အခု သင်လိုက်တဲ့ story အတွက် လေ့ကျင့်ခန်းပေးမယ် စာမျက်နှာ ၂၃ ကို ဖွင့်လိုက်ပါ။ အဲဒီမှာ Fill in the blank. ကွက်လပ်ဖြည့်ပါ ဆိုတာ တွေလား..။ အဲဒီထဲက မေးခွန်းတွေကို ကူးရေးပါ.. အဖြကို အောက်မှာ Answer လို့ထိုးပြီး နံပါတ်စဉ်တပ်ပြီး ဆရာ့ဆီလာပြပါ..။ အချိန် ဆယ့်ငါးမိနစ်ရမယ် စကားမပြောပါနဲ့..။ နောက်ဆုံးတန်းရဲ့ ရှေ့အလယ်ခုံက နှစ်ယောက် စကားမပြောပါနဲ့ မင်းတို့ ကျောက်သင်ပုန်းမှာ ထွက်ရေးချင်လို့လား..။ ကလေးတွေ မင်းတို့ လွန်ခဲ့တဲ့ လပါတ်မှ Direct & InDirect အခန်းမှာ တော်တော် များများမှားတယ်..။ တစ်ယောက်တစ်မျိုး မှားတာထက် တစ်ထပ်တည်း မှားနေတာ မျိုး များနေတယ်.. အဲဒီအတွက် ဆရာ အဲဒီအခန်းကို ပြန်သင်ရလိမ့်မယ်..။ မင်းတို့ အားကစားအချိန်ထဲက သင်မလား ဒါမှမဟုတ်အချိန်ပိုယူသင်မလားက မင်းတို့ ရွေးချယ်ပါ..။ ဟိုတစ်ကောင် စာမရေးပဲ ဘာပြတင်းပေါက်ကိုငေး နေတာလည်း ..။ မြေဖြူခဲနဲ့ မင်းနဖူးနဲ့မိတ်ဆက်ပေးရမယ် ထင်တယ်..။ ဟိဟိ ခွိခွိ.. ။ ဒီကလေးတွေ အသံမထွက်ပါနဲ့ဆိုမှ ဒီတစ်ခါ အသံထွက်တဲ့လူတော့ စံပြမတ်တပ်ရပ်ရမယ်…။


ပေါ်ပီးးးးး ပေါ်ပီးးးး … ရထား ဥသြသံကြောင့် သူလန့်နိုးသွားတယ်..။ အပြင်ဘက်ကို ကြည့်လိုက်တော့ ဆင်းဖို့ နှစ်ဘူတာ  လိုသေးတယ်.. မဆီမဆိုင်း ဒီစက်ခေါင်းက အော်သံက တစ်မျိုးပါလားလို့ စဉ်းစားမိလိုက်သေးတယ် တချို့စက်ခေါင်းတွေက ဘော်ဘူ.. တစ်ချိုစက်ခေါင်းတွေ အီ…. ဆိုပြီး သံရှည်ဆွဲတယ် အခုကပေါ်ပီးးး တဲ့…။ ဒီရထား ကို သူစီးနေတာ ဆယ့်ငါးနှစ်တောင်ရှိပြီပဲ.. ဒီဘူတာတွေ ဒီမြင်ကွင်းတွေ ဒီရထားပေါ်က ဈေးသည်တွေ ခရီးသည်တွေ လက်မှတ်စစ်တွေ… ဆယ့်ငါးနှစ်ဆိုတဲ့ အချိန်မနည်းပါဘူး.. ဒါပေမယ့် ဘာမှမပြောင်းလဲဘူး ..သူကော ဒီရထားကြီးကော ဒီဘူတာတွေ သံလမ်းတွေကော..။ ဘူတာကနေ လမ်းနည်းနည်း လျှောက်ပြီး ကျောင်းမရောက်ခင် နှစ်လမ်းကျော်လောက်က လက်ဖက်ရည်ဆိုင် သူဝင်ထိုင်နေလိုက်သေးတယ် ကျောင်းထဲဝင်ဖို့က စောသေးတယ်.။ သူနာရီတစ်ချက်ကြည့်ပြီး လက်ဖက်ရည်မှာလိုက်သေးတယ် အမှန်တော့ နာရီကိုသာ ငုံ့ကြည့်လိုက်တာ သူအချိန်တွေ ကို အလိုအလျောက်သိပြီးသားပဲ… သူလက်ဖက်ရည်သောက်နေတုန်း ကိုးတန်းကျောင်းသား တစ်ယောက်လာထိုင်တယ်.. သူကို့ ဆရာ ဘာမှာ ပြီးပြီလည်း..။ အေး ငါလက်ဖက်ရည်မှာထားတယ် မင်းကျောင်းနားက ဆိုင်မှာ မထိုင်ပဲ ဒီမှာ ဘာလို့ လာထိုင်နေတာလည်း.. ကျောင်းပြေးမလို့လား … ငါ မင်းဆရာမကို သွားပြောလိုက်မယ်…။ ဟာမဟုတ်ပါဘူးဆရာ.. ကျောင်းနားကဆိုင်က လူများလို့ပါ.. ဒီဆိုင်က ကျွန်တော့်အိမ်နဲ့နီးတော့ ဒီဆိုင်ကို ထိုင်ပြီးမှ ကျောင်းသွားရမှာ..။ သူအိတ်ထဲက ဆေးပါ့လိပ် လှမ်းနှိုက်လိုက်တော့ ကိုယ်တော်က ဆရာစီးကရက်မှာလိုက်မယ် ဟေ့ကောင်မမှာနဲ့.. မှာပြီးရင်  မင်းယူသောက်ဦးမယ် … တော်ကြာဆရာနဲ့တပည့် ဆေးလိပ်အတူထိုင်ဖွာနေရင် ငါမကောင်းဘူးဖြစ်နေမယ်..။ မင်းဟာမင်း သောက်ချင် တခြားမှာ သွားခိုးသောက်..။ ဟုတ်ကဲ့ဆရာ ဆောရီး..။ မင်းတို့ကောင်တွေ ငယ်ငယ်တည်းက ငရွတ်တွေ ငါ့လက်ထဲက လွတ်တာနဲ့ ငါ့ကိုမကြောက်တော့ဘူး ဟုတ်လား..။ ဆရာက စိတ်တိုတတ်ပေမယ့် သဘောကောင်းတာကိုး..။ ကျွန်တော် သွားနှင့်တော့မယ် ဆရာ လက်ဖက်ရည်ဖိုးရှင်းသွားတယ်နော်…။ ဟာဟေ့ကောင် ငါဘာသာ ရှင်းပါ့မယ်ဟ..။



ဂီးးး ဂီးးး .. ကျောင်းခေါင်းလောင်းသံ တလွင်လွင်မဟုတ်တော့ဘူး သံချေးတက်နေတဲ့ လျှပ်စစ်ခေါင်းလောင်းကြီးက တစ်ဂီးဂီးနဲ့… သူဆရာများနားနေဆောင်ထဲကနေ လက်မှတ်ထိုးပြီး သတင်းစာ ထိုင်ဖတ်နေလိုက်တယ်..။  ဆရာ ပထမအချိန် အတန်းမရှိဘူးလား…။ ဟုတ်ကဲ့ ဆရာမ ကျွန်တော်  ဒုတိယအချိန်မှ စမှာ.. ။ ပြောပြီးသူ စာပြန်ဖတ်နေလိုက်တယ်..။ ခဏကြာတော့ ကျောင်းအုပ်ရုံးခန်းက ခေါ်တယ်ဆိုလို့ ရုံးခန်းပေါ် သူတက်သွားလိုက်သေးတယ် ကျောင်းကျန်းမာရေးကိစ္စ၊ ကျောင်းထဲမှာ ခြင်ယင်ကင်းအောင် ဆေးဖြန်းချင်လို့.. အဲဒါ မြို့နယ် ကျန်းမာရေးဌာနနဲ့ ညှိုပြီး လာမယ့် ကျောင်းပိတ်ရက်မှာ ဆောင်ရွက်ပေးဖို့ ကျောင်းအုပ်ကြီးက တာဝန်ပေးနေတယ်..။ အော်ဒါနဲ့ဆရာ လာမယ့်လမှာ ဒေါ်သီတာထွန်းက ဆေးခွင့်တစ်လတောင်းထားတယ် အဲဒါ သူ့အတန်းကို ဆရာ အတန်းပိုင်အဖြစ် ခဏကိုင်ပေးပါလို့…။ ကျွန်တော် သူ့အချိန်တွေတော့ အစားဝင်ပေးလို့ မဖြစ်ဖူးနော် ဆရာမကြီး.. ။ အော်ဟုတ်ကဲ့ပါ.. သူအတန်းကိုပဲ အတန်းပိုင်ဆရာခဏယူပေးထားယုံပဲ ဆရာ.. ။ သူ့အတန်းချိန်တွေကို တခြားဆရာမတွေ အစားဝင်ပေးဖို့ ကျွန်မပြောထားပါ့မယ် ..။ ဟုတ်ကဲ့ အဲဒါဆိုရင် တော့အဆင်ပြေလောက်ပါတယ် ဆရာမကြီး ကျွန်တော်လည်း အား/ကာ အချိန်တွေလည်း ယူထားတာမို့ပါ..။

ညနေပိုင်း နှစ်တန်း ၀င်ပြီ  သူ အားကစားအချိန် အတွက် ကလေးတွေကို တစ်တန်းဝင်ပေးရသည်။ ဒါပေမယ့် တော်တော် စိတ်ပျက်ဖို့ကောင်းတဲ့ အနေအထားပဲ ကလေးတွေကို ခြေလှုပ်ခေါင်းလှုပ် စိတ်ရှုပ်အောင် လုပ်ပေးရုံပဲ..။ ကျောင်းမှာ အားကစားပစ္စည်း မရှိသလို အားကစားရုံလည်း မရှိပါ..။ သူ တစ်ခါတော့ မိဘဆရာ အသင်း အစည်းအဝေးမှာ တင်ပြတောင်း ဆိုဖူးတယ် ..။ ဒါပေမယ့် စဉ်းစားပေးပါမယ် ဆိုတဲ့စကားနဲ့ စာမလာ သတင်းမကြား ဖြစ်သွားရုံပဲ .. ကလေးတော် တော်များများက ကစားခုန်စား အားနည်းပုံရတယ်.. .။ တချို့ကျတော့ ဘာရယ်မဟုတ် လက်လက်ထ တွေ့ကရာနဲ့ကို အငြိမ်မနေနိုင်တာမျိုးလည်း ရှိတော့ ..။ သူကတော့ ဆရာဆိုတော့ မသိမသာ လွှတ်ပေးထားတတ်သည် ..။ ဆရာမတွေ လက်ထဲမှာတော့ ဒီကောင်တွေ တုတ်တုတ်မျှမလှုပ်ရဲ..။ ကျောင်းဆိုတာ စာချည်းပဲ သင်ရုံဆိုရင် ဘာတန်ဖိုးရှိမှာလည်း သူလည်း ဘာကောင်မှမဟုတ်တော့ အဲဒီလို မေးခွန်းမျိုးတွေကို တုံဏှိဘာဝေ လုပ်နေခဲ့တာ ကြာပြီ။
ဆရာကျောင်းလမ်းထိပ်မှာ ဂျူတီယူပေးပါဦးဆရာ ကျောင်းလွှတ်တော့မှာမို့တဲ့ ကျောင်းစောင့် အဘိုးကြီး လာပြောတော့ သူ့ အတန်းထဲက ကောင်တွေကို ငြိမ်ခိုင်းပြီး သူ  ကျောင်းလမ်းထိပ် မတ်တပ်ထွက် လမ်းသလားနေလိုက်သေးတယ်…။ ဆရာ ဆရာ.. တက္ကဆီ တစ်စီးပေါ်က အပြေးအလွှားလှမ်းခေါ်သံ ကြားတော့ လှမ်းကြည့်လိုက်တော့ … လားလား အောင်ကျော်မိုး.. အေး ..ဟကောင် တက္ကဆီတွေ ဘာတွေ မောင်းလို့ အခြေအနေမကောင်းဘူးလား … ဟုတ်တယ်ဆရာ .. အချိန်ရရင် ဆရာနဲ့ စကားပြောချင်လို့.. အေး ခဏတော့ စောင့်ဦးဟ ကျောင်းလွှတ်ပြီးမှ ငါ အားမှာ.. အခု ကလေးတွေ လွှတ်တာကို ခဏ စောင့်ရဦးမယ်..။ ပြောရင်းဆိုးရင်း အဖြူအစိမ်းလေးတွေက ဆူဆူညံညံ ပွက်လောရိုက် ထွက်လာတယ်.. ။ ကားတွေသေချာကြည့်ကူး  … ဟေ့ကောင်တွေ အိမ်တန်းတန်းပြန်နော်…။ တချို့ကလေးတွေက ဆရာ မင်္ဂလာပါ..  တချို့လည်း လက်ပိုက်ပြီး ခေါင်းငုံ့သွားကြတယ်..။ အခု ကလေးတွေက ကျွန်တော်တို့ထက် ပိုလိမ္မာသလိုပဲနော် အောင်ကျော်မိုးက လှမ်းပြောတယ် ..။ ကလေးဆိုတာ ကလေးပါပဲကွာ … ဆိုးတယ် မိုက်တယ် ရယ်လို့လည်း မဟုတ်ပါဘူး ဇွတ်အတင်းကြီး လိမ္မာနေပြန်လည်း မကောင်းပါဘူး.. သဘာဝအတိုင်း သွားနေတာ အကောင်း ဆုံးပဲ…။


ကဲ တပည့် မင်း ကိုအောင်မင်း လက်ဖက်ရည်ဆိုင်ကနေ စောင့်နေလိုက် .။ ဆရာ ရုံးခန်းမှာ လက်မှတ်ထိုးပြီး လာခဲ့လိုက်မယ်..။ ဟုတ်ကဲ့ဆရာ..။
သူ လက်ဖက်ရည်ဆိုင် ထဲ လှမ်းဝင်တော့ အောင်ကျော်မိုးက လက်လှမ်းပြသည်.. ခုံပုလေးဆွဲပြီး သူဝင်ထိုင်လိုက်တော့ ဆရာ ဘာသောက်မလည်း။ ရတယ် ကိုအောင်မင်း သိတယ်..။ သိပ်မကြာခင်ပဲ လက်ဖက်ရည်ဆိုင်ပိုင်ရှင် ကိုအောင်မင်းက ကျစိမ့် တစ်ခွက်နဲ့ ဆေးပေါ့လိပ်လာချပေးသည်..။ ဆရာ စီးကရက်သောက်ပါလား .. မသောက်ပါဘူးကွာ ဒီမှာလည်း စီးကရက်ရောင်းပါတယ် ဆေးပေါ့လိပ်က ငါနဲ့ကိုအောင်မင်း နှစ်ယောက်ပဲသောက်တာ..။ ပြောစမ်းပါဦး မင်းကိစ္စ မင်းမိန်းမနဲ့ကော အဆင်ပြေလား ကလေးကောရပြီလား.. ။ ကျွန်တော်ပြောချင်တာလည်း အဲဒါပါပဲ ဆရာ… ။ ကျွန်တော် အိမ်ထောင်ရေးက သိပ်အဆင်မပြေလို့ ဆရာ။ ဆရာသိတဲ့အတိုင်း ကျွန်တော် ကိုးတန်းနဲ့ မိန်းမခိုးပြေးပြီး ကျောင်းထွက် လိုက်တာ ဆရာမှတ်မိမှာပေါ့ ။ ကျွန်တော့် ကောင်မလေးနဲ့က ကျူရှင်မှာ တွေ့ပြီးကြိုက်တာ အဲဒီတုန်းက ကျွန်တော် ကလည်းသည်းသည်း သူကလည်း ကဲကဲ ဆိုတော့ နှစ်ယောက်လုံး ဆယ်တန်းတောင် မအောင်ဘူးလေ.. ။ အခု အဲဒီဒုက္ခကျွန်တော်ဘ၀ကို လှလှကြီးပေးတော့တာပဲ..။ ပြောရရင်တော့ အရှည်ကြီးပဲဆရာ ဆရာလည်း တချို့ဟာတွေ သိတန်သလောက်သိတယ်…။ ကျွန်တော့်အဖေ့ကလည်း ငယ်ငယ်ရွယ်ရွယ် မိန်းမယူလို့ ဒေါသပုန်ထပြီး ကျွန်တော့်ကို လုံးဝကို စကားမပြောတော့ဘူး.. အဖေက အမှန်ဆို သူ့လုပ်ငန်းမှာ ဦးစီးပြီး သူနေရာချထားပေးတာနဲ့ ယူစေချင်တာ..။ ကျွန်တော်ကလည်း ငယ်သေးတော့ ရောဂါသည်းပြီး ရူးရူးမိုက်မိုက်အိမ်ထောင်ကျ သွားတယ် ဆရာ.. ပထမတစ်နှစ်တော့ ဒုက္ခကချိုမြိန်သလိုပေါ့ ဆရာရယ် အားတွေမာန်တွေနဲ့ အချစ်ကလည်း သိပ်မခါးသေးဘူး..။ ဒါပေမယ့် ရက်တွေလတွေ ကြာလာတော့ အခြေအနေမှန်တွေ တဖြည်းဖြည်းပေါ်လာတယ် ဆရာ.. ။ ကျွန်တော့်အဖေကတော့ ကျွန်တော့်ကို လက်ခံမတွေ့ပေမယ့် လုပ်နိုင်ကိုင်နိုင်မယ့် ငွေလုံးငွေရင်းလေးတော့ ထုတ်ပေးလိုက်ပါတယ်..။ ဒါပေမယ့် ကျွန်တော့်မိန်းမဘက်က အမျိုးတွေနဲ့ ကောင်မလေးကပါ..  သမက်သူဠေးဆိုတဲ့ ပုံမျိုးလုပ်တော့ ကျွန်တော် ပိုက်ဆံလည်း အလုပ်မလုပ်ရဘူး ကုန်သွားတယ်..။ အခုတော့ သိပ်အဆင်မပြေလို့ သူငယ်ချင်းတစ်ယောက်ကို အကူအညီတောင်းပြီး ကားထွက်မောင်းနေရတာ … ဆရာ။  မိန်းမကလည်း ကျွန်တော့်ဘ၀ နိမ့်ပါးနေတော့ သိပ်မတည်ငြိမ်ချင်ဘူး ဆရာ။ စကားလည်း ခဏခဏများတယ် ။ ယောက္ခမအိမ်ပြန်မယ် ဆိုပြီး ခြိမ်းချောက်လို ခြိမ်းချောက်နဲ့..။ ကလေးလည်း မရသေးပေမယ့် ကျွန်တော်ဘ၀မှာ အမှားတစ်ခုကနေ နောက်တစ်ခု ထပ်မဖြစ်ချင်လို့ သည်းခံနေရတယ် ဆရာ..။ အဲဒါ အခု အိမ်ထောင်ရေးကို ရှေ့ဆက်သွားသင့် မသွားသင့် ကျွန်တော် စဉ်းစားနေတာ အဖြေမရလို့.. ဆရာနဲ့တွေ့တာ အတော်ပဲဖြစ်သွားတယ်..။


ဟ .. မင်းဟာက မဟုတ်သေးပါဘူး .. ဒါက ကလေးဘ၀  စာသင်ခန်းထဲမှာ မဟုတ်ဘူးလေ… ငါတို့ အဖြေမှားလည်း ဆရာက အဖြေမှန်ရှာပေးရမလို ဖြစ်နေပြီ..။ တချို့ ကိစ္စတွေမှာ အဖြေမှန် အဖြေမှားမရှိဘူးဟာ ..။ ဘာလို့လည်း ဆိုတော့ ဘ၀ဆိုတာ စာမေးပွဲစစ်နေတာ မဟုတ်လို့ပဲ..။ ဘ၀ဆိုတာ ပန်းချီဆွဲနေတာနဲ့ တူတယ်.. မင်းဆွဲချင်လို့ဆွဲတယ် .. ပြီးချင်လည်း ပြီးမယ် မပြီးချင်လည်း မပြီးဘူး ကောင်းချင်းလည်းကောင်းမယ် မကောင်းချင်လည်း မကောင်းဘူး ရောင်းချင်လည်း ရောင်းရမယ် မရောင်းချင်လည်း မရောင်းရဘူး..။ မင်းပန်းချီဆွဲချင်တယ် မင်းပန်းချီဆွဲတယ်..။ ဒါပါပဲ..။ ဘ၀ဆိုတာ အဖြေမှန်တွေကို လိုက်ရှာနေတာ မဟုတ်ပါဘူး ..။ ကျတဲ့ဇာတ်ရုပ်မှာ အကောင်းဆုံး သရုပ်ဆောင်ရုံပဲလို့ ဆရာထင်တယ်..။ ဒါပေမယ့် ဒါလည်း သိပ်မသေချာဘူး .. ဆရာက ဒဿနဆရာမှ မဟုတ်တာ.. ။ ဆရာသေချာသိတာ တစ်ခုရှိတယ် ဆရာလည်း ဘ၀ကို သေချာမသိဘူး ဆိုတာ ..။ မင်းအခုကားမောင်းတယ် မင်းခရီးသည်တွေ အကောင်းဆုံးဖြစ်ရင် မင်းလည်း တဖြည်းဖြည်းကျေနပ်လာလိမ့်မယ်..။ ဆရာအခု စာသင်တယ် ဆရာတပည့်တွေ အတွက် အကောင်းဆုံးဖြစ်အောင် သင်တယ်..။ အဲဒါဆို ဆရာ့ဘက်က ပြီးပြီပဲ… အရာအားလုံးက ကိုယ့်လက်တစ်နိုင်စာလေးကို ပိုင်ပိုင်နိုင်နိုင် ဆုပ်ကိုင်နိုင်ဖို့လောက်ပါပဲ…။ ရလဒ်အကြီးကြီးတွေကျတော့ အဖြစ်အပျက်တွေအများကြီးပေါ်မှာ အသေးစိတ် အခြေခံဖြစ်ပေါ်လာတာလေ..။ ဆရာတစ်ကိုယ်ရည် တစ်ကာယ ဘ၀နဲ့ မဆိုင်တော့ဘူး..။ ဟုတ်တယ်ဆရာ ကျွန်တော်လည်း ဘာမှမတတ်နိုင်တော့ တစ်ရက်ချင်းကို အဆင်ပြေကျေနပ်အောင် ရင်ဆိုင်နေထိုင်နေရတာပဲ.. တစ်ခါတစ်လေ ကျွန်တော်ဟာ ကျွန်တော်မဟုတ်သလို ခံစားမိလာရတယ်..။ အေး ဒီလိုပါပဲကွာ ငါလည်း အဲဒီလိုခံစားမှုတွေ ကြုံခဲ့ဖူးပါတယ်…။ ကဲ မင်းလည်းကားဆွဲတော့ ငါလည်း ရထားအမှီ ၀ှီလိုက်ဦးမယ်..။

ဂွီ... ဂွီ  မင်္ဂလာဒုံဘက်သို့ ရန်ကုန်မှ ထွက်ခွာမည့် အစုန်ရထားသည် အမှတ်(၃) စင်္ကြန် နံပါတ် ၅ ပလက်ဖောင်းပေါ်သို့ ဆိုက်ကပ်ပြီး မင်္ဂလာဒုံသို့ အချိန်အနည်းငယ်အတွင် ဆက်လက်ထွက်ခွာပါမည်...။ အမြဲတမ်း ကြားရတတ်တဲ့ အိပ်ချင်မူးတူး ကြေငြာချက်ကို စစ်ကြိုခေတ် လော်စပီကာနဲ့ နားထောင်ပြီး သကာလတော့ သူ ရထားပေါ်တက်ထိုင် လိုက်တယ်..။ အရင်ကလို မပြောင်းလဲတာ  ဒီရထားနဲ့သူပဲ ရှိပါလားလို့ မဆီမဆိုင် တွေးမိလိုက်သေးတယ်…။ ကျောင်းဆရာ ဒီနေ့နောက်ကျပါလား ဘေးကလူ အထုပ်အပိုးနဲ့ လူက လှမ်းနှုတ်ဆက်တော့ လက်ကို ဓားနဲ့ခဏခဏ လှီးပြပြီး သွေးတိတ်ဆေးရောင်းတဲ့ လူ… ဘယ်လိုလည်း ဒီနေ့ တွက်ခြေကိုက်ရဲ့လား၊  ထုံစံအတိုင်းပေါ့ ကျောင်းဆရာရယ် ဒီစကားကလည်း မပြောင်းမလဲ အတော်တော်ကြာကြာကတည်းက ခဏခဏ ကြားနေရတာ..။ ညနေက တပည့်ဟောင်း အကြောင်းကို ပြန်စဉ်းစားမိရင်း သူအတွေးက လွန်ခဲ့တဲ့ ၂၇နှစ်က အဖြူအမည်းကားချပ်တွေကို သတိရမိတယ် မန္တလေး တောင်ပေါ်က သူနဲ့ နွယ်ရဲ့ အဖြူအမည်း ဓါတ်ပုံလေး တစ်ပုံ သူမှာ အခုထိရှိတုန်းပဲ ..။ မန္တလေး မြိုမ သီချင်း မန်းဆရာ အတတ်သင် … စက်ဘီးလေးတွေ ညနေခင်းကျူံးဘေးက လေညှင်း ဘ၀ဟာလွမ်းစရာတွေချည်းပဲ ..။ လွန်ခဲ့တဲ့ နှစ်နှစ်က မန္တလေးရောက်တော့ ဆိုင်ကယ်တွေ စကတ်တိုတွေ ဂျင်းပင်တွေနဲ့ လူငယ်တွေကိုတွေ့ခဲ့သေးတယ်.. ။ သမီးက အိုင်အီးအယ်တီအက်စ် တို့ တိုဖလ်ယ်တို့ တက်ချင်တယ်ဆိုတော့ အဖေစုံစမ်းပေးခဲ့ပါမယ်..။ အဖေများသိမလားလို့တဲ့ အလယ်တန်း အင်္ဂလိပ်စာနည်းပြကို သမီးက သိပ်အထင်ကြီးပုံမရ..။ သူ့အမေကတော့ စီးပွားရေးသမားမို့ နင့်အဖေမေးကြည့်တဲ့ ရန်ကုန်မှာ တက်ရမှာဆို သိပ်မလွှတ်ချင်တဲ့ သဘောလည်းပါနေတယ်..။ ထားတော့ ဘ၀တွေဟာ ခြားသွားရင်.. တစ်ယောက်နဲ့တစ်ယောက် လမ်းကြောင်းတွေမှ မတူတော့တာ..။ သူလည်း အိမ်ထောင်ကျခါစကတော့ အဆင်ပြေအောင် ကြိုးစားမယ် ဆိုတဲ့ရည်ရွယ်ချက်နဲ့ပဲ… ဒါပေမယ့် ကျောင်းဆရာပေါက်စ လစာလေးနဲ့ ချစ်ခြင်းဟာ သိပ်ကြာကြာမခံပါဘူး အရည်ပျော်ကျသွားတာပဲ … သူဘာလို့ ကျောင်းဆရာဘ၀ကို ရွေးခဲ့တာလည်း .. တစ်ရွာလုံးမှ ပထဆုံး ဆယ်တန်းအောင်တာ သူဖြစ်နေရတာကို ရွာကိုစာပြန်သင်ဖို့… ရွာက လည်းအကုန်လုံးက သောင်းသောင်းဖြဖြ တက်တက်ကြွကြွ လေးလေး စားစား အားပေးခဲ့တာပဲ…။ ဆယ်တန်းမအောင်ပဲ ရွာကတက်လာတဲ့ သူသူငယ်ချင်းတစ်ချို့တောင် အီလည်လည်နဲ့ အောင်မြင်သွားကြတဲ့တယ် … သူကတော့ ရှင်းရှင်းလင်းလင်းကြီးကို ကျောင်းဆရာတစ်ယောက်ဘ၀မှာ ပီတိတွေနဲ့ နွယ်နဲ့သူ အိမ်ထောင်ရေးက သုံးနှစ်သာသာလေးမှာပဲ … ဇာတ်လမ်းဆုံးသွားတယ် … သမီးကို ပစ်ထားနိုင်ပေမယ့် မြေးအနှစ်ကိုတော့ မပစ်နိုင်တဲ့ ယောက္ခမ ကုန်သည်က သမက်ကိုထားပြီး … သမီးနဲ့မြေးကိုပဲ ခေါ်သွားနိုင်လောက်အောင် ပြတ်သားခဲ့တယ.်..။ အရင်ကတော့ စိတ်ထဲက တစ်သက်မုန်းမယ် ဆိုတဲ့ယောက္ခမကို အခုတော့ သူကျိတ်လေးစားမိနေပါတယ် … အားနာတာနဲ့  မပြတ်သားတာနဲ့ ဇဝေဇ၀ါနဲ့ ကျေးဇူးတရားနဲ့ … အရာရာကို တခြားသူစိတ်တွေကိုသာ ဦးစားပေးနားထောင်တတ်တဲ့အကျင့်က သူ့ကို ဆယ်ပေပါတ်လည် အခန်းလေးထဲမှာ အလင်းရောင်မှိန်မှိန်နဲ့ထားခဲ့ပြီလေ..။ သူကိုယ်သူ အကြောင်းတွေ ပြန်နားထောင်ဖို့ သူ့နားကတော့ သိပ်မကောင်းတော့ဘူး..။
ဘော်…ဘူ… ၁၆ဘူတာ မိုင်နှစ်ဆယ် နီးပါး ဖြတ်သန်းလာပြီးနောက်တော့ သူနေတဲ့ ဆင်ခြေဖုန်း ရပ်ကွက်လေးထဲကို ရောက်ရှိလာပါတယ်.. ။ မှောင်ရီပျိုးနေပြီ ဆိုပေမယ့် ကလေးတွေ ရှုပ်ထွေး နေတုန်း..။ လမ်းထိပ်က ဆိုက်ကားနင်းတဲ့ ၀င်းသော်က ဆရာကျွန်တော်လိုက်ပို့ပေးရမလား.. အေးငါ့ကိုတော့မပိုနဲ့ကွာ မင်းအားရင်ဆရာ့အတွက် ရှစ်ပါတ်ပြားလေး သွားဝယ်ပေး.. ပြီးရင် ဆရာ့အိမ်လာပို့လိုက် ဟုတ်ကဲ့ဆရာဆိုပြီး ၀င်းသော်ထွက်သွားတယ်..။ သူကလေးတွေကို နှုတ်ဆက် လမ်းသွားလမ်းလာ ကွမ်းယာဆိုင်မှာ ဆေးပေါ့လိပ်ထပ်ဝယ်ပြီး.. အိမ်လို့ခေါ်တဲ့ မြေစိုက် ဓနိမိုးတရံကာ အခန်းလေးကို လှမ်းဝင်လိုက်တယ်..။ နောက်ဘက်က အိမ်ရှင် ဒေါ်အေးသင်းက ကျောင်းဆရာပြန်လာပြီလား ဒီနေ့နောက်ကျတယ် … ဦးထွန်းမြတ်ကတောင် ထမင်းစားဖို့စောင့်နေသေးတယ်.. သူဒီနေ့ ပန်းရံကန်ထရိုက်တစ်ခု ထပ်ရလို့ အဲဒါ ကျောင်းဆရာလာရင် အတူသောက်မယ် လုပ်နေတာ ထမင်းလည်း ပိုချက်ထားတယ် ခဏနေ ပေတိုးနဲ့ ပို့ခိုင်းလိုက်မယ်… ဟာ ကျေးဇူးပါ ဒေါ်အေးသင်း ..။ ခဏနေတော့ ပေတိုးက ထမင်းနဲ့ဟင်းတွေ လာပို့တယ်… မီးပျက်နေလို့ ဘထ္ထရီ မီးချောင်းလေးထွန်းပြီး အမှတ်ခြစ်ရမယ့် အဖြေလွှာစာအုပ်ကိုဆွဲလိုက်တယ်… စိတ်ထဲမှာ နည်းနည်း မှုန်းမှိုင်းနေသလိုပဲ … အဖြေလွှာ တစ်ထပ်ကြီးကို စားပွဲဘေးချပြီး .. ပေတိုးလာပေးတဲ့ ထမင်းနဲ့ဟင်းကိုတင်လို.. သိပ်မကြာခင်ပဲ ၀င်းသော်က သတင်းစာလေးနဲ့အုပ်ပြီး လာပေးတဲ့ ပုလင်းကိုဖွင့်လိုက်တယ် … ၀င်သော်သောက်သွားဦးလေ ဆိုတော့ ဟာ အားနာပါတယ် ဆရာ ကျွန်တော်ဆိုက်ကားဆွဲ လိုက်ဦးမယ်… အေးအေး အဲဒါဆိုလည်း ပြီးရော… ။ ရေသန့်ဘူးကို ခါးလည်က ဖြတ်ပိုင်းလိုက်ရင် ခွက်ဖြစ်တယ်ဆိုတာ … ဘ၀မှာ တချို့လူတွေ သိပါ့မလား မသိဘူး… သူကတော့ ဘ၀မှာ မသိတာတွေ အများကြီးပေမယ့်..သောက်ပြီးသားရေသန့်ဘူးတွေကိုတောင် ခွက်တစ်ခုအနေနဲ့ အသုံးဝင်ချင်ဝင်နိုင်ဦးမှာပဲ တွေးတောမိရင်း…..


မိုးလှိုင်ည

1 comments:

ဘ၀ဆိုတာ ကျောင်းသားဘ၀မှာ စာမေးပွဲဖြေသလို ဒါကမှ အဖြေမှန် ဆိုတာမျိုး မရှိဘူး ... ကိုယ်ရောက်နေတဲ့ အနေအထားတစ်ခုမှာ ကိုယ့်ရပ်တည်ချက်နဲ့ကိုယ် မှန်နေဖို့ပဲ လိုတာပါ ...
( သိသလောက်လေး ၀င်ပြောကြည့်တာ .. :-))