ပြီးခဲ့တဲ့ အပါတ် သောကြာနေ့က ကျွန်တော့် သူငယ်ချင်းတစ်ယောက်နဲ့အတူ ကျွန်တော် မော်တင်ဝါတန်း လမ်းထိပ်က လက်ဖက်ရည်ဆိုင်ထိုင်ကြတယ်။ သူငယ်ချင်းက သူ ဆီးဂိမ်းဖွင့်ပွဲ တကူးတက သွားကြည့်တာ အဆင်မပြေတဲ့ အကြောင်းပြောပြနေတာ။ ၀င်ခွင့်လက်မှတ် ၀ယ်ယူဖို့ ခက်ခဲတာ။ ပွဲအတွင်းကားပါတ်စ်မပါလို့ ကားကို အဝေးကြီးမှာထားခဲ့ရတာ။ ဖွင့်ပွဲလာကြည့်တဲ့ လူအတော်များများလည်း ၀င်ခွင့်လက်မှတ် ကိစ္စကိုဘယ်အဖွဲ့ ကတာဝန်ယူမှန်း မသိတာမျိုး။ လမ်းညွှန်ဆိုင်းဘုတ်တွေ မြေပုံတွေ မရှိတာ။ တော်တော်များများ အဆင်မပြေတာကို ပြောပြပါတယ်။ စားသောက်ဆိုင်တွေ အလုံအလောက်မရှိတာ သယ်ယူပို့ဆောင်စနစ် ညံ့ဖျင်းတာတွေ အာဆီယံမိသားစုအ၀န်း အ၀ိုင်းကသိပ်လာမကြည့်တာကို သူငယ်ချင်းက ဖောက်သည်ချပါတယ်။ စီမံခန့်ခွဲမှု ညံ့ဖျင်းပေမယ့်လည်း ကွင်းထဲဖွင့်ပွဲ အခမ်းအနားက တရုတ်ပြည်က နည်းပညာအကူအညီ ခရိုနီတွေ တစ်ဝန်းတစ်ဝိုင်းနဲ့မို့ စည်စည်ကားကားတော့ ဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ကိုယ့်နိုင်ငံသား ဆင်းရဲသားတွေသာ မစားရ၀ခမန်း ပျားရည်နဲ့ ၀မ်းချတဲ့ ဒီလိုပွဲမျိုးဟာ တိုင်းပြည်အတွက် ဘာအကျိုးမှ မဖြစ်ထွန်းဘူး ဆိုတာ ကျွန်တော်က သဘောပေါက်ထားပါတယ်။ တိုင်းပြည်မှာ ရှိတဲ့ ပြည်သူလူထုက စီးပွားရေးလေးတက်အောင် ၀င်ငွေလေးတိုးအောင် ဘာစွမ်းဆောင်ရည်မှ မရှိသေးတဲ့ အစိုးရတစ်ရပ် … အနိမ့်ဆုံး လုပ်ခလစာငွေလေးတွေတောင် နှာစေးနေတတ်တဲ့ အစိုးရရဲ့ ဆီးဂိမ်းကို ခမ်းခမ်းနားနားကျင်းပ ငွေဖြုန်းတာကို ကျွန်တော့်အနေနဲ့ သဘောမတူလှပါဘူး။ ဒါပေမယ့် ပြောချင်တာက ဆီးဂိမ်းအကြောင်းတော့ မဟုတ်သေးပါဘူး ။  
             

အဲဒီလို ကျွန်တော်တို့ အစိုးရမကောင်းကြောင်း ကိုယ်ကောင်းကြောင်းတွေ စကားကောင်းနေတုန်း ကျွန်တော်တို့ လက်ဘက်ရည်ဆိုင် ထိုင်နေတဲ့ အနော်ရထာလမ်းပေါ်ကနေ ယာဉ်ထိန်းရဲတွေ၊ အရံမီးသတ်အနည်းငယ်နဲ့ ယာဉ်စည်းကမ်းတာ ၀န်လက်ပါတ်နဲ့ လူတစ်ချို့ ဖြတ်သန်းသွားပါတယ်။ ကျွန်တော်တို့လည်း လက်ဖက်ရည်သောက်နေရာကနေ လှမ်းကြည့် မိတယ် ယာဉ်တိုက်မှုဖြစ်တာလား ဘာလားပေါ့။ ဒါပေမယ့် နောက်ကနေ ကရိန်းယာဉ်နဲ့ မော်တော်ကားတင်တဲ့ ယာဉ်ပါတွေ့တော့မှ စည်းကမ်းမဲ့ယာဉ်တွေ လိုက်လံထိန်းသိမ်းဖို့ လာတာဆိုတာ သဘောပေါက်လိုက်ပါတယ်။ ဒီအထိကတော့ ပုံမှန်ပါပဲ။ အဲဒီလိုသွားနေတုန်း မှာပဲ လူတစ်ယောက်က မလှမ်းမကမ်းမှာ ယာဉ်စည်းကမ်းထိန်းသိမ်းရေ အဖွဲ့တွေကိုမြင်နေရဲ့သားနဲ့ လမ်းပေါ်မှာ သူယာဉ်ကို အလျားလိုက် ပါကင်မထိုးပဲ ရပ်လိုက်ပါတယ်။ ကျွန်တော်တို့ မြန်မာလူမျိုးတွေရဲ့ တလွဲစေတနာက သိတဲ့အတိုင်း အဲဒီလို သတိလှမ်းပေးကြပါတယ်။ ရှေ့မှာလိုက်ဖမ်းတဲ့ အဖွဲ့ရှိတယ် ကားကိုပါကင်ထိုးလိုက်ပါလို့ ..။ မနက်စောစောဖြစ်တဲ့အတွက် ကားပါကင်လည်း သိပ်မကျပ်ပါဘူး တစ်ဖက်လမ်းမှာဆို ပါကင်ထိုးဖို့ နေရာခပ်ကျယ်ကျယ် ရှိနေပါတယ်။ ကျွန်တော်တို့ ဇဝေဇ၀ါနဲ့ ဒီလူရဲလှချည်လားလို့။ ကားစည်းကမ်းတကျ မရပ်ရင် ဒဏ်ငွေတစ်သိန်းနဲ့ ထောင်ဒဏ်အပြစ်ပေးမယ်လို့တောင် အစိုးရကကြေငြာထားတာ။ သူပြန်ပြောတဲ့ စကားကြားရတော့မှ ပိုစိတ်ညစ်ညူးရပါတော့တယ်…။ ဒါတစ်လမ်းမောင်းကြီးဗျ ဒီလူတွေနောက်ပြန်လှည့်လာလို့ မရဘူး..။ သူကိုယ်သူ ပညာရှိလေသံနဲ့ အမြင်ကတ်လောက်အောင် ကြားရပါတယ်။
            ကျွန်တော်တို့ အရင်ခေတ်တို့က ဆိုင်းဘုတ်အနီကြီးတွေ လမ်းဆုံလမ်းခွတွေမှာ တွေ့ရတတ်ပါတယ်။ စည်းကမ်းရှိမှ တိုးတက်မည်။ ဆိုတဲ့ စာသားမျိုးတွေပါ။ အဲဒီခေတ်တုန်းကလည်း စည်းကမ်းက ဆိုင်းဘုတ်ပေါ်မှာပဲရှိတာပါ။ အခုကော ဒီမိုကရေစီ သို့သွားရာလမ်းမှာ စည်းကမ်း၊ ဥပဒေတွေကို စာအုပ်ထဲမှာပဲ ထားမယ်ဆိုရင် ကျွန်တော်တို့ လိုချင်တဲ့ ဥပဒေတွေ စည်းကမ်းတွေ ရှိလာမှာမဟုတ်ပဲ.. ကျွန်တော်တို့ ရဲ့အခွင့်အရေးတွေလည်း ချိုးဖောက်ခံနေရမှာပါပဲ။ လူတစ်ယောက်က စည်းကမ်းဖောက်ဖျက်တယ် ဆိုတာ တခြားသူတွေအပေါ်ကို အခွင့်အရေးယူတာပါ ဒါမှမဟုတ် တခြားသူတွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်တားဆီတာပါ။ အဲဒါအမူအကျင့်ကို