Thursday, May 31, 2007

အိပ်မက်ထဲမှာ

“ ဘာပြောတယ်လော်ရာ ! ”

“ စိတ်မဝင်စားဘူးလို့ပြောတာပါ ဒယ်ဒီ”

“ မရဘူးသမီး။ ဒီခေတ်ကြီးမှာ မင်းဗမာစာ၊ ဗမာစကားမတတ်လို့မရဘူး”

“ ဒါဆိုလည်း နောက်မှတတ်မယ် ဒယ်ဒီ။ အခုသမီးမှာ အင်္ဂလိပ်စာသင်တန်းနဲ့ ဂျပန်ယဉ်ကျေးမှုအတန်းတွေ တတ်ရဦးမယ်”

“ အဲဒါခက်တာပဲ။ ဘာကအရေးကြီးလဲဆိုတာ မင်းတို့ကလေးတွေ မခွဲနိုင်ဘူး။ ဗမာစကားတတ်ရင် ကမ္ဘာမှာ မင်းသွားချင်တဲ့ဆီသွားလို့ရပြီ၊ မင်းလုပ်ချင်တဲ့အလုပ် လုပ်လို့ရပြီကွ ”

“ အင်္ဂလိပ်စာထက်ပဲ အသုံးဝင်ဦးမလား ဒယ်ဒီရာ ”

“ ဝင်ပြီလား သမီး။ ကဲ… မင်းဗမာစာ၊ ဗမာစကားတတ်ပြီ ဆိုပါတော့။ ပထမဆုံး မင်းရန်ကုန်က မာစတာတန်းတွေ တက်ခွင့်ရမယ်။ မင်းဘူးဦးသြဘာသရဲ့ စာကောင်းစာခန့်တွေ ဖတ်လို့ရမယ်… ပြီးတော့ … ”

“ ရှိတ်စပီးယားထက်ပဲ ကောင်းဦးမလား။ ဒါထက် ဂျာမန်လူမျိုး အဖေက ဒီလိုပြောတာကို အံ့သြမိပါရဲ့။”

“ ဘာကွ … အေး … ၂၀၀၀ ပြည့်နှစ်လောက်ကဆို ငါပြောတာမှားချင်မှားမယ်။ အခုလိုအချိန်မှာတော့ မင်းဗမာစာမတတ်ရင် ဘာဖြစ်မယ်ထင်လဲ ”

“ သိပ်တော့မထူးပါဘူး ”

“ ဟာ… သိပ်ထူးတာပေါ့ သမီးရယ်။ ကဲ … ဒယ်ဒီပြောမယ် … နားထောင်။ ဗမာစာ မတတ်ရင် နောက်နှစ်ဆန်းမှာ ထွက်လာမယ့် Microsoft ရဲ့ Window Popa (ဝင်းဒိုးပုပ္ပါး) ကို မင်းဘယ်လိုသုံးမလဲ။ ထားပါတော့ မင်းက Open Source လို့။ Linux ရဲ့ “ ဟင်္သာရောင် အပိုင်း (၆) ” (Hintha Shine Core 6)ကိုရော ဘယ်လိုကိုင်တွယ်မလဲ။ အလုပ်လုပ်လို့မကောင်းတော့တဲ့ Window Vista နဲ့ နေခဲ့ချင်ရင်တော့ မင်း အမေရိက ကိုသွား။ ခေတ်ရှေ့ပြေးနေတဲ့ အရှေ့တောင်အာရှကို တော့ မလာလေနဲ့။ နောက်ပြီး Cell Phone နဲ့ မြေပုံစနစ် တွေမှာဆိုရင် မင်းဗမာစာမတတ်တာနဲ့ သုံးရခက်ပြီ ”

“ ဘာဆိုင်လဲ ဒယ်ဒီရာ ”

“ ဆိုင်တာပေါ့ … On Touch Screen နဲ့ Voice Command တွေသုံးထားတဲ့ (ဆသရ) အမျိုးအစားဖုံးတွေကို မင်းဘယ်လို အသုံးချမလဲ။ မြေပုံက စာတန်းတွေကလည်း ဗမာလိုလေ ”

“ Sony နဲ့ Nokia ကတော့ အင်္ဂလိပ်လို သုံးပါသေးတယ် ”

“ ဒယ်ဒီသိပြီ။ ငါ့သမီးက ဝိဇ္ဇာတန်းတက်ပြီး ခေတ်နဲ့မျက်ခြေပျက်နေတာကို။ မင်းပြောတဲ့ တံဆိပ်တွေက နည်းပညာပိုင်းမှာ ဆသရ ကိုမမှီတော့ဘူးကွ။ စစ်ကိုင်းမှာ လုပ်သွားတဲ့ ဆသရ အရောင်းမြှင့်တင်ရေးပွဲကို MRTV ၂၃ က တိုက်ရိုက်လွှင့်လို့ ဖေဖေကြည့်လိုက်ရတယ်။ သိပ်ကိုကောင်းတဲ့ လက်ကိုင်ဖုံးတွေပဲ သမီး။ Nokia ဆိုတာ ကလေးကစားတာပါကွာ။ ကဲ … ဒီတော့ သမီး ဗမာစာ သင်တန်းသွားတက်။ ပြီးရင် နောက်လထဲ ဒယ်ဒီ ဗမာပြည်သွားရင်လိုက်ခဲ့တော့။ ဟုတ်ပြီလား ”

“ ဗမာပြည်ဝင်ခွင့် ဗီဇာက ထင်သလောက်မလွယ်ဘူးနော်။ နောက်ပြီး ဒယ်ဒီက ဘာသွားလုပ်မှာလဲ”

“ ဒယ်ဒီက တောင်ငူမှာလုပ်မယ့် လေယာဉ်ပြပွဲကို သွားမယ်။ ဗမာပြည်လုပ် “မိုးယံဆင်” ငါးထပ်လူစီးလေယာဉ်ကို အဓိကကြည့်ချင်လို့ပါ။ အဲဒီလေယာဉ်က ပြေးလမ်းမလိုဘူး၊ ပြီးတော့ အတောင်ပံတွေကိုလည်း ခေါက်သိမ်းနိုင်သတဲ့။ သမီးပါရင်တော့ ရန်ကုန် မြကျွန်းသာပန်းခြံထဲက ရေအောက်ပြခန်းမှာလုပ်မယ့် စက်ရုပ်အလေးမပြိုင်ပွဲပါ ဝင်ကြည့်မလားလို့လေ”

“စိတ်ဝင်စားဖို့တော့ ကောင်းသားပဲ။ ဒါနဲ့အစားအသောက်က အဆင်ပြေပါ့မလား ဒယ်ဒီ”

“ဟားး ဟားးးး … ငါ့သမီးလဲ သူ့အမေနဲ့တူလာပြီ။ ကြံဖန်ပူတတ်လာတယ်။ ဒီမှာသမီး … ဗမာပြည်မှာ မရတာမရှိဘူး။ သမီးဘာစားချင်သလဲ။ အဆူးမပါ အနံ့ကင်းတဲ့ ၂၀၀၄ ခုနှစ်စတိုင် ဒူးရင်းသီးလား။ သယ်ယူရလွယ်ကူတဲ့ လေးထောင့်ပုံ ကြက်ဆင်ဥလား။ လေဆာနဲ့ အရိုးတွေကို ချေပြီး တကောင်လုံးဝါးလို့ရအောင်လုပ်ထားတဲ့ ငါးသလောက်ပေါင်းလား။ ဥရောပသားတွေ အတွက်သီးသန့်လုပ်ထားတဲ့ အဖြူရောင်ပုန်းရည်ကြီးလား။ ဒါမှမဟုတ် …”

“တော်ပါပြီ ဒယ်ဒီရယ်။ ဗိုက်တောင်ဆာလာပြီ။ သွားရေးလာရေးနဲ့ ဆက်သွယ်ရေးက…”

“သမီး … သမီးမေးခွန်းတွေက နည်းနည်းဘေးရောက်လာပြီ။ ဗမာပြည်သွားမယ်ဆို ဒါတွေကိုထည့်စဉ်းစားဖို့ကို မလိုဘူးလေ။ လေယာဉ်ပေါ်က ဆင်းတာနဲ့ အောက်ဆီဂျင်စစ်စစ်ထည့်ထားတဲ့ လေရှူဘူးတွေပေးမယ်။ နေရောင်ခြည်ကာတဲ့ ဦးထုပ်နဲ့ မျက်မှန်လည်းပေးမယ်။ ရာသီဥတုကြောင့်တော့ သမီးမပူရတော့ဘူး။ သမီးသွားမယ့် ဟိုတယ်တိုင်းမှာ သမီးစီးလာတဲ့ကားတံခါးကို လာကပ်မယ့် Tube တွေရှိတယ်။ အဲဒီအပေါ် ခြေထောက်ချလိုက်ရုံနဲ့ အလိုအလျောက်ရွေ့လျားပြီး သမီးကို Reception ကို ပို့ပေးလိမ့်မယ်။ အဲဒီမှာ ဘာသာစကား အနည်းဆုံး ၅၉၀ လောက်ပြောတတ်တဲ့ ဟိုတယ်ဝန်ထမ်းတွေ စောင့်နေလိမ့်မယ်။ နောက်ဘာတဲ့… ဆက်သွယ်ရေးဟုတ်လား… ဗမာနယ်စပ်ကို လေယာဉ်ဖြတ်တာနဲ့ အင်တာနက်ကွန်နက်ရှင်ရပြီ။ GSM တွေသယ်လာရင် ပြောလို့ရပြီ။ အဲ… ကိုယ့်ဖုံးကို ယူလာဖို့မေ့လာရင်လည်း မပူပါနဲ့။ လေဆိပ်မှာ လက်ကမ်းစာစောင်ဝေသလို GSM တွေ လိုက်ဝေနေတဲ့ ချာတိတ်တွေ ရှိတယ်။ ကြိုက်တဲ့ SIM Card ရွေးယူ။ Hand Set ကတော့ ထုတ်ထားတာ ၂ ပတ်ကြာတဲ့ မော်ဒယ်ဆိုရင် အလကားယူလို့ရတယ်လေ။ အများစုကတော့ “ဆသရ” လို့ခေါ်တဲ့ ဆက်သွယ်ရေးတံဆိပ် တွေပေါ့လေ”

“အော်..ကောင်းလိုက်တာနော်။ ဒါနဲ့ အစိုးရနဲ့ နိုင်ငံရေးကရော…”

“အစိုးရ.. အစိုးရ … ဒီအစိုးရကတော့ကွာ … ဖေဖေပြောမယ် … ဒီလိုရှိတယ် …”

ထိုစဉ် … “ဆိုက်ကားအားလား ” ဟူသော ခရီးသည်အသံကြောင့် ကျွန်တော်လည်း လန့်နိုးသွားကာ ခရီးသည်ကို လိုရာသို့ တင်ဆောင်လိုက်ပို့လေတော့သတည်း။

မောင်ပွတ်

Posted by Mr.Pooh @ မောင်ပွတ် at 12:01 PM

ငယ်ငယ်တုန်းက ပေါက်ပေါက်ရှာရှာ ဒီလိုတွေးခဲ့ဖူးတယ်..။ အမျိုးသားနေ့တော့ရှိပြီး အမျိုးသမီးနေ့တော့ ဘာလို့မရှိတာ လည်းလို့ ကျွန်တော်က အဲဒီလိုထော်လော်ကန့်လန့် တွေးတောနေတတ်တဲ့ကောင်ပါ..။ နည်းနည်းအသက်ကြီးတော့
အမျိုးသားနေ့အကြောင်း သင်ရပါတယ်.. အခြေခံပညာ ဘယ်အတန်းမှာလည်း လို့ အခုကျွန်တော် မှတ်ဥာဏ်နည်းနည်း လေးကို မေးကြည့်တော့ သိပ်မမှတ်မိပါဘူး..ဒါပေမယ့် တခြား နိုင်ငံတော် အခမ်းအနား နေ့တွေကို ခရစ်ပြက္ခဒိန်နဲ့
ပြဠန်းပြီး အမျိုးသားနေ့ကို တော့မြန်မာသက္ကရ်ဇ်နဲ့ မှတ်သားတာကိုသတိထားမိပါတယ်…။ လွန်ခဲ့တဲ့ နှစ်ပေါင်းကိုးဆယ် က တက္ကသိုလ်ကျောင်းသားတွေရန်ကုန် တက္ကသိုလ် အက်ဥပဒေကို သပိတ်မှောက်ခဲ့တဲ့ ဒီနေ့ကို.. ကျွန်တော်တို့
နိုင်ငံတော်ရဲ့ အမျိုးသားနေ့ … နိုင်ငံတော် အမျိုးသားနေ့ အဖြစ်ကျွန်တော်တို့ နိုင်ငံလွတ်လပ်ရေးကို ဦးဆောင်ခဲ့တဲ့ ကျောင်းသားခေါင်းဆောင်တွေက သတ်မှတ်ခဲ့ကြတယ်လို့ ကျွန်တော် မှတ်သားခဲ့ဖူးပါတယ်…။ အခုဆိုနှစ်ပေါင်းကိုးဆယ်ကြာခဲပါပြီ..။ ကျွန်တော်တို့ ပြည်ထောင်စုကလည်းမုန်းတိုင်းသည်းသည်း လှိုင်းကထန်ထန် လောကဓံပေါင်း သောင်းခြောက်ထောင်နဲ့မြေနိမ့်ရာလှံစိုက် ချင်တဲ့ခေတ်တွေကိုလည်း ဖြတ်ခဲ့ပြီ…။
ရန်ကုန်တက္ကသိုလ်လည်း.. ခေါင်းလောင်းသံတိတ် တံခါးပိတ်လို့သမိုင်းသက်သေတွေပွေ့ဖက်လို အထီးကျန် ခံစားနေခဲ့ရပြီ…။ ကျွန်တော်မနက်ကတည်းက အမျိုးသားနေ့အကြောင်းကို စိတ်ထဲမှာပေါ်လာတယ်.. ကျွန်တော်
မျက်ဝန်းတွေထဲမှာ အဖြူအမည်း ပုံရိပ်တွေနဲ့ ရွှေတိဂုံခြေရင်းကသပိတ်စခန်းတွေ အမျိုးသားကျောင်းတွေ အမျိုးသား စာသင်ခန်းတွေ.. အဲဒီသပိတ်မှောက်ကျောင်းသား လူငယ်တစ်စုက ဒီနိုင်ငံကြီးရဲ့ သမိုင်တာဝန်တွေကို
ဘယ်လောက်တောင် ကျေပွန်ခဲ့လည်း ဆိုတာ ကျွန်တော်တို့ အခု နိုင်ငံတော်ကထင်ထင်ရှားရှား ရှိနေပြီလေ..။ ကျောင်းသပိတ်တိုက်ပွဲကနေ လွတ်လပ်ရေးဘ၀အထိ..သူတို့ ဘယ်လောက် ကြမ်းတမ်းခက်ခဲစွာ ဖြတ်သန်းခဲ့ရလည်း.. ဘ၀မှာမမေ့သင့်မမေ့အပ်တဲ့ ကျေးဇူးတရားတွေ သူတို့ဆီကျွန်တော်တို့ ပြန်ဆပ်ဖို့ကျန်နေပါသေးတယ် အခုတော့ ကျွန်တော်တို့ဟာ တတ်နိုင်သမျှ နိုင်ငံတော်နဲ့ကင်းကင်းကွာကွာနေချင်ကြတယ် လေ နိုင်ငံတော်ကို လူတစ်စုသိမ်းပိုက်ထားတဲ့အခြေအနေကနေ ကျွန်တော်တို့ ပြန်လည်ရယူနေတဲ့ အမျိုးသားနိုင်ငံရေးတိုက်ပွဲတွေကတော့ ဆက်လက် ချီတက်နေရဆဲပါပဲ.. သမိုင်အဆက်ဆက် အကျဉ်းထောင်ထဲကကျောင်းသားတွေ နိုင်ငံသားတွေ အမျိုးသားခေါင်းဆောင်တွေ သမိုင်းကြောင်းသွေးနဲ့ရေးခဲ့တဲ့ လေးစားဖွယ် လူတွေလည်း ခေတ်အဆက်ဆက် ရှိနေတုန်းပါ..။အမျိုးသားနေ့ဟာ အမျိုးကို ချစ်တတ်ဖိုဆိုတာထက် မတရားရင် လက်မခံဘူးဆိုတဲ့လူ့အခွင့်အရေးဆောင်ရွက်ချက်ကို လမ်းပြဖော်ဆောင်ပေးလို့ ကျွန်တော်တို့အားလုံး ကျွန်ဘ၀က လွတ်မြောက်ခဲ့ရပါတယ် ဘယ်လိုအခြေအနေဆိုးကကျွန်တော်တို့ကို ကျွန်ဇာတ်ပြန်သွင်းမှာကို ကျွန်တော်တို့ရဲ့ သပိတ်မှောက်ကျောင်းသားတွေ လက်ခံနိုင်မှာမဟုတ်ပါဘူး .. သူတို့ရှိသေးရင်တရားမျှတမှုအတွက် သပိတ်တိုက်ဦးမယ် ထင်ပါတယ်… ။ ကျွန်တော် တွေးမိတာတစ်ခုကလူတိုင်းလူတိုင်းလည်း မိမိကိုယ်ကိုယ် ကျွန်ပြုစိုးမိုးဖို့ကြိုးစားချက်တွေ တွန်းလှန်တိုက်ဖြတ်သင့်ပါတယ် … ခေတ်ပေါ်ကမ္ဘာ ကျွန်ပြုနည်းပရိယာယ်တွေ ပိုမိုကြွယ်ဝလာလို့.. ရိုးသားပြီး ယုံကြည်တတ်လွန်းတဲ့ကျွန်တော်တို့ နိုင်ငံသားတွေအတွက်.. အမျိုးသားနေ့နဲ့အတူ အမျိုးသားဂုဏ်ကိုဘယ်နေရာ ဘယ်ဒေသကနေမဆို မြှင့်တင်နိုင်ကြပါစေလို့.. ဆန္ဒပြုရင်း.. ငါတို့ကမြန်မာပါ..လို့ ၀င့်ဝင်ကြွားကြွားပြောနိုင်မယ့် နေ့တွေဆီ…။

မိုးလှိုင်ည

မြန်မာပြည်တွင်း ဓါတ်ပုံသတင်းထောက်နှစ်ဦးရဲ့ The Life of Other သတင်းဓါတ်ပုံ ပြပွဲလေးတစ်ခု ကို ယခုလ ၁၄ရက်နေ့မှာ ဗဟန်းမြို့နယ်.. မဟာစည်သာသနာ့ရိပ်သာ လမ်း ဟာမစ်တစ် မှတ်တိုင် အနီးက တကောင်းအနုပညာပြခန်း မှာကျင်းပပြုလုပ်ပါမယ်…။ ပြသမယ့် ဓါတ်ပုံသတင်းထောက် နှစ်ဦးကတော့ ကိုစိုးဇေယျထွန်း( ရိုက်တာ) နဲ့ ကိုကောင်းထက် (မြန်မာ့တိုင်း) တို့ဖြစ်ပါတယ်… ၂၀၀၇ ခုနှစ်ကနေ ၂၀၁၀ သြဂုတ်စ် အထိ ရိုက်ထားတဲ့ သတင်းဓါတ်ပုံပေါင်း ၇၀ ကျော်ကို ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်..။ ပြပွဲရက်ကတော့ အောက်တိုဘာ ၁၄ရက်နေ့မှ ၁၈ ရက်နေ့အထိဖြစ်ပါတယ်…။









ကျွန်တော် မြို့သစ်ရပ်ကွက်လေး တစ်ခုမှာ ဆယ်စုနှစ်တစ်ခု တိုင်အောင် နေထိုင်ခဲ့ဖူးတယ်… လယ်ကွက် တွေပေါ်ကန်သင်းရိုးဖြို… လမ်းဖောက်ပြီးမြေကွက်ရိုက်တဲ့ မြို့သစ်တွေဆိုတော့… မိုးတွင်းဆိုဗွက်ထပြီး နွေဆို ကျွတ်ကျွတ်ဆူလို့ပေါ့… ဆင်းရဲသားထုံးစံအတိုင်း… ကျွန်တော်ကလည်း ဈေးသက်သက်သာသာနဲ့ နားအေးပါးအေး နေရတယ်ဆိုပြီး သဘောကျနေပါတယ်.. . သိပ်မကြာခင်ပါပဲ ကျွတ်စီကျွတ်စီနဲ့ မြိုသစ်ရပ်ကွက်လေးဆီ.. အခြေခံလူတန်းစားတွေ အလျင်အမြန်ရောက်ရှိလာပါတယ်… လေးငါးအိမ်တန်းနဲ့ ကျွန်တော်တို့ လမ်းကလေးဟာ သိပ်မကြာခင်ပါပဲ အိမ်ခြေသုံးဆယ်လောက် ဖြစ်သွားပါတယ် … အေးစက်ငြိမ့်ညောင်းနေတဲ့ ညနေစောင်းလေးထဲမှာ ကလေးတွေက ဗန်ဒါပင်အရိပ်အောက်မှာ ဆော့ကစားလို့.. အလုပ်ပြန်လာသူတချို့ နဲ့ အိမ်ထောင်ဦးစီးတွေ ပြူတစ်ပြူတစ်နဲ့ စောင့်မျှော်နေတတ်တဲ့ အိမ်ရှင်မတွေနဲ့ အသက်ဝင်နေတဲ့ လမ်းကလေးကို ငေးရင်း ကျွန်တော့်အတွေးထဲမှာ လူတစ်ယောက်ကို အမှတ်ရမိနေပါတယ်.။ ထိုသူကတော့ ကျွန်တော့် သုံးအိမ်ကျော်မှာ နေထိုင်သွားဖူးတဲ့ ကိုညိုအေးပါ..။

ကိုညိုအေးက ပုပု ၀၀ မည်းမည်းလုံးလုံးနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်သူ တစ်ဦးပါ… သူကဖော်ရွေလွန်းပြီး.. တစ်ခါတစ်ရံမှာတော့ လူတစ်ဖက်သား စိတ်အနှောင့်အယှက်ဖြစ်အောင် ရောနှောရင်းနှီးတတ်လွန်းပါတယ်..။ ကျွန်တော်က စာအုပ်တွေနဲ့သာ အချိန်ပြည့် ပေါင်းသင်းဆက်ဆံနေတတ်သူမို့ လူမှုရေး ဆိုးဆိုးဝါးဝါး ညံ့ဖျင်းပါတယ်… ကိုညိုအေးလို လူမျိုးကိုလည်း စိတ်အနှောင့်အယှက်ပေးတတ်သူမို့ မြင်ပြင်းကပ်တတ်ပါတယ်. ကျွန်တော် အဲဒီလမ်းထဲ ပြောင်းမလာခင် ကိုညိုအေးတို့က ကြိုတင်ရောက်နှင့်ခဲ့သူပါ .. သူက ဇနီးနဲ့ သမီးတစ်ဦး ရှိပြီး အလုပ်သွားချိန်မဟုတ်ရင်တော့ သူ့အိမ်ရှေ့ရေကပြင်.. ဒါမှမဟုတ်လမ်းပေါ်မှာ အမြဲတစေတွေ့ရတတ်သူပါ လမ်းထဲ ၀င်လာတဲ့ ဘယ်သူမဆို သူမနှုတ်ဆက်လိုက်တဲ့သူ မရှိရအောင် သူက အကုန်လုံးနဲ့ ရင်းနှီးနေတတ်ပါတယ်…။

ဒီလိုနဲ့ အပူချိန် အဆမတန်မြင့်မားတဲ့ နွေတစ်ရက်မှာ ဖုန်တထောင်းထောင်း ညနေစောင်းထဲ ကျွန်တော့်ဆီပေါက်ချလာတယ် … `စာရေးဆရာကျွန်တော်လမ်းဘေး တစ်ဖက်တစ်ချက်မှာ ဗန်ဒါပင်တွေ စိုက်ချင်လို့… အဲဒါ စာရေးဆရာ အိမ်ရှေ့မှာလည်း တစ်ပင်စိုက်မယ်နော်´ … ကျွန်တော်ကို စိတ်အနှောင့်အယှက် ဖြစ်စေတတ်တဲ့ သူစကားတွေထဲမှာ အခု စိတ်ကူးလေးကိုတော့ ကျွန်တော်တစ်လေး တစ်စားဖြစ်ရပါတယ်… `ဟာ စိုက်ပေါ့ဗျာ ကိုညိုအေးရ သစ်ပင်စိုက်တာပဲ ကောင်းတဲ့အလုပ်ပေါ့… ကျွန်တော်က တော့ သစ်ပင်စိုက်တဲ့ အတတ်နဲ့ နည်းနည်းဝေးတယ်ဗျာ.. အဲဒါကြောင့် ခြံထဲမှာတောင် ဘာပင် စိုက်ရမှန်းမသိတာနဲ့ အုန်းသီးသုံးလုံး ခြံထောင့်ပစ်ထားတာ ပေါက်ချင်တဲ့အသီးပေါက်ဆိုပြီး…။ အိုကေ…။ အဲဒါဆို ကျွန်တော် ရုံးရှေ့က ဗန်ဒါသီးတွေ ကောက်ပြီး အိမ်မှာပျိုးပြီးစိုက်မယ်…။ ကျွန်တော်လည်း မေ့မေ့ပျောက်ပျောက်ပါပဲ… မိုးဦးပေါက်ကျတော့ ကိုညိုအေး ရုံအားတဲ့ရက်မှာ ခမောက်ကြီးဆောင်းပြီး.. အကျီဗလာ ပုဆိုးတိုတို ၀တ်ပြီး သူ့ဗန်ဒါပျိုးပင်တွေကို စိုက်နေတော့တာပါပဲ…။ တစ်မိုးကုန်တော့ ဗန်ဒါပင်လေးတွေ မြေကြီးအထက် တော်တော်လေး တက်လာပါတယ်..အပင်က အရွက်လေးတွေထွက်လာတယ် ရိုးတံသွယ်သွယ် အကိုင်းအခက်လေးနဲ့ မျက်စိပသာဒရမလား ကြည့်နေရင်း တစ်ဖက်လမ်းက ဆိတ်အုပ်က အားရပါးရတွယ်တော့တာပါပဲ… မြို့သစ်မှာ မိုးအသစ်တွေ မရွာခင် ဆိတ်အုပ်ရဲ့ ဒဏ်ကို ဗန်ဒါပင်လေးတွေ တော်တော်ခံလိုက်ရတယ်… အဲဒီအချိန်ကိုညိုအေးမှာ အလုပ်တစ်ခု ပိုလာပါတယ်ဆိတ်မောင်းရတဲ့ အလုပ်ပါ… ဖုန်တထောင်းထောင်းကြားမှာ ပြေးလွှားဆော့ကစားတဲ့ ကလေးတွေ ကြောင့်လည်း ကိုညိုအေး ဗန်ဒါပင်လေးတွေ သက်ဆိုးမရှည်ရှာပါဘူး… ဒီကြားထဲကမှအပင်တွေကို မထိခိုက်အောင် သူခမျာ ခြင်းကြားကြီးတွေကို အုပ်ကြိုးနဲ့တုပ် အလုပ်တွေရှုပ်နေခဲ့ပါသေးတယ်… ကျွန်တော်ကလည်း စိတ်ကောင်းတစ်ဝက်ရှိသူ ဖြစ်လို့ကျွန်တော် အိမ်ရှေ့ ဗန်ဒါပင်လေးတွေကို စိတ်လိုလက်ရ ရေမှန်မှန်ထွက်လောင်းတတ်ပေမယ့်… မလှမ်းမကမ်း ခြေရင်းနှစ်အိမ်က ဗန်ဒါပင်တွေကို ဒီအတိုင်းကြည့်နေတတ်ပါတယ်… ခြေရင်းအိမ်က မိန်းမတွေက စပ်စုလွန်းတာ ကျွန်တော်နဲ့ မဖြစ်… သူတို့ စာရေးဆရာဆို လုံးချင်းဝတ္ထု ဘယ်နှအုပ်ထွက်ဖူးလည်း အရင်မေးတတ်တာ … ဟာသတို့ ဂမ္ဘီရတို့ရေးပေါ့ဆရာ အဲဒါဆို နာမည်ကြီးမယ် အဲဒီလို စကားတွေပြောတတ်သူတွေ… ဆရာလုပ်ချင်လို့ စာရေးနေတာ ကိုယ်ပြန်ဆရာလာလုပ်တော့ ကျွဲမြီးကိုတိုရော… ကိုညိုအေးကတော့ သဘောထားကြီးရှာပါတယ် သူခမျာတစ်လမ်းလုံး သူစိုက်ပျိုးထားသမျှ ရုံးကပြန်လာတာနဲ့ ၀တ္တရားမပြတ် ရေလောင်းရှာပါတယ်…။

