မထင်မှတ်ပဲ ဇွန် ၂၈ ရက် တနင်္ဂနွေ နေ့မှာ ကျွန်တော်အင်းလျားကန်စောင်းက စိမ်းလန်းစိုပြေ ကို သူငယ်ချင်းတစ်ယောက်နဲ့ အမှတ်မထင်ရောက်သွားမိတယ် …။ လူငယ်တစ်ချို့ ကဗျာတွေရွတ်နေတာ တွေ့ရတာနဲ့ စိတ်ဝင်တစ်စားနားထောင် နေမိတယ်။
မိုးရာသီဆက်တင်တဲ့….
မှတ်မှတ်ရရပဲ ကဗျာဆရာ ကိုစန်းဦးက အဲဒီနာမည်နဲ့ ကဗျာစာအုပ်တစ်အုပ်ထုတ်ခဲ့ဖူးတယ်
ကံစီမံရာအတိုင်းပေါ့လေတဲ့
အဲဒီမရိုးမရွလှိုင်းတွေထဲ
မြို့လည်းလူးလူး
လူလည်းလှိမ့်လှိမ့် ….
ကိုစန်းဦး ကဗျာစုထဲက ပထမဆုံးကဗျာတစ်ပုဒ်ရဲ့ အကြိုက်ဆုံးအပိုဒ်လေးပါ။
အခု မိုးရာသီဆက်တင်ထဲမှာတော့ ၂၁ ရာစု တတိယလှိုင်ပေါ်ကလူငယ်လေးတွေ….
သူရဿဝါ၊ ဇာတိ၊ လင်းရမ္မာ၊ ဗညားရှိန်၊ မင်းယွန်းသစ်၊ ကိုဂစ်တာတဲ့ မှတ်မိသလောက်
နာမည်လေးတွေ ချရေးကြည့်လိုက်တာ သူတို့က လူငယ်တွေဆိုပေမယ့် သမိုင်းသစ်ကို
အသေအချာရေးနေကြပုံရတယ်… သူတို့ကြည့်ရတာ လေးလေးနက်နက်ရှိလွန်းတယ်…
အဲဒီထက်ပိုလေးနက်နေတာက တော့ သူတို့ကဗျာတွေပါပဲ…။ အသံနဲ့ရွတ်တဲ့ ကဗျာတွေကို
နှလုံးသားနဲ့ နားထောင်တတ်မှ အပြည့် အ၀ကြားနိုင်မှာပါ… ဖြန့်ထားတဲ့ ဗီနိုင်းစပေါ်မှာကတော့
မုတ်သုန်မြို့ရဲ့ သတို့သမီးတဲ့… မိုးရာသီဆက်တင်ထဲ အမှတ်တရပြန်ထွက်ခဲ့ပါတယ်…။
နောက်မိုးရာသီတွေထဲမှာ သူတို့ဆက်တင်ထဲ မိုးခိုခွင့်ရဦးမယ်လို့ မျှော်လင့်မိရင်း…။
အောင်ပိုင်စိုး