက မြင်သာပါတယ်။ နည်းနည်းလေး နက်နက်ရှိုင်းရှိုင်း တူးဆွမိရင်တော့ ပညာတတ်မြောက်သူ တိုးတက်မှု အရေအတွက်ကတော့ နည်းနည်းလေးပဲ ရှိနိုင်ပါတယ်။ ဒါမှမဟုတ် လုံးဝမရှိနိုင်တာလည်း ဖြစ်နေနိုင်ပါတယ်။ ကျောင်းတွေဟာ စာသင်ပါတယ်။ ဒါပေမယ့်ပညာတတ်မြောက်ဖို့အတွက် မဟုတ်ပါဘူး။  အုပ်ချုပ်သူတွေဟာ ပြည်သူတွေ မိဘတွေ ကျောင်းသားတွေကို အမှတ်ပေးအတန်းတက် ပညာရေးစနစ်နဲ့ နပန်းလုံးခိုင်းထားပါတယ်။ ကျောင်းစာတွေကို ကြက်တူရွေးနှုတ်တိုက် စာပြန်အံနိုင်တဲ့ လူက အမှတ်ကောင်းကောင်းရမယ်။ ဒါတောင် သူ့ထက် အရေးကြီးလူတွေ ရှိမနေမှ အဆင့်ကောင်းကောင်းရမယ်။ အဲဒီရည်ရွယ်ချက်တွေနဲ့ ပညာရေးစနစ်ကို ဖျက်လိုဖျက်စီးလုပ်ခဲ့ပါတယ်။ သူတို့ပြဌာန်းထားတဲ့ ပညာမှ အမှန်လို့ ယူဆအောင် အခြေခံပညာရေးကတည်း မှိုင်းသွင်းထားတဲ့ ဘက်လိုက်ပညာရေးစနစ်ကို တီထွင်ထားပါတယ် ။ အဲဒီကျောင်းတွေဟာ တစ်နှစ်ပြီး တစ်တန်းမေ့နဲ့ ဆယ်စုနှစ်ကြာအခြေခံပညာရေးဟာ တက္ကသိုလ်ရောက်တာနဲ့ ဦးနှောက်ထဲမှာ အဟောသိကံ ဖြစ်သွားပါတော့တယ်။ ကလေးငယ်တွေကို ကျောင်းမှာစာသင် ကျူရှင်မှာ စာထပ်သင်ခိုင်းနဲ့ ပညာကိုနှစ်ထပ်ကွမ်း အတင်းနှုတ်တိုက် ကျက်မှတ်ခိုင်းနဲ့မို့   စာသင်သားတွေရဲ့ အချိန်ငွေစွမ်းအင် နှစ်ထပ်ကွမ်းဖြုန်တီးခိုင်းခဲ့ပါတယ်။ ဒီပညာရေးပျက်စီးမှုဟာ အာဏာပိုင်တွေချည်းပဲ ကျူးလွန်ခဲ့တာတော့ မဟုတ်ပါဘူး ။ ပညာရေးနယ်ပယ်နဲ့ ဆက်စပ်နေတဲ့ ပညာရေးတာဝန်ရှိသူ တွေရော ဆရာဆရာမတွေနဲ့ တချို့ မိဘတွေပါ ပူးပေါင်းကျူးလွန်ခဲ့တဲ့ ပြစ်မှုပါ။ အဲဒီထဲက တချို့ကတော့ မသိနားမလည်မှုကြောင့် ကျူးလွန်မိကြတာပါ။ မဆလခေတ်က လုပ်သားကောင်းမွေးထုတ်ရေး စာသင်ကျောင်းတွေဟာ နအဖခေတ်မှာတော့ ကလေးငယ်တွေရဲ့ အနာဂါတ်တွေကို ချုပ်နှောင်ထားတဲ့ အကျဉ်းထောင်တွေဖြစ်ခဲ့ပါတယ်။ ဒါဟာ ခေတ်ကြီး တစ်ခုလုံး အပြောင်းအလဲတွေ အားလုံးကို ချုပ်နှောင်ထားလိုက်တာပဲ ဖြစ်ပါတယ်။ တကယ်တော့ ပျက်အစဉ်ပြင်ခဏ ဆိုတဲ့စကားပုံဟာ ပျက်အစဉ်ပြင်မရလို့ ပြက်ရယ်ပြုရတော့မလိုပါ။

ဘယ်လိုပြင်ကြမလဲ
တိုင်းပြည်ရဲ့ ပညာရေးကို ရည်ရွယ်ချက်ရှိရှိနဲ့ ဖျက်လိုဖျက်ဆီး လုပ်ခဲ့တဲ့ ကျေးဇူးရှင်ကြီးတွေဟာ သူတို့သားသမီးတွေကို ဖွံ့ဖြိုးပြီး နိုင်ငံတွေက အဆင်မြင့်ကျောင်းတွေမှာ စာသင်ခိုင်းထားပါတယ်။ လူလတ်တန်းစားနဲ့ လူကုံတန် မိသားစုတွေဟာ အနည်းဆုံးတော့ အဆင့်မြင့်ပညာရေးတွေကို နိုင်ငံရပ်ခြားတွေမှာ ကျောင်းတက်ပညာသင်ယူခဲ့ရကြပါတော့တယ်။ ၂၀၀၁ စက်တင်ဘာ တိုက်ခိုက်မှုအပြီးမှာ အမေရိကန်ရောက်  အိန္ဒိယ ဦးနှောက်တွေ ပြည်တော်ပြန်ခဲ့ပေမယ့် ကျွန်တော် တို့ဦးခေါင်းကောင်းကောင်း တွေကတော့ အမိနိုင်ငံ ဖုန်းဆိုးတောထဲကို ခြေဦးမလှည့်လို့တာ အပြစ်မဆိုသာပါဘူး ။ အစိုးရသစ်က ခွင့်လွှတ်တယ် ပြန်လာပါ လက်ကမ်းကြိုဆိုပါတယ် ဆိုတဲ့ လောကွတ်တော်ကီပွားရုံလောက်နဲ့ တန်ဖိုးရှိတဲ့ပညာတွေ ဦးခေါင်းတွေဟာ လည်ပြန်ညွှတ်လာမှာတော့ မဟုတ်ပါဘူး ။
အဲဒီတော့ အခုခေါင်းပေါင်းစ တလူလူနဲ့  ဘယ်သူပါပါ မပါပါငါတို့လုပ်လည်းရတာပဲ ဆိုတဲ့လူတွေကရော  ပညာရေးစနစ်ကို ပြင်မယ့် လူတွေကရော ပညာတတ်ပါရဲ့လား ဆိုတာကျွန်တော့် အနေနဲ့မသေချာမရေရာပဲ ။ တန်ဖိုးကြီးတဲ့ ကိုယ့်ကားကို မတောက်တစ်ခေါက် စက်ပြင်ဆရာက ရမ်းသမ်းပြင်တာကို ထိုင်ကြည့်နေရတဲ့ ခံစားမှုမျိုး ။  ဘယ်အချက် မျိုးကန်းကုန် ဦးမလည်း ဆိုတာ စိုးရိမ်တကြီးနဲ့။ ပြဌာန်းသင်ရိုးတွေ မှန်ကန်ဖြောင့်မတ်ဖို့၊ ဆရာ၊ ဆရာမတွေ ဂုဏ်သိက္ခာနဲ့အညီ သင်ကြားရေး တာဝန်တွေကို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင်ဖို့၊ ကျောင်းသုံးစာအုပ်နဲ့ သင်ထောက်ကူပစ္စည်းတွေ လုံလုံ လောက်လောက်ရဖို့၊ အစိုးရအနေနဲ့ ပညာရေး အသုံးစရိတ် တိုးမြှင့်သုံးစွဲဖို့၊ သုတေသနနဲ့ စမ်းသပ်တီထွင်မှုတွေ အားပေးဖို့၊ ကျောင်းမှာ ကျောင်းသားတွေအတွက် ကစာကွင်းရှိဖို့ ၊ လက်တွေ့စမ်းသပ်ခန်းတွေ ရှိဖို့၊ စာကြည့်တိုက်ရှိဖို့၊ကွန်ပြူတာ ရှိဖို့၊ အများကြီးပါပဲ။
အရေးအကြီးဆုံးက အရင်ခေတ်အဆက်ဆက်ကလို တာဝန်ရှိသူတွေ အဆင့်ဆင့် ဘက်ဂျက်တွေခုတ်ဖြတ် မစားဖို့ကလည်း အရေးကြီးပါတယ်။ စာကြည့်တိုက်ဆိုပြီး အမည်ခံပြီး ထောင်တာလည်း အများကြီးဖြစ်နေပါတယ်။ ကျောင်းတွေက ကွန်ပြူတာတွေ ဆွေးမြေ့ပြီး အခန်းထဲမှာ ဒီအတိုင်းပျက်စီးသွားတာလည်း မြင်ခဲ့ဖူးပြီ။ ဘ၀မှာ ဟန်ပြခေါင်းစဉ်တွေနဲ့ ပြောင်းလဲချင်ယောင်ဆောင်ပြတတ်တဲ့ တိုင်းပြည်အဖြစ်က လွတ်မြောက်အောင် ကြိုးစားသင့်ပါပြီ။ ပညာရေးဆိုတာ အစိုးရကိုသစ္စာခံဖို့သက်သက် ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်း ရာထူးဌာနကောင်းဖို့ ဒါမှမဟုတ် ဘာမှန်းမသိပဲ ဘွဲ့တစ်ခုရပြီးရော မဟုတ်ပါဘူး။ စာတွေအော်ကျက် ၊ ပါတိတ်ကပ်ပြီး အမှတ်ကောင်းကောင်း ဂုဏ်ထူးတောင်းတတ်တဲ့ ကျောင်းသားတွေ၊ ကျောင်းသားမိဘတွေနဲ့ တွေ့ကြုံဖူးခဲ့တဲ့ ကျွန်တော်တို့ နိုင်ငံရေးရဲ့ပညာရေးကို ဘယ်လို ပြင်ကြမလဲ ဆိုတာ စိတ်ဝင်တစားရှိမယ့်သူတွေအတွက် အရင်ခေတ်ကာလများက တွေကြုံခဲ့သမျှကို ပြန်လည် တင်ပြလိုက်ရပါတယ်။

အောင်ပိုင်စိုး