ပေရွက် … ကညစ်စာကို ခြစ် …။
လူဟာ အက္ခရာ ပုံသဏ္ဍာန်တွေ ပေါ်လာကတည်းက ဆက်သွယ်မှု ပုံစံတစ်မျိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ သဘာဝ ဆက်သွယ်မှု ပုံစံပြင်ပကနေ ပထမဆုံးနဲ့ အသုံးတွင်ကျယ်ဆုံးကတော့ လူတီထွင်တဲ့ အရာက စာရေးသားခြင်းပါ။ ရေးတဲ့လူက ရေးတယ်၊ ဖတ်တဲ့လူက ဖတ်တယ်။ အဲဒီလိုနဲ့ အသိပညာ လက်ဆင့်ကမ်း လာပါတယ်။ စာပေကို သယ်ဆောင်လာတယ် ကြားခံ မီဒီယာတွေကလည်း အမျိုးမျိုး တိုးတက် ပြောင်းလဲလာပါတယ်။ ကျောက်စာ၊ ပေစာ၊ မင်စာ၊ ပုံနှိပ်စာ … စသည်ဖြင့် ပေါ့လေ …။
အိမ်မှာ PC တစ်လုံး စဝယ်တုန်းကတော့ လုပ်ငန်းသုံးလောက်ပဲ အသုံးဝင်မှာလို့ တွေးမိတယ်။ အဲဒါနဲ့ စာရင်း ဇယားလေးလုပ်ရုံ၊ ဝန်ထမ်းတွေရဲ့ ပရိုဖိုင်တွေ သိမ်းထားရုံ၊ အိမ်သုံး စရိတ်၊ လုပ်ငန်း စရိတ် တွက်ရုံလောက်ပဲ သုံးဖြစ်တာ။ စာရေးတဲ့ အခါကျတော့ စာရေးစက္ကူနဲ့ ဘောပင်နဲ့ ရေးရတာပဲ ဈာန် ဝင်ပါတယ် ဆိုပြီး ကွန်ပျူတာ ရှိပေမယ့် မဂ္ဂဇင်း ဂျာနယ်တွေမှာ ဆောင်းပါး ရေးတဲ့ အခါတော့ လက်ရေးနဲ့ပဲ ရေးပို့တာပဲ။ ဒါပေမယ့် သူငယ်ချင်း အရင်း တစ်ယောက်က ဂျာနယ် လုပ်တော့ မင်း ဆောင်းပါးတွေကို မင်းဟာ မင်း ရိုက်ပို့ကွာ ငါတို့ ဒီမှာ တစ်ခါတည်း Layout ထိုင်လို့ ရတာပေါ့ ဆိုတော့ ကိုယ့်ဟာ ကိုယ် မရိုက်တတ်၊ ရိုက်တတ် စမ်းရိုက်ရင်း စာရေးရင် မော်နီတာနဲ့ပဲ ရေးချင်တော့တယ်။ ဟော ကိုယ်ဟာ ကိုယ် blog လေး ရေးမယ် ဆိုတော့လည်း စာရွက်ပေါ်မှာ အရင် ရေးပြီးမှ ကွန်ပျူတာဆီ Publishing လုပ်ဆို အဆင့်တွေ များသွားပြီး တစ်ခါတည်း မော်နီတာပေါ်မှာ စာရိုက် တစ်ခါတည်း တင်ဆိုတော့ ဟန်ကျနေတာပေါ့။ သိပ်မကြာဘူး၊ ချင်ချင်းက တစ်မျိုး ပြောင်းလာတယ်။ စာရေးတာက အတွေးပေါ်ရင် ပေါ်တဲ့အချိန် ပေါ်တဲ့ နေရာမှာ ချရေးတာ အကောင်းဆုံး မို့လား။ လက်တော့(ပ်)လေး တစ်လုံးလောက် လိုချင် ပြန်ရော၊ ပလက်ဖောင်း ကဖေးမှာ ကော်ဖီ သောက်လိုက်၊ စီးကရက်လေးဖွာ လိုက် Keyboard ခလုတ်တွေ ပေါ်မှာ ခံစားမှု သက်ဝင်သွားရင် Webpage မှာ ပေါ်လာမယ့် အနုပညာ အတွက် ရင်ခုန်မိပြန်ရော ပုံနှိပ်စာနဲ့ လက်ရေးမူတွေကို ဖတ်ရှု နေရတဲ့ စာနယ်ဇင်း ဘဝကိုတော့ တစ်ခါတလေ အောက်မေ့မိပါတယ်။ ဒါပေမယ့် ခေတ်နဲ့ နည်းပညာ ဒရွတ်တိုက် ဆွဲခေါ် သွားတာပဲ။ ကိုယ် မလိုက်ချင်လို့ မရဘူးလေ။
အရင်ကဆို သူငယ်ချင်းတွေက မင်း လက်ကိုင်အိတ်က မင်းထက် ပိုလေးတယ်လို့ အမြဲ စနေကျ၊ အတွင်းရေးမှုးမလေးတွေကို လက်ကိုင်အိတ် ဆွဲခိုင်းရင်တောင် ဆရာ့ကို ချီဆို ချီပါ့မယ်၊ ဆရာ့ အိတ်ကြီးတော့ မဆွဲ ပါရစေနဲ့လို့ ပြန်နောက် တတ်တယ်။ စီးပွားရေးသေးသေး လုပ်တာတောင် အချက် အလက် တစ်ပုံကြီးကို ကိုယ်လက်ကိုင်အိတ်ထဲ ထည့်ထားရတာ၊ ကိုယ်နဲ့ စီးပွားဖက်တွေနဲ့ ဆက်သွယ်ရန် လိပ်စာတွေ၊ ဖုန်းနံပါတ်တွေ၊ သူတို့ လုပ်ငန်းတွေ၊ ကိုယ့် စီးပွားရေးနဲ့ ဆက်စပ်နေတဲ့ မြို့တွေကို ဆက်သွယ်နိုင်မယ့် အချက်အလက်တွေ၊ မြို့တွေ အကြောင်း၊ လူတွေ အကြောင်း၊ လုပ်ငန်းတွေ အကြောင်း၊ စီးပွားရေး ကြီးရင် ကြီးသလောက် ကိုယ့်ကွန်ယက်ကို လက်တံ ဖြန့်ထားရတာ။ အရေးပေါ် အရန်သင့် ထားရတဲ့ ငွေသား ပမာဏတစ်ရပ်လည်း လွယ်အိတ်ထဲ ထည့်ထားရတာ။ အရေးကြီးတာတွေ ထည့်ထားရတဲ့ အိတ်ဆိုတော့ Security စနစ်ကောင်းအောင် ဈေးကြီး ခိုင်ခံ့ သတ္တုစပ် အိတ်မျိုး ကိုင်ရပြန်ရော။ အဲဒီတော့ တစ်ခါတစ်လေ အိတ်က ကိုယ့်ကိုယ် ပြန်ပြန် ထမ်းနေရရော…။
အခုတော့ ဘာအိတ်မှ မလိုတော့ဘူး အချက်အလက်တွေကို လက်ကိုင်ဖုန်းထဲ ပြောင်းထည့် ထားလိုက်ပြီ။ အရင်က နာရီ ပတ်ရတာ ဝါဿနာ မပါ ပေမယ့် လုပ်ငန်းရှင်မှန်း သိသာအောင် တိုက်တေနီယမ် လက်ပတ်နာရီကြီး ဟန်လုပ် ဝတ်နေစရာ မလိုတော့ဘူး။ နှစ်တစ်ရာ ပြက္ခဒိန်ပါတဲ့ ဒိုင်ယာရီ စာအုပ်ကြီးလည်း ချောင်ထိုးထား လိုက်ပြီး ဆက်သွယ်ရန် လိပ်စာ ဖုန်းနံပါတ်တွေ အားလုံးက မိုဘိုင်းဖုန်းရဲ့ တာဝန်ပဲ၊ အတွင်းရေးမှုး ထက်တောင် စိတ်ချ ရသေးတယ်။ အရင်က အလုပ် သွားခါနီးရင် အိတ်ပြင် ရတာနဲ့တင် စအလုပ်ရှုပ်တာ၊ အခုတော့ Cell ဖုန်းလေးဆွဲလာရင် ပြီးပြီ။ အိမ်က မိန်းမက ဆိုရင် အလုပ် ကောသွားတာ ဟုတ်ရဲ့လား အိတ်မယူတာ အတော်ကြာပြီ။ လက်ကိုင်ဖုန်း တစ်လုံးနဲ့ ကမ္ဘာပတ်လို့ ရတာ ဒီမိန်းမ သိပုံ မရသေးဘူး။ ဒီတစ်ခါ စကားများရင် ပိုက်ဆံ မယူ၊ အဝတ်အစား ထည့်မသွားဘဲ တစ်ပတ်လောက် သွား ကဲလိုက်မယ်။ ဆိုးတာက အိပ်ချိန်ထိ မိုဘိုင်းထဲကနေ လာလာ ခိုင်းနေကြတာပဲ။ ကိုယ်က အလုပ်စွဲသူ ဆိုတော့ ဖုန်းလည်း ပိတ်မထားရက်တော့ ပိုပြီး အစီး ခံရသလို ဖြစ်နေသလားပဲ...…။

အောင်ပိုင်စိုး

0 comments: