ဒီချောင်းကို

ဝင်မိလျှင်၊ မထင်နဲ့

တစ်ခေါက်တည်း…၊

တက်မကုန် သက်မစဲ၊

မောလောက်အောင်ပဲ။


ဆရာဇော်ဂျီရဲ့ ဗေဒါလမ်းကဗျာ(၂၂)ပါ၊


ရှေ့နေ လုပ်သက်ခြောက်နှစ်လောက်ရှိပြီ ဖြစ်ပေမယ့် အမှုတွေလက်မလည်အောင် ဖြစ်နေတာမျိုး မကြုံဖူးသေးဘူး။ ရုံးချိန်းတွေ တိုက်နေတာ၊ စာချုပ်တွေ ခဏခဏချုပ်နေတာ၊ နို့တစ်တွေ အများကြီးထုတ်ပေးနေရတာ မျိုးတွေမရှိသေးပါဘူး။ `ရှေ့နေဆို ပျိုမှတဲ့´ ဘယ်သူပြောသွားတာလဲတော့ မသိဘူး။ အခုတော့ မနက်ရုံးလာ၊ လက်ဖက်ရည်သောက် ဆရာသမားတွေရဲ့ အမှုတွဲတွေ ခဏကြည့်ပေး၊ ရုံးချိန်းတောင်းပေး ပညာရအောင်လို့ အလကားလိုက်ပေးရတဲ့ အမှုတွေနဲ့ တစ်နေ့တစ်နေ့ မုန့်ဖိုး ပဲဖိုးနဲ့ အိမ်ပြန်ရတာ။ ဒါပေမယ့် ဒီလုပ်ငန်းက ပညာ၊ အတွေ့အကြုံ နှစ်ဖြာရင့်ကျက်မှ တန်ဖိုးတက်တာဆိုတော့ ဒီလိုပဲအနစ်နာခံရတာပါပဲ။ စီးပွားရှာဖို့သက်သက်တော့ ဒီလိုလုပ်ငန်းမျိုးကို ရွေးချယ်ဖို့ မသင့်ဘူးထင်ပါတယ်။ မျှတတဲ့ စိတ်ထားနဲ့ ပညာရပ်ကို မြတ်နိုးတော့ မီးသင့်ကျောက်တွေလို အခက်အခဲ ဖိအားနဲ့ပဲ ကိုယ်ရည်ကိုယ်သွေးကို အရောင်တင်ရတာ မို့လား။ ခက်ခဲပေမယ့်လည်း ပျော်ပါတယ်။ ဘယ်မှာမှ ဖြေရှင်းလို့မရတဲ့ အရှုပ်အထွေးတွေကို ကိုယ်ကိုယ်တိုင် ပါဝင်ကူညီ လိုက်ရလို့ ပြုံးပျော်သွားကြတဲ့ လူတွေ၊ သင့်မြတ် သွားကြတဲ့လူတွေ တွေ့နေရတော့ ပီတိဖြစ်ရပါတယ်။ စေတနာသန့်ရင်တော့ ကုသိုလ်လည်းရ ၀မ်းလည်းဝပါ။

`ရှေ့နေဖြစ်ချင်ရင် တိုက်ပုံခေါက်တတ်အောင် အရင်သင်ကွ´ ဆရာသမားတစ်ယောက်က နောက်နောက်ပြောင်

ပြောင် မိန့်ကြားဖူးပါတယ်။ တစ်ရုံးဝင် တစ်ရုံးထွက် အမှုတွေ လက်မလည်အောင် လိုက်နေရတဲ့ ရှေ့နေအဖို့

တိုက်ပုံ တွန့်ကြေနေလို့ ဘယ်ဖြစ်မလဲပေါ့။ အမှန်တကယ်တော့ တရားခြင်း၊ မတရားခြင်းဟာ ဥပဒေအပေါ်မှာ

ဘယ်လောက် အစွန်းထွက် ပြုမှုမလဲဆိုတာ မူတည်ပါတယ် ဥပဒေ ချိန်ခွင်လျှာပေါ်မှာ အစွန်းထွက်တဲ့ဘက်ကို

အရေးယူနိုင်ဖို့၊ မိမိလျှောက်လဲချက်တွေဟာ ဖြောင့်မတ်မှန်ကန်ဖို့ အရေးကြီးပါတယ်။ ဥပေဒေနဲ့ အမှန်တရား

ထပ်တူကျလာပါမှ သင့်မြတ်တဲ့ ဖြတ်ထုံးတွေ ဖြစ်လာမှာပါ။ အဲဒါကြောင့် အမှန်ကိုမြတ်နိုးတဲ့စိတ်က ပိုမိုမွန်မြတ်တယ် လို့ ချိန်ဘာဆရာက သင်ကြားဖူးပါတယ်…။ အခု ကျွန်တော့် ရဲ့သမာအာဇီဝ နေ့လည်စာဟာ လက်ဖက်ရည်တစ်ခွက်သာ ဖြစ်နေပေါ့။ တက်မကုန် သက်မစဲပေမယ့် ကျွန်တော်မမောသေးပါ။


အောင်ပိုင်စိုး

1 comments:

အလုပ်က ရှေ့နေတဲ့လား။
စိတ်ဝင်စားတဲ့ ပညာရပ်ပဲဗျ။ အလုပ်နဲ့အလွမ်းသင့်လို့ ပျော်ရွှင်အဆင်ပြေစေသားဗျာ။

သုခမိန်(E-Journal)