လူတွေရဲ့နေ့စဉ် ဘ၀တွေမှာ စီမံခန့်ခွဲမှုက အလွန်အရေးကြီးပါတယ်..။ တနေ့ချင်း စီမံမှုတွေကနေ တစ်လ၊ တစ်နှစ်နဲ့ တစ်ဘ၀လုံးအ

တွက်ပါ စီမံခန့်ခွဲနေရတာပါ…။ စီမံခ

န့်ခွဲမှုမှာ အမျိုးမျိုးရှိပါတယ်။ ရုပ်ဝထ္တုကို စီမံခန့်ခွဲခြင်း၊ ငွေကြေးကို စီမံခန့်ခွဲခြင်း၊ အချိန်ကို စီမံခန့်ခွဲခြားစတာတွေ ရှိပါတယ်။ ယနေ့မှာတော့ လူစွမ်းအား အရင်းမြစ်ရဲ့ အသုံး

ဝင်ပုံ ပညာလုပ်သားတွေရဲ့ အရေးပါမှုတွေ အပြင်လူဆိုတဲ့ အရင်းအနှီး တစ်ရပ်ဆိုတဲ့ အရေးပါမှုကို လက်ခံလာကြတဲ့အတွက် လူကို

စီမံခန့်ခွဲမှုက စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများရဲ့ အောင်မြင်ရေး သော့ချက်များ ဖြစ်လာပါတယ်။

စီမံခန့်ခွဲတော့မယ်ဆိုရင် ကျွန်တော်တို့ ပထမဆုံး စဉ်စားကြတာက ကက်ပီတယ် အရင်းအနှီးကိုပါ။ ပြီးတော့အချိန်၊ နည်းပညာ ၊ သတင်း၊ ပြင်ပ အချက်အလက်တွေ ကျွန်တော်တို့ ဆောင်ရွက်မယ့် အမှုကိစ္စအတွက် ဆက်စပ်တည်ရှိမယ့် အရာတွေအပေါ် သက်ရောက်မှု၊ တုံ့ပြန်နိုင်စွမ်း၊ အကျိုးရလာဒ် စတာတွေ တွက်ချက်ပြီးတော့ ကျွန်တော်တို့ အများစုက စီမံကိန်းတွေ လုပ်ဆောင်ကြတာပါ။ ဒါပေမယ့် အရေးကြီးဆုံးဖြစ်တဲ့ လူကို စီမံခန့်ခွဲဖို့တော့ မေ့လျော့တတ်ကြပါတယ် လုပ်ငန်းအတွက် လူ(သို့) လုပ်အား၊ 

ဥာဏ်အား လိုအပ်ချက်ကို စနစ်တကျ ထည့်သွင်းကြတာ မရှိသလောက်ပါပဲ။

လုပ်ငန်းခွင်ထဲ ရော

က်လာတဲ့ ၀န်ထမ်းတွေကို သူတို့ စွမ်းဆောင်နိုင်လိမ့်မယ်၊ သူတို့တာဝန် သူတို့ထမ်းဆောင်နိုင်ရင် သူတို့ အခန်းကဏ္ဏ ပြီးဆုံးပြီလို့ ထင်မှတ်လိုက်ကြတာဟာ လူ့စွမ်းအား အလေအလွင့်ကို ဖြစ်ပေါ်စေနိုင်ပါတယ် ကြိုတင် သဘောတူညီထားတဲ့ ကတိက၀တ်တွေ ပြည့်စုံရုံနဲ့ အကောင်းဆုံး ရလဒ်တွေ ထွက်ပေါ်လာလိမ့်မယ်လို့ မျော်လင့်တတ်ကြပါတယ်။

စီးပွားရေး လုပ်ငန်းတွေအတွက် လူအရင်းအမြစ်ကို နေရာချတတ်မှုက အောင်မြင်မှုရဲ့သော့ချက်တွေ ဖြစ်လာပါလိမ့်မယ်။ အဲဒါကြောင့် ကော်ပိုရိတ်တွေ၊ အဖွဲ့အစည်းတွေ၊ စီးပွားရေး လုပ်ငန်းကြီးတွေက အစ၊ အသေးစား လုပ်ငန်းတွေအထိ လူကို စီမံခန့်ခွဲတဲ့ ဘာသာရပ်ဟာ အရေးကြီးတဲ့ စီမံခန့်ခွဲမှု တစ်ရပ် ဖြစ်လာပါတယ်။ စီးပွားရေး စနစ်သစ်မှာ HR မန်နေဂျာတွေ မရှိတဲ့ စီးပွားရေး လုပ်ငန်းတွေဟာ တိုးတက်မှု နှေးကွေးတဲ့ ရလာဒ်တွေ ရင်ဆိုင်ကြ

ရမှာအမှန်ပါ။

အဲဒါကြောင့် ကမ္ဘာတစ်ဝန်းလုံးမှာ လူ့စွမ်းအား အရင်းအမြစ်ဘာသာရပ်ဟာ အရေးကြီးလာခဲ့တာပါပဲ။ လုပ်ငန်းခွင်ထဲမှာ ဘယ်လိုလူတွေရှိလဲ အကြမ်းဖျင်းအားဖြင့် လူငါးမျိုး ရှိတယ်လို့ ဆိုနိုင်ပါတယ်။


(၁) အလုပ်အတွက် အလုပ်လုပ်တဲ့လူ

လုပ်ငန်းခွင်ပေါ် အာရုံစူးစိုက်နိုင်ဆုံးလူပါ။ လုပ်ငန်းခွင်အတွက် အလုပ်စွမ်းရည် ၇၅ ရာခိုင်နှုန်းက အဲဒီလူတွေဆီက လာတာပါ။ သာမန် ၀န်ထမ်းတွေထက် လုပ်ငန်းခွင်ကို ပိုအလေးထားပြီး သာမာန်လူတွေထက် နှစ်ဆ၊ သုံးဆ ပိုအလုပ်လုပ်နိုင်ပါတယ်။ မိမိလုပ်ငန်းခွင်ကို ချစ်မြတ်နိုးပြီး အ

လုပ်ကို တန်ဖိုးထားတတ်တဲ့သူပါ။ ငွေကြေး စကားတစ်ခွန်းမှ မပြောပါဘူး။ ကုမ္ပဏီ အဖွဲ့အစည်း အကျိုးကိုသာ ကြည့်ပြီး ကိုယ်ကျိုး မငဲ့ကွက်တတ်သူပါ။ အဲဒီလိုလူမျိုးတွေ လုပ်ငန်းခွင်တိုင်းမှာရှိတတ်ပါတယ်။ သူတို့ဟာ အလုပ်နဲ့ ဘ၀တန်ဖိုးကို တည်ဆောက်ထားကြတဲ့သူတွေပါ။ လုပ်ငန်းအကျပ်အတည်း ကာလမှာလည်း စိတ်ရှည်သီးခံတတ်သလို၊ အခက်

အခဲတွေကိုလည်း ထိုးဖောက် ကျော်လွှားနိုင်စွမ်းရှိတဲ့သူတွေပါ။ ဒါပေမယ့် တစ်ခါတစ်ရံမှာ လုပ်ငန်းခွင်ထဲကနေ မထင်မှတ်ဘဲ နုတ်ထွက်တတ်ပါတယ်။ သူတို့ဟာ အထက်လူကြီးနဲ့ အဆင်မပြေတတ်ပါဘူး။ သူတို့လောက် အလုပ်အကြောင်း မတတ်သိသူတွေရဲ့ တွန်းတိုက်မှုကို ခံရတတ်ပါတယ်။ အဲဒီအချက်ကတွေကို မန်နေဂျာတွေက သတိပြုရပါမယ်။ သူတို့ကို အသိအမှတ်ပြုရမှာ ဖြစ်သလို သူတို့ရဲ့လုပ်ဆောင်ချက်တွေ ကောင်းမွန်တဲ့ အခါတိုင်း အလျဉ်းသင့်သလို ဂုဏ်ပြုပေးရပါမယ်။ အဲဒါဟာ လုပ်ငန်းခွင်ထဲမှာ အသုံးဝင်သူတွေကို အသိအမှတ်ပြုတဲ့ အလေ့အထကို တခြားသူတွေဆီကိုပါ သိမြင်နိုင်စေပြီး၊ စိတ်ပိုင်းဆိုင်ရာအရ ကောင်းမွန်တဲ့ လှုံ့ဆော်မှုကို ရပါမယ်။ လုပ်သားကောင်းတွေလည်း ပြိုင်ဘက် ကုမ္ပဏီတွေဆီကို ရောက်ရှိမသွားအောင် ကာကွယ်ပြီးသားလည်း ဖြစ်ပါလိမ့်မယ်…။


(၂) လစာအတွက် အလုပ်လုပ်တဲ့လူ

အလုပ်တစ်ခုလုပ်မယ်ဆိုရင် လူတချို့က လစာဘယ်လောက်ရမှာလဲ၊ အကြံအဖန်ရှိလား၊ ဘေးပေါက်က ဘယ်လောက်ဝင်မှာလည်း အဲဒီစကားလုံးတွေအရင်မေးတတ်ကြတယ်။ အဲဒီလူမျိုးတွေဟာ လုပ်ငန်းခွင်ကို ၀ါသနာအရ ပညာအရ စိတ်မ၀င်စားတတ်ကြပါဘူး။ အဖွဲ့အစည်းရဲ့ စီးပွားရေးအဆောက်အအုံအပေါ်မှာ ခိုင်မြဲအောင်မပံ့ပိုးတတ်ပါဘူး။ သူတို့အဓိကထားတာက သူတို့ရဲ့ လစာဝင်ငွေပါ။ သူတို့ ၀င်ငွေလျော့ကျတာနဲ့တင် ကုမ္ပဏီအဖွဲ့အစည်းကို ငြိုငြင်တတ်ပါတယ်။ ကိုယ့်ကုပ္မဏီကနေပြီး အပြင်လုပ်ငန်းတွေကို သွားရည်ယိုတတ်ပါတယ်။ ဘယ်ကုမ္ပဏီမှာ ဘယ်လောက်ရတယ် ဘယ်အလုပ်မှာ ဘယ်လိုအခွင့်အရေးမျိုး ရတယ်ဆိုတဲ့ သတင်းမှားတွေကို မိမိအဖွဲ့အစည်းမှာ ပြောဆိုလှုံ့ဆော်တတ်ပါ တယ်။ အဲဒီလိုလူမျိုးတွေကို တာဝန်ပေးလိုက်ရင် အလေအလွင့်အဖိတ်အစင်များတယ်။ သူတို့လုပ်ဆောင်ချက်မှားလို့ ဆုံးရှုံးနစ်နာရင်လည်း တခြားသူအပေါ်မှာ အပြစ်လွှဲချ တတ်ပါတယ်။ လုပ်ငန်းခွင်က အခွင့်အရေးတွေကိုလည်း