လူအုပ်စုတစ်စုက လူအများစုကြီးပေါ် ကျင့်သုံးတာက လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်သွားပြီးတော့၊ ရက်စက်ပြီးအကျည်းတန်တဲ့ ပြစ်မှုတွေဖြစ်သွား တတ်ပါတယ်။ ဖွံ့ဖြိုးပြီး နိုင်ငံတွေအားလုံး ဒီမိုကရေစီနိုင်ငံအားလုံး နီးပါးမှာအခွင့်အထူးခံ ဆိုတဲ့လူတန်းစားမရှိဘူး ဆိုတာကိုတွေ့မြင်ရပါတယ်။ အဲဒီအခြေခံအမြင်ကို လက်ခံတတ်ရင် ငါတို့ကလည်တယ်၊ ငါတို့လိုက်ရှင်းနိုင်တယ်၊ ငွေရှိတယ်၊ လူကြီးရှိတယ်၊ အဘနဲ့သိတယ် ဆိုတဲ့အထာမျိုးတွေ ကျွန်တော်တို့ မတွေ့ချင်မမြင်ချင်တော့ပါဘူး။ သမ္မတကနေ လမ်းဘေးတောင်းစားတဲ့ လူအထိ နိုင်ငံသားဖြစ်မှုက အတူတူပါ။ နိုင်ငံအပေါ် အကျိုးပြုမှုပေါ်အလိုက် သူ့ရဲ့ ထည်ဝါမှု သူ့ရပိုင်ခွင့် သူ့ဂုဏ်သရေကွာခြားသွားမှာပါ။


            တလောကတင် ညဘက် အရှိန်ပြင်းစွာ လမ်းပြောင်းပြန်မောင်းနှင်တဲ့ ယာဉ်တစ်စီးကြောင့် မျက်နှာချင်းဆိုင်က လာတဲ့ ယာဉ်ရဲ့ ယာဉ်မောင်းနဲ့ ဘေးနားထိုင်လိုက်တဲ့သူကော လမ်းပြောင်းပြန်ယာဉ်မောင်းကော သေဆုံးသွားတဲ့ ယာဉ်တိုက်မှုတစ်ခု ရန်ကုန်မြို့လယ်မှာ ဖြစ်သွားတယ်လို့ ကြားလိုက်ရပါတယ်။ စိတ်မသက်သာစရာပါ..။ လမ်းစည်းကမ်း ယာဉ်စည်းကမ်း ဖောက်ဖျက်လိုက်ရင် အဲဒါဟာ မိုက်ရူးရဲဆန်တဲ့ အရူးထမှုတစ်ခုသက်သက်သာ ဖြစ်ပြီး။ အဲဒီအတွက် တခြားအပြစ်မဲ့သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်တွေပါ လိုက်လံထိခိုက်ဆုံးရှုံးစေပါတယ်။ အဲဒီအပြုအမူမျိုးတွေကို ကျွန်တော်တို့ မကြာခဏကြားနေရတာ တော်လောက်ပြီလို့ထင်ပါတယ်။ ကျွန်တော် ဟိုတစ်ပါတ်က ရေးခဲ့သလို ကမ္ဘာပေါ်မှာ တစ်နေ့တစ်နေ့ ယာဉ်တိုက်မှုကြောင့် လူ ၂၇၀၀ကျော်လောက် သေတယ်ဆိုရင် စစ်ပွဲတွေကြောင့် သေတာနဲ့ ထပ်တူထပ်မျှ ဒါမှမဟုတ် ယာဉ်တိုက်မှုကြောင့် သေဆုံးရတဲ့လူတွေက ပိုတောင်များနေမှာမလားပဲ။ စိတ်ဝင်စားစရာ ကောင်းတာက အဲဒီသေဆုံးတဲ့ ယာဉ်မတော်တဆမှုတွေက ဆင်းရဲတဲ့ မဖွံ့ဖြိုးသေးတဲ့ နိုင်ငံတွေမှာ အများဆုံးဖြစ်တာမို့ပါ။ 


            အဓိကယာဉ်ပိုင်း လမ်းပိုင်းအခက်အခဲ ရှိတယ်ဆိုရင်တောင် ကျွန်တော်တို့ … စည်းကမ်းပိုင်းကို အရေးအကြီး ဆုံး လိုက်နာသင့်တယ်လို့ထင်ပါတယ်။ ကျွန်တော် သူငယ်ချင်း ကိုနေဘုန်းလတ် ပြောဖူးတာ သတိရတယ်။ သူထောင်က လွတ်လာတော့ နယ်မြို့တွေနဲ့ နိုင်ငံအနှံ့ တော်တော်များများမှာ သူ ပညာရေးသင်တန်းတွေ ဟောပြောပွဲတွေ တော်တော် များများ လိုက်ပြောရတယ်။ နယ်တွေနဲ့ နေရာအတော်များများမှာ ပြည်သူလူထုကို ဥပဒေတွေ စည်းကမ်းတွေ လိုက်နာဖို့ လိုတယ်လို့ ပြောရရင် ငါ့ကို အစိုးရဘက်လိုက်သွားတာ လာလို့ထင်ကြတယ်လို့ ပြောကြတယ်။ ဘာကြောင့်လည်း ဆိုတော့ အရင်အစိုးရ အဆက်ဆက်ဟာ ဥပဒေတို့ စည်းကမ်းတို့ဆိုတာကို ပြည်သူတွေကို ဖိနှိပ်ဖို့ နှိပ်ကွတ်ဖို့အသုံးပြုခဲ့တာ ကြောင့်ပါပဲ။ အဲဒါကြောင့် ပြည်သူလူထုအများစုက ဥပဒေတို့ စည်းကမ်းတို့ မလိုက်နာတဲ့အပြင် တခြားနည်းလမ်းဖြစ်တဲ့ လာဘ်ပေးမှုတို့ အာဏာရှိသူကို ပံ့ပိုးတာတို့ ထောက်ပံ့ကြတဲ့နည်းလမ်းမျိုးတွေနဲ့ ဖြေရှင်းကြပါတယ်။ အဲဒီအကျင့်ဆိုးတွေက ကျွန်တော်တို့ကို အခုထက်ထိလွှမ်းမိုးနေဆဲပါ အဲဒီလိုဖြစ်တာတွေကို ကျွန်တော်တို့က စည်းကမ်း၊ ဥပဒေတွေကို ထိန်းသိမ်းဖို့ တန်ဖိုးထားဖို့ နည်းလမ်းတွေက အရေးယူမှုအပြစ်ပေးမှု၊ ပြစ်ဒဏ်တွေတိုးမြှင့်မှုတွေနဲ့ တင်ဖြေရှင်းလိုမရပါဘူး၊ အသိပညာပေးမှု၊ ပြဠန်းဥပဒေတွေ ရိုးဖြောင့်ဖို့၊ တရားဥပဒေဟာ မျှတတယ်ဆိုတာ လူထုလူတန်းစားအားလုံး သိမြင်နားလည်နိုင်ဖို့ စံနမူနာပြဖြစ်မှုတွေရှိပါတယ်။ အရင်ခေတ်ကလို ဖမ်းချင်တဲ့လူကို ဖမ်းချင်တဲ့အခါ ဥပဒေအထက်မှာ ဘယ်သူမှတက်မနေရဘူးဆိုတဲ့ စကားကိုသုံးခဲ့ဖူးပါတယ်။ အဲဒီတုန်းက ကျွန်တော်သူငယ်ချင်း တစ်ယောက်ကနောက်ပါတယ် ဥပဒေအထက်မှာ ဘယ်သူမှတက်မနေရတဲ့ ဥပဒအောက်မှာလည်း ဘယ်သူမှမရှိပါဘူးကွာတဲ့…။ ဥပဒေက သက်သက် လူတွေကသက်သက်ပါတဲ့။ အဲဒီလို နေ့တွေပြန်မရောက်ဖို့ လူတိုင်း ကိုယ်စီကိုယ်ငှ စည်းကမ်းရှိကြဖို့ လိုမယ်ထင်တာပဲ..။

အောင်ပိုင်စိုး
           

0 comments: