၂၀၀၀ပြည့်နှစ် အတိုင်မီအထိတော့ E-Government ဆိုတဲ့ စကားလုံးဟာ ရေပန်းမစားသေးပါဘူး… ဒါပေမယ့် ဖွံ့ဖြိုးပြီးနိုင်ငံတွေမှာတော့ ၀ဘ်ဆိုဒ်(web) အခြေခံ အစိုးရလုပ်ငန်းဆောင်တာတွေ ဒါမှမဟုတ် ဒီဂျစ်တယ်ပြုမှု နဲ့ စက္ကူဖြူပေါ်က အလုပ်တွေကို အိုင်တီနည်းပညာ နယ်ပယ်ပေါ်ကို ရွေ့ပြောင်းလုပ်ဆောင်လာကြပါတယ်..။ ဘာကြောင့်လည်းဆိုတော့ ပထမဆုံးအချက်က အိုင်တီနည်းပညာလျင်မြန်မှု အဟုန်ကြောင့်ရယ် ကျယ်ပြန်တဲ့ ကွန်ယက်စနစ် ချိတ်ဆက်ဆောင်ရွက်နိုင်မှုကြောင့်ပါ.. ။ အဲဒီနှစ်ချက်ကပဲ အစိုးရ လုပ်ငန်းဆောင်တာတွေ ထဲက နယ်ပါယ်အလိုက် ရွေ့ပြောင်းဆောင်ရွက်နိုင်တဲ့အပိုင်းတွေကို E-Government အဖြစ်ပုံဖော်လုပ်ဆောင်လာ ကြပါတယ်..။ ဒီထက်ပို အရေးကြီးတဲ့အချက်က ရေရှည် လုပ်ငန်းဆောင်တာတွေ အတွက် ငွေကြေးကုန်ကျမှု နည်းပါးတာရယ်ကြောင့်ပါ..။ လူသမိုင်းနဲ့ချီ ကြာမယ့် အစိုးရလုပ်ငန်းဆောင်တာတွေဟာ အိုင်တီနည်းပညာ ဖွံ့ဖြိုးတိုးတက်လာမှုက ရာစုနှစ်ချီတဲ့ မှတ်တမ်းမှတ်ရာတွေကို အလွယ်တကူထိန်းသိမ်းလာနိုင်သလို အလွယ်တကူ ပြန်လည်စစ်ဆေး ပြန်လည် အသုံးချလာနိုင်ပါတယ်..။ သတင်းအချက်အလက်တွေ မြန်နှုန်းမြင့် ပေါက်ကွဲထွက်နေတဲ့ ကမ္ဘာကြီးမှာ သမားရိုးကျ စာဝင်စာထွက်ပုံစံနဲ့တော့ သိပ်ကိုကြီးမားတဲ့ အစိုးရလုပ်ငန်းတွေ ဟာ အချိန်လေလွင့်မှုအများကြီးနဲ့ စီမံခန့်ခွဲမှု နှောင်းနှေးတဲ့ အကျိုးဆက်ကို တန်ဖိုးကြီးကြီး ပေးဆပ်လာရပါလိမ့်မယ် အဲဒီအတွက် ကမ္ဘာပေါ်က ဖွံ့ဖြိုးပြီးနိုင်ငံတွေက အစိုးရတွေဟာ သူတို့ရဲ့ လုပ်ငန်းဆောင်တာ တွေကို ခေတ်နဲ့အညီလိုက်လျောညီထွေ ဖြစ်စေနိုင်ဖို့အတွက် E-Government စီမံကိန်းတွေကို ဖော်ထုတ်လုပ်ဆောင်လာကြပါတယ်..။ E-Government ဟာ Good Goverence ဖြစ်ပေါ်လာရေးကို တစ်ဖက်တစ်လမ်းကလည်း အကျိုးပြုဆောင်ရွက်နေပါတယ်..။

E-Government တကယ်လိုအပ်သလား..။

တစ်ကိုယ်ရည်သုံး ကွန်ပြူတာ တွေပေါပေါများများ မရှိခင်ကတည်းက ဒေတာဘေစ့်တွေ စုဆောင်းမှုကို အစိုးရ အချို့က စူပါကွန်ပြူတာကြီးတွေနဲ့ လုပ်ဆောင်နေပါပြီ..။ ပြီးတော့ လိုကယ်နက်ဝေါ့တွေချိတ်ဆက်ပြီး ဖိုင်တွေကို လျင်မြန်စွာ ရှယ်ယာလုပ်ပြီး အလုပ်ကိစ္စတွေကိုင်တွယ်ဆောင်ရွက်နေပါပြီ.. ။ အဲဒါက ၁၉၆၀ ခုနှစ်လောက်က ပင်တဂွန်မှ စစ်ဠာနချုပ်မှာ စသုံးခဲ့တဲ့ နည်းပညာပါ..။ အဲဒီနည်းပညာတွေဟာ ဒီကနေ့ E-Government ဖော်ဆောင်ရေးတွေ အတွက် ရှေးပြေးနိမိတ်ဖြစ်ပုံရပါတယ်..။ ၁၉၉၀ ၀န်းကျင်လောက်မှာဆိုရင်တော့ ဒီလုပ်ငန်းစဉ်ဟာ အမျိုးသားအဆင့် အရေးကြီးတဲ့ လုပ်ငန်းမဟုတ်သေးပါဘူး..။ ဒါပေမယ့် ၉၀လွန်ခေတ်ကာလတွေမှာတော့ အိုင်တီနည်းပညာဟာ ဘယ်သူမှ ကြိုတင်မမှန်းဆနိုင်အောင် ဖွံ့ဖြိုးမှု မြန်နှုန်းအကြီးအကျယ် မြင့်မားလာပါတယ်…။ ကွန်ပြူတာတွေက ကမ္ဘာအနှံ့ကို လျင်လျင်မြန်မြန်ပျံ့နှံ့သွားတယ် လူတွေ သန်းပေါင်းများစွာက ကွန်ပြူတာ မော်နီတာရှေ့ကနေ ကမ္ဘာကြီးကို လက်ရည်တစ်ပြင်တည်း ထိတွေ့လာ ခဲ့ပါတယ်..။ အဲဒီအချိန်မှာ အစိုးရလက်တံတွေဟာ စက္ကူဖြူတွေပေါ်မှာတင် အကျုံးမ၀င်တော့ပါဘူး.. ။ မိမိနိုင်ငံသားတွေ ကမ္ဘာအရပ်ရပ်က သတင်းအချက်အလက်တွေ စီးပွားရေးလှုမှုရေး နိုင်ငံရေး စစ်ရေး အလုံးစုံဟာ ၀ဘ်ဆိုဒ်ပေါ်မှာ ဒေတာဘေစ့်ပေါ်မှာ အခြေခံပြီး လျင်မြန်စွာ လုပ်ကိုင်ဆောင်ရွက်နိုင်မှ အဆင်ပြေ တော့မယ့် အနေအထားဖြစ်လာပါတယ်..။ ထိပ်တန်းခေါင်းဆောင်တွေ ကအစ အောက်ခြေ၀န်ထမ်းအဆုံး ကွန်ပြူတာကို အသုံးမပြုပဲ ကင်းကွာလို့မရတော့ဘူးဖြစ်လာပါတယ်..။ ဖုန်တက်နေတဲ့ လက်နှိပ်စက်ခုံတွေဟာ သမိုင်းတာဝန်ပြီးဆုံးလို့ ပင်စင်ပေးခံရတဲ့ ခေတ်ကာလကိုရောက်ရှိလာပါပြီ..။ အိုင်တီနည်းပညာ က နယ်ပယ်ပေါင်းစုံးကို ပေါင်းစပ်စီးဝင်လာပြီး တဲ့နောက်မှာတော့ လူတစ်ဦးချင်းစီရဲ့ လူမှုဘ၀၊ လုပ်ငန်းခွင်ဘ၀၊ တဖြည်းဖြည်း ထိစပ်ယဉ်ပါးလာရာကနေ လုပ်ငန်းအဖွဲ့အစည်း လူမှုအ၀န်းအ၀ိုင်း တစ်ခုလုံးကို ကမ္ဘာလုံးအတိုင်းအတာနဲ့ တစ်ပြိုင်နက် ချဉ်းကပ်လာပါတယ်..။ ဒါဟာ ဘာနဲ့ တူသလည်း ဆိုတော့ လျှပ်စစ်စွမ်းအင်ကို လျင်မြန်စွာ ဖော်ထုတ်အသုံးချနိုင်တဲ့ ဒေသတွေနဲ့ လျှပ်စစ်မီးမရရှိနိုင်သေးတဲ့ ဒေသတွေ ဖွံ့ဖြိုးမှု ကွာဟသလိုမျိုးပေါ့… ။ အိုင်စီတီနည်းပညာတွေဟာ နိုင်ငံတစ်နိုင်ငံ လူအဖွဲ့အစည်းအနေနဲ့ရော လူတစ်ဦးချင်းအနေဲ့ကိုပါ တစ်ဆစ်ချိုး ပြောင်းလဲပစ်နိုင်စွမ်းရှိပါတယ်..