မူးရင်
မမောင်းနဲ့။ ဒီစကားလေးက ရိုးရိုးရှင်းရှင်းလေးပါ။ အမိန့်ပေး စည်းကမ်းပါ။ ဘယ်လိုအကြောင်းပြချက်နဲ့
မှချိုးဖောက်ပိုင်ခွင့်မရှိပါဘူး ..။ ဒီအကြောင်းလေးကို ရေးဖို့ အကြောင်းရင်း ဖန်လာတာ
ပြီးခဲ့တဲ့ အမျိုးသားနေ့ကပါ။ အမျိုးသားနေ့ ဆိုတာကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ လွတ်လပ်ရေး
လမ်ကြောင်းအတွက် အရေးကြီး ၁၉၂၀ မှာ တက္ကသိုလ်ကျောင်းသား သပိတ်မှောက်ကြတဲ့ တန်ဆောင်မုန်း
လပြည့်ကျော် ၁၀ရက်နေ့ကို အမျိုးသားနေ့ အဖြစ်သတ်မှတ် ခဲ့ကြတာပါ။ တနိုင်ငံလုံး ရှိကျောင်းသားတွေ
သပိတ်မှောက်ပြီး အမျိုးသားကျောင်းတွေ အမျိုးသားတက္ကသိုလ်တွေ ပေါ်ထွန်းလာတဲ့အထိ ကိုလိုနီစနစ်ကို
ဆန့်ကျင်တိုက်ခိုက်ကြတဲ့ သပိတ်မှောက်ကျောင်းသား တွေတော့ ဒီနေ့မှာ သက်ရှိထင်ရှားမရှိကြတော့ပါဘူး။
အခုတော့လည်း လူတွေရဲ့ အားလပ်ရက် တစ်ခုလိုပဲ အများစုက မေ့မေ့လျော့လျော့ ဖြတ်သန်းနေကြပါပြီ။
ကျွန်တော်တို့လည်း
ထုံးစံအတိုင်း အမျိုးသားနေ့ကို အောက်မေ့ဖွယ်ထက် ကျွန်တော်တို့မိတ်ဆွေတစ်ယောက်ရဲ့ မင်္ဂလာဆောင်ကို
တက်ရောက်ပေးခဲ့ရပါတယ်။ သူအတွက် နောက်ဆုံး လက်ဖွဲ့ပစ္စည်းတွေနဲ့ အိမ်အရောက်လိုက်ပို့အပြီး
ကျွန်တော်တို့ မဆုံတာကြာပြီဖြစ်တဲ့ မိတ်ဆွေသုံးယောက် ဘီယာဆိုင်တစ်ဆိုင်ဝင်ပြီး စကားစမြည်ပြောကြပါတယ်။
အားလပ်ရက်ဖြစ်တာကြောင့် အေးအေးလူလူ ညနေစောင်းလေးကတည်းက ထိုင်ကြပါတယ်။ ကျွန်တော်တို့ဘေးဝိုင်းမှာ
အသက်ငါးဆယ်အရွယ် လူကြီးနှစ်ယောက် အေဘီစီ စတောက်တွေ သောက်နေကြတယ်။ ကျွန်တော်တို့ မရောက်ခင်ကတည်း
သူတို့သောက်နေကြပုံရပါတယ်။ သူတို့ကိုကြည့်ရတာ ပုံပျက်နေပါပြီ။ လူငယ်တွေမဟုတ်တဲ့ အတွက်
ကျွန်တော်တို့လည်း သိပ်ဘာမှမပက်သက်တဲ့ အတွက် စိတ်ဝင်တစားတော့ မဖြစ်ပါဘူး။ ဒါပေမယ့်
ကျွန်တော်တို့ ထိုင်ပြီးနာရီဝက်လောက်ကြာတော့ သူတို့ဝိုင်းရှင်းတယ်။ လူနှစ်ယောက်တည်းကို
ခွက်နှစ်ဆယ်ကျော်လောက်သောက် ထားတော့ သူတို့သောက်နေတာ တစ်ယောက် ဆယ်ခွက်ကျော်ဖြစ်နေပါပြီ။
ပြဿနာက
အထမှာစတာပါ ..။ သူတို့နှစ်ယောက်လုံး ပုံမှန်ခြေလှမ်းမဟုတ်တော့ပါဘူး။ သူတို့က တက္ကဆီတစ်စီးပေါ်
နှစ်ယောက်လုံးခေါင်းခန်းက တက်လိုက်ပါတယ်။ အဲဒီတော့မှာ တက္ကဆီမောင်းတဲ့သူနဲ့ သူငယ်ချင်း
လာသောက်ကြတာပဲ။ ခက်တာက သူတို့ ပါကင်ထိုးတာ ကျပ်နေပါတယ်။ ကျွန်တော်တို့ကားက သူတို့နောက်မှာ
ပါကင်ထိုးထားပြီး ရှေ့မှာ မက်တူးရွှေငါး တစ်စီးရှိပါတယ်။ ရှေးတိုးနောက်ငင် ပါကင်က ထွက်ရမှာပါ။ အဲဒီလိုထွက်ရင်းနဲ့ ရှေ့က မက်တူးရွှေငါးရဲ့ နောက်ဘန်ပါကို
သွားနမ်းမိပါတော့တယ်။ ကားပိုင်ရှင်မရှိချိန်မို့ ဘယ်သူမှ ဂရုမထားမိပေမယ့် ကျွန်တော်သူငယ်ချင်း
သူကား ခေါင်းလေးကို ဖင်နဲ့ပေါက်မှာဆိုးလို့ ထသွားပြီး ဦးလေးပါကင်ထွက် ပေးရမလားလို့
ပြောပါတယ်။ မူးနေတဲ့အချိန်လည်းဖြစ်တော့ ညီလေး အစ်ကို့လိုင်စင်သက်တမ်း ဘယ်လောက်ရှိပြီ
ဘာညာနဲ့ ကျွန်တော့် ဘော်ဒါကိုဘုတောပါတယ်။ ကျွန်တော်တို့လည်း ရင်တမမနဲ့ သူဆုတ်တာကိုကြည့်ပြီး
လန့်နေရပါတယ်။ ထပ်ပြီး အထိအခိုက် မရှိပဲ ထွက်သွားတော့မှပဲ သက်ပြင်းချနိုင်ပါတယ်။ ဒါတောင်မှ
သူ့အရှိန်နဲ့ ဇွတ်မောင်းသွားတာကို ကြည့်ပြီး ရင်မောနေရပါသေးတယ်။ ကျွန်တော်က မိတ်ဆွေကို
ခင်ဗျား ပါကင်ထွက်ပေးရမလား ပြောတာကို အဖိုးကြီးက စိတ်ဆိုးသွားပုံရတယ်လို့ ပြောတော့
ကျွန်တော်မိတ်ဆွေကလည်း ဟုတ်လောက်တယ်ဗျာ။ ဒါပေမယ့် အသက်ကကြီးပြီ အခုထိ မလိမ္မာသေးဘူးဆိုတော့
ဒီလူ့ဘ၀က နှမြောစရာလို့ ရေရွတ်နေပါတယ်။
ကျွန်တော်တို့
ငယ်ဘ၀တုန်းကလည်း အဲဒီလိုအဖြစ်အပျက် ဖြစ်ခဲ့ဖူးပါတယ်။ တစ်ညသားပေါ့ ကျွန်တော်တို့ သူငယ်ချင်းတွေ
ကဗျာတွေစာတွေ အချင်းချင်းရေးကြတဲ့ သူငယ်ချင်းတွေ စုပြီးအရက်သောက်ကြပါတယ်။ ကျွန်တော်တို့က
အသောက်သမားတွေကြီးပဲဆိုတော့ ဗေါ့ကာလိုခပ်ပြင်းပြင်း အရက်မျိုးတွေသောက်ကြပါတယ်။ ငွေရေးကြေးတတ်နိုင်တဲ့
သူငယ်ချင်းတစ်ယောက်က အုပ်စုလိုက်အရက်သောက်မယ်ဆိုရင် ဗေါ့ဒကာ အရက် သုံးလုံးလောက် ယူလာကြပါတယ်။
အဲဒီအချိန်တော့က အားလုံး လူပျိုတွေချည်းပဲဆိုပြီး လွတ်လွတ်လပ်လပ် ရုံးပိတ်ရက်တွေမှာ
မိုးအလင်းသောက်တတ်ကြလေ့ ရှိပါတယ်။ အဲဒီ့ညကလည်း သူငယ်ချင်းငါးယောက်လောက် သောက်နေတုန်း
မော်လမြိုင်မှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ဆီ ဖုန်းဆက်ပြီးလှမ်းစပါတယ်။ ငါတို့တော့သောက်နေပြီး
မင်းအစားပိုသောက်လိုက်ပြီ ဘာညာနောက်ကြရင်းနဲ့။ တစ်ယောက်က အခု ငါတို့မင်းဆီကားနဲ့ ထွက်လာပြီ
ဘာညာ စကားသွားစတယ် ။ ဟိုဘက်ကလူကလည်း နောက်တယ်ဆိုတာ သိတော့ မင်းတို့အခုချက်ချင်း လာရင်
ငါ ဒကာခံမယ် ဘာညာ ပြန်စပါတယ်။ အဲဒီက စလိုက်တာ အခုသွားမယ် ဘယ်သူသွားမယ် မလိုက်ရဲ့တဲ့ကောင်
သတ္တိမရှိလို့ဆိုပြီး တစ်ယောက်တစ်လှည့် စကြနောက်ကြရာက ကားပါတဲ့သူငယ်ချင်းကလည်း ညနေကမှ
ဆီအပြည့်ထည့်ထားတယ် ဆိုပြီးတော့ … ကျွန်တော်တို့ရဲ့ ရန်ကုန်မော်လမြိုင်ခရီးစဉ်ကို တာမွေအ၀ိုင်းထိပ်ကနေ
ည ၁၀နာရီခွဲကနေ စတင်ပါတော့တယ်။ မူးကလည်း မူးနေတော့ သူငယ်ချင်းတွေ စလိုက်နောက်လိုက်
သီးချင်းတွေအကျယ်ကြီးဖွင့်လိုက်နဲ့ ကားကို အမြန်မောင်းလိုက်နဲ့ပေါ့။ ရန်ကုန်မြို့ပြင်ရောက်ပြီး
လမ်းခရီးမှာ နှစ်ဆိုင်လောက် ဘီယာဝင်သောက်နေပါသေးတယ်။

မူးရင်မမောင်းနဲ့
လို့ တားမြစ်ထားတဲ့ အမိန့်ရှိပေမယ့်၊ ကျွန်တော်တို့ နိုင်ငံမှာ အဲဒါကိုဖမ်းဆီစစ်ဆေး
တဲ့အလေ့အထ မရှိပါဘူး။ အရက်မူးတိုင်းကရိယာနဲ့ စစ်ဆေးပြီး ဖမ်းဆီးတာ အပြစ်ပေးတာ ဒဏ်ရိုက်တာ
မရှိသလောက်ပါပဲ။ နောက်တစ်ခု အရက်လိုပဲ အန္တာရယ်ကြီးတာ မူးယစ်ဆေးဝါးပါ အရက်လို ပုံစံမပျက်သလို
အနံ့လည်း မထွက် တိုင်းတာဖို့လည်း ခက်တာပါ။ ချမ်းသာအ၀န်းအ၀ိုင်းကြားမှာ အဲဒီပြဿနာတွေရှိနိုင်ပါတယ်။
အဓိကက လူငယ်တွေမှာ အဖြစ်များနိုင်ပါတယ်။ မူးယစ်ဆေးဝါးကလည်း ဆေးဝါးပုံစံမျိုးစုံနဲ့
အသွင်မျိုးစုံပြောင်းပြီး ရောက်ရှိလာတတ်ပါတယ်။ ကျွန်တော်တို့ အခုခေတ်မှာတော့ စစ်ပွဲကြောင့်
သေတာထက် ယာဉ်မဆင်မခြင် မောင်းနှင်မှုတွေကြောင့် သေဆုံးရတာ ပိုများလာခဲ့ပါပြီ။ တလောကပဲ
သတင်းထောက် လူငယ်တစ်ယောက် ဆုံးသွားတာကို နှမြောစိတ်နဲ့ ခံစားရပါတယ်။ လူငယ်တွေ အရွယ်မတိုင်ခင်
ယာဉ်မဆင်မခြင်မှုကနေ အသက်ဆုံးရတာ တိုင်းပြည်အတွက်လည်း နစ်နာပါတယ်။ အဲဒါကြောင့် မူးရင်
လုံးဝ လုံးဝ ယာဉ်မမောင်းရ တင်းတင်းကျပ်ကျပ် တားမြစ်စေချင်ပါတယ်။
အောင်ပိုင်စိုး