ဒီမိုကရေစီ ခေတ်ရဲ့ သတင်းတွေထဲမှာ သတင်းထောက်တွေ ထောင်ဒဏ်ကျခံရတဲ့ သတင်းတွေကိုလည်း ကျွန်တော်တို့ အထိတ်တလန့်ကြားနေရပါတယ်။ ဒီမိုကရေစီ သက်တမ်းရလာတာနဲ့ သတင်းတွေဟာ အသက်ဝင်လှုပ်ရှား လာပါတယ်။ ယခင် စာပေစိစစ်ရေး မရှိတော့တဲ့ နောက်ပိုင်း မီဒီယာတွေအနေနဲ့ သတင်းတွေကို အချိန်နဲ့ တပြေးညီ ပြည်သူလူထုထံ တင်ပြလာနိုင်ခဲ့ပါတယ်။ အရင်က စစ်အာဏာရှင် စနစ်နဲ့ ထိန်းကွပ်မှုတွေကို ဖယ်ရှားပြီး ဒီမိုကရေစီလမ်းကြောင်းပေါ်ကို အရောက်သွားဖို့အတွက် သတင်းမီဒီယာဟာ လွပ်လပ်စွာဖော်ထုတ် ရေးသားပိုင်ခွင့်ကို အပြည့်အ၀ကောင်းမွန်စွာ အသုံးချရမှာပဲဖြစ်ပါတယ်။ နိုင်ငံတော် ရဲ့ဒီမိုကရေစီဖော်ဆောင်ရေး မူဝါဒဟာ စတုထ္ထမဏ္ဍျိုင်လို့ခေါ်တဲ့ သတင်းမီဒီယာပေါ်မှာ တစ်ဖက်တစ်လမ်းကအမှီသဟဲ ပြုနေရမှာပါ။ ဒါပေမယ့် လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေအရတော့ သတင်းမီဒီယာဟာ မီဒီယာဥပဒေခိုင်ခိုင်မာမာ မျှမျှတတ မပေါ်ထွက်ခင် သတင်းမီဒီယာ ဥပဒေကြောင်း ထောင်ဒဏ်အပြစ်ပေး ခံရမှုများနဲ့ ပြင်းပြင်းထန်ထန် ရင်ဆိုင်နေခဲ့ရပါတယ်။ 


            မြန်မာနိုင်ငံရဲ့ သတင်းမီဒီယာသမိုင်းကို တစေ့တစောင်းပြန်ကြည့်မယ် ဆိုရင် ၁၉၆၂ ခုနှစ် စစ်အာဏာသိမ်းပြီး နောက်ပိုင်းကတည်းက အစိုးရရဲ့ ၀ါဒဖြန့်ချိရုံသက်သက်အတွက်သာ မီဒီယာကို လက်ဝါးကြီးအုပ်ခဲ့ပြီး နှစ်ပေါင်းလေးဆယ် ကျော်ကြာ သတင်းလွတ်လပ်ခွင့်တွေကို ၂၀၁၀ ရွေးကောက်ပွဲ ပြီးမှ ဒီမိုကရေစီအသွင်ပြောင်း အစိုးရဟာ နိုင်ငံတကာ စာမျက်နှာတွေမှာ ဒီမိုကရေစီစံချိန်စံညွှန်းနဲ့ ပြောင်းလဲနေပါတယ်လို့ ယူဆခံချင်ရုံသက်သက် သတင်းမီဒီယာလွတ်လပ်ခွင့် တွေကို တိုးမြှင့်ပေးခဲ့ပြီး ဒီမိုကရေစီ ပထမသက်တမ်းအတွင်းမှာပါ သတင်းမီဒီယာသမားများကို ထောင်ဒဏ်ချမှတ်မှုတွေနဲ့ ချိန်းခြောက်လာခဲ့ပါတယ်။ ဒါဟာ စစ်အာဏာရှင်ခေတ်ရဲ့ အရိပ်အငွေ့တွေကို ပြန်လည်အမှတ်ရစေပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ရက်နေ့က ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်အပါအ၀င် သတင်းထောက် ၄ဦးကို နိုင်ငံတော်လျို့ဝှက်ချက်ပေါက်ကြားမှု ဥပေဒအရ အလုပ်ကြမ်းနှင့် ထောင်ဒဏ်ဆယ်နှစ် ချမှတ်ခဲ့ပါတယ်။ 

            ယခုလိုထောင်ဒဏ် နှစ်ရှည်ပြင်းထန်စွာ ချမှတ်မှုကို သတင်းထောက်များ၊ ဂျာနယ်လစ်များ၊ အယ်ဒီတာများနှင့် နယ်ပယ်အသီးသီးမှာ ပညာရှင်များက အစိုးရရဲ့ပြင်းထန်တဲ့ ဆုံးဖြတ်ချက်ဖြစ်ပြီး ဖိနှိပ်မှုသဘော သက်ရောက်တယ်လို့ ထင်မြင်ယူဆကြပါတယ်။  အစိုးရဟာ မီဒီယာအပေါ်မှာ ရိုးသားတဲ့ရှုမြင်ချက်မရှိပဲ စိုးရိမ်ထိတ်လန့်နေတဲ့ သဘောရှိပါသေးတယ်၊ ဘာကြောင့်လည်း ဆိုတော့ မီဒီယာက ထိထိရောက်ရောက်နဲ့ ပြည်သူကိုသတင်းစစ်၊ သတင်းမှန်တွေတင်ပြ လာနိုင်ပြီး အားကောင်းလာတဲ့အခါ၊ အစိုးရနဲ့ နောက်ကွယ်က ကြိုးကိုင်သူတွေ ၀ါဒဖြန့်တာ၊ မှိုင်းတိုက်တာ၊ မလျော်သြဇာသုံးပြီး ခြိမ်းချောက်တာမျိုးတွေ မပြုလုပ်နိုင်တော့ဘူး။ အဲဒါကြောင့် မီဒီယာသမားတွေကို မတရားဥပဒေတွေနဲ့ ထောင်ဒဏ်တွေနဲ့ ချုပ်ကိုင်နိုင်ဖို့ ရည်ရွယ်ချက်ရှိရှိလုပ်ဆောင်နေတာ ထင်မြင်မိလာတယ်လို့ စာရေးဆရာမ သွေး (စစ်ကိုင်း) က ပြောပြပါတယ်။ 

နောက်ထပ် ရှေ့နေ ကိုဖိုးဖြူကတော့ ယူနတီဂျာနယ် အမှုဆောင်အရာရှိချုပ်နှင့် သတင်းထောက်များအပေါ် ထောင်ဒဏ်ပြင်းထန်စွာ ချမှတ်ခြင်းသည် လွတ်လပ်စွာရေးသားဖော်ထုတ်ပိုင်ခွင့်ဆိုသော လူ့အခွင့်အရေးအပေါ် တိုက်ရိုက်ထိပါးသော အပြုအမူဖြစ်သည့်အပြင် လူသား တိုင်း သတင်းရယူပိုင်ခွင့်၊ သိရှိပိုင်ခွင့်ကိုပါ အမှောင်ချသော အာဏာရှင်ဆန်သည့် အပြုအမူဖြစ်သဖြင့် နိုင်ငံတော်၏လက်ရှိ ဖော်ဆောင်နေသော ဒီမိုကရေစီလမ်းကြောင်းပေါ်မှ သွေဖည်သွားမည်ဖြစ်သောကြောင့် ထိုသို့ ပြင်းထန်စွာ ထောင်ဒဏ်ချမှတ် ခြင်းကို ကန့်ကွက်ရခြင်းဖြစ်ပါသည်။      မီဒီယာသမားများအတွက် လွတ်လပ်စွာဖော်ထုတ်ရေးသားပိုင်ခွင့်ကို ကာကွယ်ပေးနိုင်မည့် မီဒီယာလွတ်လပ်ခွင့် ဥပဒေ မပြဋ္ဌာန်းနိုင်မီ လွန်ခဲ့သော နှစ်၁၀၀နီးပါးမှ ဥပဒေအဟောင်းတစ်ခုကို အသုံးပြုပြီး စွပ်စွဲအရေးယူခြင်းသည် ခေတ်နှင့် လျော်ညီမှု မရှိသည့်အပြင် သတင်းမီဒီယာလွတ်လပ်ခွင့်ကျင့်သုံးခြင်းအပေါ် ပြစ်ဒဏ်ချမှတ်မှုဖြစ်ပေါ်နေပြီး စာနယ်ဇင်းအများစုနှင့် အစိုးရ ကြားယုံကြည်မှုပျက်ပြားစေနိုင်ပါသည်။ ပြည်သူနှင့်ပြည်ထောင်စုအစိုးရအကြား နားလည်မှုလွဲမှားစေနိုင်သည့်အပြင် နိုင်ငံတော် ၏ တရားစီရင်ရေးပုံရိပ်ကို ညှိုးမှိန်စေနိုင်သည့်အတွက် ယခုဆုံးဖြတ်ချက်ကို ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ဥပဒေ ကြောင်းအရ အမှုတွဲခေါ်ယူစိစစ်ပြီး ပြန်လည်ပြင်ဆင်ပေးပါရန် မိမိတို့အနေဖြင့် မေတ္တာရပ်ခံ တိုက်တွန်းအပ်ပါသည် လို့ မီဒီယာလွတ်လပ်ခွင့်ကျင့်သုံးခြင်းကို  အသိအမှတ်ပြုရန်ကြေငြာချက် ကို Purple Equity Law Firm အနေနဲ့ ကြေငြာချက်ထုတ်ပြန်ခဲ့ပါတယ်။
ဒီမိုကရေစီအမည်ခံ အစိုးရသစ်ဟာ ယူနတီဂျာနယ်အမှု မတိုင်ခင်ကလည်း သတင်းထောက်များကို ပုံမှန်ထောင်ဒဏ် ချမှတ်လေ့မရှိတဲ့ အမှုတွေနဲ့ ထောင်ဒဏ်ပြစ်ဒဏ်မျိုးချမှတ်ခဲ့တာကို Eleven Media မှ သတင်းထောက် မခိုင်လေးအမှု၊ DVB သတင်းထောက် ကိုဇော်ဖေ အမှုတွေမှာ သာဓက ထင်ထင်ရှားရှားတွေ့ရပါတယ်။ အစိုးရတွင်းမှာ သြဇာအာဏာ နောက်ပြန်ဆွဲလိုသူများက သတင်းထောက်များနဲ့ သတင်းလွတ်လပ်ခွင့်အပေါ်မှာ အဆိုးမြင်ဝါဒ ထားရှိထားပါတယ်။ သူတို့ရဲ့ အရှိန်အ၀ါကို အံတုသူများဖြင့် ရှုမြင်လေ့ရှိပါတယ်။ ယူနတီဂျာနယ် အမှုတွင် ပေါက်မြို့ရှိ လျို့ဝှက်ဓာတုလက်နှက် စက်ရုံဆိုသည့် သတင်းတွင် ဓာတုစက်ရုံ အမှန်တကယ်ရှိပါက အစိုးရအနေနဲ့ လျို့ဝှက်ချက်မဟုတ်သလို ဓာတုလက်နှက်စက်ရုံ မဟုတ်ပါကလည်း သတင်းမှားဖော်ပြခြင်းသာ ဖြစ်ပြီးယခုကဲ့သို့ ပြင်းထန်စွာ အရေးယူရန် မလိုအပ်ပေ။ သို့ပေမယ့် စစ်အာဏာရှင်စနစ်မှ အသွင်ကူးပြောင်းလာသည့် ဒီမိုကရေစီ အမည်ခံ အစိုးရသစ်က တပ်မတော်နှင့်ပါက်သက်သော သတင်းများရေးသားဖော်ထုတ်ခြင်း နှင့် လွတ်လပ်စွာရေးသားဖော်ထုတ်ခြင်း ကို နှစ်မြို့ခြင်းမရှိပါ။ ဒါကြောင့် စံပြအနေနဲ့ သို့မဟုတ် အခြားသတင်းထောက်များကို ခြိမ်းချောက်ခြင်းပုံစံဖြင့် ယူနတီဂျာနယ် သတင်းထောက်များကို ထောင်ဒဏ်ပြင်းထန်စွာချမှတ်ခဲ့ခြင်း ဖြစ်နိုင်ပါသည်။ 

ဓာတုလက်နက်စက်ရုံဟုတ်/မဟုတ်ဖော်ထုတ်ခြင်းသည် အမိနိုင်ငံ၏ နိုင်ငံတကာတာဝန်ရှိမှုကို ဖော်ထုတ်ခြင်းဖြစ် ပါသည်။ အကြောင်းမှာ ဓာတုလက်နက်ထုတ်လုပ်ခြင်းကို နိုင်ငံတကာဥပဒေအရ တားမြစ်ထားသောကြောင့်ဖြစ်ပါသည်။ ထုတ်လုပ်ခြင်းမှန်ပါက နိုင်ငံတကာတာဝန်ရှိမှုကို ချိုးဖောက်ရာရောက်မည်ဖြစ်ပါသည်။ မြန်မာနိုင်ငံပြည်သူလူထုသာမက ကမ္ဘာ့ ရပ်ဝန်းမိသားစုပြည်သူလူထုကပါ သိသင့်သိထိုက်သောကိစ္စဖြစ်ပါသည်။ နိုင်ငံသားတိုင်း၊ ကမ္ဘာသူ၊ ကမ္ဘာသားတိုင်း သိသင့် သိထိုက်သောကိစ္စကို ဖော်ထုတ်ခြင်းသည် သတင်းမီဒီယာလွတ်လပ်ခွင့်အဖြစ် အသိအမှတ်ပြုထိုက်ပါသည်။

    အကယ်၍ ဓာတုလက်နက်စက်ရုံမဟုတ်ပါက သတင်းထုတ်ပြန်ချက်အပေါ် အသရေဖျက်မှုဖြင့် တရားစွဲအရေးယူ နိုင်ပါလျှက် အစိုးရလျှို့ဝှက်ချက်ဥပဒေဖြင့် အရေးယူခြင်သည် လျှို့ဝှက်ထားသည်မှာ ဟုတ်မှန်သကဲ့သို့ အဓိပ္ပါယ်သက်ရောက် နေပါသည်။ ထိုသို့အဓိပ္ပါယ်သက်ရောက် နေသောတစ်ချိန်တည်းတွင်ပင် ထိုလျှို့ဝှက်ချက်ဥပဒေဖြင့်ပင် အရေးယူ ပြစ်ဒဏ်ပေး လိုက်ခြင်းသည် ပြည်ထောင်စုအစိုးရ၏ နိုင်ငံတကာတာဝန်ရှိမှုကို ဆန်းစစ်ရန် စိန်ခေါ်လိုက်သည့် သဘောအဓိပ္ပါယ်သို့ ပိုမို သက်ရောက်စေပါသည် လို့ ရှေ့နေ ကိုဖိုးဖြူက ယူနတီဂျာနယ် အမှုအတွက် သူ့ကြေငြာချက်ထဲတွင် ဖော်ပြထားပါတယ်။ 

            ယခုတဖန် Bi မွန်းတည့်နေ ဂျာနယ် သတင်းထောက်များနှင့် အယ်ဒီတာများကို ကြားဖြတ်အစိုးရဖွဲ့စည်းကြောင်း ဆနဖော်ထုတ်ခဲ့သူများ အကြောင်း သတင်းဖော်ပြမှုကြောင့် ခေါ်ယူစစ်ဆေးနေသည်ကိုလည်း တွေ့နေရပါတယ်။ မြန်မာ့ ဒီမိုကရေစီအစိုးရသစ်ဟာ သတင်းမီဒီယာ လွတ်လပ်ခွင့်ကို မလိုလားကြောင်း ပေါ်လွင်နေသလို သတင်းမီဒီယာ သမားများကိုလည်း ဖိနှိပ်လိုတဲ့အနေအထားမှာ ရှိနေပါတယ်။ မီဒီယာလွတ်လပ်ခွင့် မပါဘဲနဲ့တော့ ဘယ်နိုင်ငံမှ တရားမျှတ စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ကို မရနိုင်ခဲ့ပါဘူး ။ ခြစားယိုယွင်းနေတဲ့ တရားရေးမဏ္ဍိုင်၊ ပြည်သူလူထု အကျိုးစီးပွားရေးထက် အာဏာကြီးသူရဲ့ အကျိုးစီးပွားကိုသာ လိုလားတဲ့ အုပ်ချုပ်ရေးမဏ္ဍိုင်၊ လက်ညှိုးထောင် ခေါင်းငြိမ့် အိပ်ငိုက်နေတဲ့ ဥပဒပြု မဏ္ဍိုင်တွေကြောင့် ဒီမိုကရေစီကနုနု …. အာဏာရှင်အကြွင်းအကျန်တွေရဲ့ မုန်တိုင်းကထန်ထန် ထဲမှာ သတင်းထောက်တွေ အယ်ဒီတာတွေ စာရေးဆရာတွေဟာ ထောင်တိုက်တန်းနေတဲ့ ထောင်တန် သတင်းတွေ ဆောင်းပါးတွေ ရေးနေကြရဦးမှာပါ။ မကြောက်တရားရဲ့ ကလောင်တံတွေဟာ ခေတ်အဆက်ဆက် လွင့်ပျံ့နေဦးမည်သာ။

Mizzima Journal
                                                                                                                       အောင်ပိုင်စိုး 







မင်္ဂလာနှစ်သစ်ပါလို့ High Speed ရဲ့ စာဖတ်သူတွေကို ဦးစွာပဏမ နှုတ်ဆက်လိုက်ပါတယ်။  High Speed ဂျာနယ်ကတော့ နှစ်ကူးသင်္ကြန်ကာလ တစ်လတာ အနားယူပြီး စိတ်သစ် လူသစ် ခွန်အားသစ်တွေနဲ့ ကဏ္ဍသစ်တွေနဲ့ ပြန်လည်ထွက်ရှိ လာမယ်လို့ အယ်ဒီတာ အဖွဲ့တွေဆီကသိရပါတယ်။ နှစ်သစ်မှာ High Speed ကိုစောင့်မျှော်နေကြတဲ့ စာဖတ်သူတွေ အနေနဲ့လည်း မော်တော်ယာဉ်နဲ့ ယာဉ်နဲ့ဆိုင်ရာအကြောင်းအရာတွေကို ပြည့်ပြည့်စုံစုံ တိတိကျကျ လျင်လျင်မြန်မြန် မှန်မှန်ကန်ကန် ရဖို့ အချိန်ယူစီစဉ်နေလို့ နောက်ကျနေပုံရပါတယ်။ ကျွန်တော်လည်း High Speed မှာ ပုံမှန် ဆောင်းပါးတွေ အတွေးအမြင်တွေ ရေးသားနေသူဆိုတော့ နှစ်သစ်မှာ High Speed Journal ဘယ်လိုအသွင်သစ်တွေနဲ့  ထွက်ရှိလာမလည်း ဆိုတာရင်ခုန် မျှော်လင့်မိတာ အမှန်ပါ။
            ကျွန်တော်ရေးနေတဲ့ ဂျာနယ်က High Speed လို့ဆိုပေမယ့် ကျွန်တော့် ဆောင်းပါးတော်တော် များများမှာ High Speed နဲ့မမောင်းဖို့ အမြဲသတိပေးရေးသားလေ့ ရှိပါတယ်။ ဘာကြောင့်လည်း ဆိုတော့ ယာဉ်တိုက်မှုအတွက် အသက်ဆုံးရှုံးနေရတာတွေကို ကျွန်တော်နှမြောတသ ဖြစ်လွန်းလို့ပါ။ ကျွန်တော်တို့ နိုင်ငံဟာ အခုမှဖွံ့ဖြိုးတိုးတက်ဖို့ အားယူနေတဲ့ အချိန် လူတစ်ယောက်ချင်း တစ်ယောက်ချင်းရဲ့ လူစွမ်းအား အရင်းအမြစ်တွေဟာ တိုင်းပြည်အတွက် တန်ဖိုးကြီးလွန်းလို့ပါ ..။ ကျွန်တော်တို့က အိမ်နီးချင်းနိုင်ငံတွေလို လူဦးရေ သန်းရာဂဏန်း ထောင်ဂဏန်းရှိပြီး လူစွမ်းအား အရင်းအမြစ်အတွက် အလျှံပါယ် ဖြစ်နေတဲ့ နိုင်ငံမဟုတ်ပါဘူး။ အဲဒီကြားထဲကမှ ကျွန်တော်တို့ ကျွမ်းကျင် ပညာရှင်တွေ၊ အသိပညာရှင်တွေ၊ အတတ်ပညာရှင်တွေ သဘာဝအတိုင်းမဟုတ်ပဲ လူလုပ်တဲ့မတော်တဆမှုတွေ အတွင်းမှာ သေဆုံးရရင် တိုင်းပြည်အတွက်လည်း ဆုံးရှုံး မိသားစုအတွက်လည်း ဆုံးရှုံးနဲ့ အဆုံးအရှုံးတွေ များလွန်းလို့ ကျွန်တော် အဲဒီမတော်တဆမှုတွေကို ဆင်ခြင်ထိန်းချုပ်ဖို့ အကြောင်းတွေ အမြဲလို သတိပေးရေးသားလေ့ရှိပါတယ်။ တာဝန်ရှိသူတွေ ယာဉ်စည်းကမ်းထိန်းသိမ်းရေးတွေကိုလည်း ယခင်ကထက် ပိုမိုစီမံခန့်ခွဲလာတာတွေကိုလည်း တွေ့မြင်လာရပါတယ်။ ဒါပေမယ့် များပြားတိုးတက်လာတဲ့ ယာဉ်စီးရေနဲ့ ကြောင့် စည်းကမ်းထိန်းသိမ်း စီမံခန့်ခွဲမှုတွေဟာ မမျှမတဖြစ်ပြီး ယာဉ်တိုက်မှုတွေ ဆက်လက်တိုးတက်လာပြီး ယာဉ်ကြောင့် ထိခိုက်ဒဏ်ရာရတာ တွေ သေဆုံးတာတွေလည်း တိုးတက်များပြားလျှက်ရှိနေပါတယ်။
            ဧပြီလထဲမှာ စိတ်ညစ်ညူးဖွယ် ယာဉ်တိုက်မှုတွေကြောင့် စံချိန်တင် လူသေဆုံးရတဲ့ သတင်းတွေဖတ်နေရတာ တော်တော် စိတ်မသက်မသာဖြစ်ရပါတယ်။ အဲဒီယာဉ်တိုက်မှု တွေကလည်း ရန်ကုန်- နေပြည်တော်- မန္တလေး အမြန်လမ်းမနဲ့ ပါက်သက်ပြီးတော့ ဆိုတော့ ကျွန်တော့်အနေနဲ့ တော်တော်လေးကို မချိတင်ကဲ ဖြစ်ရပါတယ်။ အရင်ကလည်း ဒီလမ်းကို ငရဲပြည်သို့အမြန်လမ်း ဆိုပြီးဆောင်းပါးတစ်ပုဒ်ရေးဖူးခဲ့ပါတယ် ။ ဒါပေမယ့် ဒီကိစ္စနဲ့ပါက်သက်ပြီးတော့ တာဝန်ရှိသူတွေဟာ ဘာမှ အရေးတယူဆောင်ရွက်တာ မရှိပါဘူး ..။ အမြန်လမ်းမ အတွက် သမ္မတကြီး ဦးသိန်းစိန်ဟာ အမေရိကန်သမ္မတ  အိုဘားမားကို အကူအညီတိတိကျကျ တောင်းဖူးပါတယ်။ ဒါပေမယ့်လည်း ပြောပြီးမေ့ရော သမ္မတတွေလားတော့ မသိပါဘူး..။ အမြန်လမ်းမကတော့ ဒီနေ့အထိ လူသတ်နေတုန်းပါပဲ။ ခရီးသွားတွေရဲ့ အသက်အန္တရာယ်ကို တိတိကျကျ ခြိမ်းခြောက်နေတုန်းပါပဲ။  ဧပြီလဆန်းပိုင်းမှာ အမြန်လမ်းရဲ့ စံချိန်တင် လူ၁၃ဦးသေဆုံးရတဲ့ ယာဉ်တိုက်မီးလောင်မှု ဖြစ်ခဲ့ပါတယ်။ အဝေးပြေးဘတ်စ်ကားဟာ အိမ်စီးယာဉ်တစ်စီးကို ကျော်တက်ချိန်မှာ မလွတ်ကင်းပဲ ကားလေးဟာ ကားကြီးရဲ ဗိုက်အောက်ကို ၀င်သွားပြီး တက်ကြိတ်မိပြီးတော့ ယာဉ်နှစ်စီးလုံး မီးလောင်ခဲ့လို့ လူသေဆုံးမှု များပြားခဲ့တယ်လို့ သတင်းတွေမှာ ဖတ်ရပါတယ်။ ယာဉ်တိုက်မှုဖြစ်ချိန်မှာ ယာဉ်မောင်းဟာ တံခါးတွေပိတ်ပြီး ကိုယ်လွတ်ရုန်းပြေးသွားတယ် လို့လည်း သိရပါတယ်။ အဲဒီလိုလုပ်တာဟာ လူမဆန်တဲ့အပြင် တာဝန်ယူမှုကင်းမဲ့တာပါ ကားလေးမှာ စီးနင်းလိုက်ပါသူ အားလုံးသေဆုံး ခဲ့ရပြီး အဝေးပြေးဘတ်စ်ကားပေါ်မှာ အိပ်ပျော်နေသူ ခရီးသည်တွေလည်း သေဆုံးခဲ့ရပါတယ်။ ဒီဖြစ်စဉ်မှာ အပေါ်ယံကြည့်ရင်တော့ ယာဉ်မောင်းကြောင့် ယာဉ်မောင်းရဲ့ လူမဆန်မှုကြောင့်လို့ ထင်စရာရှိပါတယ်။ တကယ်တော့ ယာဉ်မောင်းမှာလည်း ထိုက်သင့်တဲ့ အပြစ်ရှိပါတယ်။  ဒါပေမယ့် အမြန်လမ်းမကြီး တစ်ခု စီမံကိန်းနဲ့ စီမံခန့်ခွဲမှု အရတော့ အစိုးရနဲ့ လမ်းဖောက်သူတွေမှာ တာဝန်အရှိဆုံးပါ။
            ဒီနေရာ ကျွန်တော်တို့ နိုင်ငံမှာ လွှဲမှားတဲ့ လုပ်ထုံးလုပ်နည်းတွေ အကြောင်း နည်းနည်းပြောချင်ပါတယ်။ ယာဉ်တိုက်မှုဖြစ်ရင် ယာဉ်မတော်တဆဖြစ်ရင် ယာဉ်မောင်းကြောင့်ဆိုပြီး ယာဉ်မောင်းကို ပြစ်ဒဏ်ကြီးကြီးချမှတ်တာကို မှန်တယ်လို့ ထင်နေကြပါတယ်။ တစ်ဖက်က ပြန်ကြည့်တော့ ပြစ်ဒဏ်ကြီးကြီးချလို့ ယာဉ်တိုက်မှုတွေ လျော့ပါးသွားခြင်းမရှိတဲ့ အပြင် ယာဉ်မောင်းတွေဟာ မတော်တဆဖြစ်တာနဲ့ ဖြေရှင်းဖို့မကြိုးစားတော့ပဲ ထွက်ပြေးဖို့ နည်းလမ်းကိုပဲ ရွေးချယ်သွားကြပါတော့တယ်။ အမြန်လမ်းမနဲ့ ပါက်သက်ရင်တော့ အစိုးရနဲ့ တာဝန်ရှိသူတွေ လမ်းဖောက်တဲ့ ခရိုနီတွေမှာ အပြစ်ကြီးကြီးရှိပါတယ်။ အရည်အသွေးမမှီ တဲ့လမ်းကို လူတွေဆီ လမ်းအသုံးပြုခ လိုချင်တာသက်သက်နဲ့ ဖြတ်သန်းခွင့်ပေးတာတစ်ချက်ပါ လမ်းပေါ်မှာ ယာဉ်တိုက်မှုတွေ မတော်တဆဖြစ်မှုတွေအတွက် လမ်းဖောက်လုပ်သူတွေဟာ လျော်ကြေးပေးခြင်း တောင်းပန်ခြင်း စာနာခြင်း လုံးဝမရှိတာပါ အဲဒီအတွက် မိမိတို့အမှားကို မသိတဲ့ အစိုးရနဲ့ ခရိုနီတွေဟာ တာဝန်မဲ့မိုက်မဲ သူတွေလို့ ကျွန်တော့်အနေနဲ့ မြင်ပါတယ်။ အမြန်လမ်းကြောင့် လူအသက်တွေ ဘယ်လောက်ဆုံးရှုံးရသလဲ သိရရင် မိတ်ဆွေတို့လည်း မချိတင်ကဲဖြစ်ကြမှာ အမှန်ပါ။
            အမြန်လမ်းမ စီမံကိန်းဟာ စစ်အာဏာရှင်ရဲ့ မြို့တော်သစ် စီမံကိန်းရဲ့ တစ်စိတ်တစ်ဒေသဖြစ်ပြီး ၂၀၀၉ ခုနှစ်ကစတင်ပြီး အများပြည်သူကို အသုံးပြုခွင့်ပေးခဲ့ပြီး သုံးလအတွင်းမှာ ယာဉ်တိုက်မှု ယာဉ်မတော်တဆမှု ၁၀၀ ကျော်ဖြစ်ပွားခဲ့ပြီး နှစ်စဉ် ယာဉ်တိုက်မှု ရာနဲ့ချီ  မတော်တဆဖြစ်တဲ့ ကမ္ဘာစံချိန်တင် လူသတ်တဲ့ အမြန်လမ်းများ ဖြစ်နေမလား မသိပါ။ ဂျပန်ခေတ် သံဖြူဇရပ်ကနေ ဘန်ကောက်ကို ဖောက်တဲ့ စစ်သုံ့ပန့်တွေ စံချိန်တင် သေဆုံးရတဲ့ သေမင်းတမန်မီးရထားလမ်းထက်များ ပိုသေဆုံးမှုများနေမလား မသိပါ။ လက်ရှိအတိုင်းသာ အစိုးရအနေနဲ့ တာဝန်ယူမှုကင်းမဲ့ရင်တော့ သေဆုံးမှုတွေများပြားနေဦးမှာ ၂၀၀၉ခုနှစ်ကနေ အခုအချိန်အထိ လူသုံးရာကျော်အသက်ကို ကွန်ကရစ်ထူထူ အဲဒီလမ်းမက လုယူသွားခဲ့တယ်လို့ သတင်းတွေမှာဖတ်ရပါတယ်။ တစ်ကမ္ဘာလုံး ၀မ်းနည်းရတဲ့ ကိုးရီးယားသဘောင်္နစ်မြုပ်သလောက် လူဦးရေပါပဲ။ ဒါပေမယ့် လူသူသိပ်မသိပဲ အသက်ဆုံးရှုံးရတဲ့ အဲဒီခရီးသွားတွေမှာ တိုင်းပြည်အတွက် လူအဖွဲ့အစည်းအတွက် ကမ္ဘာကြီးအတွက် တန်ဖိုးရှိတဲ့ လူတွေ ပညာရှင်တွေ ဘယ်လောက်များများ ကျွန်တော်တို့ဆုံးရှုံးသွားရပြီလဲ မသိနိုင်ပါ။ အုပ်ချုပ်သူတွေ ရူးနှမ်းမှုသက်သက်အတွက် စံချိန်စံညွှန်းမရှိတဲ့ လမ်းကို ခရိုနီတွေက ၀တ်ကျေတန်းကျေ ဖောက်ပေးတဲ့ ဒီလမ်းပေါ်မှာ ကျွန်တော်တို့ရဲ့ အပြစ်မဲ့ နိုင်ငံသားတွေက ကြားထဲက ဓားစာခံဖြစ်နေကြရတာပါ။
            အမြန်လမ်းအတွက် ရေတိုစီမံကိန်းတွေနဲ့ ဟိုလိုလုပ်လိုက် ဒီလိုလုပ်လိုက် လက်သိပ်ထိုးစီမံခန့်ခွဲမှုတွေနဲ့တော့ အဆင်မပြေနိုင်ပါ။ အမြန်လမ်းကို ချက်ချင်းပြုပြင်ပါလို့ ပြောရင် ဘတ်ဂျက်မရှိဘူးလို့ ညည်းပြမယ့် အစိုးရဟာ နိုင်ငံတကာ လှုဒါန်းမှုတွေ ကူညီမှုပိုက်ဆံတွေကို ဘယ်မှာဝှက်မှန်းမသိအောင် ပြည်သူကိုရှင်းလင်းတင်ပြခြင်း မရှိပါဘူး။ ပြီးရင် နိုင်ငံတကာအကြွေးတွေ အများကြီးရှိတယ်လို့ နေစရာမရှိတဲ့ ကျူးကျော်တွေကို လက်ညှိုးထိုးပြောဦးမှာပါ။ အခုအမြန်လမ်းကို ပိတ်ပြီး ထပ်ပိုးကတ္တရာလောင်း အရှိန်ထိန်းကိရိယာတွေတပ် လပိုင်းအတွင်း အဆင့်မြင့်အောင် လုပ်လို့ရပါတယ်။ ပြည်တွင်း ဘယ်ကုမဏီ ဘယ်ဝန်ကြီးဠာနကိုမှ လုပ်ခိုင်းစရာမလိုပါဘူး ပိုက်ဆံပုံပေးပြီး အမေရိကန်တွေကို ခေါ်ခိုင်းလို့ရပါတယ်။ အဲဒီလိုမှ မလုပ်နိုင်ရင်တော့ အမြန်လမ်းဟာ လူသတ်လမ်းမ ဖြစ်နေဦးမှာပါ။ ခရီးသွားတွေအတွက်တော့ အမြန်လမ်းပေါ်တက်ရင် ကိုယ့်မှာ အသက်ရှိကြောင်း သတိရပါလို့ပဲ မှာချင်ပါတော့တယ်။

အောင်ပိုင်စိုး





ကျွန်တော့် မိတ်ဆွေကိုပြောမိတယ်။ 

            "ဒီစကားပုံက ထူးခြားတယ်။ မျောက်တွေဟာ သူတို့လက်တွေကို အိုးထဲမှာ မထားဘူးဆိုတာလေ။ "

            "ဟုတ်တယ်။ အဲဒါနဲ့ ဆိုင်တဲ့ ယုတ္ထိဗေဒ တစ်ခုရှိတယ်။ အိန္ဒိယနိုင်ငံမှာပေါ့။ မုဆိုးတွေဟာ အုန်းသီးကို အပေါက် သေးသေးတစ်ခု ဖေါက်ပြီး အထဲမှာ ငှက်ပျော်သီးတစ်လုံးကို ထည့်လိုက်တယ်။ ပြီးတော့ အဲဒီအုန်းသီးကို မြေကြီးပေါ်မှာ မြုပ်ထားလိုက်တယ်။ အဲဒီအုန်းသီးကိုတွေ့တဲ့ မျောက်က အထဲက ငှက်ပျောသီးကို လိုချင်တာနဲ့ သူ့လက်ကို အပေါက်ထဲ ထည့်လိုက်တယ်။ ဒါပေမယ့် သူဟာ  သူ့လက်ကို အပေါက်က ပြန်မထုတ်နိုင်တော့ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငှက်ပျောသီး ကို ဆုပ်ထားတဲ့ သူ့ရဲ့လက်က အပေါက်ထက်ကြီးနေတာကိုး။ မျောက်ဟာ ငှက်ပျောသီးကိုလဲ လက်မလွှတ်နိုင်ဘူး ဖြစ်နေတယ်။ အဲဒီတော့ ထွက်မပြေးနိုင်တဲ့ သူ့ကို မုဆိုးက အလွယ်တကူ ဖမ်းလိုက်နိုင်တာပေါ့။" 

            ကျွန်တော်တို့ရဲ့   ကိုယ်ပိုင်ဘ၀တွေထဲမှာလည်း အလားတူအဖြစ်မျိုးကြုံရတတ်တယ်။ တစ်ခါတစ်လေ ကျွန်တော်တို့ လိုချင်တဲ့အရာတွေဟာ သေသေချာချာ တွေးကြည့်ရင် သေးသေးဖွဲဖွဲနဲ့ အသုံးသိပ်မ၀င်တာတွေ ဖြစ်နေတတ်တယ်။ ကျွန်တော်တို့ဟာ အဲဒီအရာတွေရဲ့ အကျဉ်းသားတွေဖြစ်ပြီး ဘ၀ဇာတ်သိမ်းကြရတယ်။ 


ပေါ်လိုကိုဟိုး ၏ ဒဿနစာစုများ
သစ္စာနီမြန်မာပြန်သည်။






ပညာဥာဏ်ကြီးမားတဲ့ ဘုရင်မင်းမြတ် ၀မ် ဟာ အကျဉ်းထောင်ကိုမေးမြန် စုံစမ်းရအောင် ကြွမြန်းလာတယ်။ ပြီးတော့ အကျဉ်းသားတွေ ရဲ့လျှောက်လဲချက်တွေကို စတင်ကြားနာတယ်။

            " ကျွန်တော်မျိုးမှာ အပြစ်မရှိပါဘူး" လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ လူတစ်ယောက်ကပြောတယ်။ "တကယ်ကို ကျွန်တော် ရိုးရိုးသားသား ကျွန်တော့်မိန်းမကို ခြောက်လှန့်ရုံလောက် ခြောက်တာပါ။ မတော်တဆ သူမသေသွားတယ်။"
            "ကျွန်တော့်ကို လာဘ်စားတယ်လို့ စွပ်စွဲနေပါတယ် ဘုရင်မင်းမြတ်" တခြားတစ်ယောက်က ပြောပြန်တယ်။ "တကယ်တော့ ကျွန်တော် လက်ဆောင်ယူလိုက်တာပါ"

            အကျဉ်းသားအားလုံးပဲ သူတို့မှာ အပြစ်မရှိတဲ့အကြောင်း ဘုရင်ကိုလျှောက်ကြတယ်။ သူတို့အထဲက အသက်၂၀လောက် ရှိတဲ့ လူငယ်တစ်ယောက်ပဲ " ကျွန်တော်ဟာ အပြစ်ရှိတဲ့သူပါ။ ကျွန်တော့်အစ်ကိုနဲ့ ရန်ဖြစ်ရင်း သူ့ကို ဒဏ်ရာရအောင် ပြုမိပါတယ်။ ကျွန်တော်ဟာ အပြစ်ဒဏ်ကျခံသင့်ပါတယ်။ ဒီနေရာကို ရောက်လာရတာဟာ ကျွန်တော်ပြုခဲ့တဲ့ မကောင်းမှုရဲ့ ရောင်ပြန်ရိုက်ချက်ပါ။"

            ဒီစကားကိုကြားတော့ အမှုထမ်းတွေကို ဘုရင် ၀မ်က အော်ဟစ် အမိန့်ပေးလိုက်တယ်။ "ဟေ့ ဒီအပြစ်ရှိတဲ့ လူကို ချက်ခြင်းလွှတ်ပစ်လိုက်စမ်း ဒီမှာရှိနေတဲ့ အပြစ်မဲ့လူတွေ သူကြောင့်ပျက်စီးကုန်လိမ့်မယ်။"


ပေါ်လိုကိုဟိုး ၏ ဒဿနစာစုများ
သစ္စာနီမြန်မာပြန်သည်။