ကြီးကျယ်ခမ်းနားတဲ့ အရာရာတိုင်းဟာ အပိုင်းအစလေးတွေနဲ့ တည်ဆောက်ထားတာပါ။

နှစ်ကာလတွေဟာ စက္ကန့်ငယ်အပိုင်းအစလေးတွေရဲ့ တန်ဖိုးနဲ့ တည်ဆောက်ထားတာပါ။ စက္ကန့်ပိုင်းလေးတွေ မလှုပ်ရှားတော့တာနဲ့ အချိန်ဟာ ပျက်သုဉ်းသွားပါတယ်။ `ခင်ဗျား နာရီမှာ စက္ကန့်တံတွေ မရွေ့လျားတော့တာနဲ့ ခင်ဗျားနာရီကို ခင်ဗျား အသုံးပြုလို့ မရတော့ဘူး´။

အသေးအဖွဲလေးတွေကို လျစ်လျူရှုလိုက်တာဟာ ကြီးမားတဲ့ အခက်အခဲတွေကို ဖိတ်ခေါ်လိုက်တာပါပဲ…။ အဲဒါကြောင့် စီမံခန့်ခွဲမှုမှာ အသေးအဖွဲဖက်တာတွေကအစ ဂရုစိုက်ရတယ်။ ကော်ပိုရိတ် တစ်ခုဟာ ဈေးကွက်ဝေစုတွေ အများကြီးရနေတယ်။ အလုပ်တွေ အရမ်းအောင်မြင်နေတယ်။ အဲဒီလို အခြေအနေမှာဆိုပေမယ့် သုံးလပတ်၊ ခြောက်လပတ် စာရင်းချုပ်တဲ့အခါ အမြတ်ရာခိုင်နှုန်းက ဘာကြောင့် ထူးထူးခြားခြား မဖြစ်သလဲဆိုတဲ့ အခြေအနေမျိုး ကြုံလာပြီဆိုရင် ကုမ္ပဏီရဲ့စီမံခန့်ခွဲမှုမှာ ရောဂါရှာဖို့ လိုနေပြီ။ ကုမ္ပဏီမှာ အလုပ်နဲ့ ၀န်ထမ်းအင်အား ညီမျှလား၊ ၀န်ထမ်းတွေမှာ ကျွမ်းကျင်မှု အားနည်းလား ဆိုတာ စစ်ဆေးကြည့်ရပါမယ်။ မန်နေဂျာတွေက စီးပွားတိုးနှုန်းကို ပီတိနဲ့ကြည့်မိရင် အလေအလွင့်တန်ဖိုးရဲ့ ဂရပ်ဖ်ကလည်း မြင့်တက်လာလိမ့်မယ်။ မန်နေဂျာကောင်းတွေဟာ လုပ်ငန်းကို ထောင်တက်အောင် စွမ်းဆောင်တတ်ရုံ မဟုတ်ပါဘူး။ ရေရှည်ရပ်တည်နိုင်အောင် အပြစ်အနာအဆာ ကင်းအောင် ဆောင်ရွက်တတ်ရပါမယ်။

ရာစုနှစ်များစွာ ရပ်တည်လာတဲ့ ကော်ပိုရိတ်တွေမှာ စီမံခန့်ခွဲမှုပိုင်းမှာ စီအီးအိုကနေ အောက်ခြေ၀န်ထမ်းအထိ တာဝန်ယူမှုနဲ့ ဆုံးဖြတ်ချက်ချမှုကို မိမိလုပ်ဆောင်ချက်အပေါ် မူတည်ပြီး ခွဲဝေထားပါတယ်။ ဆုံးဖြတ်ချက်ချမှုတွေကို ချုပ်ကိုင်ထားတဲ့ ကော်ပိုရိတ်ကို ဦးဆောင်သူတစ်ယောက်နဲ့အတူ လုပ်ကိုင်နေရရင် ဂျိမ်းစ်ဘွန်းကားကြည့်သလို အသည်းတယားယား၊ ရင်တဖိုဖို ဖြစ်မိတာပါပဲ။ လက်တွေ့ဖြစ်ရပ်တွေမှာက ဂျိမ်းစ်ဘွန်းဇာတ်ကားတွေကို အမြဲတမ်း အနိုင်မရနိုင်ဘူး။ အောက်ခြေ၀န်ထမ်းတွေရဲ့ တန်ဖိုးကို မှန်မှန်ကန်ကန် နားလည်နိုင်မှ ကော်ပိုရိတ်တွေဟာ ရေရှည်ရပ်တည်လို့ ရမယ်လို့ အထက်အရာရှိတစ်ယောက်က ပြောဖူးပါတယ်။

`အဆောက်အအုံတစ်ခုရဲ့ သက်တမ်းက အုတ်ခဲတစ်လုံးရဲ့ ဒဏ်ခံအားပေါ်မှာ တွက်ယူလို့ ရတယ်ကွ´လို့ သူငယ်ချင်း အင်ဂျင်နီယာတစ်ယောက်က ပြောဖူးပါတယ်။ အဲဒါကြောင့် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ဆိုတဲ့ စကားဟာ ရေပန်းစားမှု လျော့ကျမသွားတာပေါ့။ ဒါပေမယ့် သဲက သဲဖြစ်ဖို့တော့လိုတယ်။

နုန်းသဲလား၊ ပင်လယ်သဲလား ဆိုတာ ခွဲခြားဖို့တော့ လိုတာပေါ့။ သဲကလည်း မသန့်စင်၊ ဘိလပ်မြေကလည်း အရောအနှော၊ အုတ်ကလည်း မီးမကျက် ဆိုရင်တော့ ဖောင်ဒေးရှင်း ဘယ်လောက်ကောင်းကောင်း အဲဒီအဆောက်အအုံက ရေရှည်မခံဘူး။ အဲဒါကြောင့် အမှုန်ဓါတ်တွေကို သန့်စင်တတ်ဖို့လိုတယ်။ မင်းလည်း ကြားဖူးသားပဲ၊ ရူပဗေဒ ဘာသာရပ်မှာ အမှုန်သီအိုရီတွေက နိုဗယ်လ်ဆု တသီတတန်းကြီး ရယူဖူးတာ။ လူ့ခန္ဓာကိုယ်ကြီး တစ်ခုလုံးကလည်း အသေးငယ်ဆုံး ဆဲလ်တွေနဲ့ ဖွဲ့စည်းထားတာ။ ဓါတုဗေဒ၊ ဇီဝဗေဒတို့မှာလည်း အသေးငယ်ဆုံးအရာတွေကို ခွဲခြမ်းစိတ်ဖြာပြီး လူအတု၊ တိရစ္ဆာန်အတုတွေတောင် ပြုလုပ်လို့ရနေပြီ မဟုတ်လား။

အသေးဖွဲဆုံး အရာတွေကနေ အကြီးဆုံးစွမ်းအင်တွေ ထုတ်လုပ်နိုင်တယ်ဆိုတာကို ဒီခေတ်မှာ အသိသာဆုံးပဲ၊ ဖုန်းဆိုလည်း သေးသေးလေး အပိုင်းအစလေးတွေ၊ သီချင်းနားထောင်ဖို့ဆိုလည်း MP3, MP4 ပလေယာလေးတွေက သေးသေးလေး အပိုင်းအစလေးတွေ၊ လွန်ခဲ့တဲ့နှစ် ၂၀၊ ၃၀ က ရေဒီယိုတွေနဲ့ ယှဉ်ကြည့်ရင် ဒီနေ့ ပစ္စည်းအပိုင်းအစလေးတွေက အရင်က ထုကြီးထည်ကြီးတွေထက် စွမ်းရည်အဆပေါင်းများစွာ ပိုသာတယ်။ အဲဒါကြောင့် `အသေးအဖွဲဆိုပြီး ပေါ့မနေပါနဲ့၊ ဟန်ဆာပလပ်စ် ဆောင်ထားပါ´ ဆိုသလို ငါ တိုက်ဆောက်ရင် အုတ်တစ်ချပ်၊ သဲတစ်ပွင့်ကအစ ဂရုစိုက်တာ။

အေး… ဟုတ်တယ်ကွာ။

ငါကလည်း အသေးအဖွဲကောင်ဆိုတော့ ငါ့လစာ အသေးအဖွဲလေးကို ကုမ္ပဏီက နည်းနည်းဂရုစိုက်ရင် ကောင်းမယ်ထင်တာပဲ။


အောင်ပိုင်စိုး

ဓါတ်ပုံ - Google Image

2 comments:

ဖူးဖူး said...

ဟုတ်တယ်နော်....အသေးအဖွဲကို လူတွေက မေ့နေကြတယ်.... မှတ်ထားဦးမယ်...ကျေးဇူးပါ...

အပိုင်းအစတွေရဲ့ တန်ဖိုးကို လူတွေ ဂရုစိုက်မိအောင် သတိပေးထားတဲ့ ဆောင်းပါးလေးတစ်ပုဒ်ရဲ့ တန်ဖိုးကလဲ မသေးဘူးနော်..။

အသေးအဖွဲကိစ္စလေးတွေကို အမှုမဲ့ အမှတ်မဲ့ နေလိုက်မိရင် အမှိုက်ကစပြီး ပြသာဒ်မီးလောင်တတ်သလို အပ်နဲ့ထွင်းရမယ့်နေရာမှာ ပုဆိန်နဲ့ ပေါက်ရတတ်ပါတယ်။