။ အဲဒီလိုအခြေအနေမှာ E-Government ဖြစ်ပေါ်ပေါ်ထွန်းလာရေးဟာ အချိန်ဆွဲဖို့ ဒါမှမဟုတ် ငြင်းဆန်ဖို့ မဖြစ်နိုင်တော့ပါဘူး. ။ ဖြစ်ပေါ်လာမယ့် E-Government အပေါ်မှာသာ ထိန်းကျောင်းမောင်းနှင်တတ်ဖို့ လေ့ကျင့်ရတော့မှာပဲ ဖြစ်ပါတယ်..။ E-Government ဟာ ဖွံ့ဖြိုးတိုးတက်ရေး အတွက် မရှိမဖြစ် ဖြစ်လာပါပြီ..။ ဒါမှ အစိုးရတွေ ရည်မှန်းတဲ့ Good Goverence ဆိုတဲ့ ရည်မှန်းချက်ကို ရောက်ရှိ အကောင်အထည်ဖော်နိုင်မှာပဲ ဖြစ်ပါတယ် .။

E-Government မှာ ဘယ်သူတွေပါမှာလည်း…

E-Government လို့ဆိုလိုက်ရင် လူလတ်တန်းစား ပညာတတ်တွေက အစ အိုင်စီတီခေတ် အထောက်အကူပြု ပစ္စည်းတွေ ကိုပဲပြေးမြင်တတ်ကြပါတယ်..။ အဲဒီနောက်က ထိန်းကျောင်းမောင်းနှင်နေတဲ့ အော်ပရေတာ တွေကို မေ့လျော့သွားတတ် ကြပါတယ်.. ။ E-Government ကို အစိုးရမောင်းနှင်းပြီး လူထုကလိုက်ပါစီးနင်းနေတဲ့ ယာဉ်တစ်စီးလို့ မြင်ကြည့်ရမှာပါ..။ ရှေးရိုး နိုင်ငံတော် စနစ်မှာလည်း အစိုးရယန္တယားအပေါ်မှာ လူထုက စီးနင်းလိုက်ပါလာကြရတာပဲ ဖြစ်ပါတယ်..။ အဲဒီအစိုးရကို လူထုကဘုံအကျိုးစီးပွားအတွက် ပူးတွဲ ရွေးချယ်ခွင့်ပါပါတယ်..။ အရင်က ရုံးတစ်ရုံးကို သွားမယ်ဆိုရင် လူတွေအနေနဲ့ စားပွဲတွေအများကြီးဖြတ်ရမယ်..။ E-Government ရှိလာပြီဆိုရင်တော့ အိပ်ခန်းထဲကမော်နီတာကနေ အခွန်ဆောင်တာ၊ ကျောင်းအပ်တာ၊ လူမှုဖူလုံရေးရန်ပုံငွေထည့်တာ၊ အင်တာဗျူးဖြေတာ၊ ဧည့်စာရင်းတိုင်တာ၊ နိုင်ငံကူးလက်မှတ်လျှောက်တာ၊ မဲပေးတာ အထိလုပ်ကိုင်ဆောင်ရွက်လို့ရနိုင်ပါတယ်..။ ဒါဟာ နိုင်ငံသားတစ်ယောက် အတွက် သိပ်အဆင်ပြေစေနိုင်မှာပါ..။ E-Government အုပ်ချုပ်သူတွေအတွက်ကော အဲလိုဆိုရင်လည်း အခွန်ကို အိမ်တိုင်ယာရောက် လိုက်ကောက်နေစရာမလိုတော့ ပါဘူး။ နိုင်ငံသားတွေ ရဲ့ အခြေအနေကို ကွန်ပြူတာဒေတာဘေစ့် ထဲကနေ အချိန်မရွေးစောင့်ကြည့် လေ့လာနေလို့ရပါတယ်..။ နိုင်ငံစနစ်တွေ အားလုံး အဆင်သင့် ချိတ်ဆက်ပြီးသွားရင် လူတစ်ဦးမွေးဖွားလာချိန်ကနေ ဘ၀တစ်ခုပြီးဆုံးချိန်အထိ မှတ်တမ်းမှတ်ရာတွေ ခိုင်ခိုင်မာမာ ရရှိထိန်းသိမ်းနိုင်ပါတယ် နောက်တစ်ချက်က စာရွက်စာတမ်းတွေ ထိန်သိမ်းရတဲ့ စရိတ်စက အများကြီးလျှော့ကျသွားနိုင်ပါမယ်..။ နောက်ထပ်တိုးတက် လာမယ့် လူဦးရေအတွက်တော့ ဒီစနစ်ဟာ အခက်အခဲတချို့ကို ကိုင်တွယ်ဖြေရှင်းပြီးသား ဖြစ်နေပါတယ် …။ နောက်ထပ် ကံကောင်းတဲ့ အချက်က နိုင်ငံဖြတ်ကျော်မှုခင်းတွေကို နည်းပါးသွားအောင် ထိန်းချုပ်လာနိုင်မယ် ..။ လူတစ်ဦးဟာ သူရဲ့ ဒေတာဘေစ့်တွေကို အလွယ်တကူ ပြုပြင်ဖို့ ရွှေ့ပြောင်းဖို့ .. အတုလုပ်ဖို့ နည်းပါးသွားမယ်..။ အရင်က စာရွက်စာတမ်းတွေ စိစစ်နေတုန်း လိမ်လည်ခံရမှုနှုန်းနည်းသွားနိုင်ပါတယ်..။ နောက်တစ်ချက်က လာဘ်ပေးလာဘ်ယူအတွက် ရှင်းလင်းစိတ်ချရတဲ့စနစ်ကို ဖော်ထုတ်နိုင်ပါတယ်..။ လူထုအနေနဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ တိုက်ရိုက်ဆက်သွယ်နိုင်မှုလျော့နည်း သွားပါမယ်..။ အဲဒီတော့ E-Government မှာ ဘယ်သူတွေ ပါမှာလည်း မေးရင် အစိုးရကော လူထုပါ ပါဝင်ဆောင်ရွက်နိုင်မှာပါ ..။ အဲဒါမှ E-Government မှာ အောင်မြင်စွာလည်ပါတ် နိုင်မှာပါ..။ စမ်းသပ်ကာလအတွက် လူထုကော အစိုးရရဲ့ တာဝန်ရှိသူတွေပါ ဒီစနစ်တွေ စတင်အကောင်အထည်ဖော်တဲ့ ကာလတွေမှာ အခက်အခဲ တွေရှိနေနိုင်ပါတယ်…။ လေ့ကျင့်ကာလ လွန်မြောက်ပြီးရင်တော့ ဒါဟာ သိပ်ကိုအဆင်ပြေတဲ့ စနစ်ဆိုတာ နှစ်ဖက်လုံးက လက်ခံသဘောပေါက်လာမှာပါ..။ E-Government ဟာ လက်ရှိခေတ်အတွက် win-win ဖြစ်တဲ့ အဆင်ပြေဆုံး စနစ်တစ်ခု ဖြစ်နေပါတယ်…။

E-public မရှိဘူး .. E-Government လည်းမလိုအပ်…

LDC နိုင်ငံတွေမှာ အဲဒီစိုးရိမ်စိတ်တွေ ရှိနေပါတယ်..။ ပြီးတော့ ကွန်ပြူတာ အသုံးပြုမှုက တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အနည်းငယ်ပဲ ရှိသေးတယ်..။ တခြား အခြေခံအဆောက်အအုံတွေ အတွက် ပြည်တွင်းဘတ်ဂျက်ကို ချိန်ဆနေရသေးတယ် အဲဒီအတွေးတွေ ဖွံ့ဖြိုးဆဲ နိုင်ငံက အစိုးရတွေ တွေးတောမိတတ်ကြပါတယ်..။ အဲဒီအတွက် လုပ်ရမယ်မှန်းသိသိနဲ့ E-Government စီမံကိန်းတွေ ရွေ့ဆိုင်းတတ်ကြပါတယ်..။ အမှန်တကယ်တော့ ဒီနေ့ ခေတ်မှာ E-Government ဖြစ်ရေးဟာ နိုင်ငံအတွက် အခြေခံအဆောက်အအုံတွေ ထဲမှာ တစ်ခုအပါအ၀င်ဖြစ်လာပါပြီ..။ ဘာကြောင့်လည်းဆိုတာ အားလုံးသိပြီးဖြစ်တဲ့ ကမ္ဘာလုံးဆိုင်ရာ အိုင်စီတီနည်းပညာတွေက နိုင်ငံတော်တွေရဲ့ နယ်နိမိတ်ကို ကွန်ယက်ပေါ်မှာ ပြန်လည် သတ်မှတ်နေကြရလို့ပါပဲ..။ ကျွန်တော်တို့ဟာ ကမ္ဘာဂြိုလ်မှာ နေထိုင်ကြသူတွေပါဝင်တဲ့ ကမ္ဘာအသစ်တစ်ခုကို ကွန်ယက်ပေါ်မှာ တည်ဆောက်ပြီး ဖြစ်နေလို့ပါ..။ လက်တွေ့ ကမ္ဘာကြီးထဲမှာ လူဦးရေတိုးတက်နေထိုင်သလို ကွန်ယက်ကမ္ဘာထဲမှာ လူဦးရေ နေ့စဉ်နဲ့အမျှ တိုးတက်အသက်ဝင်နေကြပါတယ်..။ အဲဒါကြောင့် မိမိ အစိုးရတွေရဲ့ သြဇာကိုလည်း ကွန်ယက်ပေါ်မှာ အိုင်စီတီနည်းပညာပေါ် အခြေစိုက်လာကြရမှာပါပဲ..။ နောက်တစ်ချက်က E-Government စနစ်တွေကို အစိုးရအနေနဲ့ အိုင်တီပညာရှင်များ လူထုများနဲ့ ပူးတွဲတည်ဆောက်ကြရမှာပဲ ဖြစ်ပါတယ်..။ ကွန်ယက်ပေါ်မှာ ဈေးကွက်ရှိသလို.. ကွန်ယက်ပေါ်မှာ ဘဏ်လုပ်ငန်းရှိသလို ကွန်ယက်ပေါ်မှာ အစိုးရလည်း ရှိမှဖြစ်ပါလိမ့် မယ်..။ အဲဒီလိုမှမဟုတ်ရင်တော့ ကွန်ယက်ပေါ်မှာ မရှိတဲ့အတွက် ကွန်ယက်ပေါ်ကရတဲ့ အကျိုရလဒ်တွေ နိုင်ငံတော် အနေနဲ့ ဆုံးရှုံးသွားပါလိမ့်မယ်..။ နောက်တစ်ချက်က E-Government အနေနဲ့က အစိုးရ၀န်းကြီးဠာနအားလုံးကို အင်တာနက်ဝဘ်ဆိုဒ်တွေ ဖွင့်ပြီး ကွန်ယက်ပေါ်ကို ပစ်တင်လိုက်တာမျိုးလည်း မဟုတ်ပြန်ပါဘူး..။ အစိတ်အပိုင်းအလိုက် ဒီဂျစ်တယ်စနစ် အသွင်ကူးပြောင်းလုပ်ဆောင်လို့ရပါတယ် ..။ နှစ်တစ်နှစ်ရဲ့ ဘတ်ဂျက်အရ အခန်းကဏ္ဍအလိုက် ကူးပြောင်း ဆောင်ရွက်လို့ရပါတယ်..။ နောက်တစ်ချက်က E-Government ဟာ နှစ်ပိုင်းလပိုင်းအတွင်း ပြီးဆုံးသွားမယ် လုပ်ငန်း ဆောင်တာလည်း မဟုတ်ပါဘူး ..။ ရေရှည် စီမံကိန်းနဲ့ အစိတ်အပိုင်းလိုက် စနစ်တကျ ဖြည့်သွင်းတည်ဆောက်ရမယ့် အစိုးရ လုပ်ငန်းစဉ်တစ်ခုပါ..။

E-Government တကယ် အလုပ်ဖြစ်ပါ့မလား ..။

ခေတ်နှစ်ခေတ်နဲ့ အသက်ရှင်နေရတဲ့ နိုင်ငံတွေအတွက် အထက်ပါ စိုးရိမ်စိတ်က အမြဲရှိနေပါတယ်..။ ၁၉၉၀ နောက်ပိုင်းမှာ အသွင်ပြောင်းလာတဲ့ ကွန်မြူနစ်ဆိုရှယ်လစ် နိုင်ငံတွေ..၊ ဒီမိုကရေစီနည်းအရ နှစ်ပေါင်း နှစ်ဆယ်ထက်မနည်း ပါတီတစ်ခု ထဲအောက်မှာ ခြေချုပ်မိခဲ့တဲ့ နိုင်ငံတွေ လူ့အဖွဲ့အစည်းက နှစ်ရပ်ဖြစ်နေတတ်ပါတယ်..။ အဲဒါကတော့ တင်းကျပ်တဲ့နေထိုင်မှု ပုံစံနဲ့ လူကြီးတွေရယ်.. ပွင့်လင်းမြင်သာစေချင်တဲ့ လူငယ်တွေရယ်..။ ပထမလူကြီးတွေက အပြောင်းအလဲတွေကို တစ်ဆင့်ချင်းဖြည်းဖြည်းချင်းလုပ်ဆောင်ချင်ပါတယ်.. ။ အမှားအယွင်းဖြစ်လာမှာကို ဗဟိုဦးစီးစနစ်က ရိုက်သွင်းထားတဲ့ ကြောက်စိတ်နဲ့ ရှင်သန်နေထိုင်တတ်ကြတာမို့ အစိုးရိမ်ကြီးပါတယ်..။ ဒုတိလူငယ်လူလတ် တွေက ဗဟိုဦးစီစနစ် အတိတ်က မှားယွင်းမှုတွေကိုမေ့ပြစ်ပြီး ခေတ်ရဲ့ မြန်နှုန်းအရ လိုက်ပြောင်းလဲ ချင်ပါတယ်..။ E-Government လို့ဆိုလိုက်ရင် လူငယ် လူလတ်တွေက ဟာလုပ်ရမှာပေါ့ အခုတောင် တော်တော် နောက်ကျနေပြီ..။ လူကြီးတွေအတွက်ကတော့ အလုပ်ဖြစ်မှ ဖြစ်ပါ့မလား.. ဆိုတဲ့အဖြေ ကွဲပြားသွားပါတယ်..။ အမှန်တကယ်တော့ E-Government ဆိုလိုက်ရင် လူကြီးတွေ အနေနဲ့ ဟက်ကာတွေ အများကြီးနဲ့ မမြင်မစမ်းတောနက် ကြီးထဲ ဆင်ဖမ်းကျားဖမ်းသွားရသလို ထင်မှတ်တတ်ပြီး.. သူတို့မှတ်ဥာဏ်မှာက ဆိုင်ဘာပြစ်မှုတွေကိုပဲ မှတ်မိနေတတ်ပါတယ် ..။ ဘယ်စနစ်မဆို အားနည်းချက် အနည်းအများရှိတတ်သလိုပါပဲ..။ E-Government မှာ အားနည်းချက်တွေ မပြည့်စုံမှုတွေ ရှိနေသေးပါတယ်..။ အော်ပရေတာတွေ အနေနဲ့ ကွန်ပြူတာနဲ့ ဆက်စပ်ပစ္စည်းတွေ အသုံးပြုမှ ကျွမ်းကျင်မှု လိုအပ်ချက်တွေ ရှိကောင်းရှိနေနိုင်သလို.. အသုံးပြုတဲ့ စနစ်တွေ ဆော့လ်ဝဲလ်တွေအားနည်းချက် တွေကြောင့် ဖြစ်ပေါ်လာတဲ့ အမှားအယွင်းတွေ လည်းရှိနေနိုင်ပါတယ် ..။ ဒါပေမယ့် ဘယ်ကလေးငယ်တစ်ယောက်မှာ လဲမကျပဲ လမ်းမလျှောက်တတ်သလိုပါပဲ..။ လေ့ကျင့်မှုမရှိပဲ အားထုတ်မှုမရှိပဲ အရာရာ အဆင်ပြေချောမွေ့သွားနိုင့်မယ့် နည်းလမ်းလည်း မရှိသေးပါဘူး..။ E-Government အတွက်ကတော့ နိုင်ငံတော် နိုင်ငံဝန်ထမ်းတွေနဲ့ လူထု စည်းချက်ညီညီ ဆောင်ရွက်နိုင်မယ်ဆိုရင်တော့ အလုပ်မဖြစ်နိုင်စရာ မရှိပါဘူး..။

E-Government ကျင့်ဝတ်..

E-Government စပြီ.. ဒါဆိုရင် ကျင့်ဝတ်တွေ လိုအပ်လာပြီပေါ့..။ ပုံမှန်အစိုးရတွေအတိုင်း ကျင့်ဝတ်တွေကို လိုက်နာကျင့် ကြံရမှာ ဖြစ်သလို E-Government အထိုင်ပေါ်ကနေ တာဝန်ရှိသူတွေရဲ့ သစ္စာရှိမှုကိုလည်း နှောင်တည်းထားဖို့ လိုပါတယ် အဲဒီကျင့်ဝတ်တွေအတွက် ထိန်းချုပ်ကိုင်တွယ် နိုင်ဖို့ ဥပဒေတွေ ပြဠန်းထားနိုင်ဖို့ကလည်း အရေးကြီးပါတယ်..။ ဖွံ့ဖြိုးဆဲနိုင်ငံ တွေအနေနဲ့ E-Government စတင်ဆောင်ရွက်ချိန်မှာ ဆိုင်ဘာရာဇ၀တ်မှု ကျူးလွန်သူတွေ လက်တည့်စမ်းမှုကို ခံရလေ့ ရှိပါတယ် …အဲဒီပြဿနာအတွက် ကြိုတင်ပြီး ကျွမ်းကျင်ပညာရှင်တွေ စုဆောင်းထားနိုင်ဖို့လိုအပ်သလို … အရေးယူနိုင်မယ့် ဥပဒေတွေလည်း ကြိုတင်ပြင်ဆင်ထားဖို့ လိုအပ်ပါတယ်.. ထိုပြင့် အတွင်းလူတွေအနေနဲ့ နိုင်ငံတော် အစိုးရအချက်အလက်တွေ နိုင်ငံသားတွေရဲ့ အချက်အလက်တွေကို စီးပွားရေးလုပ်ငန်းအခြား အဖွဲ့အစည်းတွေကို တရားမ၀င် လွှဲပြောင်းဖို့ ကြိုးစားတာတွေကို ကြုံတွေရတတ်ပါတယ် အဲဒီအတွက်လည်း ကိုင်တွယ်ဆောင်ရွက်နိုင်ဖို့အတွက် ဥပဒေတွေ စည်းမျဉ်းစည်းကမ်းတွေ အရေးယူမှုတွေကို ကြိုတင်ပြဠန်းသတ်မှတ်ထားဖို့ လိုအပ်ပါတယ် ။ အဲဒါဆိုရင်တော့ အထိုက်အသင့် ပြီးပြည့်စုံတဲ့ E-Government တစ်ခုကိုရရှိနိုင်ပါမယ်..။ ဘာပိုထူးမလည်း ဆိုရင်တော့ နိုင်ငံတော်နဲ့ နိုင်ငံသား တို့အတွက် ခေတ်နဲ့ လိုက်လျောညီထွေပြီး လျင်မြန်ထိရောက်တဲ့ Good Goverence တရပ်ကို ဈေးနှုန်းသက်သက် သာသာနဲ့ရရှိနိုင်မှာပဲဖြစ်ပါတော့တယ်…။

အောင်ပိုင်စိုး