ဒီလိုနဲ့ နှစ်တွေကြာလာတယ်… ကိုညိုအေး ဘ၀ကတော့ သိပ်မသာယာရှာပါဘူး… သူပထမ အိမ်ထောင်နဲ့ ကွဲပြီး နောက်ထပ်မိန်းမတစ်ယောက်နဲ့ အိမ်ထောင် ထပ်ကျသွားတယ် .. သူ့ မိန်းမကြီးလည်း ကိုညိုအေး ထားခဲ့တဲ့ အိမ်ကိုရောင်းပြီး တခြားအရပ်ပြောင်းသွားတယ် လမ်းထဲမှာတော့ ကိုညိုအေး စိုက်ခဲ့တဲ့ ဗန်ဒါ ငါးပင်ပဲ မားမားစွင့်စွင့် ကျန်ခဲ့တော့တယ်… တစ်နွေပြီး တစ်နွေ… တစ်မိုးပြီးတစ်မိုး ကျွန်တော်လည်း ဗန်ဒါပင်တွေ အောက်မှာ လမ်းလျှောက်ရင်း ဆယ်စုနှစ်တခုစာ ကုန်သွားခဲ့တယ်.. တချို့ ဗန်ဒါပင်တွေအောက်မှာ ရေအိုစင်လေးတွေတည်လို့ တချို့ ဗန်ဒါပင်အောက်မှာ ခုံတန်းလျားလေးတွေ ထိုးလို့… နေ့လည်နေ့ခင်း မြို့သစ်ရပ်ကွက်တွေထဲ လည်ရောင်းတဲ့ ခေါင်းရွက်ဗြက်ထိုး ဈေးသည်တွေ တစ်ထောက်နားလို့ အမောဖြေ ရေသောက်လို့ ဗန်ဒါရိပ်အောက်မှာ ကလေးတွေ ကျောင်းလွှတ်ချိန်မှာ အားပါးတရဆော့လို့.. ကျွန်တော် မျက်ဝါးဝါးထင်ထင် မြင်နေရတဲ့ သစ်ပင်တွေရဲ့ အကျိုးကျေးဇူးကို တွေးတောမိရင်း ပေါတောတော ပုတုတု ကိုညိုအေးတစ်ယောက်.. သူစိုက်ခဲ့တဲ့ ဗန်ဒါပင်တွေလို သူ့ဘ၀အေးချမ်းသာယာပါစေ ဆန္ဒပြုမိရင်း…။

မိုးလှိုင်ည

ဒီမိုကရေစီ ရဲ့ ပထမဆုံးနဲ့ နောက်ဆုံး အနှစ်သာရကတော့ လူသားအားလုံး
တန်းတူညီမျှရေး ကို တရားမျှတစွာကျင့် သုံးဆောင်ရွက်နိုင်ခြင်းဖြစ်ပါတယ်

ယနေ့ ခေတ်မှာတော့ ကမ္ဘာပေါ်မှာ ဒီမိုကရေစီနိုင်ငံတွေ အမျိုးမျိုး
ပေါ်ထွန်းလာလျှက်ရှိပါတယ်...။
အဲဒါဟာ လွန်ခဲ့တဲ့ဆယ်စုနှစ်သုံးစုစာထက်စာရင် ပိုမိုသာလွန်လာတဲ့...
လူ့အဖွဲ့အစည်း ဆိုင်ရာရင့်ကျက်မှုပါ . ဒါပေမယ့် ဒီမိုကရေစီဆိုတဲ့
ခေါင်းစဉ်အောက်မှာ တရားမျှတမှုနဲ့ ဝေးကွာနေရတဲ့ လူ့အဖွဲ့အစည်းတွေလည်း
များပြားလျှက်ရှိနေဆဲ့ပါ...။

ကျွန်တော်တို့ အမှောင်ခေတ်ထဲက ထွက်လာခဲ့ပါပြီ.. ဒါပေမယ့် အုံ့မှိုင်းနေတဲ့
မနက်ခင်းကို တော့ရင်ဆိုင်နေရဆဲပါ..။

ကမ္ဘာတစ်လွှားမှာ ဒီမိုကရေစီဟာ သူ့နည်းသူ့အထွာ နဲ့ အများအပြား
ပေါ်ထွက်လာနေပါတယ်...။ အမေရိကန် ဒီမိုကရေစီ၊ ဥရောပ ဒီမိုကရေစီ၊
အာရှဒီမိုကရေစီ၊ လက်တင်နဲ့ အာဖရိကမှာဖြစ်ပေါ်နေတဲ့ အာဏာရှင်နဲ့
ဒီမိုကရေစီလွန်ဆွဲပွဲများ..။ အရှေ့အလယ်ပိုင်းမှ ဒီမိုကရေစီကို
ဘာသာမျက်နှာစည်းပ၀ါစည်းပြီး ကြိုးပေးသတ်ချင်နေတဲ့ အဖြစ်အပျက်တွေနဲ့
ကမ္ဘာကြီး တစ်ခုလုံးအနေနဲ့တော့ ဒီမိုကရေစီဟာ မိုးကုတ်စက်ဝိုင်းအစပ်က
မှုန်ပျပျ ကြယ်စင်တစ်လုံးပဲဖြစ်နေပါသေးတယ်..။

ဒီမိုကရေစီကို ဘယ်သူတွေလိုအပ်သလည်း။
လူတွေဟာ တရားမျှတှုကို လိုလားတယ်ဆိုပေမယ့် အဲဒါ
လူတိုင်းတော့ မဟုတ်ဘူး ပြီးတော့ အချိန်တိုင်းအတွက်လည်း
မဟုတ်ပြန်ပါဘူး...။ ဘာကြောင့်လည်း ဆိုတော့ လူ့အဖွဲ့အစည်း အလိုက်ကိုက
တရားမျှတမှုတွေကို ကျင့်သုံးနိုင်စွမ်း မရှိသေးပါဘူး...။ အဲဒါကြောင့်
ကမ္ဘာပေါ်က စစ်ပွဲတွေ ရပ်တန့်လို့ မရနိုင်သေးတာပေါ့ ...။နိုင်ငံရေး
စီးပွားရေး ပါဝါရှိသူတွေက တန်းတူညီမျှရေးကို မစဉ်းစားသလို..
လူချင်းအတူတူဆိုတဲ့ အခြေခံဝါဒကို တစ်သီပုဂလ္လကော အဖွဲ့အစည်းအလိုက်ပါ
ငြင်းဆန်လျှက် ရှိနေတုန်းပါပဲ..။ ဒီမိုကရေစီဆိုတဲ့ အခြေခံယူနစ်တွေ
ချို့တဲ့နေတဲ့ လူအဖွဲ့အစည်းတွေ ဒီမိုကရေစီဆိုတဲ့ စကားလုံးဟာ
အခွံ့ချည်းသက်သက် စကားလုံးတစ်ခုပဲ ဖြစ်နေမှာပါ...။ အမတ်လောင်းတွေ
မဲရဖို့အတွက် အားကောင်းမောင်းသန် ငြင်းခုံဖို့ အဆင်ပြေမယ့်
စကားလုံးသက်သက်ပါပဲ..။ အဘက်ဘက်က အားနည်းချို့တဲ့ သူတွေ လူတစ်ယောက်၊
နိုင်ငံတစ်နိုင်ငံ ၊ အဖွဲ့အစည်းတစ်ခု က သူရဲ့ တန်းတူညီမျှမှု
ရပိုင်ခွင့်တွေ တရားမမျှတစွာ ပြုမှုဆက်ဆံခံနေရသူတွေက ဒီမိုကရေစီကို
အလိုအပ်ဆုံးဖြစ်ပါလိမ့်မယ်...။ အဲဒီလူသားတွေဟာ ကမ္ဘာအနှံ့အပြားများ
အများအပြားရှိနေဆဲပါ..။ အဖြစ်အပျက်မျိုးစုံနဲ့ ပြဠာန်းချက် အမျိုးမျိုးက
မတရားမှုတွေနဲ့ အသားစီးရသူတွေကို အကာအကွယ်ပေးနေတုန်းပါပဲ...။

ရွေးကောက်ပွဲတွေက တရားမျှတမှုကိုမွေးထုတ်ပေးသလား ။

ရွေးကောက်ပွဲတွေ မရှိတာ ထက်စာရင် ရွေးကောက်ပွဲတွေရှိတာဟာ ကောင်းပါတယ်...။
ဒီတစ်ချက်တည်းနဲ့တော့ ရွေးကောက်ပွဲဟာ တရားမျှတမှုတွေကို
ရွေးထုတ်ပေးမှာမဟုတ်ပါဘူး...။ အခြေခံဥပဒေ တွေကိုယ်၌က ရိုးဖြောင့်မှု
မရှိဘူးဆိုရင် အဲဒီဥပဒေကြောင့် ပေါ်ပေါက်လာတဲ့ ရွေးကောက်ပွဲတွေဟာ
မှန်ကန်မျှတတဲ့ရလဒ်တွေနဲ့တော့ ဝေးကွာနေမှာပါပဲ..။ ပြီးတော့
ကမ္ဘာပေါ်မှာရှိတဲ့ ရွေးကောက်ပွဲ အများစုဟာ ရွေးကောက်ပွဲ ဦးဆောင်
ကျင်းပသူတွေ လိုချင်တဲ့ ရလာဒ်အဖြေမျိုးဖြစ်အောင် ပြည်သူအများစုရဲ့
သဘောထားကို အတင်းအကျပ်တောင်းယူတာမျိုးပဲ ဖြစ်နေပါသေးတယ် အဲဒီတော့
ကျွန်တော်တို့ဟာ ရွေးကောက်ပွဲတိုင်းကို စင်လုံးချော တရားမျှတမယ်လို့
တွေးခေါ်ထားရင် မိုက်မဲရာ ကျပါလိမ့်မယ်
ကျွန်တော်တို့ လုပ်နိုင်တာ တစ်ခုတော့ ရှိပါတယ် ပြည်သူတွေရဲ့ ဆန္ဒအမှန်ကို
အနုနည်း အကြမ်းနည်းနဲ့ ခြိမ်းခြောက်မြူစွယ်ခံရခြင်းမှ ပြည်သူတွေ
ကိုယ်တိုင် သူတို့ သဘော ဆန္ဒအမှန်ကို ကာကွယ်နိုင်ဖို့ အသိအမြင်
ကျယ်ပြန့်စွာ ပေးနိုင်ဖို့ လိုအပ်ပါတယ်...။ လူမှုအဖွဲ့အစည်း တည်ငြိမ်စွာ
ဖွံ့ဖြိုးတိုးတက်အောင် ရေရှည် အကျိုးစီးပွား အတွက် မျှော်မှန်းတတ်လာအောင်
ပညာပေးလှုံ့ဆော်မှု အပိုင်းတွေကို ထိထိရောက်ရောက် ဆောင်ရွက်ဖို့
လိုပါတယ်...။ အာဏာရှင် နိုင်ငံတော်တော် များများမှာတော့
အသိဥာဏ်ပညာဆိုင်ရာ ရရှိပိုင်ခွင့် ဟာ အနည်းဆုံးဖြစ်နေတတ်ပါတယ် ...။
ပညာရေး အတွက် အခြေခံ အဆောက်အဦး တွေ ချို့တဲ့တာကနေ
သင်ရိုညွှန်းတမ်းဘက်လိုက်မှုများနဲ့ မျက်မှန်စိမ်းတပ် ၀ါဒဖြန့် မှုမျိုးတွေက
အစ အသုံးချတတ်ကြပါတယ်...။ အဲဒါကြောင့် အခြေခံလူထုဟာ အသိဥာဏ်ဆိုင်ရာ
ဖွံ့ဖြိုးမှု နောက်ကျနေတတ်ပါတယ်... အဲဒီတော့ ရွေးကောက်ပွဲ ဟာ အာဏာပိုင်တွေ
စိတ်ကြိုက် ဖြစ်လာခဲ့ရတာပါပဲ...နောက်ထပ် နည်းလမ်း တစ်ခုက လူလတ်
တန်းစားအသံကို ပိတ်ဆို့ ခြင်းပါ... အရင်းအမြစ် ကြွယ်ဝတဲ့ ဖွံ့ဖြိုးဆဲ
နိုင်ငံငယ်တွေဟာ ချမ်းသာကြွယ်ဝရမယ့် အစား မှားယွင်းတဲ့ စီမံခန့်ခွဲမှု
တွေကြောင့် ဒါမှမဟုတ် လက်နှက်ကိုင် အဖွဲ့အစည်းတွေရဲ့ သယံဇာတ
အရင်းအမြစ်တွေအပေါ် လက်ဝါးကြီးအုပ်လုယက်နေမှုတို့ကြောင့် ဆင်းရဲမွဲတေမှု
ပြဿနာတွေကို နက်နက်ရှိုင်းရှိုင်း ရင်ဆိုင် နေရလေ့ရှိပါတယ်... စနစ်တကျ
အခွန်စည်းကျပ်မှုမရှိတဲ့အတွက် ၀န်ထမ်းအဖွဲ့အစည်းတွေမှာ နည်းပါးတဲ့
ဘက်ဂျက်ကို မျှဝေသုံးစွဲနေရပြီး...
လူမှုအ၀န်းအ၀ိုင်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ခြင်း
မရှိပါဘူး...။ လူလတ်တန်းစားအနေနဲ့ ပုဂ္ဂလိက လုပ်ငန်းရှင် အနည်းငယ်နဲ့
အစိုးရ အရာရှိ အနည်းငယ်သာရှိပြီး.. သူတို့အနေနဲ့
အသက်မွေးဝမ်းကျောင်းဆိုင်ရာ ခြိမ်းခြောက်ခံရမှုနဲ့
အမြဲတစေထိတွေ့နေရပါတယ်..ရွေးကောက်ပွဲ ကာလရောက်မှ အာဏာပိုင်တွေဟာ
လူထုကိုချော့မြူဖို့ ကြွယ်ဝတဲ့ အရင်းအမြစ်တွေကို ထုတ်ယူသုံးစွဲလေ့
ရှိပါတယ်..။ အဲဒါကြောင့် ရွေးကောက်ပွဲ တချို့ဟာ ပြည်သူ့ရင်ထဲက က
သဘောထားကို မတရားနည်းနဲ့ ပြောင်းလဲစေခိုင်းတာပဲ ဖြစ်နေပါတော့တယ်...။
အဲဒါဆို တရားမျှတတဲ့ ရွေးကောက်ပွဲတွေပေါ်ဖို့ ကျွန်တော်
ကြိုတင်မရှာဖွေသင့်ဘူးလား...။

အရောင်စုံအာရှ

၁၉၄၅ နောက်ပိုင်းမှာ အာရှနိုင်ငံတွေဟာ
ကိုလိုနီလက်အောက်က လွတ်မြောက်လာကြပါတယ်.. ကိုလိုနီခေတ်မတိုင်မီ
သက်ဦးဆံပိုင် ဘုရင်တွေနဲ့ နေထိုင်လာခဲ့ကြတဲ့ နိုင်ငံအများစုဟာ
လွတ်လပ်ရေးထိန်သိမ်းနိုင်ဖို့ တည်ငြိမ်တဲ့ နိုင်ငံရေးစနစ်အတွက်
အဆင်သင့်မဖြစ်သေးတာကိုတွေ့ရပါတယ်... အဲဒီအတွက် ပြည်တွင်းစစ်ပွဲတွေ
အာရှမှာပေါ်ပေါက်လာပါတယ် ကမ္ဘာအင်အားကြီး အုပ်စုနှစ်ခုက အာရှနိုင်ငံ
များ၏ပြည်တွင်းစစ်များပေါ်တွင် ၀င်ရောက်ခြယ်လှယ်ကြပါတယ်..။
အဲဒီအချိန်တုန်းက အာရှနိုင်ငံတွေဟာ ဒီမိုကရေစီရေးထက် ပုဂ္ဂိုလ်ရေး
ဦးဆောင်မှုနောက်ကို ပြည်သူအများစုက ကွဲပြားစွာထောက်ခံကြပါတယ်...။
အဲဒီအရေးအခင်းတွေဟာ ၁၉၈၉ ဘာလင်တံတိုင်းပြိုကျပြီး လင်းပွင့်မှု ကာလရောက်မှ
နှင်းခဲအရည်ပျော်သလို တစ်စတစ်စ
ချုပ်ငြိမ်းပျောက်ကွယ်လာကြပါတယ်..။ဒါပေမယ့် ယခင် ကွန်မြူနစ်
ဟောင်းကြီးတွေက အစ စစ်အာဏာရှင်တွေ အဆုံး ဒီမိုကရေစီကို ကိုယ်ပိုင်
အဓိပါယ်တွေနဲ့ ကိုင်ဆောင် သုံးဆွဲလာကြပါတယ်..။တရုတ်ကွန်မြူနစ်ပါတီကအစ
city state နိုင်ငံတစ်ခုဖြစ်တဲ့ စကာင်္ပူအဆုံး အတိုက်အခံတွေ အင်အားစုတွေရဲ့
အသံမပါပဲ... စီးပွားရေးနိုင်ငံရေး တချို့အစိတ်အပိုင်းတွေမှာ
ဒီမိုကရေစီဆန်လာကြပါတယ်.. စစ်အာဏာသိမ်းမှုများနဲ့ သပိတ်တိုက်ပွဲတွေကြားမှာ
လွန်ဆွဲနေတဲ့ ထိုင်းနိုင်ငံဒီမိုကရေစီ...
ဂျပန်နိုင်ငံရေးအရှုပ်တော်ပုံကြားမှာ ခေါင်းမဖော်နိုင်သေးတဲ့
ဒီမိုကရေစီစံနှုန်းများ မြောက်ကိုရီးယားနဲ့ ဘာသာရေးအစွန်းရောက်
အရှေ့အလယ်ပိုင်းနိုင်ငံများ.. အကြမ်းဖက်ခံနေရတဲ့ ပါကစတန်ဒီမိုကရေစီ...
အရောင်စုံအာရှ မှာ ဒီမိုကရေစီထိုးဇာတ်တွေကလည်း အများအပြားပါ..။
လူတစ်ဦးချင်းစီရဲ့ ပညာရေချိန်မြင့်တက်မှုမရှိမခြင်း ကျွန်တော်တို့
ဒီမိုကရေစီအခွင့်အရေးဟာ နည်းအမျိုးမျိုးနဲ့ နှောင့်ယှက်
ဖျက်ဆီးခံရေဦးမှာပါပဲ...။ လက်နှက်ကိုင်တစ်စု၊ လူတစ်ယောက် ၊
လူတန်းစားတရပ်က ပြည်သူ့အခွင့်အာဏာကို အလွဲသုံးစားလုပ်ဖို့
ချုပ်ကိုင်ခြယ်လှယ်နေတာကို ခွင့်ပြုနေသမျှ ကာလပါတ်လုံး ကျွန်တော်တို့
တင်းပြည့်ကျပ်ပြည့် ဒီမိုကရေစီကိုရဖို့ဝေးကွာနေဦးမှာပါ..။ ဒီမိုကရေစီဟာ
ကိုယ်တိုင်ကျင့်သုံးရတဲ့အရာဖြစ်လို့ လူတိုင်း ဒီမိုကရေစီကို
ကျင့်သုံးဖို့လိုပါတယ်...။ အရေးကြီးတဲ့အချက်က ကြောက်တတ်ရင်
ဒီမိုကရေစီမရပါဘူး..။ ပညာမဲ့ရင် အကြောက်တရားကြီးတတ်ပါတယ်။ အဲဒီတော့
ကိုယ့်ရပိုင်ခွင့်နဲ့ ကိုယ့်တာဝန်ဟာ ဘာမှန်းမသိတော့ဘူး.. အဲဒီတော့
ဒီမိုကရေစီဖွံ့ဖြိုးဖို့ အများပြည်သူတွေရဲ့ ပညာအဆင့်အတန်းကို
မြင့်မားလာအောင် ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်...။

တရားဥပဒေ မစိုးမိုးပဲ လူများအုပ်ချုပ်သောနိုင်ငံ

လူဟာ တစ်ဦးချင်းထက်
လူအုပ်စုကြီးက ပိုမိုက်မဲတတ်တယ်။

အဲဒီအဆိုအမိန့်တစ်ခုကို စာအုပ်တစ်အုပ်ထဲမှာ ဖတ်ဖူးတယ်..။
ဒီမိုကရေစီဆိုတာ လူ့အဖွဲ့အစည်းတစ်ခုလုံးထဲကမှ အများရဲ့ ဆနအတိုင်း
သဘောတူဆုံးဖြတ်ရတာဖြစ်ပြီး.. အဲဒီထဲက ကွဲပြားဆန့်ကျင်တဲ့
အဆိုပြုချက်တွေကို လက်သင့်ခံထည့်သွင်းစဉ်းစားရတာပါ..။ ဒီမိုကရေစီ
အဖွံ့ဖြိုးဆုံး လူ့အဖွဲ့အစည်းတွေထဲမှာ တောင် ရာခိုင်နှုန်းကိုးဆယ်
ညီညွတ်တဲ့ ဆုံးဖြတ်ချက်တွေဟာ ဖြစ်တောင့်ဖြစ်ခဲပါ..။ အဲဒီတော့
ဒီမိုကရေစီစံတိုင်းတာချက်မှာ သီအိုရီတစ်ခေါ်ပေါ်လာပါတယ်... အများညီ ဤ
ကိုကျွဲဖတ်တယ်ဆိုရင်တော့ အဲဒီလူ့အဖွဲ့အစည်းအနေနဲ့ တနည်းနည်းနဲ့
ပြန်ပေးဆွဲ ခြိမ်းခြောက်ခံနေရပြီလို့ ကောက်ချက်ဆွဲကြည့်လို့ရပါပြီ...
မိုးခါးရေကို အတူဝိုင်းသောက်ကြတာလား မိုးခါးရေကို အတင်းတိုက် ခံနေရတာလား
ဆိုတာ စဉ်းစားစရာပါ..။ အလိုတူအလိုပါပဲဖြစ်ဖြစ် မလိုမတူပါပဲဖြစ်ဖြစ်
လူ့အဖွဲ့အစည်း တရပ်လုံး အဆုံးအစွန်ဆုံး ချောက်ကမ်းပါးကို
ဦးတည်သွားနေတာပါ..။ ကျွန်တော်တို့ ခုန်ပျံကျော်လွှားရေး သီအိုရီနဲ့
မဟာအောင်မြင်မှုကြီးကနေ ချောက်ထဲထိုးကျသွားတဲ့ ဆိုဗီယက်
ပြည်ထောင်စုကြီးကို သတိရကြဦးမယ် ထင်ပါတယ်..။ ဆိုဗီယက် ပြည်ထောင်စုကို
ဇာဘုရင်တွေထက်အာဏာစက်ပိုပြင်းတဲ့ ကွန်မြူနစ်ခေါင်းဆောင်တွေ
အုပ်ချုပ်ခဲ့တာသာ ဖြစ်ပြီး ကွန်မြူနစ်ဝါဒကော တရားမျှတတဲ့ ဥပဒေတွေနဲ့
ပြည်ထောင်စုကိုစည်းနှောင်ထားခဲ့နိုင်ခြင်းမရှိခဲ့ပါဘူး..။ ကျော်စွာတစ်ရာ
စာအုပ်ရေးသားသူက အခုလိုရှင်းပြထားပါတယ်..
ဂျော့ဝါရှင်တန်ကို ဂျူးလိယက်ဆီဇာ၊ နပိုလီယန်၊ မဟာ အလက်ဇန်းဒါးတိုထက်
ရှေ့မှာထားရတာ.. အတော်ဆုံးစစ်ဗိုလ်ချုပ်ဖြစ်တာကြောင့်မဟုတ်ပါဘူး..
ခေါင်းဆောင်မှုစွမ်းရည်နဲ့ စစ်ရေးမှာ ဂျော့ဝါရှင်တန် အထက်ပါသုံးယောက်ထက်
အားနည်းနိုင်ပါတယ်.. ဒါပေမယ့် သူတည်ထောင်ခဲ့တဲ့ အင်ပိုင်ယာကတော့ တခြား
စစ်ဗိုလ်ချုပ်တွေ တည်ထောင်တဲ့ အင်ပိုင်ယာထက်
ပိုမိုသက်တမ်းရှည်ကြာခဲ့လို့ပါတဲ့...။

ဂျော့ဝါရှင်တန်ဟာ အမေရိကန်တော်လှန်ရေး
အများဆုံးရင်းနှီးမြုပ်နှံသူတစ်ယောက်ဖြစ်ခဲ့ပေမယ့်...
အမေရိကန်ဖွဲစည်းပုံအခြေခံဥပဒေအပေါ်မှာတော့ တခြား
အမေရိကန်တစ်ဦးတစ်ယောက်ထက်မှ အခွင့်အရေး ပိုမယူခဲ့သူဖြစ်ပါတယ်..။
အဲဒါဆိုရင် ကျွန်တော်တို့ တရားဥပဒေမကြီးစိုးပဲ လူအများ အုပ်ချုပ်တဲ့
နိုင်ငံအတွက် ဒီမိုကရေစီ လှေကားထစ်တွေဟာ မက်စောက်မြင့်မားနေဦးမှာ
အသေအချာပဲ ဖြစ်ပါတယ်...။

အောင်ပိုင်စိုး

၂၀၀၀ ပြည့်နှစ်လောက်က ကျွန်တော် သဘာဝပါတ်ဝန်းကျင် အဖွဲ့တစ်ဖွဲ့ ရေးထားတဲ့ စာတမ်းတစ်စောင်ဖတ်ဖူး တယ် အဲဒီစာတမ်းက တစ်နှစ်တစ်နှစ်ကို သစ်တောဧက ၂၃သန်းလောက် ပျောက်ကွယ်နေတယ်လို့ ဆိုပါတယ်။ နှစ်ထောင်ပြည့်လွန် နောက်ပိုင်းမှာ သစ်တော ဧကတွေပျောက်ကွယ်မှုက ပိုမိုတိုးတက်လာနိုင်တယ် လို့ ကျွန်တော် တွေးနေမိပါတယ် ဒါပေမယ့် ကိုယ်တိုင်က သုတေသနသမား မဟုတ်တော့ ကိန်းဂဏန်း နဲ့ အတိအကျ မတွက်ချက် နိုင်ဘူး ဖြစ်နေတယ်..။ တမြန်နေ့မနက်ကတော့ စီးပွားရေးစာအုပ် တစ်အုပ်ထဲမှာ တစ်နေ့တစ်နေ့ လူပေါင်း ၂၄၀၀ လောက် အငတ်ဘေး ဆိုက်ရောက်သေးဆုံးနေတယ်လို့

ဖတ်လိုက်ရပြန်ပါတယ် အချက်အလက်ကိန်းဂဏန်း နှစ်ခုက သီးခြားဆီဆိုပေမယ့် ကျွန်တော်ရင်ထဲမှာ လာရောက် ဆက်စပ်မိနေပါတယ်။

ပထမ တစ်ခုက ခြိမ်းခြောက်မှု ဖြစ်ပြီး ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုပြန် ခြိမ်းခြောက် နေတာဖြစ်ပြီး… ဒုတိယ တစ်ခုက တော့ ပျက်ကွက်မှုပါ ..။ တခြား လူပုဂ္ဂိုလ်တွေအပေါ် ကျွန်တော်တို့ ဖြစ်ခွင့်ပြုထားတဲ့ ပျက်ကွက်မှုပါ..။ ကျွန်တော့် အနေနဲ့ ကိစ္စရပ်နှစ်ခုလုံးမှာ တာဝန်ရှိတယ်လို့ သိမြင်ခံစားလိုက်ရတဲ့ ခဏမှာတော့ ကျွန်တော့်ကိုယ် ကျွန်တော် အတော်လေး ရှက်ရွံ့မိသွားပါတယ်…။ ပထမဆုံး ကျွန်တော်တို့ သစ်ပင်တွေကို မလိုအပ်ပဲ ကိုယ်ကျိုး အတ္တအတွက် ပရမ်းပတာ ထုတ်ယူသုံးဆွဲတယ် ပြီတော့ ကျွန်တော်တို့ကိုယ်တိုင် လူ့အဖွဲ့အစည်းကို ခြိမ်းခြောက်ပြီး မဖြစ်သင့် မဖြစ် ထိုက်တဲ့ ကံဆိုးမှုတွေကို ခွင့်ပြုလိုက်တယ်…။
ကျွန်တော်တို့ တရားပါရဲ့လား…?

၂၁ရာစုကို ၀င်တဲ့ ဆယ်စုနှစ်တစ်ခုစာပဲ ရှိသေးတယ်.. သဘာဝကပ်ဘေးကြောင့် သေဆုံးရသူ အရေအတွက်က ကျွန်တော်တို့ ဖြစ်ခဲ့ဖူးတဲ့ ပထမကမ္ဘာစစ်တစ်ခုစာလောက်နီးပ
ါး ဖြစ်သွားပါပြီ..။ အသက်မသေပဲ ကျန်ရစ်ခဲ့သည့်တိုင်
ကျွန်တော်တို့ဟာ နာကျင်ခံစားနေရဆဲပါ..။ ပြဿနာအရင်းအမြစ်က ကျွန်တော်တို့ ကမ္ဘာမြေကြီးနဲ့ သဘာဝပါတ် ၀န်းကျင်ကို မှန်ကန်သင့်မြတ်တဲ့ စီမံခန့်ခွဲမှု မရရှိသေးလို့ပဲ ဖြစ်ပါတယ်..။

ကျွန်တော်တို့ နိုင်ငံအများစု လူအများစုက စီးပွားရေးတိုးတက်နှုန်းနောက
်ကို လိုက်နေတယ်။ ရုပ်ဝတ္ထု အလျှံပါယ် ပေါကြွယ်ဝရေးကို ကြိုးစားနေတယ် … ကျွန်တော်တို့ အလွန်ကျွံ့ ဂုဏ်တုဂုဏ်ပြိုင် ချမ်းသာကြွယ်ဝရေး နောက်ကို လိုက်တော့ ကမ္ဘာကြီးကို တစ်ဖက်သက် စိုးမိုးချင်တဲ့ လူတစ်စုရဲ့ ထောင်ချောက်ထဲ ရောက်သွားတယ်… အမြတ် ရရှိ ရေး ဦးတည်ချက် တစ်ရပ်တည်းနဲ့ကမ္ဘာကြီးကို သက်ရှိမျိုးနွယ် တွေကို ပျက်သုဉ်းရေး ထောင်ချောက်ထဲ ဆွဲသွင်း နေ တဲ့ ညွတ်ကွင်းတွေ အမှန်တကယ်ရှိနေခဲ့ပါတယ်…။ အဲဒီလိုဆိုလို့ ဟိုဟိုဒီဒီ လက်ညှိုးထိုး ရှာနေမယ်ဆိုရင် ကျွန်တော် တို့ရဲ့ အပြစ်ဖို့ချင်တဲ့ ထင်ယောင်မှားမှု တစ်ခုကိုပဲ ရှာဖွေတွေ့ရှိမှာပါ..။ အဲဒါဟာ ကျွန်တော်တို့ ရဲ့ တစ်ကိုယ်တော် အတ္တ ဒါမှမဟုတ် ကျွန်တော်တို့ အားလုံး ရဲ့ စုပေါင်း အတ္တ…။ အကျိုးတူ မိုက်မဲမှုတွေနဲ့ ကမ္ဘာမြေကြီးနဲ့ သဘာဝ ပါတ်ဝန်းကျင်အပေါ် နိုင်လိုမင်းထက် ပြုမှုချင်တဲ့ စိတ်ဓါတ်ပါ.. ။

အဲဒီနေရာမှာ ပြဿနာတစ်ခု ရှိလာပါတယ်.. လူတိုင်းက သဘာဝတရားကို တန်ဖိုး မထားတတ်ပါဘူး … သဘာဝပါတ် ၀န်းကျင် ထိန်းသိမ်းရေးသမားတွေကိုအစဥ
်တစိုက် တိုက်ခိုက်နေတဲ့ အိုင်ဒီယာ တစ်ချို့ရှိပါတယ် … အဲဒါကတော့
သဘာဝတရားပဲကွာ အချိန်တန်တော့ သူဘာသူ ပြုပြင်နိုင်စွမ်းရှိပါတယ် ဆိုတဲ့လက်လွတ် စပါယ် အတွေးအခေါ်ပါ.. အဲဒါက သဘာဝပါတ်ဝန်းကျင် စောင့်ရှောက်ထိန်းသိမ်းမှု အပေါ်ကို အပိုအလုပ်လို့ တွေးထင်တတ်သူတွေရဲ့ လက်သုံး စကားပါ … ကျွန်တော် ကိုယ်တိုင် မကြာခဏကြားဖူးပါတယ်…။

နာဂစ်မုန်းတိုင်း တိုက်ခိုက်ပြီး မြစ်ဝန်ကျွန်းပေါ်က မြို့တွေရွာတွေကို ကျွန်တော် ကယ်ဆယ်ရေးနဲ့ ပြန်လည် ထူထောင် ရေး လုပ်ငန်းတွေမှာ လုပ်အားပေးအနေနဲ့ အချိန်ကာလ အတန်ကြာသွားရောက် လုပ်ကိုင် ခဲ့ဖူးပါတယ်..။
မုန်တိုင်း တိုက်ခိုက်ပြီး တစ်ပါတ်အကြာမှာ မုန်တိုင်းဒေသအပျက်အစီးတြွေ
ကားမှာ ကျွန်တော်ကြုံ တွေ့ခဲ့ရတာလေးကို
ပြန်ဝေမျှချင်ပါတယ်…။ ဘာအကြောင်းအရာလည်း ဆိုတော့ မြစ်ဝကျွန်းပေါ်ရွာတွေ အများစုက လယ်ကွင်းတွေထဲ ရွာတည်ထားကြတာပါ အဲလိုရွာတွေဟာ အဆောက်အဦးတွေအားလုံး ရစရာမရှိအောင် ပျက်စီးဆုံးရှုံးတာမျိုး မုန်တိုင်း ဒီရေကို ဟန့်တားနိုင်စွမ်းမရှိလို့ ရွာလုံးကျွတ်ပျောက်ရှ သွားတာမျိုး အသက်ဆုံးရှုံးမှုအများဆုံး ဖြစ်နေတတ်တာပါပဲ … တစ်ရက်တော့ ရေတွင်းတူးဖို့ ကိစ္စနဲ့ ဒေသခံ အန်ဂျီအို တစ်ဖွဲ့နဲ့အတူ ရွာကြီး တစ်ရွာကို ရောက်သွားဖြစ်ခဲ့ပါတယ်
မုန်တိုင်းကြားက ရွာကြီးရဲ့ အနေအထားက မြိုနယ်အသေးစားတစ်ခုစာစည်ကာ
းနေပါတယ်..။ လူနေသိပ်သည်း ပြိုပျက်နေတဲ့ အိမ်ကြီးတွေနဲ့ အိုင်တီခေတ်ထဲမှာ ကမ္ဘာပါတ်လမ်းကြောင်း ထဲက ဆက်သွယ်ရေးဂြိုလ်တုဆီကို
စလောင်းဖုံး အသေးစားတွေနဲ့ လှမ်းချိန်နိုင်တဲ့ ရွာမျိုးပါ.. မီးသွေးတစ်ခေတ်၊ ပုဇွန်တစ်ခေတ်၊ ရေချိုငါးတစ်ခေတ်နဲ့ နာဂစ်မဖြစ်ခင်ကာလအထိ ဆက်တိုက်စီးပွား တက်ခဲ့တဲ့ရွာလို့ ဒေသခံ မိတ်ဆွေက ညွှန်းပါတယ် အခုတော့အပျက် အစီးပုံထဲမှာ စိတ်ဓါတ်ကျနေတဲ့ မျက်ဝန်း တွေကိုလွှဲဖယ်ရင်း …မြစ်ပြင်နစ်နေတဲ့ သိန်းရာချီတန် စက်လှေတွေ ကိုငေးရင်း ပင်လယ်ကပေးတဲ့ကြွယ်ဝမှု ကို ပင်လယ်က ပြန်ယူသွားတော့ လူ့အသက်တွေပါ ပါသွားတယ်လို့
အသေ အပျောက်စာရင်းကို ရွာလူကြီးဆီက ရေးမှတ်နေရင်း ကျွန်တော်တွေးနေမိပါတယ်… အဲဒီမှာ ထူးဆန်းတာက လေးအိမ်စုတန်းပင်ဖြစ်ပါစေ ဓနိတန်းနဲ့ ဒီရေတောလေး ကာထားရုံနဲ့ အပျက်အစီးလွတ်သွားတဲ့ အသေ အပျောက် မဖြစ်ခဲ့တဲ့ ရွာငယ်လေးတချို့ တွေ့ခဲ့ရ တာပါ… အရေးပေါ်အနေအထားမှာ အပင်စုစု လေးတွေကလူ့အသက် ကို အထောက် အကူပေးသွားတယ် ဆိုတာပါ ရေချိုရေငန်စပ်က ဓနိတော့ နဲ့ သန်း၊ ဒဟတ် ဒီရေတောတွေကို ခုတ်ထွင် ရှင်းလင်းပစ်တဲ့ ကျေးရွားတွေ လတ်တလော အကျိုးအမြတ်တွေကြောင့် ကြွယ်ဝခဲ့ပေမယ့် သဘာဝတရားရဲ့
ပြုပြင်မှုအောက်မှာတော့ မရှုမလှပြန်လည်ပေးဆပ် ခဲ့ရပါတယ်..။

ကျွန်တော်တို့ရဲ့ အခြေခံပညာရေးတွေမှာ လစ်ဟာချက်ကြီး တစ်ခု ရှိနေပါတယ်.. အဲဒါဟာ ဘာလဲဆိုတော့ကျွန်တော် တို့ လူသားတွေနဲ့ သဘာဝပါတ်ဝန်းကျင် ဆက်ဆံရေးကို ကျွန်တော်တို့ မှန်မှန်ကန်ကန် ပြုမှုဆက်ဆံ အသိကို လက်ဆင့်ကမ်း သယ်ဆောင်မပေးနိုင်တာပါ… သစ်တစ်ပင်စိုက်ရင် တစ်သက်လုံးပျော်ရမယ်လို့ ကမ္ဘာကျော် တရုတ် စကားပုံ တစ်ခုကို လူအတော်များများက ကြားဖူးကြပါလိမ့်မယ် … ဒါပေမယ့် သစ်တစ်ပင် ကောင်းကောင်း ရှင်သန် အောင်လို့ ကျွန်တော်တို့ စိတ်ရှည်လက်ရှည် ပျိုးထောင်ခဲ့ဖူးပါသလား အဲဒီမေးခွန်းနဲ့ ကျွန်တော့်ကိုယ် ကျွန်တော် မေး ကြည့်တော့…။ ကျွန်တော်ပျက်ကွက်ခဲ့ပါတယ်…


မူရင်းရည်ရွယ်ချက်ကို ကျွန်တော်ပြန်သွားကြည့်ပါ့မ
ယ်.. ကျွန်တော်တို့ တစ်နှစ်ထက် တစ်နှစ် သစ်ပင်တွေ တိုးခုတ် နေကြပါတယ် ဘာကြောင့်ပါလည်း…
၁။ လယ်ယာမြေချဲ့ထွင်ဖို့..
၂။ မြို့ကွက်တွေချဲ့ထွင်ဖို့
၃။ သတ္တု၊ရေနံနဲ့ မြေအောက်သယံဇာတတွေတူးဖော်ဖု

၎။ ပရိဘောဂ လူနေအိမ် ဇိမ်ခံပစ္စည်းများ ထုတ်လုပ်ဖို့
၅။ စက္ကူထုတ်လုပ်ဖို့…. စသည်ဖြင့်ပေါ့ တခြား မရေတွက်နိုင်တဲ့ နည်းလမ်းများစွာ နဲ့လည်း ကျွန်တော်တို့ သစ်ပင်တွေ ကို ခုတ်ထွင်ခဲ့ကြပါတယ်…။

အငတ်ဘေးကြောင့် လူတွေ ဘာကြောင့်သေတာလည်း…
၁။ ထွန်ယက်စိုက်ပျိုးစရာမြေမရှိ့
ိလို့…
၂။ သူတို့နေထိုင်တဲ့မြေကြီးက ထွန်ယက်စိုက်ပျိုးဖို့ မဖြစ်နိုင်လို့
၃။ သဘာဝရင်းမြစ်တွေ ခေါင်းပုံဖြတ်လုယက်ခံထားရလု

၎။ ပညာအရင်းအမြစ်မရရှိနိုင်လို
ိ့
၅။ ဆင်းရဲတွင်းနက်တဲ့နိုင်ငံတေ
ွမှာ မွေးဖွားခဲ့လို့…
မှားယွင်းတဲ့ စီမံခန့်ခွဲမှုတွေ အတ္တချွန်မြမှုတွေကြားမှာ တစ်နေ့ တစ်နေ့ အဲဒီကံဆိုးတဲ့ လူ၂၄၀၀ဟာ မြေဇာပင် ဖြစ်နေ ရရှာ ပါတယ်…။

ကမ္ဘာပေါ်မှာ ရှိတဲ့ ကြယ်ငါးပွင့် ဟိုတည်ကြီးတွေ မှာ ကြိုက်တဲ့အစားအစာကို စိတ်ကြိုက်ယူစားခွင့် အတွက် လူတချို့ က ကြိုတင်စာရင်းပေးသွင်းဖို့ လုပ်နေကြချိန် ၀ိုင်အရက်တွေ ဘီယာတွေ ပီဇာတွေ.. ဘာဂါတွေနဲ့ ဒင်နာတွေ
များလို့ ၀ိတ်တက်လာတယ်ဆိုတဲ့ လူတွေနဲ့ အတူတူနေထိုင်တဲ့ ကမ္ဘာကြီးထဲမှာ တချို့လူတွေက ၀င်ငွေ တစ်ဒေါ်လာနဲ့ မိသားစုရှစ်ယောက် အာဟာရပြည့်တဲ့ အစားအစာ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ သောက်သုံးရေ..မရရှိပဲ…။ ကမ္ဘာကြီးပေါ်က အရှင်သခင် လူတန်းစားတွေအတွက် အသက်ဆုံးခံပေး နေရတဲ့ ကြောက်ခမန်းလိလိ လူဦးရေကို
ကျောချမ်းမိရင်း… ဆင်းရဲခြင်းထောင်ချောက်နဲ့ သဘာဝတရားအပေါ် တလွဲပြုမူဆက်ဆံမှုတိုကို ကျွန်တော်တို့ ရာစုသစ် ယဉ်ကျေးမှု လူ့အဖွဲ့အစည်း အနေနဲ့ သတိမူသင့်ပြီဆိုတာ…
သဘာဝတရားနဲ့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး ကျွန်တော်တို့လူသားမျိုးနွယ
်ဘက်က စည်းကမ်းတကျ
လိုက်နာသင့်ပြီလို့တွေးမိရင
်း… တမြန်နေ့မနက်ကတော့ ဘယ်လိုသစ်ပင်တွေ အခုတ်ခံခဲ့ရလည်း ကျွန်တော် ရေးနေ ဆဲ စက္ကူဖြူပေါ်ကနေ သစ်တောတစ်ခု ပျိုးထားခဲ့ချင်ပါ ရဲ့ မနက်ဖြန်များစွာမှာ ကလေးငယ်တွေရဲ့ လက်ထဲ
စိမ်းလန်းတဲ့ကမ္ဘာကြီးကို လွှဲပြောင်းပေးဖို့အတွက်…။

---
မိုးလှိုင်ည
25/ June/ 2010
Friday

Green Hearts Environment Network


Believe those Hero

သူတို့တွေကို ကျွန်တော် ယုံပါတယ်။ သူတို့တွေ ဆိုတာ ဘယ်သူတွေလဲ...?

ဟုတ်ကဲ့... မြန်မာပြည်က မီးသတ်ရဲဘော်တွေကို ပြောတာပါခင်ဗျာ။

လူတစ်ချို့က ပြောနေကြတယ်။ ပိုက်ဆံပေးမှ မီးသတ်ပေးကြတယ်။ မီးသတ်ကားက ရေလဲ မပါလာဘူး။ မီးကိုမြင်နေတာတောင် ကားက ရေမပတ်ဘူး။ တချို့မီးသတ်ကားတွေ ရေမပတ်ပဲ ရပ်ထားတယ်။ မီးသတ်တွေ မီးလောင်ပြင်ထဲ မ၀င်ရဲဘူး။ မီးသတ်ကားပေါ်မှာ မီးသတ်ရဲဘော်မတွေ့ဘူး။ စုံပလုံစိအောင် ကြားနေရတယ်။

မီးလောင်ပြင်မှာ ရပ်ကြည့်နေတဲ့ သာမန်လူတစ်ဦးအနေနဲ့ ဒီလို အမြင်တွေ မြင်မိမှာ ယထာဘူတ ကျပါတယ်။ သူတို့တွေ မသိလို့ နားမလည်လို့ ဒီလို ပြောကြဆိုကြတာပါ။ ကျွန်တော်အနေနဲ့ ၂၀၀၅ ကနေ ၂၀၀၇ ဧပြီလ အထိ ရန်ကုန်မြို့တွင်းမှာ လောင်တဲ့ မီးလောင်ပြင် အတော်များများကို အတွင်းစည်းထဲအထိ ၀င်ရောက် ကူညီဖူးတော့ ဒါတွေက မမှန်ဘူးဆိုတာ သိထားရပါတယ်။

ပိုက်ဆံပေးမှ မီးသတ်တယ်ဆိုတာက ကျွန်တော် မျက်စိရှေ့မှာတော့ တစ်ကြိမ်တစ်ခါမှ မကြုံဖူး မမြင်ဖူးသေးပါ။ လောင်နေတဲ့ အိမ်ကို မငြိမ်းပဲ ဘေးနားက ဘာမှ မလောင်သေးတဲ့ အိမ်တွေကို ရေပတ်နေတာက မီးကူးမှာကို ကြိုတင်ကာကွယ်တာပါ။ လောင်နေတဲ့အရာကို ရေတွေ ဖိလောင်းနေလည်း လောင်စာအားကောင်းတဲ့ အချိန်မှာ ဘာမှ အကျိုးမထူးပါဘူး။ မီးမလောင်သေးတဲ့ ဘေးပတ်ဝန်းကျင်ကို ရေဖြန်းထားတဲ့အတွက် ရပ်ကွက်တစ်ခုလုံး ပြာကျရမယ့် ဘေးကို ကာကွယ်ပေးရာရောက်ပါတယ်။

မီးသတ်ကားထဲမှာ ရေပါတယ်။ ဒါတောင် မီးသတ်ကားက မီးလောင်နေတဲ့နေရာကို ရောက်နေတာတောင် ရေမပတ်ဘူး။ အဲဒီလို့ ပြောတဲ့ကေ့စ်မှာတော့ မီးသတ်ကားတွေက ရေကို ပန်းထွက်လာအောင် ပတ်ဖို့အတွက် မီးသတ်စက်မှာ လေပေါင်ချိန်ပြည့်ဖို့ လိုပါတယ်။ လေပေါင်ချိန် မပြည့်မချင်း မီးသတ် ပိုက်ခေါင်းက ရေပန်းထွက်ဖို့ မဖြစ်နိုင်ပါဘူး။ မီးလောင်ပြင်က မီးသတ်စခန်းနဲ့ အလှမ်းဝေးတယ်ဆိုရင် လာရာလမ်းမှာ လေပေါင်ပြည့်အောင် လုပ်ခဲ့ပါတယ်။ မီးလောင်ပြင်လည်း ရောက်ရော အဆင်သင့် ရေပတ်နိုင်တာပေါ့။ ဒါပေမယ့် မီးလောင်တဲ့နေရာနဲ့ စခန်းက လှမ်းမြင်ရတဲ့ တစ်ခေါ်စာ နေရာမှာ ရှိရင် ကားက မီးလောင်ပြင်ကို ရောက်နေပေမယ့် လေပေါင်ချိန်ပြည့်ဖို့ ထိုင်စောင့်နေရပါတယ်။ အဲဒါကြောင့် ချက်ချင်း မီးငြိမ်းသတ်တာ မလုပ်နိုင်ပါဘူး။

မီးသတ်ကားတွေ ရေမပါလာဘူး။ အဲဒါကေ့စ်ကျတော့ ဒီလို ရှိပါတယ်။ နေရာတစ်ခုမှာ မီးလောင်ရင် အဲဒီနေရာနဲ့ အနီးဆုံးနေရာက မီးသတ်စခန်းတွေ စတင်လှုပ်ရှားရပါတယ်။ မီးသတ်စခန်းက ရပ်ထားတဲ့ ကားတိုင်းမှာ ရေဖြည့်ထားလေ့ မရှိပါဘူး။ မီးလောင်ပြင်နား တ၀ိုက်မှာ ရေဖြည့်တင်းဖို့အတွက် သက်ဆိုင်ရာ နယ်မြေခံ မီးသတ်စခန်းက စီစဉ်ပေးရပါတယ်။ မီးကြီးလာတာနဲ့အမျှ အပြင်စည်းက မီးသတ်စခန်းတွေပါ ထွက်ရပါတယ်။ တိုင်းမီးသတ်ဦးစီးက အကူယာဉ်တွေ ထွက်ပါဆိုပြီး စက်ထဲက အမိန့်ပေးလိုက်တာနဲ့ အပြင်စည်းက မီးသတ်တွေ ထွက်လာပါပြီ။ အဲဒီလို ထွက်လာတဲ့အခါကျရင်လည်း အပြင်စည်းဆိုတဲ့အတိုင်း မီးလောင်တဲ့နေရာနဲ့ အတော်လေး အလှမ်းဝေးတဲ့ မြို့နယ်ကနေ ထွက်လာရတဲ့အတွက် ရေသယ်လာဖို့ထက် မီးလောင်ပြင် ရောက်ဖို့ကို အဓိက ဦးစားပေးထားရပါတယ်။ ဒါကြောင့် မီးလောင်နေတဲ့ မြို့နယ်နားရောက်မှ ကားတွေကို ရေဖြည့်လေ့ ရှိကြပါတယ်။ အဲဒီလို ထွက်ပါလို့ ပြောတဲ့အချိန်မှာ မြို့နယ်မီးသတ်စခန်းက တာဝန်ကျရဲဘော်တွေ ကပျာကယာ အ၀တ်အစားလဲပြီး ကမူးရူးထိုး ထွက်ရပါတယ်။ အ၀တ်အစားတောင် စခန်းမှာ လဲဖို့အချိန်မရပါဘူး။ သွားနေတဲ့လမ်းမှာပဲ ကားပေါ်မှာ လဲဝတ်ရတာပါ။ ထွက်လို့ ပြောတဲ့အချိန်မှာ မထွက်မိတဲ့ စခန်းက တိုင်းဦးစီးကို ထုချေလွှာတင်ရပါတယ်။

