အုပ်စိုးသူ မင်းစိုးရာဇာမှန်သမျှ မိမိ တန်ခိုးအာဏာ ခိုင်မြဲတည့်တံ့ကြီးပွား တိုးတက်စေချင်ရင် ပရိယာယ်များများနဲ့ လှည့်စားရမယ်၊ လိမ်ရမယ်၊ ညာရမယ် အာဏာကိုသုံးပြီး မညှာမတာ ဖိစီးနှိပ်စက်သုတ်သင်ရမယ် ဆိုတဲ့ အကြံဥာဏ်တွေ ကြောင့် အများတကာရွံ့မုန်းတဲ့ အီတလီ (Italian) လူမျိုး  ဒဿန နိကပညာရှင်ဟာ နစ်ကိုလိုမက်ခီယာဗယ်လီ (Niccolo Machiavelli) ဖြစ်ပါတယ်။
            ဘယ်နေရာမှာမှ ဒါမျိုး ဒါလုပ်လို့ မသင့်ပါကလားလို့ ဆုတ်ဆိုင်းခြင်းမရှိတဲ့၊ လူအများက လူယုတ်မာလို့ အခေါ်ခံရတဲ့လူက ကမ္ဘာမှာ အယုတ်တမာတွေပဲ လုပ်နေကြတာမဟုတ်လား။ ဟန်ကောင်းကောင်းနဲ့ စကားလှလှပြောပြီး တကယ်တမ်းတော့ ယုတ်မာကြတာပါပဲ။ ငါ့လို ဗြောင်ပြောပြီး ဗြောင်မလုပ်ရဲကြတာ တစ်ခုပဲ ကွာခြားတယ်။ အဲဒါကို ထောက်ခံကျေနပ်တဲ့ လူတွေလည်းရှိပါတယ်။ သူရေးတဲ့ စာတွေကို နိုင်ငံရေးသမားတွေ ဒဿနိကဆရာတွေပါ အသေးစိတ်လေ့လာ ကြတယ်။ အဲဒီလောက် ဂရုတစိုက်ဖတ်ကြ၊ လေ့လာကြတဲ့စာမျိုးက နည်းတယ်။ အဲဒါလည်း အံ့သြစရာတစ်ခု ဖြစ်ပါတယ်။
            မက်ခီယာဗယ်လီ (Machiavelli) ကို အီတလီ( Italy)၊ ဖလောရဲင့်စ် (Florence) မှာ ၁၄၆၉က မွေးဖွားခဲ့ပါတယ်။ အဖေရှေ့နေ၊ ဂုဏ်ကြီးတဲ့ မျိုးနွယ်က ဆင်းသက်တယ်။ ဓနစည်းစိမ် ပါးရှားတယ်။ အီတလီ မှာ ရှေးစာပေပညာတွေ ပြန်ပြီးလေ့လာတဲ့ ရီနေဆန့် (Renaissance) ခေတ်က ပြင်သစ် (France)၊ စပိန် ( Spain)၊ အင်္ဂလန် (England) လိုပေါင်းစည်း ညီညွတ်စည်ပင်ချိန်နဲ့ ဆန့်ကျင်ဘက်၊ အီတလီ က အစိပ်စိပ် အမြွှာမြွာ ကွဲနေချိန်ဖြစ်လို့ ဓလေ့အရာမှာ ပြောင်မြောက်ကြီးကျယ်ပေမယ့် နိုင်ငံရေးအရ အားနည်းနေချိန်ဖြစ်ပါတယ်။
            မက်ခီယာဗယ်လီ အရွယ်ရောက်တဲ့အခါ ဖလော့ရင်စ့်ကို မဲဒီစီ ( Medici) မင်းဆက် အသရေရှင် လော်ရန်ဇို (Lorenzo) အုပ်ချုပ်နေချိန်ဖြစ်ပါတယ်။ ဒါပေမယ့် လော်ရန်ဇို နတ်ရွာစံပြီးတဲ့ ၁၄၉၂ နောက်မကြာမီ မဲဒီစီ တွေကို ဖလောရင်စ့်က မောင်းထုတ်လိုက်ပြီး ပြည်ထောင်စု သမ္မတနိုင်ငံဖြစ်သွားတယ်။ ၁၄၉၈ မှာ အသက်နှစ်ဆယ့်ကိုးနှစ် ရှိတဲ့ မက်ခီယာဗယ်လီ ဟာ ဖလော့ရင့်စ်က ပြည်သူဝန်ထမ်းအဖြစ်နဲ့ ရာထူးမြင့်မြင့်က ရထားပြီးဖြစ်တယ်။ အဲဒီကစပြီး တစ်ဆယ့်လေးနှစ်လုံးလုံး ဖလော့ရင့်စ် သမ္မတနိုင်ငံရဲ့ သံကြီးတမန်ကြီး အနေနဲ့ အီတလီအတွင်း၊ ပြင်သစ်၊ဂျာမဏီနိုင်ငံ တွေကိုရောက်ခဲ့တယ်။
            ဖလောရင့်စ် သမ္မတနိုင်ငံက ၁၅၁၂ မှာ ပြိုလဲပျက်စီးသွားတယ်။ မဲဒီစီတွေ အာဏာပြန်ရတယ်။ မက်ခီယာဗယ်လီ အလုပ်ပြုတ်တယ်။ နောက်တစ်နှစ်မှာ မဲဒီစီ မင်းသစ်တွေကို ဖယ်ရှားပစ်ဖို့ ကြံရာပါဆိုပြီး အဖမ်းခံရတယ်။ အနှိပ်စက် အညှဉ်းပန်းခံရတယ်။ အပြစ်မရှိတာ ထင်ရှားတော့မှ အဖမ်းခံရတဲ့ နှစ်မှာပဲ လွှတ်လိုက်တယ်။ အဲဒီနောက် ဖလောရင့်စ် နဲ့မဝေးလှတဲ့ ကက်စီယာနို ( San Casciano) မှာ ခြံမြေသေးသေး ၀ယ်ပြီးနေလိုက်ပါတယ်။
            နောက်တစ်ဆယ့်လေးနှစ် အတွင်းမှာ သူရေးတဲ့စာအုပ်တွေ အများကြီးထဲက ကျော်ကြားတဲ့နှစ်အုပ် ၁၅၁၃ ခုနှစ်ရေးတဲ့ မင်းသား(The Prince) နဲ့ တိုင်တပ်စ်လိဗိယပ်စ်ရဲ့ ပထမကျမ်းဆယ်ကျမ်းအကြောင်း ပြောပြချက်( The Discourses upon the first ten Books of Titus Livius) ဖြစ်ပါတယ်။ တခြားကျမ်းတွေက စစ်ပြုနည်း (The Art of War) ဖလောရင့်စ်သမိုင်း ( History of Florence) နဲ့ အခုထိ ရံဖန်ရံခါ ကပြရသေးတတဲ့ မနြဂိုလ ( La Mandragola) ပြဇာတ်ဖြစ်ပါတယ်။ ဒါပေမယ့် မင်းသား(The Prince) အတွက် သူနာမည်ရတာပါ။ အဲဒီကျမ်းက ဒဿနိကကျမ်းဖြစ်ပြီး လက်စွမ်းပြကျမ်း၊ ဖတ်လို့လွယ်တယ်။ အရေးလည်းကောင်းတယ်။ မက်ခီယာဗယ်လီမှာ အိမ်ထောင်ရှိတယ်။ ကလေးခြောက်ယောက်၊ ၁၅၂၇ မှာကွယ်လွန်တော့ အသက် ၅၈ နှစ်ရှိပြီ။
            နိုင်ငံအကြီးအကဲရဲ့ လက်စွဲစာအုပ်က မင်းသား(The Prince) ဖြစ်ပါတယ်။ ဒီကျမ်းရဲ့ အခြေခံကို ပြောရရင် မင်းဖြစ်တဲ့ ပုဂ္ဂိုလ်က အောင်မြင်ချင်ရင် မိမိ ဂုဏ်သိက္ခာကို နည်းနည်းကလေးမှာ ငဲ့ညှာဖို့ မလိုဘူး။ အနပ်အပါးရှိဖို့နဲ့ လက်နက်အားကောင်းဖို့ ပဲလိုတယ်။ မက်ခီယာဗယ်လီ အဆိုကိုပြောရရင် နိုင်ငံတစ်ခုမှာ အလိုအပ်ဆုံး အင်္ဂါရပ်က လက်နက်တောင့်တင်းဖို့ပဲဖြစ်တယ်။ ကြေးစားတပ်၊ သူတစ်ပါးရဲ့တပ် အဲဒါတွေကို အားကိုးနေရရင် ကိုယ့်အခြေအနေဟာ အညံ့ဆုံး၊ ဘေးအန္တရာယ် အများဆုံးတွေ့ရတတ်တယ်လို့ ပြောနိုင်ပါတယ်။  
            ရှင်ဘုရင်ဟာ လူအများရဲ့ ထောက်ခံချက်ကို ရယူနိုင်ဖို့  သိပ်လိုတယ်လို့ လည်းပြောပါတယ်။ ဘေးဒုက္ခနဲ့ ကြုံရင် လူအများရဲ့ ထောက်ခံမှု အလိုဆုံးဆိုတာ သိမယ်။ ဒီနေရာမှာ အာဏာကို အရယူတဲ့အခါ ကျေးတော်မျိုး ကျွန်တော်မျိုးတွေကို စိမ်ဝမ်းငယ်အောင်၊ ငြိုငြင်အောင် လုပ်ရတာမျိုး ကြုံတွေ့ရတတ်တယ်။ အာဏာသိမ်းချိန်မှာ ရက်စက်စရာရှိရင် အပြတ်လုပ်၊ နောင်ကြဉ်သွားအောင် တစ်ခါတည်းလုပ်လို့ အကြံပေးပါတယ်။ အဲဒါမှ ခဏခဏမလုပ်ပဲ နေလို့ရမယ်လို့ သူကပြောပါတယ်။ ကျေးဇူးပြုတဲ့အခါမှာ နည်းနည်းပဲပြု၊ ဒါမှ ကျေးဇူးကို ခံစားခွင့်ရတယ်။
            အုပ်ချုပ်ရေးမှာ အောင်မြင်ဖို့ မှူးကောင်းမတ်ကောင်း သိပ်လိုတယ်။ အလို ကြိုက် အလိုက်သင့် မြှောက်ပင့်တတ်သူတွေ ၀ိုင်းရံမနေဖို့ သတိထားရမယ်လို့ လည်းပြောပါတယ်။ အဲဒီလိုလုပ်နိုင်ဖို့လည်း သင်ကြားပါတယ်။
            မင်းသားကျမ်း အခန်း ၁၇ မှာ ချစ်တာနဲ့ ကြောက်တာ ဘယ်ဟာကောင်းသလဲလို့ ရှင်းပြထားတယ်။
အမှန်က ချစ်ကြောက်ရိုသေတာက အကောင်းဆုံးဖြစ်တယ်။ ဒါပေမယ့် ကြိုက်ရာတစ်ခုကို ပြောပါဆိုရင် ချစ်တာထက် ကြောက်တာက ပိုပြီး ဘေးအန္တရာယ်နည်းတယ်။ ချစ်တယ်ဆိုတာက အပြန်အလှန် ငဲ့ညှာတဲ့ သဘောရှိပေမယ့် လူ့သဘာသက တစ်ကိုယ်ကောင်းစိတ်များတတ်လို့ လိုအပ်ရင် သစ္စာ ဖောက်နိုင်တယ်။ ကြောက်နေရင် မဟုတ်တာ မလုပ်ရဲတော့ပါ။
            အခန်း ၁၈ မှာ ရှင်ဘုရင်ဟာ ဘယ်နည်းလမ်းကို လက်စွဲထားရမလဲမေးရင် ကိုယ်ကျိုးကိုကြည့်ပြီး ထုံးနည်းကို လွှတ်သင့်လွှတ်ရမှာ ဖြစ်တယ်လို့ ပြောပါတယ်။ အာမခံချက်ပျက်ရင်လည်း အကြောင်း ယုတ္ထိရှိအောင် ပြနိုင်စရာ အချက်တွေရှိပါတယ်။ လူတွေဟာ အတယ်၊ အခြေအနေကိုကြည့်ပြီး ရသလောက်ပဲ လက်ခံတတ်ကြတယ်။ လိမ်ကြည့်ပါ။ အလိမ်ခံချင် သူတွေများတာကို တွေ့မယ်။ ဒီအယူအဆမှာ လက်တွေ့ကျတဲ့ သဘောထားတစ်ခုက သူတစ်ပါးရဲ့ အာမခံချက် ဆိုတာကိုလည်း မယုံပါနဲ့လို့ ပြောပါတယ်။
            မင်းသားကျမ်းကို အာဏာရှင်လက်စွဲ လို့ခေါ်လေ့ရှိပါတယ်။ မက်ခီယာဗယ်လီ ရဲ့ ၀န်ထမ်းဘ၀နဲ့ ရေးသားတဲ့ တခြားကျမ်းတွေ အရပြောရရင် သူက သမ္မတနိုင်ငံအစိုးရကို အာဏာရှင်အစိုးရထက်ပိုပြီး နှစ်သက်ပါတယ်။ ဒါပေမယ့် အီတလီ ရဲ့ နိုင်ငံရေး၊ စစ်ရေး ကျဆင်းတာတွေကို မကျေမနပ်ဖြစ်လွန်းလို့ တိုင်းနိုင်ငံကို စုစည်းပြီး အစွမ်းထက်တဲ့ မင်းပေါ်လာစေချင်တယ်။ ဒါမှ နိုင်ငံခြား အနှောင့်အယှက်ကိုလည်း မောင်းထုတ်နိုင်တယ်။ နောက်တစ်ချက် မှတ်သားစရာကောင်းတာက ကြမ်းကြမ်းရမ်းရမ်း လုပ်ပါလို့ သူများကို မြှောက်ပေးပေမယ့် သူကိုယ်တိုင်က စိတ်ကူးယဉ်ယဉ်၊ မျိုးချစ်စိတ်အပြည့် နဲ့ သူပြောသလို သူလိုက်လုပ်နိုင်မယ့် လူစားမဟုတ်ပါ။
            မက်ခီယာဗယ်လီ လို အပြင်းအထန် ရှုတ်ချတာကို ခံရတဲ့ ဒဿနိကဆရာမရှိပါ။ နှစ်ကာလအကြာကြီး သူ့ကို မကောင်းဆိုးဝါးစီးနေတဲ့လူ၊ ပြောပုံလုပ်ပုံ ဆိုးညစ်ယုတ်မာတယ်လို့ အထင်ခံရတယ်။ သူပေးတဲ့နည်းကို လိုက်နာတဲ့ လူတွေကပဲ သူ့ကို ပြင်းပြင်ထန်ထန် ဝေဖန်ရှုတ်ချတယ်။
            မက်ခီယာဗယ်လီကို အကျင့်စာရိတ္ထညံ့သူအနေနဲ့ ဝေဖန်ကြရာမှာလည်း သူ့ကို စွပ်စွဲပေမယ့် သူ့စကားတွေမှာပါတဲ့ အတိုင်း ဒီစိတ်ကူး ဒီအလုပ်တွေကို တကယ်လက်တွေ့လုပ်လို့ အောင်မြင်တာကို ကြည့်ပြီးမှ သူက အခုလိုထင်မြင်ချက်နဲ့ တစ်ဆင့်ပြောတာ ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။ ရှေးပဝေဏသီက စပြီး ခေတ်အဆက်ဆက် အောင်အောင်မြင်မြင်  သုံးလာတဲ့ နည်းတွေဖြစ်တယ်။ မက်ခီယာဗယ်လီပြောတဲ့အထဲမှာ ရှေးက တကယ့်အဖြစ်အပျက်တွေကို ကိုးကားပြီးပြောမြဲဖြစ်တယ်။ အဲဒါအပြင် လက်ငင်းနမူနာတွေလည်း ထည့်ပြောပါသေးတယ်။ စံပြအဖြစ် သူပြောတဲ့ ဆီဇာဘောဂျိယ ( Cesare Borgia) က သူ့ဆီက နည်းခံသူမဟုတ်၊ ဆီဖာဘောဂျိယ နည်းကိုသာ မက်ခီယာဗယ်လီက ယူပြောတာဖြစ်ပါတယ်။
            နိုင်ငံရေး ခေါင်းဆောင်တွေ ထဲက ဘင်နစ်တိုမူဆိုလီနီ ( Benito Mussolini) တစ်ယောက်သာ မက်ခီယာဗယ်လီကို လူပုံအလယ်မှာ ချီးမွမ်းပြောဆိုတာ မဟုတ်ပါ။ နိုင်ငံရေးမှာ ထင်ရှားသူတိုင်း မင်းသားကို အသေးစိတ် ဂရုတစိုက် ဖတ်ကြပါတယ်။ နပိုလီယံ ( Napoleon) က ဒီကျမ်းကို ခေါင်းအုံးအိပ်တယ်လို့ အဆိုရှိတယ်။ ဟစ်တလာ ( Hitler) နဲ့ စတာလင် ( Stalin) တို့တောင်ပါသေးတယ်လို့ ဆိုပါတယ်။ အဲဒီနေရာမှာ မက်ခီယာဗယ်လီ ပြောတဲ့နည်းတွေကို သူ့ထက်ရှေးကျတဲ့ သူတွေနဲ့ သူ့နောက်က လူတွေမှာ ဘယ်သူတွေက ပိုပြီး သုံးစွဲခဲ့သလဲလို့ မေးကြည့်ပါ။ နောက်ပိုင်းများတာ ကိုတွေ့မယ်။ ဒါကြောင့်လည်း သူ့ကို ဒီစာအုပ်မှာ အခုလို နောက်ပိုင်းနေရာကို သူ့ကို ပို့ထားရတာဖြစ်ပါတယ်။ သူ့စာကို ဘယ်လောက် လက်တွေ့လုပ်ကြသလဲလို့ ပြောဖို့ ခက်ပေမယ့် နိုင်ငံရေးကျင့်ထုံးမှာ သြဇာရှိတာတော့ သေချာတယ်။ ရှေးက ဆရာကြီးတွေ ဖြစ်တဲ့ ပလေတို( Plato)၊ စိန့်သြဂတ်စတင်း ( St. Augusitne) တို့က နိုင်ငံရေးကို ယုံကြည်မှုအထိမ်းချုပ်တွေနဲ့ ဖက်တွဲပြီး လေ့လာတယ်။ မက်ခီယာဗယ်လီ က သမိုင်းနဲ့ နိုင်ငံရေးကို အခု မျက်မြင်နဲ့ ညှိပြီးပြောတယ်။ လူမှုကျင့်ထုံးကို အလေးအနက်မထားပါ။ တစ်မျိုးပြောရရင် အာဏာလိုချင် ဒီလိုလုပ်လို့ မပြောပါ။ အာဏာမြဲချင်ရင် ဒီလိုလုပ်လို့တော့ပါတယ်။ ဘယ်လိုလုပ်လို့ အာဏာမြဲနေတာကိုသာ ပြောတယ်ဆိုရင် ပိုမှန်တယ်။ လုပ်သင့်တာကို မပြော၊ လုပ်နေတာကိုသာ ပြောပါတယ်။ အခုထက် နိုင်ငံရေးမှာ လက်တွေ့ကိုသာ အာရုံစိုက်ရတယ် ဆိုတဲ့အချက်ကတော့ မက်ခီယာဗယ်လီရဲ့ သြဇာ၊ သူ့ကျေးဇူးဖြစ်ပါတယ်။ မက်ခီယာဗယ်လီကို ခေတ်နိုင်ငံရေး ခေါင်းဆောင်လို့ ခေါ်ရင်ဖြစ်ပါတယ်..။


5 October, 2001
ဒေါက်တာသန်းထွန်း
ကျော်စွာ၁၀၀
မူရင်းရေးသားသူ ---- MICHAEL H.HART

0 comments: