( ဧရာဝတီမြစ် ရေတိမ်နစ်မည်လော )

ဧရာဝတီမြစ်ဟာ သက်တမ်းအားဖြင့် အနှစ် (၁၅)သန်းရှိပါပြီ ။ လူသက်တမ်းနဲ့ တွက်ကြည့်ရင် ရှည်လျားလှပြီ ဆိုနိုင်ပေမယ့် ဘူမိသက်တမ်းနဲ့ဆိုရင်တော့ နုပျိုတဲ့အရွယ်လို့ ဆိုနိုင်ပါတယ် ။ ကျွန်တော်တို့ ကမ္ဘာမြေကြီးဟာ သက်တမ်း အနှစ်သန်း ၅၀၀ ရှိပါပြီ။ နေစကြာဝဠာရဲ့ သက်တမ်းကတော့ နှစ်သန်း ၄၅၀၀ပါ။ မဟာစကြာဝဠာ၊ အနန္တစကြာဝဠာတွေရဲ့ သက်တမ်းကတော့ မှန်းဆလို့တောင်မရပါဘူး ။ ကျွန်တော်ပြောချင်တာက တော့ ဘူမိသက်တမ်း နုပျိုလှပါတယ် ဆိုတဲ့ ဒီမြစ်ကြီးဟာ အရွယ်နဲ့ မမျှအောင်၊ အခုအချိန်မှာ ယိုယွင်းအိုမင်းပျက်ဆီး နေပါတယ် ဆိုတဲ့အကြောင်းပါပဲ..။

အဲဒါ ဘယ်သူတွေကြောင့်လဲ။ အဲဒီမြစ်ကို မှီတင်းနေထိုင်ခဲ့ပြီး၊ ဒီမြစ်ကြီးရဲ့ သဘာဝအရင်းအမြစ် တွေကို၊ မဆင်မခြင် ထုတ်ယူသုံးစွဲ ခဲ့ကြသလောက်၊ ဒီမြစ်ကြီးကို ပြန်လည် ထိမ်းသိမ်းစောင့်ရှောက်ဖို့၊ တာဝန်ပျက်ကွက်ခဲ့တဲ့၊ ကျွန်တော်တို့ တစ်တွေကြောင့်ပါပဲ။ မှတ်တမ်းဟောင်းတွေအရ အေဒီ ၆ရာစုလောက်ကတည်းက မြစ်တစ်ဝိုက်မှာ လူတွေအခြေချ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ (ပုဂံမတိုင်မှီ အနှစ်လေးရာစောပါတယ် ) အခု ဧရာဝတီမြစ်ကြီးရဲ့ အခြေအနေဟာ မြစ်ကောကြီး မဖြစ်ရုံတမယ်သာ ကျန်ပါတော့တယ်။ သောင်တွေ ထူထပ်လာပါတယ်။ မြစ်ရေတိမ်လာတယ်။ အရင်နှစ်ပေါင်းများစွာ ကတည်းက၊ ရေကြောင်းခရီးသွားလာခြင်းရဲ့ အသက်သွေးကျောသဖွယ် ဖြစ်ခဲ့တဲ့ ဒီမြစ်ကြီးဟာ၊ ဟသာင်္တနဲ့ ဗန်းမော်အထိ (မိုင် ၈၀၀) ခရီးသာ တစ်နှစ်ပါတ်လုံး သွားလာနိုင်ပါတယ် ဗန်းမော်နဲ့ မြစ်ကြီးနား (၁၂၅)မိုင်ခရီးကတော့၊ တစ်နှစ်မှာ (၇)လသာ သွားလာနိုင်ပါတယ်။ ရေနည်းသော နွေမှာ မသွားလာနိုင်ပါ။

အခု ဧရာဝတီမြစ်ကြီး ရေစီးယုတ်လျှော့ခန်းခြောက်လာရတဲ့ အကြောင်းတွေကတော့…

(၁) ရေအရင်းအမြစ် ယိုယွင်းပျက်စီး လျော့နည်းလာခြင်း။ ( ဧရာဝတီမြစ် အပါအ၀င်၊ အာရှကမြစ်ကြီး ကိုးစင်းဟာ မြောက်ဖျား ဟိမ၀န္တာတောင်တန်းပေါ်က ရေခဲပြင်တွေက အခြေခံပါတယ်။ကမ္ဘာကြီး ပူနွေးလာမှုကြောင့် အဲဒီရေခဲပြင်တွေလည်း တစထက်တစ ယုတ်လျော့လာတာ တွေ့ရပါတယ်။နောက် လိုအပ်တဲ့ မိုးရေချိန်မရဘူး။ )

(၂) Global Warming ကမ္ဘာကြီး ပူနွေးလာမှုကြောင့် ရေခမ်းခြောက်လာတယ်။

(၃) သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းမှု အသိမရှိတဲ့အတွက် ဂေဟစနစ်တွေ ပျက်စီးလာတယ်။ မြစ်ပတ်ဝန်းကျင် သစ်ပင်တွေကို ခုတ်တယ်။ မြစ်ကြောင်းတစ်လျှောက် ရွှေတူး၊ သတ္တုတူး၊ ကျောက်တူးရာက ထွက်ပေါ်လာတဲ့ အညစ်အကြေးတွေကို ရေထဲ စွန့်ပစ်တယ်။ ရေထုညစ်ညမ်းမှုဖြစ်ပြီး၊ မြစ်ထဲမှာ ရှိတဲ့ သက်ရှိသက်မဲ့ ဇီဝမျိုးစုံမျိုးကွဲတွေ ပျက်စီးဆုံးရှုံးမှုဖြစ်တယ်။ (ဧရာဝတီလင်းပိုင်တွေ မျိုးတုံးမယ့် အန္ထရာယ်မျိုး။) ချင်းတွင်း စစ်တောင်းစတဲ့ ဧရာဝတီထဲကို စီးဝင်တဲ့ မြစ်လက်တက်တွေ ကလည်း၊ ကမ်းပါးပြိုမှုကြောင့် ဖြစ်တဲ့ နုံးတွေ သံတွေကို မြစ်ထဲကို တိုက်စားသယ်ဆောင် လာတယ်။ အောက်ခြေ မျက်နှာပြင်မြင့်လာတဲ့ အတွက် ၊ မိုးများတဲ့အခါ မြစ်ရေလျှံမှုတွေဖြစ်လာတယ်။ (ဒီနှစ် … ၂၀၁၁ဟာ စံချိန်တင်လောက်အောင် ရေကြီးရေလျှံတဲ့နှစ်ဖြစ်တယ်။) မြစ်ထဲမှာ သောင်ထွန်းလာတာဟာ၊ မြစ်ကူးတံတားတွေရဲ့ ဘေးထွက်ဆိုးကျိုး တစ်ခုလည်း ဖြစ်ပါတယ်။ တံတားတွေ တည်ဆောက်တာ ကန့်ကွက်စရာမရှိပေမယ့်၊ မြစ်ရေစီးရေလာကို အနှောင့်အယှက်မပေးမယ့် တိုင်ဖျောက်ကြိုး တံတားတွေဆောက်တာ ပိုသင့်တော်မယ်ထင်ပါတယ်။

(လက်ငင်းအကြောင်း)

အထက်ကဆိုခဲ့သလို၊ အဖက်ဖက်က ယိုယွင်းပျက်စီးလိုက်လာတဲ့ ဧရာဝတီမြစ်ကြီးကို၊ ဘယ်လိုကယ်တင်ရရင် ကောင်းမလဲ။ (အရင်က ဧရာဝတီမြစ်ကြောင်း ထိမ်းသိမ်းရေးလုပ်ငန်းကို ကျွန်တော်တို့ မည်မည်ရရ မလုပ်ခဲ့ကြဘူး။ အစိုးရအဆက်ဆက် လှစ်လျူရှုခဲ့ကြတဲ့ ဆိုးကျိုးတွေ အခုခံရတာပါပဲ။ မကြာခင်ကမှ လွှတ်တော် ဥက္ကဠ သူရဦးရွှေမန်းရဲ့ ညွှန်ကြားချက်နဲ့ “မြစ်ကြောင်း ထိန်းသိမ်းရေးလုပ်ငန်း” ကော်မတီဖွဲ့တာ ကြားလိုက်ရပါတယ်။ အားကြိုးမာန်တက် လုပ်ကြရင် နောက်မကျကောင်းပါဘူး။) စဉ်းစားနေကြတုန်း၊ ရေနစ်သူကို ၀ါးကူထိုးမယ့် ကိစ္စပေါ်လာပါတယ်။ အဲဒါက မြစ်ဆုံမှာ ရေကာတာကြီး ဆောက်မယ့် ကိစ္စပါပဲ။

အဲဒီရေကာတာကြီးက မဂ္ဂါဝပ်သောင်းရှစ်ထောင် (၈၀၀၀) ကျော် ထုတ်လုပ်ပေးနိုင်မယ်ဆိုတော့ .. ဘယ်လောက်ကြီးမယ့် ဆည်ကြီးဖြစ်မယ်ဆိုတာ ခန့်မှန်းနိုင်ပါတယ်။ မေခနဲ့ မလိခမြစ်ဆုံမှာ ဒီဆည်ကြီး ဆောက်မယ် ကြား ကတည်းက၊ ဟိုကကန့်ကွက် ဒီကကန့်ကွက်ပါပဲ။ ဒီကြားထဲ မကြာခင်ကလျှပ်စစ် ၀န်ကြီး ဦးဇော်မင်းက ဘယ်သူတွေ ဘာပြောပြော ( သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးဝါဒီတွေရော၊ ကုလသမဂ္ဂရော ) ဒီစီမံကိန်းကို ဆက်အကောင် အထည်ဖော်မယ်လို့ ထုတ်ဖေါ်ကြေငြာလိုက်တာဟာ၊ ရည်ရွယ်ထားပုံမရသော်လည်း၊ မီးပုံထဲကို ဓါတ်ဆီလောင်းလိုက် သလိုဖြစ်သွားတယ်။ နေရာပေါင်းစုံက ကြွက်ကြွက်ညံအောင် အသံတွေထွက်လာတယ်။ တစ်ဘက်က နိုင်ငံတော် အကျိုးစီးပွားအတွက် လုပ်တယ်ဆိုပေမယ့် (ငွေနဲ့ မပက်သက်တဲ့ တခြားအကျိုးစီးပွားတွေလည်း အများကြီးရှိပါသေးတယ်။) အဘက်ဘက် ထောင့်ပေါင်းစုံက လေ့လာသုံးသပ်ပြီး၊ ဆင်ဆင်ခြင်ခြင် ဆောင်ရွက်ရမယ့် ကိစ္စဖြစ်ပါတယ်။ ဘယ်အလုပ်ပဲ လုပ်လုပ် ဘေးထွက်ဆိုးကျိုး ဆိုတာကတော့ ရှိစမြဲပါ။ အဲဒီလိုစဉ်းစားပြီးမှ ကောင်းကျိုးနဲ့ ဆိုးကျိုး ဘယ်ဟာသာမလဲ၊ ချိန်ဆဆောင်ရွက်ရပါမယ်။ ဒီတော့ ဒီကိစ္စနဲ့ပက်သက်ပြီး လက်လှမ်းမှီသလောက် နိုင်ငံရေးရှုထောင့်၊ လူမှုရေးရှုထောင့်၊ စီးပွားရေးရှုထောင့်၊ သဘာဝပါတ်ဝန်းကျင်ဆိုင်ရာ ရှုထောင့်တွေက လေ့လာသုံးသပ်ကြည့် ရအောင်။

(လက်လှမ်းမှီသလောက် လို့ပြောလို့ရတာက လေ့လာသုံးသပ်ဖို့ လိုအပ်တဲ့ ၊ သတင်းအချက်အလက် အပြည့် အစုံ အမှန်အကန်ကို ရနိုင်ဖို့ ခက်ခဲလို့ပါပဲ။ ဒီကိစ္စမှာလည်း ထုံးစံအတိုင်းပဲ ပွင့်လင်းမြင်သာမှု အားနည်းနေပါတယ်။ ၀န်ကြီးက BANCA အဖွဲ့လေ့လာနေတာ သုံးနှစ်နီးပါးရှိပြီဆိုပေမယ့်၊ အလုပ်ရုံဆွေးနွေးပွဲ မှာ ဘန်ကာအဖွဲ့ ဥက္ကဠကတော့ (၅)လပဲရှိသေးတယ်လို့ ဆိုပါတယ်။ ဆည်(၈)ဆင့် တည်ဆောက်မှုအတွက်မှာ (၈)နှစ်ကြာမယ်ဆိုသော်လည်း၊ တချို့က (၁၅)နှစ်ကြာမယ် ပြောနေကြပါတယ်။ စီမံကိန်းပြီးလို့ လျှပ်စစ်ဓါတ်အားရောင်းရတဲ့အခါ နိုင်ငံတော်က အမြတ်ငွေ (၃၀) ရာခိုင်နှုန်းရမယ်လို့ ၀န်ကြီးကပြောပေမယ့် တကယ်တော့ (၂၀)ရာခိုင်နှုန်းပဲရမယ်။ (၁၀) ရာခိုင်နှုန်းကို ပွဲစားကိုပေးရမယ် လို့ ပြောတဲ့သူက ပြောပါတယ်။ သတ်မှတ်အချိန်ကာလ တစ်ခုရောက်တဲ့အခါ နိုင်ငံတော်က ဒီစီမံကိန်းကြီး တစ်ခုလုံးကို အပိုင်ရမယ်။ သတ်မှတ်အချိန်ကာလဆိုတာ အရင်ကအနှစ် (၃၀)လို့သိပေမယ့်၊ အခုတော့ အနှစ် (၅၀)လို့ ပြောနေပြန်ပါတယ်။ အဆိုးဆုံးကတော့ ဘန်ကာ BANCA ( Biodiversity and Nature Conservation Association) အစီရင်ခံစာ အပြည့်အစုံကို ပြည်သူထဲကို ချမပြနိုင်တာပဲ။ ဘန်ကာ ဥက္ကဠပြောတာကတော့ ကန်ထရိုက် (တရုတ်ကုမ္မဏီ (CPI) နဲ့ စာချုပ်ချုပ် ကတည်းက၊ အစီရင်ခံစာပါ အချက်အလက်တွေကို သူတို့ သဘောမတူပဲ ထုတ်ဖေါ်မပြောပါဘူးလို့ ကတိထားခဲ့ရတယ်တဲ့။ ကဲ .. ရသလောက် အချက်တွေအပေါ်မှာပဲ အခြေခံသုံးသပ်ရအောင်။)

(၁) (စီးပွားရေး ရှုထောင့်)

ထိုစီမံကိန်းကထွက်လာမယ့် မဂ္ဂါဝပ် ၁၈၀၀၀ ရဲ့ ၁၀ ရာခိုင်နှုန်း (မဂ္ဂါဝပ် ၁၈၀၀) ကို အခမဲ့သုံးနိုင်မယ်။ ရှယ်ယာလည်း ၁၅ရာခိုင်နှုန်းထည့်ပေးမယ်။ ရောင်းရငွေအမြတ်လည်း ၃၀ရာခိုင်နှုန်း ရဦးမယ်။ (ပွဲစားကို ၁၀ရာခိုင်နှုန်း ပေးရမယ်ဆိုတာ ဟုတ်သလား။) နောင်ပေါ်ထွန်းလာတဲ့ စက်မှုလုပ်ငန်းတွေနဲ့ ထားဝယ်ရေနက် ဆိပ်ကမ်းက ဖေါ်ထုတ်မယ့် စက်မှုဇုန် ( အာရှအကြီးဆုံး စက်မှုဇုန်) တွေကသုံးမယ့် လျှပ်စစ်ပမာဏက မဂ္ဂါဝပ်တစ်သောင်းလောက် ရှိမယ်။ အဲဒါ တရုတ်ဆီကပြန်ဝယ်ရမယ်။

၂၀၀၉ မြစ်ဆုံစီမံကိန်း သဘောတူ စာချုပ်ချုပ်ပြီးကတည်းက၊ တရုတ်က အဲဒီဒေသတ၀ိုက်မှာ သူ့အလုပ်သမားတွေနဲ့ အခြေခံတည်ဆောက်မှုတွေ လုပ်နေပြီ။ မေခနဲ့မလိခမြစ်နှစ်မြစ်ရဲ့ လက်ဝဲ (၄၅)မိုင် လက်ယာ (၄၅) မိုင်အတွင်း သစ်ပင်တွေကို ခုန်လှဲသယ်တာတွေ၊ ရွှေ ကျောက်မျက်ရတနာတူးဖေါ်တာတွေ၊ တိရစ္ဆာန်တွေက အစ အဖိုးတန် သစ်တောထွက် ပစ္စည်းတွေကို ၊ တရုတ်ပြည်ကို သယ်ဆောင်တာတွေ လုပ်နေတာ (၂)နှစ်ကျော်ပြီလို့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဂျေယောထူ (ကချင်တိုင်းရင်းသား) ပြောတာလည်း ကြားလိုက်ရတယ်။ တည်ဆောက်မယ့် နယ်မြေရှင်းလင်းခြင်း (Site Cleanig) လုပ်ရင်းနဲ့တောင် သူတို့တော်တော် တွက်ချေကိုက်နေပြီ။

နောက် နိုင်ငံတကာမှာ အစဉ်အလာလည်း ရှိပါတယ်။ အီဂျစ်က အဆမ်ဆည်၊ ထိုင်းက မုန်းဆည်။ သူတို့တွက်ချက်ခဲ့သလို ရေစီးရေလာ Hydrology မမှန်တဲ့အတွက် ထင်သလောက် လျှပ်စစ်ဓါတ်အားမရ။ ထိန်းသိမ်းခ စားရိတ်ကြီးလို့ ၀င်ငွေနဲ့ ထွက်ငွေမမျှဖြစ်နေတဲ့ ဆည်တွေပါ။ ပညာရှင်တွေတွက်ချက်တာကို အထင်မသေးဝံ့ပါဘူး။ သူတို့ စက္ကူပေါ်က Equation တွေ၊ နည်းနည်းလွဲရင် ဒုက္ခကြီးကြီး ဖြစ်တတ်တာ တင်ပြတာပါ။ မြန်မာပြည်ကပဲ လက်ပံဆည်။ ပထမ ရေသိုလှောင်နိုင်မယ့် ပမာဏကိုမှန်းဆထားတာက ၅၅၀၀ ဧကပေပါ။ ဒါပေမယ့် တကယ်လက်တွေ့မှာတော့ ရေအများဆုံး ၀င်တယ်ဆိုတဲ့ ၂၀၁၀ နှစ်မှာတောင် ၃၉၆၅ ဧကပေပဲဝင်တယ်တဲ့။ အခုမြစ်ဆုံဆည်ရဲ့ ရေသိုလှောင်မှု သိန်း ဧကပေ ၉၇.၈၈ ရှိပါတယ်။ ထင်တိုင်းပေါက့်ပါ့မလား။ မေခမလိခရဲ့ ရေအရင်းအမြစ်ဖြစ်တဲ့ ဟိမ၀န္တာတောင်ပေါ်မှာ နှင်းတွေ ရေခဲပြင်တွေ တစ်နေ့တစ်ခြားရှားပါးလာတဲ့အပြင်၊ နောင်လာမယ့်အနှစ် ၅၀အတွင်း အဲဒီဒေသမှာ မိုးအရမ်းခေါင် မယ်လို့၊ မိုးလေ၀သပညာရှင် ဦးထွန်းလွင်ပြောသွားတာလည်း ကြားလိုက်ပါတယ်။

နောက်တစ်ချက်က အနှစ် ၅၀ပြည့်လို့ ကျွန်တော်တို့ပြန်ရတဲ့အခါ၊ ဒီဆည်ကြီးဟာ ဘာမှသုံးမရတဲ့ အနည်အနှစ်တွေ ပြည့်နေတဲ့ အမှိုက်ကန်ကြီးဖြစ်နေနိုင်တယ်ဆိုတဲ့ အချက်ပါပဲ။

(၂) သဘာဝပါတ်ဝန်းကျင်ဆိုင်ရာရှုထောင့်

ဒီပြဿနာမှာ အရေးကြီးဆုံးရှုထောင့်လည်း ဖြစ်ပါတယ်။ မြစ်ဆုံရေကာတာ တည်ဆောက်ရေးကို ကန့်ကွက်နေတဲ့ အသံတွေထဲမှာ၊ အဆူညံဆုံး အသံဟာလည်း သူတို့ အသံပဲဖြစ်ပါတယ်။ ဘာဖြစ်လို့ ဒီလောက်ပြောနေရလဲ ဆိုတော့ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုတာ မြန်မာနိုင်ငံနဲ့သာ မဟုတ်ပဲ၊ တစ်ကမ္ဘာလုံးနဲ့ သက်ဆိုင်တဲ့ ကိစ္စဖြစ်နေလို့ပါပဲ။

သက်ဆိုင်ရာဝန်ကြီးအဖွဲ့က တာဝန်ပေးအပ်ခဲ့တဲ့ (ငှားယမ်းခ ဒေါ်လာ ၁.၂၅သန်းပေးခဲ့ရတယ်။) ဘန်ကာအဖွဲ့ ခေါင်းဆောင် ကိုယ်တိုင်က သူပြောနိုင်တဲ့ အတိုင်းအတာကနေပြီး။ သူတို့ အချိန်ငါးလသာ ရခဲ့တဲ့အတွက် လုံးဝမလုံလောက်ကြောင်း ဖွင့်ထုတ်ပြောပါတယ်။ ဘန်ကာအဖွဲ့ ၀င်တစ်ဦးဖြစ်တဲ့ ဦးညိုမောင်ကတော့ နိုင်ငံခြား သတင်းဠာန တစ်ခုနဲ့ တွေ့ဆုံအင်တာဗျူးတဲ့အခါ၊ သူတို့အနေနဲ့ ဒီနေရာမှာ လုံးဝဆည်မဆောက်သင့်ကြောင်း အကြံပေးတင်ပြခဲ့တယ်လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့ပါတယ်။

ဆည်တစ်ခုဆောက်တဲ့ နေရာမှာ လိုက်နာသင့်တဲ့အချက် (၈)ချက်ကို၊ သဘာဝပါတ်ဝန်းကျင် ထိန်းသိမ်းရေး ၀ါဒီတွေ ထုတ်ဖေါ်တင်ပြထားတာရှိပါတယ်။ ရေလှောင်ကန် မျက်နှာပြင်သေးရမယ်။ ကျယ်ပြန့်ကြီးမားနေရင် ရေလှုပ်အားကြောင့် အောက်ခြေကျောက်တုံးတွေ ပွတ်တိုက်မိပြီး၊ မြေငလျင်လှုပ်နိုင်ပါတယ်။ ဒီမြစ်ဆုံနေရာဟာ၊ စစ်ကိုင်း ပြတ်ရွေ့ကျော( ပဲခူးကနေ တောင်မြောက်ကီလိုမီတာ ၁၀၀၀ကျော် သွယ်တန်းနေသည့် ငလျင်ကျော) နဲ့ ၁၆မိုင်ပဲ ဝေးပါတယ်။ ၁၉၄၆ ကာမိုင်းငလျင်ဆိုတဲ့၊ ငလျင်အကြီးအကျယ်လှုပ်ဖူးတဲ့ သာဓကရှိပါတယ်။

နောက်တစ်ချက်က သဘာဝတောတောင်နဲ့ စားကျက်တွေကို မထိခိုက်စေရ။ ထိခိုက်မှုနည်းပါးစေရမယ်တဲ့။ ရေနေသတ္တ၀ါ ရေအောက်အပင်ငယ် ဇီဝမျိုးစုံမျိုးကွဲ biodiversity တွေလည်း အနည်းငယ်သာ ပျက်စီးစေရမည်တဲ့။ ရေလှောင်ကန် တိုရမယ်။ ဇောက်နက်ရမယ်။ ဆည်ရဲ့အောက်ဘက်မှာ ရေအား ဖြည့်တင်းပေးနိုင်တဲ့ မြစ်လက်တက် ချောင်းလက်တက်တွေ များရမယ်။ သစ်တောအစိတ်အပိုင်းများများ ရေမမြုတ်ရ။ ရေထုမညစ်ညမ်းစေရ။ သဘာဝဂေဟစနစ် ထူးထူးခြားခြား မပြောင်းလဲအောင် ဂရုစိုက်ရမည်။ ဆည်က (၈)ဆင့်ဆည်။ ရေစီးကောင်းမှ ရေထဲကို အောက်ဆီဂျင်များများရနိုင်မယ်။ အခုဆောက်မယ့် ဆည်တွေဟာ အဲဒီအချက်တွေနဲ့ ဘယ်လောက်ကိုက်ညီသလဲ ။

နောက်တစ်ခုက မြစ်ဖျားက ဆည်ဆောက်လိုက်တာဟာ ဟိုးအောက်ပိုင်းမြစ်ခြေအထိ ထိခိုက်မှုတွေ ရှိတဲ့အချက်ပဲ။ Banka အဖွဲ့ကလည်း သူတို့ဆည်ရဲ့ အောက်ပိုင်း downstream မြစ်ကြောင်းတစ်လျှောက် အကျိုးသက်ရောက်မှုတွေကို အသေးစိတ်မလေ့လာရသေးပါဘူးတဲ့။ ဒါပေမယ့် သီအိုရီအရ ကို မြစ်အထက်မှာ ဆည်ဆောက်ရင် အောက်ပိုင်းမှာ ထိခိုက်မှုတွေရှိတယ် ဆိုတာကိုတော့ လက်ခံကြပြီးသားပါ။ အထူးသဖြင့် (သူတို့က မူလစီးနေတဲ့ရေရဲ့ ၇ရာခိုင်နှုန်းသာယူပြီး ၉၃ရာခိုင်နှုန်းရေကို၊ လွှတ်ပေးမယ်လို့ ပြောထားပေမယ့် ဒီစကားက တိကျဖို့ခက်တယ်။ ဆည်ထဲကို စီးဝင်တဲ့ ရေပမာဏကိုလိုက်ပြီးသော်လည်းကောင်း၊ သတ်မှတ်ထားတဲ့ ဓါတ်အားပမာဏ ထွက်ရှိဖို့ လုံလောက်တဲံရေအားရရှိအောင် သော်လည်းကောင်း၊ ဆောင်ရွက်ရာမှာ အပြောင်းအလဲရှိနိုင်တာပါပဲ။) ဘာပဲဖြစ်ဖြစ် ရေစီးကတော့ နည်းသွားမှာသေချာတယ်။ အဲဒီလိုနည်းတာနဲ့ မြစ်ဝကျွန်းပေါ်ဒေသကို ပင်လယ်ရေငန်က ၀င်ရောက်လာမှာပဲ။ အဲဒီဒေသမှာ ခရီးသွားလာနိုင်တဲ့ရေကြောင်းလမ်းက မိုင် ၂၀၀၀ကျော်ရှိတယ်။ ရေငန်ဝင်လာတာနဲ့ လယ်တွေပျက်မယ်။ ဒီတော့ ရေထိန်းတံခါးတွေ တပ်ပေးဖို့လိုတယ်။

မေခက ရေပူဖြစ်ပြီး၊ မလိခက ရေအေးဖြစ်တယ်။ ပိတ်ဆည်လိုက်တဲ့အတွက် ရေကာတာထဲမှာ အဲဒီရေနှစ်မျိုး သမသွားရင်၊ အအေးပိုင်းမှာ ပေါက်ဖွားတတ်တဲ့ သတ္တ၀ါကလေးတွေ၊ ရှင်သန်နိုင်ပါဦးမလား ။ အမေရိကားမှာ သားပေါက်ချိန် ကျအထက်ကိုဆန်တက်ပြီး ဥတတ်တဲ့ ဆဲလ်မွန်ငါးတွေအတွက် ရေကာတာတံခါးတွေကို ဖွင့်ပေးကြတယ်လို့ ဆိုပါတယ်။ နောက် ရေကြောင်းကျဉ်းလာ တိမ်လာတဲ့အတွက် ခရီးသွားလာရေးခက်ခဲမယ်။

(၃) နိုင်ငံရေး ရှုထောင့်

(က) တရုတ်ဟာ နှစ်ပေါင်းများစွာ ကတည်းက မြန်မာနိုင်ငံကို Geo-politics ပထ၀ီနိုင်ငံရေးအရ အရေးပါတဲ့ နိုင်ငံအဖြစ် သတ်မှတ်ထားခဲ့တယ်။ မြန်မာနိုင်ငံမှာ အမေရိကန်လိုလားတဲ့ အစိုးရမျိုးတက်မှာကို မနှစ်မြို့ပါဘူး။ ဒါကတော့ သဘာဝအတိုင်းပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာသာ ဂျပန်လို ဖိလစ်ပိုင်လို အမေရိကန် စစ်အခြေစိုက်စခန်းတွေ ရှိလာခဲ့ရင် သူ့နေ့နေ့ညည ခြောက်ခြားနေရမှာပေါ့။ တရုတ်အစိုးရဟာ မြန်မာနိုင်ငံအစိုးရအပေါ် ဦးနေ၀င်းတို့ လက်ထက်ကတည်းက အတော်အတန်သြဇာရှိခဲ့တယ်။ အခုလည်း နိုင်ငံရေး သြဇာအပြင် စီးပွားရေး သြဇာထူထောင်ဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် မြန်မာနိုင်ငံကို သူရဲ့ လက်အောက်ခံပြည်နယ်အဖြစ် သွတ်သွင်းဖို့ ကြိုးစားနေတယ်၊ ဘာညာဆိုတာတွေကတော့ အကြောက်လွန်သူတွေပြောနေတဲ့ အဓိပါယ်မဲ့စကားတွေသာဖြစ်ပါတယ်။ ဒီနေ့ဒီလို ကိုလိုနီနိုင်ငံထူထောင် တယ်ဆိုတာ နယ်ချဲ့တယ်ဆိုတာ ခေတ်မရှိတော့တဲ့ သဘောတရားတစ်ရပ်ဖြစ်ပြီး မြန်မာနိုင်ငံကလည်း ဒီလောက် နုံခြာတဲ့နိုင်ငံမဟုတ်ပါဘူး။

(ခ)နောက်တစ်ချက်က ဒီပြည်ခိုင်ဖြိုး အစိုးရလက်ထက်မှာ အတိုက်အခံ နိုင်ငံရေးသမားတွေနဲ့၊ နအဖ အစိုးရလက်ထက်က မရခဲ့တဲ့ အဆင်ပြေမှုတွေ ရနေပါတယ်။ အပြန်အလှန် နားလည်မှုတွေ တိုးတက်နေလို့ ငြိမ်းချမ်းရေး လမ်းစပေါ်ပြီလို့တောင် ပြောတဲ့သူက ပြောနေပါတယ်။ မုန်းစကို တိုစေပြီး ချစ်စကိုရှည်ဖို့ ကြိုးစားနေတဲ့ ဒီလိုကာလမျိုး “မြစ်ဆုံဆည် ပြဿနာ” ဟာအမျိုးသား ညီညွတ်ရေးကို ဖြိုခွင်းမယ့် စံနက်တန်အဖြစ် ပြောင်းလဲလာမှာကို သတိထားရှောင် ရှားဖို့ လိုပါတယ်။ (ကချင်တိုင်းရင်းသာ တွေ အရေးနဲ့လည်း ပါတ်သတ်နေပါတယ်။) ဒါဟာ.. အစိုးရနဲ့ အတိုက်အခံရဲ့ အားစမ်းပွဲ လို့မြင်ရင် (သို့မဟုတ်) အဲဒီအသွင်ရောက်သွားရင် ဆိုးကျိုးတွေပဲ ပေါ်ပေါက်လာစရာရှိပါတယ်။ ဒီနေရာမှာ စက်မှုဝန်ကြီး ဦးစိုးသိန်း ပြောသွားတဲ့ စကားဟာ အင်မတန် အတုယူလေးစားဖို့ကောင်းပါတယ်။

