ဒီစာကို
ဖတ်တဲ့လူအများစုဟာ စက္ကူကို စတင်တီထွင်တဲ့ ဆိုင်လန်(TS’AI LUN) ကိုကြားဖူးကြမှာ မဟုတ်ပါ။
သူတီထွင်တဲ့ ပစ္စည်းရဲ့ အရေးပါအရာရောက် ပုံကိုထောက်ပြီးပြောရရင်၊ သူ့ကို အနောက်တိုင်းက
လူတွေမသိတာဟာ အများကြီးအရုပ်ဆိုးပါတယ်။ စွယ်စုံကျမ်းကြီးတွေမှာတောင် သူ့အကြောင်း သုံးလေးကြောင်းလောက်တောင်
မရေး၊ ခိုင်လုံတယ် လို့ဆိုတဲ့ ကျောင်းသုံးသမိုင်းဖတ်စာအုပ် တွေထဲမှာလည်းမပါ။ စက္ကူသိပ်အရေးပါ
တာတောင် စက္ကူကို စတင်လုပ်သူကို မသိကြ၊ မပြောကြတာထောက်ရင် သူဟာတကယ်မရှိတဲ့ လူလားလို့
ထင်စရာဖြစ်နေပါတယ်။ သေသေချာချာ သုတေသနလုပ်တော့၊ သူဟာ တရုတ်နန်းတွင်းသား အရာရှိတစ်ဦးဖြစ်တယ်။
ခရစ်နှစ် ၁၀၅ လောက်က ဧကရာဇ်ဟောတိ ( Emperor Hoti) ကို စက္ကူနမူနာတွေ ဆက်သဖူးတယ်လို့
သိရပါတယ်။ (ဟန်မင်းဆက် မင်းသုံးရာဇ၀င် Official History of the Han Dynasty) ထဲမှာ
ဆိုင်လန်က တီထွင်ချက်တစ်ခု လုပ်ပုံကိုတွေ့နိုင်ပါတယ်။ တရုတ်တွေဟာ ဆိုင်လန်က စက္ကူကို
တီထွင်တယ်လို့ သိကြပါတယ်။
ဆိုင်လန်ရဲ့ ဘ၀ဇာတ်လမ်းကိုတော့ သိပ်မသိပါ။
တရုတ်မှတ်တမ်းအရ သူက မိန်းမစိုးတစ်ယောက် ဖြစ်ပါတယ်။ ဧကရာဇ်မင်းမြတ်က သူ့တီထွင်ချက်ကို
နှစ်သက်မြတ်နိုးလို့ သူ့ကို ရာထူးတိုးပေးတယ်။ ဘွဲ့တပ်ပေးတယ်။ ဒါနဲ့ သူဟာ လူချမ်းသာ
တစ်ယောက်ဖြစ်သွားတယ်။ ဒါပေမယ့် နန်းတွင်းလုပ်ကြံမှုမှာ ပါတယ်ဆိုပြီး ပထုတ်လိုက်လို့
တိမ်မြုပ်သွားရတယ်။ တရုတ်မှတ်တမ်း ထဲမှာတော့ သူ့ဂုဏ်သိက္ခာကျဆင်းလို့ ရေကောင်းကောင်းချိုး၊
အ၀တ်ကောင်းကောင်း ၀တ်ပြီးမှ အဆိပ်သောက်တယ်လို့ ဖော်ပြထားတယ်။
တရုတ်နိုင်ငံ အနှံ့အပြားမှာ စက္ကူကို ခရစ်နှစ်ရာစုနှစ်တွင်းမှာပဲ
အသုံးပြုခဲ့ကြတဲ့အပြင် ရာစုနှစ်အနည်းငယ် အတွင်းမှာပဲ တရုတ်က တခြားအာရှ နိုင်ငံတွေကိုပါ
စက္ကူတင်ပို့ရောင်းချခဲ့ပါတယ်။ စက္ကူလုပ်ငန်းကိုလည်း သူတစ်ပါးမသိအောင် လျို့ဝှက်ထားပါတယ်။
ခရစ် ၇၅၁မှာ စက္ကူလုပ်တတ်တဲ့ တရုတ်တွေကို အာရပ်ကဖမ်းသွားပြီး မကြာခင်မျာ စမာခန် (
Samarkhand) နဲ့ ဘဂ္ဂဒက်( Baghdad) မှာ စက္ကူပြုလုပ်တာကို တွေ့ရတယ်။ အာရပ်လောက (Arab
World) မှာ ဒီစက္ကူလုပ်တဲ့ ပညာ တဖြည်းဖြည်း ပျံ့နှံ့သွားပြီး ဂုတင်ဗတ် ( Gutenberg)
ကခေတ်စာပုံနှိပ်စက်ကို တီထွင်တဲ့အခါ အနောက်နိုင်ငံတွေမှာ သားရေချပ် (parchment) ပေါ်စာရေးတဲ့
အလေ့တိမ်ကောပြီး၊ စက္ကူနဲ့ မှတ်သားတဲ့ အလေ့ရောက်လာပါတော့တယ်။
အခုတော့ စက္ကူသုံးတဲ့ အလေ့အထ သိပ်တွင်ကျယ်ပြီးနေတော့၊
ဟိုအရင် စက္ကူမပေါ်ခင်က ဘယ်လိုများနေပါလိမ့်လို့ ဘယ်သူမှမသိ၊ တွေးလို့လည်း မကြည့်ကြတော့ပါ။
တရုတ်နိုင်ငံမှာ ဆိုင်လန်လက်ထက်မရောက် မီ စာအုပ်မရှိသေးဘူး။ ၀ါးပေါ်မှာပဲရေးတယ်။ အဲဒါကျတော့
ကုန်ကျစရိတ်များလို့ အများ မသုံးနိုင်ပါ။ အနောက်တိုင်းမှာတော့ စက္ကူမပေါ်ခင်က သားရေပြားပေါ်မျာ
ရေးတယ်။ သိုးရေခွံ့၊ နွားကလေးရေကို အထူးပြုပြင်ပေ့းမှ မှင်နဲ့ရေးလို့ရတယ်။ သာရေးအစား
ဂရိ( Greek)၊ ရောမ(Rome)နဲ့ အီဂျစ် (Egypt) မှာ ပက်ပီရပ် (papyrus ကျူပင်) ကိုသုံးတယ်။
သူလည်းလုပ်ရတာ လက်ဝင်တယ်၊ ဈေးကြီးတယ်၊ ရှားတယ်။
ခုခေတ်မှာ စာအုပ်နဲ့ စာရေးကိရိယာတွေ သိပ်ပေါများလာတာဟာ
စက္ကူပေါ် လာတာကနေ ဆင်းသက်တဲ့ ရလဒ်လို့ ပြောနိုင်တယ်။ စက္ကူနဲ့ စာပုံနှိပ်စက် တွဲဖက်နေတော့၊
စက္ကူသာမရှိရင် အခက်သားလို့ပဲ ပြောမလား၊ အမှန်ကတော့ စက္ကူလို ပေါပေါ သုံးစရာမရှိရင် ပုံနှိပ်စက်ဟာ
သိပ်မတွင်နိုင်ပါ။
ဒီလိုဆိုရင် အခုစာရင်းမှာ ဆိုင်လန်နဲ့
ဂုတင်ဗတ်နှစ်ယောက်ထဲက ဘယ်သူ့ကို ရှေ့ကထားမလဲဆိုတဲ့ ပြဿနာ ၀င်လာပြီး၊ နှစ်ယောက်စလုံးကို
အရည်တူလို့ ထင်မိပါတယ်။ နှစ်ယောက် စလုံးထမ်းပိုးထမ်းဆိုတော့ ဆိုင်လန်ကို နည်းနည်းလေး
အသာပေးချင်တဲ့ အကြောင်းက
(၁) စက္ကူဟာ စာရေးကိရိယာ အဖြစ် အသုံးချတာထက် တခြားအသုံးတွေ
အများကြီးရှိပါသေးတယ်။ တခြားအသုံးတွေ အများကြီးရှိပါသေးတယ်။ တခြား ဘာသုံးမလဲ စဉ်းစားကြည့်စမ်းပါ။
အံ့သြသွားမယ်။
(၂)ဆိုင်လန်ပေါ်တာ ဂုတင်ဗတ်ထက်စောလို့ ပုံနှိပ်စက်က ပေါ်လာတာ၊
တကယ်လို့ စက္ကူသာမပေါ်သေး ဘူးဆိုရင် ပုံနှိပ်စက်မလိုဘူးလို့ ပြောနိုင်ပါတယ်။
(၃) တကယ်လို့ တစ်မျိုးတည်းပဲ ပေါ်တယ် ဆိုပေမယ့်လည်း၊ စာအုပ်က
ထွက်နေမှာပဲ။ ပုံနှိပ်စက် မရှိခင်က ဘလောက်တုံး (Block) နဲ့ ရိုက်တယ်။ စက္ကူမပေါ်မီက သားရေပြားနဲ့
ရိုက်တယ်။ စက္ကူကို ပေါပေါနဲ့ ရနိုင်ပြီဆိုမှ အက္ခရာတစ်လုံးချင်း လိုသလို ရွှေ့စီနည်းထွင်ရတာ။
ဒီလိုဆိုရင် သူတို့နှစ်ယောက်ကို ထိပ်တန်းဆယ်ယောက်မှာ
ထည့်ပါ။ စက္ကူကပိုပြီး အရာရောက်တယ် ဆိုတာ ထင်ရှားအောင် တရုတ်နဲ့ အနောက်တိုင်း ဓလေ့ ဖြစ်ထွန်းတိုးတက်ပုံကို
ယှဉ်ကြည့်စေချင်တယ်။ ခရစ်နှစ် ရာစုနှစ်မတိုင်မီက ယဉ်ကျေးမှုအရာမှာ တရုတ်က အနောက်တိုင်းလောက်
မမြင့်ဘူး။ အဲဒီက စွန်းထွက်လာတဲ့ နှစ်တစ်ထောင် အတွင်းမှာ အနောက်တိုင်းထက် တရုတ်ကသာတယ်။
ကမ္ဘာမှာ ဘယ်စံနှုန်းနဲ့တွက်တွက်၊ ခရစ် ခုနစ်၊ ရှစ်ရာစုလောက်မှာ တရုတ်ယဉ်ကျေးမှုက အမြင့်ဆုံးဖြစ်တယ်။
တစ်ဆယ့်ငါးရာစုနှစ် လွန်တဲ့အခါကျတော့မှ အနောက်ဥရောပက တရုတ်ထက်သာလွန်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီလို ဘာဖြစ်လို့ဖြစ်ရသလဲဆိုတာ ဓလေ့ဆိုင်ရာ ရှင်းလင်းချက်တွေ ရှာကြတယ်။ အမျိုးမျိုး
အခြင်းအရာတွေ ပြောကြပေမယ့် အရိုးဆုံး အလွယ်ဆုံး အကြောင်းအရာတစ်ခုကို ဘယ်သူမှမပြောဘဲ
လျစ်လျူရှုထားတယ်။
အနောက်အာရှမှာ စိုက်ပျိုးရေးနဲ့ စာရေးနည်းပညာထွန်းကားတာ
တရုတ်ထက်စောပါတယ်။ အဲဒါလောက်ပြောရုံနဲ့ တရုတ်က အနောက်ဘက်နိုင်ငံတွေရဲ့ နောက်တန်းကိုရောက်ရတယ်
လို့ ပြောလို့ မဖြစ်သေးပါဘူး ။ ဆိုင်လန်မတိုင်မီက တရုတ်တွေမှာ အလွယ်တကူစာရေးနိုင်အောင်
သုံးစွဲစရာပစ္စည်းမရှိ၊ အနောက်ကမ္ဘာမှာ ပက်ပီရပ်ကျူရိုးနဲ့ လုပ်တဲ့ စက္ကူလိပ် ရှိနေပြီ၊။
သူကလည်း လွယ်လွယ်နဲ့ လုပ်ယူလို့ရနိုင်တာမဟုတ်။ ဈေးကြီးတယ်၊ ရှားပါးတယ် ဆိုတာမှန်ပေမယ့်
သစ်သားပြား၊ ၀ါးခြမ်းပြားပေါ်မှာ မှတ်တမ်းရေးရတာထက်တော့ လွယ်ကူသက်သာသေးတယ်။ တရုတ်ဓလေ့နောက်ကျ
ရတာမှာ ဒီအချက်ဟာအရေးကြီးတဲ့ အချက်၊ ခလုတ်ကန်သင်းသေးသေးမဟုတ်။ လဲပြိုသေဆုံးနိုင်လောက်တဲ့
