ခေါင်းဆောင်မှု ပညာလို့ ဆိုလိုက်ရင် ခေါင်းဆောင်လုပ်မယ့် သူတွေ အတွက်ပဲလို့ လူတော်တော်များများက တွေးတတ်ကြပါတယ်။ ၂၁ရာစုခေတ်မှာတော့ ခေါင်းဆောင်မှုပညာဟာ အများသူ ငါကြားမှာ တတ်သိထားရမယ့် ပညာရပ် တစ်ခု ဖြစ်နေပါပြီ။ ပြီးတော့ ကျား၊မ မခွဲခြား လေ့လာသင့်တဲ့ ပညာရပ်တစ်ခုပါ။ ဘာကြောင့်လည်းဆိုတော့ မည်သူ တစ်ဦး တစ်ယောက်မဆို မိမိဦးစီး ဆောင်ရွက်ရမယ့် အခန်းကဏ္ဍတွေ ဘ၀မှာ ပိုကျယ်ပြန့်လာလို့ပါပဲ..။ ကိုယ်က သူများကို ဦးဆောင်ဖို့ဆိုတာ လွယ်ပါ့မလား ကိုယ့်ပညာ၊ ကိုယ့်ကျွမ်းကျင်မှု၊ ကိုယ့်ဗဟုသုတတွေနဲ့ ဖြစ်ပါ့မလားဆိုပြီး ခေါင်းဆောင်မှု အခန်းကဏ္ဍတွေကို ငြင်းပယ်လို့ မရနိုင်တော့ပါဘူး။ အမြဲတမ်း နောက်လိုက် ဘ၀မှာပဲနေရင် အမြဲတမ်းအောက်ကျတဲ့ ဘ၀ကိုပဲ ရရှိနိုင်မှာပါ။ အဲဒါကြောင့် တိုးတက်ချင်တဲ့ လူငယ်တွေဟာ လမ်းသစ်ထွင်မယ်ဆိုတဲ့ စိတ်ကူးကို ပျိုးထောင်ကြတာပါပဲ။ ၂၁ ရာစု လူမှုဘ၀က ပိုပြီးစိန်ခေါ်မှု အားကောင်းလာပါတယ်။ ပြီးတော့ ပြိုင်ဆိုင်မှုအားလည်း ပိုမိုပြင်းထန်လာပါတယ်။ အကျိုးရလဒ်အားဖြင့်တော့ တိုးတက်မှုနှုန်း မြင့်မားလာပြီး အပြောင်းအလဲတွေ ပိုမိုမြန်ဆန်လာပါတယ်။ အချိုးအကွေ့တွေလည်း သိပ်များလာပါတယ်။ အမှီအခို ကင်းကင်းရပ်တည်နိုင်သူတွေသာ အောင်လံထူနိုင်ကြတာပါ။ နောက်လိုက်ကောင်းဖြစ်ရုံနဲ့ ခေါင်းဆောင်ကောင်း ဖြစ်လာဖို့ဆိုတာ မသေချာတော့ပါဘူး..။

ကိုယ့်ရဲ့ ဦးဆောင်သူဟာ ကောာင်းမွန်ရဲ့လားဆိုတာ ဆန်းစစ်ကြဖို့ လိုနေပါပြီ။ လမ်းဟောင်းကနေ ဖဲ့ထွက်ကြည့်ပ။ါ ဘယ်သူမှ မသိတဲ့ အတွေ့အကြုံသစ် တစ်ခုကို ရပါလိမ့်မယ။် ကိုယ့်ကို စိန်ခေါ်တဲ့အခက်အခဲကို ကိုယ်တိုင်ဖြေရှင်းလိုက်နိုင်တာက ကိုယ့်အရည်အချင်းရဲ့ မှတ်ကျောက်ပါ ….။ သမိုင်းဆိုတာ အမှီအခိုကင်းသူတွေ အကြောင်း ရေးဖွဲ့ထားတာပါ …။

၂၁ ရာစုဆိုတာ ကိုယ်ကိုယ်တိုင် ဦးဆောင်သွားရမယ့် ရာစုနှစ်ပါ …လူငယ်တွေအနေနဲ့ ရဲရဲတွေးဖို့ လိုအပ်နေပါပြီ…။

လူနဲ့စနစ်ပြေပြစ်ပါစေ။

လူငယ်တွေက အနုပညာအသစ်တွေ တင်ပြတယ်၊ ၀တ်စားဆင်ယင်မှုအသစ်တွေ၊ ဘန်းစကားအသစ်တွေ ပြောပြီး၊ သီချင်းအသစ်တွေ ဆိုကြတယ်။ ပြီးတော့ ပြဿနာအသစ်တွေကိုလည်း ရှာလာကြတယ်။ လူငယ်တွေက လူအသစ်တွေ ဖြစ်နေကြလို့ပါပဲ။

လူကြီးတွေကျတော့ ပြဿနာအဟောင်းတွေ၊ ယဉ်ကျေးမှုပုံစံ အဟောင်းတွေ၊ အတွေးဟောင်းတွေနဲ့ သူတို့ အံဝင်ခွင်ကျ ဖြစ်နေတဲ့စနစ်ကို ပြောင်းလဲပစ်ဖို့ ၀န်လေးတတ်ကြပါတယ်။ သူတို့က လူဟောင်းတွေ ဖြစ်သွားကြတာကိုး။ ခေတ်တိုင်းမှာ လူဟောင်းနဲ့ လူသစ်နှစ်မျိုးဟာ အမြဲဒွန်တွဲနေပါတယ်။ ပြဿနာအသစ်တွေကို အတွေးအခေါ်ဟောင်းနဲ့ ဖြေရှင်းလို့ မရသလို ပြဿနာအဟောင်းတွေကိုလည်း ခံစားမှုအသစ်နဲ့ ကိုင်တွယ်လို့ မရနိုင်ပါဘူး။ အဲဒီနေရာမှာ လူနဲ့စနစ် ပြေပြစ်ဖို့က အရေးကြီးပါတယ်။ လူ့အဖွဲ့အစည်း တစ်ခုလုံးပဲဖြစ်ဖြစ်၊ နိုင်ငံတစ်နိုင်ငံ၊ ကော်ပိုရိတ်တစ်ခု ဒါမှမဟုတ် ကိုယ်ပိုင်စီးပွားရေး လုပ်ငန်းငယ်တစ်ခု ဖြစ်စေ အခက်အခဲတွေ ဖြေရှင်းရေး နည်းလမ်းတွေဟာ အတွေ့အကြုံပေါ်မှာ အများစု အခြေခံထားတာပါ။ အပြိုင်အဆိုင်များတဲ့ နည်းပညာခေတ်မှာကျတော့ ပြဿနာအဟောင်းတွေ အပြင် အခက်အခဲသစ်တွေက ဆိုင်းမဆင့် ဗုံမဆင့် ရောက်ရှိလာတတ်ကြပါတယ်။

အားနည်းချက်တွေ ကိုယ်တည်ဆောက်ထားတဲ့ စနစ်တွေရဲ့ အားနည်းချက်တွေကို အမြဲဆန်းစစ်နေရပါမယ်။ စနစ်ရဲ့ ပြေလျော့နိုင်စွမ်းကို ဖန်တီးထားရမှာဖြစ်ပြီး အပြောင်းအလဲတွေအတွက် အခုအခံနည်းပါးအောင် ဆောင်ရွက်ထားရမှာပါ။ အဲဒီနေရာမှာ လူသစ်နဲ့ လူဟောင်းတွေကြား ပဋိပက္ခကို ချိန်ညှိုတတ်မှ မိမိရဲ့ ဦးဆောင်မှုဟာ အောင်မြင်နိုင်မှာပါ။ လူတွေနဲ့ စနစ်တွေကြား ပြေပြစ်တဲ့ ဆက်ဆံရေးရှိအောင် ဆောင်ရွက်ထားရမှာပါ။ ဘာကြောင့်လည်းဆိုတော့ လူက စနစ်ကို ဖန်တီးပြီး စနစ်က လူကို ဦးဆောင်လို့ပါပဲ။ စနစ်နဲ့ လူနဲ့ အံဝင်ခွင်ကျ မဖြစ်တော့ဘူးဆိုရင်တော့ အပြောင်းအလဲဆိုတဲ့ ဒီလှိုင်းဟာ ပဋိပက္ခ အင်အားပေါ်မူတည်ပြီး ကြီးထွားလာနိုင်လို့ပါပဲ။ အပြောင်းအလဲ ဆိုတဲ့ လှိုင်းကြီးတွေပေါ်မှာ တည်တည်ငြိမ်ငြိမ် လှိုင်းစီးနိုင်ဖို့ဆိုတာ အတွေးအမြင်တွေ မချုပ်နှောင်မိဖို့ အရေးကြီးပါတယ်။ အပြောင်းအလဲကို ကြောက်တဲ့ ဦးဆောင်သူ နောက်လိုက်နေရတာ အမှောင်ထဲမှာ ချောက်ကမ်းပါးဘက် ဦးတည်လျှောက်နေရသလို အန္တရာယ်များလွန်းပါတယ်။ အဲဒါကြောင့် လူဟာစနစ်ကို ဆန်းစစ်ဖို့လိုသလို ဦးဆောင်သူတွေကိုလည်း အမြဲတစေ ဝေဖန်ပိုင်းခြားတတ်ဖို့ လိုပါတယ်။ ဒါမှသာ မိမိပါဝင် ပက်သက်တဲ့ စီးပွားရေး အဖွဲ့အစည်း၊ လူမှုအ၀န်းအ၀ိုင်းမှာ မိမိရဲ့တန်ဖိုးအမှန်ကို ရရှိနိုင်မှာပါ။ လူဟာစနစ်ကို အသုံးချတတ်ရပါမယ။် စနစ်ကလူကို မှိုင်းတိုက်တဲ့ အဖြစ်မျိုးတော့ မဖြစ်ပါစေနဲ့။ ဒီကနေ့ခေတ်ဟာ ကိုယ့်အတွေးဟာ ကိုယ်ဘယ်နေရာမှာဆိုတဲ့ ပြဠာန်းချက်ကိုပေးပါတယ်။ မိမိကိုယ်ကို စီမံခန့်ခွဲနိုင်မှ အောင်မြင်မှုရမှာ ဖြစ်ပါတယ်။

စွန့်ဦးသမားတွေဟာ ဦးဆောင်သူလား ။

စီးပွားရေးလုပ်ငန်းတွေမှာဖြစ်စေ၊ လူမှုအ၀န်းအ၀ိုင်းမှာဖြစ်စေ၊ မိရိုးဖလာနဲ့ စွန့်ဦးသမားတွေ ရှိတတ်ကြပါတယ်။ မိရိုးဖလာသမားတွေ အတော်များများက အဖေတို့ခေတ်ကလို့ ပြောတတ်ကြပြီး စွန့်ဦးသမားတွေကတော့ ကျွန်တော်တို့ခေတ်မှာ ဆိုတဲ့စကားကို ပြောတတ်ကြပါတယ်။ မိရိုးဖလာသမားတွေက အတွေ့အကြုံဟောင်းတွေကို အခြေခံပြီး ပစ္စပ္ပုန်ကို လည်ပါတ်ကြပါတယ်။ စွန့်ဦးသမားတွေကတော့ ပစ္စပုန်အခြေအနေကို မူတည်ပြီး အနာဂါတ်ကို တည်ဆောက်ကြတာပါ။ စွန့်ဦးသမားတွေဟာ အန္တရာယ်များ တတ်သလိုအကျိုးအမြတ်လည်း များပါတယ်။ အမှန်တကယ် အဖြစ်အပျက်တွေမှာလည်း စွန့်ဦးသမားတွေရဲ့ အနာဂါတ်အိပ်မက်တွေ အတိုင်း အနာဂါတ်ဆိုတာ ဖြစ်လာရတာပါ။ မိရိုးဖလာသမားတွေ သိပ်များနေရင်တော့ တိုးတက်မှုတွေ နှေးကွေးနေပါလိမ့်မယ်။ အဲဒါကြောင့် တိုးတက်ချင်တဲ့ လုပ်ငန်းတွေ၊ လူ့အဖွဲ့အစည်းတွေဟာ စွန့်ဦးသမားတွေ များများ မွေးထုတ်ပေးနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ စွန့်ဦးသမားတွေက ဦးဆောင်သူတွေ၊ လမ်းသစ်ဖောက်သူတွေပါ။ သူတို့က လူတွေကို ဦးဆောင်သူ ဖြစ်ချင်မှ ဖြစ်ပါလိမ့်မယ်။ သူတို့က စနစ်သစ်တွေ နိုင်ငံရေး၊ ယဉ်ကျေးမှု၊ စီးပွားရေးအသစ်တွေကိုတော့ ဦးဆောင်နေပါလိမ့်မယ်။ မိမိဖောက်တဲ့လမ်းကို မိမိတစ်ယောက်တည်း လျှောက်ရုံနဲ့ မထူးခြားလှပါဘူး။ လူများများလျှောက်ပါမှ လမ်းကြောင်းပိုကျယ်လာပါမယ်။ မိမိလျှောက်တဲ့ လမ်းကို လူများများ လျှောက်လာဖို့က မိမိတွေးတဲ့အတွေးကို တခြားလူတွေရဲ့ ဦးခေါင်းထဲတင်ပို့ဖို့ လိုပါတယ်… နောက်တစ်ချက်က စွန့်ဦးသမားတွေ အနေနဲ့ မိမိအောင်မြင်လာတဲ့ အကြောင်းအခြင်းအရာတွေအပေါ်မှာ အစွဲအလန်းမကြီးဖို့လည်း လိုပါတယ်။ ဘာကြောင့်လည်းဆိုတော့ ယဉ်ကျေးမှုကျယ်ပြန့်လာရင် စိန်ခေါ်မှုတွေ ပြန်ရင်ဆိုင်လာရပါမယ်။ အဲဒီအချိန်မတိုင်ခင် မိမိက အများရှေ့ကနေ ရဲရဲလျှောက်ဖို့ လိုအပ်ပါတယ်။ စွန့်ဦးသမားတွေအနေနဲ့က ဒီလောက်ဆို လုံလောက်ပါပြီဆိုတဲ့ အတွေးမျိုး မ၀င်မိဖို့ အရေးကြီးပါတယ်။ အပြောင်းအလဲတွေကို အစဉ်မပြတ် ရင်ဆိုင် ဖြေရှင်းနိုင်တဲ့ စွန့်ဦးသမားကမှ ဦးဆောင်သူ အခန်းကဏ္ဍမှာ အမြဲတစေ ရပ်တည်နိုင်မှာပါ။ အများအားဖြင့်တော့ စွန့်ဦးသမားတွေဟာ ဦးဆောင်သူ အရည်အချင်းနဲ့ ပြည့်စုံတတ်ကြပါတယ်။ လတ်တလော အရေးကြီးဆုံးအလုပ်က အတွေးအခေါ်ဟောင်းထဲက စွန့်ထွက်လာဖို့ပါ။ သူများ အတွေးတွေနဲ့ သင့်အနာဂါတ်ကို တည်ဆောက်မယ်ဆိုရင် သင်ဥာဏ် နည်းရာရောက်ပါလိမ့်မယ်။


ဦးဆောင်မှု အောင်မြင်ရေး

ဦးဆောင်မှု အောင်မြင်ဖို့အတွက် စီမံခန့်ခွဲမှု ကောင်းမွန်ဖို့က အရေးကြီးတဲ့ အခန်းကဏ္လမှာ ပါဝင်ပါတယ်။ မိမိက ဦးဆောင်သူ တစ်ယောက်ဆိုရင် မိမိရဲ့တန်ဖိုးကို မိမိရဲ့ စီမံခန့်ခွဲမှုဟာ လုပ်ငန်းအဆင်ပြေချောမွေ့မှု ဘယ်လောက်ရှိသလည်းဆိုတာနဲ့ တိုင်းတာကြမှာပါ။ ကိုယ့်ဦးဆောင်တဲ့ အဖွဲအစည်းမှာ ပါဝင်ပက်သတ်နေသူအားလုံး အကျိုးစီးပွားကို မျှတစွာ ခွဲဝေနိုင်မှ အောင်မြင်မှုရမှာပါ။

ဝန်ထမ်းတွေ ဖောက်သည်တွေအပြင် မိမိဌာနခွဲရဲ့ ထုတ်လုပ်မှုတွေအားလုံး ကောင်းမွန်တဲ့ရလာဒ်ကို ပေးနိုင်မှ ခေါင်းဆောင်ကောင်း ဖြစ်မှာ ဖြစ်ပြီး၊ အမှုဆောင် အရာရှိတစ်ဦးဆိုရင်တော့ လုပ်ငန်း ရှယ်ယာရှင်တွေ ၊ အမှုဆောင်အရာရှိတွေ၊ ဒါရိုက်တာ ဘုတ်အဖွဲ့တွေ၊ မန်နေဂျာတွေ အားလုံးနဲ့ အဆင်ပြေနိုင်မယ့် စီမံခန့်ခွဲမှု နည်းလမ်းတွေ လိုအပ်မှာပဲ ဖြစ်ပါတယ်…။ စီမံခန့်ခွဲမှု အောင်မြင်ဖို့ လုပ်ငန်းအတွက် လိုအပ်တဲ့ ကျွမ်းကျင်မှုတွေ၊ အချက်အလက်တွေ၊ အဖြစ်အပျက် အကြောင်းခြင်းရာတွေ စနစ်တကျ ကြိုတင်လေ့ကျင့်ထားရမှာ ဖြစ်သလို လုပ်ငန်း ပြင်ပ အပြောင်းအလဲတွေကိုလည်း မျက်ခြေမပြတ် စောင့်ကြည့်တတ်ရပါမယ်။ ဘယ်လို အကြောင်းခြင်းရာတွေက မိမိဆီ ဘယ်လိုရိုက်ခတ်ပြီး ဘယ်လိုသတင်းမျိုးက မိမိအဖွဲ့အစည်းကို ဘယ်လို အကျိုးသက်ရောက်စေမယ်ဆိုတာကို ကြိုတင်သိမြင်ထားဖို့ လိုပါတယ်။ ဦးဆောင်သူတွေ၊ မန်နေဂျာတွေ၊ အမှုဆောင်အရာရှိတွေအနေနဲ့ အခက်အခဲတွေကို ကြိုတင်တွေးထားတာ တစ်ဝက် အောင်နိုင်ပါတယ်။ ဒါပေမယ့် စိုးရိမ်မှုလွန်ကဲတဲ့ ပုံစံမျိုးတော့ မဖြစ်ပါစေနဲ့။ သင့်နောက်လိုက်တွေက သင့်ကို အကြောက်လွန်သူလို့ အမြင်မှားသွားပါလိမ့်မယ်။ ဦးဆောင်သူတွေအနေနဲ့ မိမိရဲ့ တည်ငြိမ်မှုပုံစံဟာ မိမိဦးဆောင်တဲ့ အဖွဲ့အစည်းရဲ့ ယုံကြည်မှုကို ရစေပါတယ်။ တစ်ခါတစ်ရံမှာ အခက်အခဲတွေဟာ သင့်ယဉ်ကျေးမှုကို မြှင့်တင်ပေးဖို့ ရောက်လာတာပါ။ ဦးဆောင်သူ တစ်ယောက်အနေနဲ့ `ငါတို့ ဘာတတ်နိုင်မှာလဲ´ ဆိုတဲ့ စကားထက် `ကျွန်တော်တို့ အားလုံးကြိုးစားကြည့်ရအောင်´ ဆိုတဲ့စကားကို ပိုမိုသုံးစွဲရပါလိမ့်မယ်။

စိန်ခေါ်မှုတွေ အားလုံးမှာ အခွင့်အလမ်းတွေ အမြဲပါပါတယ်။ ဦးဆောင်သူ တစ်ယောက် အနေနဲ့ ပြဿနာကို ဘော်လီဘော မပုတ်ပါနဲ့။ ကိုယ့်ဆီက ထွက်သွားရင်ပြီးရော လုပ်မယ်ဆိုရင် သင့်အပေါ် ယုံကြည်မှုကင်းမဲ့ခံရခြင်းကို တနေ့တခြား ပိုမိုခံစားလာရမှာဖြစ်ပြီး နောက်ဆုံးမှာတော့ သင့်ကို လျစ်လျူရှုလိုက်ကြပါလိမ့်မယ်။ တာဝန်ယူမှုရှိခြင်းဟာ ဦးဆောင်သူရဲ့ အရည်အချင်းပါ။ တာဝန်ယူထားတဲ့ အရာအားလုံး အပြည့်အ၀ စွမ်းဆောင်နိုင်တယ်ဆိုတာက ဦးဆောင်သူရဲ့စွမ်းရည်ပါ။ ဒါကြောင့် လူစွမ်းလူစရှိတဲ့ သူတွေက ဦးဆောင်နိုင်စွမ်းရည် ပြည့်ဝလာကြတာပါပဲ။ လူတုံးလူအတွေလို အမွေမျှော် ထီထိုးဆိုရင်တော့ ကောင်းမွန်တဲ့ ဦးဆောင်သူ တစ်ယောက်ဘ၀ကို ဘယ်တော့မှရောက်မှာ မဟုတ်ပါဘူး။ အောင်မြင်တဲ့ ဦးဆောင်သူ တစ်ယောက်ဖြစ်ဖို့က ကြိုးစားကြရမှာပါပဲ။ ဦးဆောင်မှုဟာ အတွေ့အကြုံရှိရုံနဲ့ ပြည့်စုံကောင်းမွန်တဲ့ စီမံခန့်ခွဲမှုကို ရနိုင်မှာ မဟုတ်ပါ။ အတွေ့အကြုံ၊ ပညာ၊ ဗဟုသုတ ဘက်ပေါင်းစုံပြည့်စုံ မျှတမှ ရနိုင်မှာပါ။ အပြိုင်အဆိုင်များတဲ့ ယနေ့ခေတ်မှာတော့ ခေါင်းဆောင်ကောင်း ဖြစ်ချင်သူတွေအတွက် အတွေးအခေါ်တွေ လွတ်လပ်ကျယ်ပြန့်ပြီး ကမ္ဘာလုံး အတိုင်းအတာနဲ့ ထည့်သွင်း စဉ်းစားတတ်မှ ဖြစ်မှာပါ။ အရေးအကြီးဆုံးက ရေရှည်အောင်မြင်တဲ့ ဦးဆောင်သူ ဖြစ်ဖို့ဆိုတာ ပါရမီရှိရုံနဲ့ မရနိုင်ဘူးဆိုတာပါပဲ။


သင့်ကိုယ်သင်ဦးဆောင်ပါ။
လူအတော်များများက သူဠေးဖြစ်ချင်ကြတယ်။ မန်နေဂျာ ဖြစ်ချင်ကြတယ်။ စီအီးအို ဖြစ်ချင်ကြတယ်။ ဦးဆောင်သူ အခွင့်အရေးကို ကြည့်ပြီး ဦးဆောင်သူ ဖြစ်ချင်ကြတာပါ။ ဦးဆောင်သူရဲ့ တာဝန်ယူမှုကိုတော့ မမြင်တတ်ကြပါဘူး။ အမှန်တကယ်လည်း တာဝန်ယူမှုရှိလို့သာ ဦးဆောင်သူတွေသာ ဦးဆောင်သူ ဖြစ်လာတတ်ကြတာပါ ။ ဦးဆောင်သူ အခွင့်အရေးမျိုးယူပြီး ဦးဆောင်သူရဲ့ တာဝန်ကိုမယူရင်တော့ ဦးဆောင်မှု အခန်းကဏ္ဍ္လကနေ ခဏတာအချိန်အတွင်း ပြုတ်ကျသွားမှာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် တကယ့်ခေါင်းဆောင်တွေကျတော့ တာဝန်ယူချင်လို့ တာဝန်ယူဖို့လိုအပ်လာလို့ ဦးဆောင်မှုပေးရင်း ဦးဆောင်သူဘ၀ကို ရောက်လာတာပါ။ အဲဒါကြောင့် ဦးဆောင်သူတွေအနေနဲ့ ပညာရည်ပြည့်ဝဖို့လိုပါတယ။် အမ်ဘီအေ ရမှ လစာကောင်းမယ်ထင်ပြီး လူတော်တော်များများက အမ်ဘီအေဘွဲ့တွေ ယူလာကြပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု ပါမလာတော့ အမ်ဘီအေတွေရဲ့ လစာတွေ ကျဆင်းလာပါတယ်။

ထောက်ခံချက်သာဖြစ်ပြီး အလုပ် မလုပ်တတ်ပါဘူး။ ပညာဟာ တတ်ရုံတတ်ပြီး အသုံးမချတတ်ရင် အလကားပဲတင်း ဖြစ်သွားတတ်ပါတယ်။ ဒါကြောင့် လူငယ်တွေဟာ ပညာကို ဘာကြောင့်သင်မလဲဆိုတဲ့ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း နားလည်ဖို့လိုပါတယ်။ ဘယ်နေရာမှာ ဖြစ်ပါစေ မိမိရဲ့အခန်းကဏ္လကို အရေးပါတဲ့ နေရာရောက်အောင် ကိုယ်တိုင် ဖော်ဆောင်ဖို့လိုပါတယ်။ “အခြေအနေမပေးလို့” ဆိုတဲ့ စကားဟာ ခေါင်းဆောင်ကောင်းတွေရဲ့ နှုတ်ခမ်းက ထွက်ကျမလာတတ်ပါဘူး။ အဲဒီလိုဖြစ်ဖို့အတွက်ဆိုတာ မိမိကိုယ်မိမိ စီမံခန့်ခွဲမှု ကောင်းမွန်အောင်မြင်ရမှာပါ။ လုပ်ငန်းခွင် စည်းကမ်းတွေ၊ လူ့ကျင့်ဝတ်စည်းကမ်းတွေကို မိမိက ဘယ်လောက်အရေးထားပါသလဲ။ မိမိတာဝန်ယူထားတဲ့ အခန်းကဏ္လမှာ ပျက်ကွက်မှုတွေ ဘယ်နှစ်ကြိမ် ကျူးလွန်မိခဲ့ပြီးပြီလဲ။ မိမိရဲ့အလုပ်ချိန်ကို မိမိကိုယ်တိုင် ဘယ်နှကြိမ်ပြန်ခိုးပြီးပြီလဲ။ ရေသာခိုတတ်သလား၊ အပျင်းကြီးလား၊ အခက်အခဲတွေအတွက် စိတ်ရှုပ်မခံချင်ဘူးလား။ ကိုယ့်ကိုကိုယ်နဲ့ သူများကို အမှန်အတိုင်း ဘယ်နှစ်ခါပြောဖူးသလဲ။ မိမိမလိုချင်တဲ့ အဖြေကို ရဲရဲဝံ့ဝံ့ လက်ခံရဲလား။

ကိုယ့်ကိုယ်ကို မလိမ်ညာတတ်တဲ့သူမှ ခေါင်းဆောင်ကောင်းဖြစ်မှာပါ။ ဦးဆောင်သူဆိုတာ ရိုးသားဖို့အရေးကြီးပါတယ်။ မဖြစ်သင့် မဖြစ်ထိုက်တာတွေ လုပ်ပြီး ကိုယ့်ကိုယ်ကို လိပ်ပြာမလုံရင်တော့ ဦးဆောင်သူတစ်ယောက် ဖြစ်မှာမဟုတ်ပါဘူး။ အဲဒီအတွက် ဦးဆောင်သူ ဖြစ်ချင်တဲ့လူအနေနဲ့ မိမိကိုယ် မိမိ ဦးဆောင်နိုင်မှုဟာ အရေးကြီးပါတယ်။ မိမိကိုယ်မိမိ ရိုးဖြောင့်ဖိုလိုသလို အခြားသူတွေ အပေါ်မှာလည်း ရိုးဖြောင့်ဖို့လိုပါတယ်။ ရိုးသားမှုဖြင့် ကိုယ့်ကိုယ်ကို ဦးဆောင်ပါ။ ခေါင်းဆောင်ကောင်း ဖြစ်ချင်သူတွေအားလုံး သင့်အပေါ် အတုယူနေကြလိမ့်မယ်။


အောင်ပိုင်စိုး

သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၄)

0 comments: