သာမာန်အားဖြင့် အမုန်းစကားတွေဟာ လူပုဂိုလ် တစ်ဦးချင်းဆီမှ လူအဖွဲ့အစည်း သို့ အလျင်အမြန် ကူးစက်ပြန့်ပွား တတ်တဲ့ သဘောသဘာဝရှိပါတယ်။ နေရာဒေသ လူမျိုးသဘာဝအလိုက် အမုန်းစကားတွေ၊ သရော်မှုတွေ၊ ခွဲခြားဆက်ဆံတဲ့ အကြောင်းအရာတွေဟာ ကွဲပြားခြားနားလေ့ ရှိပါတယ်။ အခြေခံအားဖြင့် ဘာသာတရားကွဲပြားမှု၊ လိင်အမျိုးအစားကွဲပြားမှု၊ အသားအရောင်ကွဲပြားမှု၊ လူမျိုးရေးကွဲပြားမှု၊ သရော်လှောင်ပြောင်မှုတွေကြောင့် အမုန်းစကားတွေကနေ အမုန်းတရားအထိ ဆင့်ကဲဖြစ်ပေါ်လာတတ်ပြီး အကြမ်းဖက်မှု၊ လူစုလူဝေးဖြင့် ပဋိပက္ခတွေဖြစ်ပေါ်လာပြီး၊ အဓိကရုဏ်းတွေ စစ်ပွဲတွေအထိ ဖြစ်ပေါ်လာနိုင်ပြီး လူအဖွဲ့အစည်းကို ဆိုးရွားတဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်ပေါ်လာစေခဲ့ပါတယ်။
            ဒီနေ့ခေတ်မှာတော့ မတူကွဲပြားမှုတွေက အခြေခံလာတဲ့ အမုန်းစကား အမုန်းတရားတွေကို အဆုံးသတ်ဖို့  အချိန်ကျရောက်နေပါပြီ။


ဘာသာတရားကွဲပြားမှုကို အခြေခံတဲ့အမုန်းတရား

            ပြီးခဲ့တဲ့ ထောင်စုနှစ်တွေမှာ မွေးဖွားလာခဲ့တဲ့ ကလေးတိုင်းအားလုံးနီးပါးလောက်ဟာ လူကြီးမိဘတွေ ဆရာသမားတွေ ဘာသာရေးကျောင်းတွေကနေ ထပ်တလဲလဲ သင်ကြားခံရတာကတော့ မိမိတို့ လူ့အဖွဲ့အစည်း ယုံကြည်တဲ့ ဘာသာရေး ကိုးကွယ်မှုတွေဟာ အမှန်တရားဆိုပြီး တခြားယုံကြည်ကိုးကွယ်မှုတွေ ဟာ လက်ခံဖို့မကောင်းဘူးဆိုတဲ့ ကွဲပြားမှုကို ဆန့်ကျင်တဲ့အပြုအမူတွေ သင်ကြားခံရလေ့ရှိပါတယ်။ ကလေးသူငယ်တွေ မသိနားမလည်နိုင်တဲ့ ရှုပ်ထွေးပွေလီတဲ့ ဆုတောင်းဝတ်ပြုမှုတွေ အတင်းအကျပ် သင်ကြားလေ့ရှိပါတယ်။ အဲဒီကနေ ဆင့်ပွားလာတဲ့ ဘာသာတရားအခြေခံ အမုန်းတရားဟာ ကမ္ဘာကြီးမှာ နေထိုင်တဲ့ လူသားမျိုးနွယ်အချင်းချင်းကြားမှာ ယဉ်ကျေးမှု မြင့်မားလာတဲ့ ထောင်စုနှစ်တွေလို့ ခေါ်ဝေါ်တဲ့ ခေတ်ကာလမှာကိုပဲ မငြိမ်းနိုင်တဲ့ အမုန်းမီးတောက် တစ်ခုပမာ ဖြစ်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီနေ့ခေတ်မှာတော့ အဲဒီအမုန်းမီးတောက်တွေကို ကွဲပြားမှုအပေါ်မှာ  သိမ်မွေ့စွာနားလည် လက်ခံပေးနိုင်ခြင်းကပဲ ရေရှည်ငြိမ်းချမ်းရေးအတွက် အကောင်းဆုံး နည်းလမ်းဖြစ်နိုင်မယ်ထင်ပါတယ်။ 



လိင်ကွဲပြားမှုကို အခြေခံတဲ့ ခွဲခြားဆက်ဆံမှု

            အရှေ့တိုင်းမှာက အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှုတွေက ယဉ်ကျေးမှု ဓလေ့ထုံးစံတွေကြားမှာ စူးတစ်ချောင်းလို နစ်ဝင်နေပါတယ်…။ အမျိုးသမီးတွေဟာ အမျိုးသားတွေထက် နိမ့်ကျတယ်ဆိုတဲ့ ကိုးကွယ်ယုံကြည်မှု အစွဲအလန်းတွေကနေ အမျိုးသမီးတွေကို ဘာသာရေးအရ အထွဋ်အမြတ်ထားရာ နေရာတွေကို မ၀င်ရောက်စေဖို့ တားဆီးပိတ်ပင်မှုကနေ အိမ်တွင်းအကြမ်းဖက်မှုတွေအထိ အမျိုးသမီးတွေကို သားကောင်ဘ၀ ကျရောက်စေခဲ့ပါတယ်။ အရှေ့တိုင်းရဲ့ တချို့နေရာတွေမှာ အမျိုးသမီးတွေဟာ သက်ရှိရောင်းကုန်ပစ္စည်းတစ်ခုလို သဘောထားခံနေရဆဲပါပဲ။ အရွယ်မတိုင်မီ အတင်းအကျပ် လက်ထပ်ထိမ်းမြှားစေမှု၊ ကျေးကျွန်ပြုမှု၊ ကွာရှင်းပိုင်ခွင့်၊ အနုပညာနဲ့ အားကစားလုပ်ဖို့ ခွဲခြား ပိတ်ပင်ခံရမှု၊ အမျိုးသားတွေရဲ့ အစေအပါးသဖွယ် အလုပ်အကျွေးပြုရမှုတွေ ရှိနေဆဲပါ။ ပြီးတော့ စစ်ပွဲတွေနဲ့ ပဋိပက္ခတွေကြားမှာလဲ အမျိုးသမီးတွေဟာ အကြမ်းဖက်ခံရမှုတွေ ဖြစ်ပေါ်နေဆဲပါ။ အရှေ့တိုင်းယဉ်ကျေးမှုတွေကြားမှာ တော့ အမျိုးသမီးတွေဟာ ခွဲခြားဆက်ဆံခံရမှုကို လူသားချင်းသာတူညီမျှ အခွင့်အရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် လှုံ့ဆော်ဆောင်ရွက်ဖို့ လိုနေပါသေးတယ်။ 


အသားအရောင်ကွဲပြားမှုကို အခြေခံတဲ့အမုန်း။ 

          အသားအရောင်ကွဲပြားမှုအတွက် သာတူညီမျှအခွင့်အရေးအတွက် သမ္မတကြီးလင်ကွန်းဟာ လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခုကျော်ကတည်းက ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ခိုက်ခဲ့ပြီး လူသားချင်း အတူတူ ဆိုတာကို ကမ္ဘာကြီးတစ်ခုလုံး သိအောင် လှုံ့ဆော်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် နှစ်ပေါင်းများစွာ အဲဒီအသားအရောင်ကွဲပြားမှု အပေါ် အခြေခံတဲ့ အမုန်းတရားကို ဆန့်ကျင်ဖို့အတွက် လူပေါင်းများစွာ အသက်ပေါင်းများစွာ စွန့်လွှတ်ပြီးစွန့်စားပြီး သာတူညီမျှမှု အမှန်တရားအတွက် ရုန်းကန်ခဲ့ရပါတယ်။ အရှေ့တိုင်းမှာလဲ အသားအရောင်ကွဲပြားမှုဟာ ဥရောပနဲ့ အမေရိကလောက် မပြင်းထန်ပေမယ့် သိမ်မွေ့စွာ စူးနစ်နေတဲ့ ပဋိပက္ခတစ်ခု ဖြစ်ပါတယ်။ အရှေ့တိုင်းမျိုးနွယ်စုတွေဟာ လူနီ၊ လူညို၊ လူဝါတွေ များတဲ့အတွက် သူတို့ အသားအရောင် နက်မှောင်တာကို အဆင့်အတန်းနိမ့်ကျတယ်လို့ သူတို့ရဲ့စိတ်မှာ ခံစားရလေ့ရှိပါတယ်။ သူတို့အချင်းချင်း အသားညိုတဲ့လူ အသားအရောင် နက်မှောင်တဲ့ လူဆိုရင်တောင် လှောင်ပြောင်သရော်တာ ခွဲခြားဆက်ဆံတာ မျိုးကို မသိလိုက်မသိဘာသာ ပြုလုပ်လေ့ရှိပါတယ်။ တကယ်တော့ အသားအရောင်ဟာ လူရဲ့ တန်ဖိုး အဆင့်အတန်း ဂုဏ်သိက္ခာကို အကဲဖြတ်တဲ့ မှတ်ကျောက်မဟုတ်ပဲ။ လူတစ်ယောက်ရဲ့ စိတ်နေစိတ်ထား အပြုအမှုဆောင်ရွက်ချက်က လူတစ်ယောက်ရဲ့ တန်ဖိုးကို အဓိအကဲဖြတ်နိုင်မှာပါ။ အသားဖြူတဲ့ လူတွေပဲ တန်ဖိုးရှိတယ် ဆိုတဲ့ အယူအဆဟာ မိုက်မဲတဲ့ခေတ်ဟောင်းမှာ မိုက်မဲသူတွေအတူ ကျန်နေခဲ့ပါပြီ။ 



လူမျိုးရေးကွဲပြားမှုကို အခြေခံတဲ့အမုန်းတရား။

          ရှေးအကျဆုံးနဲ့ သက်တမ်းအရှည်ဆုံး အမုန်းတရားအဖြစ် လူမျိုးရေးကွဲပြားမှုကို အခြေခံတဲ့အမုန်းတရားဟာ ကျွန်တော်တို့ ကမ္ဘာမြေကြီးပေါ်မှာ အမြစ်တွယ်နေပါတယ်။ လူမျိုးရေးကွဲပြားမှုကို အခြေခံတဲ့ အမုန်းတရားဟာ အုပ်ချုပ်သူတွေ အာဏာကိုလွှမ်းမိုးချုပ်ကိုင် ချင်သူတွေက စီးပွားရေးနိုင်ငံရေး နယ်မြေပိုင်ဆိုင်မှု သြဇာအာဏာ ပိုမိုထူထောင် နိုင်ဖို့အတွက် စစ်ပွဲတွေဖန်တီးဖို့ လိုအပ်လာတဲ့အခါ လူမျိုးရေးကွဲပြားမှုကို အခြေခံတဲ့ အမုန်းတရားတွေနဲ့ လှုံ့ဆော်လေ့ရှိပါတယ်။ အမှန်တကယ်တော့ ကမ္ဘာကြီးရဲ့ ရှေးဦးလူသားတွေဟာ မျိုးနွယ်စိတ်တွေ ရောယှက်နှီးနွယ်ပြီးတော့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းဖြစ်ပေါ်လာဖို့ ဆင့်ကဲပြောင်းလဲ တည်ရှိလာခဲ့ပါတယ်။ ဒါပေမယ့် ဒီနေ့အချိန်ထိ လူမျိုးရေးကွဲပြားမှုကို အခြေခံတဲ့ အမုန်းတရားတွေ ပျံ့နှံ့နေဆဲပါပဲ။ ဖွံ့ဖြိုးဆဲ နိုင်ငံတွေနဲ့ ဖွံ့ဖြိုးမှုနိမ့်ကျဆင်းရဲ တဲ့ နိုင်ငံတွေမှာ လူမျိုးရေးကွဲပြားမှုကို အခြေခံတဲ့ စစ်ပွဲတွေ ပဋိပက္ခတွေ ရှိနေဆဲပါပဲ။ ကျွန်တော်တို့ အဲဒီအတွက် နည်းလမ်းကတော့ လူမျိုးကွဲပြားမှုကို ငြိမ်းချမ်းစွာ နားလည်လက်ခံနိုင်ဖို့လိုပါတယ်။ တခြားလူမျိုးတွေ ဟာ ကိုယ်လူမျိုးတွေ အတွက် အနှောင့်အယှက် အန္တရယ်ပဲလို့ တယောက်ယောက် ဆိုလာရင်လည်း ယဉ်ကျေးစွာပိတ်ပင်တားဆီးနိုင်ဖို့ လိုပါတယ်။ လူမျိုးကြီးတွေပဲ ဖြစ်စေ၊ တိုင်းရင်းသား လူနည်းစုတွေပဲ ဖြစ်စေ၊ သဘာဝဘေးဒဏ်ကြုံရင် ထပ်တူခံစားရမှာပါ။ စစ်ပွဲတွေကြုံရင်လဲ ထပ်တူခံစားရမှာပဲ ဖြစ်ပါတယ်။ မိမိတို့လူမျိုးမို့ ပိုကောင်းတယ် ပိုမြင့်မြတ်တယ်ဆိုတာ မရှိသလို ကိုယ်နဲ့ လူမျိုးခြင်းမတူလို့ နိမ့်ကျတဲ့လူမျိုးဆိုတာလည်း ကမ္ဘာပေါ်မှာ မရှိပါဘူး။

စစ်ပွဲတွေ၊ အဓိကရုဏ်းတွေ ဖြစ်ပွားရတဲ့ အချက်အလက်ထဲမှာ လူမျိုးရေးကွဲပြားမှုကို အခြေခံတဲ့ အမုန်းတရားက အဓိကနေရာကနေ ပါဝင်လေ့ရှိပါတယ်။ တိုင်းပြည်တစ်ခုနဲ့ တစ်ခုဖြစ်စေ၊ ဒေသတစ်ခုတွင်းမှာ ဖြစ်စေ၊ အကဲဆတ် အထိမခံတဲ့ အခြေအနေတစ်ရပ်ရောက်ပြီ ဆိုရင် ညစ်ပါတ်တဲ့ နိုင်ငံရေးသမားတွေဟာ မျက်ကန်းမျိုးချစ်ဝါဒကို အမွှန်းတင်ပြီး မိမိတို့ နိုင်ငံရေး စီးပွားရေး အကျိုးအမြတ်အတွက် လူအဖွဲ့အစည်းတွေကို သွေးချောင်းစီးအောင် ရန်တိုက်ပေးလေ့ ရှိပါတယ်။ ယနေ့ခေတ်မှာတော့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုး မျိုးတုံးသတ်ဖြတ်ချင်း လူမျိုးစုအချင်းချင်း မပြေနိုင်တဲ့ ရန်ငြိုးရန်စတွေကို ဖော်ထုတ်ပြီး ရှေ့တန်းတင်ပြီး မျက်ကန်းမျိုးချစ်ဝါဒကို အမွှန်းတင်တဲ့ လူတွေကို ပြစ်မှုကျူးလွန်သူတွေ အဖြစ် ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းက ရှုတ်ချပြစ်တင်လေ့ရှိပါတယ်။ ဒါပေမယ့် အဲဒီ မျက်ကန်းမျိုးချစ်တွေဟာ မဖွံ့ဖြိုးသေးတဲ့ လူ့အဖွဲ့အစည်းတွေမှာ၊ အစွန်းရောက် လူ့အဖွဲ့အစည်းတွေ ထဲမှာ အမြစ်တွယ်နေဆဲ ဖြစ်ပါတယ်။ လူများစုကြီးက လူနည်းစုဖြစ်တဲ့ လူ့အဖွဲ့အစည်းတွေကို စီးပွားရေး၊ လူမှုရေး၊ ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေကို ကန့်သတ်တားမြစ် ပိတ်ပင်မှုတွေဟာလည်း လူမျိုးရေးကွဲပြားမှုအမုန်းတရားပေါ် အခြေခံတဲ့ ခွဲခြားဆက်ဆံမှုတွေဖြစ်ပြီး အဲ့ဒီအပြုအမှုတွေဟာ လူသားအခွင့်အရေးရဲ့ ဆန့်ကျင်ဘက်အပြုအမူတွေဖြစ်ပြီး လူအုပ်စုများပြားပေမယ့် ယဉ်ကျေးတဲ့အပြုအမှုမျိုးတော့ မဟုတ်ပါဘူး။ တကယ်တော့ ကမ္ဘာကြီးပေါ်မှာ ကွဲပြားမှုတွေဟာ သဘာဝကျကျ ရှိနေမှာဖြစ်ပြီး အဲဒီကွဲပြားမှုတွေအပေါ် အသိဥာဏ်ရှိစွာ လက်ခံထားရမှာပါပဲ။ ကွဲပြားမှုတွေဟာ ပဋိပက္ခမျိုးစေ့ မဟုတ်ပါဖူး ခွဲခြားဆက်ဆံလိုစိတ်ကသာ ပဋိပက္ခတွေဖြစ်စေတယ်ဆိုတာ ကျွန်တော်တို့ အားလုံး သိနားလည်ထားဖို့လိုပါတယ်။ 


APS
           

0 comments: