စီးပွားရေးလို့ ဆိုလိုက်ရင် ကျွန်တော်တို့ အတွေးတွေက ကော်ပိုရေးရှင်းတွေ၊ စက်ရုံကြီးတွေ၊ စတော့အိတ်ချိန်းတွေ၊ ဘဏ်တွေ၊ အိုင်တီကုမ္ပဏီတွေ၊ ဟိုတယ်ကြီးတွေကို ပြေးမြင်တတ်ကြပါတယ်။

စီးပွားရေးသမားလို့ ဆိုလိုက်ရင်လည်း အောင်မြင်နေတဲ့ စီအီးအိုတွေ၊ ကော်ပိုရိတ်ဥက္ကဌတွေ၊ စီးပွားရေးအတိုင်ပင်ခံ အဖွဲ့အစည်းက လူတွေလောက် ပြေးမြင်တတ်ကြပါတယ်။

အမှန်တကယ်တော့ ၀င်ငွေတစ်ခုခု ရရှိအောင် တစ်စုံတစ်ခု လုပ်နေသူတိုင်းဟာ စီးပွားရေးသမားဖြစ်တယ် ဆိုတဲ့ အမြင်ကို ကျွန်တော်တို့ မတွေ့ရှိသေးလို့သာ ဖြစ်ပါတယ်။

လူဟာ ဘာကြောင့် ၀င်ငွေလိုအပ်သလဲ …

စီးပွားရေးလုပ်ငန်းကြီး တစ်ခုလုံး မောင်းနှင်တဲ့ အခြေခံအချက် သုံးချက်ရှိပါတယ်။ စားသုံးမှု၊ စုဆောင်းမှုနဲ့ ရင်းနှီးမြှူပ်နှံဆိုတဲ့ အချက်တွေပါပဲ။ အဲဒီအချက်တွေကပဲ လူကို ၀င်ငွေလိုအပ်စေပါတယ်။ လူရဲ့ ပထမဆုံး လိုအပ်ချက်က ဆာလောင်မှုပါပဲ။ ဒုတိယအချက်က အလုပ်လုပ်တတ်ပြီး ၀င်ငွေရှာတတ်ဖို့ပါ။

ဆာလောင်မှုလိုအင် ပြည့်ပြီးတာနဲ့ လူဟာ ရပ်တန့်မနေတဲ့ သတ္တ၀ါဖြစ်လို့ တခြားလိုအင်တွေ ပေါ်ပေါက်လာပါတယ်။ လုံခြုံစွာ အိပ်စက်နိုင်ခြင်းသာမက၊ အနုပညာအပြင် အခြားတန်ဖိုးများ လိုအပ်လာပါတယ်။ ဒီလို လိုအပ်လာတဲ့အတွက် လူဟာ ပန်းတိုင်တစ်ခုထား ကြိုးပမ်းလာလေ့ ရှိပါတယ်။ ဒီအချိန်မှစ၍ လူဟာ ရင်းနှီးမြှုပ်နှံမှုဆိုတာကို စလုပ်ပါတော့တယ်။

ပုခက်တွင်းက ကလေးလေးတွေ အော်ဟစ်ငိုကြွေးနေတာ ဆာလောင်နေလို့ပါ။

ဒံပေါက်ဆိုင်တွေ၊ ကြေးအိုးဆိုင်တွေ၊ နာမည်ကြီး စားသောက်ဆိုင်တွေမှာ လူတွေ ပြည့်ကျပ်နေတာ ဆာလောင်နေလို့ပါ။

လူတွေဟာ ဆာလောင်မှုအတွက် ဆာလောင်မှုကို အရင်ဆုံး ဖြည့်ဆည်းတတ်ကြတာပါ။

အရင်တုန်းကတော့ ကီလီဈေး၊ အခု သီရိမင်္ဂလာဈေးကို ငါးရောင်းမယ့်သူတွေ၊ ကုန်စိမ်းသည်တွေ မနက်ဝေလီဝေလင်းမှာ အိပ်မှုန်စုံမွှားနဲ့ ရောက်လာကြတယ်။ သူတို့ကို သာမန်ဈေးသည်လို့ မြင်လို့မရပါဘူး။ သူတို့လိုချင်တဲ့ပစ္စည်း လာဝယ်ကြတာ၊ ဒါဟာ ရင်းနှီးမြှုပ်နှံမှုပဲ။ ဘယ်လောက် မြတ်မယ်ဆိုတာတော့ သူတို့ လုပ်ငန်းကျွမ်းကျင်မှုအပေါ် မူတည်တာပေါ့။

စတော့ရှယ်ယာဝယ်မှ၊ ဘွန်း Bond စာချုပ်ဝယ်မှ၊ ရွှေဝယ်မှ ရင်းနှီးမြှုပ်နှံတာလို့ ယူဆလို့ မရပါဘူး။ ငါးသည်တွေ၊ ကုန်စိမ်းသည်တွေလည်း ရင်းနှီးမြှုပ်နှံကြရတာပဲ။ အချိန်တိုတဲ့အတွက် မသိကြတာလား။

တကယ်တော့ ရင်းနှီးမြှုပ်နှံမှုတိုင်းဟာ စွန့်စားမှု အနည်းအများနဲ့ ဒွန်တွဲနေတတ်ပါတယ်။ အဲဒါကြောင့် မိမိပိုင်ဆိုင်မှုတွေကို တည်ငြိမ်တဲ့ တန်ဖိုးစနစ်တစ်ခုနဲ့ ထိန်းသိမ်းထားတဲ့ ပုံစံတွေဟာ စုဆောင်းမှုဆိုတာ ဖြစ်လာပါတယ်။ အဲဒီအချက်တွေကြောင့် လူဟာ ၀င်ငွေမရှိမဖြစ် လိုအပ်ပါတယ်လို့ အကြမ်းဖျင်း ယူဆနိုင်ပါတယ်။

လူတစ်ဦးတစ်ယောက်အနေနဲ့က ၀င်ငွေလိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းတွေ အနေနဲ့ကတော့ အမြတ်ရရှိမှ ဖြစ်မှာပါ။ အမြတ်ရရှိရေးဆိုတာ စီးပွားရေးလုပ်ငန်းအများစုရဲ့ ဦးတည်ချက်ပါ။ အမြတ်ရရှိဖို့ ကြိုးစားတဲ့ နည်းလမ်းတွေကသာ စီးပွားရေးပညာရပ်တွေနဲ့ အသုံးချဗျူဟာတွေပါပဲ။ အဲဒီပေါ်မှာမှ စီးပွားရေးဆိုင်ရာ ကိုယ်ကျင့်တရားနဲ့ လိုက်နာစောင့်ထိန်းရမယ့် ကျင့်ဝတ်နဲ့ ဥပဒေကို ပေါ်ပေါက်လာတာပါ။ ၂၁ ရာစု စီးပွားရေးသစ်မှာတော့ အမြတ်ရရှိရေးဟာ အဓိက မကျတော့ဘဲ သဘာဝပတ်ဝန်းကျင်နဲ့ ယဉ်ကျေးမှု အပြောင်းအလဲတွေ၊ နည်းပညာတော်လှန်ရေးတွေမှာ အခုအခံဖြစ်နေတဲ့အရာကို ပြေလျော့စေဖို့ စီးပွားရေးက အသုံးချ ယာဉ်တစ်စီးပါ။ ထိန်းကျောင်းတတ်ဖို့ လိုပါတယ်။ ဓနအရွှေ့အပြောင်း မြန်ဆန်သလို အရင်းအမြစ်တန်ဖိုးတွေက အတက်အကျမြန်ပါတယ်။ စံ တန်ဖိုးတွေကို အသေဆုပ်ကိုင်မထားဖို့ လိုပါတယ်။ အပြောင်းအလဲတွေမှာ အခုအခံ နည်းပါးသူတွေ၊ လျင်မြန်စွာ နေသားတကျ ဆောင်ရွက်နိုင်သူတွေက ပိုပြီး အကျိုးအမြတ် များနိုင်ပါတယ်လို့ Social Business လေ့လာသူ တစ်ဦးက ပြောပါတယ်။

စီမံခန့်ခွဲပုံ

စီးပွားရေးပညာရပ်ထဲကို စီမံခန့်ခွဲမှု ဘာသာရပ် စပြီး မထည့်သွင်းမီကတည်းက စီးပွားရေးတွေထဲမှ စီမံခန့်ခွဲမှုက ထဲထဲဝင်ဝင် ပါဝင်ပတ်သက်နေပြီးသားပါ။ လူဟာ ပိုင်ဆိုင်မှု အရင်းအနှီးတစ်ခုခုကြောင့် ၀င်ငွေရရှိလာမယ်။ ရရှိလာမယ့်ဝင်ငွေကို ပြန်လည်သုံးစွဲရပါမယ်။ အဲဒီ ပြန်လည်သုံးစွဲမှု အားလုံးဟာ သူ စီမံခန့်ခွဲမှုနဲ့ ပြုလုပ်တာပါပဲ။ သူ့ရဲ့ စီမံခန့်ခွဲမှုတွေဟာ သူ့လိုအင်နဲ့ ကိုက်ညီတဲ့ ရလဒ်တွေ ထွက်ပေါ်လာမယ်ဆိုရင် အောင်မြင်တဲ့ စီမံခန့်ခွဲမှုလို့ ပြောဆိုနိုင်ပြီး အခြားရလဒ်တွေ ဖြစ်ပေါ်လာခဲ့ရင်တော့ မှားယွင်းတဲ့ စီမံခန့်ခွဲမှုလို့ ဆိုနိုင်ပါတယ်။ ဒါဟာ အခြေခံစည်းမျဉ်းပါ။

လူတစ်ဦးတစ်ယောက်အတွက်၊ အဖွဲ့အစည်းတစ်ခုအတွက်အပြင် ကော်ပိုရေးရှင်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံအတွက်လည်း ဖြစ်ပါတယ်။ စီမံခန့်ခွဲမှုရဲ့ အဓိက အရင်းအမြစ်တွေက အတွေ့အကြုံနဲ့ ပညာပါ။ ရာစုသစ်မှာတော့ သတင်းကပါ စီမံခန့်ခွဲမှုကို အကျိုးသက်စေပါပြီ။ ပစ္စုပ္ပန် အခြေအနေတွေက အနာဂတ်ကို စီမံတဲ့အတွက် လက်ရှိဖြစ်ပေါ်နေတဲ့ အဖြစ်အပျက်တွေကို စီမံခန့်ခွဲသူတွေက အမှန်အတိုင်း သိရှိနေဖို့ လိုအပ်ပါတယ်။ သိရှိအောင်လည်း အားထုတ်ဖို့ လိုပါတယ်။ အဲဒါမှ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေဟာ မိမိရဲ့ စီမံခန့်ခွဲမှုကို အောင်မြင်စေမှာပါပဲ။

စီးပွားအတက်အကျ

စီးပွားရေးစကားပုံတစ်ခု ရှိပါတယ်။ ချမ်းသာကြွယ်ဝချင်ရင် မိမိရဲ့ ပိုင်ဆိုင်မှုကို အရင်းအမြစ်အသွင် ပြောင်းနိုင်ရပါမယ်။ ဘာကိုမှ မပိုင်ဆိုင်ဘူးဆိုတဲ့သူတောင်မှ လုပ်အားနဲ့အချိန်ကို ပိုင်ဆိုင်ပါသေးတယ်။ သူ့ရဲ့ ကျန်းမာသန်စွမ်းမှုက ၂၄ နာရီအတွင်းမှာ ၀င်ငွေရရှိအောင် စွမ်းဆောင်နိုင်ပါတယ်။ တစ်နာရီစာ ၀င်ငွေတန်ဖိုးကတော့ ပညာနဲ့ အရင်းအနှီး စိတ်ကူးစိတ်သန်းတွေပေါ်မှာ ကွာခြားပါလိမ့်မယ်။ လူတစ်ဦးတစ်ယောက်ဖြစ်စေ၊ အဖွဲ့အစည်းဖြစ်စေ၊ နိုင်ငံတစ်နိုင်ငံဖြစ်စေ စီးပွားရေး အတက်အကျ သံသရာမှာ ပါဝင်နေပါတယ်။ ထုတ်လုပ်မှု ပိုလျှံကာလတွေကို ကျပ်တည်းစွာ ဖြတ်သန်းရတတ်သလို ဈေးကွက်လိုအပ်ချက်ကို လက်မလည်အောင် ဖြတ်သန်းရတဲ့ နေ့ရက်တွေလည်း ရှိနေမှာပါပဲ။ ဈေးကွက်လိုအင်ကို မဖြည့်ဆည်းနိုင်လို့ ဘေးကနေ ငေးခဲ့ရတဲ့ အချိန်တွေလည်း ကြုံရမှာပါ။ စီးပွားရေးစက်ဝန်းထဲမှာ ဆင်ခြင်ဥာဏ်၊ အတွေ့အကြုံ၊ ပညာ၊ သတင်းတွေနဲ့ မိမိရဲ့ အနေအထားကို မျှခြေဖြစ်အောင် လုပ်ဆောင်ပေမယ့် အစွန်းထွက်မှုတွေ အမြဲရှိနေနိုင်ပါတယ်။ ဒီကြားထဲကမှ စီးပွားကျပ်ကာလမှာ အလွန်အကျွံ မစွန့်စားမိအောင်၊ စီးပွားတက်ကာလမှာ အလွန်အကျွံ မဖြုန်းတီးမိအောင် ထိန်းကျောင်းရင် စက်ဝန်းရဲ့ သဘောတရားအရ အထက်ရောက်လိုက် အောက်ရောက်လိုက် ဆိုပေမယ့် စုန်းစုန်းမြုပ် ပျက်စီးသွားတဲ့ အဖြစ်မျိုးတော့ မရောက်ရှိနိုင်ပါဘူး။ လူ့သမိုင်းနဲ့ စီးပွားရေးဟာ ဒွန်တွဲနေတာမို့ သမိုင်းအရှုပ်အထွေးနဲ့ စိးပွားရေး အရှုပ်အထွေးတွေဟာ သီအိုရီဟောင်းတွေကြားထဲက သီအိုရီအသစ်တွေ ဖောက်ထွက်သလို ၀င်ရိုးမဲ့ ပရမ်းပတာ ဖြစ်စဉ်တွေကလည်း အများအပြားပါ။ လွတ်လပ်ဈေးကွက်နဲ့ ၂၁ ရာစု စီးပွားရေးသစ်ဟာ ဖန်တီးမှုအကြောင်းအချင်းအရာ များပြားသလို သီအိုရီအစွန်းထွက်တွေလည်း ရှုပ်ထွေးနေဆဲပါ။ ကြွယ်ဝမှုနဲ့ ချမ်းသာမှုဟာ သီးခြားခွဲထွက်သွားပြီလား။ ချမ်းသာကြွယ်ဝဆုံး ရာစုနှစ်မှာမှ ဆင်းရဲမွဲတေမှုကို တိုက်ဖျက်ဖို့ စီမံချက်ကို ကမ္ဘာလုံးဆိုင်ရာ ကျင့်သုံးဖို့ ဘာကြောင့် နှိုးဆော်နေရတာလဲ။

ဈေးကွက်မှာ ဘေးထွက်နေလို့မရ

လူဟာ ဈေးကွက်နဲ့ မပတ်သက်လို့ကို မရပါဘူး။ ၀ယ်စရာရှိရင်၊ ရောင်းစရာရှိရင် လူဟာ ဈေးကွက်ထဲ ၀င်လာရပါတယ်။ သူဟာ ဈေးကွက်ထဲမှာ အသက်ဝင်အောင် လှုပ်ရှားရပါတယ်။ ဈေးကွက်သတင်းတွေ၊ အဖြစ်အပျက်တွေကို တုံ့ပြန်ဆောင်ရွက်ရပါတယ်။ လူဟာ သူ့လိုအင်အရ ဈေးကွက်ကို ၀င်ရောက်လာပြီး အခြားသူများရဲ့ လိုအင်ကို ဖြည့်ဆည်းဆောင်ရွက်ရပါတယ်။ အဲဒါမှလည်း သူ့လိုအင်တွေ ပြည့်ဝမှာပဲ ဖြစ်ပါတယ်။

အဲဒါကြောင့် ဈေးကွက်ထဲကို လူတွေအများကြီး ၀င်ရောက်လာပါတယ်။ လူများလေ ဈေးကွက်က အောင်မြင်လေ ဖြစ်တဲ့အတွက် ဈေးကွက်စီးပွားရေးစနစ်ကြီး အောင်မြင်ဖြစ်ထွန်းလာခဲ့ပါတယ်။

ပမာပြောရရင်တော့ နေရာတစ်နေရာမှာ လုပ်ငန်းတူတွေ အများကြီး စုဝေးနေတာ တွေ့ရတတ်တာမျိုးပါ။ ရွှေဆိုင်တွေချည်းပဲ ရှိနေတဲ့ လမ်းတစ်လမ်းဟာ ရွှေဈေးကွက် ဖြစ်လာတာမျိုး၊ ကားအရောင်းအ၀ယ်တွေ များတဲ့နေရာမှာ ကားဈေးကွက် ဖြစ်လာတာမျိုး ဈေးဆိုင်ပေါင်းစုံ ရှိတဲ့နေရာမှာ စားသောက်ဖွယ်ရာဆိုင်တွေ် တစ်စထက်တစ်စ တိုးတက်လာတာမျိုးပါ။

ဒါဟာ လွယ်လင့်တကူ ဖြစ်ပျက်တာမျိုး မဟုတ်ပါဘူး။ သူ့အလိုအလျောက် ဈေးကွက်တစ်ခုတည်းကို တိုးတိုးဝင်လာတာမျိုးပါ။

ဒီနေရာမှာ ဘယ်ဈေးကွက်ရှိတယ်၊ ဟိုနေရာမှာ ဘယ်ဈေးကွက်ရှိတယ်ဆိုတာ လူအများက လက်ခံလာတဲ့အခါမှာ သူ့လိုအင်ဆန္ဒ ဖြစ်ပေါ်လာတာနဲ့ အဲဒီနေရာကို ချက်ချင်းသတိရပြီး

`ရွှေလိုချင်ရင် ….. လမ်းကိုသွား´

`ဘာစားချင်လို့လဲ ….. နေရာကို သွားလေ´

`ကားဝယ်ချင်ရင် ….. အဲဒီနေရာမှာ စုံစမ်းပေါ့´ ဆိုတာတွေဟာ ဈေးကွက်ကို အသိအမှတ်ပြုထားခြင်းပါပဲ။

အဲဒါဆိုရင် လူတွေက ဈေးကွက်ကို ရှာရမှာလား၊ ဈေးကွက်က လူတွေကို လာရှာမလားဆိုတာက ခေတ်သစ်မေးခွန်းဖြစ်နေပါပြီ။

လူလူချင်း ဆက်သွယ်နိုင်တဲ့ နည်းလမ်းရှိရင် ဈေးကွက်ဟာ ဖြစ်ပေါ်နေနိုင်ပါတယ်။ တယ်လီဖုန်း၊ ဖက်စ်၊ ကွန်ရက်ဆက်သွယ်ရေးများ အရာအားလုံးမှာ ဈေးကွက် ဖြစ်ပေါ်နေနိုင်ပါတယ်။ အဓိက အရေးကြီးဆုံးအချက်က ဈေးကွက်ကနေ ဘေးထွက်မနေဖို့ပါပဲ။ အပြောင်းအလဲတွေ၊ မြန်ဆန်နေတဲ့ ဖြစ်ပျက်တွေ အစဉ်မပြတ်တဲ့ခေတ်မှာ ဈေးကွက်ကို မျက်နှာလွှဲထားလို့ မရတော့ပါဘူး။ အဲဒါမှသာ မိမိလိုအင်အတွက် ဈေးကွက်ကို အသုံးချလို့ ရနိုင်မှာပါ။ ဒါပေမယ့် ဈေးကွက်ကို လက်ဝါးကြီးအုပ်ဖို့တော့ မကြိုးစားပါနဲ့။ ဈေးကွက်ဟာ တုပ်နှောင်ခံရပြီဆိုရင် တိုးတက်မှု ဆုံးရှုံးပြီး ဈေးကွက်ဟာ မဖွံ့ဖြိုး၊ မကျယ်ပြန့်နိုင်တော့ပါဘူး။ တုပ်နှောင်ခံရတဲ့ ဈေးကွက်တွေဟာ မည်သူ့ကိုမှ အကျိုးမဖြစ်ထွန်းစေဘဲ ပါဝင်ပတ်သက်သူအားလုံးကို ဆုံးရှုံးစေတဲ့အတွက် ဈေးကွက်နဲ့ ပါဝင်လှုပ်ရှားသူအားလုံး နှုတ်ထွက်သွားပြီး ဈေးကွက်တစ်ခုလုံး ဆုံးရှုံးရတတ်ပါတယ်။

အဆိုးဝါးဆုံးကတော့ ဈေးကွက်နဲ့အတူ ပညာအရင်းအမြစ်တွေပါ ပျက်စီးနိုင်တဲ့အတွက် ဈေးကွက်မှာ ဘေးထွက်နေခြင်းနဲ့ ဈေးကွက်ကို ချုပ်ကိုင်ဖို့ ကြိုးစားခြင်းက မိုက်မဲမှုတွေသာ ဖြစ်ပါလိမ့်မယ်။

နည်းပညာစီးပွားရေးနဲ့ နယ်မြေသစ်ကို စွန့်ထွက်လိုသူများ

စီးပွားရေးလုပ်တာ လွယ်ပါတယ်လို့ ဆင်တူရိုးမှား ထုတ်လုပ်သူတစ်ယောက်က ပြောတဲ့သူကို စီးပွားရေးမှာ ဂုဏ်သိက္ခာရှိဖို့က ခက်တာလို့ သူသိဖို့ လိုပါတယ်။ မူပိုင်ခွင့်ဥပဒေတွေ မပြည့်စုံသေးတဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတချို့၊ မူပိုင်ခွင့်တွေကို ချိုးဖောက်ချင်တဲ့ ဖွံ့ဖြိုးပြီး နိုင်ငံတချို့က လုပ်ငန်းရှင်တွေဟာ စီးပွားရေး အကျိုးအမြတ်အတွက် ကိုယ်ကျိုးကြည့်မှုတွေ လွန်ကဲနေတတ်ပါတယ်။

ဒါကတော့ အခုလောလောဆယ်မှာ ကြုံတွေ့နေရတဲ့ အတုလုပ်မှုလို့ ပြောရင် ရမလားပဲ။ သီချင်းခွေအတု၊ ရုပ်ရှင်ကားခွေအတု၊ ဆေးဝါးအတု၊ စားသောက်ဖွယ်ရာအတု၊ ၀တ်ဆင်စရာအတု၊ အထည်အမျိုးမျိုး၊ တံဆိပ်အမျိုးမျိုးအတုတွေကို ပြောတာပါ။

အတုဆိုကတည်းက အရည်အသွေး ညံ့ဖျင်းပြီးသားပါ။ အတုဖြစ်လို့၊ အရည်အသွေး မမီလို့ ဈေးနှုန်းသက်သာတာကို သိပြီးဖြစ်ရပါမယ်။

ဒီအတုတွေထဲက အဆိုးရွားဆုံးကတော့ ဆေးဝါးအတုနဲ့ စားစရာအတုပါ။ လူတွေရဲ့ မျိုးဗီဇတွေပါ ထိခိုက်နိုင်တဲ့အတွက် အလွန်အန္တရာယ်ကြီးပါတယ်။ ဒါဟာ နည်းပညာစီးပွားရေးမှာ အိုင်ဒီယာတွေ လုယက်ခံရမှုက တစ်နေ့တစ်ခြား ပိုတိုးတက်လာနေပါတယ်။ ကိုလံဘတ်စ်က အမေရိကားကို ရှာဖွေတွေ့ရှိပြီး အင်္ဂလန်က အမေရိကားကို သိမ်းပိုက်သလိုမျိုးပါပဲ။ နည်းပညာကို မဖော်နိုင်သူတွေက နည်းပညာကို လုယက်သူတွေ ဖြစ်လာတတ်ပါတယ်။ ဒါကို အကောင်းဆုံး ကာကွယ်နည်းကတော့ နည်းပညာကို မျှဝေသုံးစွဲခြင်းပါပဲ။ အိုင်တီသမားတွေဟာ နည်းပညာကို အချင်းချင်းမျှဝေပြီး မိမိတို့ ဖော်ဆောင်တဲ့ ဈေးကွက်ကို ပိုမိုကျယ်ပြန့်စေပါတယ်။ သူတို့က အသိဥာဏ်မူပိုင်မှု ခံစားခွင့်ထက် ဈေးကွက်ကနေ သွယ်ဝိုက်တဲ့အမြတ်ကိုသာ စားသုံးတဲ့အတွက် ရေရှည်နဲ့ များများရရှိတယ်ဆိုတဲ့ အချက်ကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကြောင့် နည်းပညာစီးပွားရေးဟာ လက်ရည်တူ ပါဝင်နိုင်သလို တစ်စိတ်တစ်ဝမ်းတည်း ပါဝင်ဆောင်ရွက်နိုင်ပါတယ်။ မိမိရဲ့ စွမ်းရည်မက မိမိရဲ့ အာမခံမှုပါပဲ။ လူတိုင်းဟာ စီးပွားရေးအမြင်နဲ့ ကျင့်ဝတ်သိက္ခာရှိဖို့ လိုပါတယ်။

ရာစုသစ်ရဲ့ စီးပွားရေးကစားပွဲမှာ ရှုံးနိမ့်သူမရှိစေရေးဆိုတာ ပါဝင်ဆောင်ရွက်သူတွေရဲ့ ဆန္ဒလိုအင်ကသာ အဆုံးအဖြတ်ပေးနိုင်မည် ဖြစ်ပါတယ်။

စီးပွားဆန်ခြင်း

ရာစုနှစ်ပေါင်းများစွာ ပဒေသရာဇ် စီးပွားရေးပုံစံ မိရိုးဖလာ စိုက်ပျိုးထုတ်လုပ်မှုနဲ့ ၀မ်းစာနဲ့ ရိုးရာယဉ်ကျေးမှုပွဲတော်တွေအတွက် ထုတ်လုပ်မှုပြုလုပ်တဲ့ အာရှဒေသဟာ ၁၈ ရာစုနဲ့ ၁၉ ရာစုမှာ အရင်းရှင်စနစ်ရဲ့ အနွယ်အဖွား ကိုလိုနီပြုကျင့်ခံရခြင်း ဒဏ်ရာကို ရရှိခဲ့ပါတယ်။

ဒုတိယကမ္ဘာစစ်ပြီးကာလ နောက်ပိုင်းမှာလည်း အနီရောင်မြူခိုးတွေက အရှေ့အာရှတစ်ခွင်မှာ လွှမ်းမိုးခဲ့ဖူးပါတယ်။ အဲဒါကြောင့် အာရှလူမှု အသိုင်းအ၀ိုင်းမှာက စီးပွားဆန်ခြင်းကို ယဉ်ကျေးမှု မျက်နှာစာကနေ ငြင်းဆိုတတ်ကြပါတယ်။

ဒါတွေဟာ လက်လွတ်စပယ် စီးပွားဆန်ခြင်းမျိုးဆိုရင် မှားမယ်မဆိုနိုင်ပါ။

စီးပွားရေးအရ စနစ်ကျသူတွေကို အပြစ်ဆိုတတ်တဲ့ အမူအကျင့် ဖြစ်နေပါတယ်။

၁၉၉၀ လွန် ကာလတွေမှာ ဈေးကွက်စီးပွားရေးနဲ့ နဖူးတွေ့ဒူးတွေ့ တွေ့တဲ့အခါကျမှ အတွေ့အကြုံ နည်းပါးမှုကြောင့် စီမံခန့်ခွဲမှု အလွဲအမှားတွေ ကြုံကြရတာပါ။ လူတစ်ဦးရဲ့ ၀င်ငွေဟာ သူ့ပုံမှန်စားသုံးမှုထက် ပိုလျှံရပါမယ်။ မိသားစုရဲ့ ၀င်ငွေဟာ မိသားစု အသုံးစရိတ်ထက် ပိုလျှံရပါမယ်။ မိဘတွေရဲ့ အမြော်အမြင်ဟာ ကလေးငယ်တွေရဲ့ အနာဂတ်နဲ့ တိတိကျကျ ပတ်သက်နေပါတယ်။ အပြောင်းအလဲများတဲ့ခေတ်မှာ အစဉ်အလာ တန်ဖိုးတွေဟာ အနာဂတ်နဲ့ ကွဲပြားဆန့်ကျင်နေတတ်ပါတယ်။ အဲဒါကြောင့် ဆုံးဖြတ်ချက်တွေကို ပစ္စုပ္ပန်အခြေအနေနဲ့ အနီးစပ်ဆုံး အချက်အလက်တွေနဲ့ စဉ်းစားသင့်ပါတယ်။

မိဘနဲ့ သားသမီးကြားမှာ ပညာမျှဝေဖို့ အရေးကြီးပါတယ်။ လူငယ်တွေကြားမှာ ရေပန်းစားတဲ့ သတင်းတွေ၊ အချက်အလက်တွေကို လူကြီးတွေအနေနဲ့ မျက်ခြည်မပြတ်ဖို့ လိုပါတယ်။

ကွန်ပျူတာလို၊ IT လို ဘာသာရပ်တွေကို ကလေးတွေဆီကနေ လူကြီးမိဘတွေက သင်ကြားပြီး အစွန်းမထွက်တဲ့ ယဉ်ကျေးမှုနဲ့ သမိုင်းတန်ဖိုးတွေ၊ လူမှုဗေဒတွေက မိဘတွေဆီကနေ လူငယ်တွေဆီ ပြန်လည်စီးဆင်းဖို့ လိုပါတယ်။

မိသားစု အခြေခံယူနစ်မှာလည်း ငွေကြေးလည်ပတ်စီးဆင်းဖို့ကို မိသားစုတိုင်း ရှင်းရှင်းလင်းလင်း သိနားလည်ထားဖို့ လိုပါတယ်။ ဘယ်သူတွေဟာ မိသားစုအတွက် ၀င်ငွေရှာပေးပြီး ဘယ်သူတွေဟာ သုံးစွဲသလဲ၊ ဘယ်လိုသုံးစွဲသင့်သလဲ ဆိုတာကို တိကျရှင်းလင်းထားဖို့ လိုပါတယ်။ ဒါမှသာ မိသားစုရဲ့ ၀င်ငွေကို အကျိုးမဲ့မဖြုန်းတီးသင့်ဘူးလို့ မိသားစုဝင်တိုင်း နားလည်လက်ခံနိုင်ပါမယ်။ မိသားစုဝင်ငွေတိုင်းမှာ ပိုလျှံမှုရှိလာလို့ စုဆောင်းမှုနဲ့ ရင်းနှီးမြှုပ်နှံမှု ပိုမိုပြုလုပ်လာနိုင်ရင် မိသားစုတိုင်း ကြွယ်ဝလာမယ်။ တိုင်းပြည်လဲ ကြွယ်ဝလာမှာပါပဲ။ အဲဒါကြောင့် စီးပွားဆန်ခြင်းဟာ မဖြစ်မနေ လိုအပ်ပါတယ်။

ဘဏ်တွေက စီးပွားဖွံ့ဖြိုးမှုကို အထောက်အကူ ပေးတယ်၊ ဒါပေမယ့် … ၊

ပုံမှန်အားဖြင့်တော့ ဘဏ်လုပ်ငန်းဟာ စီးပွားရေးဖွံ့ဖြိုးမှုအတွက် အထောက်အကူပေးတဲ့ အင်ဂျင်တစ်ခုပါပဲ။

ဒါပေမယ့် ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာတော့ ဘဏ်ချေးငွေတွေဟာ အသေးစားလုပ်ငန်းတွေ၊ ဖွံ့ဖြိုးဖို့အားယူနေတဲ့ အလယ်အလတ်တန်းစား ကုမ္ပဏီတချို့ကို ကျဆုံးစေခဲ့တဲ့ ဖြစ်ရပ်မျိုးတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ ဒါဘာကြောင့်ဖြစ်လဲဆိုရင်တော့ ပင်ကိုယ်ဘဏ်စနစ်ရဲ့ စည်းမျဉ်းစည်းကမ်းတွေကို သွေဖယ်မှုနဲ့ လျော့ရဲမှုတို့ကြောင့် ဖြစ်ပေါ်လာရပါတယ်။ ရာဖြတ်တွေရဲ့ မှားယွင်းဆုံးဖြတ်မှုတွေ၊ ဘဏ်ရဲ့ အခြေခံစည်းမျဉ်းတွေကို လုပ်ကိုင်သူတွေရဲ့ ဘဏ်အပေါ် ရှုမြင်မှု အလွဲအမှားတွေကြောင့် ဖြစ်ပေါ်လာရတာပါ။

ဘဏ်ချေးငွေကြောင့် အရှုံးပြလိုက်ရတဲ့ စက်မှုလုပ်ငန်းတစ်ခုကို တွေ့မြင်ဖူးပါတယ်။ ဖွံ့ဖြိုးမှု အလားအလာ ကောင်းနေတဲ့ စက်မှုလုပ်ငန်းတစ်ခုက လုပ်ငန်းချဲ့ထွင်ဖို့ သူ့အနေနဲ့ ဘဏ်ချေးငွေ ပမာဏတစ်ရပ်ကို လိုအပ်နေပါတယ်။ ဒါပေမယ့် လုပ်ငန်းကို စီမံခန့်ခွဲသူက ဘဏ်မှရရှိမယ့် ချေးငွေရဲ့ တစ်ဝက်ကို ဘဏ်ကချေးငွေ ရရှိနိုင်မယ့် နည်းလမ်းတွေမှာ အသုံးပြုခဲ့ပါတယ်။

ရေတိုအနေနဲ့ သူအပေါင်ပေးနိုင်တဲ့ ပမာဏထက် ရာခိုင်နှုန်းများစွာ ပိုရရှိခဲ့ပေမယ့် ရရှိတဲ့ ချေးငွေတစ်ရပ်လုံးဟာ သူ့ရဲ့ ရင်းနှီးမြှုပ်နှံမှုထဲမှာ မထည့်ဝင်နိုင်ခဲ့ပါဘူး။ အဲဒါကြောင့် နောက်ပိုင်းမှာ ဈေးကွက်က ရရှိတဲ့ အမြတ်ဟာ ချေးငွေရဲ့ အတိုးအတွက်သာ လည်ပတ်သုံးစွဲနိုင်ပြီး ဈေးကွက်ဝယ်လိုအား ကျဆင်းတဲ့ စီးပွားကျပ်ကာလတစ်ခုမှာတော့ သူ့လုပ်ငန်းဟာ ပြိုလဲသွားခဲ့ရပါတယ်။ အဲဒါကြောင့် ဘဏ်ချေးငွေ ရရှိတာကို ထီပေါက်သလို သဘောမထားမိဖို့ လိုပါတယ်။ မိမိဆက်သွယ် ဆောင်ရွက်မယ့် ဘဏ်ရဲ့ စည်းမျဉ်းစည်းကမ်းနဲ့ ဂုဏ်သိက္ခာဟာ မိမိလုပ်ငန်းအတွက် ထည့်သွင်းစဉ်းစားရမယ့် အချက်ပါပဲ။ အသုံးချတတ်ရင်တော့ ဘဏ်ဟာ စီးပွားရေးလုပ်ငန်းတွေကို ဖွံ့ဖြိုးနိုင်မှာ အမှန်ပါပဲ။

အောင်ပိုင်စိုး

2 comments:

ဗဟုသုတ အရမ်းရပါတယ်။

စာလာဖတ်သွားတယ်... ဗဟုသုတတွေပိုက်ပြီးပြန်တော့မယ်...အဟောင်းတွေတော့နောက်မှလာဖတ်မယ်...