အခုတလော အစိုးရရဲ့ မော်တော်ယာဉ် တင်သွင်းခွင့် မူဝါဒမှာ ဘတ်စ်ကားတွေ တင်သွင်းဖို့ကိစ္စကို အရေးပေးဆောင်ရွက် လာတာတွေ့ပါတယ်။ အမှန်တကယ်တော့ ရန်ကုန်ဘတ်စ်ဟာ တော်တော် အခြေအနေဆိုးတဲ့ အနေအထားပါ။ ရန်ကုန်ဘတ်စ်တွေမှာ အဆင့်အတန်းသတ်မှတ်ချက် မရှိပါဘူး။ ကားအရည်အသွေး၊ ၀န်ဆောင်မှု အရည်အသွေးတွေဟာ ပုံမှန်မဟုတ်သလို ယခင်ခေတ်အဆက်ဆက် အဆင်ပြေသလို လုပ်ဆောင်ထားတဲ့ တလွှဲတချော်တွေနဲ့ အတောမသတ်ပြည့်နှက်နေခဲ့ပါတယ်။ 

မြန်မာနိုင်ငံထဲမှာ တခြားနိုင်ငံတွေမှာ ကုန်တင်ယာဉ်အဖြစ် အသုံးပြုတဲ့ ပစ်ကပ်လိုကားမျိုးတွေဟာ ခရီးသည်တင်ယာဉ် အဖြစ်သုံးစွဲနေတာ အစီးရေ သောင်းနဲ့ချီလောက်ဖြစ်နေပါတယ်။ တခြားနိုင်ငံက တင်သွင်းလာတဲ့ ဘတ်စ်ကားခရီးသည် တင်ယာဉ်တွေဟာလည်း ပြန်လည်ပြုပြင်ထားပြီး နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ လွှဲချော်နေပြီး လူတစ်ဦးသက်သောင့် သက်သာထိုင်ပြီး စီးနင်းလိုက်ပါဖို့ မဖြစ်နိုင်ပါဘူး။ ဂျပန်နိုင်ငံက စစ်လျှော်ကြေးအဖြစ် ရခဲ့ဖူးတယ် ဘီအမ်ဟီးနိုးလိုကားကြီးတွေကိုလည်း အခုထက်ထိ ခရီးသည်တင်ယာဉ်အဖြစ်အသုံးပြုနေရဆဲပါ။ အဆိုးဆုံးပြဿနာက ဘတ်စ်ကားတွေကို ကျပ်ညပ်စွာစီးနင်းနေရမှုကို အစိုးရအဆက်ဆက်ကလည်း မဖြေရှင်းနိုင်ခဲ့ပါဘူး။
ရန်ကုန်လို မြို့ကြီးပေါ်မှာ အဲယားကွန်းတပ် အဆင့်မြင့်ယာဉ်လိုင်းတွေ ပြေးဆွဲဖူးခဲ့ပေမယ့် ခဏသာခံပြီး စနစ်ကျမှုတွေ ၀န်ဆောင်မှု အရည်အသွေးတွေ နိမ့်ကျသွားခဲ့ပါတယ်။ အဲဒါဟာ ဘာကြောင့်လည်း ဆိုတော့ ယာဉ်လိုင်းဆိုင်ရာ စီမံခန့်ခွဲမှုတွေကို သက်ဆိုင်ရာအာဏာပိုင်တွေ သက်ဆိုင်ရာအဖွဲ့အစည်းတွေက ကျွမ်းကျင်မှုမရှိတာ ကြောင့်လည်းဖြစ်ပါတယ်။ အစိုးရအနေနဲ့ မော်တော်ယာဉ်လိုင်းတွေ တိုးတက်ပြေးဆွဲဖို့ အမြဲမပြတ်တိုးတက် စဉ်းစားခဲ့ပေမယ့် ဗျူရိုကရေစီ လုပ်ထုံးလုပ်နည်းတွေဟာ ရှုပ်ထွေးခက်ခဲလွန်းနေပါတယ်။ ယာဉ်အိုယာဉ်ဟောင်း အပ်နှံပြီး တစ်သီးပုဂ္ဂလ ယာဉ်ပိုင်ရှင်တစ်ဦးဟာ ဘတ်စ်ကားတစ်စီးပြန်လည်သွင်းယူ နိုင်ဖို့ ငွေပိုငွေလျှံ သိန်းရာနဲ့ချီ ခြေစောင့်လက်စောင့် ထားရပါတယ်။ တချို့ ယာဉ်ပိုင်ရှင်တွေကတော့ ငွေပိုငွေလျှံမရှိတော့ အဲဒီစလစ်ကို လက်လွှဲရောင်းချ ရပါတယ်။ အဲဒီလက်လွှဲစလစ်တွေဟာ ဘတ်စ်ကား စစ်စစ်ပြန်ဖြစ်လာဖို့ သိပ်မသေချာတော့ပါဘူး။ 




ဟိုတစ်လောက ဘတ်စစ်ကား အသစ်တွေကို စီအန်ဂျီမပေးနိုင်လို့ ယာဉ်လိုင်းတွေမပြေးဆွဲနိုင်တဲ့ သတင်းပေါ်ထွက် လာပါတယ်။ အစိုးရသစ်မှာ ဘာအားနည်းချက်ဖြစ်ပေါ်နေလည်း ဆိုတော့ ဠာနဆိုင်ရာအချင်းချင်း ချိတ်ဆက်တဲ့  ညွှန်ကြားချက်တွေဟာ နှောင့်နှေးကြန့်ကြာနေတတ်တာပါပဲ။ စီးပွားရေးဖွင့်ထားရင်တော့ အချိန်နဲ့အမျှ ကိန်းဂဏန်းတွေ ဟာပြောင်းလဲနေပါတယ်။ အဲဒါဟာ နိုင်ငံတစ်ခုလုံးအတွက် ဒိုမီနိုဆက်သွယ်ချက်လို ထိစပ်နေတာ မျိုးပါ။ အစိုးရရဲ့ ဗျူရိုကရေစီ ယန္တယားဟာ မလုပ်မရှုပ်မပြုတ်တွေနဲ့ကော ရစ်ချင်ညစ်ချင်နဲ့တဲ့ လူတွေနဲ့ကော ပြည့်နှက် နေပါတယ်။ အဲဒီအတွက် ပြည်သူဝန်ဆောင်မှုလုပ်ငန်း တွေဟာနှောင့်နှေးကြန့်ကြာနေပြီး အကွက်ချ ဂွင်ရိုက်တဲ့အကျင့် က မပျောက်ပျက်သေးပါဘူး ..။ အစိုးရသစ်ဟာ အဂတိလိုက်စားမှုကို ပပျောက်ဖို့ အတန်အသင့် ကြိုးစားခဲ့တာ ရှိပါတယ်။ ဒါကြောင့် အောက်ခြေ၀န်ထမ်းတွေဟာ ယခင်ရနေကြ လာဘ်လာဘ တချို့စွန့်လွှတ်ခဲ့ရပါတယ်။ အဲဒါဟာ ၀န်ဆောင်မှု လုပ်ငန်းတွေမှာသာ ဖြစ်ခဲ့ပြီး။ အာဏာနဲ့ ဆုံးဖြတ်ချက်ချတဲ့ နေရာတွေမှာတော့ လာဘ်ထိုးမှုပုံစံတွေဟာ မပြောင်းမလဲရှိနေဦးမှာပဲ။ 

သားစဉ်မြေးဆက် ချမ်းသာအောင် နည်းလမ်းအမျိုးမျိုးနဲ့ ရှာဖွေစုဆောင်းထားပြီး ဖြစ်တဲ့ စစ်ဗိုလ်ချုပ်ကြီးတွေ ပုဆိုးနဲ့ တိုက်ပုံဝတ်ပြီး ၀န်ကြီးလုပ်တဲ့ နိုင်ငံမှာ အဂတိလိုက်စားမှုကို တိုက်ဖျက်ဖို့ သမ္မတကြီးတစ်ယောက်တည်း ရိုးသားလို့ မဖြစ်နိုင်ပါဘူး။ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ဖို့ ရှေ့ဆက်လုပ်ဆောင်ချက်တွေဟာ တရွတ်တိုက်လိုက်ပါနေတဲ့ အထက်တန်းလွှာ အားဏာပိုင် အသိုင်းအ၀ိုင်းကြောင့် ခက်ခဲပင်ပန်းနေပါတယ်။ ခရီးသည်တင် ယာဉ်လုပ်ငန်း သဘာဝမှာ ကိုပဲ ခေတ်နောက်ကျလွန်းနေပြီး အဆင်မပြေမှုတွေ အများကြီးဖြစ်ပေါ်နေပါတယ်။ ယာဉ်လိုင်းတွေဟာ ၀န်ဆောင်မှု ညံ့ဖျင်းတယ်။ ပြီးတော့ ခရီးသည်တွေအပေါ် ဆက်ဆံရေးဆိုးရွားမှုတွေ ဖြစ်ပေါ်နေပါတယ်။ ဘာကြောင့်ပါလည်း အစိုးရနဲ့ အာဏာပိုင်အဖွဲ့အစည်းတွေဟာ ယာဉ်လုပ်သားတွေ ယာဉ်ပိုင်ရှင်တွေ အပေါ် လွှမ်းမိုးနိုင်မှု မရှိသလို တာဝန်ယူနိုင်စွမ်းလည်း မရှိပါဘူး။ အဲဒီအတွက် အကျိုးဆက်ကတော့ အများပြည်သူဟာ ကမ္ဘာပေါ်မှာ အဆိုးဝါးဆုံး အညံ့ဖျင်းဆုံးဝန်ဆောင်မှု တွေနဲ့နေစဉ် ခရီးဆက်နေရပါတယ်။ အစိုးရနဲ့ ၀န်ကြီးအဖွဲ့တွေဟာ ပြည်သူလူထုအပေါ် စာနာမှုရှိမယ်ဆိုရင် ရုပ်ဖျက်ပြီး ဘတ်စစ်ကားတိုးစီးကြည့်ပါ။ တကယ့် အခြေခံပြည်သူတွေ ဘယ်လောက်တောင် ခက်ခဲရုန်းကန်နေရလည်း သိရှိသွားမှာပါ။ ငါတို့က ဘတ်စ်ကားစီးတဲ့ လူတန်းစား မဟုတ်လို့ ဒီပြဿနာဟာ ငါတို့ ပြဿနာမဟုတ်ဘူး ဆိုရင်တော့ ကလင်းဂါဗာနန့်စ်၊ ဂွတ်ဂါဗားမန့်စ် ဘယ်လောက်ပဲအော်အော် ကလိန်ကကျစ်အစိုးရအဖွဲ့ပဲဖြစ်မှာပါ။ အဲဒီလို ပြည်သူကခေါ်ရင် စိတ်နာပြီး ငါတို့က နိုင်ငံတော်လို့တော့ အရင်ကလို ဘ၀င်လေမဟပ်ဖို့လိုပါတယ်။ နိုင်ငံတော် ဆိုတာ ပြည်သူလူထုကိုခေါ်တာပါ။ ဒါဟာ ဒီမိုကရေစီနိုင်ငံအားလုံးရဲ့ စံချိန်စံညွှန်းပါပဲ။
ကျွန်တော်တို့ နိုင်ငံဟာ ပွင့်လင်းမှုနဲ့အတူ နိုင်ငံတကာ ပွဲတော်တွေ လက်ခံကျင်းပခွင့်ရလာပြီ ဖြစ်ပါတယ်။ လာမယ့် လတွေမှာ အာဆီယံ ပြည်သူလူထုအားလုံး စိတ်ဝင်စားတဲ့ ဆီးဂိမ်းအားကစား ပွဲတော်ကြီးကို လက်ခံကျင်းပတော့မှာပါ။ ဒါပေမယ့်လည်း ပြည်တွင်းဝန်ဆောင်မှု လုပ်ငန်းတွေ အဆင့်အတန်းကတော့ အာဆီယံနိုင်ငံ တွေထက်နိမ့်ပါးနေဆဲပါ။ ဘတ်စ်ကားတွေဟာ နိုင်ငံခြားသားတွေ စီးနင်းနိုင်ဖို့ ခက်ခဲပါလိမ့်မယ်။ အငှားယာဉ် စံချိန်စံညွှန်းမရှိသလို ဈေးနှုန်းသတ်မှတ်ချက်လည်း အတည်တကျ မရှိပါဘူး ။ လွန်ခဲ့တဲ့ လတွေကတော့ ဘီအာတီစနစ်လုပ်မယ် ဆိုပြီး အသံတွေကျယ်ကျယ်လောင်လောင် ကြားရပါသေးတယ်။ အခုတော့လည်း နွေအိပ်မက်လို လွင့်ဝေပျောက်ကွယ်သွားပြန် ပါပြီ။ စနစ်တကျ ဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အခြေခံကျကျ ရိုးသားတဲ့ တွေးခေါ်မြော်မြင်မှုတွေ ရှိဖို့လိုပါတယ်။ ပြီးတော့ ကောင်းမွန်စိတ်စေတနာ ရှိဖို့လိုပါတယ်။  အခုတော့ အစိုးရသစ်ဟာ စီမံခန့်ခွဲမှု အလွဲအမှားတွေကြားမှာ ပဲ့နင်းဦးထောင် ဦးနင်းပဲ့ထောင်နဲ့ မနိုင်မနင်းဖြစ်နေပါတယ်။ 


ဒီမိုကရေစီကို အသွင်ကူးပြောင်းရေးဟာ အချိန်ကြာမြင့်ကောင်း ကြာမြင့်မှာပါ။ အဆင့်လိုက်အပိုင်းလိုက် လုပ်ဆောင်ချက်တွေဟာ ရိုးဖြောင့်ဖို့ လိုပါတယ်။ အဲဒီလိုမှမဟုတ်ပဲ ယခင်အမူအကျင့်ကို နာမည်ပြောင်း ခေါင်းစဉ်ပြောင်းရုံ ဆို အခြေခံပြည်သူအတွက် နာကျင်ရတဲ့ ဟာသတွေပိုများလာတာကလွဲလို့ သမိုင်းမှာလည်း ဘယ်လိုဖြစ်ထွန်းမှုမျိုးနဲ့မှ ရင့်ကျက်လာမှာ မဟုတ်ပါဘူး။ အဓိကမြို့တော်ကြီး နှစ်မြို့သုံးမြို့လောက်သာ ရှိတဲ့နိုင်ငံမှာ ဘတ်စ်ကားစနစ်လေးတောင် စနစ်တကျဖြစ်အောင် မစီမံမခန့်ခွဲနိုင် အာရှအဆင့်အတန်းနဲ့ ကိုက်ညီအောင် မပြုပြင်နိုင်ခဲ့ဖူး ဆိုရင်… တစ်နိုင်ငံလုံး တိုးတက်ဖွံ့ဖြိုးဖို့ ဘယ်လိုတစ်လွဲတစ်ချော် စီမံခန့်ခွဲမှုတွေကို ကျွန်တော်တို့ မြင်သိကြားပြီး ကြားထဲကပြည်သူဟာ ဘယ်လောက်ကြာကြာ ငထွားခါးနာနေရဦးမှာလည်း…။ အစိုးရမင်းများ စေတနာကို လေးစားလျှက် တိုးတက်ချင်သော ဆန္ဒကြောင့် တင်ပြလိုရင်းဖြစ်ပါသည်။ မှန်ကန်စွာ စီမံခန့်ခွဲနိုင်ပါစေ။

0 comments: