ညချမ်းက နီယွန်မီးကွက်တွေ တစ်စက်စက် စွန်းထင်းနေပါတယ်… ကျွန်တော် ပန်းဆိုးတန်းလမ်းမ ဟိန္ဒူ ဘုရားကျောင်း ကြီးရှေ့က ကတ္ကရာလမ်းပေါ်မှာ ချခင်းထားတဲ့ ထမင်းကြော်ဆိုင်မှာ ထိုင်နေပြီး ကော်ဖီမစ်တစ် ခွက်မှာသောက်ပြီး ဇိမ်ကျနေတုန်း… မီးပွိုင့်က ဘတ်(စ်)ကား တစ်စင်းက စိတ်ကောက်နေ့တဲ့ ကောင်မလေးလို ကောက်ထွက် သွားတာ မြင်လိုက်မှ လွင့်နေတဲ့ အတွေးစတွေ လန့်ဖျတ်ပြီး ကျွန်တော်နဲ့ ဘတ်(စ်) ကားတွေ အကြောင်း စဉ်းစားမိပါတယ်… ရန်ကုန်မှာ ဘတ်(စ်)ကားတွေ ရှိတာ တော်သေးတာပဲ လို့ စဉ်းစားမိပါတယ်… အခုကျွန်တော် ညနက် တဲ့အထိ မြို့ထဲမှာ အေးအေးဆေးဆေး ကော်ဖီထိုင်သောက်နေလို့ ရတယ်.. ဆယ့်မိုင်လောက်ဝေးတဲ့ ကျွန်တော် အိမ်ကို ပြန်ဖို့ လေးဆယ့်ငါးမိနစ်လောက် ဘတ်(စ်)ကား စီးလိုက်ရင်ရပြီ… ကျွန်တော် ဘ၀မှာ ဘတ်(စ်)ကားစီးရတဲ့ သက်တမ်းက တော်တော်ကြာပြီ… အသက်ငါးနှစ်လောက်ကတည်းက ဘတ်(စ်)ကားကို ပုံမှန်စီးဖြစ်လာတာ အခု အသက်သုံးဆယ် ဆိုတော့ သိပ်တော့ အကြာကြီး မဟုတ်လောက်သေးပါဘူး.. ငယ်ငယ်က စစီးဖူးတဲ့ ဘတ်(စ်)ကားက ကျွန်တော်တို့ အခေါ် ဗိုက်ပူလို့ ခေါ်တဲ့ စစ်ကျန် ချက်ဗိုးလက် ခေါ်သစ်သားဘတ်စကားကြီးတွေပါ.. ၁၉၈၇ခုနှစ် ကျွန်တော် သူငယ်တန်းစတက် ကတည်းက အဲဒီဘတ်စ်ကားကြီးတွေ စစီးခဲ့ရတာပါ… မိဘ၀န်ထမ်းတွေက ရန်ကုန်မြို့ထဲမှာ အလုပ်လုပ်တော့ ကျွန်တော် တို့လည်း အိမ်နဲ့ အဝေးကြီး မြို့လယ်ကောင်က ကျောင်းမှာကျောင်းလိုက်တက်ရပါတယ်… အဲဒီကတည်းက စစီးရတဲ့ ဘတ်(စ်)ကားဟာ ဒီနေ့အထိပါပဲ…အဲဒီတုန်းက ကလေးတွေဆိုတော့ ရုံးချိန်မှာ ကျပ်ညပ်ဖိသိပ်နေတဲ့ ဘတ်စ်ကားကို မိဘတွေ အတင်းချော့မော့ပြီး စီးစေပြီး ကျွန်တော်တို့ကို ကျောင်းပို့ပါတယ်.. နောက်ပိုင်းကျတော့ ကျွန်တော်တို့ နေတိုင်းစီးနေကြဆိုတာ သိတဲ့ ဒရိုင်ဘာတွေ တချို့က ကျွန်တော်ကို သူတို့ဘေးက နေရာလွတ်ကလေးမှာ ပေးပေးထိုင် တတ်ပါတယ်.. သစ်သားဘတ်စ်ကားအိုကြီးတွေ လှုပ်လီလှုပ်လဲ့လေးနဲ့ ကျွန်တော်ဘ၀ ခရီးစဉ်တွေ စခဲ့ရသလိုပါပဲ… အဲဒီတုန်းက ကျွန်တော်တို့ တစ်ခါတစ် ဘီအမ်ဟီနိုးကားတွေ စီးရရင် ကံကောင်းတဲ့ နေ့လို့ မှတ်မိတတ်ပါတယ်.. လမ်းပေါ်မှာ ကိုယ်ပိုင်ကား ဆိုတာလည်း မာဇဒါကားတွေ ဘောက်စ်ဝက်ဂွန်လေးတွေ ဖီးယက်ကားလေးတွေနဲ့ လမ်းတွေက ပိတ်ဆို့မှုသိပ်မရှိသေးပါဘူး… အဲဒီတုန်းက မှတ်မိတာက ဘတ်စ်ကားက မီးပွိုင့် ခဏခဏမိရင်.. ရုံးဝန်ထမ်း တွေ စိတ်ဆိုးတတ်ပါတယ်.. သူတို့က မီးပွိုင့် မိတာ ဒရိုင်ဘာ သိပ်မမောင်းတတ်လို့ ထင်တတ်တဲ့ အခြေအနေမျိုးပါ… သူတို့အနေနဲ့ ရုံးကို အချိန်မှီသွားဖို့ လိုပါတယ်.. အဲဒီအချိန်က စီးနေကျ ဘတ်(စ်)ကားတစ်စီးမမှီရင် နောက်တစ်စီးစောင့်ဖို့ ဆိုတာ တော်တော်လေးစိတ်ရှည်ရပါတယ်.. ဘတ်စကားတစ်စီးနဲ့ တစ်စီးကြားမှာ နာရီဝက်ခြား ကြာတတ်သလို့… လမ်းကြော တစ်ကြောမှာ ယာဉ်လိုင်း တစ်ခုစီပဲ ပြေးတာမျိုးပါ… ယခုခေတ်လို့ ယာဉ်လိုင်းတွေ အမျာကြီး မျိုးမဟုတ်သေးပါ ကျွန်တော် မှတ်မိသလောက်ဆို ၁၉၉၀ လောက်အထိ ရန်ကုန်မြို့ပေါ်က ယာဉ်လိုင်းတွေက မထသယာဉ်လိုင်း ဂဏန်းနံပါတ်က ဆယ် ဂဏန်းပဲ ရှိသေးပါတယ်… အဲ့အချိန်မှာ သူများနိုင်ငံတွေ မှာ နှစ်ထပ်ကားပေါ်နေလောက်ပြီ ထင်ပါတယ် ဒါပေမယ့် ကျွန်တော်တို့မှာ အဲဒီတုန်းက နှစ်စီးတွဲယာဉ်ပေါ်နေပြီ ဖြစ်လို့.. ကျွန်တော်တို့လည်း ခေတ်သိပ်နောက် ကျကျန်ခဲ့တယ်လို့ မခံစားရပါဘူး..:)…။ ဟီနိုးနှစ်စီးကို တစ်စီးက အင်ဂျင်တို့ စီတီယာတိုင်တို့ ဂီယာတွေ ပါပြီး နောက်တစ်စီးက လူစီးထိုင်ခုံတွေသာပါတဲ့ ကားကို ကပရကတီထွင်ပေးထားတာ ဖြစ်ပါတယ် နှစ်စီးတွဲယာဉ်ဟာ လူနေထူထပ်တဲ့ မြို့နယ်တွေကို လှည့်ပါတ်ပြီး လိုင်းဆွဲပါတယ်… နောက်တော့ ကျွန်တော်တို့ ရိန်းနိုးလို့ ခေါ်တဲ့ မှန်အလုံပိတ် ကားကြီးတွေ ပေါ်လာပါတယ်… ကားတွေက ဆိုဖာအကောင်းစားတွေနဲ့ မှန်အလုံပိတ်ကားကြီးတွေ ပါ အဲ့ဒီကားကြီးတွေက လေ၀င်လေထွက်ကောင်းတဲ့ မော်တော်ကားတွေ စီးနေကျရန်ကုန်မြို့ခံတွေကို ခေါင်းမှုးအော့အန် စေလို့ လူတော်တော်များများ အစပိုင်းမှာ မစီးကြပါဘူး.. ကျပ်ကျပ်သပ်သပ် စစ်ကျန် ဘတ်စ်ကားတွေကိုပဲ စမတ်ကျကျ တိုးစီးကြတုန်းပါ.. အဲဒီကားတွေကို ရိန်းနိုးကားတွေ ဘယ်နိုင်ငံက ရောက်လာလည်းတော့ ကျွန်တော်လည်း မမှတ်မိပါ.. အဲဒီနောက်ပိုင်းတော့ ကျွန်တော်တို့ ဆီမှာ ရှိတဲ့ ဘီအမ်ဟီးနိုးနဲ့ခပ်ဆင်ဆင်တူတဲ့ အင်ဂျင်အားကောင်းကောင်း ထိုင်ခုံကောင်းကောင်းနဲ့ စူပါဟီးနိုးကားကြီးတွေ ဂျပန်နိုင်ငံက ရောက်လာပါတယ်.. အဲဒါဟာ ၁၉၉၂၊ ၁၉၉၃လောက် ဖြစ်ပါမယ်… အဲဒီစူပါဟီးနိုးကားကြီးတွေကို အခုအခါ နယ်မြို့တွေ ရောက်ရင်တွေ့တတ်ပါတယ်.. ကုန်ပစ္စည်းတွေတနင့်တပိုး လူတွေတစ်ထွေးကြီးနဲ့ နယ်မြို့တစ်မြို့နဲ့ တစ်မြို့နဲ့ ပို့ဆောင်ပေးတာ တွေ့ရတတ်ပါသေးတယ်..။ အဲဒီနောက်ပိုင်းတော့ ဂျပန်နိုင်ငံက ခေတ်သစ် ဘတ်စ်ကားတွေ ကျွန်တော်တို့ ဆီတစ်မျိုးပြီး တစ်မျိုးရောက်လာ တော့တာပါပဲ.. ကားတွေက မှန်တွေ စတီးလက်ရန်းတွေ အထုပ်အပိုးတင်ဖို့ ခရီးဆောင် ပစ္စည်းဝက်ခြံတွေ ထိုင်ခုံအပေါ်မှာ ပါလာပါတယ် ကျော်မှီဆိုဖာတွေနဲ့ စတိုင်ကျကျ စီးနင်းလို့ရလာပါတယ်… ဒါပေမယ့် ထုံးစံအတိုင်း တဖြည်းဖြည်းနဲ့ ကားကောင်းတွေဟာ လိုင်းဆွဲရင်း ပျက်ပျက်စီးသွားတတ်လို့ ဆိုဖာတွေဟာ အပေါက်အပြဲတွေ လက်ကိုင်ကွင်းတွေ ပျက်တာ နဲ့ နောက်ပိုင်း တစ်နှစ်နှစ်အတွင်း ကားအကောင်းတွေဟာ ပျက်စီးသွားတတ်ပါတယ်… ခရီးသည်တချို့ဟာ စီနင်းရဲ့ ပစ္စည်းအကောင်းတွေကို လက်ဆော့ခြေဆော့ ဖျက်ဆီးတတ်ပါတယ် … အစကတော့ ကျွန်တော်လည်း ဒီလူတွေ ဘာလို့ ဒီလိုလုပ်လည်း နားမလည်ခဲ့ပါဘူး.. အမှန်တကယ် သူတို့ခံစားမှုကို နားလည်ရတော့ သူတို့ဟာ စီမံကိန်းစီးပွားရေး စနစ်မှာ ကျပ်တည်းကျဉ်းမြောင်းစွာ ရှင်သန်ရပ်တည်ခဲ့ရပြီး ရင်းနှီးမြုပ်နှံနိုင်သူ တွေကို မုန်းတီးရမယ့်စိတ်အခံက အရိုးစွဲ နေပါတယ် … ပြီးတော့ ဘာကိုနာကျည်းရမယ်မှန်း တိတိကျကျမသိပေမယ့် သူတို့ရင်ထဲ နာကျည်းစိတ်တွေရှိနေပါတယ်.. အဲဒါဟာ သူတို့ရင်ဆိုင်ရတဲ့ ခေတ်အခြေအနေက သူတို့ကို ခံစားနာကျင်စေခဲ့ လို့ပါပဲ.. အခုတော့ ဘတ်စ်ကားတွေက ဓားစာခံဖြစ်သွားပါတယ်.. ပစ္စည်းပဲ သုံးရင်ပျက်မှာ ဆိုတာထက် မလိုအပ်ပဲ ပိုမိုပျက်စီးသလိုပါပဲ.. တချို့နိုင်ငံတွေ သက်တမ်းပြည့် အသုံးပြုပြီးကျွန်တော်တိှု့ဆီ အသစ်နီးပါးရောက်လာတဲ့ ကားဟာ ကျွန်တော်တို့ အရပ် ကျွန်တော်တို့ဇာတ်နဲ့ ကျတော့ ဘယ်လိုမှ မူလအအတိုင်းပြန်သုံးလို့မရတော့ပါဘူး…

ကျွန်တော့် စိတ်ထင် ၁၉၉၄ ၁၉၉၅ လောက်မှာ ကျွန်တော်တို့ အဲယားကွန်းဘတ်စ်ဆိုတာကြီးကို စတွေ့ပါတယ်.. ပထမဆုံး စဆွဲခဲ့တာ ဗန္ဒူလပန်းခြံနဲ့ မြောက်ဥက္ကလာပ ထင်တယ်.. ကျွန်တော် မှတ်မှတ်ရရ ငွေနှစ်ဆယ်ကျပ်နဲ့ စီးဘူးအောင်ဆိုပြီး အသွားအပြန်တကူးတက သွားစီးဖူးတာ မှတ်မိပါသေးတယ်.. အဲယားကွန်းစ်ဘတ်စ်ပေါ်ကာစ က လူသိပ်မစီးပါဘူး.. အဲဒီတုန်းက မြိုထဲနဲ့ ဆင်ခြေဖုန်းတွေ အသွားအပြန်ဟာ ကားခ နှစ်ကျပ်ခေတ်လို့ထင်ပါတယ်.. ဒါမှမဟုတ် ငါးကျပ်ခေတ် ဖြစ်ပါလိမ့်မယ်.. အဲဒီအတွက် အဲယားကွန်းဘတ်စ် နှစ်ဆယ်ဆိုတာ သာမာန်ဝန်ထမ်းတွေအတွက်တော့ ဇိမ်ခံပစ္စည်း ဖြစ်နေပါသေးတယ်… နောက်ပိုင်းတော့ အဲယားကွန်းစ်ဘတ်စ်တွေက ရိုးရိုးဘတ်စ်ကားတွေထက်မြန်တယ် သက်သာတယ် ဆိုပြီး လူစီးများလာပါတယ်.. အဲဒီမှာ ဒုက္ခတစ်ခုက တိုးလာပါတယ်..အရင်ကထိုင်ခုံမစေ့တဲ့ အဲယားကွန်းဘတ်စ်တွေဟာ လူဦးရေ ရာနဲ့ချီ စုပြုံစီးနင်းလာတော့ အဲယားကွန်းစ် ကနေ အဲယားမွန်းဘတ်စ် ဖြစ်သွားပါတယ် .. သိပ်မကြာပါဘူး တစ်နှစ်ဝန်းကျင်သာသာမှာပဲ အဲယားကွန်းဘတ်စ်ကားကြီးတွေ မှန်ပြတင်းတွေဖွင့်.. လူတွေကျပ်သိပ်အောင် တင်မောင်းနဲ့ လမ်းပေါ်မှာ ဂျပန်ကားကြီးတွေဟာ ဂျပန်တွေ မထင်မှတ်နိုင်တဲ့ စွမ်းအားတွေနဲ့ ရန်ကုန်မြို့ကို လည်းအလုပ်ကျွေးပြုနေပါ တော့တယ်… ရန်ကုန်ဟာ အချိန်နဲ့အမျှကြီးထွားလာနေပါတယ် လမ်းတွေပေါ်မှာ ကိုယ်ပိုင်ယာဉ်အမျိုးအစား တွေလည်း အများအပြားပေါ်ထွက် လာပါတယ်… ၁၉၉၀ နဲ့ ၂၀၀၀ပြည့်နှစ်ကြားမှာ ရန်ကုန်မြို့ပေါ်က ကားလမ်းတွေကို ချဲ့လာရပါတယ် ယာဉ်လိုင်းတွေလည်း ရာဂဏန်းအထိ တိုးတက်များပြားလာပါတယ်… ယာဉ်လုပ်သားတွေ ဘတ်စ်ကား စီးနင်းသူတွေ ဘ၀တွေတော့ သိပ်အပြောင်းအလဲ ရှိခဲ့ပုံမရပါဘူး.. ၂၀၀၀ လွန်ကာလတွေမှာတော့ ယာဉ်လိုင်းအသစ်တွေ တိုးချဲ့လာပြီး သက်တမ်းရင့် ဘတ်စ်ကားအိုကြီးတွေနဲ့ ကုန်တင်ပစ်ကပ်ကို လူစီယာဉ်လုပ်ထားတဲ့ ဒိုင်နာတွေ ဟိုင်းလပ်စ် ကားတွေကို ရန်ကုန်မြို့တွင် ခြောက်မြို့နယ်ထဲက နေမောင်းထုတ်ခဲ့ပါတယ်.. အဲဒီအစား ဂျပန်ဘတ်စ်ကားကြီးတွေ ကိုးရီးယား ဟွန်ဒိုင်းနဲ့ ဒေ၀ူးကားတွေနဲ့ … အဓိပတိယာဉ်လိုင်းက ပြေးဆွဲတဲ့ အဲယားကွန်းမအေးရင် ကားမထွက်ရ စာတန်းပါ ခုံပြည့်သာလူတင်ပါသည် စာတန်းနဲ့ မိုးတိုး မက်တပ်ခရီးသည်တွေ လိုက်ပါ စီးနင်းလာတဲ့ ယာဉ်လိုင်းတွေ ရန်ကုန် မြို့ပေါ်ပြည့်ကျပ်နေပါတော့တယ်… လမ်းတွေလည်းကွန်ကရစ်လောင်း … ယာဉ်ကျောပိတ်ဆို့ မှုတွေနဲ့ အတူ ယာဉ်တိုက်မှုတွေလည်း တိုးတက်လာပါတော့တယ်… ကားတွေကောင်းတော့ အမောင်းသန်တဲ့ ယာဉ်မောင်းတွေနဲ့ လူကူးမျဉ်းကြား မီးပွိုင့်တွေမှာ လမ်းဖြတ်ကူးသမားတွေ အနေနဲ့ သတိလက်လွတ်မဖြစ်အောင် ဂရုစိုက်သွားရပါတယ်… သိပ်မကြာခင်ရက်စွဲတွေမှာ ရန်ကုန်မြို့ပေါ်မှာ တရုတ်ပြည်က ဘတ်စ်ကား အသစ်စက်စက်ကြီးတွေ ပြေးဆွဲနေတာ တွေ့ရပါတယ် အရင်လိုပြိုင်မောင်းလို့မရတဲ့ အင်ဂျင်နဲ့.. အဲယားကွန်းအေးမှ ယာဉ်ထွက်ရမယ် ဆိုတဲ့ အဓိပတိယာဉ်လိုင်းက ပန်ကာတပ်မော်တော်ကားတွေကို တရုတ်ပြည်ကိုအော်ဒါပေးမှာ ထားပုံရပါတယ် ယာဉ်အတွင်းပိုင်း အပြင်အဆင်ရ.. ရန်ကုန်မြို့ ပရိတ်သတ်အတွက် သီးသန့်အော်ဒါမှာပေး သလိုပါပဲ… ယာဉ်မောင်းတစ်ယောက် ပြောတာတော့ အန္တရယ်ကင်းအောင် ပြိုင်မောင်းလို့ မရနိုင်တဲ့ အဆွဲအရုန်းမကောင်းတဲ့ အင်ဂျင်တွေ တပ်ထားတယ်ဆိုတော့ ခရီးသည်တွေ အတွက်ကော ယာဉ်မောင်းတွေ အတွက်ပါ စိတ်ချမ်းသာရတာပေါ့… သိပ်မကြာချင်က စိတ်ကောက်သလို ထထွက်သွားတဲ့ မထသ အထူးယာဉ်တစ်စီးကို ငေးရင်း ရန်ကုန်မြို ဘတ်(စ်)ကား စီးသမားဘ၀က ဘယ်တော့များ ကျွတ်လွတ်ရမလည်း… (ထွက်သွားမှဖြစ်မယ်ထင်တာပဲ)….:P

အောင်ပိုင်စိုး

သာအေးတစ်ယောက် အမိမြေနဲ့ အဝေးတစ်နေရာမှာ အလွန်အမင်း စန်းထ အောင်မြင်နေလေသည်။ တစ်ရွာပြောင်း၍ သူကောင်း ဖြစ်သည့် အထဲမှာ သာအေးပါသည်။ မအောင်မြင်ခံနိုင်ရိုးလား။ လူအတော် များများ၏ ကံကောင်းခြင်းများအား သူတစ်ယောက်တည်း ကံထရိုက် ဆွဲထားသလား အောက်မေ့ရအောင် ကံကောင်းခြင်း လက်ဆောင်များက သာအေးဆီ တဖွဲဖွဲ တသဲသဲ ၀င်လာမစဲ ဖြစ်နေသည်။

သာအေးဆီ အများဆုံးရောက်လာရတာကတော့ ငွေပဲဖြစ်သည်။ ဘယ်က ဘယ်လိုရသည် မမေးနဲ့။ ဘယ်လိုလုပ်လိုက်သည် မမေးနဲ့။ ငွေတွေ သောက်မြင်ကတ်လောက်အောင် သာအေးဆီ ၀င်နေသည်။ ဘဏ်တွေဆို သာအေးကို အတော်ပင် အမြင်ကတ်လေသည်။ သာအေးကလည်း သာအေး။ ရသမျှသော ငွေတွေကို ထားစရာမရှိသဖြင့် ဘဏ်သွားသွား အပ်ထားရာမှ ဘဏ်တွေက သာအေး၏ စုငွေများအတွက် အတိုးချည်း နင့်နေအောင် ပေးနေရသည်။ ကြာတော့လည်း သာအေးအပေါ် အတော်ပင် အမြင်ကတ် လာကြလေသည်။ ဘယ်သူတွေ အမြင်ကတ်ကတ် သာအေး၏ ဘဏ်စာရင်းတွင် ဒေါ်လာငွေများကား တိုးပွားမြဲ တိုးပွားဆဲ။

ယခုမျှလောက်ဆိုလျှင် စာဖတ်သူတို့ သဘောပေါက်လောက်ပြီ။ သာအေးဆိုသည့် ကောင်သည် ငွေပေါများနေသည် ငွေပေါလောကောင်ကြီးဖြစ်လေ၏။

ဗျိုး … ကိုသာအေးကြီး … လိုက်မလားဗျာ … ကောင်မလေးတွေကို ဓာတ်ပုံသွားရိုက်မလို့။

ဟေ … ဓာတ်ပုံရိုက်ပြီး ဘာလုပ်မလို့လဲကွ … သူတို့က လိုင်စင်လျှောက်ဖို့လား … စီဗွီဖောင်မှာ ကပ်ဖို့လား။ ကြည့် … ဓာတ်ပုံအရိုက်ခံခြင်းကိစ္စကို ထိုမျှလောက်သာ အသုံးဝင်သည်ဟု သိထားသော အနှီသာအေးဖြစ်ပေသည်။

ဟာဗျာ ဘယ်ကလာ ကိုသာအေးကြီးကလည်း … အခု သွားရိုက်မှာက အလန်းလေးတွေဗျ။ ကောင်မလေးတွေက ရေကူးဝတ်စုံလေးတွေနဲ့ လိုက်ခဲ့ပါဗျ ပျော်ဖို့ကောင်းပါတယ်။

ဒီလိုနဲ့ ရေကူးဝတ်စုံအသံကြားသော ထိုသာအေးတစ်ယောက် အတော်ပင် ထကြွသွားလေသည်။ သူတစ်ခါမှ မမြင်ဖူးသေး။ ဒါပေမယ့်လည်း ဟန်ကိုယ်ဖို့ဆိုသော စကားရှိသည် မဟုတ်ပါလား။

ခွေးကောင်လေးတွေ … သွားကဲကြမလို့ပေါ့လေ … အေးအေး မင်းတို့မှာ ပစ္စည်းပစ္စယတွေလည်း တပုံတပင်နဲ့ လူကလည်းများတယ်ဆိုတော့ ငါကိုယ်တိုင်ပဲ ကားမောင်းပြီး လိုက်ပို့ပါ့မယ်လေ။ ငါလည်း အတွေ့အကြုံ အသစ်တစ်ခုတိုးတာပေါ့။

ဟဲဟဲ လူကြီးက မသိရင်ခက်မယ် … ဘာပဲပြောပြော နောက်ဆုံးပေါ် ပေါ်ရှေး အမိုးပွင့်ကားကလေးနှင့် လာသည်ဟူသော ဂုဏ်ပုဒ်ကပင် အတော်လေးမြောက်ချင်စရာမို့ ထိုဓာတ်ပုံဆရာပေါက်စကလေး နှစ်ယောက် ကိုသာအေးနှင့်အတူ … ကမ်းခြေသို့ ချီတက်ခဲ့ကြသည်။

ဟိုင်း … ဟယ်လို … ဒါက ကိုသာအေးဆိုတာပေါ့ ဟိုင်းဘော့စ်လေ … အရွယ်တော် တစ်ဆိတ်ဟိုင်းနေပြီမို့ ကွယ်ရာမှာ ဟိုင်းဘော့စ်လို့ ခေါ်ခံရသည်ကို သိသဖြင့် အောင့်သက်သက်ဖြစ်သွားသော်လည်း ချစ်စရာမဒီလေးများက လက်ကမ်းပေးနေပြီမို့ သာအေးတစ်ယောက် လက်ဆွဲနှုတ်ဆက်လိုက်လေသည်။

အိုး … လက်ကလေးတွေက နုလိုက်တာ …
ရိုက်တော့မလား … အိုကေလေ စကြတာပေါ့ …

အိုး … သာအေးတစ်ယောက် မျက်နှာဘယ်နား သွားဖွက်ထားရမှန်း မသိ။ ထိုအနှီ ကောင်မလေး နှစ်ယာက်က သူတို့ရှေ့တွင်ပင် ရေကူးဝတ်စုံကလေးများနှင့် ခုန်ပေါက်နေသည် … ဂလု …

ဟိုအကောင်တွေလည်း ဘာတွေလုပ်လို့ လုပ်နေမှန်းမသိ … သုံးချောင်း ထောက်ဒေါက်များ ထောက်ကြသည်။ ဟိုဟာ ထုတ်တပ်လိုက် ဒီဟာဖြုတ်လိုက်နှင့် ရှုပ်နေတာပဲ။ သူတို့ကို ကြည့်ရတာ စစ်သွားတိုက်မယ့် စစ်သားတွေ သေနတ်ပြောင်းတွေ တပ်လိုက်ဖြုတ်လိုက် လုပ်နေကြသလိုလို။

ဟင် … ကိုသာအေးကြီးက မရိုက်ဘူးလား … အဲ … အဲ … မေးနေပြီဟ … သြော် ကိုသာအေးက ဓာတ်ပုံဝါသနာမပါဘူးဗျ … ကျွန်တော်တို့ နှစ်ယောက်တည်း ရိုက်မှာ … သူက အဖော်လိုက်လာတာ …

ခွေးကောင်လေးတွေ … ငါ ဓာတ်ပုံဝါသနာမပါဘူးလို့ ဘယ်သူက ပြောလဲ … စိတ်ထဲမှာ ကျိတ်ဆဲပြီးမှ သာအေးတစ်ယောက် အသာအယာ ပြုံးပြရင်း ခေါင်းညိတ်ပြလိုက်သည်။ မဖြစ်တော့ဘူး မဖြစ်တော့ဘူး … ငါ ဓာတ်ပုံရိုက်မှ ဖြစ်တော့မယ်။

သာအေးတစ်ယောက် ခေါင်းတွေလည်း နောက်ကျိလာသည်။ ကမ်းခြေမှာ သူတစ်ယောက်တည်း အထီးကျန်ဆန်နေသလိုလို။ ဒီလိုနဲ့ သူတို့တွေ ဓာတ်ပုံရိုက်လို့သာ ပြီးသွားသည် သာအေးတစ်ယောက် စိတ်သိပ်မကြည်။ စိတ်မကြည်တော့ ရုပ်ကလည်း မရွှင်။

ကိုသာအေးကြီး နေမကောင်းဘူးလားဗျာ … မျက်နှာလည်း မလန်းပါလား … လန်းမလားဟဲ့၊ ခွေးကောင်လေးတွေရဲ့ နင်တို့ချည်းလန်းနေတာ ငါမှ မလန်းရတာ … အင်း … ခေါင်းနည်းနည်းကိုက်လို့ပါကွာ ဟူ ဖြေပြောလေး ပြောလိုက်ရလေသည်။ ဟားဟား … ကိုသာအေးကြီး ကျွန်တော်တို့ပုံတွေ အင်တာနက်ထဲတွေ့မှ လန်းထွက်သွားမယ် … ။

ပြောလည်း ပြောလောက်ပေသည်။ သကောင့်သားတွေ ဘယ့်နှယ့် လက်စွမ်းပြသည်မသိ။ ပုံတွေက အတော့်ကို လှလေသည်။ သာအေးတစ်ယောက် ဓာတ်ပုံရိုက်ချင်စိတ်များ ထိန်းမနိုင် သိမ်းမရ။ ဒီကောင်လေးတွေ ဆရာသွားတင်လို့ ငါ့ကို လှောင်နေဦးမယ်။ နေနှင့်ဦး … ။

သာအေးတစ်ယောက် ရှော့ပင် အကြီးအကျယ်ထွက်ရန် ပြင်ဆင်လိုက်သည်။ ကင်မရာတွေကလည်း မျိုးစုံလှသည်။ တံဆိပ်မျိုးစုံ မှန်ဘီလူးပေါင်းမျိုးစုံ … ဘယ်ဟာကို ရွေးလို့ ရွေးရမှန်း မသိ။ အို ရှုပ်ပါတယ်။ အားလုံးပါးစပ်ပိတ်သွားအောင် သာအေးလုပ်ပြမယ်။

သာအေး၏ ကားနောက်ခန်းတွင် ကင်မရာ နှစ်လုံးနှင့် မှန်ဘီလူးပေါင်း နှစ်ဒါဇင်တိတိပါလာသည်။ နီကွန်က ကောင်းတယ် ကင်နွန်ကကောင်းတယ်နှင့် ပြောနေကြတာ သူလည်း နားမလည်။ အဲလောက်တောင်ဖြစ်လှတာဆိုပြီး နီကွန်ကော ကင်နွန်ပါ ၀ယ်ချလာသည်။ ဒါတောင် အိုလံပတ်စ် ဆိုနီစသည့်ဟာများကလည်း သူ့ကို မျက်စပစ်ပြကြသည်။ သူ့မှာ လက်နှစ်ဖက်သာ ရှိသည်မို့ နှစ်လုံးဆိုတော်လောက်ပြီဆိုပြီး နှစ်လုံးသာ ရွေးယူလာခြင်းဖြစ်သည်။

သိပ်များများစားစား ရွေးစရာလည်းမလိုဘူးလေ။ ဟေ့ … မင်းတို့ဆီမှာ ဈေးအကြီးဆုံးဟာ ပေးဟေ့ဆိုလျှင် ကိစ္စပြတ်သည်။ မှန်ဘီလူး နှစ်ဒါဇင်လား။ ဒါကတော့ နီကွန်အတွက် တစ်ဒါဇင်။ ကင်နွန်အတွက် တစ်ဒါဇင်။ ဒါလည်း ဈေးအကြီးဆုံးတွေချည်း ရွေးယူလာတာဖြစ်သည်။ သူဘာမှ မသိ။ ထိုသူများပြောသော ကင်မရာအသုံးပြုနည်း သင်တန်းတက်လိုက်လျှင် သိမည်ဟု ယူဆရသည်။

ထိုသို့ဖြင့် ထိုသို့ဖြင့် ခြောက်လမျှ ကြာသွားသောအခါ … ကိုသာအေးကြီး ဘယ်လိုများ လေ့လာလိုက်သည် မသိ။ ဓာတ်ပုံပညာကို တစ်ဖက်ကမ်းခတ်မျှ (မှတ်ချက်။ နည်းနည်းတော့ အပိုပြောခြင်းဖြစ်သည် … အမှန်မှာ ခလုတ်နှိပ်တတ်ရုံလောက် တတ်သွားသည် … စာရေးသူ) ကျွမ်းကျင်လာသည်။ သူ့လက်ထဲတွင် ကင်မရာက နှစ်လုံးမကတော့ … ကင်နွန်၊ နီကွန်၊ အိုလံပတ်စ်၊ ဆိုနီ၊ ပန်တက်၊ မာမီယာ၊ စသည်ဖြင့် ကင်မရာခြောက်လုံး ရှိလာသည်။ သူ့ ဘဏ်စာရင်းထဲက ၀.၀၀၀၁ ရာခိုင်နှုန်းမျှသော ငွေပမာဏကို သူဖြုန်းပစ်လိုက်သည်။

ကိုသာအေးကြီး ဘယ်တော့ရိုက်ပေးမှာလည်း ဟူသော မေးခွန်းများ သူ့ထံတွင် ပုံနေသည်။ ဒါကြောင့် … သာအေးတစ်ယောက် နောက်ထပ်ကင်မရာ ဆယ်လုံးတိတိ ထပ်ဝယ်လိုက်သည်။ သာအေး ဓာတ်ပုံရိုက်ပြမည်။ မေးခွန်းတွေ အကုန်ဖြေပြီးသားဖြစ်အောင် သာအေးဓာတ်ပုံရိုက်ပြမည်။

ကမ်းခြေမှာ ဓာတ်ပုံအရိုက်ခံမည့် ကောင်မလေး ဆယ့်ခြောက်ယောက် တိတိရှိသည်။ သာအေး၏ ကင်မရာ ဆယ့်ခြောက်လုံးမှာ သုံးချောင်းထောက် ဒေါက်များပေါ်မှာ … သာအေးလက်ထဲမှာ အထူးစီမံပြုလုပ်ထားသော အဝေးထိန်းခလုတ်တစ်ခုရှိသည်။ ကင်မရာထုတ်ကုမ္ပဏီများမှ သာအေးအတွက် အထူးစီမံပေးထားခြင်းဖြစ်သည်။ ထိုအဝေးထိန်းခလုတ်နာမည်ကိုက TA 2009 တဲ့ … တီအေဆိုတော့ သာအေးပေါ့လေ။

ထိုကောင်မလေးများက ပုံစံမျိုးစုံအိုက်တင်ထုတ်ပြကြသည်။ သာအေးက အဝေးထိန်းခလုတ်မှ ခလုတ်မျိုးစုံကို နှိပ်သည်။ သူ၏ ကင်မရာများမှာ ခေသူများ မဟုတ်ကြ။ တစ်စက္ကန့်လျှင် ပုံခြောက်ဆယ်တိတိ ရိုက်ကူးနိုင်ကြသည်။ သူသုံးသော မှန်ဘီလူးများမှာ အကောင်းဆုံး အမူအယာကို ရသည်နှင့် အလိုလိုပုံရိပ်ကို ဖမ်းပေးကြသည်။

ထိုသို့ဖြင့် ခေတ်မီသူတိုင်း ဓာတ်ပုံရိုက်ကြသည့် ခေတ်တွင် ဓာတ်ပုံသာအေးဟူသော အမည်နာမမှာ ဟိုးလေးတကြော်ကြော်။ ဆုပေါင်း သောင်းခြောက်ထောင် အလကားနေရင်း အလကား လာလာပေးနေကြသည်။ သာအေးတစ်ယောက် တ၀ုန်းဝုန်း တရုံးရုံးနှင့် … ။

ကင်မရာကုမ္ပဏီကြီးများက အချဉ်သာအေးကို နည်းပညာများနှင့် ဖမ်းစားကြသည်။ မော်ဒယ်မလေးများက ကိုကိုသာအေး မောင်မောင်သာအေးကို အပြုံးကလေးများဖြင့် ဖမ်းစားကြသည်။ တစ်နေ့သော် …

သာအေးတစ်ယောက် သူ၏ လက်ကိုင်ဖုန်းမှ ခလုတ်ကလေးတစ်ခုကို မတော်တဆနှိပ်မိသည်။ အောင်မလေးဗျ … သာအေးလန့်သွားသည်။ သူ့ဖုန်းကလေး၏ စခရင်တွင် မှောင်မှောင်မည်းမည်း လှုပ်တုပ်လှုပ်တုပ်နဲ့ … သူ သေချာထပ်ကြည့်လိုက်သည် … သြော် .. လတ်စသတ်တော့ ဒါကလည်း ကင်မရာကိုး … ဟားဟား … ဟား ဟား … ဟား … ဟား … ဟား ဟား … ။ အဲလို တဟားဟား အော်ရယ်ရင်း သာအေးတစ်ယောက် သူ၏ ကင်မရာများနှင့် ပစ္စည်းများအားလုံးကို ကားပေါ်တင်ကာ ကားကို အပြင်းအထန်မောင်းထွက်သွားလေသည် … ။ ထိုအချိန်မှ စ၍ သာအေးကို မည်သူမှ မတွေ့ရတော့။ သာအေး တစ်ယောက် ပျောက်ချင်းမလှပျောက်သွားခဲ့ပြီ။

လူတစ်ချို့က ပြောကြသည် … ။

မော်ဒယ်မလေးများထဲမှ တစ်ယောက် ဒါမှမဟုတ် နှစ်ယောက်လည်း ပျောက်ဆုံးသွားကြသည်။

သာအေး၏ စည်းစိမ်ချမ်းသာများလည်း သာအေးနှင့်အတူ ပျောက်ဆုံးသွားသည်။

သာအေး၏ အတိုင်ပင်ခံရှေ့နေ ဦးအေးသာတစ်ယောက် အကြီးအကျယ်ချမ်းသာသွားသည်။

တောကြိုအုံကြားမှာ ကင်မရာတကားကားနှင့်
ဘုရားကြိုဘုရားကြားမှာ ကင်မရာတကားကားနှင့်
ရပ်ကွက်ကြိုရပ်ကွက်ကြားမှာ ကင်မရာတကားကားနှင့်
ကမ်းခြေတွေမှာ ကင်မရာတကားကားနှင့်
ပွဲတော်တွေမှာ ကင်မရာတကားကားနှင့်
ထိုထိုအီအီလမ်းသလားကြသော သူများအကြားတွင် ကိုသာအေးတစ်ယောက်များ ပါခဲ့ပါလျှင် …
မိတ်ဆွေများမှတ်မိကြပေဦးမည် …

ကိုသာအေး ထွက်ခွာသွားပြီးသော်လည်း ကိုသာအေး၏ အိမ်ကြီးထဲမှ ဧည့်ခန်းလေးအတွင်းရှိ စားပွဲပေါ်တွင်ကား ကိုသာအေး ထားရစ်ခဲ့သော တယ်လီဖုန်းလေးမှာမူ တတီတီမြည်ရင်း … ။

ကိုဖြိုး


(သံလွင်အိပ်မက်)