ကျွန်တော် သမီးလေး မရခင်အထိ ဘ၀အတွေ့အကြုံဆိုတဲ့ စကားလုံးကို မျက်စိမှတ် ယုံကြည်ခဲ့ဖူးတယ်။ သင်ကြားမှုဆိုတာ လူကြီးကနေ လူငယ်ကို ဆင့်ပွားစီးဆင်းတယ်လို့ ယုံကြည်ထားခဲ့ဖူးပါတယ်။ ဘာမှမသိသေးတဲ့ ကလေးငယ်တစ်ယောက်က လူကြီးကို ဘယ်လိုသင်ကြားမှာလဲ။ ကျွန်တော် ပထမဆုံး သတိထားမိတာက ကလေးငိုသံပဲ... ။ ကျွန်တော်တို့ လက်ကိုင်ဖုန်းရဲ့ Ring Tone တွေလို တစ်ဆင့်ချင်း ကျယ်လောင်လာလေ့ရှိပါတယ်။သမီးအိပ်ရာထဲကနေ `အဲ့´ ဆိုတဲ့ အသံလေးက သူရဲ့အသံ စူးစူးဝါးဝါးလေး နားစည်ကို မရိုက်ခတ်ခင် ကျွန်တော် စားလက်စ ထမင်းပန်းကန်၊ ဖတ်လက်စ စာအုပ်၊ ရေးလက်စ၀ါကျ တစ်ကြောင်းကို ပစ်ချ ထားခဲ့ရတာပါပဲ။
သမီးလေး နို့ဆာနေတဲ့အချိန်ဆိုရင်တော့ ပိုမိုလိမ္မာပါးနပ်နေတော့ပါပဲ။ ကျွန်တော်ချီလိုက်လို့ ရင်အုံဘက်လှည့်ပြီး နို့နံ့မရရင် သူကိုယ်ကို ခါရမ်းနေပါ တော့တယ်... ။ သူက သူလိုအပ်တဲ့ အရာ ဟုတ် မဟုတ် သူရဲ့ သိမှတ်မှုနဲ့ အလိုအလျောက် ဆုံးဖြတ်တတ်ပါတယ်။ အငိုတိတ်အောင် ချော့မြှူရာမှာလည်း ပြုံးပြုံးရယ်ရယ် ချော့မြှူရမှာလား၊ သားချော့တေးဆိုတာတောင် ဘယ်အသံအနေအထားရောက်မှ အိပ်ပျော်မယ်ဆိုတာ ကြိုသိနေ သလိုပါပဲ။ ဖခင်တစ်ယောက် ဖြစ်ခဲ့ရခြင်းရဲ့ သင်ကြားခွင့်ရခဲ့တဲ့ လူဘ၀နေ့ရက်တချို့အတွက် သမီးလေးကို ကျွန်တော် ကျေးဇူးတင်နေမိပါတယ်။
အသက်ရှင်မှု တစ်စိတ်တစ်ပိုင်းကို စာရေးစာဖတ်တဲ့အမှုမှာ မွေ့လျော်ထားတဲ့ ကျွန်တော်တို့က ဘာသာစကားများ၊ စာပေများ ဆွေးနွေးရတာကို စိတ်ဝင်စားလေ့ရှိပါတယ်။ အဲဒီနေ့ကလည်း သူငယ်ချင်း အင်္ဂလိပ်စာသင်တန်း နည်းပြတစ်ယောက်နဲ့ စကားပြောရင်း အတွေးတချို့ ရခဲ့ပါတယ်။ သူပြောပြတဲ့ အကြောင်းဟာ ထုံးစံအတိုင်း အသံထွက်မှန်တဲ့ကလေးတွေ၊ သဒ္ဒါမမှန်တဲ့ ကျောင်းသားတွေကို ပိုအားထုတ်စေချင်တဲ့ စေတနာပါ။ သူကတော့ အင်္ဂလိပ်စာကို ဘိလပ်ပြန်ဆိုတဲ့ စစ်ကြိုခေတ် အသံကိုမှ အမှန်တိုင်းထင်တုန်းပါ။ ဒီနေ့ ကမ္ဘာပေါ်က လူဦးရေတစ်ဝက်ခန့်က နေ့စဉ်သုံးအင်္ဂလိပ်စကားကို အင်္ဂလိပ်လူမျိုး မဟုတ်သူများနဲ့ မျှဝေသုံးစွဲနေကျတာ။ သူတို့လိုချင်တာက တစ်နေ့တာ နားလည်မှုပါ။ ကိန်းဘရစ်ခ်ျက အင်္ဂလိပ်စာဘွဲ့လက်မှတ် မဟုတ်ပါဘူး။ ဂလိုဘယ် လိုက်ဇေးရှင်းအရ လေသံတွေ က ရောထွေးနေမှာဖြစ်သလို၊ ဒေါင်းနင်းလမ်းထဲက လူကြီးမင်းတွေ ကိုယ်နှိုက်က မပီမသ အင်္ဂလိပ်အသံထွက်တွေကို နားကျယ်ကျယ် စွင့်ထားနေရပါတယ်။ သူငယ်ချင်းခမျာမှာတော့ သူ့စေတနာကြီးကို ထမ်းပိုးပြီး၊ ဒီကနေ့ ကလေးတွေကို အသံထွက်မှန်ဖို့ ကြိုးစားနေတုန်းပါ။
ကျွန်တော်က သူ့ကိုပြောပြရတယ်။ ဒီကနေ့ ကလေးတွေက chat Room တွေထဲမှာ အင်္ဂလိပ်စာလုံးတွေနဲ့ ဒေသသုံးစကားတွေကို ရိုက်နှိပ် အသုံးပြုကြတာ၊ ဘာသာစကားဘက်က ကြည့်ရင်တော့ စိုးရိမ်စရာရှိတာပေါ့။ ဒါပေမယ် ဒီဘက်ကနေ မင်းတို့ငါတို့ လက်လှမ်းမမီတဲ့ အွန်လိုင်းယဉ်ကျေးမှုမှာ အမျိုးသားဘာသာစကားတွေ ပေါင်းစပ်ဖို့ ကြိုးစားတာလည်း ဒီကနေ့ကလေးတွေပါပဲ။ သူတို့က အသံထွက်မှန်ဖို့ထက် နားလည်မှုပိုရှိအောင် ဘာသာစကား ဆိုတဲ့ လူမျိုးတစ်မျိုးနဲ့ တစ်မျိုးဆက်သွယ်မှုတံတားကို သူတို့က သက်သက်သာသာ ကျော်လွှားသွားကြတာ။ ငယ်ငယ်က နိုင်ငံခြားသားတွေရှေ့မှာ အသံထွက်မှန်အောင် အားတင်းပြီးမှ အလွဲလွဲအမှားမှားတွေ ပြောမိခဲ့တာကို ပြန်ပြီးသတိရလေ . . . သူငယ်ချင်းလို့ ပြောရတယ်။
“ ဒီကနေ့ ကလေးတွေကတော့ ဘယ်လိုအသံထွက်ထွက် သူတို့က နားလည်တတ်တယ်” လူတစ်ဖက်သားကိုလည်း နားလည်အောင် ပြောပြတတ် တယ်လေ။ သူတို့ကမ္ဘာက အိုင်တီခေတ် ကြောင့် ငါတို့ထက် ကမ္ဘာနဲ့အထိအစပ် ပိုများတယ်။ ပိုချောမွေ့တယ်။ ”
အင်တာနက်သင်တန်းဖွင့်ထားတဲ့ သူငယ်ချင်းကလည်း သူ့အတွေ့အကြုံကို ဖောက်သည်ချပါတယ်။ ငါလူငယ်တွေကို သင်ပေးရတာ ပိုအားရတယ်။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့ကို သင်ရတာ ပိုပညာရတယ်။ သူတို့က ပိုသိချင်၊ ပိုတတ်ချင်လို့ပဲ။ လူငယ်တွေက အသုံးချရုံ သက် သက်မဟုတ်ဘူး။ အသစ်ကိုလည်း သိချင်တဲ့ စိတ်မျိုးရှိတယ်။ အဲဒီတော့ ဒီပညာကို သင်ကြားချိန် မှာ လူငယ်တွေက သိချင်တာရော၊ အသုံချချင်တာရော အကုန်မေးတော့တာပဲ။ သူတို့က ပြဿ နာတွေ သယ်သယ်လာပေးတယ်။ ဟိုလိုလုပ်လို့မရဘူးလား၊ ဒီလိုလုပ်လို့မရဘူးလားနဲ့ သူတို့ပြော လို ငါ ကိုယ်တိုင်စမ်းကြည့်၊ လေ့လာကြည့် တော့လုပ်လို့ရတာချည်းပဲ။ သူတို့ကို ပြဿနာတစ်ခု ချပေးလိုက်ရင်လည်း မဖြေရှင်းနိုင်မချင်း မော်နီတာရှေ့ကကို မခွာတော့ဘူး။ ကွန်ပျူတာဟာ လူကြီး တွေကို အလွယ်တကူ အနိုင်ပေမယ့်၊ လူငယ်တွေနဲ့ကျတော့ အမြဲတမ်း အလျှော့ပေးရတယ်။ ငါဆို သင်တန်းဆရာသာဆိုတယ်၊ တပည့်တွေ မေးခွန်း ထုတ်တဲ့ အချက်အလက်တွေကနေ အမြဲအသစ်တစ်ခု ရနေတာ။ အဲတော့ သူတို့ပေးတဲ့ပညာရပ်အသစ်၊ ပြဿနာအသစ်တွေနဲ့ပါ ရှင်သန်ရပ်တည်နေရတယ်ဆိုလည်း မမှားဘူး။
သူတို့က ငါပျင်းချင်ရင်တောင် ပျင်းမရအောင် မီးထိုးပေးနေကြတယ်။ အဲဒါကြောင့်ပြောတာ ကလေးတွေဟာ ငါတို့ရဲ့ ဆရာပါလို့။


အောင်ပိုင်စိုး

Photo - Google Images

4 comments:

စာနယ်ဇင်းဆန်တဲ့ အရေးအသား(အထူးသဖြင့် ဘာသာပြန်ဆန်တယ်.. အင်္ဂလိပ်လိုရေးတဲ့ ဆောင်းပါးတွေအဖတ်များပုံရတယ်) ကို သတိထားမိတယ်။ ဆရာမောင်သစ်ဆင်းတို့လေမျိုး.. ဆရာအောင်ပိုင်စိုးရေ .. ကျနော်တို့မှာ ဆရာတို့လို လူငယ်များ လိုအပ်ပါတယ်။ ဝမ်းသာဂုဏ်ယူပါတယ်ခင်မျာ။

ဆရာအောင်ပိုင်စိုးရေ
စာနယ်ဇင်း (အထူးသဖြင့် ဘာသာပြန်စာနယ်ဇင်း) ဆန်တဲ့ အရေးအသားတွေကို သတိထားမိပါတယ်။ ဆရာ မောင်သစ်ဆင်းတို့ လေမျိုး ..
ကျနော်တို့မှာ ဆရာအောင်ပိုင်စိုးတို့လို လူငယ်တွေ တကယ်ကို လိုအပ်လှပါတယ်။ ဝမ်းသာဂုဏ်ယူပါတယ်ခင်မျာ။။

လူကြီးတွေက သင်ကြားပေးတယ်ဆိုတာကလည်း လမ်းကြောင်းပေးတာပဲ ဖြစ်သင့်တာမဟုတ်လား။ ဒါဆိုဒါပဲ သင်နည်းတွေကလည်း ကလေးတွေအတွက် စိုးရိမ်စရာပါ။

ကလေးတွေဆီကနေ ပြန်သင်ယူရမှာတွေလည်း ရှိနေတယ်ဆိုတာ သတိရသွားစေပါတယ်။

သုခမိန်(E-Journal)

အက်ဆေးလေးတွေက တစ်ပုဒ်ကို အတွေးတစ်မျိုးစီ ပေးတယ်။ တခါတလေမှာ ကလေးအတွေးနဲ့ တွေးလိုက် ပြောလိုက်တာတွေက လူကြီးတွေ မမြင်နိုင်တဲ့ ရှုထောင့်မျိုး ဖြစ်နေတတ်ပါတယ်။ ကလေးဆိုတာ စူးစမ်းလေ့လာလိုစိတ် အမြဲရှိနေတဲ့အတွက် သူတို့နဲ့ အနီးကပ်နေရလေ ကိုယ့်အတွက် အသစ်အသစ်တွေ ကြုံရလေပါပဲ။ chat room တွေမှာ အင်္ဂလိပ်စာကို မြန်မာအသံထွက်နဲ့ ရိုက်ပြီး ပြောကြတာကို အင်္ဂလိပ်စာ အရည်အသွေး ညံ့ဖျင်းစေတယ် ဆိုပေမယ့် ဘာသာစကား အခက်အခဲကို ဖြစ်တဲ့နည်းနဲ့ ကျော်လွှားတာပဲလို့ တွေးကြည့်ပေးလို့ ရပါတယ်။ ဂလိုဘယ်လိုက်ဇေးရှင်းနဲ့ အမီလိုက်နိုင်အောင် ဆက်သွယ်ပြောဆိုရင်း တဖက်ကလဲ ကိုယ့်အရည်အချင်းကို မြှင့်တင်ပေးနေမယ်ဆိုရင် အားလုံး အဆင်ပြေသွားမှာပါ။ ဒီခေတ်ကြီးထဲမှာ ကလေးတွေက လူကြီးတွေကို ပိုမိုသင်ကြားပေးတာတော့ အမှန်ပါပဲ။