ခလုတ်ဖြစ်နေတယ်။ တရုတ် ပညာရှာ ( စာပေလေ့လာ လိုက်စားသူ) တစ်ယောက်ဟာ အခုခေတ်ကျမ်းစာနည်းနည်းကို
သယ်ယူသွားချင်ရင် လှည်းတစ်စီးလိုလိမ့်မယ်။ ဒီပုံစံနဲ့ နိုင်ငံကြီးတစ်ခုကို ထိထိရောက်ရောက်
ဘယ်မှာ အုပ်ချုပ်နိုင်မှာလဲ စဉ်းစားကြည့်ပါ။
ဆိုင်လန်တီထွင်တဲ့ စက္ကူဟာ အခြေအနေကို လုံးဝပြောင်းလဲပေးနိုင်ခဲ့တယ်။
အလွယ်တကူ မှတ်တမ်းမှတ်ချက် ရေးနိုင်တယ်ဆိုတာနဲ့ တရုတ်ယဉ်ကျေးမှုဟာ သိပ်မြန်မြန်တိုးတက်လာပြီး၊
ရာစုနှစ်နည်းနည်း အတွင်းမှာပဲ အနောက်နိုင်ငံရေးကို မီတယ်။ (အနောက်ဘက် နိုင်ငံရေးမှာ
အချင်းချင်းစိတ်ဝမ်းကွဲပြီး၊ သတ်ဖြတ်နေကြရလို့ တိုးတက်ရေး လေးဖင့်ရတယ်ဆိုပေမယ့် ဒါက
အကြောင်းအရင်းမဟုတ်ပါ။ လေးရာစုနှစ်အတွင်းမှာ နိုင်ငံရေးအရ တရုတ်လည်း ပြိုကွဲပျက်စီးတာ
အနောက်တိုင်းထက်ပိုမယ်။ ဒါပေမယ့် ဓလေ့မှာ အလျင်အမြန်တိုးတက်တာ အမှန်ပါပဲ။)အဲဒီ လေးရာစုနှစ်နောက်မှာ
ရာစုနှစ်များအတွင်း အနောက်ဘက်မှာ တရုတ်ထက် တိုးတက်ပုံနှေးသွားတယ်။ တရုတ်က အင်မတန် အသုံးဝင်တဲ့
မြောက်ဘက်ပြ ကွန်ပတ်စ်( Compass)၊ သေနတ်ယမ်း (Gunpowder) နဲ့ ဘလောက် ပုံနှိပ်နည်း
(Block Printing ) တွေကို တီထွင်ခဲ့တယ်။ စက္ကူက သားရေပြားထက် ဈေးပေါတယ်။ အများကြီးထုတ်လုပ်နိုင်တယ်။
အဲဒီတော့ တရုတ်ကပြန်ပြီး အသာရပြန်တယ်။
အနောက်နိုင်ငံတွေက စက္ကူထုတ်လုပ် အသုံးပြုနိုင်တဲ့အခါ
တရုတ်နဲ့ မျက်နှာချင်းဆိုင်တေ့ဆိုင်ပြီး၊ သူတို့ဘက်က ဓလေ့အားနည်းချက်ကို ပြန်ဖြည့်လာတယ်။
မာကိုပိုလို (Marco Polo) ရေးတဲ့ မှတ်တမ်းတွေ အရပြောရရင် ခရစ်တစ်ဆယ့်သုံး ရာစုနှစ်မှာပဲ
တရုတ်က ဥရောပထက် အများကြီး ချမ်းသာကြွယ်ဝနေပါတယ်။
ဒီလိုဆိုရင် နောင်အခါ တရုတ်က အနောက်တိုင်းရဲ့နောက်ကို
ဘာဖြစ်လို့ကျဆင်းရသလဲ။ ဓလေ့ အထွေထွေကို မွှေနှောက်ပြီး အဖြေရှာကြတယ်။ ရိုးရိုးလွယ်လွယ်
ပြောတတ်တာကတော့ နည်းပညာကွာသွားတာကိုပဲ ပြောရင်ဖြစ်တယ်။ တစ်ဆယ့်ငါးရာစုနှစ် ဥရောပမှာ
ဥာဏ်ပညာထက်မြက်တဲ့ ဂျိုဟန်ဂုတင်ဗတ်က စာအုပ်ကို အမြောက်အမြား ပုံနှိပ်ထုတ်ဝေနိုင်တဲ့
နည်းကိုတီထွင်တယ်။ အဲဒီကစပြီး ဥရောပ ဓလေ့တွေဟာ အလျင်အမြန် ပြောင်းလဲတိုးတက်လာတယ်။ တရုတ်က
ဂုတင်ဗက်လို စွမ်းတဲ့လူ မရှိတော့၊ ဘလောက်ပုံနှိပ်နည်းနဲ့ပဲ ရှေးမဆက်နိုင်ဘဲ ဓလေ့တိုးတက်နှုန်း
နှိုင်းယှဉ်ပြီး ပြောရရင် နှေးသွားရတာပေါ့။
အခုပြောခဲ့တဲ့ စစ်ဆေးဝေဖန်တင်ပြချက်ကို
လက်ခံမယ်ဆိုရင်၊ နိဂုံးစကား အနေနဲ့ ဆိုင်လန်(TS’AI LUN) နဲ့ ဂုတင်ဗတ် ( Gutenberg)
နှစ်ယောက်စလုံးဟာ လူသမိုင်းမှာ လူအများဝိုင်းပြီး လေးစားရမယ့် ပုဂ္ဂိုလ်တွေ ဖြစ်ပါတယ်။
တခြားအသစ် တီထွင်သူတွေနဲ့စာရင် ဆိုင်လန်က အများကြီးသာရတဲ့ အကြောင်းကတော့ ခေတ်ကာလကို
လိုက်ပြီး၊ ဒီလိုစွမ်းတဲ့လူ မပေါ်လာပေမယ့်လည်း ဒီလိုပညာ၊ ဒီလိုပစ္စည်းဟာ ၊ ဒီအချိန်၊
ဒီပါတ်ဝန်းကျင်မှာ ပေါ်လာရမယ်ဆိုတဲ့ အခြင်းအရာနဲ့ စက္ကူပေါ်လာပုံဟာ ရှင်းရှင်းပြောတော့မတူဘူး။
ဆိုင်လန် စက္ကူတီထွင်ပြီး နှစ်တစ်ထောင်ကျော်မှ ဥရောပမှာ စက္ကူပေါ်လာတယ်။ ပြီးတော့ ဥရောပတိုက်သားက
တီထွင်နိုင်တာ မဟုတ်ဘူး ။ အာရပ်တွေကို ဆရာတင်ရတယ်။ ဒီနေရာမှာ ဆက်ပြောရမှာက တရုတ်လုပ်ပေးတဲ့
စက္ကူကို မြင်ကြရပေမယ့် တခြား အာရှတိုက်သားတွေ ဘယ်သူတွေကမှ သူတို့ဘာသာ စက္ကူလုပ်မဖြစ်ဘူး။
အသေအချာပြောနိုင်တာက စက္ကူစစ်စစ် ဖြစ်ဖို့ လုပ်နည်းဟာ ခက်ခဲ လိုက်ပုံက အသင့်အတင့် တိုးတက်နေတဲ့ ဓလေ့မှာ ဥာဏ်မပွင့်နိုင်တဲ့နည်းဖြစ်မယ်။
သိပ်ထူးခြား ထက်မြက် စွမ်းဆောင်နိုင်သူက တီထွင်ပေးမှ ဖြစ်ပေါ်လာတာ။ ဆိုင်လန်က ဒီလိုလူစားဖြစ်ပြီး
၊ သူချမှတ်ပးတဲ့ စက္ကူလုပ်နည်းဟာ (ခရစ်နှစ် ၁၈၀၀မှာ စက်ရုံထွက် စက္ကူကလွဲလို့ ) လက်လုပ်စက္ကူဆိုရင် စတင်ပေါ်ပေါက်တဲ့အခါက
သုံးတဲ့နည်းနဲ့ အခုနည်းဟာ အခြေခံအားဖြင့် အတူတူပါပဲ။ အခုပြောတဲ့ ဆင်ခြင်တုံတရားတွေကြောင့်
ဂုတင်ဗတ်နဲ့ ဆိုင်လန်တို့ နှစ်ယောက်စလုံးကို အခုစာအုပ်မှာ ရှေ့တန်းဆယ်ယောက်ထဲမှာ ထည့်တယ်။
ထည့်တော့ ဆိုင်လန်ကိုရှေ့ ၊ ဂုတင်ဗက်ကို နောက်ထားရပါတယ်…။
၆
မတ် ၂၀၀၀
ဒေါက်တာသန်းထွန်း
ကျော်စွာ၁၀၀
မူရင်းရေးသားသူ
---- MICHAEL H.HART