မီးသတ်ကားတွေ ရေမပတ်ပဲ လမ်းဘေးမှာ တန်းစီရပ်ထားကြတယ်။ အဲဒီကေ့စ်မှာတော့ မီးသတ်ကားတိုင်း ရေပတ်ဖို့ မလိုပါဘူး။ တကယ် ရေထွက်အားကောင်းတဲ့ ကား ၂ စီး ၃ စီး ပတ်နေပြီဆိုရင် အဲဒီနားမှာ နောက်ထပ် ကားတွေက ရေထပ်ပတ်ဖို့အတွက် ကားရပ်စရာနေရာ မရှိတော့ပါဘူး။ အဲဒီအတွက် သူတို့က ရေသယ်ပေးပါတယ်။ တကယ် မီးသတ်နေတဲ့ကားတွေကို နောက်ကနေ ပိုက်တွေ တောက်လျှောက်ဆက်ပြီး ရေထည့်ပေးနေပါတယ်။ အဲဒီလို အဆင့်ဆင့် ရေဆက်တိုက် ထည့်ပေးမှပဲ ရှေ့မှာ ဒိုင်ခံ ပတ်နေတဲ့ကားမှာ ရေအလုံအလောက် ရမှာပါ။ အဲဒီလိုမှ မလုပ်ရင် ၁၀ မိနစ် ၁၅ မိနစ်နဲ့ ရေကုန်သွားမှာပါ။ အဲဒါကြောင့် ရေမပတ်တဲ့ကားကို သွားပြီး အပြစ်တင်လို့ မရပါဘူး။ သူတို့တွေလည်း တာဝန်ကိုယ်စီ ကျေပြွန်အောင် ထမ်းဆောင်နေကြတာပါ။

မီးသတ်တွေ မီးလောင်ပြင်ထဲ မ၀င်ရဲဘူး။ အဲဒါကိုလည်း စဉ်းစားကြည့်ရအောင် အသက်စွန့်တယ်ဆိုတာ ပြောတော့တာ အလွန်လွယ်တာပါ။ တကယ်လုပ်ကြည့်ရင် မလွယ်ပါဘူးခင်ဗျ။ မီးသတ်သမားတွေလည်း အသက်စွန့်ဖို့အတွက် နည်းနည်းတော့ အခက်အခဲ ရှိမှာပါ။ မီးလောင်ပြင်ထဲကို စွတ်ရွတ် ၀င်လိုက်ရင် မမြင်ရတဲ့ အန္တရာယ်တွေက ဆီးကြိုနေပါတယ်။ သေချာစူးစမ်းပြီးမှ ၀င်ရတာပါ။ မီးခိုးတွေ ဒီလောက်များတဲ့ အထဲမှာ အသက်ရှုရတာ ဘယ်လောက်ခက်သလဲ မျက်စိတွေ ဘယ်လောက်စပ်သလဲ ဆိုတာကို ၀င်ဖူးတဲ့လူမှ သိမှာပါ။ အသက်ရှူဖို့ အောက်ဆီဂျင်ဘူးတွေ ရှိပေမယ့် အရေအတွက်က ကန့်သတ်ချက် ရှိနေပါတယ်။ မီးလောင်ပြင်ဝင်နေတဲ့ မီးသတ်ရဲဘော် အားလုံးအတွက် လုံလောက်မှု လုံးဝ မရှိပါဘူး။ အဲဒါအပြင် မီးလောင်ပြင်ထဲကို ၀င်လို့ရတဲ့ မီးသတ်ဝတ်စုံလည်း မပြည့်စုံပါဘူး။ စခန်းမှာ တာဝန်ကျချိန် ၀တ်ဆင်တဲ့ သာမာန်ယူနီဖောင်းတွေနဲ့ မီးလောင်ပြင်ထဲ ၀င်သွားရင် ကိုယ်လုံးတီးဖြစ်သွားမှာပါ။ နိုင်လွန်တွေက မီးနားရောက်တာနဲ့ တဖျစ်ဖျစ် အသံထွက်ပြီး အသားမှာ ကပ်ကုန်ပါတယ်။ မီးသတ်သမားတွေ ယူနီဖောင်း အစုံအလင် မရှိတဲ့အတွက် သဘောင်္စက်ခန်းမှာ ၀တ်တဲ့ ဘွိုင်လာစုတွေကို ၀တ်ပြီး မီးလောင်ပြင်ကို ၀င်နေရပါတယ်။ ပစ္စည်းကိရိယာ အစုံအလင် ရှိရင်တော့ ကျွန်တော်တို့ တိုင်းပြည်က မီးသတ်ရဲဘော်တွေလည်း သတ္တိအရာမှာ မခေကြပါဘူးလေ။

မီးသတ်ကားပေါ်မှာ မီးသတ်ရဲဘော်တွေ မတွေ့ရပါဘူး။ ဟုတ်ပါတယ်။ ကားတစ်စီးမှာ မီးသတ်ရဲဘော် ၂ ယောက် ၃ ယောက်လောက်ပဲ လိုအပ်တာပါ။ ရေဖြည့်တာတွေ ရေပိုက်သယ်တာတွေ မီးသတ်ပိုက်ခေါင်း တပ်တာဖြုတ်တာတွေက အခြားသူတွေ လုပ်ပေးရင်လည်း ရပါတယ်။ မီးလောင်ပြင်မှာ လုပ်အားပေးနေတဲ့ ကြက်ခြေနီရဲဘော်၊ အရံမီးသတ်၊ ဘုန်းတော်ကြီးတွေ ၀င်ရောက် လုပ်ကိုင်နိုင်ကြပါတယ်။ မီးသတ်ရဲဘော်တွေ မီးသတ်နေတဲ့အချိန်မှာ ရေသွားဖြည့်တဲ့ မီးသတ်ကားတွေမှာ မီးသတ်ရဲဘော် အများကြီး ပါစရာ မလိုပါဘူး။ အဲဒါမျိုးတွေ မြင်ရလို့ မီးသတ်တွေ အလုပ် မလုပ်ဘူး မထင်လိုက်ကြပါနဲ့။ သူတို့တွေ မီးလောင်ပြင်မှာ ဆိုင်ရာတာဝန်တွေကို လုပ်နေကြပါတယ်။ တချို့ကျတော့လည်း မောလို့ပန်းလို့ ခဏ နားနေတာလည်း ရှိကြပါတယ်။ မီးဆိုတာ အတော်ပူတယ်လေဗျာ။

နောက်ဆုံးပိတ် ပြောချင်တာက မီးလောင်မှု ကြီးမားပြီး မီးမငြိမ်းသတ်နိုင်တာဟာ မီးသတ်ရဲဘော်တွေရဲ့ တာဝန်မဟုတ်ပါဘူး။ ခေတ်မှီဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကြီးကို တည်ဆောက်နေပေမယ့် အဆင့်မြင့် မြို့ပြကာကွယ်ရေးမှာ အလွန်အရေးပါလှတဲ့ မီးသတ်စနစ်တွေ မီးသတ်ကိရိယာတွေ မီးသတ်ကားတွေကို အဆင့်မြင့်တင်မှု မလုပ်ပေးနိုင်တဲ့သူတွေရဲ့ တာဝန်ပါပဲ။ မြို့ကြီးတွေမှာ အထပ်မြင့်တွေ ဆောက်ကြတယ်။ အထပ်မြင့် ငြိမ်းသတ်တဲ့ မီးသတ်ကား အလုံအလာက် မရှိပါဘူး။ မီးသတ် ကိရိယာတွေ ၀တ်စုံတွေ မရှိပါဘူး။ ကဲ... ဘယ်သူမှာ တာဝန်ရှိပါသလဲ...?

တကယ်တော့ ကျွန်တော်တို့ မြန်မာပြည်က မီးသတ်ရဲဘော်တွေဟာ သက်ဆိုင်ရာတာဝန်ကို ကျေပြွန်အောင် ထမ်းဆောင်နေတဲ့ အသံတိတ် သူရဲကောင်းတွေပါပဲ...

မီးလောင်ပြင်မှ သူရဲကောင်း မီးသတ်ရဲဘော်များကို ရည်ညွှန်းလျှက်...


julydream


ရေ… ရေ… ရေ

ကျွန်တော် လက်ဘက်ရည်ဆိုင်က ထွက်လာတော့ မနက်ကိုးနာရီထိုးပြီ.. အင်တာနက်ဆိုင် မှာအီးမေးစ် ခဏစစ်ပြီးရင်တော့ အိမ်ပဲပြန်စာဖတ်တော့မယ်လို့ စဉ်းစားမိတယ်.. ရာသီဥတုက အရမ်းပူတော့ ဟိုဟို ဒီဒီမသွားချင်တာ တော်တော်ကြာပြီ… အပူချိန်ကလည်း ကျွန်တော်တို့ ရန်ကုန်ဟာ အညာလိုဖြစ်နေသလိုပဲ.. ပိုဆိုးတာက မေလထဲကို လ၀က်လောက်ရောက်တာ တောင် မိုးရိပ်လေရိပ်မမြင်နဲ့…။ အီးမေစ်း စစ်တော့ ကျွန်တော်တို့ RAVEN သွေးလှုအသင်း အလုံ အဖွဲ့က တာဝန်ခံ ညီငယ် ကိုရဲဟိန်းက ဖေ့ဘုတ် ကနေ မေးစ်ပို့ထားတာကိုတွေ့ရတယ် ဒီနေ့ ရေသွားလှုမယ်လို့ ရေးထားတယ်… ကိုယ်က မီးမလာလို့ သောက်ရေသုံးရေပြတ်တဲ့ ဒုက္ခကို လက်တွေ့ခံစားနေရတဲ့ လူ ရန်ကုန်လိုမြို့ကြီးပေါ်မှာတောင် ဒီလောက်ခက်ခဲနေရင် နယ်ဘက်တွေဆို ဘယ်လိုလုပ်မလည်း တွေးမိတော့ အပြင်က အပူက ရင်ထဲကိုမဟပ်တော့ ကိုရဲဟိန်းဆီ ဖုန်းဆက်တော့ ဟာ အစ်ကိုအတော်ပဲ.. အစ်ကိုလိုက်ခဲ့အစ်ကို ဆယ့်နှစ်နာရီ ကျွန်တော်တို့ သွားမှာ အလုံကကျွန်တော့်အိမ်ကို သာလာခဲ့.. အခုထိ ဘယ်သွားလှုမယ်မှန်း ကိုယ်မသိသေးဘူး..။

အေး ညီ.. အစ်ကိုလာခဲ့မယ် ။

ကျွန်တော် အလုံ ဆင်မင်းလမ်းထဲရောက်တော့ လမ်းထိပ်လက်ဘက်ရည်ဆိုင်ကနေ ကျွန်တော့်ကို ကိုအာကာက လှမ်းခေါ်တယ်.. အစ်ကို ရေသွားလှုမလို့ အဲဒါအစ်ကိုကို့ ရဲဟိန်းစောင့်နေပါဆိုလို့.. အာကာနဲ့ကျွန်တော် လက်ဘက်ရည်သောက်နေတုန်း ကိုရဲဟိန်းရောက်လာတယ်.. အဲဒီမရှေးမနှောင်းမှာပဲ.. ကိုအောင်နိုင်ဦး. ရောက်လာတယ် သူက RAVEN ဗီနိုင်းတွေပါ ယူလာတယ်.. အခုထက်ထိ RAVEN အမာခံလေးဦး ပဲဆုံဖြစ်သေးတယ် ကျွန်တော်က ခရီးစဉ်ကို ကိုရဲဟိန်းကိုမေးတော့ အစ်ကို.. တွံတေး မြို့နယ်ထဲက ကရင်စုရွာ၊ ချောင်းဝိုင်းကြီးတောင်ပိုင်း မြောက်ပိုင်းနဲ့၊ ချောင်းဝိုင်းလေး ကျေးရွာတို့ကိုသွားလှုမယ်လို့ ပြောတယ်..။ ရေသန့် ၂၀ လီတာ ဘူကြီး ၁၀၀၊ ၅ လီတာ ဗူးလတ် ၂၁၀ နဲ့ ၁လီတာ ခြောက်ဗူးတွဲ ၉၀ နဲ့ ၆၀၀ မီလီမီတာ ဗူးသေး ၁၀၀ကျော် ပါတယ်အစ်ကို. ..

ဟ.. မနည်းပါလား အခု ငါတို့ လေးယောက်ပဲ ရှိသေးတယ်လေ.. မဟုတ်ဘူးအစ်ကို ကျွန်တော်တို့ အလုံ က RAVEN လူငယ်တွေ အတော်များများ ရှိသေးတယ် .. တော်ကြာ လာကြတော့မှာ မနက်ကတည်းက ရေသန့်မှာပြီး အိမ်မှာ ထမင်းပြန်စားနေကြလို့.. ကျွန်တော်တို့ သိပ်ကြာကြာမစောင့် ရပါဘူး RAVEN လူငယ်တွေ ရောက်လာကြပါတယ်.. မွန်းလွဲတစ်နာရီခွဲမှာတော့ ကျွန်တော်တို့ ရေသန့်တွေကို အလုံသစ်တောလမ်း မြစ်ဆိပ်ကို ကားနဲ့ သယ်ရပါတော့တယ်.. သမ္ဗာန်ဆိပ်ကနေ ကျွန်တော်တို့ ငှားထာတဲ့ သမ္ဗာန်တွေထဲကို ရေဘူးတွေ ပြောင်းသယ်တော့ ကျွန်တော် တို့ လူနှစ်ဆယ် တော်တော်လေး ချွေးနစ်သွားတော့တယ် … ရန်ကုန်နေ ရန်ကုန်လေ ကိုပဲ အပြစ်ပြောရမလား.. ကိုယ်တွေစိတ်ကူးထဲမှာ ကိုယ်ထကိရေကို ပိုဆာလောင်နေမယ့် လူတွေ အတွက် ရေတစ်ငုံမှတောင် မသောက်ဖြစ်ကြဘူး.. သမ္ဗာန်တွေပေါ်တင်ပြီးတော့ ကျွန်တော်တို့ မြစ်ကို ဖြတ်ရပါတယ် ပြီးတော့ချောင်းကျဉ်းလေး အတိုင်း နာရီဝက်ခန့်မောင်းတော့ ကရင်စု ရွာကို ရောက်ပါတယ်.. ကရင်စုရွာကို ရေသန့် ပီပါ ခြောက်ဆယ်ဆန့်တဲ့ ရေသယ် သမ္ဗာန် တစ်စီးလှုခဲ့ပါတယ်.. ကျန်တဲ့ ရေသန့် တွေကိုတော့.. ကျွန်တော် တို့ ချောင်းဝိုင်းကြီးတောင်မြောက် ကျေးရွာနဲ့ ချောင်းဝိုင်းလေး.. ကျေးရွာတွေ မှာ ရွာခံလူကြီးတွေ အကူအညီ ခွဲဝေလှုဒါန်းခဲ့ပါတယ်..။ ချောင်းဝိုင်းကြီး ကျေးရွာရောက်တော့ ကျွန်တော်တို့ လိုရေသန့် လာလှုတဲ့ အဖွဲ့ တစ်ဖွဲ့ နဲ့ ရှေ့ဆင့် နောက်ဆင့် ဆုံဖြစ်ပါသေးတယ်.. ချောင်းဝိုင်းကြီးကျေးရွာက ရွာကြီးမို့ တခြား ရွာတွေထက် လူဦးရေကော အိမ်ထောင်စုကောပိုများပါတယ်.. ကျွန်တော်တို့လည်း ချောင်းဝိုင်းကြီး ကျေးရွာ ဆရာတော် ဆီကိုလည်း ရေသန့် ၅ လီတာ ၅ဗူးသွားလှုရင်း စကားပြောဖြစ်ခဲ့ပါသေးတယ်.. ဆရာတော်ကတော့ နှစ်ပေါင်းငါးဆယ် ဒါအဆိုးဆုံး မိုးခေါင်တာပါပဲ တဲ့.. နာဂစ်နောက်ပိုင်း ဒီနှစ်က အဆိုးဆုံးကပ် တစ်ခု ဖြစ်သလိုပါပဲ.. ဘုန်ကြီးကျောင်းဝင်းထဲက ရေကန်ကြီးကလည်း ခန်းခြောက်လို့နေပါတယ်.. ဆရာတော်က အရင်နှစ်တွေက ဆို အခုလို မခန်းကြောင်းပြောပါတယ် ..ခန်းသွားလည်း မိုးလိုက်လာတာနဲ့ ရေပြန်ပြည့်တယ် အခုက မိုးကလည်းခေါင်နေတာဆိုတော့ ချောင်းဝိုင်းကြီး

ပါတ်လည်မှာ ရှိတဲ့ရေကန်တွေ အကုန်ခမ်းခြောက်ကုန်ပြီး အနီးပါတ်ဝန်းကျင် ကျေးရွာ အများစုကလည်း အခုလို အခက်အခဲတွေ ရင်ဆိုင်နေရတယ်လို့ ပြောပြပါတယ်..။ ချောင်းဝိုင်းကြီးကျေးရွာ က ရွာလူကြီး တစ်ဦးကတော့ သောက်ရေ အခက်အခဲ ရှိတာ သုံးပါတ်ခန့်ရှိပြီ.. လို့ပြောပါတယ်.. သုံးရေအတွက် ချောင်းထဲကရေကိုသုံးလို့ရ ပေမယ့် ချက်ပြုတ်ဖိုသောက်ဖို့တော့ ခက်ခဲကြောင်း မြစ်ဝကျွန်းပေါ်ဖြစ်တဲ့အတွက် ရေတွင်းနဲ့.. အ၀ိဇီတွင်းတူးလို့ မရဘူးခင်ဗျာ ရေငန်ထိုးတာရယ်..ကြောင့်ပါလို့ ရှင်းပြပါတယ်… ကျွန်တော်တို့ အဖွဲ့ဟာ ဒုတိယမြောက် ရေလာလှုတဲ့ အဖွဲ့ဖြစ်ပေမယ့် ဒီတစ်နေ့ပဲ ရေလာလှုကြသေးတယ်လို့ ချောင်းဝိုင်းကြီးကျေးရွာက မိခင်တစ်ဦးက ပြောပါတယ်.. ကလေးကိုဓါတ်ဆားရေတိုက်ချင်နေတာ နဲ့အတော်ပါပဲ.. ကျွန်မတို့ရေသန့်ကိုမျှော်နေတာ တော်တော်ကြာပြီလို့ သူမကပဲ ဆက်ပြောပြပါတယ်… လယ်သမားတချို့ကတော့ မိုးဦးအရမ်းနှောင်းမှာကို စိုးရိမ်မကင်းဖြစ်နေကြပါတယ်.. နောက်ပြီး.. မိုးခေါင်တဲ့နှစ်တွေမှာ မိုးနှောင်းသန်တာမို့ လယ်တွေရေနစ်တတ်ပါ တယ် မိုးခေါင်တယ်ဆိုတာ လယ်လုပ်သူတွေအတွက်နိမိတ်ဆိုးပါလို့ လယ်သမားတစ်ဦးကလည်း ပြောပြပါတယ် မိုးခေါင်တာနဲ့ တခြား လူမှု ဒုက္ခတွေ အများအပြား ပါဝင်လာနိုင်တယ်လို့… ရှေ့မှီနောက်မှီလူကြီးတစ်ဦးကလည်း ပြောပြပါတယ်.. ကျွန်တော်တို့ ညနေ လေးနာရီကျော်ကျော်မှာ ချောင်းဝိုင်းကြီးထဲကနေ စက်လှေတွေနဲ့ပြန် ထွက်လာခဲ့ကြပါတယ်… ကမ္ဘာကြီး ပူနွေးလာမှုက ကျွန်တော်တို့ကို ဘယ်လောက်ထိရိုက်ခတ်ဦးမှာလည်း ခြောက်သွေ့ကြမ်းလျှတဲ့ရန်ကုန် မြစ်ပေါ်ကလေတွေကို ဖြတ်သန်းရင်း… ရေအသက်တစ်မနက်တဲ့.. ရေငတ်လို့ သေခြင်းတရားနဲ့ ဖြေရှင်းသွားမယ့် အဖြစ်မျိုးတွေ မဖြစ်ပေါ်ပါစေနဲ့ လို့ ဆုတောင်းရင်း….။

အောင်ပိုင်စိုး


ဗွမ်း…ဗွမ်း သူငယ်ချင်းက ဗောဓိညောင်ပင်ကို ရေသွန်းလောင်းရင် ကျွန်တော့်ဘက်ကိုပါ ရေစင်အောင်လှမ်းစနေပါတယ် … ညောင်ရေအိုးထဲက သပြေခက်တွေ ညောင်ပင်အောက်မှာ စုပုံနေတာတွေ ကိုရှင်းရင်း … နှစ်နာရီထိုးပြီ မိုးမရွာတော့ဘူး ထင်ပါတယ် လို့ ကျွန်တော်က သူငယ်ချင်းကို လှမ်းပြောလိုက်တယ် ငါ့ တစ်သက်တော့ ကဆုန်ညောင်ရေသွန်းတဲ့ နေတိုင်း အမြဲ မိုးရွာတယ်ကွ

အခု ကြည့်ပါလား ကောင်းကင် က လင်းရှနေတာ .. လို့ ကျွန်တော်ပြောတော့…

မင်း စိတ်မပူပါနဲ့ကွာ … ဆရာကြီးလေသံနဲ့ မို့ သူ့စကားကို ကျွန်တော် ကျောခိုင်းပြီး အလှုရှင်လာပေးတဲ့ ညောင်ရေအိုးကို ညောင်ပင်ကြီးဆီလောင်းဖို့ လှမ်းယူလိုက်ပါတယ်… ဟေ့ရောင် ထားထားတို့ အအေးလိုက်တိုက်နေတယ် … ညောင်ရေအိုး ကိုင်ထားပြီး လက်မအားဘူး ပါးစပ်ထဲ လောင်းထည့်ပေးလို့ ပြော မင်းပြောပါလားဟ… ငါ့ကို အချွှန်နဲ့ လာမမနေနဲ့…။ ကျွန်တော် ထားထားကို သဘောကျနေမှန်းသိလို့ သူငယ်ချင်း က လိုက်စနေတာပါ…။ အဲဒါတင်မကဘူး.. ။ ဟဲ့ ထားထား နင့်ဆီက အအေး တောင်းမသောက်ရဲလို့တဲ့ မိုးလှိုင်ကို နင်တို့ပဲ အအေး သွားကပ်လိုက်ပါဟာ… တော်ကြာ ဒီအတိုင်းကြီး ရေငတ်ပြီး လျှောသွားရင် ညောင်ပင်စောင့် ရုကစိုးဖြစ်နေဦးမယ်..။ ကျွန်တော့်ကို မကြားတကြားလှမ်းပြော နေပါသည်…။ ရင်ထဲမှာ ဟန်ချက်ပျက်နေတာကို မသိမသာထိန်းရင်း ကျွန်တော် အအေးခွက်ကို လှမ်းယူလိုက်ပါတယ် … ထားထား ကတော့ ကျွန်တော်တို့ နှစ်ယောက်ကို မသိမသာ မျက်စောင်းလေးထိုးရင်းနဲ့ … အဲဒီအချိန်မှာ တောင်လေ တစ်ခုက အေးစက်စက် တိုက်ခိုက်ပြီး… မိုးခြိမ်းသံ တချို့ပါ ဆက်တိုက်ကြားလိုက်ရပါတယ် … ထားထားများ မင်းကိုပြုံးပြ သွားသလား မသိဘူး အဲဒါဆို မိုးကြိုးပါ ပစ်လိမ့်မယ်.. ငါလည်း ဝေးဝေးရှောင်မှ … ဝေယံရာ မင်းပါးစပ်ကြီး ငြိမ်ငြိမ် နေစမ်းပါတော့ ငါ့ရင်ထဲမှာ မိုးပြိုတော့မယ်…ဟ။ အေး… အခုတော့ တကယ်မိုးပြိုပြီ .. ဆိုင်းမဆင့် ဗုံမဆင့် မိုးက သည်းသည်းမည်းမည်း ရွာချပါတော့တယ်… ရင်ပြင်ပေါ်က ဘုရားဖူးတွေကော ညောင်ရေသွန်းတဲ့ လူငယ်တွေပါ အကုန်လုံးရွှဲရွှဲစို ကုန်ကြသည်..။ ကဆုန်လပြည့် က မုတ်သုန်ရဲ့ အစောဆုံးကာလလေ ပြီးတော့ မုတ်သုန်ကို ချစ်တဲ့ ကျွန်တော်တို့ အတွက် တစ်နှစ်ပါတ်လုံး အေးမြငြိမ်းချမ်းမယ့် နိမိတ်ပဲပေါ့ … အဲဒါတွေက ယမန်နှစ်က အဖြစ်အပျက်တွေလေ… အခု ကျွန်တော် စီးလာတဲ့ အငှားယာဉ်က ဦးဝိစာရ အ၀ိုင်းကိုပါတ်ပြီး ကန်တော်ကြီးဘက် လှည့်ထွက်လာတော့ ရွှေတိဂုံစေတီတော်ကြီး ကို အတိုင်းသားမြင်နေရပါတယ် …။ ဒီနှစ်ကဆုန်လ ကတော့ အရင်နှစ်တွေက ထက်အပူချိန်တွေမြင့်တက်လို့ …။ ဝေယံက နိုင်ငံခြားမှာမို့ ထားထား မင်္ဂဆောင် ညစာစားပွဲက ကျွန်တော် တစ်ယောက်တည်းပြန်လာခဲ့ရတယ် အခု ကဆုန်လပြည့် မှာ ကျွန်တော်တို့ ဘုရားပေါ်ကို မရောက်ဖြစ်ခဲ့ဘူး…။ နွားသိုးကြိုးပြတ် ကဆုန်မိုးတွေလည်း မရွာတော့ အငှားယာဉ်ပြတင်းပေါက်နေ လေပူတွေ တိုးဝှေ့လာပါတယ် တစ်ဘ၀လုံလုံး ဒီတစ်ရာသီ အပူဆုံးလိုလို ဘာလိုလိုနဲ့…။


မိုးလှိုင်ည