 အပြည့်အ၀ယူပါတယ်။ အဲဒီလိုလူမျိုးတွေကို ကုမ္ပဏီအဖွဲ့အစည်းရဲ့ အရေးပါတဲ့နေရာကနေ ရွှေ့ပြောင်းထားဖို့လိုပါတယ်။ အဲဒီလူစားမျိုးတွေက အဖွဲ့အစည်းအတွင်းကို လိုလေသေးမရှိအောင် ပြည့်စုံတဲ့ထောက်ခံချက်တွေနဲ့ ၀င်ရောက်လာတတ်ပါတယ်။ အရာရာကို သိမြင်နှံ့စပ်သူ၊ အရေးပါတဲ့သူပုံစံမျိုးနဲ့ ရောက်လာတတ်ပါတယ်။ လစာနဲ့ဝင်ငွေအတွက်ဆို ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ လျှို့ဝှက်ချက်ကို ပြိုင်ဘက်တွေဆီ ရောင်းစားတတ်ပါတယ်။ အဲဒီ လူစားမျိုးကို ကုမ္ပဏီဦးဆောင်သူတွေက အယုံအကြည် မလွန်ကဲဖို့ လိုပါတယ်။


(၃) လစာရော အလုပ်အတွက်ပါ လုပ်တဲ့လူ

အလယ် အလတ်တန်းစားလူမျိုးပါ။ သူတို့ကို ပေးထားတဲ့လစာနဲ့ သူတို့ခိုင်းတဲ့အလုပ် မျှတမှုကို လိုလားတဲ့သူပါ။ အလုပ်ကိုလည်း ပုံမှန် တာဝန်ကျေလုပ်မယ်။ ကုမ္ပဏီအဖွဲ့အစည်းကလည်း ကတိက၀တ်ကိုကျေအောင် ဆပ်ရပါမယ်။ အဲဒီလိုမှမဟုတ်ရင်တော့ အလုပ်ထဲမှာ မကျေနပ်မှုတွေကို ဗြောင်ကျကျတိုက်ခိုက်တတ်ပါတယ်။ သူတို့က မိမိလုပ်ငန်းရဲ့ ပြင်ပ အခြင်းအရာတွေကို စိတ်မ၀င်စားသလို၊ ကုမ္ပဏီ အဖွဲ့အစည်းတွေရဲ့ စီးပွားရေးရည်မှန်းချက်ဟာ သူတို့နဲ့လုံးလုံး မပတ်သက်သလို နေတတ်ပြီး၊ သူတို့အလုပ်နဲ့ လစာအပေါ်မှာပဲ စိတ်ဝင်စားပါတယ်။
အဲဒီလူမျိုးတွေဆီက သာမန်ထက်ပိုကဲတဲ့ အလုပ်စွမ်းရည်ထွက်လာအောင် လုပ်လို့မရနိုင်ပါဘူး။ ဒါပေမယ့် လုပ်အားကိုယုံကြည်စွာ သုံးစွဲလို့ရပါတယ်။ လုပ်ငန်းခွင်အပေါ်မှာ အကြွင်းမဲ့သစ္စာမထားသလို ထောက်ထားငဲ့ညှာမှာလည်း မဟုတ်ပါဘူး။ သူတို့က ပေးတဲ့လစာအပေါ် မူတည်ပြီး အ

လုပ်လုပ်တဲ့လူ စက်ရုပ်ပါ။ သူတို့ကို လစာပေးချင်ယောင်ဆောင်ရင်တော့ သူတို့က အလုပ်လုပ်ချင်ယောင် ဆောင်ပြပါလိမ့်မယ်။ သူတို့က အလုပ်ရဲ့စိန်ခေါ်မှုကို မကြိုက်ပါဘူး။ သမားရိုးကျ လုပ်ရိုးလုပ်စဉ်တွေကိုပဲ လုပ်ချင်ကြတယ်။ လုပ်ငန်းခွင်က သူတို့ရဲ့ အားလပ်ချိန်ကို ဖဲ့ယူခဲ့မိရင်တောင် အပြင်းအထန် စိတ်ဆိုးတတ်သူတွေပါ။ အလုပ်ကို အလုပ်ချိန်ထဲမှာပဲလုပ်ရမယ်လို့ အရိုးစွဲနေတတ်သူတွေပါ။ အဲဒီလူတွေကို အလုပ်ရဲ့အခက်အခဲတွေဖြေရှင်းရတဲ့ နေရာမျိုး၊ ကိုယ်ပိုင် ဆုံးဖြတ်ချက်တွေချရတဲ့ နေရာမျိုးတွေမှာ ထားမိရင် အလွဲလွဲအချော်ချော်တွေ ဖြစ်တတ်ပါတယ်။ သူတို့က လုပ်ငန်းခွင်ထဲမှာ လုပ်သက်ကြာရှည်တတ်ပေမယ့် 

အရေးပါတဲ့နေရာကို ရောက်မလာတတ်ပါဘူး။


(၄) ရည်မှန်းချက်ကြီးတဲ့လူ

ဒီလူစားမျိုးက အဖွဲ့အစည်းရဲ့အရေးပါတဲ့ နေရာတွေကို ထိုးဖောက်ဖို့ ကြိုးစားနေပါတယ်။ သူတို့က အလုပ်ရဲ့ စိန်ခေါ်မှုကို ကြိုက်နှစ်သက်ပြီး တိုးတက်မှုကို လိုလားသူတွေပါ။ အပြောင်းအလဲတွေ ဖန်တီးဖို့ အမြဲကြိုးစားတတ်ပါတယ်။ အလုပ်ရဲ့ အရည်အသွေးနဲ့ ကိုယ်ရည်ကိုယ်သွေးကို အမြဲတမ်း ပြုပြင်နေတတ်ပါတယ်။ သူတို့က အကျိုးအမြတ်တွေကို ဖန်တီးလာတတ်သလို၊ အဲဒီအကျိုးအမြတ်တွေကနေ သူတို့အတွက် ခွဲဝေပေးမှ သဘောကျတတ်သူပါ။ အဖွဲ့အစည်းအတွင်းမှာ သူတို့ပန်းတိုင်ထား ကြိုးစားသလို၊ အဖွဲ့အစည်းရဲ့ ကိုယ်စားပြုပန်းတိုင်ကိုလည်း အရေးပါ ချီတက်တတ်ပါတယ်။သူတို့လူစားတွေက ကုမ္ပဏီအဖွဲ့အစည်းရဲ့ မူဝါဒတွေကို အလေးထားပါတယ်။ ချို့ယွင်းချက်တွေကို ချက်ချင်းပြုပြင် ပြောင်းလဲပစ်ဖို့ လိုလားပါတယ်။ အချိန်ဆွဲနေတာကို မကြိုက်ပါဘူး။ ကုမ္ပဏီအဖွဲ့အစည်းကို စိတ်တိုင်းကျ ဦးဆောင်ချင်တဲ့သူတွေပါ။ တခြား ၀န်ထမ်းတွေကြားမှာ သူတို့က ထင်ပေါ်နေတတ်သလို၊ အတွန်းအတိုက်လည်း အမြဲခံရတတ်ပါတယ်။ သူတို့ဆီက ကုမ္ပဏီ အဖွဲ့အစည်းအတွက် အနာဂတ် ရည်မှန်းချက်အတွက် ကောင်းမွန်တဲ့ စိတ်ကူးစိတ်သန်းတွေ၊ အကြံဥာဏ်သစ်တွေ ရတတ်ပါတယ်။ သူတို့က လုပ်ငန်းခွင်တစ်ခုလုံးကို ထဲထဲဝင်ဝင်လေ့လာပြီး အမှန်တကယ် သိစပ်မြင်နှံ့သူတွေပါ။ သူတို့ကို အရေးမပါတဲ့နေရာတွေမှာထားမယ်၊ သူတို့အခွင့်အရေးတွေကို ပိတ်ဆို့ထားမယ်ဆိုရင်တော့ ပြိုင်ဘက်ကုမ္ပဏီအတွက် အရေးပါတဲ့လူတော်တွေ လေ့ကျင့်ပေးသလို ဖြစ်နေပါလိမ့်မယ်။
သူတို့ကို စည်းရုံးဖို့အတွက်ကတော့ လုပ်ငန်းခွင်ထဲမှာ သူတို့အတွက် ကုလားထိုင်တွေ အလုံအလောက်ရှိကြောင်း ပြရပါမယ်။ ရေတိုရေရှည်စီမံကိန်းတွေမှာ သူတို့ရဲ့နာမည်နဲ့ လုပ်ငန်းရဲ့ဂုဏ်သိက္ခာ ထပ်တူကျကြောင်း ပြသရပါမယ်။ သူတို့ရဲ့ လုပ်ငန်းအပေါ် စိတ်ဝင်စားမှုကို အမြဲလှုံ့ဆော်နေရသလို သူတို့ရဲ့ဘ၀၊ သူတို့ရဲ့ တန်ဖိုးကိုပါ အဖွဲ့အစည်းက အလေးထားကြောင်း ပြသရပါမယ်။


(၅) ရည်မှန်းချက်မရှိတဲ့လူ

လူဆိုတာ အလုပ်လုပ်တယ်၊ ထမင်းစားတယ်၊ သတင်းစာဖတ်တယ်လို့ ယူဆထားတဲ့ လူစားမျိုးပါ။ လုပ်ငန်းခွင်ထဲကို ရင်းနှီးမှု နယ်ပယ်ကနေ ရောက်လာတတ်ပါတယ်။ ဘာတာဝန်မှ မယူချင်သလို ဘာအလုပ်မှလည်း မလုပ်ချင်ပါဘူး။ လုပ်ငန်းခွင်ထဲ ရောက်လာတာနဲ့ ဟိုသတင်းဒီသတင်းပြောပြီး ထမင်းချိုင့် အရင်ဖွင့်တတ်ပါတယ်။ လစာဝင်ငွေအတွက် လုပ်တာမဟုတ်သလို မိမိပညာ၊ ကိုယ်ရည်ကိုယ်သွေးအတွက် အတွေ့အကြုံ လာရှာတာလည်း မဟုတ်ပါဘူး။ လူဆိုတာ အလုပ်လုပ်ရတယ်ဆိုတဲ့ စကားအတွက် အလုပ်လုပ်နေတာပါ။ လုပ်ငန်းခွင်ကို အပျော်သက်သက်သာ သဘောထားပြီး အစည်းအဝေးတက်ဖို့ အမြဲပျက်ကွက်တတ်သူပါ။ အဲဒီလူစားမျိုးတွေက စီမံခန့်ခွဲသူတွေဆွဲယူလို့မရနိုင်တဲ့ လူစားမျိုးပါ။ အလုပ်အကိုင် တည်မြဲလေ့မရှိဘဲ လုပ်ငန်းခွင် ကူးပြောင်းနေရတာကို ပျော်မွေ့တတ်သူပါ။ အလုပ်ပေါ် တန်ဖိုးထားမှုကတော့ နည်းပါးပါလိမ့်မယ်။

အထက်ပါ လူစားမျိုးတွေက အလုပ်ခွင်ထဲ ရောနှော ပါဝင်နေတတ်ပါတယ်။ ဦးဆောင်သူတွေ၊ စီမံခန့်ခွဲသူတွေ၊ HR မန်နေဂျာတွေက ဘယ်သူတွေက ဘယ်လိုလူစားဆိုတာကို ခွဲခြားထားနိုင်ဖို့ လိုပါတယ်။ ဒါမှလည်း လုပ်ငန်းခွင်ထဲက နေရာချထားမှုက အံဝင်ခွင်ကျဖြစ်နိုင်မယ်။ ကုမ္ပဏီအဖွဲ့အစည်းတွေရဲ့ ရည်မှန်းချက်ပန်းတိုင်ကို ရရှိနိုင်မှာပါ။ လုပ်ငန်းခွင်ရဲ့အတွင်းစည်း အင်အားညီညွတ်မျှတမှဈေးကွက်မှာဖော်ဆောင်နေတဲ့ စီမံချက်တွေ ရလဒ်ကောင်းလာနိုင်မှာပါ။
မိမိဝန်ထမ်းတွေအကြောင်း သိမြင်ဖို့က လုပ်ငန်းခွင်ထဲမှာ ပုံမှန်အစည်းအဝေးတွေ ရှိရပါမယ်။ လုပ်ငန်းရည်မှန်းချက်တွေကို ၀န်ထမ်းတွေအတွက် ရှင်းလင်းစွာသိထားဖို့ လိုပါတယ်။ လုပ်သားတွေရဲ့ အလုပ်အပေါ် စိတ်ဝင်စားမှု၊ တခြားစိတ်ခံစားချက်များ၊ ဌာနအသီးသီးရဲ့ ပုံမှန်အစည်းအဝေးတွေကို အမှုဆောင်အစည်းအဝေးတွေမှာ တင်ပြဆွေးနွေးရပါမယ်။ အုပ်ချုပ်မှုအဆင့်ဆင့် ကွင်းဆက်မပြတ်ရသလို၊ အောက်ခြေကနေ စီအီးအိုကြားမှာ ရံဖန်ရံခါ ရင်းနှီးမှုအတွက်ထိတွေ့ဆက်ဆံရပါမယ်။ ၀န်ထမ်းကို ကုမ္ပဏီအဖွဲ့အစည်းက ဂရုစိုက်မှု ပြသရင် ၀န်ထမ်းတွေကလည်း အဖွဲ့အစည်းအပေါ် ပြန်လည်ဂရုစိုက်လာမှာပါ။

အဲဒါကြောင့် ကော်ပိုရိတ် စီးပွားရေးမှာ လူကို စီမံခန့်ခွဲတဲ့ ဘာသာရပ်ဟာ အသက်သွေးကြောတမျှ အရေးပါတာပဲ ဖြစ်ပါတယ်။ လူကို စီမံခန့်ခွဲမယ်ဆိုရင်….ယဉ်ကျေးမှု ကူးစက်ပါစေ။

ကုမ္ပဏီအဖွဲ့အစည်းထဲကို အထက်မှာ ဖော်ပြထားတဲ့လူတွေ ရောက်ရှိလာပါမယ်။ သူတို့ထဲက ဘယ်လိုလူမျိုးတွေပဲ ယူမယ်လို့ ကြိုတင်ဆုံးဖြတ်ထားလို့ မရပါဘူး။ ၀န်ထမ်းအားလုံးဟာ အစမ်းခန့် သုံးလအတွင်းမှာတော့ ပြည့်စုံကောင်းမွန်နေတတ်ကြပါတယ်။ အဲဒီနောက်ပိုင်းမှာတော့ အမှုဆောင်အရာရှိတွေဟာ ၀န်ထမ်းဟောင်းဖြစ်သွားတဲ့ လူတွေအပေါ်မှာ အာရုံစူးစိုက်မှု မရှိတော့ပါဘူး။ ၀န်ထမ်းတွေဘက်ကလည်း ကုမ္ပဏီရဲ့ အားနည်းချက်တွေကို ထိုးဖောက်သိမြင်သွားပါပြီ။ ကုမ္ပဏီဝန်ထမ်းဟောင်းတွေရဲ့ အမူအကျင့်တွေက ကူးစက်သွားပါပြီ။ ၀န်ထမ်းဟောင်းတွေက ၀န်ထမ်းသစ်တွေအပေါ် အလုပ်အကြောင်း သင်ပေးချင်မှ သင်ပေးပါလိမ့်မယ်။ ကုမ္ပဏီအဖွဲ့အစည်းရဲ့ အားနည်းချက်ကို အခွင့်အရေးယူတတ်ဖို့ကိုတော့ မပျက်မကွက် သင်ပေးပါလိမ့်မယ်။ အဲဒီ အလေ့အထကို ဦးဆောင်သူတွေအနေနဲ့ သိမြင်ထားဖို့ လိုပါတယ်။ ၀န်ထမ်းဟောင်းတွေနဲ့ ၀န်ထမ်းသစ်တွေကြား ဘယ်လိုအလေ့အထ ကူးစက်သလဲဆိုတာ စနစ်တကျ စစ်တမ်း ကောက်ယူထားရမှာပါ။

အထက်ပါ လူငါးမျိုးထဲက မျိုးတူအုပ်စုတွေကို သီးခြား ခွဲထုတ်ပြီး သီးခြား စီမံခန့်ခွဲရမှာပါ။ နံပါတ်တစ် လုပ်ငန်းခွင်အတွက် အားထားရဆုံးဖြစ်တဲ့ နံပါတ် တစ်အုပ်စုကို နံပါတ်နှစ်၊ သုံး၊ လေးနဲ့ ပူးတွဲ မလုပ်ကိုင်စေသင့်ပါဘူး။ အဲဒီလိုမဟုတ်ရင် အလုပ်ကို အလုပ်နဲ့တူအောင် လုပ်တဲ့

လူတွေပါ အလုပ်အပေါ် စိတ်ဝင်စားမှု လျော့ကျ သွားပါလိမ့်မယ်။ နံပါတ်တစ်အုပ်စုက လူတွေကို လစာတိုးပေးမယ်၊ ကြိုးစားပါလို့ သွားပြောမိရင် စီမံခန့်ခွဲသူအနေနဲ့ စော်ကားသလိုမျိုး ဖြစ်ပါလိမ့်မယ်။

သူတို့လို လူမျိုးတွေအတွက် လ

စာစရိတ်ထက် ကော်ပိုရိတ်ရဲ့ ကြင်နာမှုကို ပိုဂရုစိုက်တတ်သူပါ။ ဌာနခွဲ မန်နေဂျာတွေက သူတို့ကို ပုဂ္ဂိုလ်ရေးဆိုင်ရာ မေးခွန်းမျိုးတွေ မေးသင့်ပါတယ်။ သူတို့ရဲ့ခံစားမှုကို တလေးတစား နားထောင်ဖို့ လိုသလို၊ သူတို့ရဲ့ မိသားစုဘ၀တွေကိုပါ စိတ်ဝင်စားမှုရှိကြောင်း ပြသရပါလိမ့်မယ်။ လိုအပ်ရင် အကူအညီပေးဖို့ကို တုန့်ဆိုင်း မနေသင့်ပါဘူး။ ကုမ္ပဏီအဖွဲ့အစည်းနဲ့ သူတို့ကြားက သံယောဇဉ်ကြိုးဟာ အလုပ်စွမ်းရည်ရဲ့ ဂရပ်မျဉ်းကို တိုးတက်အောင် ဆောင်ကြဉ်းပေးနိုင်ပါလိမ့်မယ်။

နံပါတ်နှစ်လူမျိုးက အန္တရာယ်ရှိပါတယ်။ အဲဒီလို လူစားမျိုးတွေများပြားလာရင် ကုမ္ပဏီအဖွဲ့အစည်းဟာ တမဟုတ်ချင်း ပျက်စီးသွားနိုင်ပါတယ်။ ပထမဦးဆုံး အဲဒီလူမျိုးတွေ များလာရင် အမြီးကျက်အမြီးစား၊ ခေါင်းကျက်ခေါင်းစားနဲ့ ဘာမှမကျက်ရင်လည်း အစိမ်းစားမယ့်သူတွေပါ ပေါ်လာပါလိမ့်မယ်။ သူတို့က လာဘ်ပေးလာဘ်ယူအတွက် ၀န်မလေးသလို ကုမ္ပဏီအဖွဲ့အစည်းအတွက် အကျင့်ဆိုးတွေ သယ်ေ

ဆာင်လာတတ်ပါတယ်။ ငွေမုဆိုးတွေဖြစ်တဲ့အတွက် ဂုဏ်သိက္ခာအတွက် ထည့်မစဉ်းစားတတ်သူတွေပါ။ အနီရောင်အမှတ်အသားနဲ့ဖယ်ရှားဖို့ အချက်အလက်ရှာထားရပါမယ်။ အဲဒီလူမျိုးတွေဆီက ရစရာတစ်ချက်ရှိပါတယ်။ စည်းကမ်းထိန်းသိမ်းရေးအတွက် တခြားသူတွေရှေ့မှာ နမူနာအပြစ်ပေးမှုမျိုးကို အဲဒီလူတွေအပေါ် ပြုလုပ်လို့ရပါတယ်။

နံပါတ်သုံးလူတွေအတွက်ကတော့ ကုမ္ပဏီရဲ့တည်ငြိမ်တဲ့ပုံစံမျိုးကိုသာ ပေးရပါလိမ့်မယ်။ သူတို့ရဲ့ ပုံသေ၀င်ငွေတွေကို ခေတ်နဲ့လိုက်လျောညီထွေဖြစ်အောင် ပြုပြင်ပေးရတဲ့ အနေအထားတစ်ခုပဲ လိုအပ်ပါတယ်။ သူတို့ဆီက ပုံမှန်အလုပ်စွမ်းရည်ကို ရရှိနေသရွေ့တော့ သူတို့ကို အရေးတကြီးကိုင်တွယ်နေစရာ မလိုအပ်ပါဘူး။ သူတို့ရဲ့ လုပ်ဆောင်ချက်တွေ အားနည်းသွားပြီဆိုရင်တော့ သူတို့အခက်အခဲတွေကို ဖြေရှင်းပေးဖို့အတွက် ကုမ္ပဏီအဖွဲ့အစည်းက အရေးတယူစောင့်ကြည့်ပေးရပါမယ်။ ပုံမှန်အလုပ်စွမ်းရည်ရဖို့ သူတို့လူစုရဲ့အခက်အခဲကို ကြားဝင်ဖြေရှင်းပေးရတာမျိုးကလွဲလို့ ရှုပ်ရှုပ်ထွေးထွေး သိပ်မရှိလှပါဘူး။နံပါတ်လေးလူတွေက မိသားစုပုံစံ စီးပွားရေးတွေနဲ့ အသေးစားကုမ္ပဏီတွေမှာ အတွေ့ရနည်းတတ်ပေမယ့်၊ ကော်ပိုရိတ်တွေထဲမှာတော့ အများအပြားရှိတတ်ပါတယ်။ ထက်ထက်မြက်မြက်လူငယ်တွေ တွေ့ရတာနဲ့ ဂရုတစိုက်စောင့်ကြည့်ရမှာက ဌာနခွဲမန်နေဂျာတွေပါ။ သူတို့က လူငယ်တွေအပေါ် အစိုးရိမ်စိတ် လွန်ကဲတတ်ပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းမှာ အမှည့်တ၀င်းဝင်း အကင်းတဖြုတ်ဖြုတ်ဆိုရင်တော့ တစ်စုံတစ်ရာလွဲချော်နေပါပြီ။ ရည်မှန်းချက်ရှိတဲ့၊ လုပ်ရည်ကိုင်ရည်ရှိတဲ့ လူငယ်တွေအတွက် ကုမ္ပဏီအဖွဲ့အစည်းမှာ စွန့်စားဖို့ Branch တွေရှိဖို့ လိုတယ်။ လုပ်ငန်းကျွမ်းကျင်မှုအားနည်းမယ်ဆိုရင်တောင် သူတို့မှာ အသိအမြင်သစ်တွေရှိပါတယ်။ စိန်ခေါ်မှုအသစ်တွေကို ဖြေရှင်းဖို့အင်အားဟာ အဲဒီလူစုမှာရှိပါတယ်။ သူတို့အုပ်စုက ကုမ္ပဏီအဖွဲ့အစည်းကို သွေးသစ်လောင်းပေးမယ်။ ခေတ်မီအောင် ပြုပြင်ပေးလိမ့်မယ်။ အဲဒီအတွက် ဦးဆောင်သူတွေက သဘောထားကြီးဖို့နဲ့ အပြောင်းအလဲတွေအားပေးလက်ခံနိုင်စွမ်းရှိဖို့ လိုပါလိမ့်မယ်။ စီးပွားရေးသစ်မှာ ရေရှည်အောင်မြင်မှုရဖို့ဆိုတာ ကုမ္ပဏီအဖွဲ့အစည်းမှာ အိုင်ဒီယာအသစ်တွေ ဘယ်လောက်မွေးမြူထားသလဲဆိုတဲ့ပေါ် မူတည်နေမှာပါ။ ခေတ်မမှီတော့တဲ့ ကျွမ်းကျင်မှုဟာ ပစ္စုပ္ပန်ရပ်တည်မှုအတွက်သာဖြစ်ပြီး အနာဂတ်ကိုတည်ဆောက်နိုင်မှာ မဟုတ်ပါဘူး။

နံပါတ်ငါးလူတွေက လုပ်ငန်းခွင်ထဲက ပျော်တော်ဆက်တွေပါ။ တခြားသူတွေ အင်တိုက်အားတိုက်ကြိုးစားလို့ ပင်ပန်းနေတဲ့အချိန်မှာ သူတို့က အရွှန်းဖောက် ဖျော်ဖြေတတ်ပါတယ်။ သူတို့ရှိတဲ့အတွက် လုပ်ငန်းခွင်အတွင်းရင်းနှီးမှုတွေကို ဖောင်ဆောင်နိုင်ပါတယ်။ နှစ်ပတ်လည်ညစာစားပွဲတွေမှာ အဲဒီလူမျိုးတွေကြောင့် အဖွဲ့အစည်းတွင်းကလူတွေ ပျော်ရွှင်ရတတ်ပါတယ်။ ဒါဟာ ကုမ္ပဏီမှာ လစာစရိတ်တွေ ဘတ်ဂျက်ပြည့်စုံနေတဲ့အချိန်မျိုးဆိုရင် အဲဒီလူမျိုးတွေဟာ ၀န်ထုပ်ဝန်ပိုးမဖြစ်သေးပါဘူး။ မိုးထဲရေထဲ ကြိုးစားလုပ်ကိုင်နေချိန်မှာတော့ သူတို့ကို လက်တွဲဖြုတ်ထားခဲ့ပါ။ သူတို့ကလည်း လိုလိုချင်ချင် နေရစ်ခဲ့ပါလိမ့်မယ်။

ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေဟာ ဘယ်လိုလူမျိုးတွေကိုပဲ ယူမယ်ဆိုပြီး နာရီဝက်စာ အင်တာဗျူးတွေမှာ ချက်ချင်း ဆုံးဖြတ်လို့မရပါဘူး။ လုပ်ငန်းခွင်တိုင်းမှာ လူငါးမျိုးစလုံး ရှိနေမှာပါ။ မလိုအပ်တဲ့ လူစားမျိုးတွေ လုံးဝ မရှိအောင် လုပ်လို့ မရပေမယ့်၊ လူကောင်းတွေ များလာအောင် ဖန်တီးလို့ရပါတယ်။ ကုမ္ပဏီအဖွဲ့အစည်းအတွင်းမှာ လစဉ်စည်းဝေးပါ။ တစ်နှစ်

ကို နှစ်ကြိမ် ၀န်ထမ်းအားလုံးရဲ့ ဆန္ဒတွေကို စစ်တမ်းကောက်ယူပါ။ အထက် အောက်ဆက်ဆံမှု အပြန်အလှန် ပြေပြစ်မှုရှိအောင် လုပ်ဆောင်တတ်ပါစေ။ မိမိရရဲ့ အမှားအယွင်းကို မိမိကိုယ်တိုင် တာဝန်ယူခိုင်းပါ။ ရလဒ်ကောင်းတဲ့ လူတွေအတွက် အကျိုးခံစားခွင့် တိတိကျကျရရှိအောင် ပြုလုပ်ထားပါ။ ၀န်ထမ်းအချင်းချင်း ကောင်းမွန်တဲ့ ယဉ်ကျေးမှုတွေ ကူးစက်ပါစေ။ အရေးကြီးဆုံးအချက်က လူကို လူလို ဦးဆောင်သူတွေ မြင်တတ်ဖို့ပါပဲ။ လစာကောင်းကောင်း ပေးထားရုံနဲ့ ပြီးပြည့်စုံတဲ့ ၀န်ထမ်းတွေ ရရှိမယ်ဆိုပြီး တရားသေ ယူဆမထားဖို့တော့ လိုပါလိမ့်မယ်။


အောင်ပိုင်စိုး

2 comments:

လူကို စီမံခန့်ခွဲမယ်ဆိုရင်….ယဉ်ကျေးမှု ကူးစက်ပါစေ။

ကောင်းတဲ့ ဆောင်းပါးတစ်ပုဒ်ပါ ကိုအောင်ပိုင်စိုးရေ။

သုခမိန်(E-Journal)

ကျေးဇူးပါပဲဗျာ။ ရှားပါးတဲ့ တွေ့ရခဲတဲ့ ဆောင်းပါးကောင်းတစ်ပုဒ်ပါ။ ကျနော်တို့ မြန်မာလူထုကြားမှာ သိပ်ပြီးရေပန်းမစားသေးတဲ့ မဖြစ်မနေလေ့လာအပ်တဲ့ အကြောင်းအရာ၊ အတတ်ပညာတစ်ခုပါ။ အနည်းဆုံး ကျနော်တို့ဟာ ကိုယ့်ကိုယ်ကို နဲ့ ကိုယ့်မိသားစုဝင်တွေကို ကောင်းမွန်စွာ စီမံခန့်ခွဲနိုင်သင့်ပါတယ်။
ဆရာအောင်ပိုင်စိုးရေ ... မိမိကိုယ်ကိုစီမံခြင်းမှာ အထက်ပါ လူ(၅)မျိုးအနက် ကျနော်တို့ကို ကျနော်တို့ ဘယ်နံပတ်စဉ်အဖြစ် စီမံသင့်ပါသလဲခင်မျာ။ ကျနော်ကတော့ အမှတ်စဉ်(၄)မှာ ထားဖို့ အဆိုတင်သွင်းချင်ပါတယ်။ အခြားတစ်ဖက်မှ ပြန်လည်ချဉ်းကပ်တဲ့ ဆောင်းပါးလေးဖတ်ခွင့်ရနိုင်ဖို့ မျှော်လင့်တိုက်တွန်းပါရစေ ခင်များ။ အချိန်အားလေးများရှိပါစေ..