ကောက်နှုတ်ပြရရင် ( ကျွန်တော်တို့ အပါအ၀င် ကျွန်တော်တို့က မြဲတာ မဟုတ်ပါဘူး။ အခုရာထူး ရာခံအာဏာ၊ အခွင့်အာဏာအားလုံးကလည်း ကိုယ်ပိုင်မဟုတ်ပါဘူး။ ဒါပေမယ့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်ကြီးနဲ့ သားစဉ်မြေးဆက်သော ပြည်သူတွေကတော့ ထာဝရတည်ရှိနေမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီကိစ္စကြောင့် စည်းရုံးမှု မပျက်ပြားပဲနဲ့၊ စည်းလုံးမှုချိနဲ့မသွားစေပဲနဲ့၊ ၀ိုင်းဝန်းဆွေးနွေး ဆုံးဖြတ်ကြရင် ပိုအောင်မြင်မယ်။)

ပညာရပ်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ

စက်တင်ဘာ ၁၇ -၂၀၁၁

(၄) လူမှုရေးရှုထောင့်

(က) ဒေသခံ ကချင်တိုင်းရင်းသားတွေ အတွက်ကတော့ ဒီ မေခမလိခ မြစ်ဆုံဟာ ၊ ဘိုးဘွားတွေရဲ့ ယဉ်ကျေးမှု အမွေအနှစ်တစ်ရပ်ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်လည်း အင်မတန် တန်ဘိုးထား တဲ့နေရာမို့၊ စိတ်နှလုံးထိခိုက်ကြေကွဲ ကြမှာ သေချာပါတယ်။ နောက်တစ်ချက်က ဒီမြစ်ဆုံဟာ မြန်မာနိုင်ငံရဲ့ တန်ဘိုးထားတဲ့ ရှားရှားပါးပါး ရှုခင်းတွေထဲက တစ်ခုဖြစ်ပါတယ် ။ ရေကာတာကြောင့် ဒီရှုခင်းပျောက်ဆုံးသွားရင် တခြားဘယ်အရာနဲ့မှ အစားထိုးလဲလှယ်လို့မရပါဘူး။

(ခ) ရေကာတာ အထက်ပိုင်းက ကျေးရွာ ၁၀၀လောက်ဟာ အတော်များများ ပြောင်းရွှေ့ပေးကြရမယ်။ တရုတ်ကုမဏီက နေထိုင်ဖို့ အစားထိုးလျှော်ကြေးပေးမယ်ဆိုပေမယ့်၊ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာခဲ့ကြတဲ့ နေရာကို ဘယ်သူမှမစွန့်ခွာချင်ကြဘူးဆိုတာ ဓမ္မတာဖြစ်ပါတယ်။ (ဘန်ကာတစ်ဦးဖြစ်တဲ့ ဦးညိုမောင်ကတော့ ဆည်ရှစ်ခုပိတ်လိုက်ရင် ရေလွှမ်းမိုးသွားမယ့် ဧက က တစ်သိန်းလေးသောင်းလေးထောင်ငါးဆယ် ရှိတယ်လို့ ပြောပါတယ်။) အဲဒီရေ အောက်ထဲမှာ တံတားတွေ၊ လမ်းတွေ နစ်မြုတ်သွားမှာမို့ ကူးသန်းသွားလာရေး ပျက်မယ်။လုပ်ငန်း ကိုင်ငန်းတွေပျက်မယ်။ စိတ်သောကရောက်မယ်။

(ဂ) ဒီဆည်တည်ဆောက်ရေး လုပ်ငန်းတွေ လုပ်ကိုင်ဖို့ တရုတ်အလုပ်သမားတွေ သောင်းနဲ့ချီပြီးရောက်လာမယ် ။ သူတို့ ဒီဆည်မပြီးမချင်း နှစ်နဲပချီပြီး အခြေချနေထိုင်ကြမယ်။ (အနည်းဆုံး ၈နှစ်ကနေ ၁၅နှစ်အထိ) ၊ အဲဒီအခါ သွေးနှောမှုတွေ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူအာမခံနိုင်သလဲ။ တရုတ်ပြည်မှာ ယောကျာင်္းဦးရေနဲ့ မိန်းမဦးရေမမျှလို့ သတို့သမီးလူကုန်ကူးမှုတွေရှိနေတာ အာလုံးအသိပဲ။

ဒါတွေဟာ မပြည့်မစုံ လက်လှမ်းမီသလောက် တင်ပြလိုက်တာဖြစ်ပါတယ်။ ဒီမြစ်ဆုံဆည် တည်ဆောက်လိုက်ရင် ဖြစ်ပေါ်လာနိုင်တဲ့ အကျိုးအပြစ်ကို တတ်သိသူတွေက လေ့လာတင်ပြပြီး အများကျယ်ကျယ်ပြန့်ပြန် သိနိုင်အောင် ဆောင်ရွက်ပေးကြရင် ကောင်းမယ် အခုအချိန်မှာတော့ ဧရာဝတီအရေးဟာ အားလုံးအရေးပါပဲ…။

သစ္စာနီ

စက်တင်ဘာ ၂၀၁၁