ကားမှတ်တိုင်မှာ ကားစောင့်တာ သုံးမိနစ်ပဲ ရှိသေးတယ် ကတ္တရာလမ်းပေါ်က အပူလှိုင်းက လူတစ်ကိုယ်လုံး ကို လွှမ်းခြုံလိုက်ပြီ။ တစ်ကိုယ်လုံးချွေးစို့လာပြီ။ စီးစရာကားကို လိုက်ရှာတော့ ခေါင်းထဲမှာ အတွေ့အကြုံအရ အသေးစိတ် တွက်ချက်နေသေးတယ်။ ခရီးကလည်း မနီးတော့ အပူချိန်အနည်းဆုံးကားကို ရွေးစီးရမလားပေါ့။

မထသ၊ အဓိပတိ၊ သန်မြန်သူ၊ … အခြား လူလည်းမကျပ် အပူချိန်လည်းမတက်မယ့်ကားမျိုးပေါ့။ စာရေးသူက

အသက်ကြီးတော့ နေပူရင် ခေါင်းနောက်နောက် ဖြစ်ချင်တယ်။ အဓိပတိယာဉ်လိုင်းတွေဆိုရင် အဲယားကွန်းပါတယ်။ ဒါပေမယ့် တချို့ကားတွေက တံခါးဖွင့်မောင်းတယ်။ သတ်မှတ်ပေးထားတဲ့ စည်းကမ်းကို မလိုက်နာဘူး၊ ကိုယ်ကတော့ သတ်မှတ်ထားတဲ့ ယာဉ်စီးခကို အတိအကျပေးတယ်။

ရန်ကုန်မြို့နေလူဦးရေက ရန်ကုန်မြို့လိုင်းကားတွေနဲ့ ဘယ်တော့မှမလောက်ငှတတ်တာ သူသိတယ်။ ထိုင်ခုံအပြည့်သာ တင်တယ်ဆိုရင်တောင် ခရီးသည် တွေကလိုက်ချင်ကြပြန်တယ်။ အဲဒီတော့ တင်ရတာပဲပေါ့။

အဲယားကွန်းက မအေး၊ လူတွေကကျပ်ဆိုတော့လည်း တံခါးဖွင့်မောင်းမှ လေ၀င်လေထွက်လေးရတာ။ ရန်ကုန်လမ်းမတွေပေါ်မှာ အဲယားကွန်းနဲ့ကားတွေ လိုင်းပြေးဆွဲတာ သူအမှတ်မမှားဘူးဆိုရင်တော့ ၁၅ နှစ်လောက်ရှိရော့မယ်ထင်ပါရဲ့။ ပထမဆုံး မြောက်ဥက္ကလာ ဆူးလေကို အဲယားကွန်းတပ်ကားနဲ့ ငွေနှစ်ဆယ်ကျပ်ပေးပြီး သူစီးဖူးတာ။ သိပ်မကြာလိုက်ဘူး။ အဲယားကွန်းတွေ ပျောက်သွားတယ်။ အခုတော့ပုံသေ

နှစ်ရာကျပ်ခေတ်။ လိုင်းကားတွေ ပိုများလာတယ်။ ကားလိုင်းတွေ ပိုများလာတယ်။ လူတွေလည်း ပိုများလာတာပါပဲ။ ပြီးတော့ အပူချိန်လည်း ပိုများလာတယ်လေ။

`ရန်ကုန်က တစ်နှစ်ထက်တစ်နှစ် ပိုပူလာတယ်´

တဖက်ခြံက အမျိုးသမီးကြီးက မှတ်ချက်ချသံကြားတော့ သူအိမ်ပေါ်တက်မယ့်ခြေထောက်တွေ တုံ့ဆိုင်းသွားတယ်။ ရေခဲမြစ်တွေအကြောင်း ဆောင်းပါးတစ်စောင်ရေးဖို့၊ ကိုးကားစရာ စာအုပ်တက်ယူမလို့ လုပ်နေတုန်း၊ ဒီအချိန်ဆို အိမ်ပေါ်ထပ်မှာရှိတဲ့ အရာအားလုံး ပူခြစ်တောက်နေမှာ သတိရသွားတယ်။

သွပ်မိုးက အသစ်ဆိုတော့ သွပ်ရဲ့ အပူချိန်က အိပ်အပေါ်ထပ်ကို ချွေးထုတ်ခန်းလောက်နီးနီးအပူချိန်ပေးထားတာ

ကိုယ့်အိမ်ကို ကိုရီးယားအထိရွှေ့ထားလိုက်ချင်တယ်။ ချွေးထုတ်ခန်း ဖွင့်စားမလို့လေ။ ကိုယ့်အတွေးကိုယ်ပြုံးမိပြီး

အပေါ်ထပ်ရောက်တော့ မျက်နှာကျက်တွေ မတပ်နိုင်သေးတာကို သတိထားမိတယ်။ မေလမုန်တိုင်းလေက အမိုးလှန်ပြီး မိုးရေတွေက မျက်နှာကျက်တွေကို အရည်ဖျော်ချသွားတယ်လေ။ မုန်းတိုင်းဝှေ့တာနဲ့ သစ်ပင်တွေလည်း သစ်သားဘ၀ပြောင်းသွားတာ ကြာလှပေါ့။

ဇွန်လဆန်းက စိုက်ထားတဲ့ ဗန်ဒါပင်လေးတွေ ကြည့်လိုက်တော့ အားရစရာသိပ်မရှိတာကို တွေ့ရတယ် အကြီးမြန်ရင် အခုတ်ခံရမှာစိုးတော့ သူတို့လည်း မကြီးထွားရဲတော့တဲ့ပုံပဲ။ နိုင်ငံခြားရောက်သမီးက အဖေ အဲယားကွန်း ၀ယ်တပ်ပါလား၊ သမီးကန်တော့ပါမယ်ဆိုတော့ အဲယားကွန်းဈေးသွားမေးကြည့်သေးတယ်။

`ဦးလေးတစ်ကောင်ခွဲလား လေးသိန်းနှစ်သောင်းကျပ်၊ ဒီအမျိုးအစားဆိုရင်တော့ သုံးဆယ်ရှစ်နဲ့ရမယ်၊ service

ပါပြီးသား ဦးလေး၊ အိမ်လိုက်ဆင်ပေးမယ်၊ သုံးလတစ်ကြိမ် servicing လုပ်ပေးမယ်။ အဲဒါ တစ်နှစ်ကို သုံးကြိမ်

Free ရမှာပါ။ ၀ယ်ထားတဲ့နှစ်ကိုလေ နောက်လုပ်ချင်တယ်ဆိုရင် အပြင်ကဈေးနဲ့ သက်သာတဲ့နှုန်းနဲ့ ဆားဗစ်စင်

လုပ်ပေးမှာ ဦးလေး နောက်မြင်းကောင်ရေအားများတာနဲ့ ပြန်လဲချင်တယ်ဆိုရင်လည်း အလိုက်ထပ်ပေးပြီးလဲလို့ရ

အောင်တာဝန်ယူပေးမယ် ဦးလေး´

`အေးကွာ ဦးလေးက ဈေးစုံစမ်းကြည့်တာပါ။ တပ်ဖြစ်မယ်ဆိုရင် ငါ့တူဆိုင်ကို အားပေးပါမယ် ကျေးဇူးပါပဲ´

အဲယားကွန်းရောင်းတဲ့ Show Room ကအထွက် ခြစ်ခြစ်တောက်ပူနေတဲ့ ကောင်းကင်ကို မော့ကြည့်ရင်း

ကိုယ့်တစ်ကိုယ်စာ အေးချမ်းဖို့အရေး ကမ္ဘာကြီးကို ဒဏ်ရာတွေ ထပ်ပေးနေဦးမှာလားဆိုပြီး ကိုယ့်အတ္တအတွက်

ကိုယ့်ဟာကိုယ် ပြန်ရှက်နေမိသေးတယ်။ အယ်လ်ဂိုး နိုဘယ်ဆုရတုန်းက မဆီမဆိုင် သူ ၀မ်းသာလုံးဆို့ခဲ့ဖူးတယ်

သူက ၂၀၀၀ ရွေးကောက်ပွဲကတည်းက အယ်လ်ဂိုးကို သဘောကျတာ။ ဒါပေမယ့် ရွေးကောက်ပွဲမှာ အယ်လ်ဂိုး

ရှုံးနိမ့်တာကိုက ကမ္ဘာမြေကြီးရဲ့ ၀မ်းသာစရာအချက်ဖြစ်နေပါသေးတယ်။ စာရေးရတာစိတ်တွေက ဟိုရောက်သည်ရောက်နဲ့ ၊ အဲယားကွန်းပြင်တတ်ရင် အလုပ်မရှားဘူးအဖေ ဆိုပြီး စကာင်္ပူထွက်သွားတဲ့သားကို

သစ်ပင်လေးတွေပြောင်းစိုက်ကြည့်ပါလားကွာ။ မင်းတစ်သက်လုံး ပျော်စေရမယ်၊ စိတ်ချမ်းသာမှုတွေ ရလိမ့်မယ်

လို့ ပြောတော့ပြောချင်မိပါရဲ့။ ဒါပေမယ့်….။


အောင်ပိုင်စိုး



2 comments:

This comment has been removed by a blog administrator.

ကမ္ဘာကြီးက တနေ့တခြား ပိုပူလာသလို လူတွေရဲ့ နေထိုင်မှုဘ၀ကလဲ တစ်နေ့ထက်တစ်နေ့ ပူပင်စရာတွေ ပိုများလာသလိုပါပဲ...

အဲဒါကြောင့် အတွေးသစ်ပင်လေးတွေ စိုက်ပြီးတော့ပဲ စိတ်အေးချမ်းမှု ရှာနေရတယ်...

ကမ္ဘာမြေအတွက်လဲ အုပ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ သစ်ပင်လေးတစ်ပင်လောက် စိုက်ပေးခဲ့ရဦးမယ်။