ဘ၀ဆိုတာ အချိန်ကာလနဲ့ ဖွဲ့စည်းထားတယ်လို့ လူအတော်များများက ပြောဆိုသုံးစွဲတတ်ကြပါတယ်။ အိုင်းစတိုင်းကလဲ နှိုင်းရသီအိုရီနဲ့ အချိန်သဘောသဘာဝကို လူတွေနားလည်အောင် ရှင်းပြဖို့ ကြိုးစားခဲ့ဖူးပါတယ်။ စတီဖင်ဟော့ကင်းကလဲ ဘီးတပ်ကုလားထိုင်ပေါ်ကနေ ကမ္ဘာကျော် အချိန်နဲ့သမိုင်းအကျဉ်းဆိုတဲ့ ရူပဗေဒကျမ်းတစ်အုပ် ရေးဖွဲ့ခဲ့ဖူးပါတယ်။ ရစ်ချတ်ဖိုင်းမန်းတစ်ယောက်ပဲ အချိန်ကာလအကြောင်း ကောင်းကောင်းနားမလည်ပါဘူးတဲ့…။

အဲဒီအချိန်ကာလကို နေနာရီ၊ သဲနာရီနဲ့ အီဂျစ်ပြက္ခဒိန်တွေက စတင်ခဲ့သလား…အာရုံမိုးသောက်ယံမှာ အရှေ့အာရှက ကြက်ဖတွန်သံတွေနဲ့ စခဲ့သလား… ရွှေဗဟိုရ်စည်သံနဲ့ ရွာဦးကျောင်းက တုံးမောင်းခေါက်သံ… နရီသံပါတ်အမျိုးမျိုး နေ့နဲ့ညတွေကြားမှာ လူတွေ ခေတ်တွေ ဖြတ်သန်းနေထိုင်လာကြတာပါ…။

ဒီနေ့ ၂၁ ရာစု ကော်ဖီshopတစ်ခုမှာ လူငယ်လေးယောက် ထိုင်နေကြတယ်… သုံးယောက်က နာရီပတ်သူဖြစ်ပြီး တစ်ယောက်က နာရီမပတ်ထားပါဘူး။ လက်ကောက်ဝတ်သွေးကြောတွေ ကျဉ်းကြပ်နေမှာ စိုးတာကတစ်ကြောင်း… စက္ကန့်တံလေးရဲ့ လှုပ်ရှားမှုလောက်နဲ့ ဘ၀ကို ရင်မခုန်ချင်လို့ပါလို့ နာရီပတ်မထားသူက ဆင်ခြေပေးပါတယ်။

နာရီတစ်လုံးဟာ ခင်ဗျားဖက်ရှင်ကို ပံ့ပိုးပေးနိုင်မယ်ဆိုတာ တွေးခဲ့ဖူးသလား…။ ကျွန်တော် အခု ဂျင်းပင်န်၊ တီရှပ်နဲ့ Gshot နာရီပတ်ထားတယ်… ဒါဟာ သိပ်လိုက်ဖက်တယ်လို့ ကျွန်တော်ခံစားရတဲ့အတွက် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပိုတိုးတက်စေပါတယ်… ကျွန်တော့်မှာ နာရီခြောက်လုံးရှိတယ်… လိုက်ဖက်တဲ့ဝတ်စုံနဲ့ တွဲဝတ်ဖို့ပါလို့ ဖက်ရှင်အတွက် နာရီပတ်သူက ပြောပါတယ်။

Rado ကိုလဲ လက်မှာ ပတ်ချင်တယ်… Titan ဆိုရင်လဲ တိုက်တေနီယမ်ကစစ်… တန်ဖိုးရှိတဲ့အချိန်ကို တန်ဖိုးကြီးကြီးပေးကြည့်မှ ဘ၀တန်ဖိုးကို အမြဲမြှင့်တင်နိုင်မှာပေါ့… သေချာတာက နာရီဟာ လက်ကောက်ဝတ်ပေါ်မှာ လေးလံစီးပိုင်နေရမယ်…။ လက်ကောက်ဝတ်တစ်ချောင်းကို သိန်းနဲ့ချီတန်ဖိုးရှိမှ တစ်ချို့လူတွေဆီက အထင်ကြီးတဲ့ မျက်ဝန်းတွေ ရရှိနိုင်မှာ… လက်ကိုင်ဖုန်းထဲမှာ နာရီပါပေမယ့် တန်ဖိုးကြီးကြီး နာရီပတ်တဲ့ အလေ့အကျင့်ကို ကျွန်တော် နှစ်သက်နေတုန်းပါပဲ…။

နာရီတစ်လုံးရဲ့တန်ဖိုးက အချိန်မှန်ဖို့ထက် ဘာမှပိုမလိုအပ်ပါဘူး။ တရုတ်လုပ် တစ်ဒေါ်လာခွဲတန် အပေါ့စားနာရီလေးတွေကလဲ ကမ္ဘာပေါ်က ဘယ်စံတော်ချိန်နဲ့မဆို အချိန်ညှိယူလို့ရပါတယ်။ စံတော်ချိန်နဲ့ လွဲနေရင်… ဒါမှမဟုတ် စက္ကန့်တံလေး သေဆုံးသွားခဲ့ရင်လဲ သံယောဇဉ်တွယ်ဆက်နေစရာ မလိုပါဘူး… နောက်ထပ်တစ်လုံး လဲပတ်ရုံပါပဲ။ ဒါပေမယ့် ကုန်ညံ့ဆိုတိုင်း အသုံးချတန်ဖိုး ဘာမှမပါဘူးလို့တွေးရင် တက်တက်စင်အောင် လွဲသွားမှာပါ…။ ကျွန်တော်ပတ်ထားတဲ့ တရုတ်လုပ် လက်ပတ်နာရီလေးက ဆယ်စုနှစ် တစ်ဝက်ကျိုးတဲ့ထိအောင် စက္ကန့်တစ်မှတ် မလွဲဖူးသေးပါဘူး။ မိုးထဲရေထဲမှာတောင် ဒုန်းစိုင်းသွားခဲ့ဖူးတယ်။ အဲဒီလို ချစ်စရာကောင်းတဲ့ နာရီလေးတစ်လုံးကို ဘယ်လိုကြွားဝါမှု၊ ဘယ်လိုမာနတရားမျိုးနဲ့မှ အလဲအထပ် မလုပ်နိုင်ဘူးလို့ Casio နာရီအတုတစ်လုံး ပတ်ထားတဲ့ လူငယ်က ပြောပါတယ်။

ဆောင်းကြမ်းရာသီတစ်လျှောက်လုံး အချိန်ကို ဘယ်လိုဖြုန်းတီးရမလဲလို့ တွေးတောနေခဲ့ရဖူးတဲ့ ဆွစ်ဇ်လူမျိုးတွေဟာ ကမ္ဘာကြီးအတွက် အကောင်းစားနာရီတွေကို ထုတ်လုပ်ပေးခဲ့ဖူးတယ်။ နာရီဆိုရင် ရိုးလက်စ်၊ Rado၊ Sandoz ဆိုပြီး ဆွစ်ဇ်ဇာလန်ဆိုတဲ့ စာတန်းကို ဂုဏ်ယူဝင့်ကြွားစွာပတ်တဲ့ မျိုးဆက်ရှိခဲ့သလို… ခေတ်မီပေါ့ပါးတဲ့ Casio၊ Gshotနဲ့ Rock သီချင်းဆိုတဲ့ လူငယ်တစ်ချို့ ရှိခဲ့သလို… Gucci၊ အလက်ဇန်းဒါးခရစ်စတင်းနဲ့ လုပ်ငန်းရှင်ပေါက်စ လူလတ်ပိုင်းတွေ ရှိခဲ့ဖူးတဲ့မြို့မှာ လူငယ်လေးယောက်ရဲ့ နာရီဝါဒကို နာကြားပြီးတဲ့နောက်…

တစ်နေ့မှာ ၂၄ နာရီထက် ဘယ်သူမှ အချိန်ပိုမရခဲ့တာ သေချာနေခဲ့ပြန်ပါတယ်…။


အောင်ပိုင်စိုး

0 comments: