အခု သင်လိုက်တဲ့ story အတွက် လေ့ကျင့်ခန်းပေးမယ် စာမျက်နှာ ၂၃ ကို ဖွင့်လိုက်ပါ။ အဲဒီမှာ Fill in the blank. ကွက်လပ်ဖြည့်ပါ ဆိုတာ တွေလား..။ အဲဒီထဲက မေးခွန်းတွေကို ကူးရေးပါ.. အဖြကို အောက်မှာ Answer လို့ထိုးပြီး နံပါတ်စဉ်တပ်ပြီး ဆရာ့ဆီလာပြပါ..။ အချိန် ဆယ့်ငါးမိနစ်ရမယ် စကားမပြောပါနဲ့..။ နောက်ဆုံးတန်းရဲ့ ရှေ့အလယ်ခုံက နှစ်ယောက် စကားမပြောပါနဲ့ မင်းတို့ ကျောက်သင်ပုန်းမှာ ထွက်ရေးချင်လို့လား..။ ကလေးတွေ မင်းတို့ လွန်ခဲ့တဲ့ လပါတ်မှ Direct & InDirect အခန်းမှာ တော်တော် များများမှားတယ်..။ တစ်ယောက်တစ်မျိုး မှားတာထက် တစ်ထပ်တည်း မှားနေတာ မျိုး များနေတယ်.. အဲဒီအတွက် ဆရာ အဲဒီအခန်းကို ပြန်သင်ရလိမ့်မယ်..။ မင်းတို့ အားကစားအချိန်ထဲက သင်မလား ဒါမှမဟုတ်အချိန်ပိုယူသင်မလားက မင်းတို့ ရွေးချယ်ပါ..။ ဟိုတစ်ကောင် စာမရေးပဲ ဘာပြတင်းပေါက်ကိုငေး နေတာလည်း ..။ မြေဖြူခဲနဲ့ မင်းနဖူးနဲ့မိတ်ဆက်ပေးရမယ် ထင်တယ်..။ ဟိဟိ ခွိခွိ.. ။ ဒီကလေးတွေ အသံမထွက်ပါနဲ့ဆိုမှ ဒီတစ်ခါ အသံထွက်တဲ့လူတော့ စံပြမတ်တပ်ရပ်ရမယ်…။


ပေါ်ပီးးးးး ပေါ်ပီးးးး … ရထား ဥသြသံကြောင့် သူလန့်နိုးသွားတယ်..။ အပြင်ဘက်ကို ကြည့်လိုက်တော့ ဆင်းဖို့ နှစ်ဘူတာ  လိုသေးတယ်.. မဆီမဆိုင်း ဒီစက်ခေါင်းက အော်သံက တစ်မျိုးပါလားလို့ စဉ်းစားမိလိုက်သေးတယ် တချို့စက်ခေါင်းတွေက ဘော်ဘူ.. တစ်ချိုစက်ခေါင်းတွေ အီ…. ဆိုပြီး သံရှည်ဆွဲတယ် အခုကပေါ်ပီးးး တဲ့…။ ဒီရထား ကို သူစီးနေတာ ဆယ့်ငါးနှစ်တောင်ရှိပြီပဲ.. ဒီဘူတာတွေ ဒီမြင်ကွင်းတွေ ဒီရထားပေါ်က ဈေးသည်တွေ ခရီးသည်တွေ လက်မှတ်စစ်တွေ… ဆယ့်ငါးနှစ်ဆိုတဲ့ အချိန်မနည်းပါဘူး.. ဒါပေမယ့် ဘာမှမပြောင်းလဲဘူး ..သူကော ဒီရထားကြီးကော ဒီဘူတာတွေ သံလမ်းတွေကော..။ ဘူတာကနေ လမ်းနည်းနည်း လျှောက်ပြီး ကျောင်းမရောက်ခင် နှစ်လမ်းကျော်လောက်က လက်ဖက်ရည်ဆိုင် သူဝင်ထိုင်နေလိုက်သေးတယ် ကျောင်းထဲဝင်ဖို့က စောသေးတယ်.။ သူနာရီတစ်ချက်ကြည့်ပြီး လက်ဖက်ရည်မှာလိုက်သေးတယ် အမှန်တော့ နာရီကိုသာ ငုံ့ကြည့်လိုက်တာ သူအချိန်တွေ ကို အလိုအလျောက်သိပြီးသားပဲ… သူလက်ဖက်ရည်သောက်နေတုန်း ကိုးတန်းကျောင်းသား တစ်ယောက်လာထိုင်တယ်.. သူကို့ ဆရာ ဘာမှာ ပြီးပြီလည်း..။ အေး ငါလက်ဖက်ရည်မှာထားတယ် မင်းကျောင်းနားက ဆိုင်မှာ မထိုင်ပဲ ဒီမှာ ဘာလို့ လာထိုင်နေတာလည်း.. ကျောင်းပြေးမလို့လား … ငါ မင်းဆရာမကို သွားပြောလိုက်မယ်…။ ဟာမဟုတ်ပါဘူးဆရာ.. ကျောင်းနားကဆိုင်က လူများလို့ပါ.. ဒီဆိုင်က ကျွန်တော့်အိမ်နဲ့နီးတော့ ဒီဆိုင်ကို ထိုင်ပြီးမှ ကျောင်းသွားရမှာ..။ သူအိတ်ထဲက ဆေးပါ့လိပ် လှမ်းနှိုက်လိုက်တော့ ကိုယ်တော်က ဆရာစီးကရက်မှာလိုက်မယ် ဟေ့ကောင်မမှာနဲ့.. မှာပြီးရင်  မင်းယူသောက်ဦးမယ် … တော်ကြာဆရာနဲ့တပည့် ဆေးလိပ်အတူထိုင်ဖွာနေရင် ငါမကောင်းဘူးဖြစ်နေမယ်..။ မင်းဟာမင်း သောက်ချင် တခြားမှာ သွားခိုးသောက်..။ ဟုတ်ကဲ့ဆရာ ဆောရီး..။ မင်းတို့ကောင်တွေ ငယ်ငယ်တည်းက ငရွတ်တွေ ငါ့လက်ထဲက လွတ်တာနဲ့ ငါ့ကိုမကြောက်တော့ဘူး ဟုတ်လား..။ ဆရာက စိတ်တိုတတ်ပေမယ့် သဘောကောင်းတာကိုး..။ ကျွန်တော် သွားနှင့်တော့မယ် ဆရာ လက်ဖက်ရည်ဖိုးရှင်းသွားတယ်နော်…။ ဟာဟေ့ကောင် ငါဘာသာ ရှင်းပါ့မယ်ဟ..။



ဂီးးး ဂီးးး .. ကျောင်းခေါင်းလောင်းသံ တလွင်လွင်မဟုတ်တော့ဘူး သံချေးတက်နေတဲ့ လျှပ်စစ်ခေါင်းလောင်းကြီးက တစ်ဂီးဂီးနဲ့… သူဆရာများနားနေဆောင်ထဲကနေ လက်မှတ်ထိုးပြီး သတင်းစာ ထိုင်ဖတ်နေလိုက်တယ်..။  ဆရာ ပထမအချိန် အတန်းမရှိဘူးလား…။ ဟုတ်ကဲ့ ဆရာမ ကျွန်တော်  ဒုတိယအချိန်မှ စမှာ.. ။ ပြောပြီးသူ စာပြန်ဖတ်နေလိုက်တယ်..။ ခဏကြာတော့ ကျောင်းအုပ်ရုံးခန်းက ခေါ်တယ်ဆိုလို့ ရုံးခန်းပေါ် သူတက်သွားလိုက်သေးတယ် ကျောင်းကျန်းမာရေးကိစ္စ၊ ကျောင်းထဲမှာ ခြင်ယင်ကင်းအောင် ဆေးဖြန်းချင်လို့.. အဲဒါ မြို့နယ် ကျန်းမာရေးဌာနနဲ့ ညှိုပြီး လာမယ့် ကျောင်းပိတ်ရက်မှာ ဆောင်ရွက်ပေးဖို့ ကျောင်းအုပ်ကြီးက တာဝန်ပေးနေတယ်..။ အော်ဒါနဲ့ဆရာ လာမယ့်လမှာ ဒေါ်သီတာထွန်းက ဆေးခွင့်တစ်လတောင်းထားတယ် အဲဒါ သူ့အတန်းကို ဆရာ အတန်းပိုင်အဖြစ် ခဏကိုင်ပေးပါလို့…။ ကျွန်တော် သူ့အချိန်တွေတော့ အစားဝင်ပေးလို့ မဖြစ်ဖူးနော် ဆရာမကြီး.. ။ အော်ဟုတ်ကဲ့ပါ.. သူအတန်းကိုပဲ အတန်းပိုင်ဆရာခဏယူပေးထားယုံပဲ ဆရာ.. ။ သူ့အတန်းချိန်တွေကို တခြားဆရာမတွေ အစားဝင်ပေးဖို့ ကျွန်မပြောထားပါ့မယ် ..။ ဟုတ်ကဲ့ အဲဒါဆိုရင် တော့အဆင်ပြေလောက်ပါတယ် ဆရာမကြီး ကျွန်တော်လည်း အား/ကာ အချိန်တွေလည်း ယူထားတာမို့ပါ..။

ညနေပိုင်း နှစ်တန်း ၀င်ပြီ  သူ အားကစားအချိန် အတွက် ကလေးတွေကို တစ်တန်းဝင်ပေးရသည်။ ဒါပေမယ့် တော်တော် စိတ်ပျက်ဖို့ကောင်းတဲ့ အနေအထားပဲ ကလေးတွေကို ခြေလှုပ်ခေါင်းလှုပ် စိတ်ရှုပ်အောင် လုပ်ပေးရုံပဲ..။ ကျောင်းမှာ အားကစားပစ္စည်း မရှိသလို အားကစားရုံလည်း မရှိပါ..။ သူ တစ်ခါတော့ မိဘဆရာ အသင်း အစည်းအဝေးမှာ တင်ပြတောင်း ဆိုဖူးတယ် ..။ ဒါပေမယ့် စဉ်းစားပေးပါမယ် ဆိုတဲ့စကားနဲ့ စာမလာ သတင်းမကြား ဖြစ်သွားရုံပဲ .. ကလေးတော် တော်များများက ကစားခုန်စား အားနည်းပုံရတယ်.. .။ တချို့ကျတော့ ဘာရယ်မဟုတ် လက်လက်ထ တွေ့ကရာနဲ့ကို အငြိမ်မနေနိုင်တာမျိုးလည်း ရှိတော့ ..။ သူကတော့ ဆရာဆိုတော့ မသိမသာ လွှတ်ပေးထားတတ်သည် ..။ ဆရာမတွေ လက်ထဲမှာတော့ ဒီကောင်တွေ တုတ်တုတ်မျှမလှုပ်ရဲ..။ ကျောင်းဆိုတာ စာချည်းပဲ သင်ရုံဆိုရင် ဘာတန်ဖိုးရှိမှာလည်း သူလည်း ဘာကောင်မှမဟုတ်တော့ အဲဒီလို မေးခွန်းမျိုးတွေကို တုံဏှိဘာဝေ လုပ်နေခဲ့တာ ကြာပြီ။
ဆရာကျောင်းလမ်းထိပ်မှာ ဂျူတီယူပေးပါဦးဆရာ ကျောင်းလွှတ်တော့မှာမို့တဲ့ ကျောင်းစောင့် အဘိုးကြီး လာပြောတော့ သူ့ အတန်းထဲက ကောင်တွေကို ငြိမ်ခိုင်းပြီး သူ  ကျောင်းလမ်းထိပ် မတ်တပ်ထွက် လမ်းသလားနေလိုက်သေးတယ်…။ ဆရာ ဆရာ.. တက္ကဆီ တစ်စီးပေါ်က အပြေးအလွှားလှမ်းခေါ်သံ ကြားတော့ လှမ်းကြည့်လိုက်တော့ … လားလား အောင်ကျော်မိုး.. အေး ..ဟကောင် တက္ကဆီတွေ ဘာတွေ မောင်းလို့ အခြေအနေမကောင်းဘူးလား … ဟုတ်တယ်ဆရာ .. အချိန်ရရင် ဆရာနဲ့ စကားပြောချင်လို့.. အေး ခဏတော့ စောင့်ဦးဟ ကျောင်းလွှတ်ပြီးမှ ငါ အားမှာ.. အခု ကလေးတွေ လွှတ်တာကို ခဏ စောင့်ရဦးမယ်..။ ပြောရင်းဆိုးရင်း အဖြူအစိမ်းလေးတွေက ဆူဆူညံညံ ပွက်လောရိုက် ထွက်လာတယ်.. ။ ကားတွေသေချာကြည့်ကူး  … ဟေ့ကောင်တွေ အိမ်တန်းတန်းပြန်နော်…။ တချို့ကလေးတွေက ဆရာ မင်္ဂလာပါ..  တချို့လည်း လက်ပိုက်ပြီး ခေါင်းငုံ့သွားကြတယ်..။ အခု ကလေးတွေက ကျွန်တော်တို့ထက် ပိုလိမ္မာသလိုပဲနော် အောင်ကျော်မိုးက လှမ်းပြောတယ် ..။ ကလေးဆိုတာ ကလေးပါပဲကွာ … ဆိုးတယ် မိုက်တယ် ရယ်လို့လည်း မဟုတ်ပါဘူး ဇွတ်အတင်းကြီး လိမ္မာနေပြန်လည်း မကောင်းပါဘူး.. သဘာဝအတိုင်း သွားနေတာ အကောင်း ဆုံးပဲ…။


ကဲ တပည့် မင်း ကိုအောင်မင်း လက်ဖက်ရည်ဆိုင်ကနေ စောင့်နေလိုက် .။ ဆရာ ရုံးခန်းမှာ လက်မှတ်ထိုးပြီး လာခဲ့လိုက်မယ်..။ ဟုတ်ကဲ့ဆရာ..။
သူ လက်ဖက်ရည်ဆိုင် ထဲ လှမ်းဝင်တော့ အောင်ကျော်မိုးက လက်လှမ်းပြသည်.. ခုံပုလေးဆွဲပြီး သူဝင်ထိုင်လိုက်တော့ ဆရာ ဘာသောက်မလည်း။ ရတယ် ကိုအောင်မင်း သိတယ်..။ သိပ်မကြာခင်ပဲ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုအောင်မင်းက ကျစိမ့် တစ်ခွက်နဲ့ ဆေးပေါ့လိပ်လာချပေးသည်..။ ဆရာ စီးကရက်သောက်ပါလား .. မသောက်ပါဘူးကွာ ဒီမှာလည်း စီးကရက်ရောင်းပါတယ် ဆေးပေါ့လိပ်က ငါနဲ့ကိုအောင်မင်း နှစ်ယောက်ပဲသောက်တာ..။ ပြောစမ်းပါဦး မင်းကိစ္စ မင်းမိန်းမနဲ့ကော အဆင်ပြေလား ကလေးကောရပြီလား.. ။ ကျွန်တော်ပြောချင်တာလည်း အဲဒါပါပဲ ဆရာ… ။ ကျွန်တော် အိမ်ထောင်ရေးက သိပ်အဆင်မပြေလို့ ဆရာ။ ဆရာသိတဲ့အတိုင်း ကျွန်တော် ကိုးတန်းနဲ့ မိန်းမခိုးပြေးပြီး ကျောင်းထွက် လိုက်တာ ဆရာမှတ်မိမှာပေါ့ ။ ကျွန်တော့် ကောင်မလေးနဲ့က ကျူရှင်မှာ တွေ့ပြီးကြိုက်တာ အဲဒီတုန်းက ကျွန်တော် ကလည်းသည်းသည်း သူကလည်း ကဲကဲ ဆိုတော့ နှစ်ယောက်လုံး ဆယ်တန်းတောင် မအောင်ဘူးလေ.. ။ အခု အဲဒီဒုက္ခကျွန်တော်ဘ၀ကို လှလှကြီးပေးတော့တာပဲ..။ ပြောရရင်တော့ အရှည်ကြီးပဲဆရာ ဆရာလည်း တချို့ဟာတွေ သိတန်သလောက်သိတယ်…။ ကျွန်တော့်အဖေ့ကလည်း ငယ်ငယ်ရွယ်ရွယ် မိန်းမယူလို့ ဒေါသပုန်ထပြီး ကျွန်တော့်ကို လုံးဝကို စကားမပြောတော့ဘူး.. အဖေက အမှန်ဆို သူ့လုပ်ငန်းမှာ ဦးစီးပြီး သူနေရာချထားပေးတာနဲ့ ယူစေချင်တာ..။ ကျွန်တော်ကလည်း ငယ်သေးတော့ ရောဂါသည်းပြီး ရူးရူးမိုက်မိုက်အိမ်ထောင်ကျ သွားတယ် ဆရာ.. ပထမတစ်နှစ်တော့ ဒုက္ခကချိုမြိန်သလိုပေါ့ ဆရာရယ် အားတွေမာန်တွေနဲ့ အချစ်ကလည်း သိပ်မခါးသေးဘူး..။ ဒါပေမယ့် ရက်တွေလတွေ ကြာလာတော့ အခြေအနေမှန်တွေ တဖြည်းဖြည်းပေါ်လာတယ် ဆရာ.. ။ ကျွန်တော့်အဖေကတော့ ကျွန်တော့်ကို လက်ခံမတွေ့ပေမယ့် လုပ်နိုင်ကိုင်နိုင်မယ့် ငွေလုံးငွေရင်းလေးတော့ ထုတ်ပေးလိုက်ပါတယ်..။ ဒါပေမယ့် ကျွန်တော့်မိန်းမဘက်က အမျိုးတွေနဲ့ ကောင်မလေးကပါ..  သမက်သူဠေးဆိုတဲ့ ပုံမျိုးလုပ်တော့ ကျွန်တော် ပိုက်ဆံလည်း အလုပ်မလုပ်ရဘူး ကုန်သွားတယ်..။ အခုတော့ သိပ်အဆင်မပြေလို့ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကားထွက်မောင်းနေရတာ … ဆရာ။  မိန်းမကလည်း ကျွန်တော့်ဘ၀ နိမ့်ပါးနေတော့ သိပ်မတည်ငြိမ်ချင်ဘူး ဆရာ။ စကားလည်း ခဏခဏများတယ် ။ ယောက္ခမအိမ်ပြန်မယ် ဆိုပြီး ခြိမ်းချောက်လို ခြိမ်းချောက်နဲ့..။ ကလေးလည်း မရသေးပေမယ့် ကျွန်တော်ဘ၀မှာ အမှားတစ်ခုကနေ နောက်တစ်ခု ထပ်မဖြစ်ချင်လို့ သည်းခံနေရတယ် ဆရာ..။ အဲဒါ အခု အိမ်ထောင်ရေးကို ရှေ့ဆက်သွားသင့် မသွားသင့် ကျွန်တော် စဉ်းစားနေတာ အဖြေမရလို့.. ဆရာနဲ့တွေ့တာ အတော်ပဲဖြစ်သွားတယ်..။


ဟ .. မင်းဟာက မဟုတ်သေးပါဘူး .. ဒါက ကလေးဘ၀  စာသင်ခန်းထဲမှာ မဟုတ်ဘူးလေ… ငါတို့ အဖြေမှားလည်း ဆရာက အဖြေမှန်ရှာပေးရမလို ဖြစ်နေပြီ..။ တချို့ ကိစ္စတွေမှာ အဖြေမှန် အဖြေမှားမရှိဘူးဟာ ..။ ဘာလို့လည်း ဆိုတော့ ဘ၀ဆိုတာ စာမေးပွဲစစ်နေတာ မဟုတ်လို့ပဲ..။ ဘ၀ဆိုတာ ပန်းချီဆွဲနေတာနဲ့ တူတယ်.. မင်းဆွဲချင်လို့ဆွဲတယ် .. ပြီးချင်လည်း ပြီးမယ် မပြီးချင်လည်း မပြီးဘူး ကောင်းချင်းလည်းကောင်းမယ် မကောင်းချင်လည်း မကောင်းဘူး ရောင်းချင်လည်း ရောင်းရမယ် မရောင်းချင်လည်း မရောင်းရဘူး..။ မင်းပန်းချီဆွဲချင်တယ် မင်းပန်းချီဆွဲတယ်..။ ဒါပါပဲ..။ ဘ၀ဆိုတာ အဖြေမှန်တွေကို လိုက်ရှာနေတာ မဟုတ်ပါဘူး ..။ ကျတဲ့ဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်ရုံပဲလို့ ဆရာထင်တယ်..။ ဒါပေမယ့် ဒါလည်း သိပ်မသေချာဘူး .. ဆရာက ဒဿနဆရာမှ မဟုတ်တာ.. ။ ဆရာသေချာသိတာ တစ်ခုရှိတယ် ဆရာလည်း ဘ၀ကို သေချာမသိဘူး ဆိုတာ ..။ မင်းအခုကားမောင်းတယ် မင်းခရီးသည်တွေ အကောင်းဆုံးဖြစ်ရင် မင်းလည်း တဖြည်းဖြည်းကျေနပ်လာလိမ့်မယ်..။ ဆရာအခု စာသင်တယ် ဆရာတပည့်တွေ အတွက် အကောင်းဆုံးဖြစ်အောင် သင်တယ်..။ အဲဒါဆို ဆရာ့ဘက်က ပြီးပြီပဲ… အရာအားလုံးက ကိုယ့်လက်တစ်နိုင်စာလေးကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ဖို့လောက်ပါပဲ…။ ရလဒ်အကြီးကြီးတွေကျတော့ အဖြစ်အပျက်တွေအများကြီးပေါ်မှာ အသေးစိတ် အခြေခံဖြစ်ပေါ်လာတာလေ..။ ဆရာတစ်ကိုယ်ရည် တစ်ကာယ ဘ၀နဲ့ မဆိုင်တော့ဘူး..။ ဟုတ်တယ်ဆရာ ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ တစ်ရက်ချင်းကို အဆင်ပြေကျေနပ်အောင် ရင်ဆိုင်နေထိုင်နေရတာပဲ.. တစ်ခါတစ်လေ ကျွန်တော်ဟာ ကျွန်တော်မဟုတ်သလို ခံစားမိလာရတယ်..။ အေး ဒီလိုပါပဲကွာ ငါလည်း အဲဒီလိုခံစားမှုတွေ ကြုံခဲ့ဖူးပါတယ်…။ ကဲ မင်းလည်းကားဆွဲတော့ ငါလည်း ရထားအမှီ ၀ှီလိုက်ဦးမယ်..။

ဂွီ... ဂွီ  မင်္ဂလာဒုံဘက်သို့ ရန်ကုန်မှ ထွက်ခွာမည့် အစုန်ရထားသည် အမှတ်(၃) စင်္ကြန် နံပါတ် ၅ ပလက်ဖောင်းပေါ်သို့ ဆိုက်ကပ်ပြီး မင်္ဂလာဒုံသို့ အချိန်အနည်းငယ်အတွင် ဆက်လက်ထွက်ခွာပါမည်...။ အမြဲတမ်း ကြားရတတ်တဲ့ အိပ်ချင်မူးတူး ကြေငြာချက်ကို စစ်ကြိုခေတ် လော်စပီကာနဲ့ နားထောင်ပြီး သကာလတော့ သူ ရထားပေါ်တက်ထိုင် လိုက်တယ်..။ အရင်ကလို မပြောင်းလဲတာ  ဒီရထားနဲ့သူပဲ ရှိပါလားလို့ မဆီမဆိုင် တွေးမိလိုက်သေးတယ်…။ ကျောင်းဆရာ ဒီနေ့နောက်ကျပါလား ဘေးကလူ အထုပ်အပိုးနဲ့ လူက လှမ်းနှုတ်ဆက်တော့ လက်ကို ဓားနဲ့ခဏခဏ လှီးပြပြီး သွေးတိတ်ဆေးရောင်းတဲ့ လူ… ဘယ်လိုလည်း ဒီနေ့ တွက်ခြေကိုက်ရဲ့လား၊  ထုံစံအတိုင်းပေါ့ ကျောင်းဆရာရယ် ဒီစကားကလည်း မပြောင်းမလဲ အတော်တော်ကြာကြာကတည်းက ခဏခဏ ကြားနေရတာ..။ ညနေက တပည့်ဟောင်း အကြောင်းကို ပြန်စဉ်းစားမိရင်း သူအတွေးက လွန်ခဲ့တဲ့ ၂၇နှစ်က အဖြူအမည်းကားချပ်တွေကို သတိရမိတယ် မန္တလေး တောင်ပေါ်က သူနဲ့ နွယ်ရဲ့ အဖြူအမည်း ဓါတ်ပုံလေး တစ်ပုံ သူမှာ အခုထိရှိတုန်းပဲ ..။ မန္တလေး မြိုမ သီချင်း မန်းဆရာ အတတ်သင် … စက်ဘီးလေးတွေ ညနေခင်းကျူံးဘေးက လေညှင်း ဘ၀ဟာလွမ်းစရာတွေချည်းပဲ ..။ လွန်ခဲ့တဲ့ နှစ်နှစ်က မန္တလေးရောက်တော့ ဆိုင်ကယ်တွေ စကတ်တိုတွေ ဂျင်းပင်တွေနဲ့ လူငယ်တွေကိုတွေ့ခဲ့သေးတယ်.. ။ သမီးက အိုင်အီးအယ်တီအက်စ် တို့ တိုဖလ်ယ်တို့ တက်ချင်တယ်ဆိုတော့ အဖေစုံစမ်းပေးခဲ့ပါမယ်..။ အဖေများသိမလားလို့တဲ့ အလယ်တန်း အင်္ဂလိပ်စာနည်းပြကို သမီးက သိပ်အထင်ကြီးပုံမရ..။ သူ့အမေကတော့ စီးပွားရေးသမားမို့ နင့်အဖေမေးကြည့်တဲ့ ရန်ကုန်မှာ တက်ရမှာဆို သိပ်မလွှတ်ချင်တဲ့ သဘောလည်းပါနေတယ်..။ ထားတော့ ဘ၀တွေဟာ ခြားသွားရင်.. တစ်ယောက်နဲ့တစ်ယောက် လမ်းကြောင်းတွေမှ မတူတော့တာ..။ သူလည်း အိမ်ထောင်ကျခါစကတော့ အဆင်ပြေအောင် ကြိုးစားမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲ… ဒါပေမယ့် ကျောင်းဆရာပေါက်စ လစာလေးနဲ့ ချစ်ခြင်းဟာ သိပ်ကြာကြာမခံပါဘူး အရည်ပျော်ကျသွားတာပဲ … သူဘာလို့ ကျောင်းဆရာဘ၀ကို ရွေးခဲ့တာလည်း .. တစ်ရွာလုံးမှ ပထဆုံး ဆယ်တန်းအောင်တာ သူဖြစ်နေရတာကို ရွာကိုစာပြန်သင်ဖို့… ရွာက လည်းအကုန်လုံးက သောင်းသောင်းဖြဖြ တက်တက်ကြွကြွ လေးလေး စားစား အားပေးခဲ့တာပဲ…။ ဆယ်တန်းမအောင်ပဲ ရွာကတက်လာတဲ့ သူသူငယ်ချင်းတစ်ချို့တောင် အီလည်လည်နဲ့ အောင်မြင်သွားကြတဲ့တယ် … သူကတော့ ရှင်းရှင်းလင်းလင်းကြီးကို ကျောင်းဆရာတစ်ယောက်ဘ၀မှာ ပီတိတွေနဲ့ နွယ်နဲ့သူ အိမ်ထောင်ရေးက သုံးနှစ်သာသာလေးမှာပဲ … ဇာတ်လမ်းဆုံးသွားတယ် … သမီးကို ပစ်ထားနိုင်ပေမယ့် မြေးအနှစ်ကိုတော့ မပစ်နိုင်တဲ့ ယောက္ခမ ကုန်သည်က သမက်ကိုထားပြီး … သမီးနဲ့မြေးကိုပဲ ခေါ်သွားနိုင်လောက်အောင် ပြတ်သားခဲ့တယ.်..။ အရင်ကတော့ စိတ်ထဲက တစ်သက်မုန်းမယ် ဆိုတဲ့ယောက္ခမကို အခုတော့ သူကျိတ်လေးစားမိနေပါတယ် … အားနာတာနဲ့  မပြတ်သားတာနဲ့ ဇဝေဇ၀ါနဲ့ ကျေးဇူးတရားနဲ့ … အရာရာကို တခြားသူစိတ်တွေကိုသာ ဦးစားပေးနားထောင်တတ်တဲ့အကျင့်က သူ့ကို ဆယ်ပေပါတ်လည် အခန်းလေးထဲမှာ အလင်းရောင်မှိန်မှိန်နဲ့ထားခဲ့ပြီလေ..။ သူကိုယ်သူ အကြောင်းတွေ ပြန်နားထောင်ဖို့ သူ့နားကတော့ သိပ်မကောင်းတော့ဘူး..။
ဘော်…ဘူ… ၁၆ဘူတာ မိုင်နှစ်ဆယ် နီးပါး ဖြတ်သန်းလာပြီးနောက်တော့ သူနေတဲ့ ဆင်ခြေဖုန်း ရပ်ကွက်လေးထဲကို ရောက်ရှိလာပါတယ်.. ။ မှောင်ရီပျိုးနေပြီ ဆိုပေမယ့် ကလေးတွေ ရှုပ်ထွေး နေတုန်း..။ လမ်းထိပ်က ဆိုက်ကားနင်းတဲ့ ၀င်းသော်က ဆရာကျွန်တော်လိုက်ပို့ပေးရမလား.. အေးငါ့ကိုတော့မပိုနဲ့ကွာ မင်းအားရင်ဆရာ့အတွက် ရှစ်ပါတ်ပြားလေး သွားဝယ်ပေး.. ပြီးရင် ဆရာ့အိမ်လာပို့လိုက် ဟုတ်ကဲ့ဆရာဆိုပြီး ၀င်းသော်ထွက်သွားတယ်..။ သူကလေးတွေကို နှုတ်ဆက် လမ်းသွားလမ်းလာ ကွမ်းယာဆိုင်မှာ ဆေးပေါ့လိပ်ထပ်ဝယ်ပြီး.. အိမ်လို့ခေါ်တဲ့ မြေစိုက် ဓနိမိုးတရံကာ အခန်းလေးကို လှမ်းဝင်လိုက်တယ်..။ နောက်ဘက်က အိမ်ရှင် ဒေါ်အေးသင်းက ကျောင်းဆရာပြန်လာပြီလား ဒီနေ့နောက်ကျတယ် … ဦးထွန်းမြတ်ကတောင် ထမင်းစားဖို့စောင့်နေသေးတယ်.. သူဒီနေ့ ပန်းရံကန်ထရိုက်တစ်ခု ထပ်ရလို့ အဲဒါ ကျောင်းဆရာလာရင် အတူသောက်မယ် လုပ်နေတာ ထမင်းလည်း ပိုချက်ထားတယ် ခဏနေ ပေတိုးနဲ့ ပို့ခိုင်းလိုက်မယ်… ဟာ ကျေးဇူးပါ ဒေါ်အေးသင်း ..။ ခဏနေတော့ ပေတိုးက ထမင်းနဲ့ဟင်းတွေ လာပို့တယ်… မီးပျက်နေလို့ ဘထ္ထရီ မီးချောင်းလေးထွန်းပြီး အမှတ်ခြစ်ရမယ့် အဖြေလွှာစာအုပ်ကိုဆွဲလိုက်တယ်… စိတ်ထဲမှာ နည်းနည်း မှုန်းမှိုင်းနေသလိုပဲ … အဖြေလွှာ တစ်ထပ်ကြီးကို စားပွဲဘေးချပြီး .. ပေတိုးလာပေးတဲ့ ထမင်းနဲ့ဟင်းကိုတင်လို.. သိပ်မကြာခင်ပဲ ၀င်းသော်က သတင်းစာလေးနဲ့အုပ်ပြီး လာပေးတဲ့ ပုလင်းကိုဖွင့်လိုက်တယ် … ၀င်သော်သောက်သွားဦးလေ ဆိုတော့ ဟာ အားနာပါတယ် ဆရာ ကျွန်တော်ဆိုက်ကားဆွဲ လိုက်ဦးမယ်… အေးအေး အဲဒါဆိုလည်း ပြီးရော… ။ ရေသန့်ဘူးကို ခါးလည်က ဖြတ်ပိုင်းလိုက်ရင် ခွက်ဖြစ်တယ်ဆိုတာ … ဘ၀မှာ တချို့လူတွေ သိပါ့မလား မသိဘူး… သူကတော့ ဘ၀မှာ မသိတာတွေ အများကြီးပေမယ့်..သောက်ပြီးသားရေသန့်ဘူးတွေကိုတောင် ခွက်တစ်ခုအနေနဲ့ အသုံးဝင်ချင်ဝင်နိုင်ဦးမှာပဲ တွေးတောမိရင်း…..


မိုးလှိုင်ည





လွန်ခဲ့တဲ့ တစ်နှစ်ခန့်က ဒီမိုကရေစီအစိုးရသစ် တက်ခါစပေါ့ … ကျွန်တော့်အဖေက ဂျာနယ်တစ်စောင်ဖတ်ပြီး ကျွန်တော့်ကိုပြောတယ် ခုံးကျော်တံတားသုံးစင်းကို လေးလအတွင်းဆောက်မယ်တဲ့  ဖြစ်နိုင်ပါ့မလားကွတဲ့ အဲဒီအချိန် သူရုံးတက်ရုံးဆင်း ဖြတ်ဖြတ်သွားရတဲ့ သိမ်ဖြူထိပ်က မြောင်းကျော်တံတားလေးတစ်စင်း ဆောက်နေတာတောင် ရှစ်လလောက် အချိန်ယူနေရတာမို့ ကားပိတ်တိုင်း သူစိတ်ညစ်နေကြမို့…။  ကျွန်တော်က နိုင်ငံခြားကုမဏီတွေ လာဆောက်ရင်တော့ ဖြစ်ချင်ဖြစ်နိုင်မှာပေါ့ အဖေရာလို့ မယုတ်မလွန်ပြောလိုက်ပါသေးတယ်…။ ဒါပေမယ့် ကျွန်တော်က ဒီလိုဆက်တွေးမိတယ် … ဒီအချိန်က ဂုံးကျော်တံတားလောက် ဆောက်ရမယ့်အချိန်မှ မဟုတ်တာ … မိုးပျံတံတားတွေ မြေအောက်ဥမှင်တွေ ဆောက်မှ ဖွံ့ဖြိုးမှုနှုန်းကို အရှိန်မပျက်ဆက်ထိန်းထားနိုင်မှာပါ … ရန်ကုန်နဲ့ တခြားမြို့ကြီးအနည်းငယ်ဟာ မကြာခင်နှစ်ကာလအတွင်းမှာ မီဂါစီးတီးမြို့တွေ့အဖြစ်အလျင်အမြန် ပြောင်းလဲသွားပါလိမ့်မယ် ဆိုရင် စာဖတ်သူတချို့က ကြွားလှချည်လားလို့ ထင်ချင်ထင်မိပါလိမ့်မယ် …။ 

ဒါပေမယ့် ဆိုရှယ်လစ်ခေတ်ပြောင်းပြီး ဆယ့်ငါ့းနှစ်အတွင်းမှာ ရန်ကုန်မြို့ကွက်ဟာ နှစ်ဆသုံးဆ ပိုမိုကျယ်ဝန်းလာတာ လူဦးရေ ပိုမိုထူထပ်လာတာရယ် ယခင်က ရန်ကုန် မန်းတလေး မြို့ကြီးတွေကို နယ်မြို့တွေကျေးရွာတွေ ကသာ ရွေ့ပြောင်းနေထိုင်သူရောက်ရှိ လာတတ်ပေမယ့် … ယခု အပြောင်းအလဲ ကာလတိုလေးမှာတောင် နိုင်ငံတကာက လူတွေ အလုပ်အကိုင်အခွင့်အလမ်း အတွက် မြန်မာပြည်ရဲ့ မြို့ကြီးတွေကို တဖွဲဖွဲဝင်ရောက်လာနေတာ ကိုကြည့်ခြင်းအားဖြင့် မြန်မာနိုင်ငံရဲ့ မြို့တွေဟာ လာမယ့်ဆယ့်စုနှစ်အတွင်းမှာ ဖွံဖြို့မှုဟာ နှစ်ဆသုံးဆထက် ပိုမိုလာမယ်လို့ ခန့်မှန်းရပါလိမ့်မယ်။ 
တယ်ဆိုတဲ့ စာပါလား ငါ့တူရဲ့ ဒီမိုကရေစီက နုနု မုန်တိုင်းကထန်ထန်လို့ သမတကြီးကဆိုပြန်သတဲ့ မင့်ဟာက နောက်ကြောင်း ပြန်မလှည့်ပါမှ  စစ်အာဏာထပ်မသိမ်းပါမှလို့ အစိုးရိမ်ကြီးသူတွေရှိကောင်းရှိနေမှာပါ..။ ဒါပေမယ့် ကျွန်တော် ရှင်းပြပါရစေ လူသားသမိုင်းမှာ နောက်ကြောင်းပြန်လှည့်တယ် ဆိုတာ စကားလုံးအနေနဲ့ပဲ ရှိပါတယ် အနှစ်သာရအရတော့ ကွဲပြားခြားနားပါတယ်..။ ကျွန်တော်တို့ လွတ်လပ်ရေးရပြီး ကုန်းဘောင်ခေတ်ကို ပြန်မရောက်သလိုပေါ့ … ဒါမှမဟုတ် န၀တအာဏာသိမ်းပြီး ဆိုရှယ်လစ်ခေတ်ကိုပြန်ရောက်သွားတာ မျိုးမှမရှိတာ … ရှေ့မတိုးရင်သာနေမယ် သေချာတာကတော့ နောက်ကြောင်းပြန်လှည့်လို့မရဘူးဆိုတာပါ ။ ဒီကြားထဲကမှ နည်းပညာနဲ့ ခေတ်ကာလဟာ ကျွန်တော်တို့ နေခဲ့ချင်ပါတယ် ဆိုရင်တောင် သမိုင်းခေတ်ထဲမှာ မထားခဲ့ပါဘူး ..။ ဘာလင်တံတိုင်းပြိုကျပြီး ဂလိုဘယ်လိုက်ဇေးရှင်းမှာ နိုင်ငံတွေနယ်နိမိတ်ဆိုတာ မြေပုံပေါ်က မျဉ်းကြောင်းတွေ အနေပဲရှိနေတော့တယ် တံခါးပိတ်ထားတယ် ဆိုတဲ့ တိုင်းပြည်တွေမှာတောင် မလွယ်ပေါက်တွေကနေ ချိတ်ဆက်နေကြတာ မျိုးပါ…။ ဒါက ဈေးကွက်စနစ်ရဲ့ အောင်ပွဲတစ်ရပ်လည်းဖြစ်ပါတယ်..။ 


ကဲဆိုပါတော့ နိုင်ငံရေးစီးပွားရေးနဲ့ မိုးပျံတံတားတွေ ဥမှင်လှိုဏ်ခေါင်းတွေအကြောင်း ချိတ်ဆက်ကြည့်ကြတာပေါ့..။ တစ်ရက်တော့ ကျွန်တော့်မိတ်ဆွေတစ်ယောက်နဲ့ ယာဉ်လမ်းပိတ်ဆို့မှုတွေ အကြောင်းပြောနေရင်းနဲ့ မိုးပျံတံတားတွေ အကြောင်းဘက်ရောက်သွားတယ် ဖြစ်ပုံကဒီလို… တစ်နေ့ထက်တစ်နေ့ များပြားလာတဲ့ ယာဉ်ကျောပိတ်ဆို့မှုတွေ များပြားလာတဲ့ ယာဉ်အရေအတွက်နဲ့အတူ ပြိုင်တူတိုးတက်များပြားလာပါတယ်..။ ဒါဟာ ယာဉ်တင်သွင်းခွင့်မပြင်ဆင် ကတည်းက ထည့်သွင်းစဉ်းစားရမယ့် ပြသနာပါ..။ ဒါပေမယ့် ကျွန်တော်တို့ နိုင်ငံမှာ အစိုးရနဲ့ တာဝန်ရှိသူတွေ အများစုဟာ ရေတိုစီမံကိန်းတွေအရသာ နိုင်ငံရေးအမြတ် လူမှုဘ၀အလှည့်အပြောင်းကို ဖန်တီးလေ့ရှိပါတယ် ..။ နှစ်ပေါင်းများစွာ ခံမယ့် စီမံကိန်းမျိုးကိုရေးဆွဲတတ်တဲ့ အလေ့အထနည်းပါးတဲ့အပြင် တကယ့်ပညာတတ် ပညာရှင်တွေအကြံဥာဏ်ကို ယူဖို့ထက် မင်းပါးစိုးပါးကပ်မြှောင် စီးပွားရေးသမားတွေကိုပဲ အားကိုးတတ်လေ့ရှိပါတယ် ..။ ကျွန်တော်တို့ နှစ်ပေါင်းများစွာ လမ်းတွေဖောက် တံတားတွေ ဆောက်နေပေမယ့် ငါးနှစ်တစ်ကြိမ်လောက်ပြန်ပြင် ပြန်ချဲ့ပြန်ဖောက် ပြန်ဆောက်နဲ့ ဆိုတော့ ကျွန်တော်တို့ အနေနဲ့ တိုင်းပြည်ဟာ အခြေမငြိမ်သေးတာ တွေ့နေရပါတယ်..။ တစ်ခါတစ်ခါ နှစ်ပေါင်းထောင်ချီ ဒီတိုင်းပြည်ကြီးရှိခဲ့တာ အခုထက်ထိ လမ်းဖောက်လို့မပြီးသေးဘူး ဆိုတာ တခြားနိုင်ငံတခြားလူမျိုးတွေ ကြားမှာရှက်စရာဖြစ်နေပါတယ်..။ ဥပမာအနေနဲ့ ဆိုရရင် မြောက်ဒဂုံနဲ့ တောင်ဥကလာပ မြို့နယ်တို့ ဆက်သွယ်တဲ့ တံတားဆိုရင် ဆယ်စုနှစ် တစ်ခုစွန်းစွန်းမှာ နောက်ထပ်ပူးတွဲတံတားတစ်စင်း ထပ်ထိုးရပါတယ် အစကတည်းက တံတားအကြီးထိုးထားခဲ့ရင် တိုင်းပြည်ပိုက်ဆံတွေ အများကြီးချွေတာနိုင်ပါတယ်..။ အခုတော့ နှစ်ခါသုံးခါ တစ်သက်လုံး ပျက်အစဉ် ပြင်လည်း ခဏတွေနဲ့တော့ ဒီတိုင်းပြည်ချွတ်ခြုံကျနေတာ မဆန်းပါဘူး..။ 

ကျွန်တော်တို့ နိုင်ငံဟာ အပြောင်းအလဲ လမ်းစပေါ်မှာ ရောက်နေပါပြီ..။ ဒါပေမယ့် လွှတ်တော်ရှိလာပြီ နိုင်ငံရေးသမားတွေ ရှိလာပြီ … ဒါပေမယ့် ကောင်းကောင်း မလည်ပါတ်သေးတဲ့ အင်ဂျင်အဟောင်းကြီး တစ်လုံးလို့ တစ်ဂျုံးဂျူံးမြည်ပြီး ထိုးထိုးရပ် ချင်နေပါသေးတယ်… အဲဒီနေရာမှာ ဆရာမြို့မငြိမ်းရဲ့ ခေတ်မှီမှီ ကမာကြည့်ကြည့်မြင် ဆိုတဲ့စာသားကို ကျွန်တော် သွားအမှတ်ရမိပါတယ် တာဝန်ရှိသူတွေ ဥဏ်ပညာကြီးကြပါစေ..။ ကျွန်တော်တို့ဟာ မလုပ်တတ်တဲ့ အလုပ်တွေကို တတ်ယောင်ကား လုပ်စရာမလိုတော့ပါဘူး ..။ လုပ်တတ်တဲ့ လူကိုငှားခိုင်းလိုက်ရုံပါပဲ လမ်းတွေ တံတားတွေ ဆိုတာ ဖွံ့ဖြိုးတိုးတက်မှုအတွက် အခြေခံအကျဆုံးအရင်းမြစ်တွေပါ … အဲဒါကို အစိုးရနဲ့ ပလဲနံပသင့်တဲ့ ခရိုနီ ကုမဏီတွေက တတ်ယောင်ကား လျှောက်လုပ်နေရုံနဲ့ တိုင်းပြည်ဟာ ပျက်အစဉ် ပြင်မရထဲမှာ နစ်နေပါလိမ့်မယ် ..။ နိုင်ငံရပ်ခြားက တကယ်တတ်တဲ့ ကျွမ်းကျင်တဲ့ ပညာရှင်တွေနဲ့ ကိုယ့်နိုင်ငံက လုပ်သားတွေ အင်ဂျင်နီယာတွေနဲ့ ပူးပေါင်း လုပ်ဆောင်မယ်ဆိုရင်တော့ ကိုယ့်အတွက် နည်းပညာလည်း ကျန်ခဲ့မယ် ကောင်းမွန်တဲ့ လမ်းတံတားအခြေအခံအရင်းအမြစ် တွေလည်းရရှိနိုင်ပါမယ်..။ ဒါကိုမှ ပေါချောင်ကောင်းပဲ လျှောက်လိုက်နေရင်တော့ မုန်လုံးကို စကူကပ်သလို နောက်နှစ်တစ်ထောင်ထပ်ကြာလည်း လမ်းဖောက်လို့မဆုံး တံတားဆောက်လို့မဆုံးဖြစ်နေဦးမှာပါ ..။ 
ဘယ်က ပိုက်ဆံနဲ့ နိုင်ငံခြားကုမဏီငှားရမှာလည်း ဘယ်ကငွေထုတ်ချေးမှာလည်း ငါတို့တိုင်းပြည်မှာ အကြွေးပါတ်ချာလည် ၀ိုင်းနေတာ ဘာရယ်ညာရယ်နဲ့တော့ အထွန့်မတက်ပါနဲ့…။ ကျွန်တော်တို့ တိုင်းပြည်အကြွေးပါတ်လည်ဝိုင်းတယ် ဆိုတာ ပြည်သူတွေ သုံးဖြုန်းထားလို့ မဟုတ်ပါဘူး အစိုးရနဲ့ ၀န်ထမ်းတွေရဲ့ စီမံခန့်ခွဲမှုအားနည်းတာ အဂတိလိုက်စားတာတွေ ကြောင့်ဆိုတာ ရှေ့မှာ ဗဟိုဦးစီးခေတ်နှစ်ခေတ်လုံး သင်ပုန်းခြေလို့မဆုံးနိုင်ရှိနေပါတယ် …။ အခုအချိန်က ခေါင်းဆောင် တွေအနေနဲ့ ရေတိုအကျိုးမြတ်လေးကိုပဲ ဦးစားပေးပြီး ဖုန်းလေးလျော့ရောင်းလိုက် ကားတင်သွင်းခွင့်လေး လက်ဆုပ်ဖြေလိုက်ရုံနဲ့ ပြည်သူ့ဘ၀တွေ တိုးတက်လာမှာမဟုတ်ပါဘူး ..။ အဲဒီတော့ ကမာနဲ့ရင်ပေါင်တန်းချင်ရင် တခြားနိုင်ငံတွေ ဘယ်လိုတွေးလည်း ဘယ်လိုလုပ်ကိုင်ဆောင်ရွက်လည်း ဆိုတာ လေ့လာကြည့်ရမှာပါ ..။ အခုတော့ မိုးပျံတံတားတွေ ဥမှင်လှိုက်ခေါင်းတွေ ဖောက်ရမယ့်အချိန်မှာ ခုံးကျော်တံတားဘေးမှာ ကျွန်တော်တို့က ယာဉ်ကျောပိတ်ရင်း အိပ်မောကျလိုပေါ့…။

အောင်ပိုင်စိုး



တခြားလူတွေကို ပြောနေတာမဟုတ်ပါဘူး စည်းကမ်းကို ဖြီးဖြန်းနေကြသူ များဆိုတာ ကျွန်တော်နဲ့ ကျွန်တော်ချစ်လှစွာသော နိုင်ငံသားချင်း အများစုကိုပါ..။ ကျွန်တော်တို့ အိမ်တွေထဲက ထွက်လိုက်တာနဲ့ ကျွန်တော် တို့ လမ်းပေါ်မှာ စည်းကမ်းမဲ့တာတွေ မထေမဲ့မြင်လုပ်တာတွေ..။ ဂျစ်တစ်တစ် ကန်တန်တန် ထီမထင်လုပ်တဲ့ ပုံစံတွေဟာ ကျွန်တော်တို့ အတွက် ရိုးရာဓလေ့လို ဖြစ်နေပါတယ်..။ အဲဒီထဲမှာမှ စည်းကမ်းအပျက်ဆုံး မြို့ဟာ ရန်ကုန်မြို့ပဲ ဖြစ်မှာပါ ဘာကြောင့်လည်းဆိုတာ ကျွန်တော့်အနေနဲ့ သိပ်သေချာပါတယ် ရန်ကုန်ဟာ မြန်မာပြည်မှာ လူအများဆုံး အကြီးဆုံးမြို့ ဖြစ်နေလို့ပါပဲ.. အဲဒါကြောင့် စည်းကမ်းအပျက်ဆုံးမြို့လည်း ဖြစ်နေမှာပါ..။

ကျွန်တော် ရန်ကုန်မှာ နှစ်သုံးဆယ် နေထိုင်မှု သက်တမ်းမှာ စည်းကမ်းရှိပါ ဆိုတဲ့ စာတမ်းဘုတ်ကြီးကို စစ်အာဏာရှင် အစိုးရ လက်ထက်က ဆိုင်းဘုတ်အနီကြီးတွေနဲ့ ရေးထားတာမျိုး တွေခဲ့ဖူးပါတယ်..။ ဒါပေမယ့် တစ်ယောက်မှလည်း အဲဒီ့ ဆိုင်းဘုတ်ကြီးရဲ့ စာသားအတိုင်း ဘယ်သူမှမနေထိုင်ခဲ့ပါမပြုမူခဲ့ဖူးပါဘူး ..။ ဘာကြောင့်လည်း မမေးနဲ့ ရေးတဲ့လူတွေ ကိုယ်တိုင်က စည်းကမ်းမရှိခဲ့လို့ပါ ..။ ကျွန်တော်တို့က စည်းကမ်းဆိုတာထက် စည်းမဲ့ကမ်းမဲ့ ဘောင်ကျော်ခဲ့ရတာကို သဘောတွေ့ကြတယ်လေ..။ အထာရှိမှ အကပ်ကောင်းမှ အမှီမြဲမှဆိုတဲ့အတွေးနဲ့ တစ်နိုင်ငံလုံး စိတ်ပိုင်းဆိုင်ရာ တန်ဖိုးတွေ ချွတ်ခြုံကျခဲ့ဖူးပါတယ်..။ စည်းကမ်းနဲ့ ဥပဒေကိုဘောင်ကျော်နိုင်တာကို ကျွန်တော်တို့က စွမ်းဆောင်ရည်ရှိတယ်လို့ ထင်မှတ်မှားခဲ့တယ်..။ လူတစ်ဦးတစ်ယောက် အနေနဲ့ စည်းကမ်းရှိကောင်းရှိနေနိုင်ပေမယ့် တစ်မျိုးသားလုံး အနေနဲ့တော့ ကျွန်တော်တို့ စည်းကမ်းမဲ့ခဲ့ကြတာ အသေအချာပါပဲ… အခုကော နောက်ကော အတိတ်ကကော ခေါင်းဆောင်ကောင်းတွေ  ပေါ်လာတိုင်း ကျွန်တော်တို့ကို စည်းကမ်းအကြောင်း အမြဲပြောရတယ်..။ ကျွန်တော်တို့ မှာ ဘယ်တော့မှမရှိတဲ့ အရာက စည်းကမ်းပါ..။

ဗိုလ်ချုပ်အောင်ဆန်း ဆုံးမတဲ့အတိုင်းပဲ လွတ်လပ်ပြီ ဆိုပြီး ပြည်သူပိုင်လမ်းပေါ်ကို ဆေးရိုး တက်မလှမ်းချင်ပါနဲ့ ဆိုသလိုပါ..။ ကျွန်တော်တို့ အခု ဒီမိုကရေစီပန်းတိုင်လေး လမ်းစပေါ်ပြီ ဆိုမှ လမ်းပေါ်မှာ စည်းကမ်းပျက်တာတွေက ပိုမိုများပြားလာပါတယ်..။ ကျွန်တော့်အနေနဲ့ စည်းကမ်းပျက်ရတဲ့ အကြောင်းကိုလည်း ဆွေးနွေးချင်သလို စည်းကမ်းထိန်းသိမ်း တဲ့အကြောင်းကိုလည်း ဆွေးနွေးချင်ပါတယ်..။ အခု ဆိုရင် နိုင်ငံတော်က မော်တော်ကား တင်သွင်းခွင့် မူဝါဒတွေကို လက်ဝါးကြီးအုပ်ထားခဲ့ရာက လက်ဆုပ်ဖြေချခဲ့ပါတယ်..။ ဒါဟာ လူလတ်တန်းစားတွေ ၀င်ငွေ အတန်အသင့်ကောင်းတဲ့ လူတွေ ကားစီးနိုင်ဖို့အိပ်မက်ကို ပိုမိုနီးကပ်စေခဲ့ပါတယ်..။ ပြဿနာက လမ်းပေါ်မှာ ကားတွေများလာပါတယ် ယာဉ်အိုယာဉ်ဟောင်း ဖျက်သိမ်းတာနဲ့ မကာမိပဲ ယာဉ်သစ်တွေ ပလူပျံသလို လမ်းပေါ်ထွက် လာကြတယ်..။ ပြီးတော့ လမ်းစည်းကမ်း ယာဉ်စည်းကမ်း ထိန်းသိမ်းမှုက အားပျော့နေတယ်..။ ကျွန်တော်တို့ နေ့စဉ်ရှင်သန် နေထိုင်ဖို့ လမ်းတွေပေါ်မှာ ကျွန်တော့်တို့ တစ်ယောက်ဘ၀ တစ်ယောက်အချိန်ကို လုယက်နေရတော့တာ ပါပဲ..။ ကျွန်တော်တို့ တစ်ယောက်ကို တစ်ယောက် လမ်းဖယ်မပေးချင်တော့ပါ ..။
တစ်ရက်တော့ ကျွန်တော် ရုံးကနေ အခမ်းအနား တစ်ခုဓါတ်ပုံရိုက်ဖို့ မိတ်ဆွေဓါတ်ပုံဆရာတွေနဲ့ ထွက်လာတယ် မြို့ထဲကနေ သမိုင်းဘက်ကို သွားရမှာ ခရီးကဝေးတော့ ရုံးက ကားနဲ့ လိုက်ပို့ပါတယ်..။ ဒါပေမယ့် တစ်လမ်းလုံး စည်းကမ်းဖောက်သူတွေ ကြောင့် လမ်းပေါ်မှာ ကုန်ရတဲ့ အချိန်ဟာ ပိုမို များပြားလာပါတယ်..။ ယာဉ်ကျောပိတ်ဆို့မှု အတော်များများဟာ တကယ့် လိုအပ်ချက်ကြောင့် မဟုတ်ပဲနဲ့ မော်တော်ယာဉ် တစ်စီးကိုတစ်စီး ဦးစားမပေးနိုင်ပဲ ညစ်ကျယ်ကျယ် လုပ်နေကြလို့ ဆိုတဲ့ အဖြေကိုသွားတွေ့ပါတယ်..။ မကွေ့ရဆိုတဲ့ မျဉ်းသေကြီး ထားလည်း ဂငယ်ကွေ့ဖြတ်ကွေ့ လိုကွေ့..။ တည့်တည့်သွားယာဉ်ကို ဦးစားပေးရမယ့်လမ်းမှာ ကွေ့မယ်ကားက ၀င်လို့မရလည်း ခေါင်းအတင်း ၀င်ထိုးတာမျိုး ယာဉ်ကျောကျပ်နေတာကို တန်းစီမစောင့်ပဲ.. လမ်းပြောင်းပြန်ကျော်တက် ကွေ့ကျောကနေ ကျော်တက်ပြီး လမ်းကျပ်တဲ့ နေရာကျမှာ အတင်းခေါင်းထိုးဝင်ပြီး တစ်စီးလောက် တစ်စီးလောက် လမ်းမပေးရင် ဆဲရေးတိုင်းထွာ ချင်နေသေးတယ် … အဲဒါမျိုး လိုင်းကားတွေ အများဆုံးလုပ်တယ် တချို့လည်း ယာဉ်ကျော အမှန်က လူကို ယာဉ်ကျောအမှားက အတင်းဝင်တိုးတာမျိုး …။ညာဘက်ကွေ့မယ့် ကားက ဘယ်ဘက်ယာဉ်ကျော ကနေ ပါတ်ဝိုက်ပြီး မီးပွိုင့်ထိပ်ရောက်မှာ လမ်းကျောကို ခါးလယ်ဖြတ်ဝင်ချင်တာမျိုးတွေ တော်တော် အမြင်မတော်တာ တွေတွေ့နေရပါတယ် ကားမောင်းတဲ့ လူတွေ အဲဒီလောက် စည်းကမ်းပျက်နေတာ အရေးမယူဘူးလားလို့ ထင်စရာပဲ … အရေးလည်းယူပါတယ် … အာရကေလည်းယူပါတယ်..။ ဒါပေမယ့် လူတွေအားလုံးက စာအုပ်ထဲက စည်းကမ်းတွေဆိုတာ ပြောင်းပြန်လုပ်ဖို့ လမ်းညွှန်ထားသလို အကျင့်ပါနေတော့တာပဲ..။ အဲဒီအရှုပ်အထွေးတွေကို ဘယ်လိုကိုင်တွယ်မလဲ တော်တော် တော့ စိတ်ပျက်ဖို့ကောင်းတဲ့ ကိစ္စပါ ..။ အဲဒီလိုကြုံနေတုန်း  ကျွန်တော့်ကို တက္ကဆီဒရိုင်ဘာတစ်ယောက်  ပြောခဲ့ဖူးတာ  ကျွန်တော်ပိုက်ဆံ များများရှိရင် ဒေါ့ဂျစ်ကြီးတစ်စီးဝယ်မယ် နောက်ခန်းမှာ လူမိုက်တွေတင်ထားမယ် ပြီးရင် စည်းကမ်းဖောက်ကားတွေ လိုက်တိုက်မယ်လို့…ပြောဖူးတာ အမှတ်ရဖူးပါတယ် အဲဒီအချိန်က သူနဲ့ကျွန်တော် သုဝဏကွင်းနံဘေးက လေးထောင့်ကန် လမ်းမ အသင်းတိုက် မီးပွိုင့်နားမှာဖြစ်ပါတယ် …။ ကျွန်တော်က မြို့ထဲဘက်သွား ချင်လို့ သင်္ကန်းကျွန်းဘုရားလမ်းထိပ်က သူ့ကိုငှားလာတာ ဖြစ်ချင်တော့ အသင်းတိုက်နားက ပရိဘောဂဆိုင် တစ်ဆိုင်ဖွင့်ပွဲကို ပြည်ကြီးသားတွေက အမျိုးအမည်မသိ ကားအကောင်းစားငါးစီးလောက်က ကျွန်တော်တို့ရှေ့က မျဉ်းသေကို ဖြတ်ပြီး ဆိုင်ထဲကို ပါကင်တစ်ခါတည်းဝင်ထိုးတာကို ကျွန်တော်တို့က ဘရိတ်စောင့်နင်းပြီး အောင့်သက်သက်နဲ့ ရပ်ကြည့်လိုက်ရလို့ဖြစ်ပါတယ်..။ ကျွန်တော်က ခင်ဗျားအကြံဥာဏ်က မင်းမဲ့စရိုက် ဆန်လွန်းပါတယ် ဥပေဒေနည်းလမ်းကို အသုံးပြုပြီး ဖြေရှင်းလို့ရနိုင်ပါတယ် ပြောတော့ ..။ သူက ကျွန်တော် ဥပဒေဘွဲ့ရပြီး တက္ကဆီမောင်းနေတာ ဥပဒေအထက်ကို ဘယ်သူမှ တက်နေလို့မရဘူးသာ အသံကောင်းဟစ်နေတာ တစ်တိုင်းပြည်လုံးလည်း ဥပေဒအောက်မှာ နင်းပြားတွေပဲရှိတယ်ဗျ…။ စကားပြောရင်း သူ့ရဲ့ ပစ္စည်းမဲ့ဒေါသတွေက ပေါက်ကွဲလုဆဲ မီးတောင်တစ်လုံးလို ဖြစ်လာပါတယ်..။ ကျွန်တော်လည်း အထွန့်ထပ်မတက်ရဲတာနဲ့ ရပ်ထားလိုက်ရတယ်..။ ခက်တာက စည်းကမ်း ထိန်းသိမ်းရေး လုပ်မယ့်လူတွေကိုယ်တိုင်က စည်းကမ်းမရှိတာလား ဒါမှမဟုတ် စည်းကမ်းမရှိတဲ့ အင်အားက များလို့ အများမိုးခါးရေသောက် လိုက်သောက်နေရတာကြောင့်များလားလို့ရယ်..။ ကျွန်တော့် မိတ်ဆွေ စာရေးဆရာတစ်ယောက်ကတော့ ဟာသလုပ်ပြောဖူးတယ် မင်းက မိုးခါးရေများ လွယ်လွယ်ရတယ် မထင်နဲ့ မိုးခါးရေသောက်ချင်တာတောင် ကိုယ့်အတွက် ဝေစုမကျန်တော့ဘူးဟ လို့ ပြောဖူးပါတယ်..။

အများ မိုးခါးရေ ဆိုလို့ ကျွန်တော်လည်း ဘယ်နေလိမ့်ပါမလည်း … မဆလ ခေတ်မှာမွေးပြီး န၀တ ခေတ်မှာ လူငယ် နအဖ ခေတ်မှာ လူလည် ဖြစ်လာတဲ့လူပဲ စည်းကမ်းတွေ ကာလနားတွေ အကြိမ်ကြိမ်ဖောက် အကြိမ်ကြိမ် လက်တစ်လုံးခြား လုပ်ဖူးတာပေါ့ ထားပါ… မသိလို့ မှားခဲ့တာ က ကိုယ့်အပြစ်မဟုတ်ဘူး မသိမှုရဲ့အပြစ် သိသိကြီးမှားရတာက အခြေအနေအရပေါ့ …. အဲဒီလို ဆင်ခြေလှလှတွေ ကိုယ့်ဟာကိုယ်ပေး တတ်သေးတယ်..။ ဒါပေမယ့် စာရေးသူ တစ်ယောက် ဖြစ်လာတော့ ကိုယ်က တခြား နိုင်ငံသားချင်းတွေကြားမှာ စံပြဖြစ်ရမှာ မဟုတ်လား …  အမှိုက်ဆိုလည်း လူမလစ်ရင် မပစ်ဖူး၊ လမ်းဆိုလည်း ရဲဖမ်းနေရင် စည်းကမ်းမဲ့မကူးဘူး အဲဒီလို အများပြည်သူကြားမှာ စံပြအနေအထိုင်လေး တွေပြုမူနေထိုင်တာပေါ့ ကိုယ်နဲ့ ပါလာတဲ့ လူက မတော်တဆများ စည်းကမ်းဖောက်မိရင် ပွားလို့ မဆုံးဘူး စည်းကမ်းကို မလေးစားလို့ တစ်တိုင်းပြည်လုံး အောက်ကျနောက်ကျ ဖြစ်နေတာ ဆုံးမစကားတွေ တော်ကီပွားရသေးတယ်..။ ထူးထူးခြားခြားဆိုလို့ ဆူးလေက အနော်ရထာလမ်းမမှာ လမ်းကူးရင် တော်ဝင်တံတားပေါ်က ဖြတ်ပြီး ကူးတယ် လမ်းဖြတ်မကူးရဆိုတဲ့ ဗွီနိုင်းကြီးအားနာလို့ … ကိုယ်က တံတားပေါ်ကပဲ ကူးတယ် … ညနေငါးနာရီခွဲ ခြောက်နာရီလောက်ဆို လမ်းဖြတ်မကူးရဆိုတဲ့ စာသားကြီးကို မမြင်ချင်ယောင်ဆောင်ပြီး ကူးနေကြတယ်လူတွေ မြင်ရင် ကိုယ့်မှာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကြီး အတွက် ရင်နာလို့မဆုံးဘူး .. ဒီငခုံးမ တလှေလုံးကြောင့် စည်းကမ်းရှိတဲ့ ငါးတစ်ကောင်တော့ ပုပ်တော့ မှာပဲပေါ့…။ အဲ့ တစ်ရက်တော့ သူငယ်ချင်းတွေနဲ့ ဘီယာသောက်တာ နောက်ကျပြီး ဆူးလေကားမှတ်တိုင်က ကားစီးမယ်ဆိုပြီးထွက်လာတယ် အဲဒီအချိန် လမ်းတစ်ဖတ်က toilet ကို အပေါ့အပါးလေးကလည်း သွားချင်ပေါ့… အဲဒီလိုနဲ့ တံတားပေါ်တက်မယ် လှမ်းကြည့်တော့ ကြောက်စိတ်က ၀င်လာတယ် တံတားကြီးက ဟိုတစ်စ ဒီတစ်စ လူတချို့ ရှိနေတယ် ဒါပေမယ့် အဲဒီလူတွေ ပုံစံကြည့်ရတာလည်း ပုံစံက သိပ်မကျ ယောကျာင်္းမဟုတ် မိန်းမမဟုတ်တွေ  ရိုက်လုမယ်ဆိုရင် ခံသာသေးတယ် အခုက လိင်မုဆိုးတွေ ဖြစ်ပုံရတယ်..။ အဲဒီတော့ အမျိုးကောင်းသား တစ်ယောက်တည်း မသွားသင့်တဲ့ အရပ်ဆိုပြီး ကျွန်တော်လည်း ဘယ်ရမလည်း ကိုယ့်ကိုယ်လုံခြုံမှု အတွက် စည်းကမ်းဖောက်ပြီး လမ်းဖြတ်မကူးရကို ဖြတ်တော့တာပဲ..။ အန္တရာယ်ရှိလာရင် ပြည်သူ့ရဲတွေ ကယ်ပါလို့ လှမ်း အော်လို့ မရနိုင်ဘူးဆိုတာ သိတယ်လေ.. ကိုကိုရဲတို့ခမျာလည်း အလုပ်ကများပင်ပန်းနဲ့ တစ်နိုင်ငံလုံးလုံခြုံရေးအတွက် ရှိသမျှ အင်အားလေးနဲ့ ရုန်းကန်နေရာ ရန်ကုန်မြို့ကို စောင့်ရှောက်ဖို့တောင် ရဲအင်အား ၇၀၀၀ ပဲရှိတယ်လို့ ဂျာနယ်ထဲမှာ ဖတ်ဖူးလိုက်တယ် အားနာတတ်ရမယ်လေ..။ အခုခေတ်မှာ ကာယအိဒြေ္ဒထိပါးနှောင့်ယှက်မှုကို အမျိုးကောင်းသားတွေလည်း ကြုံရနိုင်ချေ ရှိတယ်ဆိုတာ ကြုံတုန်းပြောပြထားပါမယ်..။

မင်းပြောသလို အများပြည်သူက စည်းကမ်းမရှိတာကပဲ တရားခံလုပ်နေတာလား ဆိုပြီး ပြည်သူ့ဘက်တော်သား ပေါင်ချိန်တို့ ကျန်ကျောင်းတို့က ကျွန်တော့်ကို ခုံရုံးတင် စွပ်စွဲလာနိုင်ပါတယ်…။ အမှန်တော့ အဲဒီတရားခံတွေထဲမှာ အစိုးရရဲ့ မူလကျီ အဲမှားလို့ ပေါ်လစီတွေလည်း ပါပါတယ်.။ ကားဈေးလေးချရင် ဖုန်းဈေးလေးချရင် ဒီရွာကလူတွေ ပျော်သွားကြမှာ သူတို့က သိနေတယ်လေ.. နောက်မှ လမ်းကျပ်တာ လိုင်းကျပ်တာ ဆီဈေးတက်မှာ ဘီလ်ကိုနိုင်ငံတကာ စံနှုန်းနဲ့ကောက်မှာ မာယာဂွင်ကျ အကွက်တွေကြားမှာ စိတ်ဆိုးစိတ်ပြေလွယ်တဲ့ ကျွန်တော့်ရဲ့ အရိုးခံနိုင်ငံသားချင်းတွေက ပိုက်ကိုမမြင်ပဲ ငါးစာကျရာ ငါးပွက်ရတဲ့ဘ၀လေ … ဘယ်တော့မှ နောက်ကြောင်း မပြန်စေရဘူး ဆိုတဲ့ စကားနဲ့ ဆိုင်းဘုတ်တွေ ပြောင်းတယ် အ၀တ်အစားတွေပြောင်းတယ် ထိုင်ခုံတွေပြောင်းတယ် သတင်းစာတွေလည်း ကာလာနဲ့ပြောင်းထုတ်တယ် …။ အပြောင်းအလဲက ကောင်းပါတယ်။ သင်ပုန်းတွေချေကြ သင်ပုန်းတွေ ကုန်ရင် တက်ဘလက်တွေ ထပ်ဝယ်ပေးမယ် ထပ်ချေကြပေါ့ …။ အာဏာရှင် ဒေါက်တိုင်တွေ ကလည်း ဒီမိုကရေစီကိုဒေါက်ပြောင်း ထောက် အကွက်တွေရွေ့ကြ အင်တာဗျူးတွေ လုပ်ကြ… ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ ချိတ်ဆက်ကြ စီးပွားရေးပိတ်ဆို့ ခံထားရတဲ့ လူတွေလည်း လွတ်မြောက်လာကြတယ်..။ ပြည်ပရောက် လွတ်မြောက်သူတွေကိုလည်း အစိုးရက အမည်ဖြူပြန်ပြောင်းပေး လိုက်ကြနဲ့ အပြောင်းအလဲဟာကောင်းပါတယ်..။ ဒါပေမယ့် နင်းပြားသန်းခြောက်ဆယ် အတွက်ကတော့ ကိုကာကိုလာလေး ပြန်သောက်လာရတာ ဟန်နီကယ်လေး ပြန်သောက်ရတာနဲ့ ဘ၀အမောလေး ဖြေရတာပါပဲ… ဘာမှတော့ သိပ်ထူးခြားမလာပါဘူး ရန်ကုန်မြို့ဟာ အင်္ဂလိပ်ဖောက်ပေးထားတဲ့ လမ်းကိုလျှောက်ပြီး အင်္ဂလိပ်ဖောက်ပေးထားတဲ့ ရေကိုသောက်နေရတုန်းပဲ..။

လမ်းကို မျဉ်းကျားက ကူးမရတာ ရပ်ပေးချင်တဲ့ကားက ရပ်ပေးပြီး ရပ်မပေးချင်တဲ့ကားက ရပ်မပေးတာ ။ ညဘက် စည်းကမ်းပျက် ယာဉ်တွေကြောင့်  အပြစ်မဲ့ပြည်သူတွေ အသက်ဆုံးရှုံးရတာ  မြို့ထဲက လေးလမ်းသွား လမ်းမတွေပေါ်မှာ ဘယ်ညာ နှစ်ဖက်လုံး ကားပါကင်ထိုးတာ ညဘက်တွေ လမ်းစည်းကမ်း ယာဉ်စည်းကမ်း ထိမ်းသိန်းဖို့ ယာဉ်ထိန်းရဲတွေ လုံးဝမရှိတာ..။ နေခင်းဘက် မီးပွိုင့်မှာ ကားရပ်ရင်လည်း လူတွေဖြတ်ကူးလို့ မရအောင် မျဉ်းဝါအတွင်းကို အတင်းဝင်ရပ်ပြီး ဂျစ်တစ်တစ်ကန်တန်တန် လုပ်တာ လူတွေကလည်း လမ်းကူးချင်တဲ့နေရာ ကူးချင်တဲ့အချိန် ဇိုးကနဲ့ဇတ်ကနဲ့ ဖြတ်ကူးတာ လမ်းပေါ်မှာ အမှိုက်ကို ပစ်ချင်သလိုပစ်တာ အမှိုက်ပုံးတွေ လွယ်လင့်တကူ မရှိတာ ကျွန်တော်တို့မှာ စည်းကမ်းနဲ့ ပါတ်သက်ပြီး အမှားပေါင်းရာထောင်သောင်းဖြစ်နေပါတယ်..။ လူဆိုတာ မှားလို့ရပါတယ် ဒါပေမယ့် မှားရင် မှားမှန်းသိမှတော့ ဖြစ်မယ် … အဲဒါမှ အမှားကို ပြင်လို့ရမှာပါ … ကျွန်တော်တို့ အမှားတွေကိုပြင်ဖို့ ဘယ်တော့မှ အချိန်နှောင်းတယ် ဆိုတာ မရှိပါဘူး..။ အဲဒီတော့ နောက်ခေတ်က လူတွေကများ ကျွန်တော်တို့ထက် စည်းကမ်းရှိသွားရင် ကျွန်တော်တို့ခေတ်ကို စည်းကမ်းပျက်လူတွေဆိုပြီး အရိုအသေတန်ပါလိမ့်မယ်..။ အဲဒီတော့ မနက်ဖြန်ကစပြီး ကျွန်တော်တို့ စည်းကမ်းကိုဖြီးဖြန်းနေတာ ရပ်တန့်ကြတာပေါ့…။

အောင်ပိုင်စိုး


ဗန္ဓူလတံတားပေါ်ကနေ မော်တော်ယာဉ် တစ်စီးစီးနဲ့ ဖြတ်သွားမိတိုင်း ကျွန်တော့်စိတ်ထဲ မလုံခြုံမှုတစ်ခုခုကို ခံစားရမိတယ်…။ မတော်တဆမှု တစ်ခုခု ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်မျိုး အမြဲပေါ်လာတတ်တယ်..။ ဒါပေမယ့်လည်း အဲဒီတံတားကို ရှောင်ကွင်းသွားဖို့က လည်း ဖြစ်နိုင်ခဲတဲ့ ကြိုးပမ်းမှု တစ်ခုပါပဲ..။ လမ်းအသုံးပြုသူ တစ်ဦးအနေနဲ့ လမ်းတွေကို ရှောင်ကွင်းသွားဖို့ မဖြစ်နိုင်ပါဘူး… ဒါကြောင့် လမ်းတွေအပေါ်စိတ်ပိုင်း ရုပ်ပိုင်း ဆိုင်ရာလုံခြုံမှုတစ်ရပ်အနေနဲ့ ရဖို့ဆိုတာ အရေးကြီးတဲ့ အခွင့်အရေးတစ်ခု ဖြစ်လာပါတယ်..။ လမ်းတွေကို အသုံးပြုဖို့အတွက် နိုင်ငံတော်ကို လမ်းတွေအတွက် ကျသင့်ငွေတွေကို နိုင်ငံသားတွေက ပေးဆောင်ထားပြီးဖြစ်နေပါတယ်။ အဲဒီအတွက် နိုင်ငံတော်ဟာ လမ်းတွေပေါ်မှာ ကျွန်တော်တို့ ရုန်းကန်ရှင်သန် လှုပ်ရှားနေမှုအတွက် လုံခြုံမှုတွေကိုတာဝန်ခံရမှာ ဖြစ်ပါတယ်..။ ဒါပေမယ့်ကျွန်တော်တို့ လမ်းတွေ တံတားတွေဖောက်လုပ်မှု အပေါ် သံသရတွေ မလုံခြုံမှုတွေ အမြဲခံစားနေရပါတယ် ။ ကျွန်တော် ဒီဆောင်းပါး မှာ အန္တရာယ်များတဲ့ တံတားကွေ့တွေ အကြောင်းဆွေးနွေးကြည့်ချင်ပါတယ်..။

 

 

ကျွန်တော် ငယ်ငယ်က မြောက်ဥက္ကလာပမြို့နယ်ကနေ မြို့ထဲက ကျောင်းကိုနေ့စဉ်ကျောင်းတက်ခဲ့ရဖူးတယ်…။ အဲဒီအချိန်တုန်းက မြောက်ဥက္ကလာနဲ့ ဗန္ဓူလပန်းခြံကို ဆွဲတဲ့ကားအရေအတွက်က နည်းပါးပါသေးတယ်..။ အမှတ် ၄၃ ကားကြီးတွေဟာ မြောက်ဥက္ကလာအ၀ိုင်း မှာဂိတ်ထိုးချိန်ပေါ့ ရန်ကုန်မြို့ထဲကို အလုပ်ဆင်းမယ့်လူတွေကြားမှာ ကျပ်သိပ်ပြွတ်ညပ်ပြီး နှစ်ပေါင်းများစွာ ကျွန်တော် ကျောင်းတက်ခဲ့ဖူးပါတယ်။ အဲဒီအချိန်က ၁၉၉၀ လွန်ကာလမို့ စစ်ကျန်ဘတ်စ်ကားကြီးတွေ ကပရ ဟီးနိုးကားကြီးတွေနဲ့ ဂျပန်ကျ တစ်ပါတ်ရစ်ကားဟောင်းတွေ လောက်သာ ရှိသေးတဲ့အချိန်..။ အမှတ်သုံးလမ်းမကြီးဟာ လည်း ယခုလို ကျယ်ဝန်းဖြောင့်ဖြူး နေတာမျိုးမဟုတ်သေးပါဘူး ..။ ပေတစ်ရာမပြည့်တစ်ပြည့်ရယ်သာ အဆိုးဆုံးက အဲဒီအချိန်တုန်းက ကားတွေဟာ ယခုအချိန်က ကားတွေလို အင်ဂျင်ပါဝါမျိုး မရှိ စွမ်းအားမပြည့်နဲ့ ဘတ်စ်ကားတစ်စီးဟာ အနည်းဆုံး လူဦးရေ တစ်ရာကျော်ကို သယ်ပိုးပြီး မြို့တော်ဆီထွက်ခွာ ရတာမျိုးပါ ..။ ကျွန်တော် မှတ်မိသလောက် ဂျာမဏီကားလို့ခေါ်တဲ့ မှန်အလုံပိတ် လေးထောင့်စပ်စပ်ရိန်းနိုး ကားကြီးတွေဟာ မြောက်ဥက္ကလာ မြို့နယ်အ၀င်အ၀က တံတားကိုမကျော်ဖြတ်နိုင်ဘူး … ။ ကားဂိတ်ကို မီးရထား သံလမ်းတစ်ဖက်တစ်ချပ်စီမှာ ထားပြီး လူတွေက ကားချိန်းလမ်းဆင်းလျှောက် နေ့တွေ ကြုံခဲ့ဖူးပါတယ်..။ စစ်ကျန်ဗိုက်ပူတွေကတော့ အိပဲ့အိပဲ့နဲ့ မြောက်ဥက္ကလာအ၀ိုင်းကို တက်ရှာပါတယ်…။ သူ့နောက်က ဂျပန်ကားကြီးတွေ လိုက်ရပြီး ဂျပန်ကားဟောင်းတွေ မောင်းတဲ့ ဒရိုင်ဘာတွေက တလှိမ့်ချင်းတက်နေတဲ့ ဗိုက်ပူကို ကျိန်ဆဲတော့တာပါပဲ…။ အဲဒီလိုနဲ့ ၀မ်းနည်းဖွယ်တစ်နေ့တော့ ဗိုက်ပူတစ်စီးဟာ လူတစ်ယောက် ခြေခေါက်လဲသလို မြောက်ဥက္ကလာတံတားပေါ် ပြုတ်ကျခဲ့ဖူးပါတယ် …။ အဲဒီခေတ်က လူတွေဟာ ဗိုက်ပူကို ဘေးတစ်စောင်းကြီးနဲ့ ကို့ယို့ကားယားဖြစ်တဲ့အထိ တွယ်ကပ်စီးရတာပါ ကားဗိုက်ထဲမှာတင် လှုပ်လို့မရောင်ပြွတ်သိပ် ကျပ်ညပ်အောင်စီးကျရတာပါ…။ အဲဒီဖြစ်ရပ်ကြောင့် သေဆုံးရတဲ့လူတွေအပြင် ထိခိုက်ဒဏ်ရာရတဲ့ လူပေါင်းများစွာ မြောက်ဥက္ကလာ ဆေးရုံမှာ အတွင်းလူနာအဖြစ်တက်ရောက်ကြရပါတယ်..။ နောက်ပိုင်းတော့ စစ်ကျန်ဘတ်စ်တွေထက် မြောက်ဥက္ကလာပမထသလိုင်း တွေမှာ ဂျပန်ကားတစ်ပါတ်ရစ်တွေကို အစားထိုးသုံးစွဲလာပါတယ်..။ စွယ်တော်စေတီမတည်ခင် မရမ်းကုန်းမြို့နယ်ထဲမှာရှိတဲ့ လမ်းဝမှတ်တိုင်က ရပ်ကွက်ကို တံတားအဆင်းအရှိန်လွန်ကားတွေ ခဏခဏ စားသောက်ဆိုင်ထဲ ၀င်လိုက် လက်ဖက်ရည်ဆိုင်ထဲ အောင်းလိုက်နဲ့ ဖြစ်ခဲ့ဖူးပါသေးတယ်..။ နောက်ပိုင်းတော့ အဲဒီရပ်ကွက်လည်း စွယ်တော်တည်ဆောက်ချိန်မှာ ရွေ့ပြောင်းလိုက်ပါတယ် ..။  ဂုံးကျော်တံတားကြောင့် ဖြစ်ပေါ်တဲ့ ယာဉ်တိုက်မှုလည်း နည်းပါးသွားပါတော့တယ်..။ တံတားတည်ဆောက်ထားပုံကတော့ အမှတ်သုံးလမ်းမကအတက်မှာ ချဉ်းကပ်လမ်းဆုံးတာနဲ့ လမ်းခြမ်းပုံအကွေ့ကို တံတားပေါ်မှာ ကွေ့ရပါတယ် တံတားကုန်းဆင်းကျပြန်တော့  ချဉ်းကပ်လမ်းဆုံးတာနဲ့ လမ်းဝထိပ်ဘက်ကို လခြမ်းပုံထပ်ကွေ့ရပါတယ် ..။ မျက်နှာချဉ်းဆိုင် နှစ်လမ်းမောင်း ပြုလုပ်ထားပေမယ့် လမ်းလယ်ကျွန်းတုံးကာထားခြင်းမရှိပါ…။ ယာဉ်ကြောင့်ပဲဖြစ်ဖြစ် ယာဉ်မောင်းကြောင့်ပဲဖြစ်ဖြစ် သတိတစ်ချက်လွတ်တာနဲ့ အန္တရာယ်ကိုလမ်းက ဖိတ်ခေါ်ထားပြီးသားဖြစ်နေပါတယ်..။ ဘာကြောင့် အဲဒီတံတားကို ကွေ့ဆောက်ခဲ့ရလည်း ဆိုတာတော့ ပဟေဠိတစ်ပုဒ်လို အခုအချိန်ထိ ရှိနေဆဲပါ…။

 

 

နောက်ထပ် တံတားကွေ့ တစ်စင်းကတော့ ရန်ကုန်တိုင်းအတွင် သင်္ကန်းကျွန်းမြို့နယ်မှာစံပြဈေးနားမှာ ရှိတဲ့ ပြည်ထောင်စုတံတားပါ…။ သူလည်း မီးရထား ဂုံးကျော်တံတား တစ်ခုပါ ယာဉ်တိုက်မှု အများအပြားဖြစ်တဲ့ တံတားမျိုးတော့ မဟုတ်ပါဘူး တံတားကွေ့တစ်မျိုး ဖြစ်ပေမယ့် .. ပြည်ထောင်စုတံတားရဲ့ အလျားဟာ တိုတောင်းပြီး အနံက ကျယ်ဝန်းပါတယ် ..။ ဒါပေမယ့် သူလည်း စံပြဈေး လေးထောင့်ကန်လမ်းမ ဘက်က  အတက်မှာ ချဉ်းကပ်လမ်းဟာ တိုတောင်းပြီးကွေ့နေပါတယ် ..။ ဒါပေမယ့် လမ်းလယ်ကျွန်းတုံးများ ရှိတဲ့ အတွက် မျက်နှာချင်းဆိုင် ယာဉ်တိုက်မှုတွေအတွက် ထိန်းကွပ်ပြီးသားဖြစ်နေပါတယ်။ တံတားရဲ့အဆင်းမှာတော့ လမ်းနှခွဖြစ်နေပါတယ် စံပြဈေးဘက်က အတက်မှာ သုဝဏဘက်ကိုသွားတဲ့ လမ်းနဲ့ တောင်မြောက်လမ်းဆုံဘက်ကို ထွက်တဲ့လမ်း တစ်ခုရယ်ပါ.. တံတားအဆင်းဟာ လမ်းခွဖြစ်နေတဲ့အတွက် ကွေ့ပြီးဆင်းရတာမျိုးပါ …။ အဲဒီအတွက် ဆင်ခြေလျောတွေ လမ်းအကွေ့ ဒီဂရီတွေဟာ တိမ်းညွတ်လွယ်တဲ့အတွက် ပြည်ထောင်စုဂုံးကျော်တံတားပေါ်မှာ ယာဉ်တိုက်မှု မဖြစ်ခဲ့ပါဘူး..။ ပြီးတော့ ကျွန်တော် မှတ်သားမိသလောက် အဲဒီတံတားကြောင့် လူအသေအပျောက်  မဖြစ်ခဲ့ဖူးပါဘူး..။

 

 

နောက်ထပ် တံတားကွေ့ တစ်စင်းကတော့ မြောက်ဥက္ကလာ ကျောက်ရေတွင်းမှတ်တိုင် က ကျောက်ရေတွင်းမီးရထားဂုံးကျော် တံတားပါ …။ မည်သည့် အင်ဂျင်နီယာတွေ လက်စွမ်းပြထားလေသလဲတော့ မသိပါ ဒါပေမယ့် အဲဒီတံတားကြီးမြင်တိုင်း ဘိလပ်မြေတွေ သံချောင်း တွေကို နှမျောမိပါတယ် …။ သူတို့ဆင်ခြေတက်မှာ ကိုလည်း ကျွန်တော် သတိထားမိပါတယ် တံတားဆောက်ဖို့အတွက် ချဉ်းကပ်လမ်း တိုတောင်းဆိုတာ မျိုးပါ.. ။ အဲဒီနေရာမှာ မီးရထား ကုန်းကျော်တံတား တစ်ခု မဖြစ်မနေ လိုအပ်ပါတယ် လို့ ဘယ်သူက သံတော်ဦးတင် ခဲ့လည်းတော့ ကျွန်တော် လည်း မသိပါ… ။ အဲဒီတံတားကြီးကတော့ ဆင်းရဲသားပြည်သူတွေရဲ့ ပိုက်ဆံကို ငါတို့ ဒီလိုဖြုန်းတီးခဲ့တယ် ဆိုတဲ့ ပြရုဒ်ကြီးဖြစ်နေပါတယ် …။ အဲဒီတံတားဟာ မြောက်ဥက္ကလာပ မြို့နယ်နဲ့ မင်္ဂလာဒုံလေယာဉ်ကွင်း၊ မင်္ဂလာဒုံဂေါက်ကွင်းဆီကို ဆက်သွယ်ထားတဲ့ လမ်းတစ်လမ်းပဲ ဖြစ်နေပါတယ်..။ မင်္ဂလာဒုံဘက်က အတက်တံတားကို မြောက်ဥက္ကလာပဘက်အခြမ်း တံတားနှစ်ဆင်း ခွဲဖြာဆင်းတဲ့ ဒီဇိုင်းနဲ့တည်ဆောက်ထားပါတယ်။ မြောက်ဥက္ကလာမြို့နယ်ထဲက အ၀င် အ၀ိုင်းကြီး မှတ်တိုင်ဆီသို့ တံတားတစ်စင်းနဲ့ မြောက်ဥက္ကလာ မြို့နယ်ထဲက အထွက်ဘက် မယ်လုမုဘုရားမှတ်တိုင် ဆီသို့ အသွား တံတားနှစ်စင်း ဖြာဆင်းထားပါတယ် …။ အဲဒီမှာ ပြဿနာက စတာပဲ… မယ်လမုဘက်ကို ဆင်းတဲ့ တံတားဟာ တစ်လမ်းမောင်းဖြစ်ပြီး တံတားပေါ်က ဆင်းတဲ့ယာဉ်တွေပဲ အသုံးပြုလို့ရပါတယ် ပင်မ အမှတ်သုံးလမ်းမကြီးရဲ့ ညာဘက်ယာဉ်ကျောပေါ်ကို အဲဒီတံတားဆင်းယာဉ်တွေဟာ ချဉ်းကပ်ကြရတာပါ ..။ မြောက်ဥက္ကလာအ၀ိုင်းဘက်ကို ဆင်းတဲ့ တံတားကတော့ နှစ်လမ်းမောင်းဖြစ်ပြီး တံတားပေါ်ကိုတက်တဲ့ လမ်းနဲ့ တံတားပေါ်ကဆင်းတဲ့လမ်းဆိုပြီး နှစ်လမ်းမောင်းပါဝင်ပါတယ်..။ အဲဒီနှစ်လမ်းမောင်းဟာ အမှတ်သုံးလမ်းမကြီးရဲ့ အလယ်ယာဉ်ကျော နှစ်ခုကိုခွယူထားပါတယ်..။ မယ်လုမုဘုရားဘက်က လာပြီး တံတားပေါ်တက်မယ်ဆိုရင်တော့ တံတားပေါ်ကို တက်ဖို့အတွက် တံတားပေါ်က ဆင်းလာတဲ့ ယာဉ်ကျောကို ကျောပေးပြီး တက်ရပါတယ် ..။ ဒီကြားထဲကမှ တံတားပေါ်က မယ်လုမုဘက်ကိုသွားတဲ့လမ်း ကို မတွေ့ပဲကျောသွားပြီး အ၀ိုင်းဘက်ဆင်းတဲ့လမ်းကနေ မြို့ထဲသွားတဲ့လမ်းကို ဖြတ်ကွေ့ဖို့ ကြိုးစားတဲ့ အဆင်းယာဉ်တွေနဲ့ အဲဒီနေရာ လမ်းပိတ်ဆို့မှုနဲ့ ကိုးလို့ကန့်လန့်နိုင်တဲ့ လမ်းပိုင်းအဖြစ် ယာဉ်မောင်းတွေကြိုတွေ့နေရပါတယ် တံတားရဲ့ အလျားတွေဟာ အဆမတန်ရှည်လျားနေတယ်လို့ ကျွန်တော့်စိတ်ထဲ ထင်မိပါတယ် …။ အဲဒီနေရာမှာ သာမာန်မီးရထား ကုန်းကျော် တံတားလောက် ဆောက်ရုံနဲ့ အဆင်ပြေလောက်မှာ ဖြစ်ပြီး … တံတားမထိုးပဲ ထားရင်လည်း အဆင်ပြေလောက်တဲ့နေရာပါ မီးရထား လမ်းကူးအတွက် ဂေါက်ရိုက်သွားမယ် အရာရှိကြီးတွေရဲ့ အချိန်မကုန်အောင် ရွှေဥာဏ်တော် စူးရောက် ထားပုံရတဲ့ တံတားပါ ဗဟိုဦးစီစနစ်ရဲ့ ထင်ရာစိုင်းလက်ရာ တစ်ခုပေါ့ ဆင်းရဲတဲ့ နိုင်ငံသားတွေရဲ့ ထမင်းနပ်တွေကို ခူးခပ်ထားတဲ့တံတားပါ။

 

 

နောက်ထပ် တံတားတစ်စင်းကတော့  ကျွန်တော်တို့ သတင်းမင်းသား မဟာဗန္ဒူလတံတားပါပဲ ဒီတံတားကြီးကတော့ ဂျာနယ်စာမျက်နှာ တွေမှာ အမြဲတမ်းမင်းမူနေတဲ့ သတင်းမင်းသားပါ..။ အိုဘားမားကို လမ်းတွေလက်ဆောင်တောင်း လိုက်တောင်းလိုက်တယ် ဆိုတဲ့ နိုင်ငံတော်သမ္မတကြီးရဲ့ ထုတ်ပြန်ချက်နဲ့ မရှေးမနှောင်းပါပဲ ယာဉ်ရှစ်စီးဆင့်တိုက်မှုနဲ့ တစ်ရက်တည်း နောက်ထပ် မျက်နှာချင်းဆိုင် ယာဉ်နှစ်စီး တိုက်တဲ့သတင်းနဲ့ သတင်းလောကကို ကိုင်လှုပ်လိုက်တာမျိုးပါ…။ နောက်တစ်ခါ အိုဘားမားလာရင် သမ္မတကို တံတားတွေပါ ထပ်တောင်းချေလို့ သတိပေးလိုက်သလိုပါပဲ..။ အရင်အစိုးရခေတ်က ဆောက်လုပ်ရေးပိုင်းက ရာထူးဂေါ်ဇီလာလောက် ရှိတဲ့ လူတစ်ယောက်က ကျွန်တော်တို့ တံတားဆောက်တဲ့နေရာမှာတော့ အလွန်တရာပိုင်နိုင်လှပြီလို့ သတင်းစာမှာ စာလုံးအမည်းနဲ့ ကြွားဝါတာကျွန်တော်မှတ်သား ဖူးလိုက်တယ်…။ ထားပါတော့လေ… ဒါကတစ်ပိုင်းပေါ့..။ ကျွန်တော်တို့ရဲ့ ဗန္ဒူလတံတားကြီးရဲ့ ဖွဲ့စည်းပုံကို လေ့လာကြည့်တော့ တံတားက ခြောက်လမ်းသွားတံတား ဖြစ်တော့ ကျယ်ဝန်းပါတယ် မြစ်ကူးတံတားဖြစ်တဲ့ အတွက်လည်း ခက်ခက်ခဲခဲ တည်ဆောက်ထားရတာ မျိုးပါ ဒါပေမယ့် မဟာဗန္ဒူလလမ်းမှ အတက် ချဉ်းကမ်းလမ်းအဆုံးမှာတင် တံတားဟာ လေကိုင်းပုံသဏ္ဌ္ဌန်ကွေးနေပါတယ် …။ အဲဒီအတွက် တံတားအဆင်း ယာဉ်နဲ့ တံတားအတက် ယာဉ်တို့ဟာ မျက်နှာချင်းဆိုင် ၀င်တိုက်နိုင် တဲ့ အနေအထားရှိနေပါတယ် ..။ တံတားက ခြောက်လမ်းသွား တံတားဖြစ်တဲ့အတွက် ယာဉ်တွေဟာ အမြန်နှုန်းတင် မောင်းနှင်တာမျိုးဖြစ်နေပါတယ် .. အဲဒီအတွက် တံတားအလယ်က ကျွန်းတုံးခြားတာတို့ သံမဏိတန်းကာ တာတို့ မလုပ်ထားတဲ့အတွက် အဲဒီတံတားပေါ်မှာ ယာဉ်မောင်းနှင်စီးနင်းရတာ အန္တရယ်များနေပါတယ်..။ ပြီးတော့ ကုန်သေတ္တာတင် ယာဉ်ကြီးတွေ ၊ သစ်လုံးတင်ယာဉ် ဖြတ်သန်းသွားလာတာမျိုး ဖြစ်တဲ့အတွက် ကားကြီးတွေက အရှိန်နဲ့မောင်းတဲ့အခါ နောက်တခြား ကားလိုင်းတွေဟာ တံတားပေါ်က လမ်းအကျယ်ကို အခွင့်အရေးယူ ပြီး လမ်းပြောင်းပြန်မောင်းပြီး  ယာဉ်စည်းကမ်းတွေကိုပါချိုးဖောက်လာတဲ့အခါ အပြစ်မဲ့ပြည်သူ တွေအတွက် အန္တရယ်ကို ဖိတ်ခေါ်ခံနေရသလိုမျိုး ဖြစ်နေပါတယ်…။ ဒေါပုံမြို့နယ်ဘက်ကို တံတားအဆင်း ကျတော့ လမ်းရဲ့ ဒီဇိုင်းဟာ မေးခွန်းထုတ်စရာ ပုစ္ဆာတစ်ပုဒ်ဖြစ်လာနေပါတယ် ..။ ဘာကြောင့်လည်း ဆိုတော့ တံတားရဲ့ ချဉ်းကပ်လမ်း အဆုံးမှာ ယာဉ်ဟာ ဘယ်ညာကို ကိုးဆယ်ဒီဂရီကွေးချိုးဖို့ပဲ ရှိပါတယ် အတည့်အရှိန်လျော့အောင် ဆင်းသွားရမယ် မြေပြင်ညီလမ်းမျိုးမရှိတာပါပဲ ချဉ်းကပ်လမ်း အလယ်လောက်မှာပဲ ယာဉ်တွေဟာ ကုန်းဆင်းအရှိန်နဲ့ ကွေ့ချိုးဖို့ကို ကြိုးစားကြရပါတယ် အဲဒီအတွက် ချဉ်းကပ်လမ်း အဆုံးက ဈေးဆိုင်တွေ အိမ်တွေဟာ အရှိန်လွန်လာတဲ့ ယာဉ်တွေ ဧည့်ခံဖို့ ပြင်ဆင်နေရပါတယ် … ဧည့်ကောင်းဆောင်ကောင်းတွေ တော့မဟုတ်ပါဘူး ..။ ဒီတံတားရဲ့ Structure Design အမှားဟာ တစ်နှစ်တစ်နှစ် လူအသက်နဲ့ ငွေကြေးတန်းဖိုးပေါင်းများ စွာနှစ်စဉ်ဆုံးရှုံး ရပါတယ်…။ တံတားဟာ ရှုခင်းသာ လမ်း ဒါမှမဟုတ် မင်းနန္ဒာလမ်း တစ်ခုခုကို ခေါင်းထိုးဝင်ဖို့ မဖြစ်နိုင်ဘူး လားလို့ ကျွန်တော်တွေးမိပါတယ်..။ မြစ်ကူးတံတားဖြစ်တဲ့အတွက် ရေလယ်တိုင်တွေကို တစ်စောင်းတည်ဆောက်လိုက်ရင် ရေစီးကြောင်းကို ဟန့်တားမှုပါ လျော့ကျသွားနိုင်မလား..။ အိမ်တွေပေါ်ကို ကျော်ပြီး တံတားထိုးဖို့ကော မဖြစ်နိုင်ဘူးလား…။ စာရေးသူ တစ်ယောက်ဆိုတော့ စိတ်ကူးနဲ့ တံတားထိုးရတာ လွယ်ပါတယ်..။ ဒါပေမယ့် တကယ်ဆောက်တဲ့ အင်ဂျင်နီယာတွေအနေနဲ့ကတော့ ပညာရပ်ဆိုင်ရာ ကျွမ်းကျင်မှုတွေ အများကြီးနဲ့ တည်ဆောက်ရတာ ဆိုတဲ့အပိုင်းကို နားလည်ပါတယ် ..။ ဒါပေမယ့် လမ်းအသုံးပြုသူ တစ်ယောက်အနေနဲ့ လမ်းပေါ်မှာ လုံခြုံစိတ်ချမှုရှိစွာ အသုံးပြုနိုင်ခွင့်ကို တောင်းဆိုပိုင်ခွင့် ရှိတယ်လို့ ကျွန်တော်ယူဆပါတယ် .။ လူတိုင်းလည်း မိမိတို့ အသုံးပြုတဲ့ လမ်းကို အန္တရာယ်ကင်းစွာ အသုံးပြုခွင့်ကို ရသင့်ပါတယ် …။ အဲဒီအတွက် လမ်းစည်းကမ်း ချိုးဖောက်မှု တွေကို တိတိကျကျ အရေးယူရမှာ ဖြစ်သလို လမ်းပေါ်မှာ အန္တရာယ်ကင်းဖို့ကိုလည်း တည်ဆောက်ထားရမှာပါ..။ အမှန်တကယ်တော့ လမ်းတွေတံတားတွေဟာ ဘယ်အစိုးရမင်းရဲ့ အိတ်ကပ်ထဲက ပိုက်ဆံနဲ့မှ ဆောက်လုပ်ထားတာ မဟုတ်ပဲ အခွန်ထမ်းပြည်သူတွေရဲ့ ငွေကြေးနဲ့ တည်ဆောက်ထားတာပါ..။ အဲဒီအတွက် လမ်းတံတားတွေဟာ ပြည်သူ့လုံခြုံရေးအစီအစဉ်တွေ ပြည့်ပြည့်၀၀ ပါရှိသင့်ကြောင်း တင်ပြရင်း..။

 

အောင်ပိုင်စိုး

 


ဒုတိယကမ္ဘာစစ်မှ မြောက်ဒဂုံဂိတ်ဆုံး…။

 

သန်စွမ်း တက်ကြွလာတဲ့ မြန်မာပြည် အပြောင်းအလဲတွေကြားမှာ ကျွန်တော် အမေ့လျော့ခံ စစ်သားဟောင်းကြီး တစ်ယောက် အကြောင်းပြောပြချင်ပါတယ်…။ သူကတော့ ဗိုက်ပူ ခေါ် ချက်ကြီးလို့ ချစ်စနိုးခေါ်ကြတဲ့ ချက်ဗို့လက် ဘတ်စ်ကား အဟောင်းကြီးပါပဲ…။

 

ဗိုက်ပူ ဒါမှမဟုတ် ချက်ကြီးတွေဟာ သယ်ယူပို့ဆောင်ရေး တာဝန်နဲ့ ကနေဒါနိုင်ငံ ချက်ဗို့လက် ကုမဏီကနေ  မဟာမိတ်တပ်တွေနဲ့ အတူ ကမ္ဘာနိုင်ငံအနှံ့အပြားကို ပျံ့နှံ့ရောက်ရှိခဲ့ပါတယ် … ။ စစ်ပြီးခေတ်မှာတော့ ချက်ကြီးတွေဟာ သူတို့ရောက်ရာအရပ်တွေမှာ အခြေချပြီးတော့ လူမှုအဖွဲ့အစည်းတာဝန်တွေကို ဆက်လက်ထမ်းဆောင်ရ ပါတော့တယ် …။ ဒုတိယကမ္ဘာစစ်အပြီး စစ်အေးခေတ်တစ်လျှောက် ပြီးတော့ ဘာလင်တံတိုင်းပြိုကျ စစ်အေးခေတ် နိဂုံးချုပ်ပြီး ဂလိုဘယ်လိုက်ဇေးရှင်းကို အသွား… ပွင်းလင်းမြင်သာတဲ့ ကမ္ဘာကြီးမှာ ခေတ်မှီတဲ့ နိုင်ငံတော်တော်များများဟာ ချက်ကြီးကို မေ့လျော့သွားခဲ့ကြပြီ…။ ခေတ်မှီဆက်သွယ်ရေး ယာဉ်တွေကြားမှာ ချက်ကြီးဟာ ပြတိုက်ထဲမှာ တိတ်တဆိတ် အနားယူနေပေါ့ … ချက်ကြီးဟာ ချစ်ခင်သူတွေရဲ့ ဂိုဒေါင်ထဲမှာ တိတ်တဆိတ် အိပ်စက်နေခဲ့ပါတယ်..။ ဒါပေမယ့် ဒါဟာ တခြားကမ္ဘာမှာ ဖြစ်ပျက်ခဲ့သလိုပါပဲ..။

 

ကျွန်တော်တို့ နိုင်ငံကတော့ ၂၀၀၀ ပြည့်လွန် ဆယ့်နှစ်ခုနှစ်အထိ ချက်ကြီးကို သုံးစွဲခဲ့ကြပါတယ် ..။ ဘာကြောင့်လည်း ဆိုတော့ ချက်ကြီးကို ကျွန်တော်တို့ ဘ၀တွေအတွက် အမြဲ အရေးပါ အရာရောက်နေခဲ့တုန်းမို့ပါ..။ ချက်ကြီးဟာ ကျွန်တော်တို့ နိုင်ငံရဲ့ခေတ်အမျိုးမျိုး ထမ်းပိုးထားခဲ့တယ် ပြီးတော့ သယ်ဆောင်သွားခဲ့တယ်ပေါ့ …။ ပါလီမာန်ဒီမိုကရေစီ ခေတ်ကနေ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ် တစ်လျှောက်လုံး၊ ဘာမသိညာမသိ စစ်ခေါင်းဆောင်တွေနဲ့တစ်ခေတ် ကျွန်တော်တို့တစ်မျိုးသားလုံး နဲ့အတူ ချက်ကြီးဟာ ခေတ်ကျပ်ကျပ် ခေတ်ဆိုးဆိုး ကို တိုးဝှေ့ကျပ်ညပ် ဖိသိပ်ထိုးနှက်ပြီးတော့ ကျွန်တော်တို့ကိုတင်ဆောင်ခဲ့ပါတယ် …။ ချက်ကြီးရှိရင် ကျွန်တော်တို့ ဘယ်တော့မှလမ်းမပျောက် စေခဲ့ရပါ..။ ချက်ကြီးဟာ ဖက်ဆစ်ဆန့်ကျင်ရေးကနေ ရောင်စုံသူပုန်တွေဝိုင်းထားလည်း သွားမြဲသွားလျှက် ဆွဲမြဲဆွဲလျှက်..။ ကျွန်တော်တိုရဲ့ ပူးပြင်းပျော့အိနေတဲ့ ပေတစ်ရာတွေအကုန်လုံး ချက်ကြီးမလျှောက်ဖူးတဲ့လမ်းမရှိခဲ့ဖူး ချက်ကြီးမရောက်ဖူးတဲ့ ဒေသမရှိသလောက်နဲ့ကို ချက်ကြီးဟာ နိုင်ငံတစ်လွှားမှာ ရေပန်းစားခဲ့ပါတယ်..။ ချက်ကြီးဟာ ကျွန်တော်တို့ သမိုင်းတန်ဖိုးထဲကို နက်နက်ရှိုင်းရှိုင်းပါဝင်ပါတ်သက် ခဲ့ဖူးပါတယ်..။ ချက်ကြီးဟာ ဘာလင်တံတိုင်း ပြိုမကျခင်ကတည်းက ဒေါင်းအလံကို ခေါင်းမှာပန်ပြီး ဒီမိုကရေစီတောင်းခဲ့ဖူးတဲ့ ရဲရဲဝံ့ဝံ့သူရဲကောင်းကြီးလည်း ဖြစ်ခဲ့ပါတယ်.။ ချက်ကြီးဟာ ဒုတိယကမ္ဘာစစ်က စစ်ပြန်ပါ သမိုင်းခေတ်တွေကို တော်လှန်ရဲတယ်…။

 

ကျွန်တော်တို့ တိုင်းပြည်ဟာ ကမ္ဘာကြီးနဲ့ အမြဲတမ်းအချိတ် အဆက်လွဲတယ်..။ မဆလ တစ်ပါတီအောက်မှာ ပြားပြားဝပ်ခဲ့တဲ့ နေ့တွေကနေ စစ်တပ်ဦးစီးတဲ့  အမိအဖနိုင်ငံတော်အောက်ကို အကြောက်တရားနဲ့ ရောက်ခဲ့ရပါတယ် နိုင်ငံတကာ ပိတ်ဆို့မှုတွေနဲ့ အထီးကျန်မှောင်မိုက်တဲ့ နေ့တွေမှာ တစ်နေ့ချင်းတစ်ရက်ချင်းကို ဘယ်လိုအသက်မွေး မလည်းတွေးနေရတဲ့  ဆင်းရဲသား နင်းပြားဘ၀တွေအတွက် ချက်ကြီးဟာ နားလည်စာနာအဖော်ပြုပေးခဲ့ပါတယ်…။ နေ့ပေါင်းများစွာ နှစ်ပေါင်းများစွာ အလုပ်ဆင်းအလုပ်ပြန် နှစ်နာရီစာလောက် ချက်ကြီးထဲမှာ စီးနင်းနေထိုင်ခဲ့ရပါတဲ့ မြို့တော် ၀န်ထမ်းတွေ အလုပ်သမားတွေ အနေနဲ့ ချက်ကြီးကို သူတို့ဘ၀ထဲက မေ့နိုင်တော့မယ် မဟုတ်ပါ..။ အဲဒီလူတွေထဲ ကျွန်တော်လည်း တစ်ယောက်အပါ အ၀င်ပါ..။ ချက်ကြီးဟာ မက်သနောနဲ့ မောင်းလိုက် ဓါတ်ဆီနဲ့မောင်းလိုက် နောက်ဆုံး စီအန်ဂျီပြောင်းမောင်းလိုက်နဲ့ သူသုံးစွဲတဲ့ လောင်စာဟာ အမျိုးမျိုးစုံခဲ့ပါတယ်..။ ချက်ကြီးဟာ သစ်သားကိုယ်ထည်ကြီးနဲ့ စတက်တာတွေ မကောင်းသေးတဲ့ ခေတ်တုံးကဆို ချက်ကြီးကို ဂေါက်တံကြီးနဲ့ အင်ဂျင်ကိုလှည့်လှည့်နိုးရတယ်…။ ဂီယာတံသံချောင်းကို သစ်သား ဒုတ်တိုလေးနဲ့ ထောက်မောင်းရတယ်…။ အင်ဂျင်ဝိုင်ဈေးကြီးတဲ့ ခေတ်ကဆို ချက်ကြီးဟာဆပ်ပြာကို ရေနဲ့ဖျော်ပြီး အင်ဂျင်ဝိုင်လုပ်သောက်ခဲ့ရဖူးတယ်…။ ချက်ကြီးဟာ နေပူကျဲကျဲ မိုးသည်းသည်းပေါ့ ဘယ်တော့မှ လောကဓံကို မဖြုံခဲ့ဖူး ဘရိတ်ကို သုံးချက်တော့ပြီးမှ အတည်ပေါက်ရပ်လို့ရတယ် …။ ဒါပေမယ့်လည်း ချက်ကြီးဟာ သမိုင်းမှာလမ်းမမှားခဲ့ဖူး စစ်ပြန်စစ်မှုထမ်းဟောင်းပေမယ့် ချက်ကြီးဟာ အခွင့်အရေးယူဖို့မကြိုးစားခဲ့ဘူး…။ ချက်ကြီးဟာ ပေးဆပ်သူသက်သက်ပဲ သူဘ၀ကိုသူဖြတ်သန်းခဲ့တယ်..။

 

၁၉၉၀ လွန်ကာလမှ ရန်ကုန်မြို့ဟာ ယခုအချိန်လောက် မကြီးထွားသေးပါဘူး မြို့သစ်တချို့တည်ကာစ ဆိုပေမယ့်လူနေ ကျဲပါးနေတုန်းပါပဲ …. ယခင်ခေတ်ကတည်း ရှိခဲ့တဲ့ ဆင်ခြေဖုန်းမြို့နယ်တွေ ဆီကနေ ချက်ကြီးဟာ ရန်ကုန်မြို့ထဲကို ခေါက်တုံ့ခေါက်ပြန် လူးလာနေခဲ့ရပါတယ် ချက်ကြီးအတူ ဟီးနိုးဘတ်စစ်ကားကြီးတွေနဲ့ တခြားယာဉ်အနည်းငယ်လောက်ပဲ ရှိပါသေးတယ် …။ ချက်ကြီးကတော့ အားလုံးထဲမှာ တာဝန်အကျေဆုံးဖြစ်မှာပါ သူက စီးရေလည်းများတယ် အခေါက်ရည်လည်း များတယ် သယ်ဆောင်ပေးနိုင်တဲ့ လူနဲ့ ကုန်စည်ပမာဏကို မြန်မာပြည်မှာ ချက်ကြီးနဲ့ ယှဉ်ဖို့ တခြားယာဉ်တွေ သမိုင်းတစ်ခေတ်စာ ကြိုးစားရပါလိမ့်မယ်…။ အလုပ်ဆင်းအလုပ်ပြန် ကျောင်းကြိုကျောင်းပို့ နာရေးနဲ့ တခြားဗာဟီရတွေ အကုန်လုံး ချက်ကြီးကို ကျွန်တော်တို့ စိတ်ကြိုက်သုံးစွဲခဲ့ကြပါတယ်..။ အဲဒီနောက်တော့ ချက်ကြီးနဲ့ ပြိုင်ဘက် တစ်ပါတ်ရစ်ဂျပန်ကားတွေ ရန်ကုန်မြို့ လမ်းတွေပေါ်မှာမင်းမူ လာတော့တယ်..။ အဲယားမွန်းတပ် ဖွင့်ပိတ်ခက်တဲ့ မှန်တံခါးတွေနဲ့ ဘရိတ်သံတကျွီကျွီနဲ့ ဂျပန်ကားကြီးတွေဟာ အိုမင်းမစွမ်းဖြစ်လာတဲ့ ချက်ကြီးအပေါ် စိတ်ပျက်အားငယ် စေခဲ့တာအမှန်ပါပဲ…။ ဒေ၀ူး ဟွန်ဒိုင်း စတဲ့ ကိုရီးယားထုတ်ကားတွေကလည်း လမ်းပေါ်မှာ ချက်ကြီးကို အထင်မကြီးတဲ့အကြည့်နဲ့ ကျပ်တန်အကြွေတွေ စုကိုင်ထားရလို့ ချက်ကြီးကို ကောက်ရိုး အမှိုက်လို့ နှိမ်ခေါ်ကြတဲ့ နေ့တွေလည်း ရှိခဲ့ပါတယ်..။ ဒါပေမယ့်လည်း မြို့တော်ရဲ့ အခြေခံလူတန်းစားတွေအတွက် သူ့ဘ၀ကိုအနှိမ်ခံခဲ့ရလည်း အံခဲပြီးတာဝန်ကျေခဲ့ပါတယ်..။ ၂၀၀၀ ပြည့်လွန်နှစ်တွေမှာတော့ ချက်ကြီးကို မြိုတွင်းမြို့နယ်တွေကနေ အာဏာပိုင်တွေက နှင်ထုတ်ခဲ့တယ် …။ တစ်ချိန်က သူတစ်ကိုယ်တည်း အချိန်မှန်မှန် ရုန်းကန်ကျွေးခဲ့ရတယ် မြို့လယ်လမ်းတွေကနေ ရင်နာနာနဲ့ စွန့်ခွာလာခဲ့တယ် …။ ဆင်ခြေဖုံးမြိုနယ်တွေကြား အခြေခံပြည်သူတွေနဲ့အတူ ချက်ကြီးဟာ သူ့ဘ၀ကို ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းတည်ဆောက်ခဲ့တယ်…။ သူနဲ့မြို့သစ်သားတွေကြားမှာ နားလည်မှုတွေတစ်သားတည်းပေါ့..။ ငါးပြား ဆယ်ပြားခေတ်ကနေ ငါးဆယ်ကျပ် တစ်ရာ့ငါးဆယ်ကျပ်အထိ ဘယ်ယာဉ်တစ်စီးစီးက ဖြတ်သန်းခဲ့ဖူးမှာလည်း…။ ချက်ကြီးဟာ နေ၀င်ညနေစောင်းတွေမှာ သူ့ရဲ့ ရှည်လျားတဲ့ သမိုင်းကြောင်း သူပြန်တွေးရင်းကျေနပ်နေခဲ့ပါတယ်..။

 

အချိန်က အရာရာကို ကုစားသွားလိမ့်မယ် ဆိုတဲ့ မြန်မာစကားတစ်ခွန်းရှိတယ် … အဲဒီလိုပဲ အချိန်ကအရာရာကို သေဆုံးသွားစေလိမ့်မယ် ဆိုတဲ့အနိစ္စတရားလည်းရှိတယ် အတော်များများက သတိပြုမိမှာမဟုတ်ဘူး…ချက်ကြီးဟာ သူဘ၀နောက်ဆုံးနေ့တွေရောက်လာလိမ့်မယ် ဆိုတာကြိုတင်သိနှင့်နေခဲ့ပါတယ်… ၂၀၁၂ စက်တင်ဘာဟာ ချက်ကြီးတွေကို နိဂုံးချုပ်စေခဲ့ပါတယ်… နောက်ဆုံးအချိန်အထိ ချက်ကြီးတွေဟာ မြောက်ဒဂုံမြို့နယ်ထဲမှာ မြို့သစ်သားတွေရဲ့ သယ်ယူပို့ဆောင်ရေးကို တာဝန်ယူပေးခဲ့တုန်းပါပဲ…။ နောက်ထပ် အစားထိုးကားတွေ မလာခင် ကားသစ်လမ်းသစ်နဲ့ စမတ်မကျသေးခင်စပ်ကြားတော့ သစ်သားထိုင်ခုံ နဲ့ ဂေါင်းမပြူလက်မထုတ်ရကို ပန်းချီလက်ရေးနဲ့ ရေးထားတဲ့ ပန်ကာမရှိ အဲယားကွန်းမပါ ကျေးဇူးတင်ပါတယ်စာသားကို ဘာကြော်ငြာမှ မပါပဲရေးထားတဲ့ ချက်ကြီးတွေဟာ တာဝန်ကျေကျေ ရှိနှင့်နေဦးမှာပါ…။ချက်ကြီးဟာ ရန်ကုန်မြို့ပေါ်က မော်တော်ယာဉ်တွေကို ထိန်းသိမ်းဖို့ ဖွဲ့တဲ့ မော်တော်ယာဉ်လိုင်းပေါင်းစုံးထိန်းသိမ်းမှု ကော်မတီကို ကမကထလုပ်ခဲ့သူထဲမှာ ပါဝင်ခဲ့သူပါ ဒါပေမယ့် ဒီကနေ့မှာ ချက်ကြီးကို ထိမ်သိမ်းဖို့အတွက် အဲဒီအဖွဲ့က တာဝန်မယူနိုင်တော့တာ တွေ့နေရပါတယ်..။ သမ္မတနဲ့ နောက်ကြောင်းမပြန်ရေး မူဝါဒကို အခွင့်အရေးယူပြီး ခေတ်ကာလနဲ့မလျှော်ညီတော့ တဲ့အတွက်ဆိုပြီး ချက်ကြီးရဲ့သမိုင်းကို အင်းစိန်ရွာမမှာ အရည်ကြိုပစ်ရတော့မှာလား…။ ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်ဖို့ တန်ဖိုးထားသူတွေ ဂုဏ်ယူနိုင်စေဖို့ သမိုင်းမှတ်တမ်းအဖြစ် သပ်သပ်ရပ်ရပ် ချက်ကြီးတစ်လိုင်းဟာ မဟာရန်ကုန်မှာ ပြေးဆွဲနေဖို့ မလိုအပ်ဘူးလား … လို့ အဲဒီလိုစကားတွေ ချက်ကြီးကို ချစ်ခင်သူတွေဆီက ကြားခဲ့ရဖူးပါတယ်…။ ချက်ကြီးကတော့ သမိုင်းခေတ်ကို တာဝန်တွေကျေခဲ့ပြီဖြစ်ပါတယ်…။

 

အောင်ပိုင်စိုး