လူ ၁၄၀၀ ကျော် သေဆုံးပြီး ငါးထောင်ကျော် ဒဏ်ရာရတယ်။ အပျက်အစီးပုံတွေထဲက ဘ၀ကို ဘယ်လို မျှော်လင့်တပ်မက်မလဲ၊ ပါလက်စတိုင်းပြည်သူတွေကော အစ္စရေးပြည်သူတွေပါ ငြိမ်းချမ်းရေးဆိုတဲ့ အရာနဲ့ မထိုက်တန်တော့ဘူး။ တင်းမာမှုတွေက ကျွန်တော်တို့ကို စစ်ပွဲထဲ ကျရောက်စေပြီး၊ စစ်ပွဲကတော့ မိုက်မဲမှုတွေအဖြစ်သာ ကျန်ရစ်ခဲ့ရတာပါ။ ဒါပေမယ့် လူလူချင်း မျိုးဖြုတ်စစ်ပွဲတွေက ကျန်ခဲ့တဲ့ မျိုးဆက်အတွက် ကောင်းမွန်တဲ့အမွေ မဟုတ်သလို၊ မှန်ကန်သင့်တော်တဲ့ တရားနည်းလမ်းလည်း မဟုတ်ပါဘူး။ မှန်ကန်တဲ့ အချက်တစ်ခု ရှိပါတယ်။ အဲဒါကတော့ ကျွန်တော်တို့ ရန်သူတွေကလည်း လူတွေပါပဲ။ စစ်ပွဲနဲ့ တည်ဆောက်တဲ့ ငြိမ်းချမ်းရေးတွေက ဘယ်လောက်များ ကြာရှည်ခံပါသလဲ။ ဒုတိယကမ္ဘာစစ် နောက်ပိုင်းမှာလည်း ဒေသန္တရစစ်ပွဲတွေ ဆက်တိုက် ဖြစ်ပေါ်နေခဲ့ပါတယ်။ စစ်ပွဲတစ်ခုနဲ့ တစ်ခုကြားက အသိတရားက နောက်ထပ်စစ် မဖြစ်ဖို့ မဟုတ်ဘူး။ နောက်ထပ် စစ်ပွဲအတွက် ဘယ်လိုပြင်ဆင်မလဲဆိုတာပဲ ဆိုတဲ့ ကဗျာဆရာတစ်ယောက်ရဲ့ စာသားကို ကြားဖူးပါတယ်။ အစွမ်းထက်နိုင်သူက ပိုမိုအစွမ်းထက်ဖို့ ကြိုးစားချိန် အကြမ်းဖက်မယ်ဆိုတဲ့လူက ပိုမိုအကြမ်းဖက်ဖို့ စဉ်းစားလာပါတယ်။ စက်တင်ဘာ ၁၁၊ ဘာလီကျွန်း၊ ပါကစ္စတန်၊ အီရတ်၊ အာဖဂန်နဲ့ အိန္ဒိယ၊ ဇင်ဘာဘွေ၊ မွမ်ဘိုင်း၊ အစ္စရေး၊ ဂျော်ဂျီယာ နှစ်ထောင်ပြည့်လွန် ဆယ်စုနှစ်ထဲမှာ လောင်ချာသံ မစဲခဲ့ဘူး။ ဗုံးကွဲတဲ့အသံတွေ တွင်တွင်ညံညံ၊ တိုက်လေယာဉ်တွေကလည်း မိုးကုတ်စက်ဝိုင်းအပေါ်ကို မြင့်မြင့် မြန်မြန် များများ ပျံလို့ပေါ့။ လက်နက်တွေ ပိုပြီး အစွမ်းထက်လာတယ်။ လက်နက်မှောင်ခိုတွေ ပိုပြီး ချမ်းသာလာတယ်။ သွေးမြေကျလေ ဒေါ်လာရလေဆိုတော့ ကျွန်တော်တို့အားလုံးရဲ့ စိတ်တွေက အဲဒီလောက် ကြမ်းခက်နေသလား။ ရေနံဆိုတဲ့ ရုပ်ကြွင်းလောင်စာကို အဆမတန် ထုတ်ယူသုံးစွဲနေရတယ်။ မြေလွှာအကန့်တွေကြားက ရေနံ သဘာဝဓါတ်ငွေ့တွေကို ထုတ်ယူလိုက်တဲ့ ပြတ်ရွေ့ကြောတွေကြားမှာ မြေလွှာတွေ တွန့်ခေါက်လာသလား မသိနိုင်ပါဘူး။ ပင်လယ်အောက်က မြေလွှာပြတ်ရွေ့ကြောတစ်ခုကြောင့် ဆူနာမီဆိုတဲ့ လှိုင်းကြီးက မိနစ်ပိုင်းအတွင်း အာရှတောင်ဘက်ကမ်းခြေတွေ ရိုက်ခတ်လိုက်ကတည်းက လူဦးရေ သိန်းပေါင်းများစွာဟာ ပင်လယ်ထဲက ပြန်တက်မလာနိုင်တော့ပါဘူး။ ပင်လယ်ပြင်ကို ဗဟိုပြု၍ ဆိုတဲ့ စကားနဲ့ ရစ်ချတ်တာစကေးဆိုတဲ့ အသံကြားရင် ကိုယ်နင်းထားတဲ့ မြေကြီးပေါ်မှာ အသက်ရှင်နေထိုင်ဖို့ မနက်ဖြန်တွေ လက်ကျန်ရှိသေးရဲ့လား၊ အဲဒီလို တွေးစရာမလိုတဲ့ လူတွေကတော့ စစ်ပွဲအသစ်တစ်ပွဲကို ဗျူဟာမြောက် စိန်ခေါ်ဖို့ ၀ံ့ရဲနေပါလိမ့်မယ်။ မနက်ဖြန် ထွက်လာမယ့် အမြတ်အတွက် ဖန်လုံအိမ်အာနိသင်တွေကို ကမ္ဘာအရပ်ရပ် တင်ပို့ရောင်းချဖို့ စိတ်အေးလက်အေး တွေးတောနေမှာပါပဲ။
စစ်ပွဲကို ကမ္ဘာ့အပြင်ဘက် ပို့မလား၊ ကမ္ဘာအပြင်ဘက်ကို စစ်ပြေးရင်း စစ်တုရင်ထိုးဖို့ လူချမ်းသာတချို့က ကြံစည်စိတ်ကူးနေပါလိမ့်မယ်။ ထောင်စုသစ်ရဲ့ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံချက်ကရော ကမ္ဘာ့စီးပွားပျက်ကပ်ထဲမှာ ရေစုန်မျောသွားပြီလား၊
ပထမကမ္ဘာက သူ့ရှူး သူပတ်၊ ဒုတိယကမ္ဘာက သူ့ဇာတ် သူခင်း၊ တတိယကမ္ဘာက သူ့ဒုက္ခ သူခံ၊ ဒီလို
ကံစီမံရာပေါ့လေလို့ ဆိုရင်တောင် ကျွန်တော်တို့အားလုံးရဲ့ ကိုယ်ချင်းစာတန်ဖိုးကို နည်းနည်းလောက်
တိုးမြှင့်ကြည့်ကြဖို့ တောင်းဆိုလိုက်ပါရစေ။
အောင်ပိုင်စိုး
ဓါတ်ပုံ-google,Image