ဘတ်စ်ကားက ဂိတ်မှာထိုးလိုက်တာနဲ့ တစ်ပေါက်တည်းရှိတဲ့ ကားတံခါးဘေးကို

လူတွေအလျင်အမြန်ပြေးကပ် လိုက်တယ်။ `စောင့်ဦးလေ ထိုင်ခုံတွေအများကြီးရှိနေတာပဲ

ဆင်းတဲ့လူတွေကလည်း မြန်မြန်ဆင်းကြ အောက်ကလူတွေက အတင်းတိုးတက်နေပြီ´

စပယ်ရာက ပါးစပ်သေနတ်ပစ်နေပါတယ်။ သူကမြင်ကွင်းကိုငေးရင်း စပယ်ရာပြောတဲ့

ထိုင်ခုံတွေအများကြီးဆိုတာ ကိုဆက်တွေးနေမိတယ်။ ထိုင်စရာတွေအများကြီးဆိုပေမယ့်

ဂတ်စ်အိုးကိုသံပုံးရိုက် ပျဉ်ခင်းထားတာပဲ။ အဲဒီထိုင်စရာလေးကိုပဲ လူတွေလုယက် နေတာကတော့ အံ့သြစရာဖြစ်နေခဲ့ပါတယ်။ တချို့က ထိုင်စရာတွေ အများကြီးထဲကမှ

တစ်ယောက်တည်းရွေးရင်း စိတ်တိုင်းမကျဖြစ်နေပါသေးတယ်..။ကားဆောင့်ထွက်တော့မှ

အဲဒီလူယိုင်သွားတော့မှ နီးစပ်ရာကို လှမ်းထိုင်လိုက်တွေ့လိုက်ရတယ်…။

ဘ၀မှာနေရာတစ်နေရာ ရဖို့အရေးကြီးတယ်ကွ။ အဲဒီနေရာတစ်နေရာရဖို့ အနစ်နာခံ

ပေးဆပ်ရတာတွေ ကြိုးစားအားထုတ်ရတာတွေ ၊ပုတီးစိပ် အဓိဌာန်ဝင်နဲ့ပေးဆပ်ရတာတွေ

ရှိတယ်ကွ။ တချို့ကျတော့လည်း စိုင်ကော်လို့ချုံပေါ်ရောက်တတ်တာတော့ရှိတာပေါ့ကွာ၊

ဒါပေမယ့် လူတိုင်းအတွက် နေရာတစ်နေရာရဖို့ အရေးကြီးတယ်ကွ။အဲဒါမှ ဟန်မပျက်နေနိုင်မှာလို့ ဆရာသူငယ်ချင်းတစ်ဦးက ပြောဖူးပါတယ်။ ဆရာသူငယ်ချင်းလို့

ခေါ်ရတာက တစ်ခါတစ်ခါ သူငယ်ချင်းပေါင်းပေါင်းပြီး တစ်ခါတစ်ခါဆရာ လုပ်တတ်လွန်းလို့

သူ့ကို ဆရာသုငယ်ချင်းလို့ ကျွန်တော်က အမြဲခေါ်ပါတယ်။ သူပြောသလိုဆို ဘ၀ဆိုတဲ့နေရာတိုင်းမှာ ဟန်လုပ်နေကြသလိုပါပဲ။ ကျွန်တော်လည်းထိုင်လက်စ လက်ဘက်ရည်ဆိုင်မှာ ဟန်မပျက်ထိုင်နေတာပါ။ လက်ဖက်ရည်ဖိုးရှင်းမယ့်သူငယ်ချင်းက

ဖုန်းခဏဆက်မယ်ဆိုပြီး ထွက်သွားတာ ၁၅မိနစ်လောက်တော့ရှိပြီ။ အိတ်ထဲမှာ ပိုက်ဆံကနည်းနေတော့ လက်ဘက်ရည်ဖိုး အခုရှင်းလိုက်ရင် မလောက်မငဖြစ်မှာစိုးလို့

စိတ်ကတော့နည်းနည်းပူချင်နေပါတယ်။ ဟန်ကိုယ့်ဖို့ မဟုတ်လား ထိုင်လက်စ နေရာမှာ ဆက်ထိုင်နေတာ အကောင်းဆုံးပါပဲ။

ဂျာနယ်ထဲမှာ သရုပ်ဆောင်ကောင်မလေး အင်တာဗျူးအပျင်းပြေ ဖတ်နေရင်း

`သမီးကတော့ အစွမ်းကုန်ကြိုးစားပါ့မယ်လို့ ပရိတ်သတ်ကိုကတိပေးပါတယ်´

`တစ်နေ့နေ့မှာ တစ်နေရာရာ ရလာမယ်လို့လည်း ဆိုတာလည်း သမီးယုံကြည်တယ်လေ´

တစ်နေ့နေ့ တစ်နေရာရာဆိုတဲ့စကားကို လူတွေတရွေ့ရွေ့သုံးလာတာ ဘယ်လောက်များ

ကြာနေပြီလဲ….။

သူကတော့ အဲဒီတစ်နေ့နေ့ဆိုတာကို အင်္ဂါနေ့မနက်တွေပဲ ဖြစ်စေချင်ဘူး တစ်နေရာရာဆိုတာကတော့ မနက်ခင်းစာအေးအေးလူလူ စားနိုင်တဲ့တစ်နေရာ

ဖြစ်စေချင်တယ်…

သူတို့ပြောတဲ့အကြောင်းအရာတွေထဲမှာ အနာဂတ်အကြောင်းမပါပါဘူး၊ အတိတ်ဖြစ်ရပ်

တွေကိုလည်းမဆွေးနွေးဘူး၊ ပစ္စပုန်သတင်းတွေနဲ့လည်း ခပ်ကင်းကင်းနေပါတယ်။

တစ်ခါတစ်ရံ ဂန္တ၀င်ဝတ္ထုတွေအကြောင်း တစ်ခါတစ်ရံတော့ မုန့်ဟင်းခါးထဲမှာ

အကြော်ထည့်စားသင့်မစားသင့် နဲ့ ကဗျာစာသားတချို့က အတွေးတွေကိုခင်းပွင့်

စေကြောင်း အဲဒီလောက်ပါပဲ…လက်ဘက်ရည်ဆိုင်လေးရဲ့ကျောမှီထိုင်ခုံလေးတွေဟာ

သက်သောင့်သက်သာဖြစ်တဲ့အတွက် အဲဒီနေရာလေးက ထိုင်ရတာအဆင်ပြေပါတယ်။

ထိုင်ခုံတွေရဲ့ ကျောမှီပုစံတွေက လူတွေ့ရဲ့စိတ်နေစိတ်ထားကို ပြဌန်းလိမ့်မယ်လို့

စိတ်ပညာဆရာတွေက ယူဆပုံမရပါဘူး။ အဲဒါကြောင့်ထိုင်ခုံတွေရဲ့ စိတ်ပြောင်းစိတ်လဲကို

ဘယ်သူမှ မရေးသားကြတာဖြစ်လိမ့်မယ်။ သူရုံးက ဘော့စ်ကတော့ ကျောမှီထိုင်ခုံကို

သုံးလတစ်ခါလောက်လဲပါတယ်။ ထိုင်ခုံတစ်လုံးကို သုံးလလောက်ထိုင်ပြီးရင် သူစိတ်တိုင်း

မကျတာကများပါတယ်။ သူလည်းသူ့နေရာလေးကို ဖင်မြဲဖို့ထိုင်ခုံခဏခဏလဲရမယ်လို့

စိတ်စွဲနေသလားမသိပါဘူး။ အစည်းအဝေးခန်းမထဲရောက်ရင်လည်း သူ့ထိုင်ခုံကို စပယ်ရှယ်လုပ်ထားပေးရပါတယ်။ ဒါတောင် သူက စိတ်တိုင်းမကျလို့ အစည်းအဝေးခန်းထဲ

ရောက်တိုင်းသူဆီက မကျေမနပ်အသံတွေချည်း ကြားနေရတာပါပဲ….။

ကိုယ်ကတော့ မတ်တပ်သမားဆိုတော့ ဘယ်နေရာရပ်ရပ် ကိုယ်ခြေထောက်ကိုယ်

မကျေနပ်စရာဖြစ်စရာမရှိဘူး။ အာခိမိဒီစ်းကတော့ စကြာဝဌာထဲမှာ မတ်တပ်ရပ်ဖို့

တစ်နေရာသာပေးစမ်းပါ ကမ္ဘာကြီးကို ကျုပ်ရွှေ့ပစ်မယ်တဲ့......


အောင်ပိုင်စိုး



ပထမဆုံး အမှတ်ရတာကတော့ အမေ့ခြံဝိုင်းကြီးရဲ့ထောင့်မှာ ထီးထီးမားမား ပိတောက်ပင်အိုကြီးရှိတယ် ဆိုတာပဲ…။ သူတို့ ညီအစ်ကို မောင်နှမတွေအတွက် ဆော့ကစားစရာ အရိပ်ကောင်းကြီးလေ…။ သင်္ကြန်မိုး တပြိုက်နှစ်ပြိုက် ကျလာရင်တော့ ပင်လုံးကျွတ် အားရအောင် ပွင့်တတ်တဲ့ ပိတောက်ပင်ကြီးလေ…။ လူပျိုပေါက် အစ်ကိုတွေအတွက် ကောင်မလေးတွေကို ပိုးပန်းပေးဖို့… အစ်မတွေရဲ့ခေါင်းပေါ်ကနေ အစ်မတွေနဲ့အပြိုင် ပြုံးတတ်တဲ့ ပိတောက်ပွင့်ဝါ၀ါတွေ…။ အမေ့ရဲ့ ဘုရားစင်ပေါ်မှာလည်း ကျက်သရေတွေ ထိန်ထိန်ဝင်းလို့…။ ဘာမှန်းညာမှန်း သိပ်မသိသေးပေမယ့် ပိတောက်ပွင့်ရင် အားလုံးပျော်ကြသလို သူလည်း ပျော်ခဲ့ဖူးတယ်…။

ကျောပိုးလွယ်အိတ်ထဲကို ပလတ်စတစ်ပုံးထည့်လွယ်၊ ထိုင်းကလာတဲ့ စတီးပြွတ်ထည့်၊ မျက်မှန်တပ် ဦးထုပ်ဆောင်းပြီးရင် တစ်ဘက်လမ်းကကောင်တွေကို နလန်မထူနိုင်အောင် အပြိုင်ပက်ဖို့ အသင့်ပဲ…။ အိမ်ရှေ့မှာ သူ့အဖွဲ့ကလည်း သူ့ကိုစောင့်နေပြီ…။ သူတို့အဖွဲ့(၈)ယောက်မှာ စတီးပြွတ်နဲ့က သုံးယောက်ပါတယ်။ တရုတ်ကလာတဲ့ ကော်ပြွတ်တွေကတော့ သိပ်အလုပ်မဖြစ်ဘူး။ အဲဒါကြောင့် သူ့ကို အားကိုးတကြီး စောင့်နေကြတာ…။ နေဘယ်လောက်ပူပူပါ… သင်္ကြန်ရေက ဘယ်တော့မှ အပူမရှပ်ဘူး…။ မနှစ်ကတော့ အဲဒီကောင်တွေရေပူဖောင်းနဲ့ပစ်လို့ အလူးအလဲ ခံလိုက်ရဖူးတယ်…။ ဒီနှစ် ရေပူဖောင်းပစ်လို့ မရတော့ဘူး။ ဒင်းတို့ နာဖို့သာပြင်ပေါ့…။ ပြွတ်စုတ်လေးနဲ့ ပက်တာလောက်တော့ရီတာပေါ့… ရီတာပေါ့…။ မနက်ခင်းထဲက ထိပ်တိုက်ရင်ဆိုင်ပွဲနှစ်ပွဲမှာ သူတို့အဖွဲ့က အပြတ်အသတ် နိုင်လိုက်တယ်။ ဒီကောင်တွေ ညနေကျရင် မကျေပွဲ လာပက်ဦးမှ ကိုယ့်ဘက်ကလည်း အသင့်ပြင်ထားရုံပေါ့…။

ကားခက တစ်ရက်ကို လေးသောင်း ကိုယ့်ဆီကိုယ်ထည့်ရမှာ တစ်ယောက် သုံးထောင်ကောက်ပြီး အယောက် ၂၀ လောက်ပဲ တင်မယ်ကွာ… ဘယ်လိုလုပ်မလဲ… ဂျစ်ကားပဲရှာမလား… ဟေ့ကောင်… ဂျစ်က ဈေးမြောက်တယ်ကွ… မနှစ်ကလည်း တွန်းခဲ့ရပြီးပြီ… Publica နဲ့ Lite Ace တစ်ခုခု လုပ်ကွာ… ငါ့အစ်ကိုသူငယ်ချင်း ငါးချိတ်တစ်စင်းရှိတယ်… သူလည်း သင်္ကြန်လိုက်ချင်နေတာ… အဲဒါဆို ငါတို့အယောက်(၃၀) တင်လို့ရမယ်… မင်းကလည်း လူများရင် ပါးစပ်ပေါက်များတယ်… အရက်ပိုကုန်ရော… အဲဒါဆိုလည်း သင်္ကြန်ကားထွက်ရန် အသောက်အစားကင်းသူများ အလိုရှိသည်လို့ ကြော်ငြာလိုက်ပါလား… မိန်းကလေးတော့ မတင်ဘူးကွာ… ရန်ဖြစ်မှာစိုးလို့… အေး…မင်းညီမဆိုရင်တော့ စဉ်းစားပါ့မယ် ယောက်ဖရာ… ဘယ်မှမရောက်ရင်နေ IC မဏ္ဍပ်ရောက်ရင် ပြီးတာပဲ… မင်းတို့တစ်ရက်သုံးထောင်ဆိုတာ ထမင်းကျွေးမှာလား… အလှူတွေ့ရင် ကားရပ်ပေးမယ်လေ… ကိုယ့်ဟာကိုယ် ၀င်စားပေါ့… မင်းတို့သောက်ဖို့ ရေသန့်ဘူးနဲ့ အာလူးကြော်တစ်ထုပ် ပေးမယ်…။

အဖေ့ လုပ်ပါဦး… သင်္ကြန်တွင်းသုံးဖို့ တစ်ပုံးလောက် ပေးပါဦး…။

ဟ… မင်းဟာက များလှချည်လား… ဟာ… အဖေကလည်း ငယ်ငယ်က သင်္ကြန်တွင်းဆို ရေပက်ဖို့ ခွက်တွေ ၀ယ်ပေးနေကျပဲဟာ… အခုသားက နည်းနည်းကြီးလာလို့ တစ်ပုံးပဲတောင်းတာ… ။ အဲဒါဆိုလည်း နောက်ဖေးက လက်ဆွဲပုံးသာ ယူသွားကွာ…။ အဲလိုလည်း မဟုတ်ဖူးလေ ဒက်ဒီ ဖားသား ချစ်ဖေဖေကလည်း… မဏ္ဍပ်က ၉ သောင်းကျမှာ မဏ္ဍပ်ဆောက်တာ သူငယ်ချင်းတွေမို့ ၃ သောင်းပဲ ပေးရမှာ… သူတို့ကလည်း သားကို လာစေချင်တယ်… အဲဒါ ဖိနပ်လည်း ၀ယ်ရဦးမှာ… ဘောင်းဘီလည်း နှစ်ထည်လောက် ထပ်ဝယ်ရမှာ… သားတို့မဏ္ဍပ်မှာက နာမည်ကြီး DJ တွေလည်း လာမှာမို့ ကိုယ်ကလည်း လန်းနေမှ ဖြစ်မှာမို့ပါ…။ ဟိုနေ့က မျက်မှန်သွားကြည့်ထားတာ ၂၅၀၀၀… အဲဒါဝတ်လိုက်ရင် လုံးဝအပျံစား ဖြစ်သွားမှာ… ဒက်ဒီဆီက တစ်ပုံးတောင်းတာ သားသုံးဖို့ မပါပါဘူး… အဖေက ချွေချွေတာတာနေဆိုလို့ သူငယ်ချင်းတွေဆီက ကပ်စားနေတာ တော်တော်ကြာပြီ… သင်္ကြန်ပြီးရင် မုန့်ဖိုးမယူတော့ဘူး… နော် ဒက်ဒီ… အခုတော့ တစ်ပုံးပဲ စွန့်ကျဲပါ…။

တစ်နှစ်လုံးမှာ ဒီပိတ်ရက်လေးပဲ နားရမယ်အောက်မေ့တာ… တစ်နှစ်လုံးပစ်ထားတဲ့ သူ့အခန်းက ပြန်လည်ပြင်ဆင်ဖို့ တောင်းဆိုနေပြီ။ အခန်းကို ဆေးပြန်သုတ်၊ ပရိဘောဂတွေပြန်ပြင်… မီးဖိုချောင်လည်း သန့်ရှင်းရေးလုပ်၊ အိပ်ခန်းထဲက ကုတင်ကို ပေါလစ်တင်၊ အ၀တ်အစားတွေ စောင်တွေ ခြင်ထောင်တွေ စုပြုံလျှော်… စာအုပ်အဟောင်းတွေ အသစ်တွေ စနစ်တကျပြန်ထား… မထင်မှတ်ဘဲ ဒိုင်ယာရီအဟောင်းတစ်အုပ် ပြန်ဖတ်မိသေးတယ်… သင်္ကြန်အကျနေ့တစ်ရက်ကို ဘာလို့ မင်နီတားထားတာလဲ… အပြင်မှာ ပိတောက်တွေ ၀ါဝါထိန်နေမှ သြော်… သင်္ကြန်ပါလားလို့ သတိထားမိတယ်…။ ငယ်ငယ်က အဖေ့ခြံထောင့်က ပိတောက်ပင်အိုကြီး ဘယ်အချိန်လောက်ကလဲပြိုသွားခဲ့တာလဲ… ၀ိုးတ၀ါးပေမယ့်…။

နှစ်ကာလများစွာရဲ့ နွေဦးအကြိုညတွေမှာ သူ့ကိုခြောက်လှန့်ခဲ့ဖူးတဲ့ ပိတောက်တစ္ဆေကို အမှတ်ရနေမိဆဲပါ…။




အောင်ပိုင်စိုး