သာအေးတစ်ယောက် အမိမြေနဲ့ အဝေးတစ်နေရာမှာ အလွန်အမင်း စန်းထ အောင်မြင်နေလေသည်။ တစ်ရွာပြောင်း၍ သူကောင်း ဖြစ်သည့် အထဲမှာ သာအေးပါသည်။ မအောင်မြင်ခံနိုင်ရိုးလား။ လူအတော် များများ၏ ကံကောင်းခြင်းများအား သူတစ်ယောက်တည်း ကံထရိုက် ဆွဲထားသလား အောက်မေ့ရအောင် ကံကောင်းခြင်း လက်ဆောင်များက သာအေးဆီ တဖွဲဖွဲ တသဲသဲ ၀င်လာမစဲ ဖြစ်နေသည်။

သာအေးဆီ အများဆုံးရောက်လာရတာကတော့ ငွေပဲဖြစ်သည်။ ဘယ်က ဘယ်လိုရသည် မမေးနဲ့။ ဘယ်လိုလုပ်လိုက်သည် မမေးနဲ့။ ငွေတွေ သောက်မြင်ကတ်လောက်အောင် သာအေးဆီ ၀င်နေသည်။ ဘဏ်တွေဆို သာအေးကို အတော်ပင် အမြင်ကတ်လေသည်။ သာအေးကလည်း သာအေး။ ရသမျှသော ငွေတွေကို ထားစရာမရှိသဖြင့် ဘဏ်သွားသွား အပ်ထားရာမှ ဘဏ်တွေက သာအေး၏ စုငွေများအတွက် အတိုးချည်း နင့်နေအောင် ပေးနေရသည်။ ကြာတော့လည်း သာအေးအပေါ် အတော်ပင် အမြင်ကတ် လာကြလေသည်။ ဘယ်သူတွေ အမြင်ကတ်ကတ် သာအေး၏ ဘဏ်စာရင်းတွင် ဒေါ်လာငွေများကား တိုးပွားမြဲ တိုးပွားဆဲ။

ယခုမျှလောက်ဆိုလျှင် စာဖတ်သူတို့ သဘောပေါက်လောက်ပြီ။ သာအေးဆိုသည့် ကောင်သည် ငွေပေါများနေသည် ငွေပေါလောကောင်ကြီးဖြစ်လေ၏။

ဗျိုး … ကိုသာအေးကြီး … လိုက်မလားဗျာ … ကောင်မလေးတွေကို ဓာတ်ပုံသွားရိုက်မလို့။

ဟေ … ဓာတ်ပုံရိုက်ပြီး ဘာလုပ်မလို့လဲကွ … သူတို့က လိုင်စင်လျှောက်ဖို့လား … စီဗွီဖောင်မှာ ကပ်ဖို့လား။ ကြည့် … ဓာတ်ပုံအရိုက်ခံခြင်းကိစ္စကို ထိုမျှလောက်သာ အသုံးဝင်သည်ဟု သိထားသော အနှီသာအေးဖြစ်ပေသည်။

ဟာဗျာ ဘယ်ကလာ ကိုသာအေးကြီးကလည်း … အခု သွားရိုက်မှာက အလန်းလေးတွေဗျ။ ကောင်မလေးတွေက ရေကူးဝတ်စုံလေးတွေနဲ့ လိုက်ခဲ့ပါဗျ ပျော်ဖို့ကောင်းပါတယ်။

ဒီလိုနဲ့ ရေကူးဝတ်စုံအသံကြားသော ထိုသာအေးတစ်ယောက် အတော်ပင် ထကြွသွားလေသည်။ သူတစ်ခါမှ မမြင်ဖူးသေး။ ဒါပေမယ့်လည်း ဟန်ကိုယ်ဖို့ဆိုသော စကားရှိသည် မဟုတ်ပါလား။

ခွေးကောင်လေးတွေ … သွားကဲကြမလို့ပေါ့လေ … အေးအေး မင်းတို့မှာ ပစ္စည်းပစ္စယတွေလည်း တပုံတပင်နဲ့ လူကလည်းများတယ်ဆိုတော့ ငါကိုယ်တိုင်ပဲ ကားမောင်းပြီး လိုက်ပို့ပါ့မယ်လေ။ ငါလည်း အတွေ့အကြုံ အသစ်တစ်ခုတိုးတာပေါ့။

ဟဲဟဲ လူကြီးက မသိရင်ခက်မယ် … ဘာပဲပြောပြော နောက်ဆုံးပေါ် ပေါ်ရှေး အမိုးပွင့်ကားကလေးနှင့် လာသည်ဟူသော ဂုဏ်ပုဒ်ကပင် အတော်လေးမြောက်ချင်စရာမို့ ထိုဓာတ်ပုံဆရာပေါက်စကလေး နှစ်ယောက် ကိုသာအေးနှင့်အတူ … ကမ်းခြေသို့ ချီတက်ခဲ့ကြသည်။

ဟိုင်း … ဟယ်လို … ဒါက ကိုသာအေးဆိုတာပေါ့ ဟိုင်းဘော့စ်လေ … အရွယ်တော် တစ်ဆိတ်ဟိုင်းနေပြီမို့ ကွယ်ရာမှာ ဟိုင်းဘော့စ်လို့ ခေါ်ခံရသည်ကို သိသဖြင့် အောင့်သက်သက်ဖြစ်သွားသော်လည်း ချစ်စရာမဒီလေးများက လက်ကမ်းပေးနေပြီမို့ သာအေးတစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်လေသည်။

အိုး … လက်ကလေးတွေက နုလိုက်တာ …
ရိုက်တော့မလား … အိုကေလေ စကြတာပေါ့ …

အိုး … သာအေးတစ်ယောက် မျက်နှာဘယ်နား သွားဖွက်ထားရမှန်း မသိ။ ထိုအနှီ ကောင်မလေး နှစ်ယာက်က သူတို့ရှေ့တွင်ပင် ရေကူးဝတ်စုံကလေးများနှင့် ခုန်ပေါက်နေသည် … ဂလု …

ဟိုအကောင်တွေလည်း ဘာတွေလုပ်လို့ လုပ်နေမှန်းမသိ … သုံးချောင်း ထောက်ဒေါက်များ ထောက်ကြသည်။ ဟိုဟာ ထုတ်တပ်လိုက် ဒီဟာဖြုတ်လိုက်နှင့် ရှုပ်နေတာပဲ။ သူတို့ကို ကြည့်ရတာ စစ်သွားတိုက်မယ့် စစ်သားတွေ သေနတ်ပြောင်းတွေ တပ်လိုက်ဖြုတ်လိုက် လုပ်နေကြသလိုလို။

ဟင် … ကိုသာအေးကြီးက မရိုက်ဘူးလား … အဲ … အဲ … မေးနေပြီဟ … သြော် ကိုသာအေးက ဓာတ်ပုံဝါသနာမပါဘူးဗျ … ကျွန်တော်တို့ နှစ်ယောက်တည်း ရိုက်မှာ … သူက အဖော်လိုက်လာတာ …

ခွေးကောင်လေးတွေ … ငါ ဓာတ်ပုံဝါသနာမပါဘူးလို့ ဘယ်သူက ပြောလဲ … စိတ်ထဲမှာ ကျိတ်ဆဲပြီးမှ သာအေးတစ်ယောက် အသာအယာ ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်သည်။ မဖြစ်တော့ဘူး မဖြစ်တော့ဘူး … ငါ ဓာတ်ပုံရိုက်မှ ဖြစ်တော့မယ်။

သာအေးတစ်ယောက် ခေါင်းတွေလည်း နောက်ကျိလာသည်။ ကမ်းခြေမှာ သူတစ်ယောက်တည်း အထီးကျန်ဆန်နေသလိုလို။ ဒီလိုနဲ့ သူတို့တွေ ဓာတ်ပုံရိုက်လို့သာ ပြီးသွားသည် သာအေးတစ်ယောက် စိတ်သိပ်မကြည်။ စိတ်မကြည်တော့ ရုပ်ကလည်း မရွှင်။

ကိုသာအေးကြီး နေမကောင်းဘူးလားဗျာ … မျက်နှာလည်း မလန်းပါလား … လန်းမလားဟဲ့၊ ခွေးကောင်လေးတွေရဲ့ နင်တို့ချည်းလန်းနေတာ ငါမှ မလန်းရတာ … အင်း … ခေါင်းနည်းနည်းကိုက်လို့ပါကွာ ဟူ ဖြေပြောလေး ပြောလိုက်ရလေသည်။ ဟားဟား … ကိုသာအေးကြီး ကျွန်တော်တို့ပုံတွေ အင်တာနက်ထဲတွေ့မှ လန်းထွက်သွားမယ် … ။

ပြောလည်း ပြောလောက်ပေသည်။ သကောင့်သားတွေ ဘယ့်နှယ့် လက်စွမ်းပြသည်မသိ။ ပုံတွေက အတော့်ကို လှလေသည်။ သာအေးတစ်ယောက် ဓာတ်ပုံရိုက်ချင်စိတ်များ ထိန်းမနိုင် သိမ်းမရ။ ဒီကောင်လေးတွေ ဆရာသွားတင်လို့ ငါ့ကို လှောင်နေဦးမယ်။ နေနှင့်ဦး … ။

သာအေးတစ်ယောက် ရှော့ပင် အကြီးအကျယ်ထွက်ရန် ပြင်ဆင်လိုက်သည်။ ကင်မရာတွေကလည်း မျိုးစုံလှသည်။ တံဆိပ်မျိုးစုံ မှန်ဘီလူးပေါင်းမျိုးစုံ … ဘယ်ဟာကို ရွေးလို့ ရွေးရမှန်း မသိ။ အို ရှုပ်ပါတယ်။ အားလုံးပါးစပ်ပိတ်သွားအောင် သာအေးလုပ်ပြမယ်။

သာအေး၏ ကားနောက်ခန်းတွင် ကင်မရာ နှစ်လုံးနှင့် မှန်ဘီလူးပေါင်း နှစ်ဒါဇင်တိတိပါလာသည်။ နီကွန်က ကောင်းတယ် ကင်နွန်ကကောင်းတယ်နှင့် ပြောနေကြတာ သူလည်း နားမလည်။ အဲလောက်တောင်ဖြစ်လှတာဆိုပြီး နီကွန်ကော ကင်နွန်ပါ ၀ယ်ချလာသည်။ ဒါတောင် အိုလံပတ်စ် ဆိုနီစသည့်ဟာများကလည်း သူ့ကို မျက်စပစ်ပြကြသည်။ သူ့မှာ လက်နှစ်ဖက်သာ ရှိသည်မို့ နှစ်လုံးဆိုတော်လောက်ပြီဆိုပြီး နှစ်လုံးသာ ရွေးယူလာခြင်းဖြစ်သည်။

သိပ်များများစားစား ရွေးစရာလည်းမလိုဘူးလေ။ ဟေ့ … မင်းတို့ဆီမှာ ဈေးအကြီးဆုံးဟာ ပေးဟေ့ဆိုလျှင် ကိစ္စပြတ်သည်။ မှန်ဘီလူး နှစ်ဒါဇင်လား။ ဒါကတော့ နီကွန်အတွက် တစ်ဒါဇင်။ ကင်နွန်အတွက် တစ်ဒါဇင်။ ဒါလည်း ဈေးအကြီးဆုံးတွေချည်း ရွေးယူလာတာဖြစ်သည်။ သူဘာမှ မသိ။ ထိုသူများပြောသော ကင်မရာအသုံးပြုနည်း သင်တန်းတက်လိုက်လျှင် သိမည်ဟု ယူဆရသည်။

ထိုသို့ဖြင့် ထိုသို့ဖြင့် ခြောက်လမျှ ကြာသွားသောအခါ … ကိုသာအေးကြီး ဘယ်လိုများ လေ့လာလိုက်သည် မသိ။ ဓာတ်ပုံပညာကို တစ်ဖက်ကမ်းခတ်မျှ (မှတ်ချက်။ နည်းနည်းတော့ အပိုပြောခြင်းဖြစ်သည် … အမှန်မှာ ခလုတ်နှိပ်တတ်ရုံလောက် တတ်သွားသည် … စာရေးသူ) ကျွမ်းကျင်လာသည်။ သူ့လက်ထဲတွင် ကင်မရာက နှစ်လုံးမကတော့ … ကင်နွန်၊ နီကွန်၊ အိုလံပတ်စ်၊ ဆိုနီ၊ ပန်တက်၊ မာမီယာ၊ စသည်ဖြင့် ကင်မရာခြောက်လုံး ရှိလာသည်။ သူ့ ဘဏ်စာရင်းထဲက ၀.၀၀၀၁ ရာခိုင်နှုန်းမျှသော ငွေပမာဏကို သူဖြုန်းပစ်လိုက်သည်။

ကိုသာအေးကြီး ဘယ်တော့ရိုက်ပေးမှာလည်း ဟူသော မေးခွန်းများ သူ့ထံတွင် ပုံနေသည်။ ဒါကြောင့် … သာအေးတစ်ယောက် နောက်ထပ်ကင်မရာ ဆယ်လုံးတိတိ ထပ်ဝယ်လိုက်သည်။ သာအေး ဓာတ်ပုံရိုက်ပြမည်။ မေးခွန်းတွေ အကုန်ဖြေပြီးသားဖြစ်အောင် သာအေးဓာတ်ပုံရိုက်ပြမည်။

ကမ်းခြေမှာ ဓာတ်ပုံအရိုက်ခံမည့် ကောင်မလေး ဆယ့်ခြောက်ယောက် တိတိရှိသည်။ သာအေး၏ ကင်မရာ ဆယ့်ခြောက်လုံးမှာ သုံးချောင်းထောက် ဒေါက်များပေါ်မှာ … သာအေးလက်ထဲမှာ အထူးစီမံပြုလုပ်ထားသော အဝေးထိန်းခလုတ်တစ်ခုရှိသည်။ ကင်မရာထုတ်ကုမ္ပဏီများမှ သာအေးအတွက် အထူးစီမံပေးထားခြင်းဖြစ်သည်။ ထိုအဝေးထိန်းခလုတ်နာမည်ကိုက TA 2009 တဲ့ … တီအေဆိုတော့ သာအေးပေါ့လေ။

ထိုကောင်မလေးများက ပုံစံမျိုးစုံအိုက်တင်ထုတ်ပြကြသည်။ သာအေးက အဝေးထိန်းခလုတ်မှ ခလုတ်မျိုးစုံကို နှိပ်သည်။ သူ၏ ကင်မရာများမှာ ခေသူများ မဟုတ်ကြ။ တစ်စက္ကန့်လျှင် ပုံခြောက်ဆယ်တိတိ ရိုက်ကူးနိုင်ကြသည်။ သူသုံးသော မှန်ဘီလူးများမှာ အကောင်းဆုံး အမူအယာကို ရသည်နှင့် အလိုလိုပုံရိပ်ကို ဖမ်းပေးကြသည်။

ထိုသို့ဖြင့် ခေတ်မီသူတိုင်း ဓာတ်ပုံရိုက်ကြသည့် ခေတ်တွင် ဓာတ်ပုံသာအေးဟူသော အမည်နာမမှာ ဟိုးလေးတကြော်ကြော်။ ဆုပေါင်း သောင်းခြောက်ထောင် အလကားနေရင်း အလကား လာလာပေးနေကြသည်။ သာအေးတစ်ယောက် တ၀ုန်းဝုန်း တရုံးရုံးနှင့် … ။

ကင်မရာကုမ္ပဏီကြီးများက အချဉ်သာအေးကို နည်းပညာများနှင့် ဖမ်းစားကြသည်။ မော်ဒယ်မလေးများက ကိုကိုသာအေး မောင်မောင်သာအေးကို အပြုံးကလေးများဖြင့် ဖမ်းစားကြသည်။ တစ်နေ့သော် …

သာအေးတစ်ယောက် သူ၏ လက်ကိုင်ဖုန်းမှ ခလုတ်ကလေးတစ်ခုကို မတော်တဆနှိပ်မိသည်။ အောင်မလေးဗျ … သာအေးလန့်သွားသည်။ သူ့ဖုန်းကလေး၏ စခရင်တွင် မှောင်မှောင်မည်းမည်း လှုပ်တုပ်လှုပ်တုပ်နဲ့ … သူ သေချာထပ်ကြည့်လိုက်သည် … သြော် .. လတ်စသတ်တော့ ဒါကလည်း ကင်မရာကိုး … ဟားဟား … ဟား ဟား … ဟား … ဟား … ဟား ဟား … ။ အဲလို တဟားဟား အော်ရယ်ရင်း သာအေးတစ်ယောက် သူ၏ ကင်မရာများနှင့် ပစ္စည်းများအားလုံးကို ကားပေါ်တင်ကာ ကားကို အပြင်းအထန်မောင်းထွက်သွားလေသည် … ။ ထိုအချိန်မှ စ၍ သာအေးကို မည်သူမှ မတွေ့ရတော့။ သာအေး တစ်ယောက် ပျောက်ချင်းမလှပျောက်သွားခဲ့ပြီ။

လူတစ်ချို့က ပြောကြသည် … ။

မော်ဒယ်မလေးများထဲမှ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လည်း ပျောက်ဆုံးသွားကြသည်။

သာအေး၏ စည်းစိမ်ချမ်းသာများလည်း သာအေးနှင့်အတူ ပျောက်ဆုံးသွားသည်။

သာအေး၏ အတိုင်ပင်ခံရှေ့နေ ဦးအေးသာတစ်ယောက် အကြီးအကျယ်ချမ်းသာသွားသည်။

တောကြိုအုံကြားမှာ ကင်မရာတကားကားနှင့်
ဘုရားကြိုဘုရားကြားမှာ ကင်မရာတကားကားနှင့်
ရပ်ကွက်ကြိုရပ်ကွက်ကြားမှာ ကင်မရာတကားကားနှင့်
ကမ်းခြေတွေမှာ ကင်မရာတကားကားနှင့်
ပွဲတော်တွေမှာ ကင်မရာတကားကားနှင့်
ထိုထိုအီအီလမ်းသလားကြသော သူများအကြားတွင် ကိုသာအေးတစ်ယောက်များ ပါခဲ့ပါလျှင် …
မိတ်ဆွေများမှတ်မိကြပေဦးမည် …

ကိုသာအေး ထွက်ခွာသွားပြီးသော်လည်း ကိုသာအေး၏ အိမ်ကြီးထဲမှ ဧည့်ခန်းလေးအတွင်းရှိ စားပွဲပေါ်တွင်ကား ကိုသာအေး ထားရစ်ခဲ့သော တယ်လီဖုန်းလေးမှာမူ တတီတီမြည်ရင်း … ။

ကိုဖြိုး


(သံလွင်အိပ်မက်)

0 comments: