လာမယ့် ရက်ပိုင်းအတွင်းမှာပဲ ကျွန်တော်တို့ အားလုံး နှစ်သစ်တစ်ခုကို ကူးပြောင်းရောက်ရှိတော့မှာ ဖြစ်ပါတယ်။ High Speed စာဖတ်ပရိတ်သတ်တွေလည်း လာမယ့်နှစ်မှာ ပျော်ရွှင်အောင်မြင်မှုအသစ်တွေ ရှရှိပါစေလို့ ကျွန်တော်တို့ ၀ိုင်းတော်သားတွေက ဆုတောင်းပေးလိုက်ပါတယ်။ ၂၀၁၃ ကတော့ ကျွန်တော်တို့ နိုင်ငံရဲ့ လှုပ်လှုပ်ခတ်ခတ် နှစ်တစ်နှစ် ဖြစ်ခဲ့ပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ ရလဒ်အရ ဒီမိုကရေစီ အစိုးရရဲ့ သုံးနှစ်သက်တမ်း အခြေအနေကိုဆိုက်ရောက် လာခဲ့ပါတယ်။ အစိုးရသစ်အနေနဲ့ နိုင်ငံတကာ စာမျက်နှာသစ်၊ ယခင်နှစ်ပေါင်းများစွာ အတိုက်အခံဟောင်းတွေနဲ့ စာမျက်နှာသစ်၊ တိုင်းရင်းသားအဖွဲ့တွေအနေနဲ့ စာမျက်နှာသစ်တွေ တိုးချဲ့ဖွင့်လှစ်လာခဲ့ရပြီး ဖြေလျော့မှုတွေ အလျော့အတင်းတွေနဲ့ တတ်နိုင်သမျှစကားဝိုင်းနဲ့ပဲ ဖြေရှင်းလာပြီး။ တဇွတ်တိုးအခုအခံနဲ့ ဘူးခံငြင်းတဲ့အကျင့်တွေတော့ အနည်းငယ်ပြောင်းလဲခဲ့ပါတယ်။
           
 ဒါပေမယ့် လည်းယခင်အစိုးရလက်ထက်က စီမံခန့်ခွဲမှု အလွဲအမှားနဲ့၊ ရင်းနှီးမြုပ်နှံမှုတွေနဲ့ ပါက်သက်တဲ့ ကိစ္စတွေကတော့ ဒီနေ့မှာ ပြဿနာဟောင်းတွေ အဖြစ်ပြန်လည်ပေါ်ထွက်လာခဲ့ပါတယ်။ မြစ်ဆုံရေအားလျှပ်စစ် ရင်းနှီးမြုပ်နှံမှု၊ လက်ပံတောင်းတောင် သတ္တုတူးဖော်ရေးနဲ့ အခြားသတ္တုတူးဖော်ရေးဆိုင်ရာ ရင်းနှီးမြုပ်နှံမှုတွေ၊ နောက်ထပ် ရေနက်ဆိပ်ကမ်း စီမံကိန်းများ၊ စက်မှုဇုံစီမံကိန်းများတွေက ဒေသခံပြည်သူတွေ၊ တစ်နိုင်ငံလုံးဆိုင်ရာ ပြည်သူတွေနဲ့ သဘော ဆန္ဒတွေနဲ့ ကင်းကွာနေခဲ့တဲ့အတွက် ကန့်ကွက်ဆန္ဒပြတာတွေ သပိတ်မှောက်တာတွေရင်ဆိုင်ခဲ့ ရပါတယ်။ မစတင်ရသေးတဲ စီမံကိန်းတွေအတွက် ကွင်းဆင်းစစ်ဆေးပြီး ရပ်တန့်ထားခဲ့နိုင်ပေမယ့်၊ စတင်ပြီးသား စာအချုပ်တွေအသက် ၀င်နေပြီးဖြစ်တဲ့ စီမံကိန်းတွေကြတော့ ပါဝင်ဆောင်ရွက်တဲ့ ကုမဏီများရဲ့အကျိုးစီးပွားအရ ရပ်တန့်ဖို့ မဖြစ်နိုင်တဲ့အတွက် သဘောထားတင်းမာမှုတွေ ထိပ်တိုက်ရင်ဆိုင်တွေတာတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် ထိခိုက်နစ်နာစေတာမျိုးတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
           
 သဘောထားတင်းမာမှုတွေနဲ့ အငြင်းပွားဖွယ်ရာများကြား အစိုးရသစ်ဟာ ကမ္ဘာစီးပွားရေးဖိုရမ်ကို အစိုးရရုံးစိုက်ရာ နေပြည်တော်မှာ ၂၀၁၃ ခုနှစ်အတွင်း အောင်အောင်မြင်ခြင် ခမ်းခမ်းနားနား ကျင်းပနိုင်ခဲ့ပါတယ်။ အစိုးရအနေနဲ့ နိုင်ငံခြားရင်းနှီးမြုပ်နှံမှုတွေ လျင်လျင်မြန်မြန် ၀င်ရောက်လာမယ့်လို့ ခန့်မှန်းခဲ့ပေမယ့်၊ တကယ်တမ်းကျတော့ ရင်းနှီးမြုပ်နှံမှုက အရှေ့အာရှကလွဲပြီး ဥရောပနဲ့ အမေရိကက စိတ်ဝင်စားမှုသိပ်မပြခဲ့ပါဘူး။ ငွေရေးကြေးရေးဆိုင်ရာ ပေါ်လစီတွေ လျင်လျင်မြန်မြန်ပြောင်းလဲဖို့၊ ဘဏ်လုပ်ငန်းဆိုင်ရာ အာမခံချက်တွေ ပိုမိုခိုင်မာလာဖို့၊ အလုပ်သမားရေးရာ ၀န်ထမ်းရေးရာ လူ့အခွင့်အရေး ချိုးဖောက်မှုရှိနေဆဲဖြစ်တဲ့ အခြေအနေ ဖြစ်တဲ့အတွက် နိုင်ငံတကာ ကော်ပိုရိတ်တွေက မြန်မာနိုင်ငံမှာ ရင်းနှီးမြုပ်နှံဖို့ လက်တွန့်နေခဲ့ပါတယ်။ ဒါပေမယ့် အစိုးရအနေနဲ့ ရေရှည်လက်တွဲဖော် ရင်းနှီးမြုပ်နှံသူ တရုတ် နှင့် ထိုင်း၊ ဂျပန်နိုင်ငံ၊ ဗီယက်နမ်နိုင်ငံ၊ တောင်ကိုရီးယားက စွန့်စားရင်းနှီးမြုပ်နှံသူတွေ ရရှိနေဆဲဖြစ်ပါတယ်။
            
 စွန့်စားလုပ်ဆောင်ခဲ့တဲ့ ပြုပြင်ပြောင်းလဲမှု အချို့ကြောင့် အစိုးရအတွက် ဒေသတွင်းနိုင်ငံများကြားမှာ မြန်မာ အစိုးရရဲ့ သြဇာပိုမိုသက်ရောက်လာခဲ့ပါတယ်။ အာဆီယံနိုင်ငံများ ဥက္ကဠရာထူးကို ၂၀၁၃ ခုနှစ်မှာ လက်ခံရရှိခဲ့ပြီး အာဆီယံနိုင်ငံများရဲ့ ဆီးဂိမ်းကိုလည်း နေပြည်တော်ကို အခြေပြုပြီး ကျင်းပနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဒေသတွင်း နိုင်ငံများကြားမှာ လမ်းပန်းဆက်သွယ်ရေး၊ အခြေခံအဆောက်အဦးနဲ့ စီးပွားရေးအနိမ့်ကျဆုံး ဖြစ်နေတဲ့နိုင်ငံအတွက်တော့ နိုင်ငံသားအများစုဟာ အစိုးရရဲ့ဒေသတွင်းဆိုင်ရာ အကျိုးအမြတ်ဟာ ပြည်သူတွေအတွက်တော့ ရေမြင့်ကြာမြင့်ဖြစ်မလာခဲ့ ပါ။
            
 ၂၀၁၃ နှစ်အတွင်း အရေးအကြီးဆုံး လှုပ်ခတ်မှုကတော့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေးပါ။ အန်အယ်ဒီပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီးဖွဲ့စည်းပုံ အခြေခံဥပဒေပြင်ဆင်ရေးကို လူထုဆန္ဒခံယူပွဲတွေ၊ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆွေးနွေးပွဲတွေနဲ့ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်လာခဲ့ပါတယ်။ အစိုးရအနေနဲ့လည်း ဖွဲ့စည်းပုံအခြေခံဥပဒေ လေ့လာရေး ကော်မတီတစ်ရပ်ကို လွှတ်တော်ထဲမှာဖွဲ့စည်းထားခဲပြီး ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ရေး၊ မပြင်ဆင်ရေးဟာ အားပြိုင်လွန်ဆွဲပွဲ တစ်ရပ်ဖြစ်နေခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန် သြဇာလွှမ်းမိုးမှုရှိနေတဲ့ ကြီးသုံးကြီးတွေ့ဆုံဖို့  အန်အယ်ဒီပါတီကနေ ကမ်းလှမ်းခဲ့ပေမယ့် ပယ်ချခံခဲ့ရပြီး အစိုးရရဲ့ မီးစတစ်ဖက် ရေမှုတ်တစ်ဖက်ရှိတဲ့ အပြောင်းအလဲအပေါ် သံသရဖြစ်စရာတွေ ပွားများလာခဲ့ပါတယ်။
            
 ဒီကြားထဲကမှ တက်ကြွလှုပ်ရှားသူများအပေါ် ဆန္ဒပြသူတွေ သပိတ်မှောက်သမားတွေအပေါ် ပုဒ်မ ၁၈နဲ့ အရေးအယူမှုတွေ ငြိမ်းစုစီဥပဒေအရ ပေါ်ထွက်လာခဲ့ပြီး ယခင်အစိုးရလက်ထက်က မြေသိမ်းယာသိမ်းအမှုတွေအပေါ် တရားမျှတမှု ပြန်လည်တောင်းဆိုဖို့ခက်ခဲ ခဲ့ပါတယ်။ တစ်ဖက်ကလည်း လွတ်ငြိမ်းချမ်းသာခွင့်တွေ အကြိမ်ကြိမ်ပေးပြီး ထောင်မှ အခုလွတ်လာတဲ့ တက်ကြွလှုပ်ရှားသူတွေ နောက်ထပ်အမှုတွေနဲ့ ထပ်မံတရားစွဲဆိုတာမျိုးတွေလည်း ပေါ်ထွက်နေပါတယ်။ ဖွဲ့စည်းပုံကို ပြင်ဆင်လို့မရခင်၊ ပြည်သူလူထုကို ဒီမိုကရေစီအခွင့်အရေးတွေ အပြည့်အ၀ကာကွယ်ပေး တဲ့ ဥပဒေတွေမပေါ်ထွက်ခင် ပြည်သူလူထုအပေါ် ဖိနှိပ်နိုင်မယ့် ဥပဒေတွေတော့ ပေါ်ထွက်လာခဲ့ပါတယ်။ အစိုးရဟာ စီးပွားရေးတိုးတက်မှု အနည်းငယ်ရှိခဲ့ပေမယ့်၊ နိုင်ငံတကာ ဖွံ့ဖြိုးရေးချေးငွေတွေ အများအပြားရခဲ့ပေမယ့်၊ အနိမ့်ဆုံးလုပ်ခလစာ သတ်မှတ်ရေးဥပဒေကို ပြဠန်းဖို့အတွက်တော့ တွန့်ဆုတ်နှောင့်နှေးနေတာ ကိုတွေ့ရပါတယ်။ အလုပ်သမား သပိတ်တွေ ဆန္ဒပြမှုတွေ ဆက်တိုက်ထွက်ပေါ်ခဲ့ပေမယ့် ထိထိရောက်ရောက်ဖြေရှင်း ကိုင်တွယ်နိုင်တာမျိုးတော့ မတွေ့ရဘူးဖြစ်နေပါတယ်။
            
 ၂၀၁၃ နောက်ဆုံးနေ့တွေမှာတော့ အစိုးရဟာ ပြည်သူအားလုံးရဲ့ အာရုံစိုက်ခံမှုကို ရရှိဖို့ ဆီးဂိမ်းပြိုင်ပွဲကို ကျင်းပခဲ့ပေမယ့်၊ ဘောလုံးအသင်းရဲ့ ရှုံးပွဲကြောင့် မျက်နှာပျက်ခဲ့ရပြီး ဆီးဂိမ်းအတွက် တရုတ်ဆီက အကူအညီအများအပြား ယူခဲ့ခြင်းအပေါ်တော့ ပြည်သူအများစုက ငြိုငြင်နေခဲ့ပါတယ်။ ဆီးဂိမ်းပြိုင်ပွဲအပြီး မြစ်ဆုံစီမံကိန်း သတင်းတွေ ပြန်လည်ကြားလာရမှုအပေါ် အများပြည်သူအတွက် စိတ်ပျက်စရာဖြစ်နေခဲ့ပါတယ်။ ၂၀၁၃ ခုနှစ်နောက်ဆုံး အချိန်များမှာတော့ ဒီမိုကရေစီအစိုးရသစ် လက်ထက်မှာ ပထမဆုံးအကြိမ်အဖြစ် Eleven Media ရဲ့ နယ်သတင်းထောက် မခိုင်လေးအပေါ် ပုံမှန်အားဖြင့် ငွေဒဏ်အားဖြင့်သာ ချမှတ်သော ပြစ်မှုများနဲ့ စွပ်စွဲခံရပြီး ထောင်ဒဏ် သုံးလချခဲ့မှု အပေါ်တော့ သတင်းသမားတွေနဲ့ သတင်းလွတ်လပ်ခွင့်ကို လိုလားသူတွေက အစိုးရသစ်နဲ့ တရားရေးမဏ္ဍိုင်က သတင်းလောကတစ်ခုလုံးကို ခြိမ်းခြောက်မှု အဖြစ်ရှုမြင်ခဲ့ပါတယ်။
            အဲဒီလိုနဲ့ပဲ ၂၀၁၃ ခုနှစ်ဟာ မကြာခင်ရက်ပိုင်းမှာ ကျွန်တော်တို့အတွက်ကော အားလုံးအတွက်ပါ ကုန်ဆုံးသွားတော့ မှာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံနဲ့ အစိုးရ ပြည်သူများအကြား လွတ်လပ်မျှတတဲ့ ဗြဟ္မာဇိုလ်တရားတွေ ထွန်းကားတိုးတက်လာပါစေလို့ ဆုမွန်ကောင်းတောင်းရင်းနဲ့ပဲ… ။

အောင်ပိုင်စိုး

1 comments:

Hi, I do think this is a great blog. I stumbledupon it ;) I
will revisit once again since I book-marked it.
Money and freedom is the best way to change, may you
be rich and continue to help other people.

my page: http://serweryminecraft24.pl